မုန့်ကို ကိုယ့်ဟာကို စားဖို့သာ ချန်ထားလိုက်ပါ
Vol. 1 Ch. 8
အားချန်သည် ထိုသူနှစ်ယောက်ကို တံခါးဝအထိ လိုက်ပါပို့ဆောင်ပေးလိုက်၏။ သူမ လှည့်ပြန်လာသောအခါ အိမ်နီးချင်း စာအုပ်ဆိုင်ပိုင်ရှင်သည် ဆီစိမ်စက္ကူထုပ် နှစ်ထုပ်ကိုကိုင်၍ ပျော်ရွှင်မြူးတူးစွာဖြင့် သူ၏ဆိုင်ထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရလေသည်။
ထိုသူသည် အားချန်ကို မြင်သောအခါ နွေးထွေးပျူငှာစွာပင် နှုတ်ဆက်လိုက်၏။ "မိန်းကလေးကျိ”
"သူဌေးရွှီက ဘာများစားကောင်းတာတွေ ဝယ်လာတာလဲ” အားချန်သည် ပြုံးကာ စကားစလိုက်၏။
အားချန်နှင့် သူဌေးရွှီတို့သည် ယနေ့နံနက်ကမှ တစ်ကြိမ်သာ တွေ့ဖူးကြသေးသော်လည်း မူလကျိချန်အတွက်မူ သူ၏ပုံရိပ်သည် အတော်လေး စွဲထင်ကျန်ရစ်ခဲ့လေသည်။
သူမသည် ဤနေရာသို့ စတင်ပြောင်းရွှေ့လာစဉ်အခါက သူဌေးရွှီသည် သူမက တစ်ကိုယ်တည်းဖြစ်နေသည်ကို မြင်မိသည့်အပြင် ဘာကိုမှ နားလည်ပုံမပေါ်သောကြောင့် တစ်ခုခုဖြစ်မည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် သူသည် သူမကို ဈေးသို့ ခေါ်သွားပေးပြီး နေ့စဉ်သုံးပစ္စည်းအများအပြားကို ဝယ်ယူပေးခဲ့လေသည်။
အိမ်ထဲတွင်ရှိသော ဆန်၊ ခေါက်ဆွဲ၊ မီးသွေးနှင့် ထင်းများအားလုံးသည် သူဌေးရွှီက ကျိချန်ကို ခေါ်ပြီး သွားဝယ်ပေးခဲ့ခြင်းဖြစ်၏။
ထိုစဉ်အခါက ကျိချန်သည် သူ့ကို ကျေးဇူးတင်သည့်အနေဖြင့် ငွေ၁လျန် လက်ဆောင်ပေးခဲ့သော်လည်း သူက လက်မခံခဲ့ပေ။ နောက်ဆုံးတွင် လမ်းဘေးက အဒေါ်ကြီးဟွမ် ရောင်းချသော သိုးသားပေါင်းမုန့်ဖြင့် ဧည့်ခံကျွေးမွေးပြီးမှသာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြလေသည်။
ထိုအချိန်ကစပြီး အားချန်သည် သူဌေးရွှီမှာ လူကောင်းတစ်ယောက်ဖြစ်ပြီး အစားကောင်းကြိုက်တတ်သူတစ်ဦးဖြစ်ကြောင်း သိရှိလိုက်လေသည်။
"အဘိုးဟူက လမ်းထိပ်မှာ ကြက်သားကြပ်တိုက်ရောင်းတဲ့ ဆိုင်လေးဖွင့်ထားတယ်လေ။ သူ့ရဲ့ကြက်သားကြပ်တိုက် လက်ရာကတော့ တကယ်ကို အကောင်းဆုံးပဲ။ ဒီနေ့ ကျွန်တော် ကံကောင်းလို့ နှစ်ကောင်တောင် ရလိုက်တယ်”
သူသည် စကားပြောနေရင်း လက်ထဲမှ ဆီစိမ်စက္ကူထုပ်ကိုပင် မြှောက်ပြလိုက်သေး၏။
အကွာအဝေးမှာ ဝေးကွာနေသော်ငြားလည်း ကြက်သား၏ မွှေးရနံ့သည် အားချန်၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ သူမ လှည့်ကာတံခါးကို ပိတ်လိုက်ပြီး သူဌေးရွှီကို ပြောလိုက်လေသည်။ "သူဌေးရွှီ ကျွန်မရဲ့တံခါးကို ခဏကြည့်ပေးထားပါဦး၊ ကျွန်မလည်း သွားဝယ်လိုက်ဦးမယ်”
"မြန်မြန်သွား၊ မြန်မြန်သွား”
အားချန်က စကတ်ကိုမလျက် လျင်မြန်စွာ လမ်းထိပ်သို့ ပြေးထွက်သွားသည်ကို ကြည့်ရင်း သူဌေးရွှီသည် ဆိုင်ထဲမှထွက်လာသော အလုပ်သမားလေးကို လှမ်းပြောလိုက်၏။ "မိန်းကလေးကျိ ကြည့်ရတာ အရင်ကထက် ပိုပြီး ပျော်ပျော်ရွှင်ရွှင်ရှိလာပုံပဲ”
အလုပ်သမားလေးသည်လည်း ခေါင်းကိုအသာဆန့်ကာ တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ခုနက မိန်းကလေးကျိကို ပြန်လိုက်ပို့တာ မင်ကျင့်စီး အစောင့်နှစ်ယောက်လေ၊ ကြည့်ရတာ ကြောက်စရာကြီးပဲ။ မိန်းကလေးကျိက ဘယ်လို မျိုးဂုဏ်ပုဒ်ရှိတဲ့သူလဲ မသိဘူးနော်”
သူဌေးရွှီနှင့် အလုပ်သမားလေးတို့ မည်သည့်အရာကို စပ်စုနေကြသည်ကိုတော့ အားချန်တစ်ယောက် မသိရှိခဲ့ပေ။ သူမ လမ်းထိပ်သို့ ရောက်သောအခါ အဘိုးဟူ၏ဆိုင်ရှေ့တွင် လူအများအပြား စုရုံးနေကြပြီဖြစ်၏။
အချို့လူများက ကြက်သားကြပ်တိုက်သည် ဈေးကြီးလွန်းသည် ညည်းညူနေကြသော်လည်း ထွက်ခွာသွားရန်တော့ ဝန်လေးနေကြဆဲ။ အချို့လူများကတော့ ဘေးနားရှိ ခေါက်ဆွဲဆိုင်မှ အသီးအရွက်ခေါက်ဆွဲတစ်ပွဲကို ဝယ်ယူပြီး ကြက်သားကြပ်တိုက်၏ မွှေးရနံ့ကို ရှူရှိုက်ရင်း အရသာခံ၍ စားသောက်နေကြလေသည်။
အားချန်သည် တန်းစီစောင့်ဆိုင်းနေသည်မှာ တစ်နာရီနီးပါး ကြာမြင့်ပြီးနောက်ဆုံးတွင် ကြက်သားကြပ်တိုက်တစ်ခြမ်းကို ဝယ်ယူနိုင်ခဲ့လေသည်။
အဘိုးဟူ၏ ကြက်သားကြပ်တိုက်သည် အနံ့မှာ အလွန်မွှေးကြိုင်သော်လည်း ဈေးနှုန်းမှာမူ အလွန်ကြီးမြင့်လှ၏။ ကြက်တစ်ခြမ်းအတွက် သူမသည် ဝမ်၃၀အထိ သုံးစွဲခဲ့ရသည်။
အားချန်သည် ပထမဆုံးအကြိမ်အဖြစ် ငွေရှာလိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်လာခဲ့၏။ မြေခွေးမိစ္ဆာတစ်ကောင်အနေနဲ့တော့ အနည်းဆုံး ကြက်သားလောက်တော့ ဝယ်စားနိုင်သင့်တာပေါ့လေ။
အဘိုးဟူက ကြက်သားကြပ်တိုက်သည် အအေးခံပြီးနောက် စားသုံးပါက ပို၍အရသာရှိသည် ပြောသောကြောင့် အားချန်သည် ချက်ချင်းစားသုံးရန် စိတ်မလောတော့ပေ။ သူမသည် နက်ဖြန်တွင် ကျောက်အိမ်တော်သို့ သွားရဦးမည်ဖြစ်သောကြောင့် ယနေ့တွင် အမွှေးနံ့သာအိတ်ကို အပြီးသတ်ပြုလုပ်ရပေမည်။
သူမ၏ အမွှေးနံ့သာများသည် ယနေ့အသစ်ဝယ်လာသော စားပွဲပေါ်တွင် အခြားသောကိရိယာများနှင့်အတူ ရှိနေ၏။ သူမသည် ရှေ့သို့တိုးကာ ပစ္စည်းများကို စနစ်တကျ နေရာချလိုက်ပြီး ယနေ့အသုံးပြုမည့် အမွှေးနံ့သာများကို တစ်ခုချင်းစီ ရှာဖွေထုတ်ယူလိုက်လေသည်။
အမွှေးနံ့သာများကို နံ့သာတိုင်၊ နံ့သာခွေ၊ နံ့သာဆေးလုံး အစရှိသော ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နိုင်သော်လည်း အမွှေးနံ့သာအိတ်မှာမူ ပြုလုပ်ရန် အခက်အခဲအနည်းဆုံးဖြစ်၏။
သို့သော် အမွှေးနံ့သာပညာကို သင်ယူရာတွင် အခက်ခဲဆုံးမှာ အမွှေးနံ့သာဖော်စပ်နည်းပင်။ ကံကောင်းသည်မှာ ရှောင်လင်းရှီသည် ပိုးမွှားကာကွယ်သည့် အမွှေးနံ့သာတစ်မျိုးကိုသာ လိုအပ်ပြီး ဖော်စပ်ရမည့် အမွှေးနံ့သာများမှာ သာမန်ဖြစ်သောကြောင့် အလွယ်တကူ ဖော်စပ်နိုင်လေသည်။
အားချန်က သစ်နံရွက်၊ ပူဒီနာ၊ လိမ္မော်ခွံခြောက် အစရှိသော အမွှေးနံ့သာခုနစ်မျိုးကိုယူ၍ အစဉ်လိုက် အမှုန့်ကြိတ်ပြီးနောက် အချိုးကျရောစပ်ကာ ချည်ထည်အိတ်ငယ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမ အပြင်မှဝယ်လာသော အမွှေးနံ့သာအိတ်ထဲသို့ ထည့်သွင်းလိုက်၏။
ဤအမွှေးနံ့သာ အမျိုးအစားများ အားလုံးသည် ခြင်ပြေးစေသည့် အာနိသင်ရှိပြီး အနံ့မှာ အနည်းငယ်ပြင်းရှ၏။ အတူတကွ ရောစပ်ပြီးနောက်တွင်မူ အနံ့မှာ ပြင်းသော်လည်း နှာခေါင်းစူးခြင်း မရှိသောကြောင့် လူအများစု လက်ခံနိုင်လိမ့်မည် ယူဆရလေသည်။
အမွှေးနံ့သာအိတ်ကို ပြုလုပ်ပြီးစီးသောအခါ အားချန်သည် မိုးကောင်းကင်ကို မော့ကြည့်လိုက်၏။ အချိန်က မထင်မှတ်ဘဲ ညနေစောင်းအချိန် ကျော်လွန်သွားခဲ့ပြီး အပြင်ဘက်ရှိ ကောင်းကင်သည် မှောင်မည်းလာကာ လေပြင်းများပင် တိုက်ခတ်နေလေသည်။
ထိုအခါမှ သူမသည် ဗိုက်ဆာလာသည်ကို ခံစားမိတော့သည်။ အစောပိုင်းက ကြက်သားကြပ်တိုက်တစ်ခြမ်း ဝယ်ထားခဲ့ရာ ညပိုင်းတွင် ဂျုံမုန့်ပြားအချို့ ဖုတ်လိုက်လျှင် ညစာအတွက် အဆင်ပြေလောက်ပေပြီ။
အားချန်၏ အတွေးမှာ လွယ်ကူသော်လည်း သူမ၏ လက်ရာကိုတော့ မှားယွင်းအကဲဖြတ်မိခဲ့သည်။
မုန့်ပြားဖုတ်ရန်အတွက် ဂျုံနယ်ရ၏။ ဂျုံမှုန့်ပျော့လွန်းလျှင် ရေထပ်ထည့်ပြီး ရေများသွားလျှင် ဂျုံမှုန့်ထပ်ထည့်ရပြန်သည်။ သူမ ဂျုံနယ်ပြီးသောအခါ လူတစ်ယောက်အတွက် နှစ်နပ်စာလောက်ရှိမည် ခန့်မှန်းထားသော ဂျုံလုံးငယ်လေးသည် အနည်းဆုံးနှစ်ရက်စာလောက် စားနိုင်သော ဂျုံလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ကိစ္စမရှိပါဘူး၊ မနက်ဖြန်ကျမှ ခေါက်ဆွဲလုပ်စားလိုက်မယ် သူမသည် ဒုက္ခထဲမှ သုခရှာ၍ တွေးလိုက်၏။
သူမသည် ဖုတ်ပြီးသား မျက်နှာအရွယ်အစားခန့်ရှိသော မုန့်ပြားခြောက်ခုကို ကိုင်ဆောင်လျက် မီးဖိုချောင်ထဲမှ ထွက်လာသောအခါ နာရီဝက်ခန့်ပင် ကြာမြင့်သွားခဲ့လေပြီ။
သူမသည် ဆီမီးခွက်ကို ထွန်းညှိလိုက်ပြီး မုန့်ပြားများနှင့် ဆွဲဖြဲထားသော ကြက်သားကြပ်တိုက်တို့ကို စားပွဲပေါ်တွင် ယှဉ်တွဲ၍ တင်ထားလိုက်သည်။ ကြက်သား၏ မွှေးရနံ့သည် ပျံ့လွင့်လာ၏။ အားချန်သည် လက်လှမ်းမယူရသေးခင်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဘယ်သူလဲ” သူမသည် တံခါးဝသို့သွားလိုက်ပြီး တံခါးမင်းတုပ်ကိုတော့ ဖွင့်မပေးသေးပေ။
"တံခါးဖွင့်” တံခါးအပြင်ဘက်မှ လူသည် နာမည်ကိုလည်းမပြော၊ မည်သူမည်ဝါဖြစ်ကြောင်းလည်း မပြောဘဲ အမူအရာမှာ အလွန် မဖော်မရွေ ဖြစ်နေသော်လည်း သူ၏အသံကိုတော့ အားချန်က မှတ်မိလိုက်သည်။
တံခါးမင်းတုပ်ကို ဖြုတ်ပြီး တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရက်အနည်းငယ်ကြာ မတွေ့ဖြစ်ခဲ့သည့် မင်ကျင့်စီးမှ ကျန့်ရှီဖူ လူကြီးမင်းပင် ဖြစ်လေသည်။
ငါ ပြောလိုက်တဲ့စကားတွေက ဒီလူကြီးမင်းကို ဆွဲဆောင်လာနိုင်မယ်လို့ နေ့လယ်ကတည်းက တွေးမိသားပဲ။ ဒါပေမဲ့ သူက ဒီလိုအချိန်မျိုးကို ရွေးပြီး ငါ့အိမ်ကို လာလည်လောက်အောင် ယဉ်ကျေးမှုမရှိဘူးလို့တော့ မထင်မိခဲ့ဘူး။
"လူကြီးမင်း ကြွပါရှင်” အားချန်သည် စိတ်ထဲက ဝေဖန်ပြောဆိုပြီးနောက် ယဉ်ကျေးစွာပင် သူ့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်၏။
ပိုင်ရှိုးမင်က တံခါးခုံကိုကျော်ဖြတ်လာပြီး ဟာလာဟင်းလင်းဖြစ်နေသည့် အိမ်ခန်းထဲသို့ ဝင်ရောက်လာပြီး အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ကာ နောက်ဆုံးတွင် သူ၏အကြည့်တို့သည် စားပွဲပေါ်မှ ပန်းကန်နှစ်ချပ်ပေါ်သို့ ကျရောက်သွားလေသည်။
သူမ၏ ညစာကို စူးစိုက်ကြည့်နေသော သူ့ကို မြင်သောအခါ အားချန်သည် မလိုမကျစွာဖြင့် မေးလိုက်တော့၏။ "လူကြီးမင်း ညစာ မသုံးဆောင်ရသေးဘူးလား။ အတူတူစားမလား”
ပိုင်ရှိုးမင်သည် ပန်းကန်ထဲမှ အရွယ်အစားမတူ၊ အထူအပါးမညီသည့်အပြင် တစ်ဖက်တွင်လည်း တူးနေသော မုန့်ပြားကို ကြည့်လိုက်ပြီး ဘာအမူအရာမှ မပြဘဲ အကြည့်လွှဲသွားခဲ့သည်။
ကြည့်ရတာတော့ သူ မစားလောက်တော့ဘူးထင်တယ်။ အားချန်သည် စိတ်ထဲ၌ တွေးလိုက်ပြီး အိမ်ထဲရှိ တစ်လုံးတည်းသော ထိုင်ခုံကို ယူလာကာ ပြောလိုက်တော့သည်။ "လူကြီးမင်း ထိုင်ပါ”
ပိုင်ရှိုးမင်သည် မထိုင်ဘဲ သူမကို စူးစမ်းအကဲခတ်သော အကြည့်ဖြင့် ခဏလောက် ကြည့်လိုက်ပြီးမှ စတင်မေးမြန်းလေသည်။ "ရွှယ်ကျန်းမြွေရဲ့သတင်းကို မင်း ဖုန်းယန်ကို ပြောခဲ့တာလား”
အားချန်သည် အလွန်ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။ "တ်ပါတယ်။ ကျွန်မပြောခဲ့တာပါ။ ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာ ဒီလိုရှားပါးမြွေမျိုးစိတ်အကြောင်း ရှိနေတာနဲ့ လူကြီးမင်းဖုန်းကို ပြောပြလိုက်တာပါ”
"ဖုန်းယန်က မင်းကို သိပ်ကျေးဇူးတင်နေတယ်”
"လူကြီးမင်းဖုန်းကို အကူအညီပေးနိုင်ခဲ့ရင် ပြီးတာပါပဲ” အားချန်သည် ကျိုးနွံစွာဆို၏။
မည်သူသိပါမည်နည်း။ နောက်တစ်ခဏတွင် သူ၏လေသံသည် ရုတ်ခြည်းပြောင်းလဲသွားပြီး အေးစက်စွာ မေးမြန်းလာလေသည်။ "မင်းက သူ့ကို ကူညီချင်လို့လား
အားချန်ကလည်း "တ်ကဲ့" ဖြေချင်သော်လည်း ဤလူ၏လက်ထဲတွင် နာကျင်ဖွယ်ရာ သင်ခန်းစာများ ရခဲ့ဖူးသောကြောင့် နှုတ်ဆိတ်နေဖို့ရန်သာ ရွေးချယ်လိုက်တော့သည်။
စားပွဲပေါ်မှ ဆီမီးခွက်၏ မီးစာသည် တဖျစ်ဖျစ်မြည်လျက် လောင်ကျွမ်းနေ၏။ မှိန်ဖျော့ဖျော့ အဝါရောင်အလင်းသည် ပိုင်ရှိုးမင်၏ကိုယ်ပေါ်သို့ ကျရောက်နေပြီး သူ၏အရိပ်မှာမူ အမဲလိုက်ရန် အသင့်စောင့်နေသော သားရဲကောင်ကြီး တစ်ကောင်ကဲ့သို့ လက်သည်း ခြေသည်းများထုတ်၍ ကြောက်မက်ဖွယ်ရာ ဖြစ်နေလေသည်။
အားချန်က စကားမပြောသဖြင့် သူသည်လည်း တိတ်ဆိတ်စွာပင် သူမ၏အဖြေကို စောင့်ဆိုင်းနေပုံရ၏။
မတတ်သာသည့်အဆုံး အားချန်မှာ ဝန်ခံလိုက်ရတော့သည်။ "ကျွန်မ လူကြီးမင်းဖုန်းကို ကူညီခဲ့တာက သူ့ရဲ့ရာထူးအရှိန်အဝါကိုသုံးပြီး ရွှဲမင်ထန်ရဲ့ရန်က ကာကွယ်တားဆီးချင်လို့ပါ။ လူကြီးမင်းလည်း သိမှာပါ။ သူ ကျွန်မကို သတ်ချင်နေတာ အခုထိတိုင်အောင် အဲ့ဒီစိတ်ကို လက်မလျှော့သေးဘူး”
ပိုင်ရှိုးမင်က ထပ်မေးလာသည်။ "မင်း ဘာလို့ အနောက်ပိုင်းဈေးမှာ ပေါ်လာရတာလဲ”
"အမွှေးနံ့သာဝယ်ဖို့ပါ” သူမသည် နံရံထောင့်ရှိ သစ်တိုင်ကို လက်ညှိုးထိုးပြလိုက်၏။ ထိုအပေါ်တွင် အမွှေးနံ့သာများနှင့် သူမ ပြုလုပ်ထားသော အမွှေးနံ့သာအိတ်တို့ ရှိနေသည်။ "ကျွန်မ အရင်က အမွှေးနံ့သာ ဖော်စပ်ပညာကို သင်ယူခဲ့ဖူးတော့ အသက်မွေးဝမ်းကျောင်းအဖြစ် အသုံးချလို့ရမလားဆိုပြီး အဲ့ဒီကို အမွှေးနံ့သာ နည်းနည်းသွားဝယ်တာပါ။ ဘယ်သူသိမှာလဲ။ မင်ကျင့်စီးက လူဖမ်းနေတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံရလိမ့်မယ်လို့”
"ဒီလောက်တောင် တိုက်ဆိုင်သလား”
ဤလေသံမှာ သူမ၏စကားကို လုံးဝမယုံကြည်သည့် လေသံဖြစ်သည်မှာ ထင်ရှားလှ၏။
အားချန်သည် နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ ဤလူသည် အထူးတလည် လာရောက်ခြင်းမှာ သူမကို ထိုရှားပါးမြွေနှင့် ပတ်သက်မှုရှိသည်ဟု သံသယဝင်နေခြင်းကြောင့်ပင်။
သူမသည် ကူကယ်ရာမဲ့သွားတော့၏။ မျက်စိရှေ့မှ သည်ယောက်ျား၏ စိတ်နေသဘောထားကို သူမသည် ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သဖြင့် သူသည် မည်သည့်စကားကိုမျှ နားဝင်မည်မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ ယုံကြည်သူဖြစ်၏။
သူနှင့် အကျိုးသင့်အကြောင်းသင့် ဆွေးနွေးမည့်အစား အခြားနည်းလမ်းတစ်ခုခုကို သုံးခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။
"တိုက်ဆိုင်မှုကတော့ တော်တော်လေးကို ရှိခဲ့တာအမှန်ပါပဲ။ ဒါပေမဲ့ ကျွန်မ လူကြီးမင်းဖုန်းကို ကူညီခဲ့တာ တခြားအကြောင်းပြချက်တစ်ခုလည်း ရှိပါသေးတယ်” အားချန်၏ တောက်ပသော မျက်ဝန်းအစုံသည် ပိုင်ရှိုးမင်၏ကိုယ်ပေါ်သို့ ကျရောက်သွား၏။
ပိုင်ရှိုးမင်က ခေါင်းကိုစောင်းကာ သူမကို ကြည့်လိုက်ပြီး သူမ၏ ချေပချက်ကို နားထောင်ရန် စောင့်ဆိုင်းနေပုံရသည်။
"ကျွန်မ ခန့်မှန်းရသလောက်တော့ လူကြီးမင်းဖုန်းက ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို လူကြီးမင်းကို သတင်းပို့လိမ့်မယ်။ ပြီးတော့ လူကြီးမင်းက ကျွန်မကို လာရှာလိမ့်မယ်လို့ ထင်ခဲ့တယ်”
"ပြီးတော့ရော”
"ပြီးတော့ ကျွန်မ လူကြီးမင်းကို မျက်နှာလုပ်ဖို့ အခွင့်အရေးရတာပေါ့”
"ငါ့ကို မျက်နှာလုပ်မယ် ဟုတ်လား” ပိုင်ရှိုးမင်သည် အနည်းငယ် ထူးဆန်းသည် ခံစားလိုက်ရ၏။ "မင်းက ဘာနဲ့ ငါ့ကို မျက်နှာလုပ်မှာလဲ”
နှစ်ဦးသား၏ အကြည့်တို့သည် ဆုံမိကြ၏။ ပိုင်ရှိုးမင်၏ အကြည့်တို့သည် နက်ရှိုင်းလှပြီး အားချန်၏ စိတ်နှလုံးအတွင်းသို့ ထွင်းဖောက် မြင်နိုင်စွမ်းရှိပုံရသည်။ သူမသည် သူ့အကြည့်ကို ရှောင်လွှဲလိုက်ပြီး စားပွဲဘက်ကို လက်ညှိုးထိုးပြလိုက်ကာ မရေမရာလေသံဖြင့် ဆိုလိုက်၏။ "ဟို... ဟိုဟာလေ”
ဝမ်၃၀တန် သစ္စာတရားကတော့ လုံလောက်နေပါပြီ။ ဒီလောက်မွှေးတဲ့ ကြက်သားကြပ်တိုက်သာဆိုရင် သူ့ကို မျက်နှာလုပ်ဖို့ တစ်ခြမ်းဆို လုံလောက်ပြီ။ သို့သော် ပိုင်ရှိုးမင်ကမူ ထိုမုန့်ပြားပန်းကန်ကိုသာ ကြည့်နေလေသည်။
သူသည် တိတ်ဆိတ်သွား၏။ ဤရှန့်ကျင်းမြို့တော်တွင် သူ့ကို မျက်နှာလုပ်လိုသူများမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ အဖိုးတန် ရှားပါးသားရဲကောင်များ၊ ရွှေငွေရတနာများ၊ အလွန်ချောမောလှပသော မိန်းမပျိုများဖြင့် မျက်နှာလုပ်ကြသည်မှာလည်း အဆန်းမဟုတ်တော့ပေ။ သူသည် ဤသို့သော ဆန်းသစ်သည့် မျက်နှာလုပ်နည်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး သူမ၏ ညံ့ဖျင်းလှသော ချက်ပြုတ်လက်ရာဖြင့် သူ့ကို စိတ်ကို ဖမ်းဆုပ်ရန် ကြံစည်နေပုံရသည်။
"......မင်းရဲ့ မုန့်ပြားကို မင်းစားဖို့ပဲ ချန်ထားလိုက်ပါ”
"ဟင်” အားချန်သည် ကြောင်တောင်တောင် ဖြစ်သွားတော့၏။
ပိုင်ရှိုးမင်သည် သူမကို ဂရုမစိုက်ဘဲ ဆက်ပြောလာခဲ့သည်။ "လတ်တလော ရှန့်ကျင်းကနေ မထွက်သွားနဲ့။ စစ်ဆေးစရာလိုလာရင် မင်းကို ပူးပေါင်းဆောင်ရွက်ဖို့ ခေါ်လိမ့်မယ်”
"လူကြီးမင်း စိတ်ချပါ” ရှန့်ကျင်းကနေ ထွက်သွားရင်ရော ကျွန်မက ဘယ်ကိုသွားနိုင်မှာမို့လို့လဲ။
"တကယ်လို့ မင်း ဒီအမှုနဲ့ ပတ်သက်နေတယ်လို့ ငါ လို့ကတော့......" ပိုင်ရှိုးမင်သည် တစ်လုံးချင်းစီ ရေရွတ်ပြောဆို၏။ "မင်းရဲ့အဘိုးမိသားစုက ပြည်နှင်ဒဏ်လောက်နဲ့ ပြီးသွားမှာမဟုတ်ဘူး။ သူတို့ကို ပြန်ဖမ်းခေါ်လာပြီး နောက်တစ်ကြိမ် ထပ်စစ်ဆေးဖို့ ငါ ဝန်မလေးဘူး”
အားချန်၏ စိတ်ထဲ၌ တုန်လှုပ်ခြောက်ခြားသွား၏။ ကျိချန်သည် သူမ၏အဘိုးမိသားစုသည် ကြီးမားသော ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီး တစ်ညအတွင်း ပြည်နှင်ဒဏ်ခံခဲ့ရသည်ကိုသာ သိရှိပြီး မည်သည့် အမှုအခင်းဖြစ်ပွားခဲ့သည်ကိုမူ အတိအကျမသိခဲ့ပေ။
ပိုင်ရှိုးမင်၏ စကားအရ ဤအမှုနှင့် ဆက်စပ်နေပုံရသည်။ ရှားပါးမြွေ ပါဝင်ပတ်သက်နေသောကြောင့် ဤအမှုသည် ရိုးရှင်းမည်မဟုတ်သည်မှာ သေချာလှသည်။
ထို့အပြင် ကျိချန်၏အဘိုးမိသားစု ပြည်နှင်ဒဏ်ခံရသည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်သော်လည်း အမှုမှာ ယခုထက်တိုင် စစ်ဆေးနေဆဲ။
"လူကြီးမင်းကလဲ နောက်နေပြန်ပါပြီ။ ကျွန်မ တကယ်ပဲ လမ်းကြုံဖြတ်သွားတာပါ”
"အဲ့ဒီလိုဖြစ်ရင်တော့ အကောင်းဆုံးပဲ”
ပိုင်ရှိုးမင်သည် စကားဆုံးသည်နှင့် ထွက်ခွာရန် ပြင်ဆင်လိုက်၏။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တံခါးကို လက်ဖြင့်ထိလိုက်စဉ်မှာပင် သူ၏နောက်မှ ချိုသာနူးညံ့သောအသံ ထွက်ပေါ်လာလေသည်။ "ဒုတိယအကြိမ် တွေ့ဆုံခြင်းဆိုပေမယ့် ကျွန်မ လူကြီးမင်းရဲ့နာမည်ကို မသိသေးဘူး”
ပိုင်ရှိုးမင်: "မင်း သိဖို့မလိုအပ်ဘူး”
"ဒါဆိုရင် လူကြီးမင်းရဲ့ မျိုးရိုးနာမည်လောက်တော့ ကျွန်မ သိခွင့်ရှိမှာပါနော်” အားချန်သည် ဇွဲမလျှော့ဘဲ ဆက်လက်မေးမြန်းလိုက်၏။
"......"
"ကျွန်မက လူကြီးမင်းရဲ့ မျိုးရိုးနာမည်ကိုတောင်မှ သိခွင့်မရှိတဲ့သူလား” ထိုအသံထဲတွင် မသိမသာ ရှိုက်သံလေးများပင် ပါဝင်လာလေသည်။
ဟန်ဆောင်နိုင်လွန်းတယ်။ ပိုင်ရှိုးမင်သည် စိတ်ထဲတွင် မှတ်ချက်ချလိုက်၏။ သူသည် တံခါးခုံကို မကျော်ဖြတ်မီ စကားတစ်လုံးကို ပြောထွက်သွားလေသည်။ “ပိုင်”
တံခါးကို ပိတ်လိုက်ပြီးနောက် အားချန်သည် သက်ပြင်းတစ်ချက်ချလိုက်၏။ နောက်ဆုံးတော့ ကပ်ဘေးနတ်ဘုရားကို မောင်းထုတ်နိုင်ခဲ့ပြီ။
ဘယ်လိုလုပ်ပြီး မျိုးရိုးနာမည်က ပိုင် (ဖြူစင်ခြင်း) ဖြစ်နေရတာလဲ။ စိတ်ကတော့ အဲ့လောက်တောင် မည်းမှောင်နေတာကိုး။
တခြားသူကို ကူညီခဲ့ရင် ကျေးဇူးတုံ့ပြန်တာမျိုး မလုပ်ရင်တောင်မှ အနည်းဆုံးတော့ ကိုယ့်ရဲ့စေတနာကို အသိအမှတ်ပြုသင့်တာပေါ့။ ဒီလူ့အလှည့်ကျတော့ ကိုယ့်ကိုတောင် ပြန်သံသယဝင်နေသေးတယ်။
ပိုင်ရှိုးမင်သည် နက်ရှိုင်းသော ညအမှောင်ထုထဲသို့ လျှောက်လှမ်းဝင်ရောက်သွားပြီး အေးစက်သောလေသည် သူ၏ဝတ်ရုံစကို တိုက်ခတ်နေလေသည်။
အဝေးသို့ မရောက်သေးမီမှာပင် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဖုန်းယန်သည် ရှေ့သို့တိုးလာပြီး လျှောက်တင်လိုက်၏။ "လူကြီးမင်း၊ ကျောက်အိမ်တော်နဲ့ ရွှဲအိမ်တော်ကို စောင့်ကြည့်ဖို့ လူတွေကို စီစဉ်ပြီးပါပြီ”
"သူ့ကို စောင့်ကြည့်ဖို့ လူနှစ်ယောက် ထပ်လွှတ်လိုက်။ လင်းမိသားစုက သူ့ကို ဆက်သွယ်ခဲ့သလားဆိုတာကို သေချာကြည့်ထား”
"ဟုတ်ကဲ့ပါ၊ လူကြီးမင်း”