← Chapters

ရှင်မအနေနဲ့ ဘာအမှားမှ လုပ်မထားရင် ဘာကြောက်စရာ ရှိမှာလဲ

Vol. 1 Ch. 9

ရှင်မအနေနဲ့ ဘာအမှားမှ လုပ်မထားရင် ဘာကြောက်စရာ ရှိမှာလဲ

Vol. 1 Ch. 9

ပိုင်ရှိုးမင်၏ ကြားဖြတ်နှောင့်ယှက်ခြင်းက အားချန်၏ ညစာအပေါ်ထားရှိသော မျှော်လင့်ချက်တို့ကို ပျက်ပြယ်သွားစေခြင်း မရှိခဲ့ပေ။ သူမဖုတ်သော မုန့်ပြား၏ အရသာသည် အမှန်စင်စစ် သိပ်မကောင်းလှသည့်အပြင် အနည်းငယ်တူးနေသော အနံ့ပင်ရနေသော်လည်း မီးခိုးတိုက်ကြက်သားမှာမူ အလွန်ပင် အရသာရှိလှပေသည်။

ညဘက်တွင်တော့ အားချန်သည် အသစ်ဝယ်လာသော နူးညံ့ထူထဲသည့် ဂွမ်းစောင်ကိုခြု့ကာ အိပ်မောကျသွားတော့သည်။ အိပ်မပျော်မီအချိန်အထိ သူမသည် မီးခိုးတိုက်ကြက်သား၏ အရသာကို ပြန်လည်ခံစားနေမိသေးသည်။

ထိုအချိန်တွင် ကျောက်အိမ်တော်၏ ပင်မအဆောင်တွင်

အစေခံမလေးသည် ရှောင်လင်းရှီအား မျက်နှာသစ် သွားတိုက်ရန် ပြုစုလုပ်ကျွေးပြီးနောက် ရိုသေစွာဖြင့် အခန်းထဲမှ ထွက်ခွာသွားလေသည်။ အိမ်၏သခင်ဖြစ်သူ ကျောက်မင်မှာမူ စားပွဲ၌ထိုင်၍ စာတစ်စောင်ကို ဖတ်ရှုနေ၏။

"သခင်ကြီး ဘာတွေဖတ်နေတာလဲ” ရှောင်လင်းရှီသည် သူမ၏ခါးကိုထောက်လျက် ကျောက်မင်ရှိရာဆီသို့ လျှောက်လှမ်းသွားလေသည်။

ကျောက်မင်သည် လက်ထဲမှစာကို စားပွဲပေါ်သို့ အသာအယာတင်လိုက်ပြီး ရှောင်လင်းရှီအား ထပြီး တွဲပေးကာ ပြောလိုက်သည်။ "မင်း ကိုယ်ဝန်လရင့်နေပြီ။ သတိထားမှပေါ့”

"သိပါတယ်။ သခင်ကြီးကပဲ တစ်နေကုန် ဒါကိုပဲ တတွတ်တွတ်ရွတ်နေတာ” နှုတ်မှ ညည်းညူနေသော်လည်း မျက်နှာပေါ်မှ အပြုံးကိုမူ ဖုံးကွယ်ထား၍မရချေ။

ရှန့်ကျင်းမြို့တော်တစ်ခုလုံးမှာလေ ငါ့ယောက်ျားထက်ပိုပြီး ဂရုစိုက်တတ်တဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။

ကျောက်မင်သည် ရှောင်လင်းရှီအား စားပွဲဘေးတွင် ထိုင်စေ၏။ ရှောင်လင်းရှီသည် ဖြန့်ထားသော စာရွက်ကို တစ်ချက်ကြည့်လိုက်ရာ အပေါ်တွင် ကျောက်လန် ဟူသော စကားလုံးနှစ်လုံး ရေးသားထားသည်ကို တွေ့လိုက်ရသော်လည်း သူမသည် အပေါ်မှ ကျောက် ဟူသော စာလုံးတစ်လုံးကိုသာ မှတ်မိလေသည်။

သူမသည် တရားမဝင်မယားငယ်မှ မွေးဖွားလာသူဖြစ်၏။ သူမ၏အမေသည် နှစ်အနည်းငယ်ကြာ မျက်နှာသာပေးခံခဲ့ရဖူးသည်။ သူ မငယ်စဉ်အခါက အမေသည် အဖေဖြစ်သူထံ တောင်းပန်ခဲ့သောကြောင့် သူမကို တရားဝင်ဇနီးမှမွေးသော အစ်မနှင့်အတူ စာသင်ကြားရန် ပို့ဆောင်ခဲ့လေသည်။

ထိုစာသင်ပေးသည့်ဆရာမက အစ်မဖြစ်သူကိုသာ အမြဲချီးကျူးလေ့ရှိပြီး သူမ၏စိတ်သည် စာသင်ကြားခြင်းအပေါ်၌ လုံးဝအာရုံမစိုက်ဟု ဆို၏။ နှစ်လခန့်သာ စာသင်ကြားပြီးနောက် စာလုံးအနည်းငယ်ကို မှတ်မိသွားသောအခါ သူမသည် မိခင်ကို စာဆက်မသင်တော့ပါရန် တောင်းပန်ခဲ့လေသည်။ ယခု ကျောက် ဟူသော စာလုံးကို မှတ်မိနေခြင်းမှာလည်း သူမ၏ခင်ပွန်းဖြစ်သူ၏ မျိုးရိုးနာမည် ဖြစ်သောကြောင့်သာ ဖြစ်၏။

"သခင်ကြီး ဒါက ဘယ်သူ့ဆီကစာလဲဆိုတာ မပြောရသေးဘူးနော်” ရှောင်လင်းရှီက မေးလိုက်၏။

"ဇာတိက အဖေနဲ့အမေတို့ဆီက စာပါ။ မင်းရဲ့ကျန်းမာရေးအခြေအနေကို မေးထားတာ” ကျောက်မင်သည် ထိုစာကို တစ်ချက်ကြည့်၍ နူးညံ့သောအပြုံးဖြင့် ဆိုလေသည်။

"ဪ” ရှောင်လင်းရှီသည် အေးတိအေးစက်ဖြင့်သာ တုံ့ပြန်လိုက်ပြီး ဆက်လက်မေးမြန်းရန် စိတ်ဝင်စားခြင်းမရှိတော့ပေ။

သူမနှင့် ယောက္ခမတို့၏ ဆက်ဆံရေးမှာ မကောင်းမွန်လှပေ။ သူမ၏ခင်ပွန်းသည် နေရာတိုင်းတွင် နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်၏။ ရုပ်ရည်မှာ အနည်းငယ် သာမန်ဖြစ်သော်လည်း အရည်အချင်းရှိပြီး သူမကိုလည်း ချစ်ခင်ကြင်နာတတ်သည်။

သို့သော် သူမ၏ယောက္ခမဖြစ်သူက ထိုစဉ်ကပြုလုပ်ခဲ့သော ကိစ္စရပ်များကြောင့် သူမသည် ယနေ့ထက်တိုင် မကျေမချမ်းဖြစ်နေရသည်။

အစပိုင်းတွင် သူမသည် စိတ်ထားနူးညံ့ပြီး ခင်ပွန်း၏စကားကိုနားထောင်ကာ ကလေးမွေးဖွားပြီးနောက် ယောက္ခမတို့ကို ရှန့်ကျင်းသို့ခေါ်ဆောင်ပြီး အတူတကွ နေထိုင်ခဲ့သည်။

အစပိုင်းတွင် အဆင်ပြေခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် ကလေးနှစ်ယောက် မွေးဖွားပြီးနောက် ကျန်းမာရေးချို့ယွင်းလာကာ နှစ်နှစ်ကြာသည်အထိ ကိုယ်ဝန်ထပ်မရတော့ပေ။ ထိုအခါ ယောက္ခမဖြစ်သူသည် တိတ်တဆိတ် သွေးထိုးမြှောက်ပင့်ခြင်းကိုခံရပြီး သူမ၏ခင်ပွန်းအတွက် မယားငယ်ထားပေးရန် ကြံစည်တော့သည်။

ဤမျှသာဆိုလျှင် တော်သေး၏။ သူတို့သည် သူမကဲ့သို့သော အိမ်၏သခင်မကြီးအား တစ်ခွန်းတစ်ပါဒမျှ အသိမပေးဘဲ လူကို အိမ်တိုင်ရာရောက် ခေါ်ဆောင်လာခဲ့ကြသည်။

ရှောင်လင်းရှီသည် ဤသည်ကို မည်သို့ သည်းခံနိုင်မည်နည်း။ သူမသည် ထိုနေရာ၌ပင် ယောက္ခမတို့နှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့ပြီး သူတို့နှင့်အတူ သူတို့သဘောကျသော ခင်ပွန်း၏ဝမ်းကွဲညီမဆိုသူကိုပါ အိမ်မှ နှင်ထုတ်ခဲ့လေသည်။

ကျောက်မင် အိမ်ပြန်ရောက်သောအခါ သူမနှင့် ရန်ဖြစ်ခဲ့ကြပြီး ရှောင်လင်းရှီသည် ဒေါသထွက်လွန်းသဖြင့် မိဘအိမ်သို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။

ရက်အနည်းငယ်ကြာသောအခါ သူမ၏ခင်ပွန်းသည် အိမ်သို့လာရောက်ပြီး သူမကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ထိုစဉ်က ဒေါသထွက်နေသောကြောင့် အဖြစ်အပျက်အစအဆုံးကို နားမလည်ဘဲ သူမနှင့် ရန်ဖြစ်မိခဲ့ကြောင်း တောင်းပန်ခဲ့၏။

ကြားရသည်မှာ သူသည် သူ၏မိဘတို့ကို လူလွှတ်၍ ဇာတိသို့ပြန်ပို့ခဲ့ပြီး သူတို့ရှာဖွေလာသော ထိုအမျိုးသမီးကိုလည်း နှင်ထုတ်ခဲ့သောကြောင့် ဤအရေးကိစ္စက ပြီးဆုံးသွားခဲ့ပြီဟု ဆို၏။

နောက်ပိုင်းတွင် ရှောင်လင်းရှီသည် မြို့တော်၌ ထိုအမျိုးသမီးနှင့် နှစ်ကြိမ်ခန့် ပြန်လည်တွေ့ဆုံခဲ့ဖူးသည်။ ထိုအချိန်တွင် ထိုအမျိုးသမီး၌ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး သူမသည် ရှောင်လင်းရှီကို မှတ်မိကာ လာရောက်နှုတ်ဆက်ခဲ့သော်လည်း ရှောင်လင်းရှီကမူ သူမကို လျစ်လျူရှုပြီး ထွက်လာခဲ့လိုက်သည်။

ထိုအချိန်မှစပြီး ရှောင်လင်းရှီသည် ခင်ပွန်း၏မိဘတို့နှင့်ပတ်သက်သော ကိစ္စများကို စိတ်မဝင်စားတော့ပေ။ နှစ်စဉ်ပွဲတော်အခါများတွင် ဇာတိသို့ပြန်ပို့သော လက်ဆောင်ပဏ္ဏာများကိုလည်း အိမ်တော်ထိန်းကသာ စီမံခန့်ခွဲပြီး သူမသည် ဝင်ရောက်စွက်ဖက်ခြင်း မရှိသလောက် နည်းပါးသွားခဲ့သည်။

ကျောက်မင်သည် ရှောင်လင်းရှီ၏ မိဘတို့အပေါ် အေးတိအေးစက် သဘောထားကို ကျင့်သားရနေပြီဖြစ်သောကြောင့် မည်သည့်စကားမျှမဆိုဘဲ စာကိုခေါက်ကာ သေသေချာချာ သိမ်းဆည်းထားလိုက်သည်။

ရှောင်လင်းရှီသည် သူမ၏သမီးနှင့်ပတ်သက်၍ ထပ်မံညည်းညူပြန်၏။ "အဲ့ဒီ ရွှဲမင်ထန်က ဘယ်နေရာမှာများ ကောင်းနေလို့လဲ မသိဘူး။ ဝမ်ယွဲ့ဆိုတဲ့ ကောင်မလေးကို ဦးနှောက်မရှိတော့တဲ့အထိ ဆွဲဆောင်သွားနိုင်ရတာလဲ။ ရှင်က သူ့အဖေဖြစ်ပြီး ဘာမှပြောစရာ မရှိဘူးလား”

ကျောက်မင်သည် ရှောင်လင်းရှီ၏နောက်သို့လာ၍ သူမ၏ပခုံးကို နှိပ်နယ်ပေးရင်း နူးညံ့စွာဆို၏။ "မင်ထန်က လူတော်လူကောင်းတစ်ယောက်ပါ။ ပြီးတော့ အထက်လူကြီးတွေရဲ့ မျက်နှာသာပေးတာလည်း ခံရတယ်။ အချိန်တစ်ခုကြာရင် သူ့ရဲ့အနာဂတ်က အတိုင်းအဆမရှိ တောက်ပလာမှာပါ”

ရှောင်လင်းရှီသည် ဤစကားကို လုံးဝလက်မခံဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "အချိန်တစ်ခု ကြာတယ်ဆိုတာ ဘယ်တော့လဲ။ ကျွန်မသမီးက သူ့ကိုလက်ထပ်ပြီး ဆယ့်ငါးနှစ်လောက် စောင့်ပြီးမှ သူ ရာထူးတက်တာကို စောင့်ရမှာလား။ ပြီးတော့ သူက မုဆိုးဖိုတစ်ယောက်။ ကြားရတာနဲ့ကို နမိတ်မကောင်းဘူး”

ကျောက်မင်သည် ညင်သာစွာ ချောင်းဟန့်လိုက်ပြီး "အဲ့ဒီလောက်တော့ မကြာပါဘူး။ ကျင့်ယန်မြို့စားကလည်း မင်ထန်ကို သိပ်အရေးပေးပါတယ်။ တကယ်လို့ သူသာ ပြစ်မှုနှိမ်နင်းရေးဌာနမှာ စွမ်းဆောင်မှုတစ်ခုခုပြနိုင်ခဲ့ရင် ရာထူးတက်ဖို့က မပူရတော့ပါဘူး”

ရှောင်လင်းရှီသည် သူ့အား မျက်စောင်းထိုးလိုက်ပြီး "အဲ့ဒီ ရွှဲမင်ထန်က ကျင့်ယန်မြို့စားရဲ့ ယောက်ဖ တော်စပ်တာလေ။ ရှင်ကရော သူ့ရဲ့ညီမခင်ပွန်း မဟုတ်ဘူးလား။ သူ့ကို မြှောက်စားတာများ မြင်ဖူးလို့လား။ ရှင်ကပဲ သူ့ဆီကို မျက်နှာငယ်နဲ့ ကပ်နေရတာ”

ကျောက်မင်သည် သူမ၏စကားကြောင့် မျက်နှာပူသွားပြီး ခြောက်ကပ်ကပ်ဖြင့် ရှင်းပြရလေသည်။ "ရှင်မက ဝမ်ယွဲ့အတွက် စေတနာကောင်းနဲ့ လုပ်နေတာကို ငါ သိပါတယ်။ ဒါပေမဲ့ မင်း အရင်က သူ့ကိုပြခဲ့တဲ့ အိမ်ထောင်ဖက်တွေက ယောက်ျားလေးဘက်က မိသားစုကတော့ ဂုဏ်ရှိန်ကြီးမားပေမယ့် သူတို့ကိုယ်တိုင်ကတော့ ဘာအရည်အချင်းမှ မရှိကြဘူးလေ။ တချို့ဆို ကျင့်ရှီဘွဲ့တောင် မအောင်သေးဘူး။ ပြီးတော့ အများစုက အပျော်အပါးမက်တဲ့သူတွေချည်းပဲ”

"သခင်ကြီးပဲ အရင်က ကျွန်မကို ပြောဖူးတယ် မဟုတ်လား။ သစ်ပင်ကြီးအောက်မှာ ခိုလှုံရတာ အရိပ်ကောင်းတယ် ဆိုပြီးတော့။ ကျွန်မ ရွေးထားတာတွေက အိမ်မှာ မျက်နှာသာပေးခံရတဲ့ တရားဝင်သားတွေချည်းပဲ။ တကယ်လို့ ရာထူးရယူချင်တယ်ဆိုရင် စာမေးပွဲဖြေဆိုတဲ့ လမ်းကြောင်းတစ်ခုတည်းပဲ ရှိတာမှ မဟုတ်တာ။ သူတို့က အိမ်ထောင်မပြုခင်မှာ ပေါ့ပေါ့ပါးပါး နေတတ်ကြပေမယ့် အိမ်ထောင်ကျပြီးရင်တော့ ထိန်းထိန်းသိမ်းသိမ်း နေသွားကြမှာပါ”

လင်မယားနှစ်ဦးသည် သမီး၏အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ မိမိတို့၏အမြင်ကိုသာ စွဲကိုင်ထားကြပြီး မည်သူကမျှ အခြားတစ်ဦးကို နားချ၍မရနိုင်ခဲ့ပေ။ ညဉ့်သန်းခေါင်ယံအချိန် နီးကပ်လာသောအခါမှ ရှောင်လင်းရှီသည် သမ်းဝေလျက် အိပ်စက်ရန် ထသွားလေသည်။

သူမသည် စိတ်အခြေအနေ မကောင်းသောကြောင့် ကျောက်မင်ကို အိပ်ရာပေါ်တွင် အိပ်စက်ခွင့်မပြုဘဲ အပြင်ဘက်အခန်းသို့ နှင်ထုတ်လိုက်၏။

ကျောက်မင်သည် ဇနီးသည်၏ ဂျီကျမှုကို ကျင့်သားရနေပြီဖြစ်သောကြောင့် စောင်ကိုပိုက်ကာ အပြင်ဘက်အခန်းရှိ ခုတင်ပေါ်တွင် အိပ်စက်လိုက်လေသည်။

အခန်းတွင်းရှိ ဖယောင်းတိုင်မီးကို မှုတ်ငြိမ်းပြီးနောက် ရှောင်လင်းရှီသည် အိပ်ချင်မူးတူးဖြင့် အိပ်ပျော်သွား၏။ ညသန်းခေါင်ယံတွင် သူမသည် ဝမ်းဗိုက်ထဲမှ တဆတ်ဆတ်ဖြင့် မသက်မသာဖြစ်လာသည်ကို ခံစားလိုက်ရပြီး ကလေးက သူမကို ကန်နေသည်ဟု တွေးကာ အလွန်အိပ်ချင်နေသောကြောင့် ဂရုမစိုက်ဘဲ နေလိုက်သည်။

သို့သော် ဝိုးတဝါး အိပ်မက်လိုလို အခြေအနေတွင် သူမသည် ကလေးငယ်တစ်ဦး၏ ငိုရှိုက်သံကို ကြားယောင်လိုက်သကဲ့သို့ ရှိလေသည်။ ဤအသံသည် အလွန်ပင် နားထဲ၌ စူးရှလှပြီး သူမကို ထိတ်လန့်တကြားဖြင့် အိပ်ရာမှ ကုန်းရုန်းထထိုင်လိုက်မိသည်အထိပင်။

မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ သူမသည် မိမိကိုယ်ကို အိပ်မက်မက်နေသည်ဟု တွေးနေစဉ်မှာပင် ထိုငိုသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ဤတစ်ကြိမ်တွင်မူ သူမသည် ပို၍ရှင်းလင်းစွာ ကြားလိုက်ရ၏။ အသံသည် ပြတင်းပေါက် အပြင်ဘက်မှ လာနေသကဲ့သို့ရှိပြီး အချိန်ကြာကြာ နားထောင်သောအခါ ထိုအသံသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး စူးရှလှကာ မွေးကင်းစကလေးငယ်၏အသံနှင့် လုံးဝမတူညီပေ။

သူမ၏စိတ်ထဲတွင် ထိတ်လန့်ကြောက်ရွံ့သွားပြီး ခင်ပွန်းသည် အပြင်ဘက်အခန်းတွင် ရှိနေသည်ကို သတိရကာ ခြေနင်းဖိနပ်ကို စမ်းတဝါးဝါးဖြင့်စီး၍ အိပ်ရာမှဆင်းလိုက်သည်။ အပြင်ဘက်အခန်းသို့ လျှောက်သွားရင်း အော်ခေါ်လိုက်၏။ "သခင်ကြီး။ သခင်ကြီး”

အပြင်ဘက်အခန်းသည် လူမရှိသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သူမသည် အလွန်ခက်ခဲစွာ တံခါးဆီသို့ စမ်းတဝါးဝါးဖြင့် ရောက်ရှိသွားပြီး အပြင်သို့ မထွက်ရသေးမီမှာပင် ပြတင်းပေါက်သည် ဂလောက် ဟူသော အသံဖြင့် ပွင့်သွားပြီး ထိုကလေးငိုသံသည် ပိုပိုပြီး ရှင်းလင်းလာလေသည်။

ရှောင်လင်းရှီသည် ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထိတ်လန့်မှုကြောင့် ဝမ်းဗိုက်သည်လည်း လိုက်၍နာကျင်လာ၏။ သူမသည် လက်တစ်ဖက်ဖြင့် ဝမ်းဗိုက်ကိုပိုက်ကာ လက်တစ်ဖက်ဖြင့် တံခါးဘောင်ကို အားပြုရင်း ခန္ဓာကိုယ်သည် တဖြည်းဖြည်းအောက်သို့ လျှောကျကာ မြေပြင်ပေါ်သို့ ပုံ့ပုံ့လေး ထိုင်ကျသွားလေသည်။

ထိုအခိုက်အတန့်တွင် အပြင်ဘက်အခန်း၌ ဖယောင်းတိုင်မီးရောင် လင်းထိန်လာ၏။

ကျောက်မင်သည် ဆံပင်ဖရိုဖရဲ အတွင်းခံဝတ်စုံဖြင့် ဖယောင်းတိုင် ကိုင်ဆောင်ကာ အလျင်အမြန် ပြေးဝင်လာလေသည်။

ဇနီးသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်ကို မြင်သောအခါ အပြင်ဘက်တွင် ညစောင့်နေသော အစေခံမလေးအား သမားတော်ခေါ်ရန် အမြန်အော်ဟစ်ခိုင်းပြီး သူကိုယ်တိုင်ကတော့ ရှောင်လင်းရှီအား ထူမရန် ရှေ့သို့တိုးသွား၏။

ရှောင်လင်းရှီသည် ခင်ပွန်းဖြစ်သူက ပုံမှန်မျက်နှာထားဖြင့် သူမကို အိပ်ရာပေါ်သို့ ထူမပေးနေသည်ကို မြင်သောအခါ ကလေးငိုသံကို လုံးဝမကြားသည့်အလား ရှိနေသောကြောင့် သူ၏လက်ကောက်ဝတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် "သခင်ကြီး။ ရှင် မကြားဘူးလား”

"ဘာကို ကြားရမှာလဲ” ကျောက်မင်သည် နားမလည်နိုင်စွာ မေးလိုက်၏။

"ကလေးငိုသံလေ။ ပြတင်းပေါက်အပြင်ဘက်မှာ” သူမသည် ပွင့်နေသော ထိုပြတင်းပေါက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။ "အဲ့ဒီမှာ ခုနက ပြတင်းပေါက်က သူ့အလိုလို ပွင့်သွားတာ”

ကျောက်မင်သည် သူမကို အိပ်ရာပေါ်သို့ ပြန်တင်ပေးပြီးနောက် ထိုပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ခေါင်းကိုပင် အပြင်သို့ထုတ်၍ တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့မြင်ခဲ့ရပေ။

သူသည် ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ရှောင်လင်းရှီ၏အနားသို့ ပြန်လာကာ နှစ်သိမ့်ပေးလိုက်သည်။ "အပြင်မှာ ဘာမှမရှိပါဘူး။ ပြတင်းပေါက်က ညတုန်းက သေချာမပိတ်မိလို့ လေတိုက်ပြီး ပွင့်သွားတာဖြစ်မှာပါ”

"ဒါပေမဲ့ ကျွန်မ ကလေးငိုသံကို ကြားနေရတုန်းပဲ။ ဒါက ဘာဖြစ်တာလဲ” ခင်ပွန်းသည် ရောက်လာပြီးနောက်တွင် ထိုကလေးငိုသံသည် အနည်းငယ် တိုးသွားသယောင်ပင်။

ကျောက်မင်သည် စိုးရိမ်ထိတ်လန့်နေသော ရှောင်လင်းရှီကိုကြည့်ကာ ပြောလိုက်သည်။ "ငါတို့လို စာတတ်ပေတတ်တွေ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်လေ။ တစ်သက်မှာ မတော်မတရား မလုပ်ဖူးရင် ညသန်းခေါင် တစ္ဆေတံခါးခေါက်တာကို မကြောက်ဘူး တဲ့။ ရှင်မအနေနဲ့ အမှားမလုပ်ခဲ့ဖူးဘူးဆိုရင် ဘာကိုကြောက်စရာရှိမှာလဲ”

ရှောင်လင်းရှီသည် သူ၏လက်ကို တစ်ချက်ပုတ်လိုက်ပြီး "ရှင်ကရော အဲ့ဒီတစ္ဆေက ဒီစကားကို ကြားဖူးတယ်လို့ ဘယ်လိုလုပ်သိမှာလဲ”

ခင်ပွန်းနှင့် စကားပြောနေစဉ်တွင် ထိုငိုသံသည် ပျောက်ကွယ်သွားခဲ့လေသည်။ ဖယောင်းတိုင် မီးရောင်အောက်မှ နူးညံ့သိမ်မွေ့သော မျက်နှာထားနှင့် ခင်ပွန်းကိုကြည့်ရင်း သူမသည် မိမိကိုယ်ကို အကြားမှားသွားသလားဟု သံသယဝင်မိတော့သည်။

ထိုညတွင် သခင်မ ညအိပ်ရာထစဉ် ထိတ်လန့်မှုကြောင့် ကိုယ်ဝန်ထိခိုက်သွားသောကြောင့် အိမ်တော်ရှိ အစေခံများမှာ တစ်ညလုံး အလုပ်ရှုပ်နေခဲ့ကြရသည်။

မိုးလင်းခါနီးအချိန်တွင် ကျောက်မင် နန်းတော်သို့ သွားရမည်ဖြစ်သောကြောင့် ရှောင်လင်းရှီသည် အိပ်ပျော်သွားခဲ့လေသည်။

ညပိုင်းတွင် ကျောက်အိမ်တော်၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့ကို အားချန်သည် မသိရှိခဲ့ပေ။ သူမသည် မနေ့က ကတိစကားကို အမှတ်ရလျက် အချိန်ကျပြီဟု ထင်သောအခါ အမွှေးနံ့သာအိတ်ကိုယူပြီး ကျောက်အိမ်တော်သို့ ထွက်လာခဲ့လိုက်သည်။

တံခါးစောင့်သည် သူမကို စိတ်ထင်သလို အထဲသို့ ဝင်ခွင့်မပြုဘဲ သူမကိုယ်စား သတင်းပို့ပေးခဲ့သည်။

မကြာမီပင် ဆွန်းမားမားသည် အလျင်အမြန် ရောက်ရှိလာ၏။ ပုံမှန်အားဖြင့် သပ်ရပ်စွာ ဝတ်စားဆင်ယင်လေ့ရှိသော ဆွန်းမားမားသည် ယခုအခါတွင် အနည်းငယ် ပေါ့ပေါ့ပါးပါးဖြစ်နေပြီး ဆံပင်ကိုပင် သေသပ်စွာ မစည်းထားပေ။

အားချန်ကို မြင်သောအခါ ဆွန်းမားမား၏ မျက်နှာပေါ်မှ စိုးရိမ်သောကရိပ်တို့သည် အနည်းငယ် လျော့ပါးသွားပြီး "ဒီနေ့ မိန်းကလေးချန်ကို ဒီခရီးကို ပင်ပန်းခံပြီး လာခိုင်းရတာ တကယ်ကို မတိုက်ဆိုင်လိုက်တာပဲ။ မနေ့ညက သခင်မ ကိုယ်ဝန်ထိခိုက်သွားလို့ အခုထိတိုင်အောင် အနားယူနေရတုန်းပဲ။ တကယ်ကို တွေ့လို့မဖြစ်လို့ပါ”

"အဒေါ် ကိုယ်ဝန်ထိခိုက်သွားတယ် ဟုတ်လား။ ဘာဖြစ်သွားတာလဲ။ နေ့လယ်က သမားတော်က သေသေချာချာအနားယူရင် ရပြီလို့ ပြောသွားတာမဟုတ်လား” အားချန်သည် နားမလည်နိုင်စွာ မေးလိုက်၏။

ဒါက ရှောင်လင်းရှီက ငါ့ကို မတွေ့ချင်လို့ ဆင်ခြေပေးတာတော့ မဖြစ်နိုင်လောက်ဘူး။ ငါ့ရဲ့အဒေါ်ဖြစ်သူရဲ့ စရိုက်နဲ့ဆိုရင် မတွေ့ချင်ရင် ဆင်ခြေပေးနေစရာ မလိုဘူးလေ။

ဆွန်းမားမားသည် သက်ပြင်းချလိုက်ပြီး "မဟုတ်လို့လား။ မနေ့ညက သခင်မက ကလေးငိုသံကြားတယ်လို့ ပြောတယ်။ ဒါပေမဲ့ သခင်ကြီးနဲ့ ညစောင့်အစေခံမလေးတွေကတော့ မကြားရဘူးလို့ ပြောကြတယ်။ ဘာဖြစ်သွားမှန်းကို မသိဘူး။ အခု သခင်ကြီးက ရုံးသွားပြီ။ သခင်မကတော့ မေ့မျောနေတုန်းပဲ။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိတော့ဘူး”

အားချန်သည် ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ "ကလေးငိုသံ ကြားရုံသက်သက်ဆိုရင် ကလေးဟုတ်ချင်မှ ဟုတ်မှာပါ။ ကျွန်မ ဒဏ္ဍာရီပုံပြင် စာအုပ်တချို့မှာ ဖတ်ဖူးတယ်။ စာအုပ်ထဲမှာ ပြောထားတာက တချို့ပိုးမွှားတွေ ဒါမှမဟုတ် စိတ်စွမ်းအင်ရှိတဲ့ နတ်မိစ္ဆာတွေက ကလေးငိုသံနဲ့တူတဲ့အသံမျိုး ထွက်နိုင်တယ်တဲ့။ တကယ်လို့ အဒေါ်က စစ်ဆေးချင်တယ်ဆိုရင် ဒီဘက်လမ်းကြောင်းကနေ စစ်ဆေးကြည့်လို့ရပါတယ်”

ဆွန်းမားမား၏ မျက်လုံးတို့သည် အရောင်တောက်သွားပြီး ခေါင်းကို အဆက်မပြတ်ညိတ်လျက် ပြောလာသည်။ "မိန်းကလေးကမှ ဗဟုသုတ ကြွယ်ဝတာပဲ။ ကျွန်မ လူလွှတ်ပြီး စစ်ဆေးခိုင်းလိုက်ပါ့မယ်”

အားချန်သည် လက်ထဲမှ အမွှေးနံ့သာအိတ်ကို ဆွန်းမားမားထံသို့ ပေးလိုက်ပြီး "ဒီအမွှေးနံ့သာအိတ်ထဲက အမွှေးနံ့သာက ကျွန်မ မနေ့ကမှ အသစ်ဖော်စပ်ထားတာပါ။ ခြင်နဲ့ပိုးမွှားတွေကို နှင်ထုတ်ဖို့အတွက်ပါ။ ဈေးကြီးတဲ့ အမွှေးနံ့သာတွေလည်း မသုံးထားပါဘူး။ ဒါကြောင့် ဆွန်းမားမားကို လက်ဆောင်ပေးလိုက်ပါတယ်။ ဆွန်းမားမားအနေနဲ့ ဒီအမွှေးနံ့သာအိတ်ကို အဒေါ်ရဲ့အနားမှာ မထားမိဖို့ သတိထားနော်။ အချိန်ကြာကြာ အမွှေးနံ့သာနံ့ ရှူရှိုက်တာက သူ့ရဲ့ကျန်းမာရေးအတွက် မကောင်းပါဘူး”

"မိန်းကလေး စိတ်ချပါ။ ကျွန်မ မှတ်ထားလိုက်ပါ့မယ်။ မိန်းကလေး အိမ်ပြန်ပြီး စိတ်အေးအေးထားပြီး စောင့်နေပါ။ ရက်အနည်းငယ်ကြာလို့ သခင်မ နေကောင်းသွားတဲ့အခါ ကျွန်မ ပြန်လာခေါ်ပါ့မယ်”

"ကောင်းပါပြီ။ ဆွန်းမားမားအနေနဲ့ အဒေါ်ကို ဂရုစိုက်ပေးပါဦး”

ရှောင်လင်းရှီနှင့် မတွေ့ခဲ့ရသော်လည်း အားချန်သည် ယနေ့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကိုတော့ အောင်မြင်စွာ ပြီးမြောက်ခဲ့လေသည်။

ဆွန်းမားမားနှင့် နှုတ်ဆက်ပြီးနောက် သူမသည် ကျောက်အိမ်တော်၏ တံတိုင်းကိုကပ်၍ နောက်လမ်းကြားသို့ လျှောက်သွားခဲ့၏။

ကျောက်အိမ်တော်၏ နောက်တံခါးနှင့် မနီးမဝေးသို့ ရောက်သောအခါ သူမသည် ကျောက်အိမ်တော်မှ ထိုဝမ်းကွဲအစ်ကိုနှင့် ထပ်မံတွေ့ဆုံခဲ့ပြန်သည်။ ထိုဝမ်းကွဲအစ်ကို၏ လက်ထဲတွင် ငါးဖမ်းတောင်းတစ်ခုကို ကိုင်ဆောင်ထားပြီး အတွင်းထဲတွင် လတ်လတ်ငါးများ ပါဝင်နေပုံရကာ လှုပ်ရှားနေဆဲဖြစ်၏။

သို့သော် ထိုငါး၏ ညှီနံ့မှာ အနည်းငယ် ပြင်းလွန်းပြီး ၁၀မီတာအကွာမှပင် အနံ့ရနိုင်နေလေသည်။

…

All Chapters