← Chapters

အားချန်က ရွှဲရှီကို ကြည့်လိုက်သောအခါ…

Vol. 1 Ch. 10

အားချန်က ရွှဲရှီကို ကြည့်လိုက်သောအခါ…

Vol. 1 Ch. 10

ကျောက်ဝမ်ရှန်းသည် အားချန်ကို မမြင်ခဲ့ပေ။ သူက ငါးဖမ်းပိုက်ကိုကိုင်ကာ ကျောက်အိမ်တော်သို့ အလျင်စလို ဝင်သွားခဲ့သည်။ နောက်ဖေးတံခါး ပိတ်သွားသော်လည်း ထိုငါးညှီနံ့သည် တော်တော်နှင့် မပျောက်ကွယ်ခဲ့ပေ။

အားချန်သည်လည်း ထိုကိစ္စကို စိတ်ထဲမထားခဲ့ပေ။ သို့သော် အိမ်ပြန်ရောက်ပြီးနောက် ကိုယ်ပေါ်တွင် မကောင်းသော ညှီနံ့တစ်ခု စွဲကပ်နေသည်ဟု အမြဲခံစားနေရသည်။ သူမက သည်းခံပြီးရင်း သည်းခံကာ နောက်ဆုံးတွင်တော့ ရေနွေးတည်ရန် မီးဖိုချောင်သို့ သွားရတော့သည်။ ရေချိုးပြီးနောက် အဝတ်အစားများကိုလည်း လျှော်ဖွပ်လိုက်တော့သည်။

မီးဖိုချောင်တံခါး၏ ဟနေသည့်နေရာက အလွန်ကျယ်နေပြီး လေအေးများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်နိုင်သည်။ နောက်တစ်နေ့တွင်တော့ ဖျားလေတော့သည်။

ကံကောင်းချင်တော့ ယခင်တစ်ကြိမ် ဖျားနာပြီးနောက် လူနေမကောင်းလျှင် သမားတော်နှင့် ပြသရမည်ကို သိသွားခဲ့သည်။ အထူးသဖြင့် သူမကဲ့သို့ အားနည်းသော ကိုယ်ခန္ဓာမျိုးသည် အလွယ်တကူ အသက်ဆုံးရှုံးနိုင်ပေသည်။

သူမသည် အားတင်းကာ ထလာပြီး ဘေးလမ်းက ဆေးခန်းသို့သွားကာ ဆေးသွားယူခဲ့ရသေးသည်။

သူမကို သွေးခုန်နှုန်းစမ်းသပ်ပေးသော သမားတော်က သူမ၏ ကိုယ်ခန္ဓာသည် အားနည်းပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် နေ့စဥ်ဘဝတွင်လည်း အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အားချန်က သမားတော်ကို ကျေးဇူးတင်စလှည်းဆိုပြီး လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်၏။ အပေါ်မှ အမည်းရောင်စင်းကြောင်းများ ရှိနေသရွေ့ သည်ပြဿနာကို မဖြေရှင်းနိုင်လျှင် သူမ၏ ဤကိုယ်ခန္ဓာကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်မည် မဟုတ်ပေ။

ရောဂါသည် လျင်မြန်စွာ ရောက်ရှိလာသော်လည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ အစပိုင်းတွင် သူမသည် ဆေးနှစ်ရက်သောက်ပြီးနောက် ကောင်းမွန်သွားသည်ဟု ခံစားရပြီး နောက်ပိုင်းတွင် ဆေးကို အချိန်မှန် မသောက်တော့ပေ။ ထင်မထားဘဲ ရောဂါက ထပ်ဖြစ်လာသည်။

သင်ခန်းစာအပြည့်အဝရပြီးနောက် အားချန်က ဆေးကို ခွင့်ပြုချက်မပါဘဲ မရပ်ပစ်ရဲတော့ချေ။ နောက်ထပ် ရက်အနည်းငယ်ကြာ ဆေးသောက်ပြီးမှသာ လုံးဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။

သူမ အပြည့်အဝ ပြန်လည်သက်သာလာချိန်တွင် ၂လပိုင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။ ဤရက်များတွင် ဆွန်းမားမား မလာခဲ့ပေ။ အားချန်သည်လည်း ရှောင်လင်းရှီ၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိသည်ကို မသိခဲ့ပေ။

၂လပိုင်း ၁၀ရက်နေ့တွင် ရာသီဥတုသည် သာယာနေသည်။

အားချန်က အနည်းငယ်ထူထဲစွာ ဝတ်ဆင်ထားပြီး အိမ်ထဲတွင် ဆူးပန်းရွက်ကို မီးခိုးတိုက်နေသည်။ တစ်နာရီ၏ လေးပုံတစ်ပုံခန့် မီးခိုးတိုက်ပြီးနောက် အိမ်တစ်ခုလုံး မီးခိုးငွေ့များဖြင့် ပြည့်နှက်သွားသောအခါမှသာ တံခါးနှင့် ပြတင်းပေါက်များကို လေဝင်လေထွက်ကောင်းရန် ဖွင့်လှစ်လိုက်သည်။ ရလဒ်အနေဖြင့် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သောအခါ အောက်မှ ကျောက်အိမ်တော်၏ မြင်းလှည်းကို တွေ့မြင်လိုက်ရလေသည်။

သူမသည် ပထမထပ်သို့ အလျင်အမြန် ဆင်းသွားပြီး တံခါးခေါက်သံကို ကြားလိုက်ရသည်။

တံခါးဖွင့်လိုက်သောအခါ ဆွန်းမားမားသည် အပြင်ဘက်တွင် ရပ်နေပြီး သူမ၏ တစ်ကိုယ်လုံးမှ ဆူးပန်းရွက်နံ့ကြောင့် ခြေတစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။

အားချန်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆွန်းမားမား၏ လက်ထဲတွင် ကိုင်ထားသည့် အဝတ်အစားတစ်စုံကို ကြည့်ကာ နူးညံ့စွာ မေးလေသည်။ ”ဆွန်းမားမား ဒီနေ့လာတာ အဒေါ်ရဲ့ကျန်းမာရေး ပြန်ကောင်းလာလို့လား”

"ဟုတ်ပါတယ်” ဆွန်းမားမားသည် ခေါင်းညိတ်သော်လည်း လေသံမှာ အနည်းငယ် တုံ့ဆိုင်းနေသည်။ ”သခင်မက ကိုယ်ဝန်တည်မြဲစေတဲ့ဆေး ရက်အနည်းငယ်သောက်ပြီးတော့မှ ကောင်းသွားတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း အစားစားချင်စိတ်က မတရား ကောင်းနေပြန်ရော”

"ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား” စားနိုင်တာက ကောင်းချီးပဲလို့ ပြောကြတယ် မဟုတ်လား။

"ကောင်းတဲ့ကိစ္စပါ” ဆွန်းမားမားသည် အပြုံးတစ်ခုကို ဖန်တီးလိုက်သော်လည်း မျက်ခုံးများတွင်မူ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု အမြဲတမ်း ရှိနေသည်။

အားချန်သည် စိတ်ထဲတွင် သိလိုသော်လည်း ထပ်မံမေးမြန်းခြင်း မပြုခဲ့ပေ။

ဆွန်းမားမားက ခဏတာ တွေဝေသွားပြီးနောက် အာရုံကို အားချန်ဖက်သို့ ပြန်လှည့်လာသည်။ လက်ထဲမှ အဝတ်အစားများကို အားချန်ထံသို့ ပေးအပ်ကာ ပြောသည်။ ”နောက်နှစ်ရက်ဆို ပန်းပွဲတော်ရောက်ပြီ။ သခင်မက ပန်းနတ်ဘုရားကျောင်းကို သွားပြီး ဆုတောင်းချင်တယ်။ ဒါက မိန်းကလေးအတွက် အထူးရွေးချယ်ထားတဲ့ အဝတ်အစားသစ်ပါ”

ဤအဝတ်အစား၏ အပေါ်ပိုင်းသည် အဖြူရောင်ဖြစ်ပြီး လည်ပင်းနှင့် လက်အနားများတွင် ပန်းရောင်မက်မွန်ပန်းများ ပန်းထိုးထားသည်။ စကတ်ကတော့ အဖြူပန်းရောင်ပြေးဖြစ်ပြီး စကတ်အနားတွင်လည်း ပန်းခက်များ ပန်းထိုးထားရာတွင်လည်း အလွန်လက်ရာမြောက်လှသည်။ အထည်သားဖြစ်စေ လက်ရာဖြစ်စေ အားချန် ဝတ်ဆင်ထားသည်ထက် များစွာသာလွန်ပြီး သဘာဝအတိုင်း ဈေးလည်း များစွာကြီးမြင့်သည်။

အားချန်လည်း မငြင်းတော့ချေ။ သူမက အဝတ်အစားများကို လက်ခံကာ ပွင့်လင်းစွာ ပြောလိုက်၏။ ”ဆွန်းမားမားကပဲ အဒေါ်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ”

သူမသည် အဝတ်အစားများကို လက်ခံပြီးမှသာ အဝတ်အစားအောက်တွင် သစ်သားသေတ္တာတစ်လုံး ဖိထားသည်ကို တွေ့လိုက်ရသည်။ ထိုသစ်သားသေတ္တာသည်လည်း အားချန်၏ လက်ထဲသို့ တစ်ပါတည်း ရောက်ရှိလာသည်။

ဆွန်းမားမားက ပြုံးကာ ရှင်းပြသည်။ ”ဒီထဲမှာ အသစ်လုပ်ထားတဲ့ ဆံထိုးတစ်စုံနဲ့ နားကပ်တစ်ရံ။ ပြီးတော့ ပိုးပန်းပွင့် တချို့လည်း ပါတယ်။ ဒါလည်း သခင်မက မိန်းကလေးအတွက် အထူးရွေးချယ်ထားတာပါ။ နောက်နေ့မှာ မိန်းကလေး ဝတ်ဆင်ဖို့ မမေ့ပါနဲ့”

"အဒေါ်ရဲ့စေတနာဖြစ်မှတော့ အားချန်က မငြင်းသာတော့ပါဘူး”

ပစ္စည်းများကို သူမ လက်ခံလိုက်သည်။ ရှောင်လင်းရှီ၏ ရည်ရွယ်ချက် အောင်မြင်နိုင်မလားဆိုသည်ကတော့ သူမ၏ စိတ်အခြေအနေပေါ်တွင် မူတည်သည်။

အားချန်သည် ပန်းပွဲတော်ကို အလွန်မျှော်လင့်နေ၏။ တစ်နည်းအားဖြင့်ဆိုသော် သူမသည် စည်လှည်းသောနေရာများကို နှစ်သက်လေသည်။

၂ လပိုင်း ၁၂ ရက်နေ့ နံနက်စောစောတွင် သူမသည် ဝတ်စုံသစ်ကို လဲလှယ်ဝတ်ဆင်ပြီး ရိုးရှင်းသော ဆံထုံးတစ်ခုကို ထုံးဖွဲ့ကာ မက်မွန်ပန်းဆံထိုးတစ်ချောင်းနှင့် ပန်းရောင်ကတ္တီပါပန်းပွင့် ဆံထိုးတစ်ချောင်းကို ရွေးချယ်လိုက်၏။ နားဆွဲများပင်လျှင် မက်မွန်ပန်းပွင့်ဖတ်ပုံစံ ဖြစ်လေသည်။

ဒီရွှေရောင် တလက်လက်တောက်နေတဲ့ မက်မွန်ပန်းအပြည့်နဲ့ သေတ္တာကို ကြည့်ရတာ ရှောင်လင်းရှီက ငါ့အတွက် အဖိုးတန်တဲ့ ကံကြမ္မာကောင်းတွေ ဆွဲဆောင်ပေးချင်လို့ ဖြစ်ရမယ်။

သူမသည် မိမိကိုယ်ကို ပြင်ဆင်ပြီးစီးသည်နှင့် ဆွန်းမားမားသည် ရောက်ရှိလာခဲ့၏။

ဆွန်းမားမားသည် တံခါးဖွင့်ပေးလာသည့် အားချန်ကို တွေ့မြင်သောအခါ တိတ်တဆိတ် အသက်ရှုလိုက်မိပြီး စိတ်ထဲတွင် သခင်မက မျက်စိအမြင် စူးရှလိုက်လေဟု တွေးလိုက်မိသည်။ ဤဝမ်းကွဲမိန်းကလေးသည် အနည်းငယ်မျှသာ ပြင်ဆင်လိုက်သည်နှင့် သူမပင်လျှင် မျက်စိမလွှဲနိုင်ဖြစ်နေလျှင် အခြားသူများမှာ ဆိုဖွယ်မရှိတော့ပေ။ အမှန်တကယ်ပင် ချစ်စဖွယ်လှပလှပေသည်။

အားချန်နှင့် ဆွန်းမားမားတို့သည် မြင်းလှည်းဖြင့် ကျောက်အိမ်တော်သို့ အတူတူ ပြန်လည်ရောက်ရှိလာခဲ့ကြ၏။ သူတို့သည် ရှောင်လင်းရှီနှင့် ကျောက်ဝမ်ယွဲ့တို့နှင့်အတူ ပန်းနတ်ဘုရားကျောင်းသို့ သွားရောက်ရန် စောင့်ဆိုင်းနေရမည် ဖြစ်သည်။

ပင်မခန်းဆောင်ထဲတွင် ရှောင်လင်းရှီသည် အိပ်ရာထလာသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး အားချန် ရောက်လာချိန်တွင် သူမသည် နံနက်စာ သုံးဆောင်နေလေသည်။

အခန်းထဲသို့ မဝင်မီမှာပင် အားချန်သည် ငါးညှီနံ့တစ်ခုကို ထပ်မံရရှိလိုက်၏။ သူမသည် ဤအနံ့ကို လုံးဝမနှစ်သက်သည့်အတွက် ခြေလှမ်းများလည်း နှေးကွေးသွားပြီး ဆွန်းမားမားကို လေသံတိုးတိုးဖြင့် မေးမြန်းလိုက်မိသည်။ “အဒေါ်က မနက်ခင်းမှာလည်း ငါးစားတာလား”

ဤအကြောင်းကို ပြောလိုက်ချိန်တွင် ဆွန်းမားမား၏ မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အရိပ်အယောင်များ အထင်းသား ပေါ်ထွက်လာ၏။ “ဟုတ်တယ်လေ။ ဒီရက်ပိုင်း သခင်မ ဘယ်လိုဖြစ်နေလဲ မသိဘူး။ အစာစားတိုင်း ငါးပဲ စားချင်နေတာ။ တစ်ခါစားရင် တစ်ကောင်လုံး ကုန်တယ်။ မနေ့က မီးဖိုချောင်မှာ မလုပ်ပေးမိလို့ စားဖိုမှူးတောင် သခင်မဆူတာ ခံလိုက်ရပြီး အိမ်တော်ကနေ မောင်းထုတ်ခံရတော့မလိုတောင် ဖြစ်သွားတယ်”

အားချန်သည် သိပ်တော့မဟုတ်သေးဘူးဟု ခံစားလိုက်ရပြီး ထပ်မေးလိုက်သည်။ “တစ်နေ့ကို ငါးအရှင် ၃ ကောင်ဆိုတော့ အခုချိန်မှာ ငါးအရှင်ဝယ်ရတာ မလွယ်လောက်ဘူးမလား”

“ငါးအရှင်ကတော့ တကယ်ဝယ်ရတာ မလွယ်ဘူး။ အားလုံးက သာ့ကုန်းဇီက သိကျွမ်းတဲ့ ငါးသည်ဆီက ဝယ်ပြီး အိမ်တော်ကို ပို့ပေးတာ”

“ဒီအချိန်မှာ ပြောင်ကော(ဝမ်းကွဲအစ်ကို)က ငါးရှင်တွေ ဒီလောက်များများ ဝယ်နိုင်တာ တကယ်ပဲ မလွယ်ဘူးနော်”

“ဟုတ်တယ်လေ။ သာ့ကုန်းဇီက ဒီရက်ပိုင်း အရမ်းကို မိဘအပေါ် သိတတ်တော့ သခင်မလည်း စိတ်ချမ်းသာနေတာပေါ့” ဆွန်းမားမားက ထောက်ခံလိုက်သည်။

မည်သည့်အရာမှ မေးမြန်းလို့မရသည်ကို မြင်လိုက်သဖြင့် အားချန်က စလှည်းလမ်းကြောင်း ပြောင်းလိုက်တော့သည်။ “အဲ့ဒီနေ့က အဒေါ်ကြားခဲ့တဲ့ ငိုသံကို ဆွန်းမားမား လူလွှတ်ပြီး စစ်ဆေးခိုင်းခဲ့လား”

“အားလုံး စစ်ဆေးပြီးပါပြီ။ ဒါပေမဲ့ ဘာမှ မတွေ့ခဲ့ဘူး။ ကံကောင်းတာက အဲ့ဒီနေ့ပြီးနောက် သခင်မ ဘာအသံမှ ထပ်မကြားတော့ဘူး”

အားချန်သည် ခေါင်းညိတ်လိုက်၏။

တကယ်တော့ ဒီလိုကိစ္စမျိုးက မိစ္ဆာတွေရဲ့ နှောင့်ယှက်မှုကို ဖယ်လိုက်ရင် လူတွေရဲ့ လက်ချက်ဖြစ်ဖို့ အများဆုံးပဲ။ ဘာပဲဖြစ်ဖြစ် နက်ရှိုင်းတဲ့ အငြိုးအတေးမရှိရင် မိစ္ဆာတွေကလည်း အဲ့ဒီလောက် အားမနေဘူး။ ဒါပေမဲ့ ငါက အပြင်လူဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောလို့မကောင်းဘူး။ ဒီအိမ်တော်ရဲ့ သခင်မက ရှောင်လင်းရှီတစ်ယောက်ပဲ ရှိတယ်။ ကျန်တာတွေကတော့ သူ့ယောက်ျားနဲ့ သားသမီးအရင်း နှစ်ယောက်ပဲ။ တကယ်လို့ တစ်ယောက်ယောက်က တမင်တကာ လုပ်နေတယ်ဆိုရင်တောင် သံသယဝင်စရာလူ တစ်ယောက်မှ ရှာမတွေ့ဘူး။

ဆွန်းမားမားသည် အားချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ ထပ်ပြောလေသည်။ “အရင်တစ်ခေါက် မိန်းကလေးလုပ်ခဲ့တဲ့ အမွှေးအိတ်ကို သခင်မ ကြည့်ပြီးပါပြီ။ သူက အမွှေးအိတ်ရဲ့ အနံ့ကို သိပ်ကြိုက်တယ်။ နွေရာသီရောက်ရင် မိန်းကလေးကို အများကြီး လုပ်ခိုင်းမယ်လို့တောင် ပြောသေးတယ်။ ဒါပေမဲ့ အမွှေးအိတ်အပြင်ဘက်က ပန်းထိုးလက်ရာက သိပ်မသေသပ်ဘူးလို့တော့ နည်းနည်း ပြောတယ်”

အားချန်သည် အနည်းငယ် ရှက်သွားပြီး အမွှေးအိတ်ကို မိမိကိုယ်တိုင် အပြင်ဘက်မှ ဝယ်ယူခဲ့ကြောင်း မပြောဝံ့ခဲ့ပေ။

“ဟုတ်သားပဲ။ မိန်းကလေး ကြွက်နဲ့ ပိုးမွှားတွေကို နှင်ထုတ်တဲ့ အမွှေးဆေး ဖော်စပ်နိုင်မလား မသိဘူး”

“ဆွန်းမားမားက ဒါကို ဘာလုပ်ဖို့လဲ။ အိမ်တော်မှာ ကြွက်တွေ ပေါနေလို့လား” အားချန်က သံသယဖြင့် မေးလိုက်သည်။

ဆွန်းမားမားသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ “လွန်ခဲ့တဲ့ရက်အနည်းငယ်က စားဖိုမှူးက ကျွန်မကို ပြောတယ်။ ဒီရက်ပိုင်းတွေမှာ နေ့တိုင်းမနက်ခင်းဆိုရင် မီးဖိုချောင်အပြင်ဘက်မှာ ပိုးကောင်တွေ အများကြီး စုနေတယ်တဲ့။ အိမ်တော်က ကြွက်တွေလည်း အများကြီး ပိုများလာတယ်”

“မီးဖိုချောင်မှာ တစ်ခုခု ချက်ပြုတ်ပြီး သန့်ရှင်းရေးမလုပ်မိလို့ ကြွက်နဲ့ ပိုးမွှားတွေကို ဆွဲဆောင်လာတာများလား”

“ကျွန်မလည်း အဲ့ဒီလိုပဲ ထင်တယ်။ အဲ့ဒီ စားဖိုမှူးဝမ်ကတော့ ဝန်မခံဘူး” ဆွန်းမားမားက ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်လေသည်။ “သခင်မက ကိုယ်ဝန်ဆောင်နေတော့ သူတို့ကို ကြည့်ဖို့ အချိန်မရှိဘူးလို့ ထင်နေကြတာပဲ။ တစ်ယောက်မှ ပုံမလာဘူး”

“ဆေးမသုံးဘဲ ကြွက်နဲ့ ပိုးမွှားတွေကို နှင်ထုတ်တာလား”

“ဘယ်လိုလုပ် ဆေးမသုံးဘဲ နေမှာလဲ။ အားလုံးက အရင်က သုံးနေကျ ဆေးမှုန့်တွေပဲ။ ဒီတစ်ခေါက်တော့ ဘာအာနိသင်မှ မရှိတော့ဘူး။ အဲ့ဒီကြွက်တွေက မီးဖိုချောင်မှာ လျှောက်ပြေးနေတာ ရဲတင်းလွန်းတယ်”

အားချန်သည် ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်၏။ “သာမန်အမွှေးဆေးတွေက ကြွက်နဲ့ ပိုးမွှားတွေကို နှင်ထုတ်တဲ့ အာနိသင်က သာမန်ပဲ။ အမွှေးတိုင် ထွန်းတာက အာနိသင် ပိုကောင်းလိမ့်မယ်။ ဒါပေမဲ့ ထွန်းပြီးရင် မီးဖိုချောင်မှာ အနံ့စွဲကျန်နေနိုင်တယ်။ တစ်ရက် နှစ်ရက်အတွင်း လူဝင်လို့မဖြစ်ဘူး”

“ဒါက… မဖြစ်နိုင်လောက်ဘူး။ မိန်းကလေး တခြားနည်းလမ်းလေးများ ထပ်စဉ်းစားပေးလို့ရမလား”

သူတို့အိမ်တော်တွင် အခြားသခင်များ မရှိသည့်အတွက် မီးဖိုချောင်ငယ်ကို သီးသန့်မထားရှိဘဲ အိမ်တော်တစ်ခုလုံး၏ စားသောက်ဖွယ်ရာအားလုံးသည် မီးဖိုချောင်ကြီးကိုသာ အားထားနေရ၏။

အားချန်သည်လည်း ငြင်းဆိုခြင်း မပြုခဲ့ပေ။ “ကောင်းပြီ။ ကျွန်မ ပြန်ရောက်ရင် တခြားနည်းလမ်းတွေကို ထပ်စဉ်းစားကြည့်ပါ့မယ်”

သာမန်အမွှေးနံ့သာလုပ်နည်းတွေက မဖြစ်နိုင်ပေမယ့် ငါက အထူးနည်းလမ်းတချို့ကို သုံးလို့ရတယ်။ ပစ္စည်းတွေကတော့ နည်းနည်း ရှာရခက်တယ်။ ဒါပေမဲ့ ရှောင်လင်းရှီက အမြဲတမ်း ရက်ရောတတ်တာပဲ။ ငါကတော့ သူ့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမှာပေါ့။

ဆွန်းမားမားသည် ထိုစလှည်းကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားလေသည်။ “ဒါဆိုရင်တော့ မိန်းကလေးကို အပန်းကြီးစေရပါပြီ”

သူတို့နှစ်ဦးသည် စလှည်းပြောရင်း ပင်မခန်းဆောင်သို့ ဝင်ရောက်လာကြ၏။ စားပွဲဘေးတွင် ငါးအရိုးနွှင်ပေးနေသော အစေခံမိန်းကလေးသည် ဘေးသို့ တွန်းထုတ်ခံလိုက်ရပြီး ရှောင်လင်းရှီသည် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ငါးထည့်ထားသော ပန်းကန်ကို ကိုင်ဆောင်ထားကာ ငါးတစ်ဝက်ခန့် စားပြီးဖြစ်နေလေသည်။ သူတို့ ဝင်လာသည်ကိုပင် ခေါင်းမော့မကြည့်ခဲ့ပေ။

ထိုငါးသည် သိပ်မကြီးလှဘဲ တစ်ပေါင်ခန့်သာ လေးလံသော်လည်း နှစ်သက်သည်ဆိုလျှင်ပင် တစ်နေ့သုံးကြိမ် ဤသို့စားသုံးရန် မဖြစ်သင့်ပေ။

အားချန် ကိုယ်တိုင်ပင်လျှင် ကြက်သားကို အလွန်နှစ်သက်သော်လည်း နေ့စဉ်မစားသုံးဘဲ ရံဖန်ရံခါတွင် ဟင်းရွက်အချို့ကို စားသုံးလေ့ရှိ၏။ ထို့အပြင် ရှောင်လင်းရှီသည် ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်လေသည်။

သို့သော် ရှောင်လင်းရှီအား နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့သော ဆွန်းမားမားပင်လျှင် မပြောဝံ့သည့်အတွက် အားချန်သည်လည်း ဝင်ရောက်ပြောဆိုမည် မဟုတ်ပေ။

ရှောင်လင်းရှီသည် ငါးတစ်ကောင်လုံးကို စားသုံးပြီးမှသာ တူကို ချလိုက်ပြီး မျက်နှာသည် အလွန်ကျေနပ်အားရနေလေသည်။

အားချန်သည် ရှောင်လင်းရှီအား သေချာစွာ ကြည့်လိုက်ရာ သူမသည် ဤရက်အနည်းငယ်အတွင်း ဝလာဟန်တူသော်လည်း မျက်နှာအရောင်မှာမူ ပထမဆုံး တွေ့ဆုံစဉ်ကလောက် မကောင်းဘဲ မျက်လုံးအောက်တွင် ညိုမည်းနေသည်ကို တွေ့လိုက်ရ၏။

သူမ ထရပ်လိုက်သောအခါတွင် အားချန်သည် သူမ၏ဗိုက်သည်လည်း ရက်အနည်းငယ်အကြာကထက် ပို၍ ကြီးမားလာသည်ကို သတိပြုမိလိုက်သည်။

“ထိုင်” ရှောင်လင်းရှီသည် စားပွဲဘေးမှ ခုံကို လက်ညှိုးထိုးပြကာ အားချန်အား ထိုင်ခိုင်းလိုက်ပြီးနောက် ဆွန်းမားမားကို အမိန့်ပေးလိုက်သည်။ “သွားကြည့်လိုက်ဦး။ ဝမ်ယွဲ့ ပြင်ဆင်ပြီးပြီလား။ သူ့ကို မြန်မြန်လုပ်ခိုင်းလိုက်”

ဆွန်းမားမား မထွက်ခွာမီမှာပင် ကျောက်ဝမ်ယွဲ့၏ အသံ ထွက်ပေါ်လာခဲ့သည်။ “ကျွန်မက စောစောကတည်းက ပြင်ဆင်ပြီးသား။ အမေကပဲ အနှေးဆုံးပဲ”

ကျောက်ဝမ်ယွဲ့သည် ပင်မခန်းဆောင်သို့ ဝင်ရောက်လာပြီးနောက် အားချန်လည်း ရှိနေသည်ကို တွေ့ရှိလိုက်ရပြီး သူမ၏ဦးခေါင်းတွင် သူမ ကြိုက်သော ထိုကတ္တီပါပန်းပွင့်ဆံထိုးကို ပန်ဆင်ထားသည့်အတွက် မျက်လုံးများသည် ချက်ချင်းပင် မလိုမုန်းတီးမှုများဖြင့် ပြည့်နှက်သွား၏။

သို့သော် မကြာမီတွင် သူမသည် မနေ့က သူမ၏မိခင် ပြောဆိုခဲ့သည်ကို သတိရလိုက်၏။ ကျိချန်အတွက် ကောင်းမွန်သော အိမ်ထောင်တစ်ခု ရှာဖွေပေးခြင်းသည် အိမ်တော်အတွက် အကျိုးရှိသည်ဟု ဆို၏။ သူမသည်လည်း သည်းခံလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ကျိချန်က ဒီတစ်ခဏလေးပဲ ဂုဏ်ယူဝံ့ကြွားနိုင်မှာ။ ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ထားပါစေ။ လူတွေရဲ့ မယားငယ်နေရာနဲ့ပဲ တန်တာ။

ကျောက်ဝမ်ယွဲ့ ရောက်ရှိလာပြီးနောက် ရှောင်လင်းရှီသည် ဆွန်းမားမားကိုတွဲကာ ခြံဝင်းထံက ထွက်ခွာသွားလေသည်။ မြင်းလှည်းနှစ်စီးသည် ကျောက်အိမ်တော်မှ ထွက်ခွာသွားပြီး အနောက်ဘက်ရှိ ယုံတင်းတံခါးသို့ ဖြည်းညင်းစွာ ဦးတည်သွားလေသည်။

ပန်းပွဲတော်ဖြစ်သည့်အတွက် ယုံတင်းတံခါးသို့ သွားသောလမ်းခရီးတွင် မြင်းလှည်းများ အထူးသဖြင့် များပြားလှပြီး သူတို့သည် တစ်နာရီခွဲခန့် အချိန်ကုန်ဆုံးပြီးမှသာ မြို့တံခါးမှ တန်းစီ၍ ထွက်ခွာနိုင်ခဲ့ကြ၏။

မြင်းလှည်းသည် သွားလိုက်ရပ်လိုက်ဖြင့် နောက်ထပ် နာရီဝက်ခန့် ကြာသောအခါ နောက်ဆုံးတွင် ယုံရှန်းတောင်သို့ ရောက်ရှိသွားလေသည်။

ပန်းနတ်ဘုရားကျောင်းသည် တောင်ခါးပန်းအလယ်တွင် တည်ဆောက်ထားပြီး လူတိုင်းသည် လှည်းပေါ်မှဆင်းကာ တောင်ပေါ်သို့ ခြေလျင်တက်ရမည် ဖြစ်၏။ ကံကောင်းချင်တော့ တောင်သည် မတ်စောက်ခြင်းမရှိဘဲ ဖြည်းညင်းစွာ လျှောက်သွားလျှင် သိပ်မပင်ပန်းလှပေ။

ထိုအချိန်တွင် တောင်၏ လမ်းဘေးဝဲယာရှိ သစ်ပင်များပေါ်တွင် အရောင်ငါးမျိုးရှိ စက္ကူများကို ချိတ်ဆွဲထားပြီး လေတိုက်ခတ်လာချိန်တွင် သစ်ပင်အပြည့် ပန်းများ ဖူးပွင့်နေသကဲ့သို့ ရှိနေလေသည်။

ရှောင်လင်းရှီသည်လည်း အားချန်နှင့် ကျောက်ဝမ်ယွဲ့တို့အတွက် အရောင်ငါးမျိုးရှိ စက္ကူကတ်ပြားများကို ပြင်ဆင်ပေးထား၏။ အားချန်သည် သစ်ကိုင်းနိမ့်တစ်ခုကို ရှာဖွေကာ ချိတ်ဆွဲလိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ နောက်မှ တက်လာသော အလတ်ပိုင်းအရွယ် အမျိုးသမီးလှတစ်ဦးကို တွေ့မြင်လိုက်ရ၏။ သေချာ ထပ်ကြည့်လိုက်သည်တွင် ရွှဲရှီ မဟုတ်လျှင် အခြားမည်သူ ဖြစ်နိုင်ဦးမည်နည်း။

ရွှဲရှီ၏ သားသမီးနှစ်ဦးသည် သူမ၏နောက်မှ လိုက်ပါလာကြပြီး သူမ၏မောင်ဖြစ်သူ ရွှဲမင်ထန်လဲ လိုက်ပါလာသည်။

အားချန်က ရွှဲရှီကို ကြည့်နေစဉ်တွင် သူမသည်လည်း တိုက်တိုက်ဆိုင်ဆိုင် ကြည့်လာခဲ့၏။

အားချန်က အကြည့်မလွဲလိုက်ဘဲ သူမကို ပြုံးပြလိုက်ရာ ရွှဲရှီကတော့ သူမကြောင့် အံ့အားသင့်သွားဟန်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားပြီး ရွှဲမင်ထန်က ထိန်းပေးလိုက်ရ၏။

ရှောင်လင်းရှီသည်လည်း ရွှဲမိသားစုကို တွေ့မြင်လိုက်ရပြီး အမူအရာသည် အေးစက်တည်ငြိမ်နေကာ သူတို့အတွက် လမ်းဖယ်မပေးလိုက်ချေ။

သူမသည် အစ်မကြီးကို မုန်းတီးသော်လည်း အစ်မကြီး၏ နေရာကို လုယူခဲ့သော မိန်းမယုတ်အပေါ်တွင် မည်သည့်မျက်နှာကောင်းမှ ပြသမည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ကျောက်ဝမ်ယွဲ့သည် အရောင်ငါးမျိုးရှိ စက္ကူကတ်ပြားကို ချိတ်ဆွဲပြီးနောက် ကိုယ်အလှည့်တွင် ရွှဲမင်ထန်ကို တွေ့မြင်လိုက်ရပြီး ချက်ချင်းပင် မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာလေတော့သည်။

...

All Chapters