← Chapters

ထိုနေ့က နှုတ်ဆက်ခြင်းသည် သာမန်နှုတ်ဆက်ခြင်းတစ်ခုမျှသာဖြစ်သည်ဟု အားချန် ထင်မှတ်ခဲ့လေသည်

Vol. 2 Ch. 12

ထိုနေ့က နှုတ်ဆက်ခြင်းသည် သာမန်နှုတ်ဆက်ခြင်းတစ်ခုမျှသာဖြစ်သည်ဟု အားချန် ထင်မှတ်ခဲ့လေသည်

Vol. 2 Ch. 12

"ကျိချန်။ နင် ဘယ်လိုတောင် အရှက်မရှိရတာလဲ”

ရွှဲရှီသည် ဒေါသတကြီးဆိုလေ၏။

"ရွှဲသခင်မလည်း အစတုန်းက မြို့စားသခင်ရဲ့ တိတ်တိတ်ပုန်း မယားလုပ်ခဲ့တာ အရှက်မရှိလို့ပဲ မဟုတ်လား။ ဒါပေမဲ့ မျက်စိကတော့ သိပ်မကောင်းဘူးပဲ။ ဒီလောက်နှစ်တွေ အကြာကြီးစောင့်ပြီးတော့မှ အရွယ်လွန်ပြီး ရုပ်ရည် ကျဆင်းသွားတဲ့အချိန်ကျမှ ကျင့်ယန်မြို့စားအိမ်တော်ထဲ ဝင်ခွင့်ရတယ်။ နောက်ထပ် နှစ်နှစ်လောက်ကြာရင် နေရာကို ဘယ်သူဝင်ယူမလဲဆိုတာ ဘယ်သူသိမှာလဲ”

လူကို ဒေါသထွက်အောင် စကားနာထိုးသည့်နေရာတွင် အားချန်သည် မည်သူ့ထက်မှ မညံ့လှပေ။

"နင်..."

ရွှဲရှီသည် သူ့မျက်စိထဲတွင် မိုက်ခနဲဖြစ်သွားသည်ကို ခံစားလိုက်ရ၏။

အရင်တုန်းက ကျိချန်ကို ဒီလောက်တောင် လက်ပေါက်ကပ်မှန်း ဘာလို့ သတိမထားမိခဲ့ပါလိမ့်။

ဒါကို စောစောသိခဲ့ရင် အစတည်းက အတွင်းဆောင်ထဲမှာပဲ သူ့ကို အသေသတ်ပစ်ခဲ့ပါတယ်လေ။ အခုတော့ လူကို အပြင်လွှတ်ပေးလိုက်တော့ ငါ့ရှေ့မှာ ဒီလောက်တောင် ရောင့်တက်ရဲနေပါလား။

အားချန်သည် ကိုယ်ကိုလှည့်လိုက်၏။ သူမ၏စကပ်အနားစတွင် ရွှေချည်မျှင်ဖြင့် ကွန့်ညွှန့်ဖော်ထားသော ပန်းပွင့်ပုံရိပ်တို့သည် နေရောင်အောက်တွင် တလက်လက် ထနေလေသည်။ သူမက ပေါ့ပါးသောလေသံဖြင့် ဆိုလိုက်၏။

"ရွှဲသခင်မ။ ကျွန်မကိုတော့ သိပ်အကြာကြီး မစောင့်ခိုင်းနဲ့နော်”

အားချန် ထွက်သွားပြီး အတန်ငယ်ကြာမှ ဘေးသို့ခဏလွှတ်ထားသော အစေခံမလေးသည် ရွှဲရှီ၏အနားသို့ သတိဖြင့်ကပ်လာပြီး သူ့ကို ထိန်းပေးလိုက်ရ၏။

သူမက စိုးရိမ်စွာဖြင့် မေးလာသည်။ "သခင်မ။ အဆင်ပြေရဲ့လား”

ရွှဲရှီသည် အံကို တင်းနေအောင် ကြိတ်လိုက်ပြီး တစ်လုံးချင်းဆို၏။

"ဘာမှမဖြစ်ဘူး။ ပြန်ကြစို့”

"ဟုတ်ကဲ့ပါ သခင်မ”

အားချန်ကတော့ ဝယ်လာသောမုန့်ထုပ်ကိုဆွဲကာ ပြန်လာခဲ့သည်။

လင်းရှီရဲ့ လက်ဖွဲ့ပစ္စည်းတွေကို ပြန်တောင်းလို့ရမလားဆိုတော့ ဒီတစ်ခေါက်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ရွှဲရှီလိုလူစားမျိုးက သက်သေအထောက်အထား မခိုင်လုံဘဲ လက်ထဲရောက်ပြီးသားအရာကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး။ သူ့စကားကို ယုံကြည်တယ်ဆိုရင်တောင် သက်သေမရှိဘဲနဲ့တော့ သူ ပိုင်ဆိုင်ထားတဲ့ အကျိုးအမြတ်ကို အလွယ်တကူ စွန့်လွှတ်မှာ မဟုတ်ဘူး။

ဘယ်အချိန်ကျမှ လက်ဖွဲ့ပစ္စည်းတွေ ပြန်ရမလဲဆိုတာကတော့ ငါနဲ့ ပိုင်လူကြီးမင်းကြားက ရေစက် ဘယ်တော့ ဆုံမလဲဆိုတာပေါ် မူတည်နေပြီ။

ပြန်ရောက်ချိန်တွင် အားချန်သည် ဝယ်လာသော ပန်းကိတ်မုန့်များကို ရှောင်လင်းရှီနှင့် ဆွန်းမားမားတို့အား ခွဲပေးလိုက်ကာ သူတို့နှစ်ဦးသည် ပြုံးရွှင်စွာဖြင့် လက်ခံယူလိုက်ကြသည်။ သို့သော် ရှောင်လင်းရှီသည် တစ်ကိုက်မျှသာ စားပြီးနောက် "အိုး" ဟု အော်ကာ သူမ၏ ဝမ်းဗိုက်ကို ဖက်ထားလေသည်။

"အဒေါ်။ ဘာဖြစ်တာလဲ” အားချန်သည် လန့်သွားပြီး အနားသို့ အမြန်သွားကာ မေးလိုက်၏။

"ဘာမှမဖြစ်ပါဘူး”

ရှောင်လင်းရှီသည် လက်ကိုခါယမ်းပြပြီး လက်ထဲမှ ပန်းကိတ်မုန့်ကို ဆွန်းမားမားထံသို့ ပေးလိုက်သည်။

"ဘာဖြစ်လဲတော့ မသိဘူး။ ဒီရက်ပိုင်း ဒီကလေးက အရမ်းဆော့တာပဲ။ ခဏခဏဆိုသလို နှစ်ချက်လောက် လာကန်တယ်”

အားချန်သည် သူမ၏ဝမ်းဗိုက် မကြာမကြာ ဖောင်းကြွလာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်မိလေသည်။

"အဒေါ် ဒီရက်ပိုင်း သမားတော်နဲ့ရော ပြဖြစ်သေးလား။ သမားတော်က ဘယ်လိုပြောလဲ”

"သမားတော် ခေါ်စရာ မလိုပါဘူး။ ငါကိုယ်တိုင် နှစ်ယောက်မွေးပြီးပြီပဲ။ ဘယ်လို ဖြစ်လဲဆိုတာ ငါ မသိဘဲနေမလား”

ရှောင်လင်းရှီက ဂရုမစိုက်ဟန်ဖြင့် ဆို၏။

"ဘာနှစ်ယောက်လဲ” ကျောက်ဝမ်ယွဲ့သည် ပန်းနတ်သမီးဘုရားကျောင်းမှ အမွှေးတိုင်ထွန်းပြီး ပြန်ထွက်လာချိန်တွင် အားချန်၏လက်ထဲမှ ကိတ်မုန့်နှင့် ရင်ခွင်ထဲပိုက်ထားသော သစ်အယ်သီးလှော်ကို မြင်ကာ နှာခေါင်းရှုံ့လိုက်လေသည်။

"ဘာမှမဟုတ်ပါဘူး။ သမီးနဲ့ အားချန် ခဏလောက် ထပ်သွားကစားချင်သေးလား”

ရှောင်လင်းရှီသည် နူးညံ့သောလေသံဖြင့် မေးလိုက်သည်။

"မကစားတော့ဘူး။ အိမ်ပြန်ချင်ပြီ”

ကျောက်ဝမ်ယွဲ့သည် ရှောင်လင်းရှီ၏ဘေးသို့ သွားကာ သူ၏လက်မောင်းကို ချိတ်ဆွဲပြီး ချွဲနွဲ့ဟန်ဖြင့် ညင်သာစွာ လှုပ်ယမ်းလိုက်၏။

"ကောင်းပါပြီ။ သမီး သဘောအတိုင်းပေါ့”

တောင်အဆင်းလမ်းတွင် အိမ်တော်အချို့မှ သခင်မများသည် ရှောင်လင်းရှီထံသို့ လာရောက် စကားပြောကြသော်လည်း ရှောင်လင်းရှီ၏ သဘောထားမှာ အနည်းငယ် အေးစက်လှသည်။ စကားအနည်းငယ်သာ ပြောပြီးနောက် ထိုသူတို့ကို လွှတ်လိုက်လေသည်။

သူတို့ထွက်သွားပြီး အတန်ငယ်ဝေးမှ ရှောင်လင်းရှီသည် အားချန်ကို ဆို၏။

"ဒီအိမ်တော်တွေက အဆင့်၅အောက် အရာရှိအိမ်တော်တွေပဲ။ အိမ်မှာ သားသမီးရှားပါးနေလို့ အချောင်လိုချင်နေကြတာနေမှာ။ တော်တော် စိတ်ကူးယဉ်တတ်ကြတာပဲ”

လာရောက် မေးမြန်းကြသူများသည် ကျိချန်၏အကြောင်းကို စုံစမ်းပြီးသူများ ဖြစ်ကြသည်။ သူတို့သည် တစ်ဖက်တွင် ကျိချန်၏ နာမည်ဂုဏ်သတင်းကို အထင်သေးသော်လည်း အခြားတစ်ဖက်တွင်မူ ကျင့်ယန်မြို့စားအိမ်တော်၏ တရားဝင်သမီးတစ်ယောက်အနေဖြင့် နှစ်ပေါင်းများစွာ သင်ကြားပြသစောင့်ရှောက်ခြင်းခံခဲ့ရသူ ဖြစ်သောကြောင့် အိမ်တော်သို့ခေါ်သွင်းရန် မဆိုးလှဟု ထင်မှတ်နေကြခြင်း ဖြစ်လေသည်။

"အဆင့်၅အောက်ဖြစ်တော့ ဘာဖြစ်လဲ။ သူတို့က ကြိုးစားတဲ့သူတွေ ဖြစ်ချင်ဖြစ်မှာပေါ့” ကျောက်ဝမ်ယွဲ့သည် မထိန်းနိုင်ဘဲ ရေရွတ်လိုက်၏။

"နင့်ကို နင့်အဖေရဲ့ ခေါင်းမာတဲ့အကျင့်တွေက ကူးစက်သွားတာပဲ။ အိမ်ထောင်ပြုရင် ကိုယ့်ထက်မြင့်တဲ့သူကို ယူရမှာပေါ့။ နင် သူနဲ့လက်ထပ်ပြီးမှ သူက ရာထူးတက်ပြီး ချမ်းသာသွားမယ်လို့ မျှော်လင့်နေတာလား။ အဲဒါ အိပ်မက်မက်နေတာပဲ။ ဒီလိုကောင်းတဲ့ကိစ္စမျိုးက နင့်အလှည့်ကျမှ ဖြစ်လာစရာအကြောင်း မရှိဘူး”

"ဒါဆို အမေ အဖေ့ကိုယူတုန်းက အဖေက ကျင့်ရှီဘွဲ့ရတစ်ယောက်ပဲ ရှိသေးတာလေ”

ကျောက်ဝမ်ယွဲ့သည် စောဒကတက်လိုက်သည်။

"နင့်အမေဖက်ကမိသားစုကြောင့်သာ မဟုတ်ရင်..." ရှောင်လင်းရှီသည် စကားတစ်ချက် ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်၏။ "ဒီလောကကြီးမှာ နင့်အဖေလို ယောက်ျားကောင်း ဘယ်နှစ်ယောက် ရှိမယ်ထင်လို့လဲ”

သူမသည် ကျောက်ဝမ်ယွဲ့၏နဖူးကို လက်ဖြင့် တို့လိုက်သည်။ လေသံမှာ မကောင်းလှသော်လည်း ယခင်ကဲ့သို့ ဤအကြောင်းအရာကြောင့် ရန်ဖြစ်ခြင်းမျိုးတော့ မရှိတော့ပေ။

သူတို့သားအမိနှစ်‌ယောက်သည် တစ်ယောက်ကိုတစ်ယောက် မှီတွဲလျက် အစေခံမလေးများ၏ ဝန်းရံမှုဖြင့် ရှေ့မှလျှောက်လှမ်းနေကြပြီး အားချန်နှင့် ဆွန်းမားမားတို့သည် နောက်မှလိုက်ပါနေကြ၏။

တစ်ဖွဲ့လုံး မြို့ထဲသို့ ပြန်ရောက်သောအခါ နေ့လယ်ကျော်နေလေပြီ။ လမ်းတစ်လျှောက် သစ်အယ်သီးလှော်နှင့် ပန်းကိတ်မုန့်များ စားလာခဲ့သော်လည်း ထမင်းမစားရသေးသောကြောင့် ဝမ်းဗိုက်ထဲတွင် ဟာနေသည်ဟု ခံစားနေရဆဲပင်။ ထို့အပြင် လမ်းဘေးဝဲယာရှိ စားသောက်ဆိုင်များမှ သင်းပျံ့နေအောင် မွှေးနေသည့် အစားအသောက်ရနံ့တို့သည် လူကို သွားရည်ကျစေလေသည်။

ရှောင်လင်းရှီသည် လှည်းမောင်းသမားကို ရပ်ခိုင်းလိုက်သဖြင့် နောက်မှလှည်းသည်လည်း လိုက်လံရပ်တန့်သွား၏။

ဆွန်းမားမားက အမြန်ဆင်းလာပြီး ရှောင်လင်းရှီ၏ လှည်းအနီးသို့လာကာ မေးမြန်းသည်။

"သခင်မ။ တစ်ခုခုဖြစ်လို့လား”

"ဘာမှမဖြစ်ပါဘူး။ လမ်းတစ်လျှောက်လုံး လျှောက်လာကြတာ အားလုံးလည်း ဆာနေကြရောပေါ့။ ဒီနေ့နေ့လယ်စာကို ကျိဝေ့လိုမှာပဲ စားကြစို့”

သူမသည် လမ်းဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ညွှန်ပြကာ ဆိုလိုက်သည်။

ကျိဝေ့လိုသည် ရှန့်ကျင်းမြို့တော်တွင် နာမည်ကြီးသော စားသောက်ဆိုင် တစ်ဆိုင်ဖြစ်၏။ လှည်းများ ရပ်တန့်သည်နှင့် စားပွဲထိုးလေးတစ်ယောက်သည် ပြုံးရွှင်စွာဖြင့် ကြိုဆိုလာပြီး တစ်ဖက်တွင် လှည်းများနေရာချထားရန် စီစဉ်ပေးရင်း တစ်ဖက်တွင် သူတို့ကို အတွင်းသို့ လမ်းညွှန်ခေါ်ဆောင်သွားလေသည်။

ရှောင်လင်းရှီသည် လက်အောက်ငယ်သားများအပေါ် ကပ်စေးနဲသော သခင်တစ်ယောက် မဟုတ်ပေ။ အစေခံမလေးများနှင့် လှည်းမောင်းသမားများကို အခြားစားပွဲတစ်ခုတွင် သွားစားရန် စေလွှတ်လိုက်ပြီး ဆွန်းမားမားကိုတော့ သူတို့နှင့်အတူထိုင်ရန် ထားခဲ့၏။

သူမသည် ဟင်းခြောက်မျိုးမှာလိုက်ရာ နှစ်မျိုးမှာ ငါးဟင်းဖြစ်ပြီး ငါးဟင်းချိုတစ်ခွက်နှင့် ငါးကြော်တစ်ပွဲ ဖြစ်သည်။ ကျန်ဟင်းလေးမျိုးမှာ ဆွန်းမားမား၏အဆိုအရ ကျောက်ဝမ်ယွဲ့ ကြိုက်နှစ်သက်သော ဟင်းများဖြစ်လေသည်။

အားချန်သည် ကြက်သားမှလွဲ၍ အခြားအစားအစာများအပေါ် အထူးတလည် ကြိုက်နှစ်သက်ခြင်းမရှိပေ။ ကျိဝေ့လိုမှ စားဖိုမှူး၏လက်ရာသည် ကောင်းမွန်လှရာ ဟင်းတိုင်းသည် သူမအတွက် အရသာရှိလှ၏။

ကျောက်ဝမ်ယွဲ့သည်လည်း ကျေနပ်ဟန်တူသည်။ သို့သော် ရှောင်လင်းရှီကတော့ ငါးဟင်းချို တစ်ဇွန်းသောက်ပြီးသည်နှင့် ချက်ချင်းအန်ထုတ်လိုက်လေသည်။

"သခင်မ။ ဘာဖြစ်တာလဲ”

ဆွန်းမားမားသည် အမြန်လက်ကိုင်ပုဝါထုတ်ကာ သူ၏ပါးစပ်ကို သုတ်ပေးလိုက်၏။

"ဒါက ဘာငါးဟင်းချိုလဲ။ ဘာအရသာမှ မရှိတာဘူး”

ရှောင်လင်းရှီသည် မကျေမနပ်ဖြင့် စားပွဲထိုးကို ခေါ်လိုက်ရာ စားပွဲထိုးသည် ဆိုင်တာဝန်ခံကို သွားခေါ်ပေးပြီး နောက်ဆုံးတွင် ဆိုင်တာဝန်ခံသည် တောင်းပန်သောမျက်နှာဖြင့် ဟင်းချိုပန်းကန်ကို ယူသွားကာ နောက်တစ်ခွက်လဲပေးမည်ဟု ဆိုလေသည်။

ရလဒ်အနေဖြင့် ဒုတိယတစ်ခွက် ရောက်လာသောအခါတွင်လည်း သူမသည် အရသာမရှိဟု ဆိုနေဆဲဖြစ်သည်။

ကျောက်ဝမ်ယွဲ့က သိချင်စိတ်ဖြင့် နို့နှစ်ရောင် ငါးဟင်းချိုတစ်ခွက်ကို ခပ်ယူကာ တစ်ဇွန်းသောက်ကြည့်ပြီးနောက် ရှောင်လင်းရှီကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။

"ဒါ အရမ်းလတ်ဆတ်နေတာပဲကို။ အမေက ဘာလို့ အရသာမရှိဘူးလို့ ပြောနေတာလဲ”

ကျောက်ဝမ်ယွဲ့၏စကားကို ကြားသောအခါ အားချန်နှင့် ဆွန်းမားမားတို့သည်လည်း ဟင်းချိုတစ်ဇွန်းစီ ခပ်မြည်းကြည့်ကြရာ ကျောက်ဝမ်ယွဲ့ ပြောသကဲ့သို့ပင် ငါးဟင်းချို၏အရသာမှာ အလွန်လတ်ဆတ်ကောင်းမွန်လှသည်။

"ဒီက ငါးဟင်းက အရသာ အရမ်းပေါ့လွန်းလို့ သခင်မရဲ့ခံတွင်းနဲ့ မကိုက်တာနေမှာပါ။ အိမ်တော်ပြန်ရောက်မှပဲ စားဖိုမှူးကို ချက်ခိုင်းတာ ပိုကောင်းပါလိမ့်မယ်”

ဆွန်းမားမားသည် နှစ်သိမ့်စကားဆို၏။

ရှောင်လင်းရှီ ယခင်က စားလေ့ရှိသော ငါးဟင်းများသည် ဆီများများ၊ ငံပြာရည်ရွှဲရွှဲဖြင့် ချက်ထားသည်များဖြစ်ပြီး ငါး၏ညှီနံ့ကို ဖုံးအုပ်နိုင်သောကြောင့် သခင်မသည် အလွန်နှစ်သက်လေသည်။ ယခုကဲ့သို့ အရောင်မပါ၊ အရသာ မထင်ရှားသော ဟင်းချိုကို အရသာမရှိဟု ပြောသည်မှာလည်း မဆန်းလှပေ။

"ကောင်းပြီလေ”

ရွှေဝါရောင်ကြွပ်ရွသော ငါးကြော်ရောက်လာချိန်တွင်လည်း ရှောင်လင်းရှီသည် ငါးအသားတစ်ဖတ်ကိုသာ မြည်းစမ်းကြည့်ပြီးနောက် တူကို ပြန်ချထားလိုက်သည်။ ဤဟင်းသည်လည်း သူမကို ကျေနပ်မှုမပေးနိုင်သည်မှာ ထင်ရှားလှ၏။

နေ့လယ်စာတွင် ငါး မစားလိုက်ရသောကြောင့် ရှောင်လင်းရှီသည် စိတ်မကြည်မသာ ဖြစ်နေလေသည်။

နေ့လယ်စာ စားပြီးနောက် သူမသည် လှည်းဖြင့် အားချန်ကို ချန်းဖိင်ဖန်းသို့ အရင်ပြန်ပို့ခိုင်းလိုက်၏။

ရောက်သောအခါ အားချန်သည် လှည်းပေါ်မှ ဆင်းလိုက်ပြီး ရှောင်လင်းရှီက လှည်းခန်းဆီးကို မတင်လိုက်သည်ကိုမြင်လျှင် ရှေ့သို့တိုးသွားလိုက်သည်။

ရှောင်လင်းရှီ၏ မျက်နှာသည် မကောင်းလှသော်လည်း အားချန်ကို ပြောနေသည့်လေသံကတော့ နူးညံ့နေဆဲဖြစ်သည်။

"အရင်က ဆွန်းမားမား ပြောတာကြားတယ်။ နင် လွန်ခဲ့တဲ့ရက်ပိုင်းက အအေးမိထားတယ်ဆို။ အိမ်ပြန်ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်”

"အားချန် သိပါပြီ။ အဒေါ်လည်း ကျန်းမာရေးဂရုစိုက်ပါဦး”

"တော်ပါပြီ။ တစ်နေကုန် ပင်ပန်းနေရောပေါ့။ မြန်မြန်ပြန်နားတော့။ နောက်နေ့ ဆွန်းမားမားကို အိမ်တော်ကို လာလည်ဖို့ လာခေါ်ခိုင်းလိုက်မယ်”

ရှောင်လင်းရှီသည် စကားဆုံးသည်နှင့် လှည်းခန်းဆီးကို ပြန်ချလိုက်ရာ ကျောက်အိမ်တော်၏လှည်းသည် ဖြည်းညင်းစွာ ထွက်ခွာသွားလေသည်။

အားချန်သည် ထိုနေ့က နှုတ်ဆက်ခြင်းသည် သာမန်နှုတ်ဆက်ခြင်းတစ်ခုသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့လေသည်။

ရက်အတန်ငယ်ကြာပြီးနောက် တစ်နေ့တွင် ညနေစောင်းအချိန်သို့ ရောက်လာ၏။ အပြင်ဘက်တွင် မှောင်ရီပျိုးစပြုလာပြီဖြစ်ပြီး အားချန်သည် အိမ်ထဲတွင် ကြွက်နှင့်ပိုးမွှားများကို နှင်ထုတ်နိုင်သော အမွှေးနံ့သာနည်းလမ်းကို သုတေသနပြုနေခဲ့သည်။ အဓိကသုံးမည့် အမွှေးနံ့သာကို မည်သည့်နေရာတွင် ရှာရမည်ကို စဉ်းစားနေစဉ် မင်ကျင့်စီးမှ အစောင့်များသည် ရုတ်တရက် ရောက်ရှိလာကြသည်။

ဦးဆောင်လာသူသည် အားချန် မမြင်ဖူးသော မျက်နှာစိမ်းတစ်ယောက်ဖြစ်ပြီး ထွားကျိုင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် ကြောက်မက်ဖွယ်ရာ အကြည့်တို့ ရှိလေသည်။ သူ၏ခါးတွင် တပ်မှူးအဆင့် တံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထား၏။

ထိုသူသည် တံခါးကို စိတ်မရှည်စွာ ခေါက်နေပြီး အားချန်က တံခါးမင်းတုပ်ကို ဖွင့်ပေးလိုက်သည်နှင့် တံခါးကို ဆောင့်ကန်ဖွင့်ကာ အားချန်ကို အထက်စီးမှ စိုက်ကြည့်လိုက်သည်။

"မင်းက ကျိချန်လား”

"ဟုတ်ပါတယ်။ လူကြီးမင်း ကျွန်မကို ဘာကိစ္စရှိလို့လဲ”

အားချန်သည် နားမလည်နိုင်ဖြစ်သွားသည်။

ငါ့မှာ အမှုအခင်း တစ်ခုခုများ ဖြစ်ပြန်ပြီလား။ ဒီရက်ပိုင်း မင်ကျင့်စီးနဲ့ ပတ်သက်တာ ဘာမှမလုပ်မိပါဘူး။

"လင်းရှောင်ချောင်ကို သိလား”

"ဟမ်”

အားချန်သည် ထိုအမည်ကို တစ်ခါမှမကြားဖူးသောကြောင့် ဦးနှောက်ထဲတွင် အသည်းအသန် ပြန်လည်စဉ်းစားနေရသည်။

ထိုသူသည် မျက်မှောင်ကြုတ်ကာ ထပ်မံမေးလိုက်သည်။

"လင်းရှောင်ချောင်။ လက်ဝဲစုံစမ်းစစ်ဆေးရေးမှူး ကျောက်မင်ရဲ့ဇနီး။ မင်း မသိဘူးလား”

ထိုအခါမှ အားချန်သည် သဘောပေါက်သွားပြီး အလျင်အမြန်ဆို၏။

"သိပါတယ်။ သူက ကျွန်မရဲ့အဒေါ်ပါ။ သူ ဘာဖြစ်လို့လဲ”

"သူ သေပြီ။ သူနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့လူတိုင်း စစ်ဆေးမေးမြန်းမှုကို ခံယူရမယ်”

"မင်ကျင့်စီးကို သွားပြီး အစစ်ခံရမှာလား”

ကျန်းခိုင်သည် မျက်ခုံးပင့်လိုက်မိ၏။ ဤမိန်းကလေးသည် မင်ကျင့်စီး၏အမည်ကို ကြားသော်လည်း သည်လို တည်ငြိမ်နေနိုင်ပါသည်တဲ့လား။

"မလိုဘူး။ ကျောက်အိမ်တော်ကို သွားရမယ်။ ငါတို့လူကြီးမင်း အဲဒီမှာရှိတယ်”

အားချန်သည် မင်ကျင့်စီးအစောင့်တစ်စုနှင့်အတူ အိမ်မှထွက်လာသည်အထိ အသိစိတ်မကပ်သေးပေ။

ရှောင်လင်းရှီ... သေပြီတဲ့လား။

သူမသည် အမှန်တကယ်မဟုတ်သည့် ခံစားချက်ပြင်းပြင်းတစ်ခု ခံစားနေရသည်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကတောင် ပန်းပွဲတော် အတူတူ သွားခဲ့ကြသေးတာပဲ။ ဘယ်လိုလုပ်ပြီး ဒီအတိုင်း သေသွားမှာလဲ။

မင်ကျင့်စီးမှ ဝင်ရောက်စွက်ဖက်လာသည်ဆိုလျှင် ရှောင်လင်းရှီ၏သေဆုံးမှုသည် သာမန်မဟုတ်သည်မှာ သေချာလှသည်။ သို့သော် မည်သူက သူမကို သတ်ခဲ့သည်ကိုတော့ မသိနိုင်ပေ။

အားချန်သည် မင်ကျင့်စီးအစောင့်များနှင့်အတူ ကျောက်အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ကျောက်အိမ်တော်၏ တံခါးမကြီးသည် ဟင်းလင်းပွင့်လျက်ရှိပြီး တံခါးစောင့်သည် မည်သည့်နေရာသို့ ရောက်နေသည်မသိ။ တံခါးဝတွင် ချိတ်ဆွဲထားသော မီးပုံးနီတစ်စုံသည်လည်း မလင်းရှင်းပေ။ အတွင်းသို့ အတန်ငယ် လျှောက်ဝင်သွားသော်လည်း အစေခံတစ်ယောက်ကိုမှ မတွေ့ရပေ။

ပင်မခြံဝင်းသို့ ရောက်မှသာ မီးရောင်များ ထိန်ထိန်လင်းနေပြီး ကျောက်အိမ်တော်မှ သခင်များနှင့် အစေခံအားလုံးနီးပါးသည် ထိုနေရာတွင် ရှိနေကြသည်ကို တွေ့ရလေသည်။

ခြံဝင်းထဲတွင် ရပ်နေသူများမှာ အားချန် ယခင်က တွေ့ခွင့်မရခဲ့သော ဦးလေးတော်စပ်သူ ကျောက်မင်နှင့် ကျောက်မောင်နှမတို့ ဖြစ်ကြလေသည်။

ကျောက်မင်၏ရုပ်ရည်မှာ သာမန်ဖြစ်ပြီး သားသမီးနှစ်ဦးလုံးသည် သူနှင့် အနည်းငယ်တူကြသည်။ သူ၏ကိုယ်ပေါ်တွင် စာပေပညာရှင် တစ်ယောက်၏ ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါရှိနေပြီး ဘေးတွင် ကျုံ့ကျုံ့လေးရပ်နေသော သားသမီးများနှင့်ယှဉ်လျှင် ပိုပြီး တည်ငြိမ်အေးဆေးလှသည်။

ဆွန်းမားမားနှင့် ရှောင်လင်းရှီ၏ ကိုယ်လုပ်တော်အချို့လည်း ရှိနေကြသည်။ ဆွန်းမားမား၏ လက်များနှင့် ကိုယ်ပေါ်တွင် သွေးများစွာ ပေကျံနေဟန်ရှိပြီး မျက်လုံးများသည်လည်း ဖောင်းအစ်နေလေသည်။

ကျောက်အိမ်တော်မှ လူများမှလွဲ၍ ကျန်သူများမှာ မင်ကျင့်စီးမှ လူများသာ ဖြစ်ကြ၏။

အားချန်ကို ထိုနေရာသို့ ခေါ်ဆောင်လာသောအခါ ကျောက်မင်သည် ချက်ချင်းမြင်တွေ့လိုက်သော်လည်း ရှေ့သို့တိုးလာပြီး စကားမဆိုပေ။ လူတိုင်းသည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေကြသည်။

တစ်ခဏလောက် စောင့်ဆိုင်းပြီးနောက် လူအချို့သည် ပင်မအဆောင်မှ ထွက်လာကြသည်။ သူတို့၏ဖိနပ်များသည် လှေကားထစ်များကို နင်းလာစဉ် သွေးစွန်းနေသော ခြေရာများကို ထင်ကျန်နေခဲ့သည်။

ရှေ့ဆုံးမှ ပုဂ္ဂိုလ်သည် သွယ်လျလျ ကိုယ်ဟန်ရှိပြီး အနီရောင်တောက်တောက် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်။ ခါးတွင် ဓားတစ်ချောင်း ချိတ်ဆွဲထားပြီး ဘယ်လက်သည် ဓားအိမ်ပေါ်တွင် တင်ထား၏။ ထိုသူမှာ ပိုင်ရှိုးမင်ပင်။

ပိုင်ရှိုးမင်၏နောက်မှ လူနှစ်ဦးသည် အိုးကြီးတစ်လုံးကို ထမ်းလာကြသည်။ အိုး၏အဝကို ပိတ်ထားပြီး ချိပ်ပိတ်တံဆိပ်တုံးများဖြင့် တံဆိပ်ခတ်နှိပ်ထားလေသည်။

အတွင်းထဲတွင် မည်သည့်အရာထည့်ထားသည်ကို မသိရသော်လည်း သက်ရှိအရာတစ်ခု ဖြစ်ဟန်တူကာ အိုးနံရံကို အဆက်မပြတ် လာရိုက်ခတ်နေလေသည်။

...

All Chapters