ဒီအရာရှိက အရင်ဆုံးမင်းရဲ့ အသက်ကို နှုတ်ယူသွားမလားဆိုတာကိုပဲ စိုးရိမ်နေသင့်တာ။
Vol. 2 Ch. 13
ကျန်းခိုင်သည် ပိုင်ရှိုးမင်ကို မြင်လိုက်ရသောအခါ ခြေလှမ်းကျဲကြီးများဖြင့် ရောက်လာပြီး ဂါရဝပြုလိုက်သည်။ "လူကြီးမင်း ကျိချန်ကို ခေါ်လာပါပြီ"
ဤကျန်းတပ်မှူး၏ အသံသည်ကျယ်လောင်လွန်းရာ လူတိုင်း၏အာရုံကို အတင်းအကြပ် ဆွဲဆောင်လိုက်သလို ဖြစ်သွားတော့သည်။
အားချန်လည်း မတက်သာတော့ဘဲ ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကာ ကိုယ်ကိုကိုင်းပြီး အရိုအသေပြု လိုက်ရတော့သည်။ "ကျိချန် လူကြီးမင်းကို ဂါရဝပြုပါတယ်"
ပိုင်ရှိုးမင်သည် မျက်လွှာချကာ ရိုရိုကျိုးကျိုးလေး ဖြစ်နေသည့် အားချန်ကိုကြည့်ရင်း သူ၏လက်ချောင်းများကလည်း ဓားအိမ်ကိုအလိုလို ပွတ်သပ်နေလေ၏။ သူသည် ပန်းပွဲတော်ပြီးနောက် နောက်တစ်နေ့တွင် လက်အောက်ငယ်သားများ တင်ပြလာသည့် စာလွှာကို သတိရသွားတော့သည်။ အတွင်းမှ အကြောင်းအရာများမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလွန်းလှ၏။
ပိုင်ရှိုးမင်သည် ဘာတစ်ခွန်းမှမဆိုဘဲ အားချန်ကိုဒီအတိုင်း စိုက်ကြည့်နေသည်ကို မြင်လိုက်သည်တွင် ကျန်လူများအားလုံးသည်လည်း စိုးရိမ်ထိတ်လန့်သွားကြပြီး ဤစစ်ဆေးရေးမှူးချုပ် လူကြီးမင်းသည် မည်သည့်အရာကို မကျေမနပ် ဖြစ်နေပါသနည်းဟု စဉ်းစားကြလေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ယနေ့ ပိုင်ရှိုးမင်နှင့် လိုက်ပါလာသူမှာ သူ၏မျက်နှာရိပ် မျက်နှာကဲကို နားမလည်သည့် ကျန်းခိုင်ဖြစ်နေသည်။ သူသည် ပတ်ဝန်းကျင် အခြေအနေကို အနည်းငယ် အဆင်မပြေဟု ခံစားရသဖြင့် မတက်သာတော့ဘဲ ထပ်မံအော်ပြောလိုက်တော့၏။ "ကျန့်ရှီဖူ(တမန်တော်) လူကြီးမင်း"
ပိုင်ရှိုးမင်က သူ့ကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတော့ စကားပြောလာသည်။ "ဒီလူတွေကိုခွဲပြီးတော့ စစ်ဆေးမေးမြန်းလိုက်"
"ဟုတ်ကဲ့"
ကျန်းခိုင်သည် သူ၏လက်အောက် ငယ်သားများကို ကျောက်မိသားစုအား စုံစမ်းမေးမြန်းဖို့ရန်အတွက် ဘေးကအခန်းလွှတ်များဆီသို့ ခေါ်သွားခိုင်းလိုက်တော့သည်။ ကျန်သည့်ကျောက်မိသားစု၏ သခင်များကိုတော့ သူကိုယ်တိုင် တာဝန်ယူ စစ်ဆေးလိုက်၏။
မူလကတော့ သူသည် အားချန်ကိုပါ အတူတူခေါ်သွားရန် ပြင်ဆင်ထားခဲ့သော်လည်း ပိုင်ရှိုးမင်က သူ့ကိုလှမ်းတားလာခဲ့သည်။
"သူ့ကို ချန်ထားခဲ့"
"ခင်ဗျာ ဟုတ်ကဲ့" ကျန်းတပ်မှူးသည် ကိုယ်ကိုလှည့်ကာ သူ၏အလုပ်ကို ဆက်လုပ်ရန်ထွက်သွားတော့၏။
လူတစ်စုသည် ပင်မခြံဝင်းထဲတွင် ဝင်ထွက်သွားလာ နေကြသော်ငြားလည်း အလုပ်လုပ်ရာတွင်တော့ စည်းစနစ်ရှိလှ၏။ အပေါ်ယံကြည့်လျှင် နမော်နမဲ့နိုင်သည်ဟု ထင်ရသည့် ထိုတပ်မှူးသည် အမှန်တွင်တော့ အလွန်အရည်အချင်း ရှိသူဖြစ်လေသည်။
တစ်ဦးတည်း ချန်ရစ်ခံရသည့် အားချန်သည် ထိတ်လန့်နေခြင်း မရှိပေ။ နောက်ဆုံး သူမသည် ဤသို့သောအခြေအနေမျိုးကို တကြိမ် ကြုံတွေ့ခဲ့ပြီးသားပင်။
"ငါ့နောက်လိုက်ခဲ့" ပိုင်ရှိုးမင်သည်ကိုကိုလှည့်ကာ သူမကို ပင်မအဆောင်ထဲသို့ ခေါ်သွားဖို့ရန် ပြင်ဆင်လိုက်၏။
အားချန်သည် ခဏလောက် ချီတုံချတုံဖြစ်သွားပြီးမှ သူမ၏စကပ်အနားလေးကိုမက နောက်ကလိုက်ပါလာခဲ့၏။
သူမသည် တံခါးဝသို့ ရောက်လာသည်နှင့်ချက်ချင်း နှာခေါင်းထဲသို့ စူးဝင်လာသည့် သွေးညှီနံ့နှင့် ထိုအထဲတွင်ရောနှောနေသည့် ငါးညှီနံ့ပြင်းပြင်းတို့ကြောင့် ပါးစပ်နှင့်နှာခေါင်းတို့ကို အုပ်ထားလိုက်ရတော့သည်။
ကြမ်းပြင်ပေါ်တွင် သွေးများက နေရာအနှံ့အပြားရှိနေပြီး ဘာကြောင့်မှန်းမသိ သွေးများက မခဲသေးချေ။ အားချန်သည် မျက်စိရှေ့က နီရဲနေသည့် မြင်ကွင်းကိုကြည့်ရင်း မည်သည့်နေရာတွင် ခြေချရမည်မသိ ဖြစ်သွားတော့၏။
သူမသည် နောက်ဆုံးတော့ မထိန်းနိုင်ဘဲ မေးလိုက်တော့သည်။ "လူကြီးမင်း ကျွန်မအဒေါ် ဘယ်လိုသေဆုံးသွားတာလဲ။ ဘာဖြစ်လို့သွေးတွေ ဒီလောက်အများကြီး ဖြစ်နေတာလဲ"
"ကိုယ့်ဟာကိုယ် သတ်သေသွားတာ"
"ဘာ ။ ဘယ်လို" အားချန်သည် နားကြားများ မှားလေသလားဟု ထင်မှတ်သွားတော့၏။
ပိုင်ရှိုးမင်ကလည်း တည်တည်ငြိမ်ငြိမ် ပြောလာခဲ့သည်။ "သူက ဓားမြှောင်နဲ့ သူ့ဗိုက်ကိုခွဲပြီး သွေးလွန်ပြီးသေသွားတာ"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူက ဘာဖြစ်လို့ ဒီလိုလုပ်ရမှာလဲ"
"မေးခွန်းကောင်းပဲ။ ဒါကလည်း ငါ မင်းကို မေးချင်နေတဲ့ ကိစ္စပဲ"
ပိုင်ရှိုးမင်သည် အားချန်ကိုကြည့်လိုက်ပြီး "ဘယ်လိုအခြေအနေမျိုးအောက်မှာ သူ ဒီလိုလုပ်မယ်လို့ မင်း ထင်လဲ"
"ကျွန်မ မသိဘူး"
"စဉ်းစားလို့မရရင် ဒီနေ့ည ဒီမှာပဲနေပြီးတော့ စဉ်းစား" ပိုင်ရှိုးမင်ကနူးညံ့လှသည့်လေသံဖြင့် ပြောလာခဲ့သည်။
အားချန်သည် သူက ယနေ့တွင် တမင်သက်သက် အပြစ်ရှာနေသည်ဟုသာ ခံစားရတော့၏။
ဒီလူက ဒီနေ့ တမင်သက်သက် ငါ့ကို အကဲစမ်းနေသလိုပဲ။ ဒီလူကို တကယ် စိတ်မဆိုးသွားစေချင်ရင်တော့ သူ့ကို ဟန်ဆောင်ပန်ဆောင်လေး သေသေချာချာ ပြန်ပြောမှရတော့မယ်။
ဒါပေမဲ့ ရှောင်လင်းရှီရဲ့ အကျင့်စရိုက်အရဆိုရင် ဘာကိစ္စပဲဖြစ်လာလာ ကိုယ့်ဟာကိုတော့ သက်သေဖို့ရွေးချယ်မှာ မဟုတ်လောက်ဘူး။
အားချန်သည် ခုနက မြင်လိုက်သည့် အိုးကြီးတစ်လုံးကို ရုတ်တရက် သတိရသွားတော့သည်။ "လူကြီးမင်း အဲဒီအိုးထဲမှာ ဘာတွေထည့်ထားတာလဲ ဆိုတာ ကျွန်မကို ပြောပြလို့ရမလား"
"သူ့ဗိုက်ထဲက ပစ္စည်းပေါ့"
"ပစ္စည်းဟုတ်လား"
အားချန်၏အသံသည် အနည်းငယ် မြင့်တက်သွားတော့သည်။
ပိုင်ရှိုးမင်ကလည်း ပြုံးလိုက်ကာ "မင်းမှတ်ဉာဏ် တော်တော်ကောင်းတာပဲ။ မုဆိုးမငါးအကြောင်းကို မင်း သိသင့်တယ်"
အားချန်သည် အမှန်ပင် သိလေသည်။ ထိုအရာကို သူမ တောင်ပေါ်က မဆင်းလာခင်က မျိုးနွယ်စုမှ အကြီးအကဲများ ပုံပြင်ပြောပြသည်ကို ကြားခဲ့ဖူးခြင်းပင်။
မုဆိုးမငါး၏ သာမှန်ငါးများနှင့် တစ်ပုံစံတည်းတူညီပြီး အတွေ့အကြုံရင့် တံငါသည်များပင် ခွဲခြားရန်ခက်ခဲလှသည်။
ငါးဟု ဆိုသော်ငြားလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မတရားသေဆုံးပြီးနောက် သူမ၏အငြိုးအတေး စိတ်တို့မှ ပေါက်ဖွားလာခဲ့သည့် မိစ္ဆာတစ်မျိုးဖြစ်သည်။ သူတို့သည် လူကိုသေအောင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ အန္တရာယ်ဖြစ်နိုင်စွမ်းလည်း အလွန်နည်းပါသည်။ ထိုအရာများ တည်ရှိရခြင်း၏ အဓိပ္ပာယ်မှာ မျိုးနွယ်တူများကို ပိုမိုပြန့်ပွားရန်သာဖြစ်၏။
လူသားတို့၏ ဒန္တာရီပုံပြင် စာအုပ်များစွာထဲတွင်ပင် မှတ်တမ်းတင်ထားသည့် အရာများလည်းရှိသေးသည်။ တချို့အမျိုးသမီးများသည် တောထဲတွင် ငါးဖမ်းစားပြီးနောက် အိမ်ပြန်ရောက်လာသောအခါ ကိုယ်ဝန်ရှိလာကြပြီး ဆယ်လလွယ် ဆယ်လဖွား ပြီးနောက်တွင် မိစ္ဆာတစ်ကောင်ကို မွေးဖွားလာကြသည် ဟူ၍ဖြစ်သည်။
စားသုံးတယ်။
အားချန်၏စိတ်ထဲတွင် တုန်လှုပ်သွားပြီး ပိုင်ရှိုးမင်ကို မော့ကြည့်လိုက်ရာ ထိုလူ၏မျက်လုံးများက သူမ၏မျက်နှာပေါ်တွင် မခွာတန်းကြည့်နေပြီး သူမကို အကဲခတ်နေသည်ကို တွေ့လိုက်ရလေသည်။
ဒီလူက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ခေါင်းမာရတာလဲ။ အားချန်သည် စိတ်ထဲမှနေ၍ တွေးတောရင်း အရင်ဆုံး ဆုံးဖြတ်လိုက်တော့သည်။
"လူကြီးမင်းက အမှုတစ်ခုနဲ့ကြုံတိုင်း အရင် သံသယဝင်ရမှပဲ ဖြစ်မှာလား"
ပိုင်ရှိုးမင်က အကြည့်လွှဲသွားကာ "ငါ ဘာမှ မပြောရသေးပါဘူး"
အားချန်ကလည်း နှုတ်ခမ်းကို ကွေးထားလိုက်ပြီး "ဪ လူကြီးမင်းက မသိသေးတာပဲ ဖြစ်ရမယ်။ လူကြီးမင်းရဲ့မျက်လုံးတွေက စကားပြောတတ်တယ်လေ"
မိန်းမငယ်လေးတစ်ဦး၏ စကားဖြင့်စနောက်ခြင်း ခံလိုက်ရသော်ငြားလည်း ပိုင်ရှိုးမင်ကတော့ နည်းနည်းလေးမှ လှုပ်ရှားသွားခြင်းမရှိဘဲ စကားတစ်ခွန်းသာ ပြန်ပြောလာသည်။ "ဒါဆိုရင် ငါ မင်းကိုနောက်ထပ် ဘာမေးမလဲဆိုတာ ငါ့မျက်လုံးတွေကို ကြည့်ပြီး မင်း ဖတ်နိုင်လား"
အားချန်က မျက်လွှာချပြီး သက်ပြင်းချလိုက်ကာ ပြောလိုက်တော့သည်။ "ကျွန်မ ကျောက်အိမ်တော်ကို သွားလာနေတဲ့ ဒီရက်အတွင်းမှာ ပြောင်ကောက အရမ်းသိတတ် လိမ္မာနေတယ်လို့ လူတွေပြောတာ ခဏခဏ ကြားမိတယ်။ အဒေါ်က လတ်ဆတ်တဲ့ငါး စားချင်တော့ သူကလည်း အပြင်ကနေ အရှင်လတ်လတ် ငါးတွေကို အထူးတလည် ဝယ်လာပြီး အဒေါ်ကို ကျွေးတယ်တဲ့။ တနေ့ကိုသုံးနှပ်။ တစ်နှပ်မှ မလွတ်ဘူးလို့ ပြောတယ်"
မုဆိုးမငါးကို စားသုံးလိုက်တဲ့ အချိန်ကတည်းက အဒေါ်က သူ့ကလေးကို ဆုံးရှုံးရဖို့ ကံကြမ္မာပါလာပြီးသား။ ဒါပေမဲ့ ကျောက်ဝမ်ရှန်းက ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။
"အဒေါ်က သူ့ဗိုက်ထဲမှာလွယ်ထားတာ လူသား မဟုတ်မှန်းသိသွားလို့ တဒင်္ဂ သည်းမခံနိုင်ဘဲ ဖြစ်သွားတာများလား" အားချန်ကလည်း မဝံ့မရဲဖြင့် ပြောလိုက်လေသည်။
သို့သော်ငြား သူမသည် ဤခန့်မှန်းချက်ကို ချက်ချင်းပင် ပယ်ချလိုက်တော့၏။ အကယ်၍ မုဆိုးမငါးကို ကျောက်ဝမ်းရွှန်းက တမင်တကာ ပို့ဆောင်ခဲ့သည်ဆိုလျှင် သူသည် အလွယ်တကူ ဖော်ထုတ်လိုက်မည် မဟုတ်ပေ။ ထို့ကြောင့် ဤသတင်းကိုလည်း အဒေါ်ဖြစ်သူအား အကြောင်းကြားလာလိမ့်မည် မဟုတ်ပေ။ ဒီအကြောင်းကြောင့် အဒေါ်ဖြစ်သူက မည်သို့များ ကိုယ့်ဟာကို သတ်သေပါမည်နည်း။
အကြောင်းအရာများက ဆက်စပ်မှုမရှိသလိုထင်နေရသည်။
"သူ့ရဲ့သားလိမ္မာလေးကို မေးကြည့်လိုက်ပေါ့" ပိုင်ရှိုးမင်သည် ထိုသို့ ပြောလိုက်သော်ငြားလည်း သူ့ခြေထောက်များကတော့ ရွေ့လျားသွားခြင်း မရှိချေ။
အားချန်သည် သူမ၏ရင်ဘတ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရ၏။ "လူကြီးမင်း လူကြီးမင်းဒီကိစ္စတွေကို ခန့်မှန်းပြီးသားပါ ဟုတ်တယ်မလား"
ကျောက်ဝမ်ရှန်းက ငါးပို့လာသည့်ကိစ္စကို လုံးဝဖုံးကွယ်ထားခြင်း မရှိသဖြင့် စိတ်ဝင်စားသူတိုင်းက အလွယ်တကူ သိရှိနိုင်သည်။ မင်ကျင့်စီးသည် အမှုပေါင်းများစွာကို စစ်ဆေးခဲ့ပြီးဖြစ်သဖြင့် သူမကဲ့သို့ အပြင်လူတစ်ယောက်၏ သတိပေးချက်ကို လိုအပ်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် တခြားသံသယဖြစ်စရာများ ရှိသေးသည် ဟူသည့် အဓိပ္ပာယ်ပင်။
"လူကြီးမင်း ကျွန်မကိုရှာတာ ပြောင်ကောအကြောင်းကို နားထောင်ချင်ရုံ သက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်"
သူမကလည်း သွေးတိုးစမ်းကာ မေးမြန်းလိုက်၏။ "ကျောက်အိမ်တော်က တခြားလူတွေအကြောင်း ပြောပြစမ်းပါဦး။ မင်း သူတို့အပေါ် ဘယ်လိုထင်လဲ"
အားချန်ကလည်း ခဏလောက် စဉ်းစားလိုက်ကာ "အရင်ဆုံးပြောင်မေ့ (ဝမ်းကွဲညီမ) အကြောင်းပြောရအောင်။ လူကြီးမင်းလည်း သိလောက်ပါတယ်။ ဦးလေးက ပြောင်မေ့ကို ရွှဲမင်ထန်နဲ့ ပေးစားချင်နေပုံရတယ်။ ပြောင်မေ့ကလည်း သူ့ကို တော်တော်လေး သဘောကျပြီး သူ မဟုတ်ရင် ဘယ်သူ့ကိုမှ မယူဘူးလို့တောင် ပြောခဲ့သေးတယ်။ ဒါပေမယ့် အဒေါ်ကတော့ သဘောမတူဘူးလေ။ နှစ်ယောက်သား ဒီကိစ္စနဲ့ပတ်သက်ပြီး မကြာခဏ ငြင်းခုံကျတာတွေလည်း ရှိတယ်"
"ပြီးခဲ့တဲ့တစ်ခေါက် ပန်းနတ်ဘုရားကျောင်းကို သွားတုန်းက ကျွန်မတို့ရွှဲမောင်နှမနဲ့ ရွှဲရှီရဲ့သားနဲ့သမီးတို့နဲ့ တွေ့ဆုံခဲ့တယ်။ အဒေါ်က ရွှဲမိသားစုနဲ့ အငြင်းအခုံဖြစ်ခဲ့ပြီး အခြေအနေကလည်း တော်တော်လေး ဆိုးသွားခဲ့တယ်။ ပြောင်မေ့က ဒီကိစ္စကြောင့် အဒေါ်ကို နောက်တစ်ခါ ရန်လုပ်ခဲ့သေးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက ကျောက်စိမ်းဆံထိုးတစ်ခု ဝယ်လာပြီး အဒေါ်ကိုပြန်ချော့ခဲ့တယ်လေ"
ပိုင်ရှိုးမင်သည်သူမ၏ အသေးစိတ်ကျကျ ရှင်းလင်းချက်ကို နားထောင်ရင်း မျက်ခုံးကိုပင့်ထားလိုက်၏။ "မင်းက ငါ့ကို ရွှဲမောင်နှမကို သံသယ ဝင်စေချင်နေတာပဲ"
အားချန်ကလည်း မတရားစွပ်စွဲခံရသည့် ရုပ်ကလေးဖြင့် "လူကြီးမင်း လူကြီးမင်း ကျွန်မကို နားလည်မှု လွဲနေပါပြီ။ ကျွန်မက ဒီအတိုင်း သံသယဖြစ်စရာလေးကိုပဲ ပြောပြတာပါ။ လူကြီးမင်းရွှဲက ကျွန်မကို သတ်တာက ကျွန်မက သူ့အစ်မရဲ့ လမ်းကိုပိတ်နေလို့လား။ ဒါမှမဟုတ် ကျွန်မက လင်းမိသားစုဝင် ဖြစ်နေလို့များလား"
"အခု အဒေါ်လည်း သေဆုံးသွားပြီဆိုတော့ လင်းမျိုးနွယ်ထဲမှာ ပြည်နှင်ဒဏ်ခံရတဲ့ သူတွေကလွဲရင် ကျွန်မတစ်ယောက်တည်း ကျန်တော့သလို ဖြစ်နေပြီ။ လူကြီးမင်းနဲ့သာ မတွေ့ရင် အဲဒီနေ့ညက ကျွန်မလည်း အသက်ရှင်နိုင်လောက်မှာ မဟုတ်ဘူး"
သူမသည် ဤကိစ္စကို ပြစ်ချက်တစ်ခုလို ပြောဖို့ရန် ရည်ရွယ်ချက် ရှိခဲ့သော်ငြားလည်း ဤမေးခွန်းသည် အရင်းအမြစ်မရှိဘဲ ဖန်တီးထားခြင်းတော့မဟုတ် ပေ။
ပထမဆုံး ကျိချန်၏မိခင်သေဆုံးခဲ့ရသည်။ ထိုနောက်တွင်တော့ ကျိချန်အလှည့်ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် ရှောင်လင်းရှီ၏အလှည့် ဖြစ်ပြန်သည်။ ထိုအရာများကြားမှာ ဆက်စပ်မှုကို သူမှမသိသော်ငြားလည်း တိုက်ဆိုင်လွန်းလှ၏။
ပြည်နှင်ဒဏ်ခံခဲ့ရသည့် လင်းမိသားစုဝင်များထဲတွင် အသက်ရှင်ကျန်ရစ်သူ အရေအတွက်ကိုပင် သံသယမဝင်ဘဲ မနေနိုင်အောင် ဖြစ်မိတော့သည်။
ပိုင်ရှိုးမင်က ခပ်တိုးတိုး ရယ်မောလိုက်ကာ "မင်းက ငါနဲ့တွေ့လို့.အသက်ရှင် ကျန်ရစ်ခဲ့တာ မဟုတ်ပါဘူး"
"လူကြီးမင်းက နောက်နေတာပဲ။ လူကြီးမင်းကြောင့်သာ မဟုတ်ရင် ကျွန်မဒီအသက်ကို ဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ"
"အဲလိုလား။ ဒီတော့?"
"ဒီတော့ လူကြီးမင်းက တကယ်ပဲ ရွှဲမင်ထန်ကို သွားမစစ်ဆေးတော့ဘူးလား။ သူက တော်တော်လေး သံသယဖြစ်စရာ ကောင်းတယ်နော်"
အရိပ်အမြွက်ပြခြင်းမှ လှုံ့ဆော်ခြင်း ထို့နောက် အပြစ်ပုံချခြင်းအထိ အားချန်၏ လှုံ့ဆော်ပုံ အဆင့်ဆင့်သည် ပိုင်ရှိုးမင်ကို အမြင်ကျယ်ရစေတော့သည်။
နောက်ဆုံးတွင် သူမက ပြောလာခဲ့၏။ "ကျွန်မက အမှန်တရားကို ဒီအတိုင်းပဲ ပြောလိုက်တာပါ။ လူကြီးမင်း ကျေးဇူးပြုပြီးတော့ အထင်မလွဲပါနဲ့"
"ငါ အထင်မလွဲပါဘူး။ ဒါပေမယ့် မင်းက သူ လာသတ်မှာကို စိုးရိမ်စရာမလိုလောက်ဘူးလို့ ထင်တယ်"
အားချန်သည်လည်း နားမလည်သည့်ရုပ်လေးဖြင့် သူ့ကိုကြည့်လိုက်လေသည်။
ပိုင်ရှိုးမင်၏ လှပလွန်းသည့် မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများက မသိမသာ ကျဉ်းမြောင်းသွားကာ "မင်းက ရွှဲရှီကို ငါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်လို့ ပြောလိုက်တဲ့ အချိန်ကတည်းက ငါ မင်းကို အရင်ဆုံး လာသတ်မလား ဆိုတာကို စိုးရိမ်နေခဲသင့်တာ"
အားချန် “...”
အားချန်သည် အသာအယာ ချောင်းဟန့်လိုက်ပြီးမှ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "လူကြီးမင်း ကျွန်မတို့လက်ရှိ အကြောင်းအရင်းကိုပဲ ပြောကြရအောင်ပါ"
ပိုင်ရှိုးမင်ကတော့ သူမကို လေးနက်စွာဖြင့် စိုက်ကြည့်လို့ နေဆဲဖြစ်၏။
အားချန်က သူ့အကြည့်ကို ရှောင်လွှဲလိုက်ကာ ရဲတင်းစွာဖြင့် ပြောလိုက်တော့သည်။ "တကယ်တော့ အဲဒီနေ့က တောင်ပေါ်မှာ ကျွန်မကို နည်းနည်းထူးဆန်းတယ်လို့ ခံစားရစေတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့သေးတယ်"
ဤစကားသည် နောက်ဆုံးတွင်တော့ ပိုင်ရှိုးမင်၏အာရုံကို လွဲပြောင်းသွားစေတော့သည်။
သူမကို စိုက်ကြည့်နေစဉ်တွင် အားချန်သည် ချွေးစီးများပင် ထွက်လာလေတော့သည်။ ဒီလူက ငါ့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
တော်ပါသေးရဲ့။ သူက သူ့ဂုဏ်သတင်းကို ညစ်နွမ်းအောင် လုပ်လိုက်တာကို သိပ်ပြီး ဂရုစိုက်ပုံမရလို့ပဲ။ တကယ်သာ ဂရုစိုက်ခဲ့မယ်ဆိုရင် ပန်းပွဲတော် ပြီးသွားတဲ့ နောက်တနေ့မှာပဲ ငါ မင်ကျင့်စီးကို ပြန်ဖမ်းခေါ်သွားရပြီး အရေခွံဆုတ် အရိုးထုတ်ခံ ရပြီးလောက်ပြီ။
"ရှင်းပါဦး"
"ပြောင်မေ့က အဒေါ် ကို ဝယ်ပေးလိုက် တဲ့ ကျောက်စိမ်းဆံထိုးပါ။ လူကြီးမင်းက ဆွန်းမားမားနဲ့ အဒေါ်ရဲ့ အနီးကပ်အစေခံမလေးတွေကို လူလွတ်ပြီးတော့ မေးကြည့်နိုင်ပါတယ်။ သူတို့အားလုံး ဒီအကြောင်းကို သိကြပါတယ်"
ထိုသို့ ပြောလိုက်ပြီးနောက် အားချန်သည် ထိုသူက သူမကို စောင့်ကြည့်ဖို့ရန် လူလွတ်ထားသည့်အတွက် အရာအားလုံးကို သိရှိနေနှင့်ပြီးသား ဖြစ်မည်ကိုလည်း ချက်ချင်းဆိုသလို သဘောပေါက်သွားတော့၏။
သို့သော်ငြား စောင့်ကြည့်နေသူက သူမ ဘာလုပ်သည်ကိုသာ အမှန်အတိုင်း သတင်းပို့မည်ဖြစ်ကာ သူမ၏အတွေးများကိုတော့ သိနိုင်မည် မဟုတ်ပေ။ ထိုအရာက သူမအတွက် လှုပ်ရှားဖို့ရန် အခွင့်အရေး ပေးနေသလိုပင်။
"ကျောက်စိမ်းဆံထိုးက ပြဿနာရှိလို့လား"
"တကယ်တော့ ကျွန်မလည်း ဘာပြဿနာ ရှိတယ်ဆိုတာ မမြင်မိပါဘူး။ ဒါပေမဲ့ အဲဒီကျောက်စိမ်းဆံတိုးရဲ့ ကျောက်အရည်အသွေးက အရမ်းကောင်းတယ်လို့ ခံစားရတယ်။ ပြောင်မေ့က ငွေ ၅လျန်တည်းနဲ့ ဝယ်ခဲ့တာဆိုတော့ ရှိရင်းစွဲ တန်ဖိုးထက် အများကြီး စျေးပေါ်လွန်းနေတယ်။ နောက်တော့ အဒေါ်က ကျွန်မကို စျေးတန်းကို လျှောက်ကြည့်ခိုင်းတော့ ကျွန်မလည်း အဲဒီကျောက်စိမ်းဆံထိုး ရောင်းတဲ့နေရာကို သွားရှာခဲ့သေးတယ်။ ဒါပေမဲ့ မတွေ့ခဲ့ရဘူး"
"အနီးအနားက ပန်းရောင်းတဲ့ ဆိုင်ရှင်က ကျွန်မကို ပြောတယ်။ အဲဒီလူက ပြောင်မေ့ကို ကျောက်စိမ်းဆံထိုး တစ်ချောင်းပဲရောင်းပြီး စကား နည်းနည်းပါးပါးပြောပြီး ဆိုင်သိမ်းသွားတယ်တဲ့။ ဒါကပဲ ကျွန်မကို နည်းနည်းလေး ထူးဆန်းရစေတယ်လို့ ခံစားမိစေတာ"
ပိုင်ရှိုးမင်သည် အနည်းငယ် စိုးရိမ်နေသည့် ရုပ်ကလေး ဖြစ်နေသည့် အားချန်ကိုကြည့်ရင်း သူမသည် အမှန်တကယ် ကြောက်ရွံ့နေသည်များလား။ ဒါမှမဟုတ် သူ့ကိုဟန်ပြသက်သက် ကြောက်ရွံပြနေသည်လားကိုတော့ မသိချေ။
ကျိချန်၏ ကိုယ်ပေါ်က သံသယဖြစ်ဖွယ်ရာ အချက်များကို ဖယ်ရှားလိုက်လျှင် အကြိမ်အနည်းငယ် တွေ့ဆုံမှုအပြီးတွင်တော့ ပိုင်ရှိုးမင်၏ စိတ်ထဲတွင်လည်း သူမအပေါ် အထင်အမြင်များ သာမန်ထက် ပိုပြီးမြင့်မားနေလေသည်။
ထက်မြက်သည့် ရဲရင့်သည်။ လိုက်လျောညီထွေရှိကာ ထိန်းချုပ်နိုင်စွမ်းလည်း အလွန်ကောင်းမွန်သည်။
နှမြောစရာ ကောင်းသည်က ထိုသို့သော အားသာချက်များသည် ယခင်ကျိချန် ဆိုသူထံတွင် တစ်ခါမှ မမြင်ခဲ့ရဖူးချေ။
သူသည် အားချန်ထံမှ အကြည့်လွဲသွားပြီး ပြောလာခဲ့၏။ "ကျောက်မင် အကြောင်းပြောရအောင် သူ့ကို မင်းဘယ်လိုထင်လဲ"
အားချန်က ခဏလောက် စဉ်းစားလိုက်ကာ "ကျွန်မ ကျောက်မိသားစု အိမ်ကို ဒီအတော်အတွင်း မကြာခဏ သွားလာခဲ့ပေမယ့်လည်း ဦးလေးနဲ့တစ်ခါမှ မဆုံခဲ့ဖူးဘူး။ ဒါပေမယ့် အဒေါ်ရဲ့စကားအရတော့ ဦးလေးကဒီလောကထဲမှာ အကောင်းဆုံး ခင်ပွန်းသည် တစ်ယောက်ပါတဲ့"
"ဘာကို ကြည့်ပြီး ပြောတာလဲ"
အားချန်ကလည်း ပြုံးကာပြောလိုက်၏။ "အမျိုးသမီးတွေအတွက်တော့ အပြင်ဘက်မှာ ဖောက်ပြန်ခြင်းလည်းမရှိ။ အပြင်မှာလည်း မယားငယ်မထားဘဲ ဇနီးအပေါ်မှာပဲ စိတ်နှစ်ထားတတ်တဲ့ ယောက်ျားတစ်ယောက်က တခြားသူတွေ အများကြီးထက် ပိုပြီးတော့ ကောင်းမွန်နေပြီးသားလေ"
ဒါအပြင် ကျွန်မရဲ့ဦးလေးကလည်း အမြဲတမ်း ကြိုးစားအားထုတ်မှုရှိတယ်။ သူ့ရာထူးက မမြင့်ပေမယ့် အဒေါ်ကို ကျေနပ်စေဖို့ လုံလောက်ပါတယ်။ ကျွန်မ ဆွန်းမားမားဆီက ကြားဖူးထားတာ ရှိသေးတယ်။ နှစ်ယောက်သား လက်ထပ်ပြီး ဒီနှစ်တွေမှာ ရန်ဖြစ်ရင်တောင် အဒေါ်ကပဲ အရင်စတာဖြစ်ပြီး အမြဲတမ်းသူကပဲ အဒေါ်ကို ပြန်ချော့ပေးတာတဲ့"
"ဒါတွေက ကျောက်မင်က ယောက်ျားကောင်း တစ်ယောက်ပါလို့ သက်သေပြနိုင်လို့လား"
"မဟုတ်လို့လား" အားချန်၏ အကြည့်သည် မသိမသာ လှုပ်ရှားသွားကာ "လူကြီးမင်းက တစ်ခုခုများ သိထားတာရှိလို့လား"
...