← Chapters

သူတို့သည် သူမအား မည်မျှ မုန်းတီးနေခဲ့ကြပါသနည်း။

Vol. 2 Ch. 14

သူတို့သည် သူမအား မည်မျှ မုန်းတီးနေခဲ့ကြပါသနည်း။

Vol. 2 Ch. 14

ပိုင်ရှိုးမင်သည် အားချန်ကို ရှင်းမပြလိုက်ချေ။ သူက ခပ်အေးအေးသာ ပြော၏။ “ဒီအရာရှိက တခြားလူတွေရဲ့ အိမ်တွင်းရေးကို ဘယ်တုန်းကမှ စိတ်မဝင်စားဘူး”

“ဒါဆိုရင် လူကြီးမင်းက ဘယ်အချိန်မှ စိတ်ဝင်စားမှာလဲ”

“လိုအပ်တဲ့ အချိန်ကျရင်ပေါ့”

အားချန်သည် စိတ်ပျက်မသွားခဲ့ပေ။ သို့သော် သူမ၏ စိတ်ထဲတွင် ထိုဦးလေးတော်သူအပေါ် ပိုမိုစူးစမ်းလိုစိတ် ဖြစ်ပေါ်လာလေသည်။ သူမက ထိုလူကြီး၏ စကားများသည် ဖြစ်ကတတ်ဆန်း ပြောပြောလိုက်ခြင်း မဟုတ်ဟု အမြဲတစေ ခံစားနေရ၏။

သို့သော်လည်း အမှုကို စုံစမ်းစစ်ဆေးခြင်းမှာ မင်ကျင့်စီး၏ တာဝန်သာ ဖြစ်လေသည်။ ပြဿနာတစ်ခုခု ရှိနေလျှင်ပင် သူတို့က ဖြေရှင်းပေးလိမ့်မည်။ ယခုအချိန်တွင် သူမ လုပ်နိုင်သည်မှာ အဖြေတစ်ခုကို စောင့်ပြောင်းနေရန်သာ ဖြစ်၏။

အားချန်သည် သူမ၏ အာရုံကို လျင်မြန်စွာ ပြန်လည်စုစည်းလိုက်ပြီး ပိုင်ရှိုးမင်ကို ပြောလေသည်။ “လူကြီးမင်း သိချင်တာများ ရှိပါသေးသလား”

“မရှိတော့ပါဘူး။ မင်း ပြောပြောခဲ့တာတွေက အရမ်းအသေးစိတ် ကျပါတယ်”

“လူကြီးမင်းကို မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ” အားချန်က မေးလိုက်၏။

“ပြောကြည့်ပါလေ”

“ခဏနေရင် လူကြီးမင်းတို့က ကျွန်မအဒေါ်ရဲ့ ရုပ်အလောင်းကို ယူဆောင်သွားကြမှာလား”

“ဒီအမှုက မိစ္ဆာတွေနဲ့ ပတ်သက်နေတယ်။ သူ့ရဲ့ ရုပ်အလောင်းကို မင်ကျင့်စီးကို အရင်ဆုံး ပြန်သယ်သွားရမယ်။ အဲဒီနောက်မှ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ မရှိခဲ့တာကို အတည်ပြုရလိမ့်မယ်”

“ဒါဆိုရင် ကျွန်မ အဒေါ်ကို တစ်ချက်လောက် ကြည့်ရှုခွင့် ရနိုင်မလား”

ပိုင်ရှိုးမင်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ငြင်းပယ်ခြင်း မပြုဘဲ "သေတဲ့လူရဲ့ ပုံစံက ကြည့်လို့ သိပ်မကောင်းဘူး" ဟုသာ သတိပေးလိုက်လေသည်။

အားချန်၏ သဘောထားကတော့ အလွန်ခိုင်မာလှ၏။ "ကျွန်မ သူ့ကို ကြည့်ချင်တယ်”

"ရတယ်” ပိုင်ရှိုးမင်သည် သူမကို အတွင်းဘက်သို့ ခေါ်ဆောင်သွားပြီး အားချန်သည် သူ့နောက်မှ လိုက်ပါရင်း မြေပြင်ပေါ်ရှိ သွေးအိုင်ကြီးများကို တတ်နိုင်သမျှ ရှောင်ကွင်း၍ သွားလေ၏။

ရှောင်လင်းရှီသည် သူမ၏ အိပ်ခန်းထဲတွင် သေဆုံးနေခြင်းဖြစ်ပြီး အတွင်းပိုင်းတွင်တော့ သွေးများက ပိုနည်းပါးနေ၏။ ကြည့်ရသည်မှာ သူမသည် အပြင်ခန်းတွင် ဝမ်းဗိုက်ကို ခွဲဖောက်ပြီးနောက် အိပ်ခန်းထဲသို့ ပြန်ပြေးဝင်လာခဲ့ဟန်တူသည်။

အားချန်သည် အတွင်းသို့ လျှောက်ဝင်သွားသောအခါ ရှောင်လင်းရှီ၏ ရုပ်အလောင်းကို မြေပြင်ပေါ်တွင် သေသပ်စွာ ချထားသည်ကို မြင်လိုက်ရ၏။ ယခင်က တစ်စုံတစ်ယောက်သည် ရုပ်အလောင်းကို စစ်ဆေးခဲ့ဟန်တူပြီး စစ်ဆေးပြီးနောက်တွင် အဖြူရောင် ပိတ်စတစ်ထည်ဖြင့် ဖုံးအုပ်ထား၏။ ပိတ်စပေါ်တွင် အနီရောင် ဂါထာမန္တန်များ ပြည့်နှက်နေလေသည်။

သူမသည် ရှေ့သို့တိုး၍ ပိတ်စ၏ အစွန်းတစ်ဖက်ကို လှန်လိုက်သည်တွင် ရှောင်လင်းရှီ၏ သွေးမရှိတော့သော ဖြူဖျော့သည့် မျက်နှာသည် မြင်ကွင်းထဲသို့ ပေါ်ထွက်လာလေသည်။ ထိုမျက်နှာအမူအရာသည် ထိတ်လန့်တုန်လှုပ်နေပြီး မျက်လုံးများမှာ ပွင့်လျက်ရှိကာ သေဆုံးခါနီးတွင် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည့်အလားပင်။

အားချန်က ရှောင်လင်းရှီ၏ ဘေးတွင် ဖြည်းညင်းစွာ ဒူးထောက်ထိုင်ချလိုက်ရာ ပထမဆုံး တွေ့ဆုံစဉ်က သူမ၏ ခက်ထန်သော စကားသံများကို နားထဲတွင် ပြန်လည်ကြားယောင်လာမိသကဲ့သို့ပင်။

ဪ... လူဆိုတာ တကယ်ကိုပဲ သိပ်ကိုနုနယ်လွန်းပါလား။ အလွယ်လေး သေဆုံးသွားနိုင်တာပဲ။

ပိုင်ရှိုးမင်သည် အားချန်၏ အနောက်ဘက် မလှမ်းမကမ်းတွင် ရပ်နေရင်း ရုပ်အလောင်းဘေးတွင် အချိန်အတော်ကြာ ငြိမ်သက်စွာ ထိုင်နေသော သူမကို ကြည့်ကာ "စိတ်မကောင်းပါဘူး" ဟု ပြောကြားလိုက်၏။

အားချန်သည် သူ၏အသံကို ကြားမှ သတိပြန်ဝင်လာသော်လည်း လှည့်မကြည့်ခဲ့ပေ။

"လူကြီးမင်းက ကျွန်မ ဘယ်နားမှာ ဝမ်းနည်းနေတာကို မြင်လို့လဲ။ ကျွန်မနဲ့ အဒေါ်က ရင်းနှီးတာမှ မဟုတ်တာ။ သူက ကျွန်မကို သေချာ ပြင်ဆင်ပြီးတော့ ကျောက်အိမ်တော်အတွက် အကျိုးအမြတ်တွေ ပိုရအောင် အထက်တန်းလွှာ မိသားစုတစ်စုမှာ မယားငယ်အဖြစ် လက်ထပ်ပေးဖို့တောင် ကြံနေခဲ့တာ”

ပိုင်ရှိုးမင်သည် စကားပြန်မပြောဘဲ သူမ ပြောသည်ကိုသာ တိတ်ဆိတ်စွာ နားထောင်နေလေသည်။

"ဒါပေမဲ့... လူတစ်ယောက်က ကြံရာမရဖြစ်နေတဲ့ အခြေအနေမျိုးမှာ တစ်ယောက်ယောက်က ကိုယ့်ကို လက်ကမ်းပြီး ကူညီခဲ့မယ်ဆိုရင် အဲ့ဒီလူက သိပ်မကောင်းတဲ့သူ ဖြစ်နေရင်တောင်မှ လူကောင်းတစ်ယောက်လို့ သတ်မှတ်သင့်တယ် မဟုတ်လား။ ကံဆိုးတာက ဒီလိုနဲ့ သေသွားရတာပဲ”

အားချန်သည် လှန်ထားသော ပိတ်စကို ပြန်ဖုံးလိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်သည်။

သူမသည် ကိုယ်ကိုလှည့်ပြီး ပိုင်ရှိုးမင်ကို မော့ကြည့်ကာ "လူကြီးမင်းက အဖြစ်မှန်ကို အမြန်ဆုံး ဖော်ထုတ်ပေးမှာပဲလေ ဟုတ်တယ်မလား"

အဖြစ်မှန်က မတရားသေဆုံးသွားသူကို နှစ်သိမ့်ပေးနိုင်မှာ မဟုတ်ပေမဲ့လဲပေါ့။

ပိုင်ရှိုးမင်က သူမကို အဖြေမပေးဘဲ "သွားကြစို့" ဟု ခပ်ပြတ်ပြတ်ဆိုကာ ရှေ့မှ ဦးဆောင်ထွက်ခွာသွားလေသည်။

အားချန်သည် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ရပ်တန့်လိုက်ကာ ထိုနေရာတွင် ငြိမ်သက်စွာ လဲလျောင်းနေသော ရှောင်လင်းရှီကို ခေါင်းစောင်း၍ ကြည့်လိုက်မိ၏။ အခု ငါ့မှာလည်း လူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီပဲ။ တစ်နေ့နေ့မှာ ဒီလိုပဲ သေသွားရမှာလား။

ကံမကုန်ဘဲ သေရတာမျိုး မဟုတ်ရင်တောင်၊ အသက်ကြီးလို့ သေရင်တောင်မှ လူ့ဘဝဆိုတာ ဆယ်စုနှစ် အနည်းငယ်ပဲ ရှိတာပဲ။ ဘာလို့ လူတွေက အသက်ရှည်ချင်နေကြလဲဆိုတာကို ရုတ်တရက် နားလည်သွားသလိုပဲ။ ငါလည်း အဲ့ဒီလောက်စောစော မသေချင်ပါဘူး။

အားချန်သည် အနောက်တွင် ခဏလောက် အချိန်ဆိုင်းနေပြီးမှ အပြင်သို့ ထွက်လာခဲ့လေသည်။

မင်ကျင့်စီး အစောင့်များသည် ကျောက်အိမ်တော်ရှိ လူများကို စစ်မေးနေသည်မှာ မပြီးသေးသည့်အတွက် သူမသည် အပြင်ဘက်တွင် ဆက်လက်စောင့်ဆိုင်းနေရ၏။

နာရီဝက်ကျော်ခန့် စောင့်ဆိုင်းပြီးနောက် အားချန်သည် အေးစက်သောလေများကြောင့် တစ်ကိုယ်လုံး ထုံကျင်လာသလို ခံစားလိုက်ရသည်။ သူမက စဉ်းထားလိုက်၏။ ဒီညသာ စောစောပြန်နိုင်ခဲ့ရင် အအေးမိတာ သက်သာအောင် ဆေးစွပ်ပြုတ်တစ်ခွက်လောက် သောက်ရမယ်။ မဟုတ်ရင် မနက်ဖြန် မနက်ဖန် ဖျားနေဦးမှာ သေချာတယ်။

ထိုသို့တွေးမိသောအခါ သူမသည် စင်္ကြံအောက်တွင် ရပ်ရင်း လက်အောက်ငယ်သားများ၏ အစီရင်ခံမှုကို အခါအားလျော်စွာ နားထောင်နေသော ထိုအမျိုးသားကို အားကျစွာဖြင့် မော့ကြည့်မိလေသည်။ ထိုသူ၏ ကိုယ်ပေါ်ရှိ ခြုံလွှာသည် အလွန်ပါးလွှာသော်လည်း သူသည် အအေးဒဏ်ကို လုံးဝမခံစားရသည့်အလားပင်။

ကျင့်ကြံအားထုတ်မှု ရှိတာကတော့ ကောင်းတာပေါ့။ ကံဆိုးတာက ငါ့ရဲ့ ဒီခန္ဓာကိုယ်က ကျင့်ကြံခြင်းနဲ့ ကံပါမလာခဲ့ဘူး။

နောက်ထပ် ၁၅ မိနစ်ခန့် ကြာပြီးနောက် ခေါ်ဆောင်သွားခြင်း ခံရသူများသည် တစ်ယောက်ပြီးတစ်ယောက် ပင်မခြံဝင်းသို့ ပြန်ရောက်လာကြ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်နှာများသည် သိပ်မကောင်းကြပေ။ တစ်သက်တွင် ပထမဆုံးအကြိမ် မင်ကျင့်စီးအစောင့်များ၏ ခေါ်ဆောင်စစ်ဆေးခြင်းကို ခံရသောကြောင့် လန့်ဖျပ်သွားကြဟန်တူသည်။

နောက်ဆုံး ပြန်လည်ခေါ်ဆောင်လာခြင်း ခံရသူများမှာ ကျောက်မိသားစုဝင်များ ဖြစ်ကြ၏။ ကျောက်မင်၏ မျက်နှာသည် ပုံမှန်အတိုင်းပင် ရှိနေသော်လည်း အမူအရာမှာ တင်းမာနေပြီး ဒေါသကို မြိုသိပ်ထားသည့်နှယ်ပင်။

ကျောက်ဝမ်ယွဲ့ကတော့ သူမကို တွန်းထိုးဆက်ဆံခဲ့သည့် မင်ကျင့်စီးအစောင့်ကို မကျေမနပ် ဖြစ်နေပုံရသော်လည်း ဘာမှ မပြောဝံ့ချေ။ ကျောက်ဝမ်ရှန်းကတော့ ကျန်းခိုင်က သူ့လည်ကုတ်မှဆွဲကာ ခေါ်ဆောင်ခံလာရသည်။

သူသည် အားလုံးထဲတွင် အပင်ပန်းဆုံးသူဖြစ်ပြီး ပင်မခြံဝင်းထဲသို့ ရောက်သောအခါ ကျန်းခိုင်က သူ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

ယခုအချိန်တွင် ကျောက်ဝမ်ရှန်းသည် ရွှံ့တစ်ပုံကဲ့သို့ မြေပြင်ပေါ်တွင် ပုံလျက်သား ထိုင်နေပြီး မျက်နှာမှာ ဖြူဖျော့နေကာ အပေါ်အောက် သွားများမှာလည်း တုန်ရီနေလေသည်။

"လူကြီးမင်း။ စစ်ဆေးလိုက်တော့ ကျောက်ဝမ်ရှန်းက ငါးကို သူ ဝယ်ခဲ့တာလို့ ဝန်ခံပါတယ်” ကျန်းခိုင်သည် ရှေ့သို့တက်လာကာ အရိုအသေပြုလိုက်၏။

ပိုင်ရှိုးမင်က ဖြည်းညင်းစွာ လျှောက်လာသည်တွင် ကျောက်ဝမ်ရှန်းသည် တုန်တုန်ယင်ယင်ဖြင့် နောက်သို့ဆုတ်ရန် ကြိုးစားသော်လည်း သူ၏ခန္ဓာကိုယ်က နာခံရန် ငြင်းဆန်နေ၏။ သူသည် တတွတ်တွတ် ရေရွတ်နေလေသည်။ "ကျွန်တော် မသိဘူး။ အမေ သေသွားမယ်ဆိုတာ မသိခဲ့ဘူး။ လူ မသေဘူးလို့ သူ ပြောတယ်။ တကယ်ပါ"

ပိုင်ရှိုးမင်သည် သူ့ထံမှ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်ကာ ကျောက်ဝမ်ရှန်းကို အပေါ်မှ စိုက်ကြည့်ရင်း မေးလိုက်သည်။ "သူက ဘယ်သူလဲ"

ကျောက်ဝမ်ရှန်းသည် နတ်ပူးခံထားရသူကဲ့သို့ အဖြေမပေးနိုင်ဘဲ ရှိနေလေသည်။

ပိုင်ရှိုးမင်သည် ကျန်းခိုင်ကို တစ်ချက် ကြည့်လိုက်၏။

ကျန်းခိုင်သည် ရှေ့သို့တက်ကာ ကျောက်ဝမ်ရှန်း၏ လက်ပေါ်သို့ ခြေဖြင့် နင်းချလိုက်ရာ ပြင်းထန်သော နာကျင်မှုကြောင့် သူသည် အ! ဟု အော်ဟစ်လိုက်ပြီး ချက်ချင်းပင် သတိပြန်လည်လာလေသည်။

ကျန်းခိုင်သည် ကျောက်ဝမ်ရှန်း၏ ဖခင်အရင်းလည်း ဤနေရာတွင် ရှိနေသည်ကို ဂရုမစိုက်ဘဲ ထိုသူ၏ ကော်လံကို ဆွဲကိုင်ကာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ခြိမ်းခြောက်လိုက်၏။ "ငါတို့လူကြီးမင်း မေးနေတာကို သေသေချာချာ ဖြေ။ လိမ်ပြောရဲလို့ကတော့ မင်းလက်တစ်ဖက်ကို ခုတ်ဖြတ်ပစ်မယ်။ ကြားလား"

"ကြား... ကြားပါတယ်" ကျောက်ဝမ်ရှန်းသည် အရူးအမူး ခေါင်းညိတ်ပြ၏။

"ဒါဆို မြန်မြန်ဖြေလေ!" ကျန်းခိုင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"လောင်းကစားဝိုင်းက လူတစ်ယောက်ပါ။ ကျွန်... ကျွန်တော် လောင်းကစားဝိုင်းမှာ လောင်းကစားသမားတစ်ယောက်နဲ့ သိခဲ့တာပါ။ သူက သူတို့ရွာမှာ ငါးရှင်တွေရှိတယ်။ စား... စားပြီးရင်..."

"စားပြီးရင် ဘာဖြစ်လဲ”

"စားပြီးရင် ကိုယ်ဝန်ဆောင်ထားတဲ့ ကလေးက... ကလေးက မိစ္ဆာ ဖြစ်သွားလိမ့်မယ်တဲ့”

ဤစကားများသည် အားချန် ထင်မှတ်မထားခဲ့သည့် အရာများပင်။ ကျောက်ဝမ်ရှန်းသည် ရှောင်လင်းရှီကို ထိုငါးကို ကျွေးရသည့် အကြောင်းရင်းမှာ ထိုကလေးကို မမွေးဖွားစေလိုသောကြောင့် ဖြစ်နေ၏။

"မင်းအမေကို ကလေးမမွေးစေချင်ဘူး။ ဘာဖြစ်လို့လဲ။ မင်းရဲ့ ညီက မင်းကို အနှောင့်ယှက် မပေးသင့်ဘူးလို့ ထင်လို့”

ညီ ဟူသော အသုံးအနှုန်းကို ကြားလိုက်ရသောအခါ ကျောက်ဝမ်ရှန်းကို လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူ၏အသံသည် ရုတ်တရက် ကျယ်လောင်လာလေသည်။ "မမွေးသေးတဲ့ သန္ဓေသားလေးတစ်ယောက်ပဲ။ ဘာညီအစ်ကိုလဲ”

အဲ့ဒီအကောင်စုတ်လေးကို လွယ်ထားကတည်းက သူက ကျွန်တော့်ကို အစစအရာရာ မကျေမနပ်ဖြစ်နေတာ။ ကျွန်တော် လောင်းကစား နည်းနည်းပါးပါး လုပ်မိတာနဲ့ ငွေကို ဖြတ်တောက်တယ်။ ကျွန်တော် သူငယ်ချင်းတွေနဲ့ အပြင်ထွက်စားရင်တောင် လှောင်ပြောင်ခံရတယ်။ ကျွန်တော်က တိုးတက်မှုမရှိဘူးလို့ အဖေ့ဆီမှာ သွားပြောတယ်။ ပြီးတော့ ကျွန်တော့်ကို ဇာတိမြို့ကို ပြန်ပို့မယ်။ ကျင့်ရှီဘွဲ့ မရမချင်း မြို့တော်ကို ပြန်မလာခိုင်းဘူးတဲ့။

ဟက် ဟက်။ သူက ကျွန်တော် စာမေးပွဲမအောင်နိုင်ဘူး။ အသုံးမကျဘူးလို့ ထင်နေတာ မဟုတ်လား။ ဒါကြောင့် ကျွန်တော့်နေရာမှာ အစားထိုးဖို့ နောက်တစ်ယောက်မွေးဖို့ ကြံတာပေါ့” ကျောက်ဝမ်ရှန်းသည် စိတ်ထဲရှိသည်များကို အော်ဟစ်၍ ထုတ်ဖော်လိုက်သော်လည်း ထိုနေရာရှိ လူများထဲတွင် သူ့ကို သနားသူ တစ်ယောက်မျှ မရှိခဲ့ချေ။

သူ၏ ညီမအရင်းဖြစ်သူ ကျောက်ဝမ်ယွဲ့ပင်လျှင် သူ့ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေပြီး ကျောက်မင်ကတော့ ဒေါသထွက်လွန်း၍ သူ၏သားအရင်းကို ပြေး၍ သတ်ပစ်တော့မည့်အလားပင်။

မိမိကျူးလွန်ခဲ့သော အမှားများကို မမွေးဖွားသေးသော ကလေးငယ်တစ်ဦးအပေါ်သို့ ပုံချနေလေသည်။ ထိုစဉ်က သူ့ကို မြို့ဟောင်းသို့ ပြန်ပို့လိုက်ပြီး ဘယ်တော့မှ ပြန်မလာခိုင်းခြင်းက ပို၍ကောင်းမည်ဟု တွေးမိလေသည်။

"ဒါကြောင့် မင်းက သူ့ကို ဒီကိုယ်ဝန်ကို ဖျက်ချစေချင်တာလား”

"ဟုတ်တယ်။ ကျွန်တော် သူ့ကို ဆေးခပ်ဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါက လွယ်လွယ်နဲ့ သိနိုင်တယ်။ နောက်ပိုင်း တစ်ခါ ကျွန်တော် မြေအောက်လောင်းကစားရုံကို ခိုးသွားရင်း အဲ့ဒီလူနဲ့ တွေ့ခဲ့တာ။ သူတို့ရွာမှာ လူတစ်ယောက်က အဲ့ဒီထူးဆန်းတဲ့ငါးကို မှားစားမိပြီး မွေးလာတဲ့ ကလေးတွေက မိစ္ဆာတွေချည်းပဲလို့ ကြားခဲ့ရတယ်။ ဒါနဲ့ ကျွန်တော် သူ့ဆီက ငွေ ၁၀ လျန် ချေးပြီး နေ့တိုင်း ငါးလာပို့ခိုင်းခဲ့တယ်”

"မင်းအမေကို ဘယ်လိုလုပ်ပြီး ငါးစားချင်အောင် လုပ်ခဲ့တာလဲ" ပိုင်ရှိုးမင်က ထပ်မေးလိုက်သည်။

"အဲ့ဒီငါးရဲ့ အရိုးကို အမှုန့်ကြိတ်ပြီး လူကို တိုက်လိုက်ရင် ငါး အရမ်းစားချင်လာလိမ့်မယ်။ ဒီနည်းလမ်းကိုလည်း အဲ့ဒီလူပြောတာကို ကြားခဲ့တာပါ”

"ပြီးတော့ရော။ မင်း ဘာတွေဆက်လုပ်ခဲ့သေးလဲ”

ကျောက်ဝမ်ရှန်းသည် အနည်းငယ် တွေဝေသွားကာ "မ... မရှိတော့ဘူး။ ပြီးတော့ ဘာမှမရှိတော့ဘူး။ ကျွန်တော် နေ့တိုင်း ငါးကို မီးဖိုချောင်ကို ပို့ပြီး အမေ့ကို စားခိုင်းတယ်။ နောက်ထပ် ဘာမှမလုပ်ခဲ့ပါဘူး”

"ဒါဆို သူက ဘာလို့ သူ့ဗိုက်ကို ခွဲဖောက်ခဲ့ရတာလဲ”

"ကျွန်တော် မသိဘူးလေ” ထိုသို့ပြောရင်း ကျောက်ဝမ်ရှန်းသည် မြေပြင်ပေါ်တွင် ဝပ်တွား၍ ပိုင်ရှိုးမင်အား အဆက်မပြတ် ဦးချနေလေသည်။ "လူကြီးမင်း။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော် တကယ်ပဲ အမေ့ကို သေစေချင်တဲ့စိတ် မရှိခဲ့ပါဘူး။ ကျွန်တော် အဲ့ဒီလူနဲ့ အထပ်ထပ် အခါခါ အတည်ပြုခဲ့ပြီးပါပြီ။ အဲ့ဒီငါးကို စားရင် လူ မသေဘူးလို့ ပြောပါတယ်။ ကျွန်တော်က အဲ့ဒီသန္ဓေသားလေးကို မမွေးစေချင်ရုံလေးပါ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး အမေ့ကို သတ်ရက်မှာလဲ”

ပိုင်ရှိုးမင် စကားမပြောမီတွင် ကျောက်မင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရှေ့သို့တက်ကာ ဦးချနေသော ကျောက်ဝမ်ရှန်းကို ကန်ထုတ်လိုက်လေသည်။ "မဟုတ်မမှန်တွေ လျှောက်ပြောနေတယ်။ ဒီအချိန်အထိ မင်းက လိမ်နေတုန်းပဲလား”

"ကျွန်တော် မလိမ်ပါဘူး။ တကယ် မလိမ်ပါဘူး အဖေ။ ကျွန်တော် အမေ့ကို မသတ်ခဲ့ပါဘူး” ကျောက်ဝမ်ရှန်းသည် ကျောက်မင်၏ ခြေထောက်ကို ဖက်ရင်း ငြင်းဆန်ကာ အော်ဟစ်ငိုယိုနေလေသည်။

ဘေးမှကြည့်နေသူ အားချန်သည် ဤအဓိပ္ပာယ်မဲ့သော မြင်ကွင်းကို ကြည့်ရင်း ဘာပြောရမှန်းပင် မသိတော့ချေ။

ကျောက်ဝမ်ရှန်းက သူပြောသလိုပဲ ရှောင်လင်းရှီကို သေစေချင်တဲ့စိတ် မရှိခဲ့ဘဲ ကလေးကိုသာ မမွေးစေချင်ခဲ့တာ ဖြစ်နိုင်တယ်။

ဒါပေမဲ့ သူ့ရဲ့ ညီအရင်းကို ဖျက်ဆီးဖို့အတွက် ကိုယ့်အမေအရင်းကို ထူးဆန်းတဲ့အရာတွေ မဆိုင်းမတွ ကျွေးနိုင်တယ်ဆိုကတည်းက သူ့မှာ လူစိတ်ရှိတယ်ဆိုရင်တောင် သိပ်များများစားစားတော့ မဟုတ်လောက်ဘူး။

သားအဖနှစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်သောအခါ ပိုင်ရှိုးမင်သည် မေးငေါ့ပြကာ အမိန့်ပေးလိုက်၏။ "သူတို့ကို ခွဲလိုက်"

လက်အောက်ငယ်သားများသည် ချက်ချင်းပင် ရှေ့သို့တက်၍ ကျောက်မင်ကို ထိန်းချုပ်လိုက်ပြီး ကျောက်မင်၏ ရိုက်နှက်မှုကြောင့် မျက်နှာတွင် ဒဏ်ရာဗရပွဖြစ်နေသော ကျောက်ဝမ်ရှန်းကိုလည်း ဆွဲထူလိုက်ကြသည်။

ကျောက်ဝမ်ရှန်းသည် မထချင်သေးဘဲ ပိုင်ရှိုးမင်အား ဆက်လက်ဦးချရန် ကြိုးစားနေဟန်တူသည်။

ပိုင်ရှိုးမင်သည် သူ့ကို ကြည့်ကာ ခပ်ပြတ်ပြတ် မေးလိုက်သည်။ "မင်းအမေကို မသေစေချင်ဘူးဆိုတာကို ငါယုံတယ်။ ဒါဆို သူက ဘာလို့ သေသွားရတာလဲ။ မင်း သူ့ကို မပြောသင့်တဲ့ စကားတွေများ ပြောခဲ့သေးလား"

"မပြောခဲ့ပါဘူး။ ကျွန်တော် ဘာမှမပြောခဲ့ပါဘူး။ ဒီရက်ပိုင်းအတွင်း ကျွန်တော် လောင်းကစားရုံထဲမှာပဲ နေနေတာပါ။ ငါးတွေကိုလည်း မီးဖိုချောင်ကို တိုက်ရိုက်ပို့ခဲ့တာပါ။ အမေ့ကို လုံးဝ မတွေ့ခဲ့ပါဘူး”

ပိုင်ရှိုးမင်သည် ကျန်းခိုင်ကို လှည့်ကြည့်လိုက်သည်။

ကျန်းခိုင်သည် ရှေ့သို့တိုးလာပြီး တိုးတိုးလေး လျှောက်တင်လိုက်၏။ "လူကြီးမင်း။ ကျွန်တော့်လက်အောက်က လူတွေကို သူပြောတဲ့ မြေအောက်လောင်းကစားရုံကို သွားစစ်ခိုင်းပြီးပါပြီ။ လူတွေကိုလည်း ခေါ်လာခဲ့ပါပြီ။ သူ့ကို ငါးရောင်းတဲ့လူကိုလည်း သွားဖမ်းခိုင်းထားပါတယ်”

"အင်း” ပိုင်ရှိုးမင်သည် လက်မြှောက်ပြလိုက်ရာ ကျောက်ဝမ်ရှန်းကို ဘေးသို့ ဆွဲထုတ်သွားကြလေသည်။

ထို့နောက် ပိုင်ရှိုးမင်သည် ကျောက်မင်၏ ကျောကို ပုတ်ပေးနေသော ကျောက်ဝမ်ယွဲ့ကို ကြည့်လိုက်သည်။

"ကျောက်ဝမ်ယွဲ့”

နာမည်ခေါ်သံ ထွက်ပေါ်လာသည့်အခိုက်တွင် ကျောက်ဝမ်ယွဲ့သည် ခေါင်းပေါ်သို့ ရေခဲရေတစ်ပုံး လောင်းချလိုက်သကဲ့သို့ တုန်လှုပ်သွားလေသည်။

"လူ... လူကြီးမင်း” ကျောက်ဝမ်ယွဲ့သည် တုန်တုန်ယင်ယင်ဖြင့် လှည့်လာပြီး ပိုင်ရှိုးမင်ကို မကြည့်ရဲဘဲ ခေါင်းငုံ့ထားလေသည်။

သမီးဖြစ်သူ၏ ထိတ်လန့်မှုကို ခံစားမိသောကြောင့် ကျောက်မင်သည် သူမ၏လက်ကို ဆုပ်ကိုင်ထားရာ သူမအတွက် အားပေးမှုများစွာ ရရှိသွားဟန်တူသည်။

"မင်းအမေအတွက် ယုံရှန်းတောင်ကနေ ကျောက်စိမ်းဆံထိုး တစ်ချောင်း ဝယ်ပေးခဲ့တယ်လို့ ကြားတယ်”

ကျောက်ဝမ်ယွဲ့သည် အလိုအလျောက်ပင် ငြင်းဆိုလိုက်သည်။ "ကျွန်မ မဝယ်ခဲ့ပါဘူး”

ကျန်းခိုင်သည် သူမထံသို့ လျှောက်လာသည်ကို မြင်သောအခါ ကျောက်ဝမ်ယွဲ့သည် ချက်ချင်း သတိဝင်လာပြီး စူးစူးဝါးဝါး အော်ပြောလိုက်သည်။ "မဟုတ်... မဟုတ်ဘူး။ ကျွန်မ ဆံထိုးကို အမေ့ကို ပေးခဲ့တယ်။ ပြီးတော့ ဘာမှမသိတော့ဘူး။ အဲ့ဒါက လမ်းဘေးဆိုင်က ဝယ်ခဲ့တဲ့ သာမန်ဆံထိုးလေးတစ်ခုပါ"

"သာမန်ဆံထိုးလေးပဲလား။ မင်းကို ဆံထိုးရောင်းတဲ့လူက မင်းကို ဘာတွေပြောလိုက်သေးလဲ”

"ဘာမှမပြောပါဘူး”

"ဟုတ်လို့လား။ ဒါပေမဲ့ မင်းက ဆိုင်ရှင်နဲ့ စကားတွေအများကြီး ပြောနေတာကို မြင်တဲ့သူရှိတယ်”

"ကျွန်မ မပြောပါဘူး”

သူမသည် ခေါင်းမာနေသည်ကို မြင်သောအခါ ပိုင်ရှိုးမင်သည် ဆက်မမေးတော့ဘဲ အမိန့်ပေးလိုက်သည်။ "ကျန်းခိုင်။ မနက်ဖြန် ငါ အဲ့ဒီဆံထိုးရောင်းတဲ့လူကို တွေ့ချင်တယ်"

"လူကြီးမင်း စိတ်ချပါ။ မိုးမလင်းခင်မှာ လူကို သေချာပေါက် ဖမ်းမိစေရပါမယ်”

ကျန်းခိုင်၏ စကားဆုံးသည်နှင့် ကျောက်ဝမ်ယွဲ့၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်ကို မြင်လိုက်ရ၏။

သူမသည် ပါးစပ်ဟ၍ တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း သူမ၏လက်ကို ပြင်းထန်စွာ ဆုပ်ကိုင်ခြင်းခံလိုက်ရသဖြင့် ဘေးရှိဖခင်အရင်းကို တစ်ချက်ကြည့်ကာ နောက်ဆုံးတွင် ပါးစပ်ပိတ်၍ ဘာမှမပြောတော့ဘဲ နေလိုက်သည်။

သားအဖနှစ်ယောက်တို့၏ လှုပ်ရှားမှုသည် သိသာထင်ရှားခြင်း မရှိသော်လည်း သူတို့ကို စိုက်ကြည့်နေသူတိုင်းနီးပါး ထိုသေးငယ်သော လှုပ်ရှားမှုများကို သတိပြုမိကြ၏။

ပိုင်ရှိုးမင်လည်း မြင်သကဲ့သို့ အားချန်လည်း မြင်လိုက်လေသည်။

ကျောက်ဝမ်ယွဲ့၏ ပုံစံသည် သူမ ရှောင်လင်းရှီအား ပေးခဲ့သော ကျောက်စိမ်းဆံထိုးတွင် အမှန်တကယ် ပြဿနာရှိပြီး သူမကိုယ်တိုင်လည်း ဤအချက်ကို ကောင်းစွာသိရှိနေကြောင်း လူတိုင်းကို ပြောနေသကဲ့သို့ပင်။

"ကျောက်လူကြီးမင်း” ပိုင်ရှိုးမင်သည် အေးစက်စွာ ပြောလိုက်သည်။ "ခင်ဗျားက ကျွန်ုပ်ရဲ့ စစ်ဆေးမေးမြန်းမှုကို ထပ်ပြီး နှောင့်ယှက်မယ်ဆိုရင်တော့ ခင်ဗျားကို မြေအောက်အကျဉ်းထောင်ထဲမှာ ရက်အနည်းငယ်လောက် နေခိုင်းရတော့မှာပဲ”

ကျောက်မင်၏ မျက်နှာသည် ပြောင်းလဲသွားပြီး အလျင်အမြန် လျှောက်တင်လိုက်၏။ "ပိုင်လူကြီးမင်း ခွင့်လွှတ်ပါ။ ကျွန်တော်မျိုးက သမီးလေးကို ချစ်တဲ့စိတ်ကြောင့်ပါ"

"ကျောက်လူကြီးမင်းကို အပြင်ခေါ်သွားပြီး ကောင်းကောင်းမွန်မွန် ဧည့်ခံလိုက်ပါ”

"ဟုတ်ကဲ့”

ကျောက်မင်သည် တစ်စုံတစ်ခု ထပ်ပြောလိုသေးသော်လည်း မင်ကျင့်စီးအစောင့်နှစ်ယောက်က သူ၏ပါးစပ်ကို ပိတ်ကာ တိုက်ရိုက် ခေါ်ဆောင်သွားသဖြင့် ထိတ်လန့်တုန်လှုပ်နေသော ကျောက်ဝမ်ယွဲ့တစ်ယောက်သာ ကျန်ရစ်ခဲ့၏။ ယခုတစ်ကြိမ်တွင် သူမအတွက် အားကိုးစရာ မည်သူမျှ မရှိတော့ချေ။

ပိုင်ရှိုးမင်သည် ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်ပြီး "ကျောက်ဝမ်ယွဲ့။ ငါ မင်းကို အခွင့်အရေးတစ်ခါပဲ ပေးမယ်။ အခုပြောမလား။ ဒါမှမဟုတ် လူဖမ်းမိပြီးတဲ့အထိ စောင့်ပြီး သူနဲ့အတူတူ သေမလား။ တစ်ခုရွေးလိုက်”

ကျောက်ဝမ်ယွဲ့သည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ဖခင်အရင်းပင် ဖမ်းဆီးခံလိုက်ရပြီး သူတို့က သူမကို သေမည်ဟု ခြိမ်းခြောက်နေသည်ကို မြင်သောအခါ မည်သို့မျှ ဆက်လက်ဖုံးကွယ်မထားဝံ့တော့ချေ။

သူမသည် တုန်တုန်ယင်ယင်ဖြင့် ဖွင့်ဟလိုက်သည်။ "ဟို... ဟိုလူက ပြောတယ်။ အဲ့ဒီ ဆံထိုးက မြောက်ပိုင်းတောနက်ကြီးရဲ့ မြောက်ဘက်က ဆေးဖက်ဝင် ကျောက်စိမ်းနဲ့ ထွင်းထုထားတာတဲ့။ အဲ့ဒါကိုသာ ဆင်မြန်းထားရင် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားက တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်တဲ့။ ကျွန်မက အမေ့ကို ရွှဲသခင်လေးနဲ့ ကျွန်မရဲ့ လက်ထပ်ပွဲကို သဘောတူစေချင်ရုံလေးပါပဲ”

"ဒါပဲလား” ပိုင်ရှိုးမင်သည် အနည်းငယ် မကျေမနပ်ဖြစ်နေဟန်တူသည်။

"ပြီး... ပြီးတော့ သူကပြောတယ်။ ဆံထိုးကို ဆင်မြန်းပြီးရင် အစပိုင်းမှာ စိတ်အာရုံခြောက်ခြားတာတွေ။ ဒါမှမဟုတ် ခေါင်းကိုက်တာတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သိပ်မပြင်းထန်ဘူး။ ချွတ်လိုက်ရင် သက်သာသွားလိမ့်မယ်တဲ့”

"ဒါဆို သူ ချွတ်ခဲ့လား”

ကျောက်ဝမ်ယွဲ့သည် စကားမပြောတော့ပေ။

သူမ၏ အမေသည် သူမပေးသော ကျောက်စိမ်းဆံထိုးကို အလွန်နှစ်သက်ပြီး ထိုရက်များတွင် ခေါင်းမှ တစ်ခါမှ မချွတ်ခဲ့ပေ။

သို့သော်... သို့သော် အမေသည် အရာအားလုံး ပုံမှန်အတိုင်းပင် ရှိနေပြီး မည်သည့်ထူးခြားမှုမှ မပြခဲ့ပေ။ သူမသည် ထိုဆိုင်ရှင်က ကြောက်လန့်အောင် ပြောခြင်းသာဖြစ်သည်ဟု ထင်ခဲ့မိသည်။

အမှုကို ဤနေရာအထိ စစ်ဆေးပြီးသောအခါ အဖြစ်မှန်သည် ပေါ်လုနီးပါးဖြစ်နေလေပြီ။

ရှောင်လင်းရှီသည် သားဖြစ်သူပေးသော ငါးကို စားသုံးခဲ့ပြီး သမီးဖြစ်သူပေးသော ကျောက်စိမ်းဆံထိုးကိုလည်း ဆင်မြန်းခဲ့၏။ တစ်နေ့သောအခါ ကြောက်မက်ဖွယ်ကောင်းသော စိတ်အာရုံခြောက်ခြားမှုများ ဖြစ်ပေါ်လာခြင်း သို့မဟုတ် မသိနိုင်သော ပြောင်းလဲမှုတစ်ခုခု ဖြစ်ပွားခဲ့ခြင်းကြောင့် သူမသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မိမိ၏ဝမ်းဗိုက်ကို ခွဲကာ သေဆုံးသွားခဲ့လေသည်။

အားချန်သည် မိမိတို့ အပြစ်ကင်းကြောင်း အဆက်မပြတ် ပြောဆိုနေသော ကျောက်အိမ်တော်မှ မောင်နှမနှစ်ယောက်ကို ဆက်မကြည့်တော့ပေ။ အကယ်၍ ရှောင်လင်းရှီ၏ ရုပ်အလောင်းသာ ပင်မအခန်းဆောင်ထဲတွင် ရှိမနေခဲ့ပါက ဤသည်မှာ ပြဇာတ်တစ်ခုဟုပင် သူမ ထင်မှတ်မိပေလိမ့်မည်။

ဤလောကကြီးတွင် အဘယ့်ကြောင့် သည်လောက် ရယ်ဖွယ်ကောင်းသော ကိစ္စများ ရှိနေရပါသနည်း။

မိမိတို့၏ သားသမီးအရင်းများက သူတို့၏ မိခင်အပေါ်သို့ အသီးသီး လက်ရောက်ကျူးလွန်ခဲ့ကြသည်။ သူတို့သည် သူမကို မည်မျှလောက်အထိ မုန်းတီးနေကြပါသနည်း။

...

...

All Chapters