သူမက အချိန်မရွေးငိုဖို့ အသင့်ပြင်ထားသလိုပဲ ...
Vol. 2 Ch. 15
တွဲထူခံထားရသည့် ဆွန်းမားမားသည် ရုတ်တရက်ရှေ့သို့ ထွက်လာကာ သွေးကြောများ နီရဲနေသည့် မျက်လုံးများထဲတွင် နာကျင်မှုအပြည့် ဖြစ်နေလေ၏။ သူမသည် ကျောက်မင်ယွဲ့၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ကာ အော်ဟစ်ပြီး ပြောလိုက်လေသည်။ "နင် သခင်မအပေါ် ဘယ်လိုလုပ်ပြီး ဒီလိုတောင်လုပ်ရပ်ရတာလဲ။ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရပ်ကြတာလဲ"
ကျောက်ဝမ်ယွဲ့သည် ဆွန်းမားမား၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ဖို့ရန် အစွမ်းကုန်ကြိုးစားရင်း အသံအကျယ်ကြီး ပြန်အော်ဟစ်လိုက်၏။ "ကျွန်မကရွှဲလန် (လန် - ချစ်ရတဲ့သူ) ကို လက်ထပ်ချင်တာ ဘာမှားလို့လဲ။ အမေကသာ သဘောမတူဘဲနေလို့ ကျွန်မလည်း ဒီနည်းလမ်းကို စဉ်းစားခဲ့ရတာ။ ကျွန်မက အမေ့ကို သေစေချင်တဲ့ ဆန္ဒမရှိပါဘူး။ ဒါတွေ အားလုံးကလည်း မတော်တဆ ဖြစ်သွားခဲ့တာ"
ဆွန်းမားမားသည် နောက်ဆုံးတော့ သည်းမခံနိုင်ဘဲ ကျောက်ဝမ်ယွဲ့၏ မျက်နှာကိုအားဖြင့် ရိုက်ချလိုက်တော့သည်။ ငယ်စဉ်ကတည်းက သခင်မအနေဖြင့် အလွန်တန်ဖိုးထား ပြုစုပျိုးထောင်ပေးခဲ့ရသည့် ဤသမီးကို မုန်းတီးစွာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။ "သခင်မက အစကတည်းက နင့်လိုဟာမျိုးကို ဘာဖြစ်လို့ မွေးထုတ်ခဲ့လဲမသိဘူး"
"နင်! ဒီအဘွားကြီး အတင့်ရဲလို့ ငါ့ကို ရိုက်ရသလား။ ဒါတွေ အားလုံးကလည်း နင် ငါ့အမေကို မြှောက်ပေးလို့ဖြစ်ရတာ။ အဲလိုသာမဟုတ်ရင် ငါ့အမေလည်း သေမှာမဟုတ်ဘူး"
ကျောက်ဝမ်ယွဲ့သည် ရှောင်လင်းရှီ၏ သေဆုံးမှုကို တခြားသူအပေါ်သို့ အပြစ်ပုံချ နေချင်သေးသည်။ သူမသည် မှားယွင်းခဲ့သည်ဟုပင် လုံးဝ မခံစားရချေ။
ကျောက်မိသားစု၏ ဤပြကွက်သည် နောက်ဆုံးတွင်တော့ အဆုံးမလှသည့် အခြေအနေသို့ ဆိုက်ရောက်သွားတော့၏။
"လူတွေကိုခေါ်သွားတော့"
ပိုင်ရှိုးမင်က အမိန့်ပေးလိုက်သည်တွင် မင်ကျင့်စီး အစောင့်များသည် ရှေ့သို့တိုးလာပြီး လူချင်းခွဲလိုက် ကြလေသည်။ ရှောင်လင်းရှီ၏ အနီးကပ်အစေခံ မိန်းကလေးတချို့က ဆွန်းမားမားကို တွဲထူပေးလိုက်ပြီး ကျောက်ဝမ်ရှန်းနှင့် ကျောက်ဝမ်ယွဲ့တို့ မောင်နှမနှစ်ယောက်ကိုတော့ အပြင်သို့ ဖမ်းဆီး ခေါ်ဆောင် သွားလိုက်ကြ၏။
မောင်နှမနှစ်ယောက် မရှိတော့သဖြင့် ခြံဝင်းသည် ရုတ်တရက် ပိုပြီးတိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
ပိုင်ရှိုးမင်က ဆွန်းမားမားဘက်သို့လှည့်ကာ သူမကို မေးလိုက်သည်။ "မင်းက မင်းတို့ သခင်မရဲ့ ရုပ်အလောင်းကို ပထမဦးဆုံး တွေ့ခဲ့ရတဲ့သူ။ ကျောက်စိမ်းဆံထိုးကို တွေ့ခဲ့လား"
ဆွန်းမားမားသည် ထိုအချိန်က မြင်ကွင်းကို ကြိုးစားအားထုတ်ကာ ပြန်လည် စဉ်းစားလိုက်၏။ ထိုအချိန်က သခင်မ၏ ခန္ဓာကိုယ်သည် သွေးများဖုံးလွှမ်းနေပြီး မိစ္ဆာကောင်ကလည်း အသက်ရှင်နေသေးသည်။
သခင်မသည် ဆံထိုးတစ်ချောင်းကို ဝတ်ဆင်ထားသည်ကိုလည်း မှတ်မိနေသေးသည်။
ဆွန်းမားမားက သေချာစွာဖြင့် ပြန်ဖြေလိုက်၏။ "ဝတ်ထားပါတယ်။ သခင်မ ဝတ်ဆင်ထားတာကို ကျွန်မ မှတ်မိတယ်။ သခင်မက အဲဒီကျောက်စိမ်းဆံထိုးကို အရမ်းသဘောကျတာလေ။ အိပ်နေတဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ အမြဲတမ်း ဝတ်ဆင်ထားတတ်တယ်"
ဤကျောက်စိမ်းဆံထိုးကြောင့် သခင်မသည် ဆုံးပါးသွားခြင်း ဖြစ်ရမည်ဟု စဉ်းစားမိလိုက်သည်တွင် ဆွန်းမားမားသည် တစ်ဖန် မျက်ရည်များကျကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်
ဆွန်းမားမား၏ စကားလုံးများက အားချန်ကို မျက်မှောင်ကြုတ် သွားရစေ၏။ သူမ ခုနက သွားကြည့်ချိန်တွင် ရှောင်လင်းရှီ၏ ခေါင်းပေါ်တွင် ကျောက်စိမ်းဆံထိုး မရှိခဲ့ချေ။
ကျောက်စိမ်းဆံထိုးက သူ့ဟာသူ ထွက်ပြေးသွားနိုင်တာလား။
သူမသည် ရုတ်တရက်ဆိုသလို အနောက်ဘက်ဈေးက ကြုံတွေ့ခဲ့ရသည့် ကိစ္စကိုစဉ်းစားမိ သွားတော့သည်။ တကယ်လို့ ရွှယ်ကျန်းမြွေကသာ ကျောက်စိမ်းဆံထိုးထဲမှာ ပုန်းအောင်းနေခဲ့မယ်ဆိုရင် သူ့အလိုလို ထွက်ပြေးသွားနိုင်တာပဲ။
ဒီအချိန်တွင် မင်ကျင့်စီး အစောင့်တစ်ဦးသည်လည်း ရောက်လာကာ သတင်းပို့လေသည်။ "လူကြီးမင်း ကျွန်တော်တို့တွေ အခန်းရဲ့အတွင်းရော အပြင်ရော ရှာပြီးသွားပါပြီ။ ဒါပေမဲ့ ကျောက်စိမ်းဆံထိုးကို ရှာမတွေ့ပါဘူး"
ပိုင်ရှိုးမင်က "အင်း" ဟု တစ်လုံးထဲသာ ပြန်ပြောလိုက်ပြီး ကျန်းခိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ကျောက်လူကြီးမင်းကို ပြန်ခေါ်လာခဲ့"
သို့ဖြင့် ကျောက်မင်သည် ပင်မခြံဝင်းထဲသို့ တစ်ဖန်ပြန်လည် ခေါ်ဆောင်ခြင်းခံခဲ့ရ၏။
"ပိုင်လူကြီးမင်း တခြားမှာကြားစရာများ ရှိသေးလို့လား" ကျောက်မင်သည် တင်းမာကာ အေးစက်စက်လေသံဖြင့် ပြန်မေးလိုက်၏။ သူသည် အပြင်လူများအပေါ် အမြဲတမ်း စိတ်သဘောထား ကောင်းမွန်သည့်သူ ဖြစ်သော်ငြားလည်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးအနေဖြင့် ယနေ့တွင် ဤသို့သော အရှုပ်အထွေး အခြေအနေမျိုး ကြုံတွေ့ရသည့်အတွက် စိတ်ထဲက ဒေါသမီးများကို ချုပ်တီးရန် ခက်ခဲနေတော့သည်။
"သခင်မကြီးရဲ့ လူသတ်မှုကို စုံစမ်းစစ်ဆေးနေတုန်းပဲ။ စုံစမ်းမှုရလဒ် မထွက်လာခင်မှာ ကျောက်လူကြီးမင်းအနေနဲ့ အိမ်တော်ထဲက လူတွေကို သေသေချာချာလေး ထိန်းချုပ်ထားပေးပါ" ပိုင်ရှိုးမင်သည် တစ်ဖက်လူ၏ မလိုလားသည့် သဘောထားကို သတိမထားမိသလို အေးအေးလူလူသာ ပြောလိုက်လေသည်။
"ပိုင်လူကြီးမင်း အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတိပေးစရာ မလိုပါဘူး"
"ကျောက်လူကြီးမင်းရဲ့ သားသမီးကတော့ နှစ်ယောက်စလုံးက ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ်။ စုံစမ်းမေးမြန်းဖို့အတွက် မင်ကျင့်စီးကို ခေါ်သွားဖို့ လိုလိမ့်မယ်"
ကျောက်မင်ကလည်း လေးလေးနက်နက် လေသံဖြင့် ပြောလာသည်။ "သိပါပြီ။ ကျွန်တော်လည်း ဒီကိစ္စကို အချိန်မရွေး စောင့်ကြည့်နေပါ့မယ်။ ပိုင်လူကြီးမင်းက တတ်နိုင်သမျှတော့ အမြန်ဆုံး စုံစမ်းစစ်ဆေးပေးပြီး ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မတရားစွပ်စွဲတာမျိုး မဖြစ်ရအောင် သေသေချာချာလေး လုပ်ပေးပါ"
စုံစမ်းစစ်ဆေးရေးသည် ခဏလောက် ယာယီပြီးဆုံး သွားခဲ့သော်ငြားလည်း အမှုကတော့ မရှင်းလင်းသေးချေ။ အကြောင်းမှာ ကျောက်စိမ်းဆံထိုးကို ရှာမတွေ့ခြင်းကြောင့်ပင်။
ကျောက်မင်ယွဲ့၏ လက်ကိုငှားကာ ကျောက်စိမ်းဆံထိုးကို ရှောင်လင်းရှီ၏လက်ထဲသို့ ပို့ပေးခဲ့သည့်သူက မည်သူဖြစ်သည်ကိုလည်း အားချန်က ဘာသည်းလွန်စမှ ရှာမတွေ့နိုင်သေးချေ။ တစ်ဖက်လူ၏ ရည်ရွယ်ချက်က မည်သို့ ရှိနေသည်ကိုလည်း အစအနပင် မသိရသေးချေ။
မင်ကျင့်စီး အစောင့်များသည် စနစ်တကျ ဆုတ်ခွာသွားကြပြီး ကျောက်မင်သည်လည်း ထွက်ခွာဖို့ရန် ပြင်ဆင်နေသည့်အချိန်တွင် အားချန်ကို နောက်ဆုံးတော့ မြင်တွေ့သွားတော့သည်။
သူက ရှေ့သို့တိုးလာကာ မျက်ခုံးများကြားထဲတွင် ကျန်ရစ်နေဆဲဖြစ်သည့် ဝမ်းနည်းသည့်ရုပ်ဖြင့် အားချန်ကို စကားလာပြောလေသည်။ "မင်းက အားချန်လား။ ဒီရက်ပိုင်းတွေမှာ မင်းရဲ့အဒေါ်က ငါ့ကို မင်းအကြောင်း ခဏခဏ ပြောပြတယ်"
အားချန်ကလည်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ့ကို နှုတ်ဆက်ဖို့ရန်အတွက် ရှေ့သို့တိုးသွားလိုက်သည်။ "ဦးလေးကို ဂါရဝပြုပါတယ်။ ဦးလေးအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်"
ကျောက်မင်က လက်အောက်ငယ်သားများ ဝိုင်းရံထားသည့် ပိုင်ရှိုးမင်၏ကျောပြင်ကို လှမ်းကြည့်လိုက်ပြီး လေးပင်စွာ သက်ပြင်းချလိုက်လေသည်။ "ငါ့မိသားစုကလည်း တကယ်ကို ကံဆိုးလှပါတယ်။ ဒီလိုအကြင်နာမဲ့၊ သစ္စာမဲ့၊ လိမ္မာသိတတ်မှုမရှိတဲ့ တိရစ္ဆာန်ကောင်ကို ပြုစုပျိုးထောင်မိတာတွေလည်း အားလုံး ငါ့အမှားပါ။ မင်းရဲ့အဒေါ်ကိုလည်း မတရားသေဆုံး ရစေခဲ့တယ်"
အားချန်၏စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားတော့၏။ ဒီဦးလေးက သူ့သား ကျောက်ဝမ်ရှန်းကို အဓိကတရားခံလို့ သတ်မှတ်ပြီး သူ့သမီး ကျောက်ဝမ်ယွဲ့ကိုတော့ အပြစ်ကင်းတဲ့သူလို့ ထင်နေတဲ့ပုံပဲ။
ခုနတုန်းက သူ ပိုင်လူကြီးမင်းကို ပြောလိုက်တဲ့ စကားကလည်း ဒီအချက်ကိုပဲ အလေးပေးပြီးတော့ ပြောသွားခဲ့တာ။
ဒါပေမဲ့ ဘေးက ရပ်ကြည့်သူ တစ်ယောက်ရဲ့ ရှုထောင့်ကကြည့်ရင် ရှောင်လင်းရှီကို အမှန်တကယ် သေဆုံးစေခဲ့တာက ကျောက်ဝမ်ယွဲ့ ပေးခဲ့တဲ့ ကျောက်စိမ်းဆံထိုးပဲ။ အဲလိုမှမဟုတ်ရင် ဆွန်းမားမားကလည်း ဒီလောက်စိတ်ထိခိုက်ပြီး သခင်မလေးကို လက်ပါမှာ မဟုတ်လောက်ဘူး။
ဒါပေမဲ့ ဦးလေးရဲ့ သဘောထားက ဘာဖြစ်လို့ တခြားသူတွေနဲ့ မတူတာလဲ။ အားချန်သည် စိတ်ထဲက သံသယများကို ဖိနှိပ်ထားကာ ပြန်ပြီးပြောလိုက်၏။ "ဒါက ဦးလေးရဲ့ အမှားမဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် အပြစ်မမြင်ပါနဲ့"
ကျောက်မင်က ခေါင်းခါပြလိုက်ပြီး သူ့အမူအရာကလည်း စိတ်ဓာတ်ကျနေဆဲပင်။
အားချန်သည် ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။ ယခုအချိန်သည် ညမထွက်ရအမိန့်ချိန် ကျော်လွန်နေပြီ ဖြစ်သော်ငြား သူမသည် ကျောက်အိမ်တော်တွင် ဆက်လက်နေထိုင်ဖို့ရန် မသင့်တော်သဖြင့် နှုတ်ဆက်စကား ပြောလိုက်တော့၏။ "ဦးလေးခွင့်လွှတ်ပါ အချိန်လည်း မစောတော့ဘူးဆိုတော့ ကျွန်မ ပြန်လိုက်ပါဦးမယ်"
ကျောက်မင်သည်လည်း အားချန်ကို ခေါ်ထားဖို့ရန်အတွက် အဆင်မပြေလှချေ။ ထိုကြောင့် သူကလည်း မတတ်သာတော့ဘဲ ခေါင်းငြိမ့်လိုက်တော့သည်။ "အိမ်တော်က အစေခံတစ်ယောက်ကို မင်းကို ပြန်ပို့ခိုင်းလိုက်ပါမယ်"
အားချန်က ငြင်းပယ်ကာ ပြောလိုက်၏။ "မလိုပါဘူး။ မင်ကျင့်စီးက လူကြီးမင်းတွေလည်း အဝေးကြီး မရောက်လောက်သေးပါဘူး။ ကျွန်မ သူတို့နဲ့ပဲအတူ လိုက်သွားလိုက်ပါမယ်"
မင်ကျင့်စီးနှင့် ချန်းဖိင်ဖန်းသည် လမ်းချင်းမတူသော်လည်း ထိုကိစ္စက အရေးတော့ မကြီးလှချေ။
"ကောင်းပြီလေ" ကျောက်မင်ကလည်း ဆို့နှစ်စွာဖြင့် ပြောလာသည်။ "မင်းရဲ့အဒေါ်ကို သင်္ဂြိုဟ်တဲ့နေ့ကျရင် လူလွှတ်ပြီးတော့ အကြောင်းကြားလိုက်ပါ့မယ်"
"ဦးလေးက နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်မ ပြန်လိုက်ပါဦးမယ်"
"သွားတော့လေ" ကျောက်မင်သည် အားချန်၏အရိပ် ပျောက်ကွယ်သွားသည့်အထိ စောင့်ကြည့်နေလိုက်ပြီးမှသာ အကြည့်လွှဲသွားတော့သည်။
သူသည် ပင်မခြံဝင်းထဲက လူများကိုတစ်ချက် ဝေ့ကြည့်ကာ ပြောလိုက်၏။ "ပင်မခြံဝင်းကို ပိတ်ထားလိုက်တော့။ ကျန်တဲ့သူတွေအားလုံး ပြန်ပြီးတော့ အနားယူလို့ရပြီ "ထိုသို့ပြောလိုက်ပြီးနောက် သူသည် ပင်မခြံဝင်းထဲတွင် မနေတော့ဘဲ စာကြည့်ဆောင်ဘက်သို့ လျှောက်သွားလိုက်တော့သည်။
အားချန်သည် အိမ်တော်ထဲက မြန်မြန်သွက်သွက်လေး လျှောက်ကာထွက်လာပြီး နောက်တွင် ကျောက်မိသားစု၏ အိမ်တံခါးဝနား အရောက်တွင်တော့ မပြန်ကြသေးသည့် မင်းကျင့်စီးက လူများကို လိုက်မီလာတော့သည်။
ပိုင်ရှိုးမင်က သူ၏မြင်းကြီးဘေးတွင် ရပ်နေကာ မြင်းပေါ်သို့ တက်တော့မည့်ဟန် ပြင်နေသည်။
အားချန်က လူအုပ်ကို ရှောင်ကွင်းကာ ရှေ့သို့ လျှောက်သွားလိုက်ပြီး သူ့နောက်က လှမ်းတားရင်း ခပ်တိုးတိုးမေးလိုက်၏။ "လူကြီးမင်းအနေနဲ့ ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးဖို့ အဆင်ပြေမလား မသိဘူးနော်"
ပတ်ဝန်းကျင်က မင်းကျင့်စီး အစောင့်များကလည်း သူမ၏စကားကို ကြားလိုက်ကြချိန်တွင် အားလုံးကအားချန်ကို အထူးတဆန်း မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြလေသည်။ မြို့တော်တွင် သူတို့၏လူကြီးမင်းကို ချစ်ခင်မြတ်နိုးကြောင်း ပြသကြသည့် အမျိုးသမီးငယ် လေးများကလည်း မနဲလှသော်ငြား ဤမျှလောက်ရဲတင်းသူကတော့ တစ်ယောက်မှ မရှိခဲ့ဖူးချေ။
"မပြေဘူး" ပိုင်ရှိုးမင်က ခြေနင်းကွင်းကိုနင်းကာ ကျွမ်းကျင်စွာဖြင့် မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး အညာအတာ ကင်းမဲ့စွာ ငြင်းပယ်လိုက်တော့သည်။
"ဒါပေမဲ့ အခု ညမထွက်ရအမိန့်အချိန် ကျော်လွန်နေပြီလေ။ လူကြီးမင်းက ကျွန်မကို ခေါ်လာပြီးတော့ အခု ဒီအတိုင်းပဲ ထားခဲ့တော့မှာလား" အားချန်သည် သူ့ကို မော့ကြည့်လိုက်ပြီး သူမ၏ ကြည်လင်တောက်ပနေသည့် မျက်ဝန်းများကလည်း မှိန်ပျပျ အလင်းရောင်ထဲတွင် ရွှန်းစိုလို့နေသည်။
ပိုင်ရှိုးမင်မှာ ဤသို့မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ သူ့ကြည့်ရတာ အချိန်မရွေး ငိုဖို့အသင့်ဖြစ်နေတဲ့ပုံပဲ။
အားချန်၏ သနားစဖွယ် ရုပ်ကလေးက ဘေးတွင်ရှိနေသည့် ကျန်းခိုင်ကို မနေနိုင်ဘဲ ထုတ်ပြောရစေတော့သည်။ "လူကြီးမင်း ဒါမှမဟုတ် ကျွန်တော် သူ့ကို ပြန်လိုက်ပို့ပေးလိုက်ရမလား"
လူကို သူ ခေါ်လာခဲ့တာလေ။ သူကပဲ ပြန်ပို့ပေးမှ အဆင်ပြေတော့မှာပေါ့။ ဟုတ်တယ်မလား။ ဘာပဲဖြစ်ဖြစ် နဂါးသွေးမြင်းရဲ့ အရှိန်နဲ့ဆိုရင် ချက်ချင်းရောက်သွားမှာပဲ။
ပိုင်ရှိုးမင်က အေးစက်စက် လှမ်းကြည့်လိုက်ကာ ကျန်းခိုင်မှာ ချက်ချင်းဆိုသလို ပါးစပ်ပိတ်ရတော့သည်။
အားချန်က ဝမ်းနည်းသည့်ရုပ်ကလေးဖြင့် ခေါင်းကို ငုံ့ထားတော့၏။ "တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ကျွန်မက ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ပြန်ရုံက တခြားမရှိတော့ဘူးပေါ့လေ"
သူမသည် ကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ဖျောက်ခနဲ အသံတချက်နှင့်အတူ ရေတစ်စက်သည် မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။
ပိုင်ရှိုးမက်၏ မြင်းဇက်ကြိုးကို ဆုပ်ကိုင်ထားသည့်လက်မှာ လျော့သွားလိုက် တင်းလာလိုက် ဖြစ်နေပြီးနောက် နောက်ဆုံးတော့ ကျန်းခိုင်ကို အမိန့်ပေးလိုက်တော့သည်။ "မင်း တခြားသူတွေကို ခေါ်ပြီးတော့ အရင်ဆုံးပြန်နှင့်တော့"
"ဟုတ်ကဲ့"
သူတို့အားလုံးသည် အလွန်အမင်း သိချင်နေကြသော်ငြားလည်း ကျန့်ရှီဖူ လူကြီးမင်း၏ကိစ္စကိုတော့ အသက်ပေးပြီး စပ်စုဝံ့ကြသူ မရှိချေ။ ထို့ကြောင့် သူတို့သည်လည်း အမိန့်ကို ရလာသည်နှင့်ချက်ချင်း လူစုခွဲကာ ထွက်သွားကြလေတော့သည်။
ပိုင်ရှိုးမင်က မြင်းပေါ်မှ ဆင်းလာကာ ကိုယ့်ဟာကိုယ် ပြန်တော့မည်ဟုဆိုသော်ငြား အချိန်တော်တော် ကြာသည်အထိ တစ်လှမ်းမှ မရွေ့ရသေးသည့် အားချန်ကို မေးလိုက်၏။ "မင်း မြင်းစီးတတ်လား"
အားချန်က ချက်ချင်း ကိုယ်ကိုယ်လှည့်လာကာ "မြင်းစီးတော့ သင်ဖူးပါတယ်။ ဒါပေမဲ့ အမြန်ကြီးတော့ မစီးရဲဘူး"
"မြင်းပေါ်တက်"
အားချန်သည် ရှေ့သို့ တိုးသွားသော်ငြားလည်း နဂါးသွေးမြင်းက အလွန်မြင့်မားနေသည့်အတွက် သူမမှာ အချိန်တော်တော်ကြာအောင် ကြိုးစားလိုက်သော်ငြား မြင်း၏ကျောပေါ်သို့ မတက်နိုင်ခဲ့ချေ။ နဂါးသွေးမြင်းသည် နှာမှုတ်လိုက်သည်တွင် သူမကို လှောင်ပြောင်နေသကဲ့သို့ ရှိနေတော့၏။
အားချန်၏ခန္ဓာကိုယ်က မြင်း၏ကိုယ်ပေါ်တွင် တွဲလောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ ပိုင်ရှိုးမင်မှာ နောက်ဆုံးတော့ သနားကြင်နာမှုဖြင့် လက်ကိုဆန့်ပြီး သူမ၏ခါးကို ထိန်းပေးရင်း မြင်းကျောပေါ်သို့ တွန်းတင်ပေးလိုက်ရတော့သည်။
အားချန်သည် မြင်းပေါ်သို့ ရောက်သွားသော်ငြားလည်း ပိုင်ရှိုးမင်ကတော့ သူမနှင့်အတူ မစီးဘဲ အောက်ဘက်မှနေကာ မြင်းကိုဆွဲသွားတော့သည်။
မြင်းခွာသံများသည် အဆက်မပြတ် ထွက်ပေါ်လာပြီး နဂါးသွေးမြင်း၏ သွားနှုန်းမှာ မနှေးလှသော်ငြား မြင်းဆွဲနေသည့် ပိုင်ရှိုးမင်ကတော့ အေးဆေးသက်သာစွာ လမ်းလျှောက်နေသကဲ့သို့ပင်။
ကျောက်အိမ်တော်၏ နယ်နိမိတ်မှ ထွက်ခွာလာပြီးနောက် လမ်းမပေါ်တွင် လူတစ်ယောက်မှ မတွေ့ရတော့ချေ။ လမ်းတလျှောက်တွင် မီးထွန်းထားသည့် မီးအိမ်လေးတစ်ခုကိုသာ တွေ့ရလေသည်။ ပတ်ဝန်းကျင်တွင် မြင်းခွာသံမှလွဲလျှင် လေသံများကိုသာ ကြားနေရ၏။
နဂါးသွေးမြင်းသည် အချိန်အတော်ကြာ လမ်းလျှောက်လာပြီးမှ အားချန်ကလည်း သွေးတိုးစမ်းကာ မေးလိုက်၏။ "လူကြီးမင်း"
"ဘာကိစ္စလဲ"
သူမက မေးလိုက်သည်။ "တကယ်လို့ ကျောက်မောင်နှမ နှစ်ယောက် ပြောတဲ့စကားက အမှန်ပဲဆိုရင် သူတို့တွေကို ဘယ်လိုအပြစ်ဒဏ်မျိုး ပေးမှာလဲ"
"ကျောက်ဝမ်ရှန်းကတော့ တခြားလူတွေကို ထိခိုက်အောင်လုပ်ဖို့ မိစ္ဆာကို အသုံးပြုခဲ့တဲ့အတွက် ထောင်ဒဏ် အနည်းဆုံး ငါးနှစ်လောက်တော့ ကျခံရမှာပေါ့"
"ကျောက်ဝမ်ယွဲ့ ကြတော့ရော။ သူလည်း အတူတူပဲ မဟုတ်ဘူးလား"
"သူ့ကို အပြစ်ပေးဖို့ဆိုရင်တော့ ဆိုင်ပိုင်ရှင်ကို ဖမ်းမိတဲ့အထိ စောင့်ရလိမ့်မယ်။ တကယ်လို့ သူက အသုံးချခံရတာဆိုရင်တော့ အပြစ်က ပိုပြီးပေါ့ပါးသွားလိမ့်မယ်"
"တကယ်လို့ ဆိုင်ရှင်ကို ရှာမတွေ့ဘူးဆိုရင်ရော" အားချန်သည် ခဏလောက် ရပ်ပြီးမှ ဆက်ပြောလိုက်၏။ "တကယ်လို့ ကျောက်စိမ်းဆံထိုးကိုတောင် ရှာမတွေ့ဘူးဆိုရင် သူက ဘာအပြစ်ဒဏ်မှ ခံရမှာမဟုတ်တော့ဘူးပေါ့ ဟုတ်လား"
မင်ကျင့်စီးက သက်သေကို ရှာမတွေ့ခဲ့လျှင် ကျောက်ဝမ်ယွဲ့သည် သူမ၏ထွက်ဆိုချက်ကို အချိန်မရွေး ပြောင်းလဲပစ်နိုင်ပေသည်။ သူမသည် ထိုကိစ္စကို စဉ်းစားမိနိုင်မှာ မဟုတ်သော်ငြား ကျောက်မင်ကတော့ စဉ်းစားမိပေလိမ့်မည်။
"ဖြစ်နိုင်ပါတယ်"
အားချန်သည် ကျောက်မင်၏တခြားသူများနှင့် မတူသည့် စိတ်သဘောထားကို ရုတ်တရက် သဘောပေါက်သွားတော့၏။ ကျောက်ဝမ်ရှန်းသည် ထောင်ဒဏ်ငါးနှစ် ကျခံရမည်ဖြစ်ကာ သူ့ဘဝသည်လည်း ပျက်စီးသွားပြီဖြစ်သည်။ သူသည် ကျောက်အိမ်တော်၏ စွန့်ပစ်ခံတစ်ယောက် ဖြစ်သွားပေမည်။ သို့သော်ငြား ကျောက်ဝမ်ယွဲ့ကတော့ တန်ဖိုးရှိနေသေးသည့်အတွက် ကျောက်မင်က ထိုသို့စကားကို ပြောဆိုခဲ့ခြင်းသာဖြစ်မည်။
"ကျွန်မ အထင်တော့ ဦးလေးက အဒေါ်သေဆုံးမှုကြောင့် သားသမီး နှစ်ယောက်စလုံးကို ဒေါသထွက်လိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ရလဒ်က ကျွန်မ ထင်ထားတာနဲ့ မတူဘူးဖြစ်နေတယ်။ ဦးလေးက ကျွန်မကို ပေးနေတဲ့ ခံစားချက်က အဒေါ်ပြော ခဲ့တဲ့စကားတွေနဲ့ လုံးဝကို ကွဲပြားနေတယ်"
အားချန်က တိုးတိုးလေး ပြောလိုက်၏။
ဒီအချိန်တွင် သားသမီးနှစ်ယောက်အကြား သူတို့၏အကျိုးအမြတ်ပေါ် မူတည်ပြီးတော့ ခွဲခြားဆက်ဆံနိုင်သေးသည်ကို မြင်နိုင်လေရာ ရှောင်လင်းရှီ၏မျက်လုံးထဲက ထိုလူကောင်းဆိုသူသည် အမှန်တကယ်ပင် ရှိနေသည်လား။ သို့မဟုတ် ဖန်တီးထားသည့် လိမ်ညာမှုတစ်ခုလေလားဟု သံသယဝင်လာမိတော့၏။
ပိုင်ရှူးမင်၏နှုတ်ခမ်းကလည်း ကွေးတက်သွားတော့သည်။ "မင်းကြည့်ရတာ မင်းရဲ့အဒေါ်ထက် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ပုံပဲ"
သူ့စကားလုံးများက ရှောင်လင်းရှီ အပေါ်ထားသည့် ကျောက်မင်၏ နက်ရှိုင်းလှသည့်ချစ်ခြင်းမှာ ထင်သလောက် ရိုးသားနေသည် မဟုတ်ဟု အားချန်၏ခန့်မှန်းချက်ကို အတည်ပြုပေးနေသည်မှာ သိသာနေသည်။
"ဖြစ်နိုင်တာကတော့ အသည်းနှလုံးမရှိတဲ့သူတွေကို အများကြီး တွေ့ခဲ့ဖူးလို့ နေမှာပါ။ ဒီလောကကြီးထဲမှာ ရိုးသားဖြူစင်တဲ့.လူကောင်းဆိုတာမျိုး ရှိသေးတယ်လို့ ကျွန်မတော့ မယုံချင်တော့ဘူး" အားချန်၏အသံက လှောင်ပြောင် သရော်မှုများ ပါဝင်လို့နေသည်။
ရှောင်လင်းရှီက ကံကောင်းတာလား။ ကံဆိုးတာလား မသိတော့ဘူး။ အနည်းဆုံးတော့ သူ မသေခင်နောက်ဆုံးအချိန်မှာ ဒီအလိမ်အညာက ပေါ်ပေါက်မသွားခဲ့ဘူးလေ။
ပိုင်ရှိုးမင်က ကိုယ်ကိုလှည့်လာကာ "မင်းရော တစ်ယောက်ယောက်ရဲ့ လိမ်ညာခံခဲ့ဖူးတာလား"
အားချန်က တအံ့တဩ ဖြစ်သွားကာ ပြုံးလိုက်တော့၏။ "လူကြီးမင်းက ရယ်စရာ ပြောနေပါပြီ။ ကျွန်မက ဒီအတိုင်း မှတ်မိသွားတာပါ ... ကျင့်ယန်မြို့စားကိုလေ။ ကျွန်မအမေ မဆုံးခင်တုန်းကလည်း သူ ကဦးလေးလိုပဲ အချစ်ကြီးတဲ့သူ တစ်ယောက် မဟုတ်လား"
အားချန်သည် တစ်ဖက်လူက တစ်ခုခု ပြောလာလိမ့်မည်ဟု ထင်လိုက်သည့်အချိန်မှာပင် ပိုင်ရှိုးမင်က ထုတ်ပြောလာခဲ့၏။ "ရောက်ပြီ"
အမှန်ပင် ချန်းဖိင်ဖန်းသို့ ရောက်ရှိနေပြီဖြစ်၏။ သို့သော်ငြား မီးမထွန်းထားသည့်အတွက် အားချန်မှာ တံခါးကိုပင် မမှတ်မိသလို ဖြစ်သွားတော့သည်။
သူမသည် မြင်းဇက်ကြိုးကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး မြင်းပေါ်မှနေ၍ ဖြည်းဖြည်းချင်း လျောဆင်းလာခဲ့သည်။ သေသေချာချာလေး ရပ်လိုက်နိုင်ပြီးမှ ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "ဒီနေ့ည ကျွန်မကို အိမ်ပြန်ပို့ပေးတဲ့အတွက် လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"
ပိုင်ရှိုးမင်ကတော့ ဝတ်ကျေတမ်းကျေ "အင်း" ဟု တစ်ချက် ပြောလိုက်ပြီးနောက် မြင်းပေါ်သို့ ခုန်တက်သွားလေသည်။
သူက မြင်ခေါင်းကိုလှည့်ကာ ထွက်ခွာတော့မည်ပြင်လိုက်စဉ်တွင် အားချန်၏ အသံကို ထပ်ကြားလိုက်ရ၏။ "ဒီနေ့က ကျွန်မ လူကြီးမင်းနဲ့တွေ့တာ တတိယအကြိမ်နော်"
ပိုင်ရှိုးမင်သည် သူမ ဆက်ပြောမည့်စကားကို သိနေနှင့်ပြီးသား ဖြစ်ကာ သူမ ဆက်ပြောလာမည့်စကားကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေမိသည့်အတွက်ကို ကိုယ့်ဟာကိုယ် အံ့ဩမိသွားတော့သည်။
"ကျွန်မ လူကြီးမင်းရဲ့ နာမည်ကို တကယ်ပဲ သိခွင့်မရနိုင်ဘူးလား" သူမသည် သူ့ကို မျှော်လင့်တကြီး လှမ်းကြည့်နေ၏။
"ငါ့ရဲ့နာမည်က လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘူး။ မင်း ဘယ်သူ့ကိုမဆို မေးလို့ရတယ်"
"ဒါပေမဲ့ ကျွန်မကတော့ လူကြီးမင်းကိုယ်တိုင် ပြောတာကို ကြားချင်လို့ပါ"
"မင်းရဲ့တောင်းဆိုချက်က တော်တော်လေးများပါလား"
အားချန်ကလည်း မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်ကာ ဇွဲကြီးစွာဖြင့် သူ့ကို မော့ကြည့်လို့နေသည်။ အမှောင်ထဲတွင် သူမသည် သူ၏ပုံရိပ်ကိုသာ မြင်နေ၏။ သို့သော်ငြား သူမ၏သေးငယ်လှသည့် အမူအရာတိုင်းကတော့ ပိုင်ရှိုးမင်၏ မျက်လုံးထဲတွင် ရှင်းရှင်းလင်းလင်း ထင်ဟပ်လို့နေသည်။
"...ပိုင် ရှိုး မင်"
မြင်းခွာသံများက သူ့အသံကို ဖုံးလွှမ်းသွားလုနီးပါးပင်။
...