အစ်မအတွက် အမွှေးတိုင်တစ်တိုင် လာထွန်းပေးတာ
Vol. 2 Ch. 17
အရင်တုန်းက ကျင့်ယန်မြို့စားက ရွှဲရှီကို လက်ထပ်ပြီး သူ့ရဲ့ သားသမီးနှစ်ယောက်ကို လူတွေနဲ့ မိတ်ဆက်ပေးတုန်းကလည်း အခု ကျောက်မင်လိုပဲ။ မျက်လုံးထဲမှာ အစွမ်းကုန် ချုပ်တည်းထားတဲ့ ဂုဏ်ယူဝံ့ကြွားမှုမျိုး ရှိနေခဲ့တယ်။ ဖြစ်နိုင်တာကတော့ သူ့ရဲ့သားအရင်းက အစစအရာရာ ထူးချွန်တယ်လို့ ထင်နေလို့ နေမှာပေါ့။ ကံဆိုးတာက အဲ့ဒီတုန်းက ကျိချန်က ဒါတွေကို နားမလည်ခဲ့ဘူး။
ယနေ့ ဤနေရာတွင် ထိုင်နေသော အားချန်ကတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့လေသည်။
မတူညီသည့်အချက်မှာ ကျင့်ယန်မြို့စားသည် မရှက်မကြောက်ဘဲ လူများကို အိမ်သို့ တိုက်ရိုက်ခေါ်ဆောင်လာခဲ့သည်။ အပြင်လူများ မည်သို့ပင် ပြောပြောကြစေကာမူ သူ၏ ဂုဏ်ပုဒ်နှင့် အဆင့်အတန်းသည် ထိုကောလာဟလများကို ဖိနှိပ်ထားရန် လုံလောက်ခဲ့၏။
ကျောက်မင်ကတော့ အဂတိလိုက်စားမှု စစ်ဆေးရေးအရာရှိတစ်ဦး ဖြစ်လေသည်။ အကယ်၍ သူ၏ကိုယ်ကျင့်တရားတွင် ချို့ယွင်းချက် ရှိနေသည်ဟု တစ်စုံတစ်ယောက်၏ အပြစ်ရှာခြင်းကို ခံရပါက ရာထူးပင် ဆက်လက်ထမ်းဆောင်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဤသို့သော ဇာတ်လမ်းမျိုးကို ဖန်တီးခဲ့ခြင်း ဖြစ်၏။
ယနေ့ ကျောက်လောင်ထိုက်ထိုက်၏ ဤစကားများသည် ကြိုတင်စဉ်းစားထားပြီးသား ဖြစ်ဟန်တူပြီး ကျောက်ဝမ်ချီက မည်သူမည်ဝါဖြစ်ကြောင်းကို အခွင့်ကောင်းယူကာ အတည်ပြုလိုခြင်း ဖြစ်ပေလိမ့်မည်။
ရှောင်လင်းရှီ၏ နာရေးအခမ်းအနားတွင် သူမအတွက် သားတစ်ယောက်ကို အလျင်စလို မွေးစားပေးခြင်းသည် အခြားသူများ၏ အမြင်တွင် ကျောက်လူကြီးမင်းက ကွယ်လွန်သူဇနီးအပေါ် အလွန်ချစ်ခင်လေးနက်ကြောင်း ချီးကျူးစကားပြောစေလိမ့်မည်။
အားချန်ကို အံ့ဩစေသည်မှာ ကျောက်ဝမ်ယွဲ့သည် အခွင့်ကောင်းယူကာ အနှောင့်အယှက်မပေးခဲ့ခြင်းပင် ဖြစ်၏။ ကျောက်ဝမ်ယွဲ့၏ စရိုက်လက္ခဏာအရ သူမ၏ဖခင်ကို ဤမျှလောက် နားလည်ပေးလိမ့်မည်ဟု သူမကတော့ မထင်မိပေ။ ဖြစ်နိုင်သည်မှာ လုံလောက်သော အကျိုးအမြတ်များ ရရှိခဲ့သည့်အတွက် ဤမွေးစားခြင်းကို သဘောတူညီခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အိမ်တော်အတွင်းက တစ်ခုတည်းသော မတည်ငြိမ်သည့်အချက်ကို ဖြေရှင်းပြီးသည့်နောက် ကျောက်ဝမ်ချီ၏ မွေးစားခြင်းကိစ္စသည်လည်း ဆွေမျိုးများအကြားတွင် တရားဝင်ဖြစ်သွားခဲ့ပြီဖြစ်၍ ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။
အားချန်သည် လူအများ၏ ချီးကျူးခြင်းကို ခံနေရပြီး တက်ကြွလန်းဆန်းနေသော ကျောက်ဝမ်ချီကို ကြည့်ရင်း ဆယ်ရက်ကျော်ခန့်က မိမိ၏ဗိုက်ကိုပွေ့ပိုက်ကာ မျှော်လင့်တကြီး ဖြစ်နေခဲ့သော ရှောင်လင်းရှီကို ပြန်လည်သတိရလိုက်မိသည်။ လူသားတွေဟာ တကယ်ပဲ သံယောဇဉ်နည်းကြတာပဲ။
သူမသည် ကျောက်ဝမ်ချီကို အဆက်မပြတ် ကြည့်နေရင်း သူက မိမိဘက်သို့ အခါကိုလျော်စွာ လှမ်းကြည့်နေသည်ကို သတိပြုမိလိုက်၏။ သူက တစ်စုံတစ်ယောက်ကို ကြည့်နေဟန်တူသည်။
အားချန်သည် ဘေးဘယ်ညာသို့ လှည့်ကြည့်လိုက်ရာ ကျောက်အိမ်တော်က ဆွေမျိုးများအကြားတွင် အသက် ၃၀ဝန်းကျင် အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရ၏။ ထိုအမျိုးသမီးသည် ရိုးရှင်းစွာ ဝတ်စားထားသော်လည်း အလွန်သပ်ရပ်လှပစွာ ပြင်ဆင်ထားလေသည်။ သူမ ဝတ်ဆင်ထားသော ကျောက်စိမ်း လက်ဝတ်ရတနာ တစ်စုံသည်လည်း အလွန် တန်ဖိုးကြီးမားလှဟန်တူသည်။
ဤအမျိုးသမီး၏ နေရာသည် အားချန်နှင့် မဝေးလှပေ။ ကျောက်ဝမ်ချီက လှမ်းကြည့်လိုက်တိုင်း ထိုအမျိုးသမီးသည် သူ့ကို နှစ်သိမ့်ပေးသည့်အနေဖြင့် ပြုံးပြလေ့ရှိ၏။
“အိမ်တော်မှာ စားသောက်ပွဲ ပြင်ဆင်ထားပြီးပါပြီ။ အားလုံးပဲ နေရာယူကြပါ” ဆွေမျိုးများအားလုံး၏ စပ်စုလိုစိတ်များ ပြေပျောက်သွားမှသာ ကျောက်မင်က အစေခံများကို လူအများကို စားပွဲတွင် နေရာချထားပေးရန် အမိန့်ပေးလိုက်သည်။
အားချန်သည် ထိုအမျိုးသမီးငယ်၏ အနီးတွင် တမင်တကာ ဝင်ထိုင်လိုက်၏။ သူမသည် တစ်ဖက်လူနှင့် စကားမပြောခဲ့သော်လည်း စားပွဲတစ်ဝိုင်းတည်းရှိ အခြားသူများ၏ စကားများကတစ်ဆင့် တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိလိုက်ရလေသည်။
ဤအမျိုးသမီး၏ မျိုးရိုးအမည်မှာ စူး ဖြစ်ပြီး ကျောက်လောင်ထိုက်ထိုက်၏ အဝေးက ဆွေမျိုးတစ်ဦး ဖြစ်လေသည်။
ကြားရသည်မှာ သူမသည် ငယ်စဉ်က အဝေးသို့သွားရောက်ပြီး ကုန်သည်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သွားရောက်နေထိုင်ခဲ့ကာ ၂နှစ်မပြည့်မီမှာပင် ခင်ပွန်းသည် မတော်တဆ သေဆုံးသွားခဲ့သည်ဟု ပြော၏။ သူမတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည့်အတွက် ရှန့်ကျင်းသို့ ပြန်လည်၍ အသက်မွေးဝမ်းကျောင်းပြုရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ငယ်ရွယ်လှပသော မုဆိုးမတစ်ဦးဖြစ်ပြီး ငွေအမြောက်အများလည်း ပိုင်ဆိုင်ထားသည့်အတွက် စားပွဲသို့ ရောက်သည်လာနှင့် တစ်စုံတစ်ယောက်က သူမကို နောက်အိမ်ထောင်ပြုရန် အစီအစဉ်ရှိမရှိ စမ်းသပ်မေးမြန်းကာ သူမအတွက် လူရှာပေးနိုင်ကြောင်း ပြောသည်မှာ အံ့ဩစရာမရှိပေ။
စူးဖူးရန်သည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြတ်ပြတ်သားသား ငြင်းပြောလိုက်လေသည်။
စားသောက်ပွဲ ပြီးဆုံးသောအခါ လူအများသည် နှစ်ယောက်တစ်စု၊ သုံးယောက်တစ်ဖွဲ့ နှုတ်ဆက်ထွက်ခွာသွားကြပြီး မနက်ဖြန် ရှောင်လင်းရှီ၏ နာရေးအခမ်းအနားကျမှသာ ပြန်လည်လာရောက်ကြမည် ဖြစ်၏။
အားချန်သည် နောက်ဆုံးတွင် ကျန်ရစ်ခဲ့ပြီး စူးဖူးရန်သည်လည်း အလျင်စလို ထွက်ခွာသွားခြင်းမရှိသည်မှာ အံ့ဩစရာပင်။
ကျောက်လောင်ထိုက်ထိုက်သည် စားသောက်ပြီးနောက် သားနှင့်မြေးတို့က တွဲထူပေးလိုက်ပြီး ထွက်လာချိန်မှသာ စူးဖူးရန်သည် ထရပ်လိုက်ပြီး သူတို့ထံသို့ လျှောက်သွားလေသည်။
ကျောက်လောင်ထိုက်ထိုက်က စူးဖူးရန်ကို တွေ့သောအခါ မျက်နှာသည် ချက်ချင်းပင် အပြုံးများဖြင့် ပြည့်နှက်သွားသည်။ “အားယောင် မဟုတ်လား။ အိမ်တော်ကို ရောက်နေတာတောင် ငါ့ကို တစ်ခွန်းက မပြောဘူး။ ငါနဲ့ စိမ်းကားသွားပြီလား”
စူးဖူးရန်သည် အလျင်အမြန် ပြုံးကာ ရှင်းပြလိုက်သည်။ “အဒေါ်ကလည်း ဘာတွေပြောနေတာလဲ၊ အခု အဒေါ့်ကို တွေ့ဖို့ လာခဲ့တာပဲလေ”
ကျောက်လောင်ထိုက်ထိုက်သည် စူးဖူးရန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ “လာရင် ပြီးတာပဲ။ ငါ အခုပဲ လူလွှတ်ပြီး ခြံဝင်းကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်မယ်။ အားယောင် ဒီတစ်ခေါက်တော့ အိမ်တော်မှာ ရက်အနည်းငယ်လောက် ပိုနေပြီး ငါနဲ့ စကားစမြည် များများပြောရမယ်”
“ဒါက…” စူးဖူးရန်၏ မျက်နှာပေါ်တွင် အနည်းငယ် အခက်တွေ့နေဟန် ပေါ်လာ၏။
ကျောက်လောင်ထိုက်ထိုက်၏ ဘေးတွင် ရပ်နေသော ကျောက်မင်သည် ထိုအချိန်တွင် ဝင်ပြောလိုက်၏။ “အမေက ဒီရက်ပိုင်းတွေမှာ ကျန်းမာရေး သိပ်မကောင်းဘူး။ တကယ်လို့ ပြောင်မေ့ အဆင်ပြေမယ်ပြောရင် အိမ်တော်မှာပဲ နေပြီး အမေ့ကို အဖော်ပြုပေးပါဦး”
“ဒါဆိုရင်တော့ မငြင်းတော့ပါဘူး” စူးဖူးရန်သည် ကျောက်မင်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို အလျင်အမြန် ပြန်လွှဲထားလိုက်၏။
ကျောက်ဝမ်ချီသည် စူးဖူးရန် နေထိုင်မည်ကို ကြားသောအခါ မျက်နှာပေါ်က စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ သူမ၏ ဘေးပတ်လည်တွင် လှည့်ပတ်နေလေသည်။ စူးဖူးရန်သည် လက်ကိုဆန့်ကာ သူ၏မျက်နှာကို ပွတ်သပ်ပေးလိုက်ရာ မျက်လုံးများမှာ နူးညံ့လှ၏။
အခြားသူများ၏ အမြင်တွင် အလွန်သာမန်ဖြစ်သော ဤမြင်ကွင်းသည် အားချန်ထံသို့ ရောက်သောအခါတွင်တော့ သံသယအားလုံးကို ဖြေရှင်းပေးနိုင်သော သော့တစ်ချောင်း ဖြစ်သွားလေသည်။
ကျောက်အိမ်တော်က လူအချို့နှင့် စူးဖူးရန်တို့သည် အတူတကွ ထွက်ခွာသွားကြ၏။ ကျောက်ဝမ်ချီသည် ဘေးတွင် ခုန်ပေါက်ပြေးလွှားနေပြီး ကလေးငယ်တို့၏ အပြစ်ကင်းစင်မှုကို နောက်ဆုံးတွင် ပြသနိုင်ခဲ့လေပြီ။ ဤသို့သော မြင်ကွင်းသည် နွေးထွေးပြီး သဟဇာတဖြစ်လှကာ သူတို့မှသာ မိသားစုတစ်စုအဖြစ် ရှိနေသကဲ့သို့ပင်။
သူတို့အားလုံးသည် နာရေးခန်းမဆောင်၏ ခေါင်းတလားထဲတွင် လဲလျောင်းနေသော ဤအိမ်တော်၏ မူလသခင်မကို မေ့လျော့သွားကြဟန်တူသည်။
ညဉ့်နက်သန်းခေါင်ယံ နာရေးအခမ်းအနားခန်းမအတွင်းတွင်…
ပူဇော်ပွဲခုံပေါ်တွင် လက်မောင်းလုံးခန့်တုတ်သော အဖြူရောင် ဖယောင်းတိုင်များသည် တောက်လောင်နေပြီး နာရေးခန်းမဆောင်ကို လင်းထိန်စေလျက်ရှိ၏။ ကျောက်ဝမ်ယွဲ့သည် နူးညံ့သောထိုင်ဖုံပေါ်တွင် ဒူးထောက်ထိုင်နေပြီး အမူအရာကတော့ အနည်းငယ် စိတ်မရှည် ဖြစ်နေလေသည်။
ယခုအချိန်သည် ည ၁၀နာရီခန့် ရှိနေပြီဖြစ်ပြီး ကျောက်ဝမ်ချီကိုတော့ ကျောက်လောင်ထိုက်ထိုက်က အသက်ငယ်သေးသဖြင့် စောစောအိပ်ရမည်ဟု ပြောကာ ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။ သူမကတော့ နာရေးခန်းမဆောင်တွင် ညလုံးပေါက် စောင့်ဆိုင်းနေရ၏။
ကျောက်ဝမ်ယွဲ့သည် ဤနေရာတွင် နေချင်စိတ်မရှိပေ။ ခေါင်းတလားထဲတွင် သူမ၏မိခင်၏ ရုပ်အလောင်းရှိနေသည်ကို တွေးမိသည်နှင့် တစ်ကိုယ်လုံး မလုံမလဲဖြစ်လာပြီး သူမ၏မိခင်က သူမကို စိုက်ကြည့်နေသည်ဟု အမြဲတစေ ခံစားနေရ၏။
နောက်ထပ် နာရီဝက်ခန့် ကြာသောအခါ နာရေးခန်းမဆောင် အပြင်ဘက်က ခြေသံများ ရုတ်တရက် ထွက်ပေါ်လာရာ ကျောက်ဝမ်ယွဲ့သည် အလွန်လန့်ဖျပ်သွားပြီး မျက်နှာပင် ပြောင်းလဲသွားလေသည်။
လူဝင်လာပြီးနောက် ရောက်လာသူကို ရှင်းရှင်းလင်းလင်း မြင်တွေ့မှသာ သူမသည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချနိုင်ခဲ့သည်။ “အဖေ ဘယ်လိုလုပ် ရောက်လာတာလဲ”
ကျောက်မင်က ရှေ့သို့တိုးကာ ကျောက်ဝမ်ယွဲ့ကို ထိုင်ဖုံပေါ်က ထူပေးလိုက်ပြီး နူးညံ့သောလေသံဖြင့် ပြော၏။ “သမီးလည်း တစ်နေကုန် ပင်ပန်းနေပြီ။ ဒီည ကောင်းကောင်း အနားယူတော့။ အဖေ ဒီမှာ သမီးအမေကို စောင့်ပေးလိုက်မယ်”
“ကျေးဇူးတင်ပါတယ် အဖေ” ကျောက်ဝမ်ယွဲ့သည် အလျင်စလို ထရပ်လိုက်ရာ ခြေထောက်များ ထုံကျဉ်နေသည့်အတွက် ထလိုက်ချိန်တွင် ယိုင်သွားလေသည်။
“ဖြည်းဖြည်းလုပ်” ကျောက်မင်သည် လက်အားကို အနည်းငယ်သုံး၍ လူကို ထိန်းပေးလိုက်ပြီး မှာကြားလိုက်လေသည်။ “သမီးလည်း အရွယ်ရောက်နေပြီ။ ဒီသုံးလကျော်သွားရင် ရွှဲအိမ်တော်က လာပြီး စေ့စပ်ကြောင်းလမ်းတော့မှာ။ တည်တည်ငြိမ်ငြိမ် နေရမယ်”
“သိပါပြီ။ အဖေက သမီးအပေါ်မှာ အကောင်းဆုံးပါပဲ” သူမသည် ထိုသို့ ပြောသလို ထိုသို့ပင် တွေးထင်နေ၏။
သူမ၏ဖခင်တစ်ဦးတည်းသာ သူမကို သနားကြင်နာပြီး သူမ ဘာလိုချင်သည်ကို သိရှိလေသည်။ မိခင်ကဲ့သို့ သူမအတွက် ကောင်းစေချင်သည်ဟု ပြောသော်လည်း မိမိကိုယ်တိုင်အတွက်သာ ဖြစ်နေသည်မျိုး မဟုတ်ပေ။
သူမသည် ကျောက်လောင်ထိုက်ထိုက်ကို သိပ်မကြိုက်သော်လည်း ထိုအဘွားအို၏ စကားတစ်ခွန်းကတော့ မှန်ကန်လှ၏။ သူမ၏မိခင်သည် တစ်ကိုယ်ကောင်းဆန်သူတစ်ဦးသာ ဖြစ်သည်။
ယခု အိမ်တော်တွင် သူမ၏မိခင် မရှိတော့သည့်အခါ အတော်အတန် တိတ်ဆိတ်ငြိမ်သက်သွားပြီး အနည်းဆုံးတော့ အစစအရာရာ လိုက်လံထိန်းချုပ်မည့်သူ မရှိတော့ပေ။
သမီးဖြစ်သူ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ကျောက်မင်သည် ကိုင်းညွှတ်ကာ ငွေစက္ကူတစ်ထပ်ကို ယူလိုက်ပြီး မီးဖိုအနီးတွင် ဆောင့်ကြောင့်ထိုင်ကာ ငွေစက္ကူများကို တစ်ရွက်ပြီးတစ်ရွက် အတွင်းသို့ ပစ်ထည့်လိုက်သည်။
ငွေစက္ကူများသည် မီးတောက်များထဲတွင် မည်းနက်သွားပြီးနောက် နောက်ဆုံးတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားလေသည်။ မီးဖိုထဲက ခုန်ပေါက်နေသော မီးတောက်များသည် ကျောက်မင်၏ မျက်နှာပေါ်တွင် လင်းတစ်ချက် မှိန်တစ်ချက် ထင်ဟပ်နေ၏။
“ချောင်ညန်၊ အစတုန်းက မင်းကို လက်ထပ်ရခဲ့တာ ငါ အရမ်းပျော်ခဲ့တယ်။ မင်းအပေါ် တစ်သက်လုံး ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်လို့လည်း တွေးခဲ့ဖူးတယ်။ မင်းက နာမည်ပျက်လို့ ငါ့ကို မဖြစ်မနေ လက်ထပ်ခဲ့ရတာ ဖြစ်နေရင်တောင်မှပေါ့”
ကျောက်မင်၏ အသံသည် အလွန်တိုးညှင်းနေပြီး ရှောင်လင်းရှီ တစ်ခါမျှ မသိခဲ့သော အဖြစ်မှန်ကို ဖွင့်ဟပြောပြောနေလေသည်။
“ဒါပေမဲ့ မင်းက အိမ်တော်ရဲ့ အရှိန်အဝါကို အားကိုးပြီး ငါ့မိဘတွေကို အထင်သေးတယ်။ ငါ့မျက်နှာကိုတောင် မထောက်ဘဲ သူတို့ကို မောင်းထုတ်ခဲ့တယ်။ မင်းက ငါ့အတွက် သားတစ်ယောက် ထပ်မမွေးပေးချင်ဘူး။ ငါ့ကို မယားငယ်ယူခွင့်လည်း မပေးဘူး။ ဒါတွေအားလုံးကို ငါ သဘောတူခဲ့တယ်။ မင်းက ငါနဲ့ ပြောင်မေ့ရဲ့ မမွေးသေးတဲ့ ကလေးကို သတ်ပစ်ခဲ့တာကတော့ လုံးဝမဖြစ်သင့်တဲ့ အရာပဲ။ ငါက ပြောင်မေ့ကို အိမ်တော်ထဲ ခေါ်သွင်းဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ အဲ့ဒီကလေးက မတော်တဆ ရလာခဲ့တာလေးတစ်ခုပဲ။ မင်းက အဲ့ဒါကိုတောင် သည်းမခံနိုင်ဘဲ ငါ့ကွယ်ရာမှာ ပြောင်မေ့ကို ကလေးဖျက်ချခိုင်းခဲ့တယ်။ အဲ့ဒီကလေးက ၆လတောင် ရှိနေပြီ။ ယောက်ျားလေးတစ်ယောက်”
“ဒီနှစ်တွေအတွင်းမှာ မင်းက ငါ့ရှေ့မှာ တစ်ခွန်းက ဖွင့်မပြောခဲ့သလို ငါကလည်း ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ခဲ့တယ်။ အဲ့ဒီညက မင်း ကလေးငိုသံကြားပြီး အဲ့ဒီလောက်တောင် ကြောက်လန့်သွားတာက မကောင်းမှုလုပ်ထားလို့ စိတ်မလုံမလဲ ဖြစ်နေတာလား”
ကျောက်မင်သည် ရှောင်လင်းရှီကို စစ်မေးနေသကဲ့သို့ ရှိသော်လည်း ယခုအခါတွင် ရှောင်လင်းရှီသည် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိတော့ပေ။
ဖယောင်းတိုင်မီးသည် ရုတ်တရက် တစ်ချက်မျှ လှုပ်ခတ်သွား၏။
“ကံကောင်းချင်တော့ ကောင်းကင်ဘုံက မျက်စိရှိတယ်။ ပြောင်မေ့က ငါ့အတွက် နောက်ထပ်ကလေးတစ်ယောက် မွေးပေးခဲ့တယ်။ ငါ သူ့ကို ဝမ်ချီလို့ နာမည်ပေးခဲ့တယ်။ အဲ့ဒီကလေးက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး ကြိုးစားတယ်။ မင်း မွေးထုတ်ထားတဲ့ အသုံးမကျတဲ့ ဝမ်ရှန်းထက် အများကြီး သာတယ်”
ဤသို့ပြောပြီးနောက် ကျောက်မင်သည် တစ်ချက်ပြုံးလိုက်သည်။ “ဝမ်ရှန်းက ငါနဲ့ တစ်စက်က မတူဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ တရားဝင်သားနေရာကို ယူထားတယ်။ ငါ ကျောက်မင်ရဲ့ သားက ဘယ်လိုလုပ် ဒီလိုအသုံးမကျတဲ့ကောင် ဖြစ်နိုင်မှာလဲ။ ဝမ်ချီကို တရားဝင် အိမ်တော်မှာ နေခွင့်ရဖို့အတွက် တစ်ယောက်ယောက်တော့ စတေးခံရမှာပဲ။ မင်း ဒါကို နားလည်ပေးနိုင်မှာပါ၊ ဟုတ်တယ်မလား”
“ဒါပေမဲ့ စိတ်မပူပါနဲ့။ မင်း သေသွားရင်တောင် မင်းက ငါ့ရဲ့ ပထမဇနီးသည်အဖြစ် အမြဲတမ်း ရှိနေမှာပါ။ ဝမ်ချီကလည်း မင်းကို အမေလို့ ခေါ်ရမှာပါ”
ထိုအချိန်တွင် တံခါးအပြင်ဘက်က သေးငယ်သော အသံတစ်ခု ထွက်ပေါ်လာရာ ကျောက်မင်သည် တံခါးဝဘက်သို့ လှည့်ကြည့်ကာ လေးနက်သောလေသံဖြင့် မေးလိုက်သည်။ “ဘယ်သူလဲ။ ထွက်ခဲ့”
“ဝမ်းကွဲအစ်ကို၊ ကျွန်မပါ” စူးယောင်၏ ပုံရိပ်သည် နာရေးခန်းမဆောင် အပြင်ဘက်တွင် ပေါ်ထွက်လာ၏။ သူမ၏ကိုယ်ပေါ်တွင် အဖြူရောင်ဝတ်ရုံကို ခြုံထားသော်လည်း အောက်က နီရဲသော စကတ်စကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။
ကျောက်မင်သည် အနည်းငယ် အံ့ဩသွား၏။ သူသည် ထရပ်ကာ ရှေ့သို့လျှောက်လာရင်း စူးယောင်၏ လက်ကို မရှောင်မလွှဲ ဆုပ်ကိုင်လိုက်သည်။ “ဒီလောက်အေးတဲ့ ရာသီဥတုမှာ ဘယ်လိုလုပ် ရောက်လာတာလဲ”
“ကျွန်မ ရှင့်အတွက် စိတ်မချလို့ပါ” သူမသည် နာရေးခန်းမဆောင်ပေါ်က နာမည်ကမ္ဗည်းပြားကို တစ်ချက်ကြည့်လိုက်ပြီး “အစ်မကို အမွှေးတိုင်တစ်တိုင် လာထွန်းပေးတာပါ”
“ဘယ်လိုလုပ် အစ်မလို့ ခေါ်လိုက်တာလဲ”
ကျောက်မင်သည် သူမ၏လက်ကိုဆွဲကာ နာရေးခန်းမဆောင်ထဲသို့ ဝင်ရောက်လာ၏။ လူရှေ့တွင် မျက်လုံးချင်းပင် မဆုံခဲ့သော သူတို့နှစ်ဦးသည် လူကွယ်ရာတွင်တော့ သာမန်လင်မယားများထက်ပင် ပိုလို့ပင် ရင်းနှီး နေကြလေသည်။
“နောင်ကျရင် ချီအာကို သူ့နာမည်အောက်မှာ စာရင်းသွင်းရမှာလေ။ ထုံးစံအရတော့ ကျွန်မက အစ်မလို့ ခေါ်သင့်ပါတယ်” သူမသည် ထိုသို့ပြောရင်း သက်ပြင်းတစ်ချက်ချကာ ဝမ်းနည်းနေဟန်ဖြင့် “ကျွန်မတို့ရဲ့ ပထမဆုံးကလေးသာ ရှိနေသေးရင် ချီအာလိုပဲ ဉာဏ်ကောင်းနေလောက်ပြီ”
“အားလုံး ပြီးသွားပါပြီ” ကျောက်မင်က နူးညံ့သောလေသံဖြင့် နှစ်သိမ့်ပေး၏။
စူးယောင်သည် အမှန်တကယ်ပင် ရှေ့သို့တိုးကာ အမွှေးတိုင်သုံးတိုင် ထွန်းညှိလိုက်သော်လည်း အမွှေးတိုင်ခွက်ထဲသို့ မထည့်မီမှာပင် ကျောက်မင်က ယူကာ မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။
“အမွှေးတိုင် မထွန်းပါနဲ့တော့။ သူက မင်းရဲ့ အစ်မ မဖြစ်ထိုက်ပါဘူး”
စူးယောင်သည် သက်ပြင်းတစ်ချက် ချလိုက်ကာ “သူက ကျွန်မတို့ရဲ့ ပထမဆုံးကလေးကို သတ်ခဲ့တယ်ပြောပေမယ့် အခုတော့ ချီအာက သူ့ကလေးရဲ့ နေရာကို ယူလိုက်ရပြီပြောတော့ ကံကြမ္မာရဲ့ အလှည့်အပြောင်းလို့ပဲ ပြောရမှာပေါ့”
“မင်းကိုပဲ ခဏတာ နစ်နာစေမိပြီ။ မင်းနဲ့ ချီအာရဲ့ ဆက်ဆံရေးကို လောလောဆယ် လူသိလို့ မဖြစ်သေးဘူး” ကျောက်မင်က စူးယောင်ကို သနားကြင်နာစွာ ပြော၏။
စူးယောင်က ပြုံးလိုက်သည်။ “ဝမ်းကွဲအစ်ကိုက ဘာတွေပြောနေတာလဲ။ ရှင်နဲ့ ချီအာ ကောင်းဖို့ပဲ အရေးကြီးပါတယ်။ ကျန်တာတွေက အရေးမကြီးပါဘူး။ ကျွန်မက ဂုဏ်ပုဒ်ကို အရေးမလုပ်ပါဘူး။ အရင်ကလိုပဲ ရှင့်ကို မကြာခဏ တွေ့နေရရင်ကို လုံလောက်ပါပြီ”
ကျောက်မင်သည် သူမကို ပွေ့ဖက်လိုက်ရာ စူးယောင်သည် သူ၏ပုခုံးပေါ်တွင် ခေါင်းမှီထားလိုက်သည်။
သူတို့နှစ်ဦး အပြန်အလှန် စိတ်ခံစားချက်များကို ဖွင့်ဟနေစဉ်တွင် ဆွန်းမားမားသည် တံခါးအပြင်ဘက်တွင် ရပ်ကာ ပါးစပ်ကိုပိတ်ရင်း ပွေ့ဖက်နေကြသည့် သူတို့နှစ်ဦးကို စိုက်ကြည့်နေလေသည်။
သူမသည် မူလက ကျောက်ဝမ်ယွဲ့ကို စိတ်မချချေ။ ကျောက်ဝမ်ယွဲ့က ဂရုမစိုက်ဘဲ သခင်မ၏ ညအမွှေးတိုင်ကို ပြတ်တောက်သွားစေမည်စိုးသဖြင့် လာရောက်ကြည့်ရှုခြင်း ဖြစ်သော်လည်း ဤသို့သော စကားများကို ကြားသိလိုက်ရလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
သခင်မ၏ နာရေးခန်းမဆောင်တွင် ပွေ့ဖက်နေကြသည့် သူတို့နှစ်ဦးကို ကြည့်ရင်း ဆွန်းမားမားသည် ဖြည်းညင်းစွာ နောက်သို့ဆုတ်လိုက်၏။ သူမသည် အိပ်မက်ထဲတွင်ပင် တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးသည်မှာ တစ်ချိန်က သခင်မအပေါ် အစစအရာရာ အလိုလိုက်ခဲ့သော သခင်ကြီးသည်… ဤသို့သော သစ္စာမဲ့သူတစ်ဦး ဖြစ်နေလိမ့်မည်ဟုပင်။
အပြင်ဘက်တွင် အလွန်မှောင်မိုက်နေသည့်အတွက် ဆွန်းမားမားသည် တစ်ခဏ သတိလက်လွှတ်ဖြစ်သွားပြီး ကျောက်ခဲတစ်လုံးကို ကန်မိလိုက်သဖြင့် ထိုကျောက်ခဲသည် မည်သည့်နေရာသို့ ထိမှန်သွားသည်မသိ။ ဒေါက်ခနဲ အသံတစ်ခု ထွက်ပေါ်လာလေသည်။
ကျောက်မင်က ချက်ချင်းပင် စူးယောင်ကို လွှတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဘယ်သူလဲ”
ထိုသို့ပြောရင်း အပြင်ဘက်သို့ လျှောက်ထွက်သွား၏။
ထိုအချိန်တွင် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး တံခါးကို ဘုန်းခနဲ ပိတ်ချလိုက်ရာ ကျောက်မင်၏ မျက်နှာကို ထိမှန်သွားလုနီးပါး ဖြစ်လေသည်။
ဤအခွင့်အရေးကို အသုံးချပြီး ဆွန်းမားမားသည် အလျင်အမြန် ထွက်ခွာသွားလေသည်။
ကျောက်မင်သည် တံခါးကို ကန်ဖွင့်လိုက်ချိန်တွင် တံခါးအပြင်ဘက်တွင် မည်သူမျှ ရှိမနေခဲ့ပေ။
စူးယောင်သည်လည်း ရှေ့သို့တိုးလာကာ အပြင်ဘက်သို့ ကြည့်လိုက်ပြီး ပြော၏။ “လေက တစ်ခုခုကို တိုက်သွားတာနေမှာပါ”
ခဏလောက် တွေဝေသွားပြီးနောက် သူမက ထပ်ပြော၏။ “ဝမ်းကွဲအစ်ကို၊ ကျွန်မ ကြားဖူးတာက မတရားသေဆုံးသွားတဲ့သူတွေက အိမ်တော်ကို ဒုက္ခပေးတတ်တယ်တဲ့။ စောစောက လေကလည်း တကယ်ကို ထူးဆန်းတယ်။ ရှင့်အထင်… ဖြစ်နိုင်ပါ့မလား”
ထိုသို့ပြောရင်း သူမသည် နာရေးခန်းမဆောင်ထဲတွင် ချထားသော ခေါင်းတလားကို တစ်ချက်ကြည့်လိုက်သည်။
“စိတ်မပူပါနဲ့” ကျောက်မင်က နှစ်သိမ့်ပေး၏။ “ငါ ဖိန်နန်ကျောင်းတိုက်က ကျင်းယွင် တာအိုရသေ့ကို ပင့်ဖိတ်ဖို့ လူလွှတ်ထားပြီးသား။ မနက်ဖြန်မနက်စောစော သူ ရောက်လာလိမ့်မယ်”
“ကျင်းယွင် တာအိုရသေ့လား။ သူ့ကို ပင့်ဖိတ်တာက အစ်မကို အမျှအတန်းဝေဖို့ အခမ်းအနားလုပ်ဖို့လား”
“မဟုတ်ဘူး” ကျောက်မင်သည် နာရေးခန်းမဆောင်အတွင်းက ခုန်ပေါက်နေသော ဖယောင်းတိုင်မီးကို ကြည့်ရင်း အသံသည် အလွန်အေးစက်နေ၏။ “အဲ့ဒီတာအိုရသေ့က ဝိညာဉ်ချိတ်ပိတ်တာမှာ အတော်ဆုံးပဲ။ ဝိညာဉ်ကို ခေါင်းတလားထဲမှာ ချိတ်ပိတ်ထားလိုက်ရင် နောင်ကျရင် သရဲတစ္ဆေတွေ ထွက်လာပြီး ဒုက္ခပေးမှာကို စိုးရိမ်စရာ မလိုတော့ဘူး”
လင်းရှောင်ချောင်သည် သေဆုံးပြီးနောက် အမှန်တကယ်ပင် သရဲဖြစ်သွားခဲ့လျှင်ပင် သူသည် သူမကို အနည်းငယ်မျှ ခုခံနိုင်စွမ်းရှိစေမည် မဟုတ်ပေ။
စူးယောင်သည် ထိုစကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားပြီး ပြော၏။ “ဝမ်းကွဲအစ်ကိုကတော့ တကယ်ပဲ အစစအရာရာ စဉ်းစားတတ်တာပဲ”
ကျောက်မင်သည် ပြုံးလိုက်သည်။ “နောင်ကျရင် ချီအာက အိမ်တော်မှာ နေရတော့မှာ။ နောက်နှစ်အနည်းငယ်ကြာရင် မင်းလည်း ဝင်နေရတော့မှာ။ ငါကတော့ မင်းတို့နှစ်ယောက်အတွက် အတားအဆီး အားလုံးကို ဖယ်ရှားပေးရမှာပေါ့”
...