ငါ… ဘယ်လိုလုပ်… ဒီကို… ရောက်နေတာလဲ…
Vol. 2 Ch. 19
မွန်းလွဲပြီးနောက်တွင် အားချန်သည် တံခါးကို သော့ခတ်ကာ အနောက်ဈေးသို့ ထွက်ခွာခဲ့လေသည်။
အနောက်ဈေးထဲမှ ကုန်ပစ္စည်းများသည် နေရာဒေသအနှံ့အပြားမှ လာရောက်ကြသည့်အတွက် အလွန်စုံလင်လှသော်လည်း သူမ လိုအပ်သော ပစ္စည်းများကိုတော့ ဤနေရာတွင် အလွယ်တကူ ဝယ်ယူနိုင်ရန် ခက်ခဲလှ၏။
သူမသည် မုဆိုး ဟူသည့် စာလုံးပါ ဆိုင်းဘုတ်ချိတ်ဆွဲထားသော ဆိုင်တစ်ဆိုင်ကို ရှာဖွေတွေ့ရှိခဲ့၏။ ဆိုင်မှာ မကြီးလှဘဲ အတွင်းဘက်တွင် ကုန်ပစ္စည်းများ မရှိပေ။ မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသာ ကောင်တာနောက်တွင် ပျင်းရိစွာ ထိုင်နေလေသည်။
ငယ်ရွယ်လှပသော မိန်းကလေးတစ်ဦး ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ အဘိုးအိုသည် မျက်ခွံကို ပင့်ကြည့်လိုက်သည်။ “မိန်းကလေး နေရာမှားလာတာများလား”
“ကျွန်မ ပစ္စည်းတချို့ ရှာချင်လို့ပါ” အားချန်က တိုက်ရိုက်ပင် ဆို၏။
သူမ၏စကားကို ကြားသောအခါ ထိုအဘိုးအိုသည် ကိုယ်ကို မတ်လိုက်ကာ “မိန်းကလေး ဘာရှာချင်တာလဲ”
“အနှစ် ၃၀ ထက်မနည်းတဲ့ ကျောက်ပွင့်၊ နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ သင်္ချိုင်းကုန်းပေါ်က မြေဖြူ၊ လတ်လတ်ဆတ်ဆတ် လိုချင်တယ်။ ပြီးတော့ အနည်းဆုံး အနှစ် ၅၀ သက်တမ်းရှိတဲ့ အခေါင်းပေါက် ပိုးစာပင်ရဲ့ ပင်စည်တစ်ပိုင်း”
အဘိုးအိုသည် စုတ်တံကိုကိုင်ကာ လျင်မြန်စွာ ချရေးလိုက်၏။ အားချန် ပြောပြီးသောအခါ သူသည် စာရွက်နှစ်ရွက်ကို ရေးပြီးသား ဖြစ်နေလေပြီ။
“ဒီပစ္စည်းသုံးမျိုးက တန်ဖိုးမကြီးပေမယ့် ရှာရတာ နည်းနည်းတော့ ဒုက္ခများတယ်။ စုစုပေါင်း ငွေ ၅၀ လျန် ကျသင့်မယ်၊ စရန်ငွေ ၁၅ လျန် ပေးရမယ်။ မိန်းကလေး လက်ခံနိုင်ပါ့မလား”
“ရပါတယ်” အားချန်သည် ငွေတုံးနှစ်တုံးကို ထုတ်ယူကာ အဘိုးအိုထံသို့ တွန်းပေးလိုက်၏။
ထိုအဘိုးအိုသည် ငွေကို ချိန်တွယ်ပြီးနောက် လေးထောင့် တံဆိပ်တုံးတစ်ခုကို ထုတ်ယူကာ စာရွက်နှစ်ရွက်ပေါ်တွင် တံဆိပ်တုံး နှိပ်လိုက်ပြီးနောက် ကောင်တာအောက်မှ လက်မအရွယ်ခန့်ရှည်သော သစ်သားပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။ သစ်သားပြားပေါ်တွင် မုဆိုး ဟူသော စာလုံးကို ထွင်းထုထား၏။
သူသည် တံဆိပ်တုံးနှိပ်ထားသော စာရွက်တစ်ရွက်နှင့် သစ်သားပြားကို အားချန်ထံသို့ အတူတကွ တွန်းပေးလိုက်ပြီး သူမကို ပြောလာသည်။ “ဒါက ကျွန်တော်တို့ မုဆိုးဆိုင်ရဲ့ အမှတ်အသားပဲ။ သုံးရက်ကြာရင် မိန်းကလေးက ကျန်တဲ့ငွေနဲ့ ဒီအမှတ်အသားကို ယူပြီး ဒီကို ပစ္စည်းလာယူပါ”
အားချန်သည် စာရွက်နှင့် သစ်သားပြားကို သိမ်းဆည်းလိုက်ပြီး အဘိုးအိုကို ခေါင်းအသာညိတ်ပြကာ ဆိုင်မှ လှည့်ထွက်သွားလေသည်။
မုဆိုးဆိုင်သည် အစိုးရ၏ ကြီးကြပ်မှုကို ခံယူထားသော အတော်အတန် တရားဝင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်၏။ သို့မဟုတ်လျှင် အနောက်ဈေးတွင် ပေါ်ပေါ်ထင်ထင် ဆိုင်ဖွင့်နိုင်မည် မဟုတ်ပေ။
သူတို့သည် ဧည့်သည်များ၏ လိုအပ်ချက်အရ အထူးပစ္စည်းအချို့ကို ရှာဖွေပေးကြသည်။ စျေးနှုန်းမှာ မနည်းလှသော်လည်း ပစ္စည်းများကတော့ အတုအယောင် မပါဝင်ပေ။
အကယ်၍ ပစ္စည်းတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် သို့မဟုတ် ဆိုင်မှလူများ ထွက်ပြေးသွားခဲ့လျှင် အားချန်သည် ဤမုဆိုးဆိုင်၏ အမှတ်အသားကို ကိုင်ဆောင်ကာ အစိုးရရုံးသို့ တိုင်ကြားနိုင်ပြီး လက်ခံဆောင်ရွက်ပေးလိမ့်မည် ဖြစ်၏။
အားချန် ထွက်ခွာသွားပြီးနောက် အဘိုးအိုသည် ကုန်ပစ္စည်းသုံးမျိုး ရေးသားထားသော စာရွက်ကို ခါယမ်းလိုက်ပြီး နောက်ဘက်သို့ အော်ဟစ်လိုက်သည်။ “ကိုဇီ၊ အလုပ်လာပြီ”
မကြာမီတွင် နောက်တံခါးတွင် ချိတ်ဆွဲထားသော ခန်းဆီးစသည် လှန်တက်လာပြီး ၂ မီတာခန့် မြင့်မားသော သန်မာသည့် လူကြီးတစ်ဦးသည် ကိုင်းညွှတ်၍ ဝင်ရောက်လာခဲ့သည်။
“အဖေ၊ ဒီတစ်ခေါက် ဘာအလုပ်လဲ”
အဘိုးအိုသည် စာရွက်ကို ထိုလူကြီးအား ပေးလိုက်သည်။ “အလုပ်သေးသေးလေးပဲ။ ကျောက်ပွင့်က ဆိုင်မှာ ကျန်နေတာ ရှိတယ်။ သင်္ချိုင်းမြေကိုတော့ ရိရှန်းခရိုင်ကို သွားရှာလို့ရတယ်။ အဲ့ဒီမှာ နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ သင်္ချိုင်းဟောင်းတွေ အများကြီးရှိတယ်။ သွားလိုက်ပြန်လိုက်ဆို တစ်ရက်ပဲ ကြာမှာ”
ကိုဇီက ခေါင်းညိတ်လိုက်သည်။ “ခဏနေရင် အာ့ကို ကို သွားခိုင်းလိုက်မယ်။ အဲ့ဒီ အခေါင်းပေါက် ပိုးစာပင်ကရော”
“ပိုးစာပင်ကတော့ ဟေးရှန်းတောင်ကို တစ်ခေါက်ဝင်ရမယ်။ အဲ့ဒီမှာ ပိုးစာပင်တော တစ်တော ရှိတယ်။ ဒါပေမဲ့ အဲ့ဒီနေရာက မသန့်ရှင်းဘူး။ နေ့ခင်းဘက် သွားရမယ်။ မင်းကိုယ်တိုင် တစ်ခေါက်ပြေးလိုက်”
“သိပါပြီ” ကိုဇီက ဝမ်းသာအားရ သဘောတူလိုက်ပြီးနောက် စပ်စုသည့်ဟန်ဖြင့် မေးလိုက်သည်။ “အဖေ၊ ဒီပစ္စည်းသုံးမျိုးက ဘာလုပ်ဖို့လဲ”
အဘိုးအိုက ခေါင်းခါလိုက်သည်။ “အားလုံးက ယင်ဓာတ်စွမ်းအင် ပြင်းထန်တဲ့ ပစ္စည်းတွေပဲ။ အရင်က ဒီလိုအတွဲအစပ်မျိုး မတွေ့ဖူးဘူး”
မုဆိုးဆိုင်တွင် ဆိုင်ရှင်အဖြစ် တာဝန်ထမ်းဆောင်နိုင်သူသည် အတွေ့အကြုံ အလွန်ကြွယ်ဝသူ ဖြစ်၏။ သူသည် ဧည့်သည်များ တောင်းဆိုသော ပစ္စည်းများမှတစ်ဆင့် ဧည့်သည် ဘာလုပ်ချင်သည်ကို ခန့်မှန်းနိုင်လေသည်။ သို့သော် ယခုနက ဧည့်သည် တောင်းဆိုသော ပစ္စည်းသုံးမျိုးထဲတွင် မှော်မှလွဲ၍ ကျန်နှစ်မျိုးကိုတော့ တစ်ခါမျှ မည်သူကမျှ မတောင်းဆိုခဲ့ဖူးပေ။
အားချန်သည် ဆိုင်မှ ထွက်လာပြီးနောက် အိမ်သို့ ချက်ချင်း ပြန်မလာခဲ့ပေ။
သူမသည် သံထည်ပစ္စည်းများ ရောင်းချသော ဆိုင်သို့ လှည့်ပတ်သွားရောက်ပြီး တူနှင့် ဆောက်တို့ကို ဝယ်ယူခဲ့သည်။ ထို့နောက် အမွှေးနံ့သာဆိုင်သို့ သွားရောက်ကာ ငရုတ်ဆုံနှင့် ကြည်ပွေ့တို့ကို ဝယ်ယူခဲ့လေသည်။
နောက်ဆုံးတွင် သူမသည် ယခင်က မင်ကျင့်စီးမှ စစ်ဆေးခဲ့သော ထိုကျောက်စိမ်းထည်ဆိုင်သို့ သွားရောက်ခဲ့၏။
တစ်ခါမြင်ရုံဖြင့် မမေ့နိုင်စရာကောင်းသော ဆိုင်ရှင်ဝတုတ်သည် ထိုအချိန်တွင် ဆိုင်တွင် ဧည့်သည်တစ်ဦးကို ကျောက်စိမ်းလက်ဖက်ရည် အစုံတစ်စုံကို ညွှန်းဆိုပေးနေလေသည်။ ထိုဧည့်သည်သည် အလွန်ကျေနပ်ဟန်တူပြီး ငွေစက္ကူများကို လွယ်ကူစွာ ပေးချေလိုက်ရာ ဆိုင်ရှင်ဝတုတ်သည် လက်ဖက်ရည်အစုံကို ပိုးထည်ဘူးထဲသို့ ကျွမ်းကျင်စွာ ထည့်သွင်းကာ ဧည့်သည်ကို ပေးအပ်လိုက်၏။
အပြုံးများဖြင့် ဧည့်သည်ကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် ဆိုင်ရှင်ဝတုတ်သည် လှည့်လာရာ ဤနေရာတွင် အချိန်အတော်ကြာ ရပ်ကြည့်နေသော အားချန်ကို တွေ့မြင်သွားလေသည်။
“မိန်းကလေး ကျောက်စိမ်းထည် ဝယ်ချင်လို့လား”
အားချန်သည် ရိုင်းပြရာမကျအောင် မည်သို့ပြောရပါ့ဟု ခဏလောက် စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် တိုက်ရိုက်ပင် ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
“အဲ့ဒီနေ့က ဆိုင်ရှင်ရဲ့ဆိုင်မှာ ပြဿနာဖြစ်တုန်းက ကျွန်မလည်း အဲ့ဒီမှာ ရှိနေခဲ့ပါတယ်”
ဆိုင်ရှင်ဝတုတ်သည် ခဏလောက် ကြောင်သွားသော်လည်း မျက်နှာအမူအရာ မပြောင်းလဲဘဲ သူမကို ဆက်ပြောစေ၏။
“ကျွန်မ ဆိုင်ရှင်ကို မေးချင်တာက ရှင့်ဆိုင်က ပြဿနာဖြစ်ခဲ့တဲ့ ကျောက်စိမ်းတွေ ရှိပါသေးသလား”
“ရှိပါသေးတယ်။ ဒါပေမဲ့ အားနည်းနည်း သုံးလိုက်တာနဲ့ အမှုန့်ဖြစ်သွားတော့ သုံးလို့ရတော့မှာ မဟုတ်ဘူး” ဆိုင်ရှင်ဝတုတ်ကတော့ ရိုးသားလှ၏။ သူက မလွှင့်ပစ်ချင်၍ မဟုတ်ဘဲ အားလုံးကို လွှင့်ပစ်လိုက်လျှင် နှမြောစရာကောင်းသည်ဟု ခံစားနေရခြင်း ဖြစ်သည်။
ထိုပျက်စီးသွားသော ကျောက်စိမ်းထည်များကို စုပေါင်းလိုက်လျှင် အိတ်တစ်ဝက်ခန့် ပြည့်သွားနိုင်ပြီး တွေးလိုက်တိုင်း သူ့ကို ရင်နာစေလေသည်။
“ဆိုင်ရှင်ကို အမှန်အတိုင်းပြောရရင် ကျွန်မက ဒီရက်ပိုင်းတွေမှာ အမွှေးနံ့သာလုံးလုပ်ဖို့ ကျောက်စိမ်းမှုန့် လိုအပ်နေလို့ လာဝယ်တာပါ”
“ဒီလိုလား…” ဆိုင်ရှင်ဝတုတ်သည် ခဏလောက် စဉ်းစားလိုက်ပြီး “တကယ်လို့ မိန်းကလေးက အားလုံးကို ယူသွားနိုင်မယ်ဆိုရင် ကျွန်တော့်ကို ငွေ ၁၀ လျန်ပဲ ပေးပါ”
သူသည် ငွေ ၁၀ လျန်ကို မမက်မောသော်လည်း အသုံးမဝင်သော ပစ္စည်းတစ်ခုကို ဤစျေးနှုန်းဖြင့် ရောင်းချနိုင်ခြင်းသည် သူ့ကို နည်းနည်းလေးတော့ စိတ်သက်သာရာ ရစေနိုင်ပေလိမ့်မည်။
“ကောင်းပြီ။ ကျွန်မ ယူလိုက်မယ်” အားချန်က သဘောတူလိုက်သည်။
ဆိုင်ရှင်သည် အားချန်ကို ခေတ္တမျှ စောင့်ဆိုင်းစေပြီးနောက် ဆိုင်အကူလေးအား ပျက်စီးနေသော ကျောက်စိမ်းများထည့်ထားသည့် အိတ်ကို သွားယူခိုင်းလိုက်၏။
ပစ္စည်းရောက်လာသောအခါ အားချန်သည် အိတ်ကိုဖွင့်ကာ သည်အတိုင်း မွှေနှောက်ကြည့်လိုက်သည်တွင် အတွင်းဘက်မှ ပျက်စီးနေသော ကျောက်စိမ်းများအားလုံးသည် အမှန်တကယ်ပင် ရွှယ်ကျန်းမြွေ နေထိုင်ခဲ့သော အရာများ ဖြစ်နေ၏။
သူမသည် လက်ပေါ်တွင် ကပ်ငြိနေသော ကျောက်စိမ်းမှုန့်များကို ခါချလိုက်ပြီး အိတ်ကို ချည်နှောင်ကာ အင်္ကျီလက်အိတ်ထဲမှ ငွေ ၁၀ လျန်တန် ငွေတုံးတစ်တုံးကို ထုတ်ယူပြီး ဆိုင်ရှင်ကို ပေးလိုက်သည်။
ဤတစ်ကြိမ်တွင် အားချန် ဝယ်ယူခဲ့သော ပစ္စည်းများသည် သူမအတွက် အလွန်လေးလံလှသော်လည်း ကံမကောင်းစွာဖြင့် သူမကို ကူညီသယ်ဆောင်ပေးမည့်သူ မရှိခဲ့ပေ။ သူမသည် လမ်းတစ်လျှောက် အနားယူရင်း သွားခဲ့ရပြီး တစ်နာရီကျော်ခန့်ကြာမှသာ အိမ်သို့ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိခဲ့လေသည်။
အိမ်သို့ရောက်သောအခါ သူမသည် ကျောက်စိမ်းထည့်ထားသော အိတ်ကို တံခါးနောက်တွင် ဖြစ်ကတတ်ဆန်း ချထားလိုက်၏။ သူမသည် အမှန်တကယ်တွင် ထိုဆိုင်ရှင်ကို မလိမ်လည်ခဲ့ပေ။ ဤကျောက်စိမ်းမှုန့်သည် အမွှေးနံ့သာ ပြုလုပ်ရန်မှလွဲ၍ အခြားမည်သည့်အသုံးဝင်မှုမှ မရှိတော့ပေ။
ဤကျောက်စိမ်းများသည် ရွှယ်ကျန်းမြွေ၏ အနံ့အသက်များ စွဲကျန်နေသည့်အတွက် သာမန်မြွေ၊ ပိုးမွှား၊ ကြွက်များကို နှင်ထုတ်ရာတွင် အလွန်အစွမ်းထက်လှ၏။ အကယ်၍ ရှောင်လင်းရှီသာ ရုတ်တရက် မတော်တဆမှု မဖြစ်ပွားခဲ့ပါလျှင် အားချန်သည် ၎င်းတို့ကို စောစောကတည်းက သွားရောက်ဝယ်ယူခဲ့ပြီး ဖြစ်ပေလိမ့်မည်။
သို့သော် ကျောက်စိမ်းမှုန့်သည် အဆစ်အနေဖြင့် ဝယ်ယူခဲ့ခြင်းသာဖြစ်ပြီး ယနေ့ အနောက်ဈေးသို့ သွားရောက်ရသည့် အဓိကအကြောင်းရင်းမှာ ထိုပစ္စည်းသုံးမျိုးကို ရှာဖွေခိုင်းရန်နှင့် ကိရိယာတန်ဆာပလာများ ဝယ်ယူရန်သာ ဖြစ်၏။
သူမသည် တူနှင့် ဆောက်ကို ထုတ်ယူလိုက်ပြီးနောက် မိမိ ယခင်က အနောက်ဈေးမှ ဝယ်ယူခဲ့သော ထိုယင်စွမ်းအင် မိုးမခသားသစ်တုံးကို ထုတ်ယူလာခဲ့သည်။
အားချန်သည် ယခင်က လူများ လက်မှုပညာ ပြုလုပ်သည်ကိုသာ မြင်ခဲ့ပြီး မိမိကိုယ်တိုင် လက်တွေ့လုပ်ဆောင်သောအခါ ခံစားချက်မှာ တစ်မျိုးတစ်ဖုံ ဖြစ်နေလေသည်။
သူမသည် ယင်စွမ်းအင်မိုးမခသားကို ပန်းကန်လုံးပုံစံ ထွင်းထုလိုသော်လည်း သစ်သား၏ မာကျောမှုကို အထင်သေးမိခဲ့၏။ ကောင်းကင် လင်းထိန်နေချိန်ကစပြီး လမင်း အနောက်ဘက် တောင်ကုန်းသို့ ဝင်ရောက်သည်အထိ ထွင်းထုလိုက်ပြီးမှ နောက်ဆုံးတွင် ပြီးမြောက်သွားလေသည်။
ဆောက်ကို ချလိုက်သောအခါ သူမ၏လက်များပေါ်တွင် ရေကြည်ဖုများပင် ထွက်ပေါ်နေလေပြီ။
အားချန်သည် မိမိ၏လက်ကို ဂရုမစိုက်ဘဲ ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် ထွင်းထုထားသော အပေါက်ပါသည့် မိုးမခသားသစ်တုံးကို နောက်ဖေးခြံဝင်းသို့ သယ်ဆောင်သွားလေသည်။
နောက်တစ်နေ့တွင် ထိုမိုးမခသားသစ်တုံးသည် အနည်းငယ်မျှသာ စိုစွတ်နေပြီး သုံးရက်ကြာသောအခါ မိုးမခသားသစ်တုံး၏ ထွင်းထုထားသော အပေါက်ထဲတွင် ရေများဖြင့် ပြည့်လျှံနေလေသည်။
သုံးရက် တိတိပြည့်သောအခါ အားချန်သည် အနောက်ဈေးမှ မိမိဝယ်ယူခဲ့သော ပစ္စည်းများကို သွားရောက်ယူဆောင်လာပြီးနောက် မိုးမခသားသစ်တုံးကို အိမ်ထဲသို့ ပြန်လည်သယ်ဆောင်လာခဲ့သည်။
နေဝင်သွားပြီးနောက် သူမသည် တံခါးနှင့် ပြတင်းပေါက်များကို ပိတ်လိုက်ပြီး အိမ်ထဲတွင် ဆီမီးခွက်တစ်လုံးကိုသာ ထွန်းညှိထားလိုက်၏။
ထို့နောက် ငွေ ၅၀ လျန် အကုန်အကျခံပြီးမှ ရရှိခဲ့သော ပစ္စည်းသုံးမျိုးကို ထုတ်ယူလာခဲ့သည်။
အခေါင်းပေါက် ပိုးစာပင်သားသည် အခေါင်းပေါက်ဖြစ်သော အပိုင်းကို ဖြတ်တောက် ယူဆောင်လာခြင်းဖြစ်ပြီး သစ်သားအတွင်းဘက်မှာ မည်းနက်နေကာ အနက်ရောင် အဖုအလုံးလေးများလည်း ရှိနေ၏။ အားချန်သည် ထိုအဖုများကို တစ်ခုချင်းစီ ခေါက်ထုတ်လိုက်ပြီး ငရုတ်ဆုံဖြင့် အမှုန့်ကြိတ်ကာ ဘေးတွင် ချထားလိုက်သည်။
ထို့နောက် ကျောက်ပွင့်ကိုလည်း အမှုန့်ကြိတ်ကာ ပိုးစာပင်မှုန့်နှင့်အတူ ယင်စွမ်းအင် မိုးမခသားပေါက်ထဲသို့ လောင်းထည့်လိုက်၏။
အားချန်သည် အမှုန့်နှစ်မျိုးကို အပေါက်ထဲမှ ရေနှင့် ရောနှောလိုက်ပြီး လက်ဖြင့် မုန့်နယ်သကဲ့သို့ အလုံးဖြစ်အောင် နယ်လိုက်ကာ နောက်ဆုံးတွင် ဆန်ခါချထားသော သင်္ချိုင်းမြေဖြူကို ဖြူးကာ ကပ်ထားလိုက်သည်။
သူမသည် နယ်ထားသော အမှုန့်လုံးကို ရှစ်ပိုင်းခွဲကာ ပြွန်ချောင်းထဲသို့ အသီးသီးထည့်သွင်းပြီး အမွှေးတိုင်ချောင်းများအဖြစ် ညှစ်ထုတ်လိုက်၏။
အစပိုင်းတွင် အားချန်၏ လက်များ တုန်ယင်နေသည့်အတွက် ညှစ်ထုတ်လိုက်သော အမွှေးတိုင်ချောင်းများသည် လှိုင်းတွန့်ပုံစံများ ဖြစ်နေပြီး နောက်ပိုင်းမှသာ တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့သည်။
သူမ၏လက်ထဲမှ ပစ္စည်းများသည် အမွှေးတိုင်ချောင်း တစ်ရာအောက်သာ ပြုလုပ်နိုင်ခဲ့ပြီး အမွှေးတိုင်များကို သုံးရက်တိုင်တိုင် အရိပ်ထဲတွင် အခြောက်လှန်းမှသာ အောင်မြင်မည် ဖြစ်၏။
သုံးရက်ကြာပြီးနောက် အားချန်သည် အမွှေးတိုင်ချောင်း ၉၂ ချောင်းကို ရရှိခဲ့ပြီး ကျန်အချောင်းများကတော့ ကျိုးပဲ့သွားခဲ့လေသည်။
သူမသည် အမွှေးတိုင်များကို နှစ်ပိုင်းခွဲကာ သစ်သားဘူးများထဲတွင် သိမ်းဆည်းထားလိုက်၏။
တစ်ပိုင်းတွင် အမွှေးတိုင်ချောင်း ၄၉ ချောင်း ထည့်ထားပြီး ကျန်တစ်ပိုင်းကိုတော့ သိမ်းဆည်းထားလိုက်သည်။
ထိုည သန်းခေါင်ယံအချိန်တွင် ပုံမှန်အားဖြင့် စောစော အိပ်စက်လေ့ရှိသော အားချန်သည် အဝတ်အစားများ သပ်ရပ်စွာ ဝတ်ဆင်ပြီး အောက်ထပ်သို့ ဆင်းသက်လာခဲ့၏။ သူမသည် သစ်သားစားပွဲနားသို့ ရောက်လာပြီး စားပွဲပေါ်တွင် အမွှေးတိုင်ထည့်ထားသော သစ်သားဘူးနှင့် ဆန်များဖြင့်ပြည့်နေသော ပန်းကန်လုံးတစ်လုံးသာ ရှိနေပြီး ပန်းကန်လုံးအောက်တွင် ရှောင်လင်းရှီ၏ နာမည်နှင့် မွေးသက္ကရာဇ် ရေးသားထားသော အဝါရောင်စာရွက်တစ်ရွက်ကို ဖိထားလေသည်။
ထိုအရာသည် ဆွန်းမားမား မထွက်ခွာမီက အားချန်က သူမထံမှ တောင်းယူထားခဲ့ခြင်း ဖြစ်၏။
သူမသည် သစ်သားခုံပေါ်တွင် ထိုင်ကာ ဘူးထဲမှ အမွှေးတိုင်တစ်ချောင်းကို ထုတ်ယူပြီး မီးခြစ်ဖြင့် မီးညှိကာ ပန်းကန်လုံးထဲသို့ စိုက်ထည့်လိုက်၏။
ထိုညတွင် သူမသည် စားပွဲတွင် ထိုင်နေခဲ့ပြီး စုစုပေါင်း အမွှေးတိုင် ၇ ချောင်းကို ထွန်းညှိခဲ့ပြီးနောက် နံနက် ၅ ချက်တီးအချိန်ရောက်မှသာ နောက်ဆုံးအမွှေးတိုင်တစ်ချောင်းသည် လောင်ကျွမ်းကာ ကုန်ဆုံးသွားလေသည်။
အိမ်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အရာမှ ဖြစ်ပွားခြင်း မရှိခဲ့ပေ။
အားချန်သည် ဂရုမစိုက်ဘဲ ဘူးကို အဖုံးဖုံးကာ ဒုတိယထပ်သို့ တက်ပြီး အိပ်စက်အနားယူလေသည်။
ဒုတိယနေ့၊ တတိယနေ့… ဆဋ္ဌမနေ့အထိ ဤအတိုင်းပင် ရှိနေခဲ့၏။
ဤရက်များတွင် အားချန်သည် ညဉ့်သန်းခေါင်ယံအချိန်တိုင်း အောက်ထပ်သို့ အချိန်မှန်ဆင်းကာ အမွှေးတိုင်ထွန်းညှိခဲ့ပြီး ၇ ညဆက်တိုက် မအိပ်စက်ခဲ့ရပေ။ ယနေ့တွင်တော့ သစ်သားဘူးထဲမှ အမွှေးတိုင်များသည် နောက်ဆုံး ၇ ချောင်းသာ ကျန်ရှိတော့သည်။
သူမသည် အမွှေးတိုင်တစ်ချောင်းကို မီးညှိလိုက်ပြီးနောက် သစ်သားခုံပေါ်တွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် မေးကိုထောက်ရင်း အမွှေးတိုင်ပေါ်မှ အနီရောင်အလင်းတန်းလေးကို စိုက်ကြည့်နေလေသည်။
အချိန် မည်မျှ ကြာသွားသည် မသိချေ။ မူလက မည်းမှောင်နေသော အိမ်ခန်းထဲတွင် ရုတ်တရက် လင်းထိန်လာခဲ့သည်။
အိမ်ခန်းသည် ပြောင်းလဲသွားခြင်းမရှိ။ ပန်းကန်လုံးထဲမှ အမွှေးတိုင်သည်လည်း လောင်ကျွမ်းနေဆဲဖြစ်သော်လည်း ခုံပေါ်တွင် ထိုင်နေသူကတော့ လူမဟုတ်ဘဲ တစ်ကိုယ်လုံး ဖြူဖွေးနေသော မြေခွေးတစ်ကောင် ဖြစ်နေလေသည်။
ထိုအရာသည် အားချန်၏ ခန္ဓာကိုယ်မလွှဲပြောင်းမီက ပုံစံပင် ဖြစ်၏။
မြေခွေး၏ကိုယ်ပေါ်တွင် အနက်ရောင်သံကြိုး ၆ ချောင်းဖြင့် ချည်နှောင်ထားပြီး သံကြိုးများသည် ဟင်းလင်းပြင်နှင့် ဆက်သွယ်ထားကာ အဆုံးကို ရှာမတွေ့နိုင်ပေ။
အားချန်သည် လက်ကို လှုပ်ရှားကြည့်ရန် စဉ်းစားလိုက်သည်တွင် ထိုမြေခွေးသည် သူ၏ရှေ့ခြေကို လှုပ်ရှားလိုက်၏။ သူမသည် မိမိကိုယ်မိမိ အတွင်းစိတ်နယ်ပယ်ကို ကြည့်ရှုနေခြင်း ဖြစ်နိုင်သည်ဟု ရုတ်တရက် သဘောပေါက်သွားလေသည်။
လူ့ခန္ဓာကိုယ်ထဲမှာ အတွင်းစိတ်နယ်မြေဆိုတာ ရှိတယ်။ သာမန်အားဖြင့် ကြည့်ရှုလို့မရဘူးလို့ ဆိုကြတယ်။ ဒီနေ့ ငါ ဘာဖြစ်လို့ ဒီနေရာကို ဝင်လာနိုင်ရတာလဲ။
အားချန်သည် အကြောင်းရင်းကို မသိရသေးခင်မှာပင် မီးခိုးများဖြင့် ဖုံးလွှမ်းနေသော အနက်ရောင်အရိပ်တစ်ခုသည် လေဟာနယ်မှ ပေါ်ထွက်လာခဲ့သည်။
“ငါ… ဘယ်လိုလုပ်… ဒီကို… ရောက်နေတာလဲ”
အသံသည် တိုးလိုက်ကျယ်လိုက် ဖြစ်နေသော်လည်း ရင်းနှီးနေသော ရှောင်လင်းရှီ၏ အသံပင် ဖြစ်လေသည်။
ဝိညာဉ်ခေါ်အမွှေးတိုင်ကို ၇ ရက်ဆက်တိုက် ထွန်းညှိခဲ့ပြီးနောက် သူမသည် နောက်ဆုံးတွင် ရှောင်လင်းရှီ၏ ချိတ်ပိတ်ခံထားရသော ဝိညာဉ်ကို အတင်းအကျပ် ဆင့်ခေါ်နိုင်ခဲ့လေပြီ။
...