သူမသည် ဤကလေးကို သေချာပေါက် လွှတ်ပေးလိုက်ပေမည်...
Vol. 2 Ch. 20
“ဒါ… ဘယ်နေရာလဲ။ နင်… နင်က ဘယ်သူလဲ”
ရှောင်လင်းရှီ၏ အသိစိတ်သည် ကျန်ရှိနေသေး၏။ သူမသည် မိမိကိုယ်မိမိ ခေါင်းတလားထဲတွင် သံမှိုရိုက်ခံခဲ့ရသည်ကို မှတ်မိနေသေးသည်။ သံချောင်းများ စိုက်ဝင်လာသည့်အခါတွင် သူမ၏ ခန္ဓာကိုယ်သည် မီးပြင်းဖြင့် အရှို့ခံရသကဲ့သို့ ခံစားရခက်အောင် နာကျင်ခဲ့လေသည်။
ဤသို့သော နာကျင်မှုသည် သူမကို အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်နေခဲ့၏။ တစ်နေ့သောအခါတွင် သူမသည် အေးမြသော မွှေးရနံ့တစ်ခုကို ရရှိလိုက်ရာ ထိုမွှေးရနံ့သည် သူမ၏ကိုယ်ပေါ်မှ ပူလားင်သော နာကျင်မှုကို ပြေလျော့စေပြီး သူမ၏ ရှုပ်ထွေးနေသော အသိစိတ်ကို တဖြည်းဖြည်း ကြည်လင်လာစေခဲ့သည်။
ထို့နောက်တွင် သူမသည် ဤထူးဆန်းသော နေရာသို့ ရောက်ရှိလာခဲ့ပြီး ရှေ့တွင် ဖြူဖွေးသော မြေခွေးတစ်ကောင်လည်း ရှိနေလေသည်။
“ငါ ဘယ်သူလဲဆိုတာ နင် သိစရာမလိုဘူး။ နင် ဘယ်လိုသေခဲ့လဲဆိုတာ မှတ်မိသေးလား”
လူကဲ့သို့ ခုံပေါ်တွင် ထိုင်နေသော မြေခွေးသည် ရုတ်တရက် စကားဆိုလာခဲ့၏။
ရှောင်လင်းရှီသည် ကြိုးစားကာ ပြန်လည်စဉ်းစားလိုက်၏။ သူမ မှတ်မိသည်မှာ ထိုအချိန်ကာလတစ်လျှောက်လုံး သူမသည် စိတ်ရှုပ်ထွေးနေခဲ့ပြီး ညလုံးပေါက် အိပ်မပျော်နိုင်ဘဲ ကြောက်မက်ဖွယ်ကောင်းသော စိတ်အာရုံခြောက်ခြားမှုများကိုပင် ခံစားခဲ့ရသည်။
သူမသည် မိမိ၏ဗိုက်ထဲတွင် လွယ်ထားသည်မှာ ကလေးမဟုတ်ဘဲ မိစ္ဆာငါးတစ်ကောင်ဖြစ်သည်ကို တွေ့မြင်ခဲ့ရ၏။ ထိုမိစ္ဆာငါးသည် သူမကို ဝမ်းဗိုက်ခွဲ၍ ထွက်လာရန် ကြံစည်နေခဲ့သည်။
သူမသည် အလွန်အမင်း ကြောက်လန့်နေခဲ့ပြီး ဦးနှောက်သည် လုံးဝ စဉ်းစားလို့ မရတော့သယောင်ပင်။ မည်သည့်နေရာမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်မိသည်မသိ။ မိမိ၏ဗိုက်ကို မိမိကိုယ်တိုင် ခွဲလိုက်မိလေသည်။
နောက်ပိုင်းတွင်တော့…
ရှောင်လင်းရှီသည် ဦးခေါင်းကို ပိုက်ကာ စူးရှစွာ အော်ဟစ်လိုက်၏။
သူမ သေဆုံးသွားခဲ့သည်ကို မှတ်မိသွားတော့သည်။
သေဆုံးပြီးနောက် သူမ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားခြင်းမရှိဘဲ သူမသည် ကျောက်မင်က သူနှင့် အခြားအမျိုးသမီးတစ်ဦးတို့ သားသမီးတစ်ဦး မွေးဖွားခဲ့ကြောင်း ပြောဆိုသည်ကို ကြားသိခဲ့ရ၏။
သူမ၏ သေဆုံးမှုသည် သူ တန်ဖိုးထားသော ကလေးကို ကျောက်အိမ်တော်သို့ တရားဝင် ပြန်လည်ရောက်ရှိလာစေရန်အတွက် ကြံစည်ထားခြင်း ဖြစ်လေသည်။
သူသည် သူမ၏ ဝိညာဉ်ကို ခေါင်းတလားထဲတွင် ချိတ်ပိတ်ထားရန် လူငှားရမ်းခဲ့ပြီး နေ့စဉ်နေ့တိုင်း သူမကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်။
အတွေးပေါင်းများစွာ လျှပ်စီးသကဲ့သို့ ဖြတ်သန်းသွားရာ ရှောင်လင်းရှီ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော အနက်ရောင်အငွေ့အသက်များသည် ပိုများပြားလာပြီး တစ်ကိုယ်လုံးမှ မကျေနပ်မှုများသည် ထိန်းချုပ်မရနိုင်လုနီးပါး ဖြစ်နေလေသည်။
“ငါ မှတ်မိတယ်။ ကျောက်မင်က ငါ့ကို သတ်ခဲ့တာ” ရှောင်လင်းရှီ၏ အသံသည် ပျက်ရှနေပြီး ပြင်းထန်သော မုန်းတီးမှုများဖြင့် ပြည့်နှက်နေ၏။ “သူတို့က ငါ့ကို သတ်ခဲ့တာ… ကျောက်အိမ်တော်ပဲ”
“ဒါဆိုရင် ကလဲ့စားချေလိုက်ပေါ့” အားချန်သည် ရှောင်လင်းရှီကို ကြည့်ရင်း မျက်ဝန်းများက ခံစားချက်ကင်းမဲ့နေ၏။
“ကလဲ့စားချေမယ် ဟုတ်လား။ ဟုတ်တယ်။ ငါ သူ့ကို သွားပြီး ကလဲ့စားချေရမယ်” ရှောင်လင်းရှီ၏ မျက်နှာပေါ်မှ မကျေနပ်မှုများသည် ပြေပျောက်သွားပြီး သူမ၏ မည်းနက်သော မျက်လုံးများနှင့် ဖြူဖျော့သော မျက်နှာသည် ပေါ်ထွက်လာလေသည်။
“မနက်ဖြန်ည သန်းခေါင်ယံအချိန်ကျရင် နင့်ကိုယ်ပေါ်က အမွှေးတိုင် အငွေ့အသက်တွေ ပျောက်ကွယ်သွားလိမ့်မယ်။ အဲ့ဒီအခါကျရင် နင်က သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားပြီး မတရားမှုအတွက် ကလဲ့စားချေ။ အငြိုးအတွက် လက်စားချေလို့ရပြီ။ နင့်မှာ အဲ့ဒီတစ်ညပဲ အချိန်ရှိမယ်။ မိုးလင်းရင် ငါ နင့်ကို တမလွန်ဘုံကို ပို့ပေးမယ်”
“နင်က ဘာလို့ ငါ့ကို ကူညီပေးတာလဲ”
အကြောင်းက ရှင်လည်း ကျွန်မကို ကူညီပေးခဲ့ဖူးတယ်လေ။ ရှင်က ကျွန်မကို အားချန်လို့ ထင်နေခဲ့တာဆိုရင်တောင်မှပေါ့။ အားချန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး အဖြေမပေးခဲ့ပေ။
တစ်ဖန်မျက်လုံး ပြန်ဖွင့်လိုက်သောအခါ သူမ၏ အသိစိတ်သည် ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူမသည် မည်းမှောင်နေသော အိမ်ခန်းထဲတွင် ထိုင်နေဆဲပင်။
သို့သော် အားချန် သိသည်မှာ ရှောင်လင်းရှီ လာရောက်သွားခဲ့ပြီ ဖြစ်သည်။
ယခုတော့ သူမ ထွက်ခွာသွားလေပြီ။
ပထမဆုံးအမွှေးတိုင်သည် လားင်ကျွမ်းကုန်ဆုံးသွားပြီဖြစ်သဖြင့် အားချန်က ဒုတိယတစ်ချောင်းကို လဲလှယ်လိုက်၏။ ယနေ့ညသည်လည်း အိပ်မပျော်နိုင်သည့် ညတစ်ညပင် ဖြစ်လေသည်။
ရှောင်လင်းရှီသည် လမ်းမပေါ်သို့ မည်သို့ရောက်ရှိလာသည်ကို မသိလိုက်ပေ။ သူမသည် ထိုထူးဆန်းသော နေရာသို့ ရောက်ရှိသွားပြီး စကားပြောတတ်သော မြေခွေးတစ်ကောင်ကို အဘယ်ကြောင့် တွေ့မြင်ခဲ့ရသည်ကို နားမလည်နိုင်သကဲ့သို့ပင်။
သူမသည် များများစားစား စဉ်းစားရန်လည်း မလိုအပ်တော့ပေ။ အကြောင်းမှာ သူမသည် သေဆုံးသွားခဲ့ပြီး ဖြစ်သောကြောင့်ပင်။
သူမ၏ ခန္ဓာကိုယ်သည် မြူခိုးငွေ့ကဲ့သို့ အမှောင်ထဲတွင် ဖြတ်သန်းသွားလာနေပြီး မြင်ကွင်းထဲမှ အဆောက်အအုံများသည် တဖြည်းဖြည်း ရင်းနှီးလာခဲ့ရာ နောက်ဆုံးတွင် အနီရောင် တံခါးမကြီးတစ်ချပ်သည် သူမ၏ရှေ့တွင် တားဆီးထားလေသည်။ တံခါးပေါ်မှ ဆိုင်းဘုတ်တွင် ကျောက်အိမ်တော် ဟူသော စာလုံးနှစ်လုံးကို ထွင်းထုထား၏။
တံခါးမကြီးပေါ်တွင် မည်သည့်အချိန်က တံခါးစောင့်နတ်ကို ချထားခဲ့သည် မသိ။
ရှောင်လင်းရှီသည် သူမ၏မျက်လုံးထဲတွင် တောက်ပနေသော တံခါးစောင့်နတ်ရုပ်တုကို ကြည့်ရင်း ရှေ့သို့တိုးရန် တွေဝေနေမိ၏။ ထိုအချိန်တွင် ကြည်လင်သောအမွှေးရနံ့တစ်ချက်သည် တိုက်ခတ်လာပြီး သူမ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားရာ သူမသည် ထိုမီးခိုးငွေ့ကို အမှီပြုပြီး တံခါးမကြီးကို ဖြတ်ကျော်သွားနိုင်ခဲ့လေသည်။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ တံခါးစောင့်နတ်က ရှိနေဆဲပင်။
ဤနေရာသည် သူမ ဆယ်နှစ်ကျော် နေထိုင်ခဲ့သော အိမ်ဖြစ်လေသည်။ သို့သော် ထွက်ခွာခဲ့သည်မှာ ရက်ပိုင်းသာရှိသော်လည်း ယခင်ကနှင့် လုံးဝမတူတော့သကဲ့သို့ ရှိနေလေသည်။
ရှောင်လင်းရှီသည် ကျောက်အိမ်တော်ထဲတွင် လွင့်မျောသွားလာနေ၏။ သူမသည် အရင်ဆုံး အဓိကခြံဝင်းသို့ သွားလိုက်ပြီး ထိုနေရာက တံခါးမကြီးတွင် ချိတ်ပိတ်ထားသော စာရွက်များ ကပ်ထားလေသည်။ သူမသည် တံခါးကို ဖြတ်ကျော်လာခဲ့ပြီး အိမ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ သူမသည် မိမိကိုယ်မိမိ မည်သည့်နေရာတွင် သေဆုံးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ဤနေရာတွင် သူမ၏ သွေးနံ့များ ကျန်ရှိနေသေးသည်။
သူမသည် မိမိ၏အခန်းထဲတွင် အချိန်အတော်ကြာ လှည့်ပတ်သွားလာခဲ့ပြီး မှန်တင်ခုံရှေ့တွင်ပင် ခဏလောက် ထိုင်နေလိုက်သေးသည်။ ဖုန်တက်နေသော ကြေးမုံထဲတွင် မည်သည့်အရာကိုမျှ မမြင်ရပေ။
ထို့နောက် သူမသည် ကျောက်မင်၏ စာကြည့်ခန်းသို့ သွားရောက်ခဲ့သည်။
သူမသည် စာမတတ်သည့်အတွက် စာကြည့်ခန်းသို့ သွားလေ့မရှိသလောက်ပင်။
တစ်ခါက စာကြည့်ခန်းတွင် တာဝန်ကျနေသည့် အစေခံမိန်းကလေးတစ်ဦးသည် မလျော်ကန်သော စိတ်ကူးများ ရှိနေသည်ကို သူမ တွေ့ရှိခဲ့ပြီးနောက် သူမ မည်သည့်အရေးယူမှုမှ မပြုလုပ်မီမှာပင် ကျောက်မင်က ထိုမိန်းကလေးကို ထုတ်ပယ်လိုက်သည်ကို မှတ်မိနေသေးသည်။
သူမက ကျောက်မင်ကို ထိုလူအား မချန်ထားခဲ့သည့် အကြောင်းအရင်းကို မေးခဲ့ချိန်က သူက စာပေပညာရှင်တို့ကို ဖျော်ဖြေပေးမည့် မိန်းမလှများ မလိုအပ်ဟု ဆိုခဲ့သည်။
ထိုအချိန်က ရှောင်လင်းရှီသည် ဤလားကကြီးတွင် ကျောက်မင်ထက် ပိုကောင်းသော ယောက်ျားတစ်ဦး မရှိတော့ဟု ထင်မှတ်ခဲ့၏။
သူမသည် စာကြည့်ခန်း၏ အတွင်းခန်းထဲတွင် သူမ တစ်ချိန်က အလွန်ချစ်မြတ်နိုးခဲ့သော ယောက်ျားကို တွေ့မြင်လိုက်ရ၏။ ယခုအခါတွင် ဤယောက်ျား၏ ရင်ခွင်ထဲတွင် အခြားအမျိုးသမီးတစ်ဦး လဲလျောင်းနေလေသည်။
သူမသည် ဤမျက်နှာကို သေချာပေါက် မှတ်မိနေ၏။ စူးယောင်။ ကျောက်လောင်ထိုက်ထိုက်က တစ်ချိန်က ကျောက်မင်အတွက် ရွေးချယ်ပေးခဲ့သော မယားငယ်။ သူမ၏ ခင်ပွန်း၏ အဝေးက ဝမ်းကွဲညီမ။
ရှောင်လင်းရှီသည် သူတို့၏ အိပ်ရာခေါင်းရင်းတွင် ထိုင်ရင်း ရင်းနှီးကျွမ်းဝင်စွာ ပွေ့ဖက်နေကြသည့် လူနှစ်ယောက်ကို မိုးလင်းသည်အထိ စိုက်ကြည့်နေခဲ့သည်။
ကျောက်မင်သည် နိုးလာချိန်တွင် ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရပြီး တုန်ယင်သွားမိ၏။
“ဘာဖြစ်တာလဲ” စူးယောင်သည် မျက်လုံးများကို ပွတ်သပ်ရင်း လိုက်ထိုင်လိုက်သည်။
သူမသည် အတွင်းခံအင်္ကျီတစ်ထည်သာ ဝတ်ဆင်ထားပြီး ပေါ်နေသည့် အရေပြားပေါ်တွင် အနီရောင် အကွက်များဖြင့် ပြည့်နှက်နေလေသည်။
“ဘာမှမဖြစ်ပါဘူး။ အအေးမမိစေနဲ့” ကျောက်မင်သည် ဘေးမှ အပေါ်ဝတ်အင်္ကျီကို ယူကာ သူမကို ဂရုတစိုက် ဝတ်ဆင်ပေးလိုက်သည်။
စူးယောင်သည် ထရပ်ကာ ကျောက်မင်ကို ရုံးဝတ်စုံကို ဝတ်ဆင်ပေးပြီးနောက် သူ့ခါးပတ်ကိုပါ ချည်နှောင်ပေးလိုက်၏။ သူတို့နှစ်ဦးသည် အိပ်ရာဘေးတွင် အချိန်အတော်ကြာ ရစ်တွယ်မက်မောနေပြီးမှသာ နောက်ဆုံးတွင် ခွဲခွာသွားကြလေသည်။
သူတို့နှစ်ဦးစလုံးသည် ရှောင်လင်းရှီက အိပ်ရာဘေးတွင် ထိုင်ကာ သူတို့ကို ကြည့်နေသည်ကို မသိရှိခဲ့ကြပေ။
ယခင်က ရှောင်လင်းရှီ စိတ်ရွှင်လန်းသောအခါတွင်လည်း ကျောက်မင်ကို ရုံးဝတ်စုံကို ဝတ်ဆင်ပေးခဲ့ဖူးသော်လည်း ခါးပတ်ချည်ပေးသည့် အဆင့်ကတော့ မပါဝင်ခဲ့ပေ။
သို့သော် သူမ မှတ်မိသည်မှာ ကျောက်မင်သည် အလိုအလျောက်ပင် လက်မောင်းကို မြှောက်ထားတတ်ပြီး သူမက ခါးပတ်ချည်ပေးမည်ကို စောင့်ဆိုင်းနေသကဲ့သို့ ရှိနေ၏။
ဒါက သူ့ရဲ့ ဝမ်းကွဲညီမ အလိမ္မာလေးက သူ့ကို အကျင့်လုပ်ပေးထားတာကိုး။
သူငယ်ချင်းများနှင့်အတူ ခရီးထွက်ပြီး ညအိမ်ပြန်မအိပ်သော နေ့ရက်များတွင် သူသည် ဤအမျိုးသမီးနှင့်အတူ နေထိုင်ခဲ့သည်များလား။
ဟုတ်နေပါပြီ။ သူတို့တွင် သားသမီးတစ်ဦးပင် မွေးဖွားခဲ့ပြီး ထိုကလေးသည်လည်း အိမ်တော်ထဲတွင် ရှိနေလေသည်။
ကျောက်မင်၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ရှောင်လင်းရှီသည် စူးယောင်၏နောက်သို့ လိုက်ပါသွား၏။ အိမ်တော်၏ အိမ်တော်ထိန်းက ကိုယ်တိုင်ကိုယ်ကျ အစားအသောက်များ လာရောက်ပို့ဆောင်ပေးပြီး သခင်မဟုပင် ခေါ်ဝေါ်နေသည်ကို ကြည့်နေခဲ့သည်။
ထိုသူသည် သူမ ဂရုတစိုက် ရွေးချယ်ခဲ့သော အိမ်တော်ထိန်းဖြစ်ပြီး သစ္စာရှိသော ခွေးတစ်ကောင်ပင် ဖြစ်လေသည်။
စူးယောင်သည် စားသောက်ပြီးနောက် ထရပ်ကာ ဟွေ့အန်းခန်းမသို့ သွားရောက်ခဲ့၏။ ထိုနေရာသည် ကျောက်အဘိုးကြီးနှင့် အဘွားကြီးတို့၏ နေထိုင်ရာ ဖြစ်လေသည်။
ဤအချိန်တွင် ဟွေ့အန်းခန်းမသည် အလွန်စည်ကားနေပြီး ကလေးငယ်များ၏ စကားပြောသံများနှင့် အဘိုးအဘွားနှစ်ယောက်၏ ရယ်မောသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
စူးယောင် လာရောက်နှုတ်ဆက်သည်ကို ကြားသောအခါ ကျောက်လောင်ထိုက်ထိုက်သည် သူမကို နွေးထွေးစွာ အထဲသို့ ဝင်ရောက်ရန် ခေါ်ဆိုလိုက်၏။
ရှောင်လင်းရှီသည် စူးယောင်နောက်မှ လိုက်ပါရင်း ဟွေ့အန်းခန်းမထဲသို့ လွင့်မျောဝင်ရောက်သွားခဲ့သည်။
သူမသည် သူမ၏ ယောက္ခမက စူးယောင်၏လက်ကို တရင်းတနှီး ဆွဲကိုင်ကာ ကောင်းမွန်စွာ အနားယူခဲ့ပါသလားဟု မေးမြန်းနေသည်ကို တွေ့မြင်လိုက်ရ၏။
စူးယောင်၏ မျက်နှာက နီမြန်းနေသည်ကို မြင်သောအခါ ကျောက်လောင်ထိုက်ထိုက်သည် သူမကို စနောက်ကျီစယ်ကာ သူမအတွက် မြေးထွားထွားကြီးတစ်ယောက် ထပ်မွေးပေးရန် တိုက်တွန်းလေသည်။
စူးယောင် ထိုင်ချလိုက်ချိန်တွင် ကျောက်လောင်ထိုက်ထိုက်ကို မှီထားသည့် ကလေးငယ်သည် သူမအနားသို့ တိုးကပ်လာပြီး “အမေ” ဟု ခေါ်လိုက်သည်။
“ချီအာ လိမ္မာတယ်။ ဒီရက်ပိုင်းတွေမှာ စာကြိုးစားရဲ့လား”
“ဟုတ်ကဲ့” ကျောက်ဝမ်ချီက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “ချီအာ အရမ်းကြိုးစားပါတယ်။ အဖေက ရက်အနည်းငယ်ကြာရင် ကျွန်တော့်ကို ပညာရှိကြီးချီရဲ့အနားမှာ စာသင်ဖို့ ပို့ပေးမယ်လို့ ပြောတယ်။ ပညာရှိကြီး ချီကလည်း သဘောတူပြီးသားပါ”
ရှောင်လင်းရှီသည် ပညာရှိကြီးချီကို မှတ်မိနေ၏။ သူသည် ကျောက်မင်နှင့် အသက်အရွယ်ကွာခြားသော်လည်း အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ကျောက်ဝမ်ရှန်း ၁၀ နှစ်အရွယ်တွင် ရှောင်လင်းရှီသည် ကျောက်မင်ကို သားဖြစ်သူကို ပညာရှိကြီး ချီထံသို့ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့ဖူးသော်လည်း ကျောက်မင်က ငြင်းဆိုခဲ့ပြီး ပညာရှိကြီ ချီသည် အသက်ငယ်သော ကျောင်းသားများကို လက်မခံဟု ဆိုခဲ့သည်။
စူးယောင်သည် အလွန်ပျော်ရွှင်သွားသည်။ “ဟုတ်လား။ အမေ့ ချီအာက တကယ်တော်တာပဲ”
ကျောက်ဝမ်ချီသည် အနည်းငယ် ဂုဏ်ယူဝံ့ကြွားစွာ ဆို၏။ “ပညာရှိကြီးချီက ကျွန်တော့်ကို ဉာဏ်ကောင်းပြီး အသိတရားရှိတယ်လို့ ပြောတယ်။ အဖေ့ရဲ့ အသုံးမကျတဲ့ သားကြီးထက် အများကြီး သာတယ်တဲ့”
မြေးဖြစ်သူက ကျောက်ဝမ်ရှန်းအကြောင်း ပြောသည်ကို ကြားသောအခါ အဘွားကြီးသည် ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်ပြီး “မနက်စောစောစီးစီး။ ချီအာ အဲ့ဒီ ကံမကောင်းတဲ့လူအကြောင်းကို မပြောနဲ့။ နားညည်းတယ်”
“အဒေါ်။ ဒီစကားကို အပြင်မှာ ပြောလို့မဖြစ်ဘူး” စူးယောင်က ပြုံးကာ သတိပေးလိုက်သည်။
“သိပါပြီ” ကျောက်လောင်ထိုက်ထိုက်သည် စူးယောင်တို့ သားအမိကို ကြည့်ရင်း အလွန်အမင်း နှစ်သက်နေပြီး သက်ပြင်းချကာ ဆို၏။ “ကံကောင်းလို့ ဒီနှစ်တွေမှာ မင်းတို့သားအမိနှစ်ယောက်ကို အိမ်တော်မှာ မထားခဲ့မိတာ။ မဟုတ်ရင် ရှောင်လင်းရှီက သေအောင် နှိပ်စက်နေလောက်ပြီ”
ကျောက်ဝမ်ချီသည်လည်း ကြည်လင်သောလေသံဖြင့် ဆို၏။ “စာအုပ်ထဲမှာ ပြောထားတယ်။ မကောင်းမှုလုပ်ရင် မကောင်းတဲ့အကျိုးကို ခံစားရမယ်တဲ့။ သူက အဖေ့ကို အပိုင်စီးပြီး ကျွန်တော်တို့မိသားစုကို အတူတူမနေနိုင်အောင် လုပ်ခဲ့လို့ မကောင်းတဲ့အသေနဲ့ သေဆုံးသွားရတာ”
“အို။ ငါ့ ချီအာက တကယ်တော်တာပဲ။ မကောင်းတဲ့အသေနဲ့ သေဆုံးခြင်းဆိုတာကိုတောင် သိနေပြီ ဟားဟားဟား”
စူးယောင်ကတော့ သားဖြစ်သူ့လက်ကို ရိုက်လိုက်ပြီး အနည်းငယ် လေးနက်သောလေသံဖြင့် ဆုံးမလိုက်သည်။ “နောင်ကျရင် ဒီလိုစကားမျိုး မပြောရဘူး။ သိရဲ့လား”
“သိပါပြီ။ အမေ စိတ်မဆိုးပါနဲ့” ကျောက်ဝမ်ချီက အလျင်အမြန် အမှားဝန်ခံလိုက်သည်။ “သား ကြိုးစားပြီး စာသင်ပါ့မယ်။ ကြီးလာရင် အရာရှိဖြစ်အောင်လုပ်ပြီး အဘွားနဲ့ အမေ့အတွက် ဂုဏ်ထူးဆောင်ဘွဲ့ကို တောင်းခံပေးပါ့မယ်”
“ငါ့မြေးလိမ္မာလေးက ဂုဏ်ထူးဆောင်ဘွဲ့ကိုတောင် သိနေပြီ။ တကယ်တော်တာပဲ” ကျောက်လောင်ထိုက်ထိုက်သည် ချက်ချင်းပင် အလွန်ပျော်ရွှင်သွားပြီး ပါးစပ်မစိနိုင်တော့ဘဲ စူးယောင်ကို ထပ်ပြောလေသည်။ “ချီအာက အမှန်အတိုင်း ပြောလိုက်တာပဲကို။ နင်က ဘာလို့ သူ့ကို ခြောက်လှန့်နေရတာလဲ”
ရှောင်လင်းရှီသည် သူတို့မိသားစု၏ မျက်လုံးထဲတွင် အပိုဖြစ်ပြီး မျက်စိနောက်စရာကောင်းသော သူတစ်ဦးသာ ဖြစ်၏။ မကောင်းသော အသေဖြင့် သေဆုံးသွားခြင်းသည် ထိုက်တန်လှပေသည်။
ရှောင်လင်းရှီသည် စားပွဲဘေးတွင် ရပ်နေရင်း သွေးနီရောင်မျက်ရည်များသည် မျက်နှာပေါ်မှ လျှောကျလာပြီး တိတ်တိတ်ဆိတ်ဆိတ် မြေပြင်ပေါ်သို့ ကျဆင်းသွားသော်လည်း အစအနတစ်စမျှ မကျန်ရစ်ခဲ့ပေ။
တစ်နေ့တာသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ရှောင်လင်းရှီသည် ကျောက်အိမ်တော်တစ်ခုလုံးကို လှည့်ပတ်သွားလာခဲ့သော်လည်း ကျောက်ဝမ်ယွဲ့ကိုတော့ သွားရောက်ကြည့်ရှုခြင်း မပြုခဲ့ပေ။
သူမ မှတ်မိသည်မှာ ထိုနေ့က ခေါင်းတလားမပိတ်မီတွင် ကျောက်ဝမ်ယွဲ့ ပြောဆိုခဲ့သော စကားများကိုပင်။
ကောင်းကင်သည် တဖြည်းဖြည်း မှောင်မိုက်လာပြီး ရှောင်လင်းရှီ၏ ကိုယ်ပေါ်တွင် ရစ်ပတ်နေသော အမွှေးတိုင်အငွေ့အသက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ကျောက်မင်သည် နောက်ဆုံးတွင် အိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူနှင့်အတူ အိမ်တော်သို့ ဝင်ရောက်လာသူမှာ ရွှဲမင်ထန် ဖြစ်လေသည်။
ရွှဲမင်ထန်သည် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ချီစွမ်းအား ပြည့်ဝနေပြီး သရဲတစ္ဆေများကို အလွယ်တကူ ခံစားနိုင်သင့်သော်လည်း သူသည် အနီးအနားရှိ ရှောင်လင်းရှီကို မခံစားမိခဲ့ပေ။
သူတို့နှစ်ဦးသည် စာကြည့်ခန်းသို့ သွားလိုက်ကြပြီး ရွှဲမင်ထန်၏ ကိုယ်ပေါ်တွင် တစ်စုံတစ်ခု ရှိနေဟန်တူပြီး သူမကို အလွန်အန္တရာယ်ရှိသည်ဟု ခံစားစေသဖြင့် အဝေးမှသာ နားထောင်နေရ၏။
သူတို့က တားမြစ်ထားသော ဘဏ္ဍာတိုက်အကြောင်း၊ လင်းအိမ်တော်အကြောင်း ပြောဆိုနေသည်ကို ကြားခဲ့ရသော်လည်း အသံမှာ အလွန်တိုးညှင်းပြီး တိုးလိုက်ကျယ်လိုက် ဖြစ်နေသည့်အတွက် သူမ နားမလည်ခဲ့ပေ။
သူတို့သည် စာကြည့်ခန်းတွင် အချိန်အကြာကြီး မနေခဲ့ဘဲ ရွှဲမင်ထန်သည် ထရပ်ကာ နှုတ်ဆက်ထွက်ခွာသွားလေသည်။ အိမ်တော်မှ ထွက်ခွာသော လမ်းခရီးတွင် သူသည် ကျောက်ဝမ်ယွဲ့နှင့် တွေ့ဆုံခဲ့၏။
ရှောင်လင်းရှီသည် ရှက်ရွံ့နေသော ကျောက်ဝမ်ယွဲ့နှင့် သူမ တိုးကပ်လာသောအခါ မျက်ခုံးများကြားတွင် စိတ်ပျက်မှု အရိပ်အယောင်များ ပေါ်ထွက်လာသော ရွှဲမင်ထန်ကို အဝေးမှ လှမ်းကြည့်နေခဲ့သည်။
သူမသည် ယခင်က တစ်ခါမျှ မစဉ်းစားခဲ့ဖူးသည်မှာ ကျောက်မင်သည် သမီးဖြစ်သူကို ရွှဲမင်ထန်နှင့် အတင်းအကျပ် လက်ထပ်စေချင်ခဲ့သည့် အကြောင်းအရင်းနှင့် ရွှဲမင်ထန်သည် ကျောက်ဝမ်ယွဲ့ကို မနှစ်သက်သော်လည်း သဘောတူခဲ့သည့် အကြောင်းအရင်းကိုပင်။
သူမ၏ ခင်ပွန်းသည်တွင် သူမ မသိသော လျှို့ဝှက်ချက်များ အများအပြား ရှိနေဟန်တူသည်။
သို့သော် အရေးမကြီးတော့ပေ။ ယနေ့ည ကျော်လွန်သွားလျှင် လျှို့ဝှက်ချက်ဟူ၍ ရှိတော့မည် မဟုတ်ပေ။
ကောင်းကင်သည် မည်းမှောင်သွားလေပြီ။
အချိန်သည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားပြီး ရှောင်လင်းရှီသည် သူမကို ကြည်လင်စေသော အမွှေးရနံ့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဒေါသနှင့် မုန်းတီးမှုများက သူမ၏ အသိစိတ်ကို ဖြည့်ဆည်းလာသည်ကို ခံစားလိုက်ရ၏။
သူမသည် ဟွေ့အန်းခန်းမ၏ ဘေးခန်းဆောင်တစ်ခု အပြင်ဘက်သို့ ရောက်ရှိလာပြီး သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ အခန်းထဲသို့ ဝင်ရောက်သွားလေသည်။
၇ နှစ် ၈ နှစ်အရွယ် ကလေးငယ်သည် အိပ်ရာပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေ၏။ မူလက ကျောက်ဝမ်ချီတွင် မိမိ၏ကိုယ်ပိုင်ခြံဝင်း ရှိသော်လည်း ကျောက်လောင်ထိုက်ထိုက်က သူ တစ်ယောက်တည်း နေရန် စိတ်မချသဖြင့် သူမ၏ ခြံဝင်းထဲတွင် နေထိုင်ရန် အတင်းအကျပ် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
ရှောင်လင်းရှီသည် ဉာဏ်ကောင်းသလောက် ကောက်ကျစ်ယုတ်မာလှသော ထိုကလေး၏အပေါ်တွင် ဝဲပျံလျက်ရှိပြီး သူမ၏ဆံပင်ရှည်များသည် ကလေး၏မျက်နှာဘေးတွင်ကျနေကာ အေးချမ်းစွာ အိပ်မောကျနေသော ကလေး၏မျက်နှာကို သူ ငေးကြည့်နေလေသည်။
တကယ်ပဲ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ပါလား။ အသက်ဒီလောက်ငယ်ငယ်နဲ့ သူ့အမေအတွက် တွေးတောတတ်နေပြီ။
သူမက ဒီကလေးးကို သေချာပေါက် လွှတ်ပေးရမှာပေါ့။ လွှတ်ပေးမဲ့အပြင် သူ့ကို အသက်ရှည်ရှည်တောင် နေခိုင်းဦးမှာ။
နောက်တစ်ခဏတွင် ရှောင်လင်းရှီ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မှုလွတ်ကင်းသွားသယောင် အိပ်ရာထဲသို့ ကျဆင်းသွားလေသည်။
အိပ်ရာပေါ်တွင် လဲလျောင်းနေသော ကျောက်ဝမ်ချီသည် မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဆံများက မည်းနက်နေလေတော့သည်။
...