ကောင်းကင်သည် လင်းလင်းထိန်ထိန် ဖြစ်နေလေပြီ။
Vol. 3 Ch. 21
အခန်းအတွင်းတွင် တရှပ်ရှပ်မြည်သံများ ထွက်ပေါ်လာ၏။ အပြင်ခန်းတွင် စောင့်နေသော အစေခံမိန်းကလေးသည် ငိုက်မျဉ်းနေရာမှ မျက်လုံးဖွင့်ကြည့်လိုက်ရာ အခန်းတံခါး ပွင့်လာပြီး အရပ်ပုပု ပုံရိပ်တစ်ခု ထွက်လာသည်ကို တွေ့လိုက်ရ၏။
“သခင်လေး။ ဘာဖြစ်လို့လဲ” အစေခံမိန်းကလေးသည် ဖယောင်းတိုင်ထွန်းညှိရန် မီးခြစ်ကို စမ်းတဝါးဝါး ရှာဖွေနေလေသည်။
ထိုပုံရိပ်သည် မလှုပ်မယှက် ရပ်နေဆဲဖြစ်၏။ အစေခံမိန်းကလေးသည် မီးထွန်းထားသော ဖယောင်းတိုင်ကို ကိုင်ကာ လျှောက်လာပြီး အနီးသို့ ရောက်သောအခါ စကားမပြောရသေးခင်မှာပင် ထိုမည်းနက်နေသော မျက်လုံးတစ်စုံကို တွေ့မြင်လိုက်ရလေသည်။
သူမသည် ကျောက်ဝမ်ချီက ပါးစပ်ကို အနည်းငယ်ဟလိုက်ပြီး အနက်ရောင်အငွေ့အသက်တစ်စကို မှုတ်ထုတ်လိုက်သည်ကိုသာ တွေ့မြင်လိုက်ရ၏။ သူမ၏ အော်ဟစ်သံသည် ထွက်ပေါ်မလာမီမှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အစေခံမိန်းကလေးသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီး မီးငြိမ်းသွားသည့် ဖယောင်းတိုင်သည် သူမ၏ဘေးတွင် လိမ့်ကျသွားလေသည်။
ကျောက်ဝမ်ချီသည် မိမိ၏အခန်းမှ ထွက်ခွာလာပြီးနောက် ကျောက်အဘိုးကြီးနှင့် ကျောက်လောင်ထိုက်ထိုက်တို့၏ အခန်းဘက်သို့ သွားရောက်ခဲ့၏။ သူသည် လက်သေးသေးလေးကို ဆန့်ကာ တံခါးကို တွန်းဖွင့်လိုက်သည်တွင် အပြင်ဘက်တွင် ညစောင့်နေသော အစေခံမိန်းကလေးသည် အိပ်ရာပေါ်တွင် တောင့်တောင့်ကြီး လဲလျောင်းနေပြီး အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိပေ။
အတွင်းခန်းတံခါးကို တွန်းဖွင့်လိုက်လေသည်။ သက်ကြီးရွယ်အိုတို့သည် အအိပ်ဆတ်တတ်ကြသည်ဖြစ်သောကြောင့် ကျောက်လောင်ထိုက်ထိုက်သည် ထိုအသံကို ကြားလိုက်ရပြီးနောက် မေးလိုက်၏။ "ဘယ်သူလဲ"
ကျောက်လောင်ထိုက်ထိုက်သည် လည်ပင်းကိုဆန့်ကာ ပြတင်းပေါက် အပြင်ဘက်မှ ထိုးဖောက်ဝင်ရောက်လာသော လရောင်ကို အားပြုကာ ဝင်လာသူကို သေသေချာချာ ကြည့်လိုက်၏။
ဒီလောက် ပုပုသေးသေး အရပ်အမောင်းနဲ့ဆိုရင် သူမရဲ့ မြေးလိမ္မာလေးကလွဲလို့ ဘယ်သူရှိနိုင်ဦးမှာလဲ။
“ချီအာ။ သားလား ချီအာ”
အဖြေမကြားရသောအခါ ကျောက်လောင်ထိုက်ထိုက်သည် ယခင်က မြို့တွင် လူများပြောဆိုသည်ကို ကြားဖူးသည်ကို သတိရလိုက်၏။ ကလေးအချို့သည် အိပ်မက်ယောင်ပြီး လမ်းလျှောက်တတ်ကြပြီး နှိုးရန်ကလဲ အခက်တွေ့ရသည်။ သို့မဟုတ်ပါက ဝိညာဉ်လွင့်သွားတတ်သည်ဟု ဆိုကြသည်။
သူမသည် စိုးရိမ်တကြီးဖြင့် ဘေးတွင် ဟောက်သံပေးကာ အိပ်ပျော်နေသော ကျောက်အဘိုးကြီးကို ရိုက်နှက်လိုက်သည်။ “အဘိုးကြီး။ မြန်မြန် ထစမ်းပါ”
“အင်း။ ဘာဖြစ်လို့လဲ” ကျောက်အဘိုးကြီးသည် ညည်းညူသံ နှစ်ချက်ပြုပြီး မျက်လုံးဖွင့်လိုက်၏။
“ချီအာက အိပ်မက်ထဲမှာ လမ်းလျှောက်နေတယ်။ ရှင် မြန်မြန် ဖယောင်းတိုင်ထွန်းလိုက်။ ကလေးကို မတိုက်မိစေနဲ့ဦး”
ကျောက်အဘိုးကြီးသည် အလျင်အမြန် ထရပ်ကာ ဖယောင်းတိုင် သွားထွန်းညှိပြီး ကျောက်လောင်ထိုက်ထိုက်သည်လည်း အိပ်ရာမှ မြန်မြန်ဆင်းကာ ကျောက်ဝမ်ချီထံသို့ တန်းတန်းမတ်မတ် သွားရောက်လေသည်။
သူမသည် ကျောက်ဝမ်ချီ၏ လက်ကို ထိတွေ့မိသောအခါတွင် အရိုးထဲထိ စိမ့်ဝင်သွားသော အအေးဓာတ်တစ်ချက်သည် လက်ငယ်လေးမှတစ်ဆင့် သူမ၏ လက်မောင်းပေါ်သို့ ရုတ်တရက် တက်ရောက်လာခဲ့သည်။
သူမသည် မိမိ ဖမ်းဆုပ်ထားသော မြေးဖြစ်သူက တစ်ချက် ရယ်မောလိုက်သည်ကို ကြားလိုက်ရ၏။
အလွန်ထူးဆန်းသော ရယ်မောသံတစ်မျိုးဖြစ်ပြီး အသံသည်ကား အမျိုးသမီးတစ်ဦး၏အသံကဲ့သို့ ထင်ရှားနေလေသည်။
ထိုအချိန်တွင် ဖယောင်းတိုင်သည် မီးရောင်လင်းလာပြီး ကျောက်လောင်ထိုက်ထိုက်သည် မြေးဖြစ်သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။
ကလေးငယ်၏ ဦးခေါင်းသည် မတရားနောက်လှန်ကျနေပြီး သူ့မျက်လုံးများသည် မည်းနက်နေကာ နှုတ်ခမ်းထောင့်သည် ကွေးတက်နေပြီး ထူးဆန်းကာ ကြောက်မက်ဖွယ် အပြုံးတစ်ခုကို ပြုံးပြနေလေသည်။
“မကောင်းတော့ဘူး။ ချီအာကို သရဲပူးနေပြီ”
ကျောက်လောင်ထိုက်ထိုက်သည် ကြားဖူးသည်မှာ ကလေးအချို့သည် ကံနိမ့်သည့်အတွက် သရဲပူးကပ်ခံရလျှင် မျက်လုံးများသည် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားတတ်ပြီး ထိုအချိန်တွင် မိုးမခပင်ကိုင်းဖြင့် ပြင်းထန်စွာ ရိုက်နှက်လျှင် ပူးကပ်နေသော သရဲကို ထုတ်ပစ်နိုင်သည်ဟု ဆို၏။
ကျောက်လောင်ထိုက်ထိုက်၏ ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်သွားပြီး ကြောင်အအဖြစ်သွားသည့် အဘိုးကြီးကို အလျင်အမြန် ပြောလိုက်သည်။ “ကျွန်မ ကလေးကို ကြည့်ထားမယ်။ ရှင် အမြန်ထွက်ပြီး လူခေါ်လိုက်။ ပြီးတော့ လူလွှတ်ပြီး မိုးမခပင်ကိုင်းတချို့ သွားရှာခိုင်းလိုက်”
“ကောင်းပြီ” ကျောက်အဘိုးကြီးသည် ဖိနပ်ကို ကပျာကယာစီးကာ အပြင်သို့ ပြေးထွက်သွားတော့သည်။ သူ့လက်သည် တံခါးကို မထိမီမှာပင် ဝုန်းခနဲအသံနှင့်အတူ ပွင့်နေသည့် အခန်းတံခါးသည် သူ့ရှေ့တွင် တင်းတင်းကျပ်ကျပ် ပိတ်သွားလေသည်။
“အမေကတော့ အမေ့မြေးကို တကယ်ပဲ သနားကြင်နာတတ်တာပဲနော်။ အရင်တုန်းက ကျွန်မသား ညဘက် ဖျားနေတုန်းကတော့ အမေက စိတ်အေးလက်အေး အိပ်ပျော်နေနိုင်ခဲ့တာပဲ။ အခုကျတော့ ဘယ်လိုလုပ် မတူတော့တာလဲ”
မြေးငယ်လေး၏ နုနယ်သောအသံသည် အမျိုးသမီးတစ်ဦး၏ အသံအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုလေသံသည် အလွန်အမင်း ရင်းနှီးနေသည့်အတွက် ကျောက်လောင်ထိုက်ထိုက်၏ စိတ်ထဲတွင် အေးစက်သွားပြီး ဦးရေပြားပင် ထုံကျင်သွားလေသည်။
“နင်… နင်က ဘယ်သူလဲ” ကျောက်လောင်ထိုက်ထိုက်သည် ကျောက်ဝမ်ချီ၏ လက်ကို ရုတ်တရက် ဆွဲဖယ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
ရှောင်လင်းရှီသည် ပြုံးကာ တစ်လှမ်းချင်း သူမထံသို့ တိုးကပ်လာခဲ့သည်။ “ကျွန်မ သေတာ ရက်အနည်းငယ်ပဲ ရှိသေးတာကို အမေက ဒီလောက်မြန်မြန် မမှတ်မိတော့ဘူးလား”
“လင်း… လင်းရှီ”
“ဟင်း ဟင်း။ ကျွန်မ ပြောသားပဲ။ အမေက ကျွန်မကို သေချာပေါက် မှတ်မိမှာပါ။ ကျွန်မကလည်း သေဆုံးသွားရင်တောင် အမေနဲ့ အဖေ့ကို မှတ်မိနေသလိုပေါ့”
“လင်းရှီ။ စကား… စကား ကောင်းကောင်းပြောကြရအောင်” ကျောက်လောင်ထိုက်ထိုက်သည် ထိုသို့ပြောရင်း တံခါးဘေးမှ ကျောက်အဘိုးကြီးကို လှမ်းကြည့်လိုက်သည်။
ကျောက်အဘိုးကြီးသည် တံခါးဘေးတွင် ချထားသော ပန်းအိုးကို တိတ်တဆိတ် ကောက်ယူလိုက်ပြီး ရှောင်လင်းရှီထံသို့ လျှောက်သွားလေသည်။
“ကျွန်မက အဖေနဲ့အမေနဲ့ ကောင်းကောင်းမွန်မွန် ပြောဆိုချင်ခဲ့တာပါ…” ရှောင်လင်းရှီ၏ စကားမဆုံးမီမှာပင် ကျောက်အဘိုးကြီး၏ ပန်းအိုးသည် သူမ၏ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေပြီ။
သို့သော် ကျောက်ဝမ်ချီ၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ရှိနေပြီး လည်ပင်းသည် လုံးဝမဖြစ်နိုင်သည့် အတိုင်းအတာတစ်ခုအထိ နောက်သို့ လှည့်သွားပြီး “အဖေကတော့ တကယ်ပဲ ရက်စက်တာပဲနော်”
စားပွဲဘေးတွင် ချထားသော သစ်သားခုံသည် ရုတ်တရက် လွင့်ပျံတက်လာပြီး ကျောက်အဘိုးကြီး၏ ခြေထောက်များကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။ တစ်ချက်… နှစ်ချက်… သုံးချက်…
ကျောက်အဘိုးကြီး၏ နာကျင်စွာ အော်ဟစ်သံများကြားတွင် သူ့ခြေထောက်နှစ်ဖက်သည် မာကျောလှသည့် သစ်သားခုံဖြင့် ရိုက်နှက်ခံရသဖြင့် ကြေမွသွားလေသည်။
ကျောက်လောင်ထိုက်ထိုက်သည် ကံကောင်းခြင်းကို ဆက်ပြီး မမျှော်လင့်ဝံ့တော့ဘဲ နာကျင်စွာ အော်ဟစ်နေသော ခင်ပွန်းသည်ကို ကြည့်ရင်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ တောင်းပန်လေသည်။ “လင်းရှီ။ ငါတို့ နင့်အပေါ်မှာ မှားခဲ့ကြပါတယ်။ မင်အာက ဒီနှစ်တွေမှာ နင့်အပေါ်မှာ ကောင်းခဲ့တာကို ထောက်ထားပြီး ငါတို့ကို လွှတ်ပေးပါဦး။ နင် ဘာလိုချင်လဲ။ ငွေစက္ကူအမွှေးတိုင်တွေလား။ ပြောပါ။ ငါ အားလုံး ဖြည့်ဆည်းပေးပါ့မယ်”
“ဟား ဟား ဟား။ သူက ကျွန်မအပေါ်မှာ ကောင်းတယ် ဟုတ်လား။ သူက ကျွန်မအပေါ်မှာ ကောင်းရင် ကျွန်မကို သတ်မှာမဟုတ်ဘူး။ ရှင်တို့နဲ့ ပေါင်းပြီး ကျွန်မကို ဒီနှစ်တွေမှာ လိမ်လည်လှည့်ဖြားမှာ မဟုတ်ဘူး”
ကျောက်အဘိုးကြီးကို ရိုက်နှက်နေသော လေထဲက သစ်သားခုံသည် ရှောင်လင်းရှီ၏ လက်ထဲသို့ လွင့်ပျံရောက်ရှိလာခဲ့၏။ သူမ၏လက်သည် ယခုအခါတွင် အလွန်သေးငယ်နေသည့်အတွက် ခုံခြေထောက်ကိုသာ မကိုင်ထားနိုင်လေသည်။ သူမသည် ခုံကို ကိုင်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး အဆက်မပြတ် တောင်းပန်နေသည့် ကျောက်လောင်ထိုက်ထိုက်၏ ရှေ့သို့ လျှောက်သွားလေသည်။
“နင်နဲ့ နင့်ရဲ့ မြေးလိမ္မာလေးက ငါ အသေဆိုးနဲ့ သေဆုံးသွားတာကို ရယ်မောနေတုန်းက ဒီနေ့ သူ့လက်ထဲမှာပဲ သေဆုံးသွားရလိမ့်မယ်လို့ တွေးခဲ့ဖူးလား”
ထိုသို့ပြောရင်း သစ်သားခုံကို ကျောက်လောင်ထိုက်ထိုက်အပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
“အား…” ကျောက်လောင်ထိုက်ထိုက်သည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူမ၏ ခြေလက်များသည် မြေပြင်တွင် ကပ်ငြိနေသကဲ့သို့ လုံးဝ ရှောင်တိမ်းမရဘဲ ထိုခုံက ရိုက်ချလာသည်ကို မျက်လုံးပြူးပြူးဖြင့် ကြည့်နေရုံသာ တတ်နိုင်၏။
ခုံသည် သူမ၏လက်များ၊ ခြေထောက်များပေါ်သို့ ကျရောက်လာရာ ပြင်းထန်သော နာကျင်မှု ဖြစ်ပေါ်လာပြီး သူမသည် နာကျင်လွန်း အသံပင် မထွက်နိုင်တော့ပေ။
ရှောင်လင်းရှီသည် ကျောက်လောင်ထိုက်ထိုက်၏ ရှေ့တွင် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး နုနယ်သော မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ သူမသည် ကျောက်ဝမ်ချီ၏ အသံဖြင့် ဆိုလေသည်။ “အဘွား။ အဘွားက ကျွန်တော့်ကို ဒီလောက်တောင် ချစ်တာပဲ။ ကျွန်တော့်ကို ခွင့်လွှတ်မှာပဲ မဟုတ်လား”
ကျောက်လောင်ထိုက်ထိုက်သည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားရင်း သူမ တစ်ချိန်က အလွန်အမင်း တန်ဖိုးထားခဲ့သော မြေးဖြစ်သူ ထရပ်ကာ သူတို့၏အခန်းမှ ထွက်ခွာသွားပြီး သူတို့အတွက် တံခါးကိုပင် ဂရုတစိုက် ပိတ်ပေးသွားသည်ကို ကြည့်နေခဲ့သည်။
ကျောက်ဝမ်ချီ၏ ခန္ဓာကိုယ်သည် မကျေနပ်မှုများဖြင့် ကျောက်မင်၏ စာကြည့်ခန်းဘက်သို့ လွင့်မျောသွားလေသည်။
ယနေ့ညတွင် ကျောက်မင်နှင့် စူးယောင်တို့သည် အတူတကွ အိပ်စက်နေကြဆဲပင်။
စူးယောင်သည် အိပ်မက်တစ်ခု မက်ခဲ့၏။ သူမ ရှန့်ကျင်းသို့ အဒေါ်ထံသို့ လာရောက်ခိုလှုံစဉ်က ကျောက်အိမ်တော်တွင် တွေ့မြင်ခဲ့ရသော ရှောင်လင်းရှီကို အိပ်မက်မက်ခဲ့သည်။
အဒေါ်ဖြစ်သူက ရှောင်လင်းရှီကို သူမအား အိမ်တော်တွင် ဝမ်းကွဲအစ်ကို၏ မယားငယ်အဖြစ် ထားရှိရန် ပြောခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် အလွန်အမင်း ပျော်ရွှင်သွားခဲ့၏။
ရှောင်လင်းရှီသည် စက်ဆုပ်ဖွယ်ကောင်းသော အရာတစ်ခုခုကို ကြည့်နေသည့်အလား မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ဝေ့ကြည့်လိုက်လေသည်။
ရှောင်လင်းရှီသည် သဘောမတူရုံသာမက သူမနှင့် အဒေါ်၊ ဦးလေးတို့ကိုပါ ကျောက်အိမ်တော်မှ မောင်းထုတ်ခဲ့သည်။
သူမ ယူဆောင်လာသော အထုပ်သည် မြေပြင်ပေါ်သို့ ပစ်ချခြင်းခံလိုက်ရပြီး အတွင်းဘက်မှ အတွင်းခံအဝတ်အစားများသည် ပြန့်ကျဲသွားသည်တွင် ပတ်ဝန်းကျင်မှ သွားလာနေသူများသည် သူမကို လှောင်ပြောင်နေကြသကဲ့သို့ပင်။
အိမ်တော်အပြင်ဘက်တွင် အော်ဟစ်ဆဲဆိုနေသော အဒေါ်ဖြစ်သူကို ကြည့်ရင်း စူးယောင်သည် စိတ်ထဲတွင် ကျိန်ဆိုလိုက်၏။ သူမသည် သည်အတိုင်းတော့ ရှန့်ကျင်းမှ ထွက်ခွာသွားမည် မဟုတ်ဘဲ သေချာပေါက် နေထိုင်ရမည်ဟုပင်။
စူးယောင်သည် နိုးလာခဲ့၏။ သူမသည် ဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော ယောက်ျားအား လှည့်ကြည့်လိုက်သည်။ ယခုအခါတွင် သူမသည် ရှန့်ကျင်းတွင် နေထိုင်ရုံသာမက ရှောင်လင်းရှီ ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးကိုပါ ရရှိခဲ့လေပြီ။
သူမရဲ့ ယောက်ျားက ငါ့အပိုင်ပဲ။ သူမရဲ့ ကျောက်အိမ်တော် သခင်မနေရာကလည်း မကြာခင် ငါ့အပိုင် ဖြစ်လာတော့မှာ။ သူမရဲ့ သားက အသုံးမကျတော့ဘူး။ ငါ့သားကတော့ သူမရဲ့သားနဲ့ နှိုင်းယှဉ်ရင် ဝမ်းကွဲအစ်ကိုရဲ့ အချစ်ဆုံးကလေး ဖြစ်လာလိမ့်မယ်။ တကယ်ကောင်းတာပဲ။
နောက်တစ်ခဏတွင် အေးစက်သော လက်ငယ်တစ်စုံသည် စူးယောင်၏ လည်ပင်းကို ညှစ်လိုက်လေသည်။
ပြင်းထန်သော အသက်ရှုကျပ်မှုကြောင့် စူးယောင်သည် ခြေထောက်များကို ဆောင့်ကန်ရင်း လည်ပင်းပေါ်မှ လက်ကို အားကုန်သုံး၍ ကုတ်ခြစ်နေလေသည်။
ကျောက်မင်သည် ထိတ်လန့်နိုးလာပြီး သားဖြစ်သူက ဝမ်းကွဲညီမ၏ လည်ပင်းကို ညှစ်နေသည်ကို တွေ့သောအခါ အလျင်အမြန် တားဆီးရန် ကြိုးစားလိုက်သည်။
သူ့လက်သည် သွယ်လျသော လက်မောင်းငယ်လေးကို ဖမ်းဆုပ်မိသည်နှင့် အေးစက်သော ထိတွေ့မှုကြောင့် တုန်ယင်သွားလေသည်။
ရှောင်လင်းရှီသည် စူးယောင်ကို မသတ်ဘဲ သူမ သေလုနီးပါးဖြစ်ခါမှ မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။
အခန်းအတွင်းမှ ဖယောင်းတိုင်များသည် ရုတ်တရက် တောက်လောင်လာသော်လည်း ဖယောင်းတိုင်မီးသည် ထူးဆန်းသော အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲနေလေသည်။
ကျောက်မင်သည် တောင့်တင်းသော အမူအရာဖြင့် အိပ်ရာမှဆင်းလာသော သားဖြစ်သူကို ကြည့်ရင်း စိတ်ထဲတွင် အေးစက်သွားပြီး တစ်ခုခုတော့ မှားနေပြီမှန်း ချက်ချင်းပင် သဘောပေါက်သွား၏။ သူသည် အတွေ့အကြုံများသူ ဖြစ်သည့်အတွက် ဤအချိန်တွင် တည်ငြိမ်စွာ စဉ်းစားနိုင်သေးသည်။ “နင် ဘယ်သူလဲ။ ဘာလိုချင်လဲ ပြောလို့ရတယ်”
“သေချာတာပေါ့။ ရှင်တို့ကို သေစေချင်တာပေါ့”
ရှောင်လင်းရှီ၏ အသံသည် ကျောက်ဝမ်ချီ၏ ပါးစပ်မှ ညင်သာစွာ ထွက်ပေါ်လာသည်တွင် ကျောက်မင်၏ အမူအရာသည် ထိတ်လန့်တကြားဖြစ်သွားသည်။ “ချောင်ညန်”
သူမကို ကျင့်ယွင်ရသေ့က ခေါင်းတလားထဲမှာ ချိတ်ပိတ်ထားခဲ့တာ မဟုတ်ဘူးလား။
ကျကျင့်ယွင်ရသေ့သည် ဝိညာဉ်ကို သံချောင်းဖြင့် စွဲထားပြီးနောက် လွတ်မြောက်နိုင်ခြင်းမရှိဘဲ နေ့စဉ်နေ့တိုင်း မီးပြင်းဖြင့် အရှို့ခံရသကဲ့သို့ ခံစားရပြီး ဆယ်နှစ်ကျော်ကြာလျှင် ဝိညာဉ်ကြွေလွင့်သွားမည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။
တစ်စုံတစ်ယောက်က သူမကို လွှတ်ပေးလိုက်တာလား။
မဟုတ်သေးဘူး။ သူ ရှောင်လင်းရှီရဲ့ သင်္ချိုင်းကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတာပဲ။ ဒီနေ့ည မတိုင်ခင်အထိ ဘယ်သူမှ သင်္ချိုင်းကို မသွားခဲ့ကြပါဘူး။
ဒါဆိုရင် သူမ ဘယ်လိုလုပ် ထွက်လာတာလဲ။
စူးယောင်သည်လည်း သတိပြန်လည်လာပြီး သူတို့နှစ်ဦး၏ စကားကို ကြားသောအခါ အိပ်ရာမှဆင်းလာသော သေးငယ်သော ပုံရိပ်ထံသို့ ပြေးသွားလေသည်။ “နင် ငါ့သားကို ဘာလုပ်လိုက်တာလဲ။ သူက ကလေးလေးပဲ ရှိသေးတယ်။ သူ့ကို လွှတ်ပေးလိုက်။ ဘာအငြိုးအတေးရှိလဲ ငါ့အပေါ်မှာပဲ ပုံချလိုက်”
ရှောင်လင်းရှီသည် ရယ်မောလိုက်၏။ သူမသည် ဤသို့သော မြင်ကွင်းမျိုးကို အလွန်နှစ်သက်လှသည်။ မြောင်းထဲမှ ကြွက်ကဲ့သို့ သူမ၏ အရာအားလုံးကို ခိုးယူသွားခဲ့သော ဤအမျိုးသမီး၏ ထိတ်လန့်တကြားနှင့် စိတ်ပျက်အားငယ်နေသော ပုံစံသည် မည်မျှလောက် ပျော်ရွှင်စရာကောင်းလိုက်ပါသနည်း။
“စိတ်မပူပါနဲ့။ ငါက ဒီလောက်ငယ်တဲ့ ကလေးကို ဘယ်လိုလုပ် အန္တရာယ်ပြုမှာလဲ။ ငါ သူ့ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး”
ရှောင်လင်းရှီသည် ထိုသို့ပြောရင်း လက်ကိုဆန့်လိုက်ရာ ဓားမြှောင်တစ်ချောင်းသည် သူမ၏လက်ထဲသို့ လွင့်ပျံရောက်ရှိလာခဲ့၏။
“ငါ့မှာ မေးခွန်းတစ်ခု အမြဲတမ်း ရှိတယ်။ ဘယ်သူမှ မဖြေပေးခဲ့ဘူး။ ဒီနေ့တော့ နင် ငါ့ကို ဖြေရှင်းပေးလို့ရပြီ” ရှောင်လင်းရှီသည် စူးယောင်၏ ရှေ့သို့ ရောက်လာပြီး မျက်နှာပေါ်တွင် ထိတ်လန့်တကြား ဖြစ်နေသော်လည်း အလှအပမပျက်သော အမျိုးသမီးကို ကြည့်လိုက်သည်။
“နင် ပြောတယ်လေ။ ငါက နင့်ရဲ့ ကလေးတစ်ယောက်ကို ဖျက်ချခဲ့တယ်တဲ့။ ငါက ဘယ်တုန်းက ဒီလိုအလုပ်မျိုး လုပ်ခဲ့လို့လဲ”
စူးယောင်၏ မျက်လုံးများ လှုပ်ရှားသွားပြီး အိပ်ရာပေါ်တွင် မလှုပ်ရှားနိုင်ဘဲ ထိုင်နေသော ကျောက်မင်ကို အလိုအလျောက် ကြည့်လိုက်မိသည်။
“ကျွန်မ…”
သူမသည် ဆင်ခြေတစ်ခုကို မစဉ်းစားမီမှာပင် ရှောင်လင်းရှီ၏ လက်ထဲမှ ဓားမြှောင်သည် ရုတ်တရက် ပြောင်းပြန်လှည့်ကာ မျက်နှာပေါ်တွင် ပြင်းထန်စွာ ခြစ်ချလိုက်လေသည်။
ထိုနက်ရှိုင်းသော ဒဏ်ရာသည် ပြုံးနေသော ပါးစပ်ကဲ့သို့ ရှိနေလေသည်။
“အား…” သားဖြစ်သူ၏ မျက်နှာပေါ်မှ နက်ရှိုင်းသော ဓားဒဏ်ရာကို ကြည့်ရင်း စူးယောင်သည် စူးရှစွာ အော်ဟစ်လိုက်၏။
“ငါ နင့်ကို နောက်တစ်ခေါက် အခွင့်အရေးပေးမယ်။ ကောင်းကောင်းဖြေ။ ငါ… ဘယ်တုန်းက နင့်ကလေးကို သတ်ခဲ့လို့လဲ”
“မဟုတ်ဘူး။ ရှင့်အမှား မဟုတ်ဘူး။ ကျွန်မက ဝမ်းကွဲအစ်ကိုကို လိမ်ခဲ့တာ။ ကလေးကို ကျွန်မ တမင်တကာ ဖျက်ချခဲ့တာ။ သူ ကျွန်မကို သနားကြင်နာလာအောင်လို့” စူးယောင်သည် စူးရှစွာ အော်ဟစ်ဖြေဆိုလိုက်၏။
ရုန်းကန်နေသော ကျောက်မင်သည် ရုတ်တရက် ရပ်တန့်သွားပြီး ထိတ်လန့်တကြားဖြင့် မျက်ရည်များဖြင့် ပြည့်နှက်နေသော အမျိုးသမီးကို မယုံနိုင်စွာ ကြည့်လိုက်၏။
သူ၏ ရှောင်လင်းရှီ အပေါ်ထားရှိသော မကျေနပ်မှုသည် ထိုဖျက်ချခံခဲ့ရသော ယောက်ျားလေးမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူ့ကို ကလေးကို… သူမ ဖျက်ချခဲ့ခြင်းမဟုတ်ဟု ပြောဆိုနေပါသည်တဲ့။
“တကယ်တော်တာပဲနော်။ မမွေးသေးတဲ့ ကလေးတစ်ယောက်နဲ့ ဒီနေ့ အရာအားလုံးကို လဲလှယ်နိုင်ခဲ့တယ်။ နင် မွေးထုတ်တဲ့ သားက ဒီလောက်တောင် ချစ်စရာကောင်းတာ မဆန်းတော့ပါဘူး” ရှောင်လင်းရှီက ချီးကျူးလိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်မ တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မက မြို့ကို ပြန်ပို့မခံချင်လို့ပါ”
“နင် မြို့ကို ပြန်သွားရမှာ မဟုတ်ဘူး။ နင့်အိပ်မက်တွေ အမှန်တကယ် ဖြစ်လာလိမ့်မယ်။ သေတဲ့အထိ ရှန့်ကျင်းမှာပဲ နေသွားရလိမ့်မယ်” ရှောင်လင်းရှီသည် သူမကို နူးညံ့စွာ နှစ်သိမ့်ပေးရင်း လက်ထဲမှ ဓားကို သူမ၏ ဝမ်းဗိုက်ထဲသို့ ထိုးစိုက်လိုက်ပြီး မွှေနှောက်လိုက်၏။
ဓားဒဏ်ရာသည် အသက်အန္တရာယ် မရှိသော်လည်း ဤနှစ်များအတွင်း ဂရုတစိုက် ပြုစုပျိုးထောင်ခြင်းခံခဲ့ရသော အမျိုးသမီးကို အလွန်အမင်း နာကျင်စေမည်သာ ဖြစ်၏။
ရှောင်လင်းရှီသည် စူးယောင်အပေါ်တွင် စိတ်ဝင်စားမှု ကုန်ဆုံးသွားပြီး မကျေနပ်မှုများဖြင့် ချည်နှောင်ခံထားရသော ကျောက်မင်ကို လှည့်ကြည့်လိုက်သည်။
“ယောက်ျား ကျွန်မ ရှင့်အပေါ်မှာ ဘာများ မှားခဲ့လို့ ကျွန်မရဲ့ အသက်ကို သတ်ရက်ရတာလဲ”
ကျောက်မင်သည် အဆက်မပြတ် ခေါင်းခါလိုက်သည်။ “ချောင်ညန်။ ဒီမိန်းမယုတ်က ငါ့ကို လမ်းလွဲသွားအောင် လုပ်ခဲ့တာ။ ငါက သူ့ရဲ့ လှည့်ဖြားမှုကို ခံခဲ့ရတာပါ”
ရှောင်လင်းရှီသည် ကျောက်မင်၏ ဆင်ခြေပေးစကားများကို နားထဲသို့ မထည့်ဘဲ အိပ်ရာဘေးသို့ လျှောက်သွားလေသည်။ “လှည့်ဖြားခံရတာ မဟုတ်ဘူး။ ရှင်က ကျွန်မကို ပျောက်ကွယ်သွားစေချင်လို့ မစောင့်နိုင်တော့တာ။ ကျွန်မတို့ရဲ့ သားအရင်းကိုတောင် ရှင့်က အသုံးချနိုင်ခဲ့တာပဲ။ ဒါကို ရှင့်ပါးစပ်နဲ့ ရှင်ကိုယ်တိုင် ကျွန်မကို ပြောခဲ့တာ မဟုတ်ဘူးလား”
“မ… မဟုတ်ဘူး။ ငါ့မှာ အခက်အခဲတွေ ရှိခဲ့တယ်။ ရှင့်ကို ရှင်းပြတာ နားထောင်ပါဦး”
“ကောင်းပြီလေ။ ပြောပါ။ ကျွန်မ နားထောင်နေတယ်” ရှောင်လင်းရှီသည် ကျောက်မင်၏ ဘေးတွင် ထိုင်ချလိုက်ပြီး ဓားမြှောင်ကို သူ့လည်ပင်းဘေးတွင် ပွတ်တိုက်နေလေသည်။ “တကယ်လို့ ရှင်က မှားပြောခဲ့ရင် ကျွန်မ ရှင့်ကိုယ်ပေါ်က အသားတစ်ဖတ်ကို လှီးထုတ်ပစ်မယ်။ ဒီလိုမျိုးပေါ့”
သူမသည် ဓားမြှောင်ဖြင့် ကျောက်မင်၏ လည်ပင်းဘေးမှ အသားတစ်ဖတ်ကို လှီးထုတ်လိုက်၏။
ကျောက်မင်သည် နာကျင်မှုကို အတင်းအကျပ် ချုပ်တည်းထားပြီး နဖူးပေါ်မှ ချွေးအေးများ စီးကျလာလေသည်။ “ငါ အတင်းအကျပ် ခိုင်းစေခံခဲ့ရတာ။ ရွှဲမင်ထန်က မင်းကို သေစေချင်ခဲ့တာ”
“ဘာဖြစ်လို့လဲ”
ကျောက်မင်သည် တံတွေးမျိုချလိုက်၏။ သူက အဖြစ်မှန် ပြောလျှင်ပင် ရှောင်လင်းရှီကို သူ့ကို လွှတ်ပေးစေမည် မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။
သို့သော် ရှောင်လင်းရှီသည် သူ့ကို နောင်တရရန် အခွင့်အရေးမပေးဘဲ ဒုတိယအသားတစ်ဖတ်ကိုလည်း လှီးထုတ်လိုက်လေသည်။
ကျောက်မင်သည် ယနေ့ည သူ သေခြင်းတရားမှ မလွတ်မြောက်နိုင်တော့ကြောင်း ရုတ်တရက် နားလည်သွားလေသည်။
“ချောင်ညန်။ ငါတို့ လင်မယားဖြစ်ခဲ့ကြတာကို ထောက်ထားပြီး ငါ နင့်ကို အားလုံးပြောပြမယ်။ မင်း ငါ့ကို အေးအေးဆေးဆေး သေခွင့်ပေးပါ”
“သေချာတာပေါ့…”
“မင်းအစ်ကိုက ရွှဲမင်ထန်ကြောင့် သေဆုံးခဲ့ရတာ။ သူက တားမြစ်ထားတဲ့ ဘဏ္ဍာတိုက်ထဲကို ဝင်ချင်လို့ ငါ့ကနေတစ်ဆင့် နင့်အစ်ကိုကို သိကျွမ်းခဲ့တယ်။ ပြီးတော့ မင်းအစ်ကိုက သူ့ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရပြီး တားမြစ်ထားတဲ့ ဘဏ္ဍာတိုက်ကို တိတ်တဆိတ် ဖွင့်ပေးခဲ့လို့ လင်းအိမ်တော်က ပြည်နှင်ဒဏ်ခံခဲ့ရတာ”
“အမြစ်ပြတ် သုတ်သင်ရှင်းလင်းချင်လို့ကိုး”
“ဟုတ်… ဒါပေမဲ့ ငါက အတင်းအကျပ် ခိုင်းစေခံခဲ့ရတာပါ”
ရှောင်လင်းရှီသည် လက်ကိုဆန့်ကာ ကျောက်မင်၏ မျက်နှာကို ပွတ်သပ်လိုက်သည်။ “ရှင်က ဘယ်လိုလုပ် အတင်းအကျပ် ခိုင်းစေခံရမှာလဲ။ ရှင်က ဒီလောက်တော်တာ။ ကျွန်မအစ်ကိုကို ရွှဲမင်ထန်နဲ့ မိတ်ဆက်ပေးတုန်းကတည်းက ဒီနေ့ကို ကြိုတင်မျှော်လင့်ထားခဲ့မှာပဲ။ သူက ရှင့်ကို အကျိုးအမြတ်တွေ အများကြီး ကတိပေးခဲ့မှာပေါ့။ ရာထူးတိုးနိုင်တယ်။ ချမ်းသာကြွယ်ဝနိုင်တယ်။ ပြီးတော့ ကျွန်မကိုလည်း ဖယ်ရှားနိုင်တယ်”
သူမသည် အိပ်ရာဘေးမှ လူကို အစမှအဆုံး မမြင်နိုင်ခဲ့သော်လည်း သူတို့သည် အတူတကွ နှစ် ၂၀ နီးပါး နေထိုင်ခဲ့ကြပြီးဖြစ်သဖြင့် သူမသည် သူ့ကို မည်မျှလောက် နားလည်ပါသနည်း။
“ရှင်မ ကျေးဇူးပြုပြီးတော့”
ရှောင်လင်းရှီသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ “ယောက်ျား ရှင်သိလား။ ရှင်တို့ ကျွန်မကို ခေါင်းတလားထဲမှာ သံချောင်းစွဲခဲ့တဲ့နေ့က ကျွန်မ အရမ်းနာကျင်ခဲ့တယ်။ ကျွန်မကို လွှတ်ပေးဖို့ ရှင့်ကို အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ပေမယ့် ရှင်က မလွှတ်ပေးခဲ့ဘူး။ ရှင်က ကျွန်မကို သရဲတစ္ဆေအဖြစ် အတင်းအကျပ် ပြောင်းလဲစေခဲ့တာ။ ဒီနေ့ အရာအားလုံးက ရှင် တောင်းဆိုခဲ့တဲ့ အကျိုးဆက်ပဲ”
ရှောင်လင်းရှီသည် လက်ထဲမှ ဓားကို ချလိုက်သော်လည်း သူမ၏ကိုယ်ပေါ်မှ မကျေနပ်မှုများသည် မရေမတွက်နိုင်သော ဓားသွားများအဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်မင်၏ ကိုယ်ပေါ်တွင် ခြစ်ကုပ်လေတော့သည်။ သူမသည် ယောက်ျား၏ နာကျင်စွာ အော်ဟစ်သံများကြားတွင် မိမိကိုယ်မိမိ မထိန်းနိုင်အောင် ရယ်မောနေလေသည်။
နံနက် ၅ ချက်တီးအချိန် နီးပါးရောက်မှသာ ရှောင်လင်းရှီသည် နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး သူမသည် အိပ်ရာပေါ်တွင် လဲလျောင်းကာ ကျောက်ဝမ်ချီ၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားလေသည်။ ထွက်ခွာသွားပြီးနောက် ကောင်လေးသည် အသက်ရှုမှန်မှန်ဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်။
သူမသည် ထိုကလေးအား ပြုံးပြလိုက်ပြီး တံခါးအပြင်ဘက်သို့ လွင့်မျောထွက်ခွာသွားလေသည်။
အပြာရောင်မီးခိုးတစ်စသည် သူမ၏ခြေထောက်အောက်မှ ထွက်ပေါ်လာပြီး ရှောင်လင်းရှီသည် ကျောက်အိမ်တော်မှ မပျောက်ကွယ်မီက ကျောက်ဝမ်ယွဲ့၏ ခြံဝင်းဘက်သို့ လှမ်းမျှော်ကြည့်နေခဲ့သည်။
သူမသည် မီးခိုးငွေ့ဖြင့် ချည်နှောင်ခြင်းခံထားရပြီး ယခင်က လာရောက်ခဲ့ဖူးသော ထိုနေရာသို့ ပြန်လည်ရောက်ရှိသွားကာ ထိုမြေခွေးသည် ခုံပေါ်တွင် ထိုင်နေဆဲပင်။
သူ့လက်သည်းများထဲတွင် စာရေးထားသော အဝါရောင် စာရွက်တစ်ရွက်ကို ကိုင်ဆောင်ထားပြီး မီးထွန်းထားသော အမွှေးတိုင်သုံးချောင်းပေါ်တွင် ညင်သာစွာ ယိမ်းနွဲ့နေလေသည်။
အားချန်သည် လုံးဝ သရဲတစ္ဆေအဖြစ်သို့ ပြောင်းလဲသွားသော ရှောင်လင်းရှီကို ကြည့်ရင်း အသံသည် တည်ငြိမ်နူးညံ့နေ၏။ “အဒေါ် ကလဲ့စားချေပြီးပြီလား”
“အဒေါ် ဟုတ်လား။ နင်က အားချန်လား။ မ… မဟုတ်ဘူး။ နင်က ဘယ်သူလဲ”
အားချန်က ပြန်ဖြေလိုက်သည်။ “အဒေါ်သိတဲ့ အားချန်က သေဆုံးသွားခဲ့ပါပြီ။ သူ မသေဆုံးခင်က သူ့ရဲ့ နာမည်နဲ့ ခန္ဓာကိုယ်ကို ကျွန်မကို ငှားရမ်းပေးခဲ့ပါတယ်”
ရှောင်လင်းရှီသည် ရေရွတ်လိုက်သည်။ “ဒီလိုကိုး”
“မိုးလင်းတော့မယ်။ အဒေါ် တမလွန်ဘုံကို ဝင်သင့်ပါပြီ”
“ခဏစောင့်ဦး” ရှောင်လင်းရှီသည် ရုတ်တရက် အားချန်ကို တားလိုက်၏။
အားချန်သည် ခေါင်းကိုစောင်းကာ သူမကို ကြည့်လိုက်သည်။
“ကျောက်မင်က ကျွန်မကို ပြောတယ်။ ရွှဲမင်ထန်က အစ်ကို့ကို ထိန်းချုပ်ပြီး သူ့ကို အသုံးချပြီး တားမြစ်ထားတဲ့ ဘဏ္ဍာတိုက်ကို ဖွင့်ခဲ့လို့ လင်းမျိုးနွယ်တစ်စုလုံးကို ဒုက္ခရောက်စေခဲ့တာတဲ့။ နင် နောင်ကျရင်… သတိထားရမယ်”
“မှတ်သားထားပါ့မယ်။ အဒေါ် လမ်းခရီးဖြောင့်ဖြူးပါစေ” အားချန်သည် အမွှေးတိုင်ဖြင့် ရှောင်လင်းရှီ၏ မွေးသက္ကရာဇ် ရေးသားထားသော ထိုစာရွက်ကို မီးရှို့လိုက်ရာ ရှောင်လင်းရှီ၏ သရဲဝိညာဉ်ကို ချည်နှောင်ထားသော အပြာရောင်မီးခိုးသည် ဝဲဂယက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး မကျေနပ်မှုများဖြင့် ပြည့်နှက်နေသော သူမကို လုံးဝမျိုချကာ ပျောက်ကွယ်သွားတော့သည်။
အဝါရောင်စာရွက်သည် အားချန်၏ လက်ထဲတွင် လောင်ကျွမ်းသွားပြီး မီးတောက်များသည် သူမ၏လက်သည်းများပေါ်သို့ တက်လာသော်လည်း ပူလောင်သော နာကျင်မှုကို မခံစားရပေ။
သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး ဖွင့်လိုက်သောအခါ ရှေ့မှ အမွှေးတိုင်သုံးချောင်းသည် လောင်ကျွမ်းနေဆဲဖြစ်ပြီး ပန်းကန်လုံးအောက်တွင် ဖိထားသော အဝါရောင်စာရွက်သည် ပြာအဖြစ်သို့ ပြောင်းလဲကာ မြေပြင်ပေါ်သို့ ကျဆင်းသွားလေပြီ။
သူမသည် ခြေထောက်ဖြင့် ထိုပြာစအနည်းငယ်ပေါ်တွင် နင်းခြေလိုက်သည်တွင်တော့ မည်သည့်အရာမှ မမြင်နိုင်တော့ပေ။
ကောင်းကင်သည် လင်းရှင်းလို့နေလေပြီ။
...