ဒီအရာရှိက သူမကို တွေ့လိုသည်။
Vol. 3 Ch. 22
ထိုနေ့ညတွင် ကျောက်အိမ်တော်သည် ယခင်နေ့များကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။
နံနက် ၅ ချက်တီး ကျော်လွန်သည့်တိုင်အောင် သခင်ကြီးသည် အိမ်ထဲက ထွက်မလာသေးသည်ကို မြင်သောအခါ အိမ်တော်ထိန်းသည် စာကြည့်ခန်းတံခါးကို တံခါးသွားခေါက်သော်လည်း စာကြည့်ခန်းအတွင်းက မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။
သူက တံခါးကို တွန်းကြည့်လိုက်သည်တွင် တံခါးသည် ပွင့်သွားလေသည်။
“သခင်ကြီး၊ သခင်မ” အိမ်တော်ထိန်းသည် တံခါးဝတွင် ခဏလောက် ရပ်တန့်ပြီးနောက် အတွင်းဘက်သို့ အော်ဟစ်လိုက်၏။
စာကြည့်ခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
နောက်ထပ် အကြိမ်အနည်းငယ် အော်ဟစ်ကြည့်သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် သူသည် ဇဝေဇဝါဖြစ်သွားပြီး စာကြည့်ခန်းထဲသို့ ဝင်ရောက်ကာ အတွင်းခန်းသို့ လျှောက်လာခဲ့လိုက်သည်။
ခြေစလှမ်းလိုက်သည်နှင့် သူသည် ညှီနံ့ပြင်းပြင်းတစ်ခုကို ရရှိလိုက်သဖြင့် အိမ်တော်ထိန်း၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ခြေလှမ်းအနည်းငယ်လောက် မြန်မြန်လေး လှမ်းအလာ မြေပြင်ပေါ်တွင် သွေးအိုင်ကြီးတစ်ခုနှင့် သွေးစွန်းနေသော ခြေရာများကို တွေ့မြင်လိုက်ရ၏။ ထိုခြေရာများသည် အလွန်သေးငယ်ပြီး ကလေးငယ်တစ်ဦး၏ ခြေရာများကဲ့သို့ ရှိနေလေသည်။
သူသည် ရှေ့သို့တိုးကာ တင်းတင်းကျပ်ကျပ် ချထားသော အိပ်ရာခန်းဆီးကို လှန်လိုက်ရာ အိပ်ရာပေါ်တွင် ဘေးချင်းယှဉ် လဲလျောင်းနေသော လူသုံးဦးကို တွေ့မြင်လိုက်ရ၏။
သခင်ကြီးနှင့် သခင်မ၊ အလယ်တွင်မူ ဝမ်ချီသခင်လေးငယ် ဖြစ်လေသည်။
သို့သော် ဤလူသုံးဦးထဲတွင် ဝမ်ချီသခင်လေးငယ်၏ မျက်နှာသာ ပုံမှန်အတိုင်းရှိပြီး အသက်မှန်မှန် ရှူနေသည်။ ကျန်နှစ်ဦးမှာတော့ မျက်နှာများသည် သွေးမရှိဘဲ ဖြူဖျော့နေပြီး မျက်နှာအောက်ဘက် စောင်အပြင်ဘက်သို့ ထွက်ပေါ်နေသော လည်ပင်းသည် အရိုးတစ်ချောင်းသာ ကျန်ရှိတော့သည်။
အိမ်တော်ထိန်းသည် တစ်ချက်ကြည့်လိုက်ပြီး ငယ်သံပါအောင် အော်ဟစ်ကာ ပြေးထွက်သွားတော့သည်။ ထွက်ခွာမသွားမီတွင် မတော်တဆ ချော်လဲကျသွားပြီး မျက်နှာတစ်ခုလုံး သွေးများဖြင့် ပြည့်နှက်သွားတော့သည်။
“သခင်ကြီး သေဆုံးသွားပြီ၊ အမြန်သွားပြီး အမှုတိုင်ကြားကြ”
မြို့တော်အုပ်ချုပ်ရေးရုံးသည် သေဆုံးသူမှာ လက်ဝဲလက်ထောက်စုံစမ်းရေးမှူးဖြစ်ကြောင်း ကြားသိသောအခါ လူလွှတ်ပြီး ရာဇဝတ်မှုစုံစမ်းရေးဌာနသို့ တိုက်ရိုက် သတင်းပို့ခိုင်းလိုက်သည်။
မကြာမီတွင် ရာဇဝတ်မှုစုံစမ်းရေးဌာနသည် ကျောက်အိမ်တော်သို့ လူလွှတ်ခဲ့ပြီး အဖွဲ့ကို ဦးဆောင်သူမှာ ရွှဲမင်ထန် ဖြစ်လေသည်။
ရွှဲမင်ထန်သည် မြို့တော်အုပ်ချုပ်ရေးရုံးမှ သတင်းပို့လာချိန်တွင် သေဆုံးသူမှာ ကျောက်မင်နှင့် သူ၏ မယားငယ်ဖြစ်ကြောင်းသာ ကြားသိခဲ့ရပြီး သူ ရောက်ရှိလာမှသာ ကျောက်မင်၏ မိဘများလည်း သေဆုံးသွားခဲ့ကြောင်း သိရှိခဲ့ရသည်။
ယခုအခါတွင် အိမ်တော်တစ်ခုလုံးတွင် တစ်ဦးတည်းသော ဆုံးဖြတ်နိုင်သူမှာ အိမ်ထောင်မပြုရသေးသော ဒုတိယသ ကျောက်ဝမ်ယွဲ့သာ ဖြစ်လေသည်။
ကျောက်ဝမ်ယွဲ့သည် အိပ်ရာမှနိုးလာသောအခါ အဘိုးအဘွားနှင့် ဖခင်အရင်းတို့ တစ်ညတည်းဖြင့် အားလုံး သေဆုံးသွားခဲ့ကြောင်း ကြားသိရသဖြင့် တစ်ကိုယ်လုံး ကြောင်တောင်တောင် ဖြစ်သွားပြီး ရွှဲမင်ထန်ကို တွေ့ရချိန်မှာပင် မျက်နှာပေါ်တွင် ယခင်ကလို ပျော်ရွှင်မှုများ မရှိတော့ပေ။
“ရွှဲ… ရွှဲလူကြီးမင်း၊ ကျွန်မအဖေ သူ ဘာဖြစ်သွားတာလဲ” ကျောက်ဝမ်ယွဲ့သည် စိုးရိမ်တကြီးဖြင့် မေးလိုက်ပြီး ရွှဲမင်ထန်ကို ကောက်ရိုးတစ်မျှင်လို မှတ်ယူထားသယောင်။
“ဒီအရာရှိက အလောင်းကို သမားတော်နဲ့အတူ သွားစစ်ဆေးမလို့ပါ၊ ကျောက်သခင်မလေးအနေနဲ့ ခဏတော့ စောင့်ဆိုင်းပေးပါဦး”
ရွှဲမင်ထန်သည် ကျောက်ဝမ်ယွဲ့ထံတွင် အချိန်ဖြုန်းမနေခဲ့ချေ။ သူသည် ကျောက်အိမ်တော်မှ မဖြစ်စလောက် အသုံးဝင်နေသေးသည့် အိမ်တော်ထိန်းကို ခေါ်ယူလိုက်ပြီး ကျောက်မင်၏ စာကြည့်ခန်းသို့ ခေါ်လာခိုင်းလိုက်သည်။ ထို့အပြင် တစ်ဖွဲ့ကို ကျောက်မင်၏ မိဘများထံသို့ အလောင်းစစ်ဆေးရန် စေလွှတ်လိုက်လေသည်။
အိမ်တော်ထိန်းသည် စာကြည့်ခန်းအနီးသို့ ရောက်လာသည်နှင့်ချက်ချင်း ခုနက မြင်ကွင်းကို ပြန်လည်မြင်ယောင်လာကာ အတွင်းသို့ ဝင်ရောက်ရန် မည်သို့မျှ သတ္တိမရှိတော့ချေ။ ရွှဲမင်ထန်ကလည်း သူ့ကို အတင်းအကျပ် မတိုက်တွန်းဘဲ လက်အောက်ငယ်သားနှစ်ဦးကို တံခါးအပြင်ဘက်တွင် စောင့်ကြပ်ခိုင်းထားလိုက်ပြီး မှုခင်းသမားတော်နှင့် ကျန်လူအချို့ကို ခေါ်ဆောင်ကာ အခန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။
အိမ်တော်ထိန်းသည် အပြင်သို့ ပြေးထွက်လာစဉ်က သူ၏သခင် သေဆုံးသွားသည်ကိုသာ မှတ်မိပြီး ကျောက်ဝမ်ချီ အထဲတွင် ရှိနေသေးသည်ကိုမူ လုံးလုံးမေ့လျော့သွားခဲ့၏။
အလောင်းနှစ်လောင်း၏ နံဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ကောင်လေးတစ်ယောက်ကို ရွှဲမင်ထန်သည် မြင်တွေ့လိုက်ရ၏။ ထိုကောင်လေး၏ မျက်နှာထက်တွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ချက် ရှိနေသော်လည်း သွေးထွက်နေခြင်း မရှိတော့သည်ကို တွေ့လိုက်ရသောအခါ မျက်မှောင်ကို ကြုတ်လိုက်မိလေသည်။ သူက ခေါင်းကိုငဲ့ကာ အမိန့်ပေးလိုက်၏။
“အဲ့ဒီကလေးကို နှိုးလိုက်စမ်း”
ရာဇဝတ်မှုဌာနမှ အရာရှိတစ်ယောက်က ရှေ့သို့တက်ကာ ကျောက်ဝမ်ချီ၏ ပါးကို ပုတ်လိုက်မှ ကျောက်ဝမ်ချီသည် မျက်လုံးများကို ပွတ်သပ်ရင်း အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်လေသည်။
သူသည် အဖေ၏ စာကြည့်ခန်းထဲတွင် နိုးလာသည့် အကြောင်းအရင်းကို နားမလည်နိုင်သေးခင်မှာပင် ခုတင်ပေါ်တွင် လဲလျောင်းနေသည့် မိဘနှစ်ပါးကို တွေ့လိုက်ရပြီး လှမ်းခေါ်လိုက်၏။
“အဖေ၊ အမေ”
သူသည် တုံံ့ပြန်မလာသည့် မိဘနှစ်ပါးကို လက်လှမ်းကာ လှုပ်နိုးရန် ပြင်လိုက်ချိန်တွင် ရာဇဝတ်မှုဌာန အရာရှိက သူ့ကို မြန်မြန် ပွေ့ချီလိုက်လေသည်။
ကျောက်ဝမ်ချီသည် ရုတ်တရက် ကောက်ချီခံလိုက်ရသဖြင့် လန့်ဖျပ်သွားကာ ခြေထောက်များကို လှုပ်ရမ်းလိုက်သည်တွင် သူ၏ခြေထောက်သည် စောင်နှင့် ချိတ်မိသွားပြီး စောင်က လန်ကျသွားတော့သည်။
စောင်အောက်တွင်တော့ အရိုးများသာကျန်တော့သည့် အလောင်းနှစ်လောင်းသည် ဘေးချင်းယှဉ်လျက် တည်ရှိနေ၏။ ကလီစာများသည် မူလနေရာများတွင်ပင် ရှိနေသေးသော်လည်း သူတို့၏ ကိုယ်ပေါ်မှ အသားများမှာတော့ ပျောက်ဆုံးနေလေသည်။ ပျောက်ဆုံးသွားခြင်းတော့ မဟုတ်ဘဲ သူတို့၏ ကိုယ်အောက်တွင် သေသပ်စွာ စီရီလျက်သား ရှိနေခြင်း ဖြစ်သည်။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် သေရေးရှင်ရေး ကိစ္စကို ရိုးနေပြီဖြစ်သော ရာဇဝတ်မှုဌာန၏ မှုခင်းသမားတော်ပင် ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်တွင် အသက်နှစ်အနည်းငယ်မျှသာ ရှိသေးသော ကျောက်ဝမ်ချီအတွက်မူ ဆိုဖွယ်ရာ မရှိတော့ချေ။
သူသည် သံတိုတစ်ချက် အော်ဟစ်လိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်လာကာ မေ့မြောသွားလေသည်။
“လူကြီးမင်း၊ ဒီကလေးကို…”
အရာရှိလေးက ရွှဲမင်ထန်ကို မေးမြန်းလိုက်၏။
ရွှဲမင်ထန်က ခုတင်ဘေးတွင် ချွတ်ထားသည့် ကလေးဝတ် ဖိနပ်များကို ကြည့်ပြီးနောက် ကျောက်ဝမ်ချီ၏ ခြေထောက်ကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
“အခန်းထဲက ခြေရာတွေနဲ့ တိုက်ကြည့်လိုက်”
မကြာမီပင် အဖြေထွက်လာလေ၏။ ထိုသွေးစွန်းနေသော ခြေရာများသည် ကျောက်ဝမ်ချီ ချန်ထားခဲ့ခြင်း ဖြစ်သည်။
“ဒီကလေးကို အပြင်ခေါ်သွားပြီး သေချာစောင့်ကြည့်ထား။ အလောင်းစစ်ဆေးချက် အဖြေထွက်လာမှ ဆက်ပြောကြတာပေါ့”
“ဟုတ်ကဲ့”
ရာဇဝတ်မှုဌာန အရာရှိသည် အမိန့်ကိုနာခံကာ ကျောက်ဝမ်ချီကို ပွေ့ချီပြီး အပြင်သို့ ထွက်သွားလိုက်တော့သည်။
ရွှဲမင်ထန်၏ အကြည့်တို့သည် အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားသော အလောင်းနှစ်လောင်းပေါ်တွင် ဝေ့ဝဲနေပြီး တင်းနေအောင် မျက်မှောင်ကြုတ်ထားဆဲပင်။
သူသည် မှုခင်းသမားတော်ကို အလောင်းစစ်ဆေးရန် ချန်ထားခဲ့ပြီး လက်အောက်ငယ်သားများကို အတွင်းခန်းထဲတွင် ကျန်ရှိသော သက်သေများကို ရှာဖွေခိုင်းလိုက်ကာ သူကိုယ်တိုင်ကတော့ အပြင်ဘက် စာကြည့်ခန်းဆီသို့ ထွက်လာခဲ့လေသည်။
ရွှဲမင်ထန်သည် တံခါးဝသို့ လျှောက်သွားပြီး တံခါးစောင့် လက်အောက်ငယ်သားများကို မည်သူ့ကိုမှ အထဲသို့ ဝင်ခွင့်မပေးရန် အမိန့်ပေးပြီးနောက် စာကြည့်ခန်းတံခါးကို ပိတ်လိုက်၏။
ငါနဲ့ ကျောက်မင် စတင်သိကျွမ်းတဲ့အချိန်က သူ့ကို ယုံကြည်မှုအမှတ်အသားအနေနဲ့ ကျောက်စိမ်းပြားကို ပေးခဲ့တယ်။ အခု အဲ့ဒါကို အမြန်ဆုံး ပြန်ရှာတွေ့မှ ဖြစ်မယ်။ ပြီးတော့ ကျောက်မင်ရဲ့ သတိထားတတ်တဲ့ အကျင့်နဲ့ဆိုရင် တခြားပြင်ဆင်မှုတွေလည်း ရှိနေနိုင်သေးတယ်။
ရွှဲမင်ထန်သည် စိတ်ထဲမှ တွေးတောနေရင်း သူ့အကြည့်တို့သည် စာကြည့်ခန်းအတွင်းသို့ ဝေ့ဝဲစူးစမ်းနေ၏။
ကျောက်မင် သေဆုံးသွားတာကို သိလိုက်ရကတည်းက ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ...
မင်ကျင့်စီးကလည်း မျက်စိဒေါက်ထောက် ကြည့်နေတာ။ ရှောင်လင်းရှီကို အခုချက်ချင်း ရှင်းပစ်ဖို့ ငါ့ဘက်က ဘာအစီအစဉ်မှ မရှိသေးဘူး။ ဒါပေမဲ့ ကျောက်မင်က ငါတို့နှစ်ယောက်ရဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ပေးဖို့၊ ရှောင်လင်းရှီကို ဖယ်ရှားပေးဖို့ ငါ့ကို အတင်းအကျပ် တောင်းဆိုခဲ့တယ်။
ပန်းပွဲတော်နေ့က ရှောင်လင်းရှီက ငါ့အစ်မကို စော်ကားလိုက်တာနဲ့ အခွင့်သင့်သွားတာပဲ။ ဒါနဲ့ပဲ ငါ ရွှယ်ကျန်းမြွေကို သုံးလိုက်ပြီး သဲလွန်စ ရှင်းလင်းခဲ့တယ်။ မင်ကျင့်စီးကလည်း ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး။
ရှောင်လင်းရှီ သေတာလည်း အချိန်အတော်ကြာပြီ။ ဘယ်သူမှလည်း သတိမထားမိကြဘူး။ အရာအားလုံး ပြီးဆုံးသွားပြီလို့ ငါထင်နေတာ... ဘယ်လိုဖြစ်ပြီး အခုလို အပြောင်းအလဲတွေ ဖြစ်လာရတာလဲ။
မကြာမီပင် ရွှဲမင်ထန်သည် စာကြည့်ခန်းထဲမှ လျှို့ဝှက်အခန်းငယ်နှစ်ခုကို ရှာတွေ့သွားလေသည်။ တစ်ခုသည် ပန်းချီကား၏ နောက်ကွယ်တွင် ဝှက်ထားပြီး နောက်တစ်ခုသည် စာအုပ်စင်၏ နောက်တွင် စာအုပ်တစ်ပုံဖြင့် ဖုံးကွယ်ထား၏။
ပထမလျှို့ဝှက်အခန်းငယ်ထဲတွင် သေတ္တာတစ်လုံးရှိပြီး ထိုသေတ္တာထဲ၌ ငွေစက္ကူတစ်ထပ်၊ ရွှေတုံးအချို့နှင့် အောက်ခြေတွင် မြေဂရမ်အချို့ကို ဖိထားလေသည်။
နောက်လျှို့ဝှက်အခန်းငယ်တစ်ခုထဲတွင်မူ သစ်သားသေတ္တာတစ်လုံးရှိပြီး ထိုအထဲတွင် စာတစ်ထပ်ကို ထည့်ထားလေသည်။
ရွှဲမင်ထန်သည် ထိုစာတစ်ထပ်ကို ထုတ်ယူလိုက်ပြီး အလယ်က စာတစ်စောင်ထဲတွင် ပစ္စည်းတစ်ခုကို စမ်းမိလိုက်လေသည်။
စာအိတ်ထဲတွင် သူ ကျောက်မင်ကို ပေးခဲ့သော ကျောက်စိမ်းပြား ရှိနေ၏။
သူသည် ကျောက်စိမ်းပြားကို ထုတ်ယူသိမ်းဆည်းလိုက်ပြီးနောက် ကျောက်မင်သည် သူ့အတွက် အန္တရာယ်ဖြစ်စေမည့် သက်သေအထောက်အထား တစ်စုံတစ်ရာကို ဤစာအိတ်များထဲတွင် ထည့်ရေးထားလေမလားဟု သံသယဝင်လာမိပြန်သည်။
သူသည် ထိုစာများကို မည်သို့မည်ပုံ စီရင်ရမည်ကို စဉ်းစားနေစဉ်မှာပင် တံခါးဝတွင် စောင့်နေသော အရာရှိလေး၏ ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
“ရပ်လိုက်စမ်း”
ရွှဲမင်ထန်၏ မျက်နှာသည် ပျက်သွား၏။ နောက်တစ်ခဏတွင် တင်းတင်းပိတ်ထားသော စာကြည့်ခန်းတံခါးသည် ကျိုးကြေသွားပြီး တစ်ချိန်တည်းမှာပင် သစ်သားသေတ္တာတစ်လုံးသည် တံခါးအပြင်ဘက်သို့ လွင့်ထွက်သွားလေသည်။
အခန်းအတွင်းနှင့် အခန်းအပြင်မှ လူနှစ်ဦးတို့သည် လေဟာနယ်ကို ဖြတ်၍ တိုက်ခိုက်လိုက်ကြရာ သစ်သားသေတ္တာသည် ပေါက်ကွဲသွားပြီး အတွင်းမှ စာများသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် လွင့်ပျံသွားကြ၏။
ရွှဲမင်ထန်သည် အနည်းငယ် တုန်ယင်နေသော သူ၏လက်ကို နောက်သို့ ပစ်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
စာကြည့်ခန်းအပြင်ဘက်တွင် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော ဖုန်းယန်သည် ရှေ့ဆုံးတွင် ရပ်နေပြီး သူ၏နောက်တွင် မင်ကျင့်စီးမှ အစောင့်တစ်ဖွဲ့ ရှိနေ၏။
“တပ်မှူးဖုန်းယန်၊ ဒါ ဘာသဘောလဲ”
ရွှဲမင်ထန်၏ အသံထဲတွင် စွပ်စွဲမေးမြန်းနေသည့် လေသံပါဝင်နေ၏။
“ကျောက်အိမ်တော်က အမှုကို ကျွန်တော်တို့ မင်ကျင့်စီးက လွှဲယူလိုက်ပြီ”
ရွှဲမင်ထန်၏ မျက်နှာသည် ချက်ချင်းပင် ညိုမှောင်သွားပြီး သူ၏ အသံသည် ခက်ထန်မာကျောသွား၏။ “ဒီလို လုပ်ရိုးလုပ်စဉ်မျိုး မရှိဘူး။ ဒီအမှုကို ရာဇဝတ်မှုဌာနဆီ မြို့တော်အုပ်ချုပ်ရေးမှူးကနေ လွှဲပြောင်းပေးပြီးသား။ ခင်ဗျားတို့ရဲ့ လက်အောက်ငယ်သားတွေ ဒီအမှုကို ဝင်မစွက်ဖက်စေချင်ဘူးဆိုရင်တောင် ရာဇဝတ်မှုဌာနရဲ့ အမိန့်တစ်ခုတော့ လိုလိမ့်မယ်”
“ဒီအရာရှိက အမိန့်ပေးရင်ရော မရဘူးလား”
ရွှဲမင်ထန်နှင့် ဖုန်းယန်တို့ အခြေအနေတင်းမာနေစဉ်မှာပင် လေးနက်သော အသံတစ်သံသည် ထွက်ပေါ်လာပြီး မင်ကျင့်စီးအစောင့်များသည် လျင်မြန်စွာပင် တန်းနှစ်တန်းခွဲကာ လမ်းဖယ်ပေးလိုက်ကြသည်။
ခရမ်းရင့်ရောင် လက်အင်္ကျီကျယ် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ပိုင်ရှိုးမင်သည် လျှောက်လှမ်းလာ၏။ သူ၏ ဝတ်ရုံပေါ်တွင် နဂါးရုပ် ခပ်ရေးရေးကို ပန်းထိုးထားပြီး လမ်းလျှောက်လာသည်နှင့် ထင်တစ်ချက် မထင်တစ်ချက် ပေါ်လာလေသည်။
ယနေ့ သူသည် ရုံးမတက်ဘဲ ကျောက်အိမ်တော်တွင် အမှုဖြစ်သည်ကို သိလျှင်သိချင်း မင်ဝမ်အိမ်တော်မှ ချက်ချင်း လာခဲ့ခြင်း ဖြစ်သည်။
“လူကြီးမင်းပိုင်ကို နှုတ်ဆက်ပါတယ်”
ရွှဲမင်ထန်သည် ခေါင်းကို အနိမ့်ဆုံးအထိ ငုံ့ထားလိုက်ပြီး ဆို၏။
“ဒီအမှုကို လူကြီးမင်းပိုင်က စစ်ဆေးချင်မှတော့ ကျွန်တော်မျိုး အခုချက်ချင်းပဲ လူတွေကို ခေါ်ပြီး ထွက်သွားပါ့မယ်”
“ထွက်သွားမယ်”
ပိုင်ရှိုးမင်သည် မြေပြင်ပေါ်ရှိ စက္ကူစများကို ကြည့်လိုက်ပြီး “ရွှဲလူကြီးမင်းက အမှုဖြစ်ပွားရာနေရာက စာတွေကို ဘာကြောင့် ဖျက်ဆီးပစ်ရတယ်ဆိုတာ ရှင်းမပြခင်မှာတော့ ထွက်သွားလို့ မရလောက်သေးဘူး”
ရွှဲမင်ထန်သည် ချက်ချင်းပင် ရှင်းပြလိုက်သည်။
“လူသတ်သမား ကျူးကျော်ဝင်ရောက်လာတယ်လို့ ကျွန်တော်မျိုး ထင်လိုက်မိလို့ စာကြည့်ခန်းထဲမှာ ချထားတဲ့ သစ်သားသေတ္တာကို လက်နက်အဖြစ်သုံးပြီး ပစ်ထုတ်လိုက်မိတာပါ။ ဒါဟာ ကျွန်တော်မျိုးရဲ့ အမှားပါ၊ ကျွန်တော်မျိုး အပြစ်ဒဏ်ကို ခံယူဖို့ အသင့်ပါပဲ”
“ဒီလိုဆိုတော့ ဖုန်းယန်က ရွှဲလူကြီးမင်းကို လန့်သွားအောင် လုပ်လိုက်တာပေါ့”
ရွှဲမင်ထန်၏ နဖူးတွင် ချွေးစေးများ ထွက်လာလေသည်။ သူသည် ဖုန်းယန်နှင့် ရင်ဆိုင်ရဲသော်လည်း ဤကျန့်ရှီဖူကိုတော့ မရိုမသေမပြုဝံ့ပေ။ အကြောင်းမှာ ပိုင်ရှိုးမင်၏ ရာထူးအဆင့်အတန်းကြောင့် မဟုတ်ဘဲ တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်သည် သူ့ကို လွယ်ကူစွာ အနိုင်ယူနိုင်သောကြောင့် ဖြစ်သည်။
“ကျွန်တော်မျိုးရဲ့ အမှားပါ”
“မှားမှန်းသိရင်တော့ ရွှဲလူကြီးမင်း ဒီနေရာမှာပဲ ခဏနေပြီး ကိုယ့်အမှားကိုယ် ပြန်သုံးသပ်နေလိုက်ပါ”
ပိုင်ရှိုးမင်သည် စကားဆုံးသည်နှင့် စာကြည့်ခန်းဆီသို့ လျှောက်သွားလေသည်။
ထိုအချိန်တွင် ရာဇဝတ်မှုဌာန၏ မှုခင်းသမားတော်သည် အလောင်းကို စစ်ဆေးပြီးသွားပြီ ဖြစ်၏။ အထဲသို့ ဝင်လာသူမှာ မင်ကျင့်စီးမှ လူများဖြစ်နေသည်ကို တွေ့သောအခါ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
ဖုန်းယန်သည် ရှေ့သို့တက်ကာ မေးမြန်းလိုက်၏။
“ဘာတွေ စစ်ဆေးတွေ့ရှိလဲ”
မှုခင်းသမားတော်သည် စစ်ဆေးတွေ့ရှိချက်များကို ချက်ချင်း ပြောပြလိုက်လေသည်။
“လူကြီးမင်းကို အစီရင်ခံပါတယ်။ ဒီလူနှစ်ယောက်ဟာ အရှင်လတ်လတ် အသားလွှာခံရပြီး သေဆုံးခဲ့တာပါ၊ ထူးဆန်းတာက ပြစ်မှုကျူးလွန်သူရဲ့ ဓားချက်တိုင်းရဲ့ ထောင့်နဲ့ အားအရှိန်က အတူတူပဲ ဖြစ်နေတာပါ။ အတော်ဆုံး သားသတ်သမားတောင်မှ ဒီလို မလုပ်နိုင်ပါဘူး”
“လူကြီးမင်း”
ဖုန်းယန်သည် ပိုင်ရှိုးမင်ဘက်သို့ လှည့်ကြည့်လိုက်၏။
ပိုင်ရှိုးမင်က မေးလိုက်သည်။
“သေဆုံးသွားတဲ့ အမျိုးသမီးက ဘယ်သူလဲ”
“ကျောက်မင်ရဲ့ တိတ်တိတ်ပုန်း မယားငယ်ပါ၊ မကြာသေးခင်က ကျောက်မင် မွေးစားလိုက်တဲ့သားက သူနဲ့ ဒီမယားငယ်ကနေ ရတဲ့ တရားမဝင်သားပါ”
“ဒီအကြောင်းကို သိတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိလဲ”
“ကျောက်မင်ရဲ့ မိဘတွေလည်း သိသင့်ပါတယ်။ သူတို့လည်း သေဆုံးသွားပါပြီ”
ပိုင်ရှိုးမင်သည် ခဏလောက် စဉ်းစားပြီးနောက် “လူလွှတ်ပြီး လင်းရှီရဲ့ သင်္ချိုင်းကို ရှာခိုင်းလိုက်၊ သင်္ချိုင်းတူးပြီး ခေါင်းတလားကိုဖွင့်… ဝိညာဉ်ကို ဖမ်းခေါ်ခဲ့”
“ဟုတ်ကဲ့”
ဖုန်းယန်သည် ချက်ချင်းပင် လူလွှတ်လိုက်လေသည်။
“ပြီးတော့… ကျိချန်ကို စောင့်ကြည့်ထား။ အမှုစစ်ဆေးပြီးရင် ဒီအရာရှိက သူ့ကို တွေ့ချင်တယ်”
...