ငါပါ
Vol. 3 Ch. 23
မင်ကျင့်စီးသည် ကျောက်အိမ်တော်၏ လူသတ်မှုကို လွှဲပြောင်းယူပြီးနောက် ရလဒ်ကို မြန်မြန်ဆန်ဆန် စုံစမ်းခဲ့ကြ၏။
ကျောက်အိမ်တော်တွင် တစ်ညတည်း လူလေးဦး သေဆုံးသွားခဲ့သည်။ ထိုလူများအတွင်းတွင် ကျောက်မင်၏မိဘနှစ်ပါးသည် မိမိတို့၏အိပ်ခန်းအတွင်းတွင် ခြေလက်များ ရိုက်ချိုးခြင်း ခံခဲ့ရပြီး တစ်ညလုံး ရုန်းကန်ရကာ နာကျင်လွန်းသဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ကျောက်မင်နှင့် သူ့မယားငယ် စူးယောင်တို့ကတော့ စာကြည့်ဆောင်၏ အတွင်းခန်းထဲတွင် အရှင်လတ်လတ် လှီးဖြတ်ခံရကာ သတ်ဖြတ်ခံလိုက် ရခြင်းဖြစ်သည်။
ကျောက်ဝမ်ချီ၏ ညစောင့်အစေခံမိန်းကလေးက သူသည်ညသန်းခေါင်တွင် အခန်းထဲက ထွက်ခွာသွားခဲ့ကြောင်း ပြောပြလာသည်။ သူ၏ သွေးစွန်းနေသည့် ခြေရာများကိုလည်း အခင်းဖြစ်ပွားရာ နေရာနှစ်ခုစလုံးတွင် တွေ့ရ၏။
ကျောက်မင်၏ မိဘများအခန်းထဲက သစ်သားခုံပေါ်တွင်လည်း ကလေးငယ်၏သွေးစွန်းနေသည့် လက်ဝါးရာများ ရှိနေပြီး ကျောက်ဝမ်ချီ၏ လက်ဝါးအရွယ်အစားနှင့် တူညီနေသည်။ စာကြည့်ခန်း၏ အတွင်းခန်း၌လည်း သွေးစွန်းနေသည့် လက်ရာများပါသည့် ဓားမြောင်တချောင်းကို တွေ့ရှိခဲ့ရသည်။
ကျောက်ဝမ်ချီကို ပိုင်ရှိုးမင်၏ရှေ့သို့ ခေါ်ဆောင်လာခဲ့၏။ အသက်အရွယ် တော်တော်ငယ်သေးသည့် ကလေးသည် မိဘများ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရုပ်အလောင်းများကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရပြီးနောက် လူတကိုယ်လုံးသည် ကြောင်တောင်တောင် ဖြစ်သွားကာ ယခင်ကထက်မြက်သည့် အမူအရာများကလည်း ပျောက်ကွယ်သွားတော့၏။
သူ့မျက်နှာပေါ်က ဒဏ်ရာများကိုလည်း ကုသခဲ့ခြင်း မရှိသဖြင့် နောက်ပိုင်း အနာကျက်သွားလျှင်ပင် သူ၏ရုပ်ရည်ကတော့ ပျက်စီးသွားပေလိမ့်မည်။
"လူကြီးမင်း သူ့ကို ဘာမေးမေး ဘာမှမေးလို့မရဘူး။ ကြောက်သွားလို့ ဖြစ်မယ်" ဖုန်းယန်သည် အနည်းငယ် အခက်တွေ့နေတော့သည်။
ပိုင်ရှိုးမင်က သူ့ဘက်ကို လှည့်ကြည့်ကာ လေသံကလည်း အေးစက်လို့နေ၏။ "မင်း ဒီလိုတရားခံမျိုးကို ဘယ်လိုစစ်ဆေး မေးမြန်းရမယ်ဆိုတာ မသင်ခဲ့ဖူးဘူးလား"
ဖုန်းယန်၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို တောင့်တင်းသွားတော့သည်။ သူသည် အစကတော့ အသက်အရွယ် ငယ်လှသေးသည့် ကလေးတစ်ယောက်က ဤကဲ့သို့သော ကိစ္စမျိုးကို တွေ့ကြုံခဲ့ရသဖြင့် သနားနေခဲ့မိသည်။ ဝိညာဉ်လှုပ်ကိုင်နည်းပညာကို အသုံးပြုကာ သူ့ကို အတင်းအကြပ် နှိုးထခိုင်းလိုက်လျှင် သူသည် အဖြစ်မှန်ကို လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခါကျမှ သူသည် အမှန်တကယ် ရူးသွပ်သွားမှာကိုပင် စိုးရိမ်ရသည်။
ဖုန်းယန်သည် ဆက်ပြီး မစဉ်းစားရဲတော့ပေ။ သူက ကိုယ်ကို ကိုင်းညွှတ်ကာ ကျောက်ဝမ်ချီကို ကြည့်လိုက်၏။ ကျောက်ဝမ်ချီသည် မည်သို့ ခံစားလိုက်ရသည်ကိုပင် မသိချေ။ သူ၏လည်နေသည့် မျက်လုံးအိမ်များသည် ရုတ်တရက်ဆိုသလို ကျုံ့ဝင်သွားပြီး သူ့ခန္ဓာကိုယ်သည်လည်း တုန်ယင်လာကာ ရုတ်တရက် သတိဝင်လာသလိုပင်။
ဖုန်းယန်က ပြောလိုက်၏။ "မနေ့ညက မင်း ဘာလုပ်ခဲ့တယ်ဆိုတာကို ငါ့ကို ပြောပြ"
"လူတစ်ယောက်က ခွေးခြေခုံတလုံးနဲ့ အဘိုးအဘွားရဲ့ ခြေထောက်ကို ရိုက်ချိုးခဲ့တယ်။ ပြီးတော့ သူတို့တွေကလည်း အဆက်မပြတ် အော်ဟစ်နေကြတာ" ကျောက်ဝမ်ချီ၏ မျက်လုံးများက ထိတ်လန့်ကြောက်ရွံ့မှု အပြည့်ပင်။
"ပြီးတော့ရော"
"ပြီးတော့ ...ပြီးတော့ လူတစ်ယောက်က အဖေနဲ့အမေတို့ရဲ့ အသားကို လှီးဖြတ်ခဲ့တာ အား ...အား...အား"
ကျောက်ဝမ်ချီသည် မနေ့ညက မြင်ခဲ့သည့်အရာအားလုံးကို ပြန်စဉ်းစားမိသွားသည်နှင့် လက်နှစ်ဖက်ဖြင့် သူ့ဆံပင်ကို ကုတ်ခြစ်ရင်း ငယ်သံပါအောင် အော်ဟစ်နေတော့၏။
မတတ်သာတော့ပဲ ဖုန်းယန်သည်လည်း ဝိညာဉ်လှုပ်ကိုင်နည်းလမ်းကို ဒုတိယအကြိမ်သုံးကာ သူ့အပေါ်အတင်းအကြပ် နှိုးထရတော့သည်။
"သူတို့ကို ဘယ်သူ သတ်ခဲ့တယ်ဆိုတာ သိလား"
"သိတယ် ...သိတယ် ...ရှောင်နျန် အဲဒီမိန်းမယုတ်က ကျွန်တော့်ကို လမ်းမှားအောင် ခေါ်သွားခဲ့တာ။ ကျွန်တော် သူ လှည့်စားတာကို ခံလိုက်ရတာ" ကျောက်ဝမ်ချီသည် ရုတ်တရက် အမူအရာ ပြောင်းလဲသွားပြီး လားရာဘက်တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ သူ့အမူအရာ၏ လေသံကပင် လုံးဝမတူညီသည့် လူတစ်ယောက်လို ပြောင်းလဲသွားတော့သည်။
ကျောက်ဝမ်ချီသည် သူ၏ အသိစိတ်ထဲတွင် တဖန် နှစ်မျောသွားဟန်ဖြင့် ဆက်တိုက် ပြောဆိုလို့နေသည်။ "ရှောင်ညန် ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို လွှတ်ပေးပါ။ ရှောင်ညန် ကျွန်တော်တောင်းပန်ပါတယ် ကျေးဇူးပြုပြီးတော့ ...ရှောက်ညန်..."
ဖုန်းယန်သည် ပိုင်ရှိုးမင်ဘက်သို့လှည့်ကာ ပြောလိုက်၏။ "လူကြီးမင်း သူပြောတဲ့ ရှောင်ညန်က ကျောက်မင်ရဲ့ ဆုံးပါးသွားတဲ့ ပထမဇနီး လင်းရှောင်ချောင်ပဲ ဖြစ်လိမ့်မယ်"
သူသည် ကျောက်ဝမ်ချီကို ဝိညာဉ်လှုပ်ကိုင် နည်းလမ်းကို မသုံးတော့ချေ။ တစ်ဖက်လူသည် လုံးဝကိုစိတ်ဓါတ် ပြိုလဲသွားပြီး ကယ်တင်ရန်နည်းလမ်း မရှိတော့ချေ။
ယခုအခါ အမှုကလည်း အလွန် ရှင်းလင်းနေပြီဖြစ်သည်။ ကျောက်မင်၏ ကွယ်လွန်သူဇနီး ရှောင်လင်းရှီသည် တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျောက်ဝမ်ချီ၏ ကိုယ်ထဲသို့ ဝင်ပူးကာ သူ့ခန္ဓာကိုယ်ကို အသုံးချပြီး သမီးဖြစ်သူကလွဲရင် ကျောက်မိသားစုအတွင်းက လူကြီးများအားလုံးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်လေသည်။
ကျောက်ဝမ်ချီကို ချမ်းသာပေးခဲ့သော်ငြားလည်း သူ၏လက်ရှိ အသွင်အပြင်ကို ကြည့်မည်ဆိုလျှင် သူသည် မနေ့ညက သေဆုံးသွားခဲ့လျှင်ပင် ပိုကောင်းပေလိမ့်ဦးမည်။
သူသည် ရူးမသွားခဲ့လျှင်ပင် တစ္ဆေတစ်ကောင် ပူးကပ်ခံရသည့်တိုင် မိမိ၏လက်ဖြင့်် အဘိုးအဘွား မိခင်နှင့်ဖခင်တို့ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကာ ဒီလောကကြီးက သူ့ကို လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ရှောင်လင်းရှီအတွက် ဒီအမုန်းတရားက ဘယ်လောက်တောင် နက်ရှိုင်းနေလို့ ဒီလိုနည်းလမ်းကို သုံးပြီးတော့ လက်စားချေရတာလဲ။
"ကျောက်မိသားစုရဲ့ အိမ်တော်ထိန်းကို ခေါ်ခဲ့" ပိုင်ရှိုးမင်သည် နောက်ဆုံးတော့ ကျောက်မိသားစု၏ အငြိုး အာဃာတများကို စိတ်ဝင်စားလာတော့သည်။
အိမ်တော်ထိန်းသည် စာကြည့်ဆောင်သို့ ခေါ်ဆောင်လာခြင်းခံခဲ့ရ၏။ စားပွဲနောက်တွင် ထိုင်နေသည့် ပိုင်ရှိုးမင်ကို ကြည့်လိုက်ပြီး သူသည် ဒူးထောက်ချလိုက်ကာ ဦးချအရိုအသေ ပေးလိုက်လေသည်။ "ကျွန်တော်မျိုး ကျောက်ဖူ လူကြီးမင်းကို ဂါရဝပြုပါတယ်"
ပိုင်ရှိုးမင်က လက်တစ်ဖက်ဖြင့် သူ့ခေါင်းကို ထောက်ကန်ထားကာ ပျင်းရိလေးတွဲသည့် လေသံဖြင့် ပြောလာသည်။ "မင်းတို့ရဲ့သခင်မ သေဆုံးတဲ့အချိန်က စပြီးတော့ ကျောက်မိသားစုအကြောင်း အသေးစိတ်ပြောပြ"
"ဟုတ်ကဲ့" ကျောက်ဖူသည် သူ့နဖူးပေါ်က ချွေးများကို ခိုးသုတ်လိုက်ပြီး အမှန်အတိုင်း ပြောလေတော့သည်။ "သခင်မ သေဆုံးပြီး မကြာခင်မှာပဲ အဘိုးကြီးနဲ့ အဘွားကြီးတို့က ရောက်လာကြတယ်။ ဝမ်ချီသခင်လေးကို ခေါ်လာခဲ့ပြီး သခင်လေးကို သခင်ကြီးဆီမှာ မွေးစားခိုင်းမယ်လို့ ပြောတယ်။ အဲဒီတုန်းက ကျွန်တော်က တစ်ခုခုတော့ လွဲနေပြီလို့ ထင်ခဲ့တယ်။ သခင်မနာရေး မတိုင်ခင် တစ်ရက်အလိုမှာ စူးဖူးရန် ရောက်လာပြီး ကျွန်တော်ကလည်း သခင်လေးက သူ့ကို အမေလို့ ခေါ်တာကို မတော်တဆ ကြားလိုက်ရတဲ့အချိန်မှ သခင်ကြီးက ဒီနှစ်တွေမှာ မယားငယ်တစ်ယောက် တော်ကောက်ထားမှန်းကို သိလိုက်ရတာပါ"
"ဆက်ပြော"
ကျောက်ဖူက တံတွေးကို မျိုချလိုက်ကာ ဆက်ပြောလာသည်။ "သခင်မ နာရေးအခမ်းအနား နေ့တုန်းက သခင်ကြီးက ဖိင်နန်ဘုရားကျောင်းက ကျင့်ယွင်ဆရာတော်ကို ပင့်ဖိတ်ခဲ့တယ်။ အဲဒီဆရာတော် ပြောတာကတော့ သခင်မက သရဲသစ္ဆေအဖြစ် ပြောင်းလဲသွားနိုင်တယ်။ အိမ်တော်ကလူတိုင်းကလည်း သခင်မရဲ့ဝိညာဉ်ကို ခေါင်းတလားထဲမှာ တံဆိပ်ကပ်ထားဖို့ သဘောတူခဲ့ကြတယ်"
ပိုင်ရှိုးမင်သည် မျက်ခုံးများကို ပင့်ထားလိုက်ကာ "အိမ်တော်က လူတွေက သဘောတူခဲ့တယ် ဟုတ်လား။ ဒီလိုဆိုရင် သဘောမတူတဲ့ လူရောရှိလား"
ကျောက်ဖူက ခေါင်းငြိမ့်ပြလိုက်ကာ "သခင်မကို ပြုစုစောင့်ရှောက် ပေးခဲ့တဲ့ ဆွန်းမားမားကတော့ ငိုယိုပြီးပြဿနာရှာခဲ့တယ်။ ဒါကြောင့် ကျွန်တော်လည်း သူ့ကို မောင်းထုတ်ခဲ့တယ်။ သခင်မရဲ့တူမ ကျိမိန်းကလေးလည်း ရှိသေးတယ်။ သူလည်း အဲဒီအချိန်တုန်းက သဘောမတူခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သခင်လေးက စကားနည်းနည်းပါးပါးပြောပြီး သူ့ကို နားချနိုင်ခဲ့တာ"
"သူက ဘာပြောခဲ့လို့လဲ" ပိုင်ရှိုးမင်းက ဖြတ်မေးလိုက်၏။
သူသည် ယခုနောက်ပိုင်းတွင် အလုပ်များနေခဲ့ပြီး သူလက်အောက်ငယ်သားများက တင်ပြလာသည့် စာအုပ်များတွင်လည်း အဓိကအချက်အလက်များကိုသာ အကျဉ်းချုပ် မှတ်တမ်းတင်ထားသဖြင့် ကျောက်အိမ်တော်အတွင်းတွင် ဤကဲ့သို့ဇာတ်လမ်းမျိုး ဖြစ်ပွားခဲ့သည်ကို မသိခဲ့ရချေ။
"သခင်လေးက ပြောတယ်။ သခင်မက အသက်ရှိစဉ်တုန်းက စိတ်နှလုံးကောင်း ရှိတဲ့သူဖြစ်လို့ သေချာပေါက် လူတွေကို ဒုက္ခပေးချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တကယ်ပဲ သရဲတစ္စေအဖြစ် ပြောင်းလဲသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲတဲ့။ ပြီးတော့ အိမ်တော်က အသက်ရှင်နေတဲ့လူတွေက အရေးကြီးတယ်။ အဲဒီလိုပြောတော့ လူတိုင်းကလည်း သခင်လေးရဲ့စကားကို သဘောတူခဲ့ကြတယ်"
ပိုင်ရှိုးမင်သည် မျက်လွှာချထားလိုက်ပြီး သူ့မျက်လုံးထဲတွင်လည်း ဖျတ်ခနဲအလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့၏။ သူကတော့ ကျိချန်ကို စကားနှစ်ခွန်း သုံးခွန်းလောက်နှင့် နားချလို့ရမည်ဟု မထင်ချေ။
"မင်းတို့ရဲ့သခင်လေးက ဘယ်လိုလူမျိုးလို့ ထင်လဲ"
အိမ်တော်ထိန်းသည် အလိုအလျောက် ချီးကျူးစကား ပြောဆိုချင်ခဲ့သော်ငြားလည်း ယခုအချိန်တွင် သခင်ကြီးကလည်း မရှိတော့သည် ဖြစ်ရာ မြှောက်ပင့်ပြောဆိုရန် မလိုအပ်တော့သည်ကို စဉ်းစားမိသဖြင့် အမှန်အတိုင်းသာ ပြောဆိုလိုက်တော့သည်။ "သခင်လေးက ပုံမှန်ဆိုရင်တော့ ဉာဏ်ကောင်းပြီး ယဉ်ကျေးသိမ်မွေ့ပုံရပေမယ့် တကယ်တမ်းကျတော့ အရမ်းကို တစ်ကိုယ်ကောင်းဆန်တဲ့သူပါ။ သူက တာ့ကုန်းဇီရဲ့ နေရာကို ရယူထားတယ် ဆိုတာကို သေသေချာချာလေး သိပေမယ့် ဒါတွေအားလုံးက သူ ရသင့်ရထိုက်တာလို့ ထင်နေပြီး သခင်မကိုတောင်မှ စော်ကားပြောဆို ခဲ့ဖူးသေးတယ်"
"ပြီးတော့ရော"
ကျောက်ဖူသည် ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးမှ အံကြိတ်ကာဖြင့် နောက်ဆုံးတော့ ပြောလာလေသည်။ "သခင်မရဲ့သေဆုံးမှုက သခင်ကြီးနဲ့ ပတ်သက်နေနိုင်တယ်လို့ ကျွန်တော်ကတော့ အမြဲတမ်း သံသယဖြစ်နေမိခဲ့တယ်"
"သက်သေရှိလား"
"ကျွန်တော်မျိုးမှာ သက်သေမရှိပါဘူး။ ဒါပေမဲ့ ...သခင်လေးကတော့ တစ်ခါတလေ ဂုဏ်ယူဝင့်ကြွားနေတတ်တယ်။ တာ့ကုန်းဇီက ပြဿနာ ဖြစ်တော့မှာကို ကြိုပြီးတော့ သိနေတဲ့ပုံပဲ။ သူက အိမ်တော်ကို မွေးစားခံရမှာကို သိနေတဲ့ပုံပဲ။ ဒါပေမဲ့ သခင်မသာ ရှိနေရင်တော့ ဒီကိစ္စက လုံးဝအောင်မြင်မှာ မဟုတ်ဘူးလေ”
ကျောက်ဖူသည် ကျောက်အိမ်တော်ထိန်း အဖြစ်နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာခဲ့ရာ တချို့ကိစ္စများကို မသိနားမလည်ခြင်းမဟုတ်ဘဲ အခြေအနေ အရပ်ရပ်ကို ဒီအတိုင်းသိရုံသာ လက်ခံထားခြင်းဖြစ်သည်။
"ဟုတ်ပြီ ပြန်ထွက်သွားတော့"
ကျောက်ဖူက တစ်ဖန်ဦးချကာ စာကြည့်ဆောင်မှနေ၍ မြန်မြန်ဆန်ဆန် ထွက်ခွာသွားတော့သည်။
ဒီတကြိမ်တွင် ဖုန်းယန်က ကြောင်တောင်တောင် ဖြစ်နေသည့် ကျောက်ဝမ်ချီကို လှမ်းကြည့်လိုက်ပြီး သူ၏ စိတ်အခြေအနေမှာလည်း အနည်းငယ် ရှုပ်ထွေးသွားတော့၏။
ကျောက်အိမ်တော်၏ အိမ်တော်ထိန်းစကားက အမှန်ဆိုလျှင် ဒီနေရာတွင် ဖြစ်ပွားသွားခဲ့သည့် အရာအားလုံးက အဓိပ္ပာယ် ရှိလာပေလိမ့်မည်။
သို့သော်ငြား ကိစ္စတစ်ခုကတော့ ထူးဆန်းနေဆဲပင်။ ရှောင်လင်းရှီ၏ ဝိညာဉ်ကို ချိတ်ပိတ်ထားခဲ့သဖြင့် သူမသည် လူများကို မည်သို့ သတ်နိုင်ပါမည်နည်း။
ပိုင်ရှိုးမင်သည် ကျောက်အိမ်တော်တွင် နေ့တဝက်ကျော်လောက် အချိန်ကုန်ခဲ့ပြီး မင်ကျင့်စီးသို့ ပြန်လည်ရောက်ရှိ လာချိန်တွင်တော့ ညနေလေးနာရီခ န့်ရှိနေပြီဖြစ်၏။ ရှောင်လင်းရှီ၏ သင်္ချိုင်းကို ရှာဖွေရန် စေလွှတ်ခဲ့သူများသည်လည်း ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
ယူပြန်လာသည့် သတင်းကတော့ သတင်းကောင်း မဟုတ်ခဲ့ချေ။ စေလွှတ်ခြင်းခံခဲ့ရသည့် မင်းကျင့်စီးတပ်စုမှူးက အစီရင်ခံလေသည်။ "လူကြီးမင်း လင်းရှီရဲ့ခေါင်းတလားကို မြှုပ်နှံပြီးတဲ့နောက် ဘယ်သူမှ လာမထိခဲ့ပါဘူး။ အပေါ်မှာ ပြုပြင်စီရင်ထားတဲ့ သံချောင်းခုနစ်ချောင်းနဲ့ ရိုက်ပြီးပိတ်ထားပါတယ်။ ဝိညာဉ်ကို ချိတ်ပိတ်ထားဖို့ ဖြစ်နိုင်တယ်။ ခေါင်းတလားကို ဖွင့်ပြီးတဲ့နောက်မှာ ခေါင်းတလားထဲက မကျေနပ်မှုတွေက အရမ်းပြင်းထန်နေတယ်။ သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားခဲ့သင့်တာ ဒါပေမဲ့ ကျွန်တော်မျိုး ဝိညာဉ်ကို သုံးကြိမ်ဆင့်ခေါ်ခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ရဘူး"
ထိုသို့ပြောလိုက်ပြီးနောက် တပ်စုမူး၏စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်လာတော့သည်။
သာမန်လူများ သေဆုံးပြီးနောက်တွင် ဝိညာဉ်သည်အလွန်အမင်း ထိခိုက်လွယ်သဖြင့် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။ သရဲတစ္ဆေသို့မဟုတ် ပိုပြီးအဆင်မြင့်သည့် သရဲတစ္ဆေအဖြစ်သို့ ပြောင်းလဲသွား သူများကသာ အားတင်းပြီး ခုခံနိုင်ကြပေလိမ့်မည်။ သို့သော်ငြား လင်းရှီသည် သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သော်ငြားလည်း ဝိညာဉ်ကမရှိတော့သည့်အတွက် သူသည် ကျန့်ရှီဖူ လူကြီးမင်းက သူ့ကို အလုပ်မနိုင်နင်းလေခြင်းဟု သတ်မှတ်သွားမှာကို စိုးရိမ်မိလေသည်။
ပိုင်ရှိုးမင်ကတော့ ခပ်တိုးတိုး တစ်ချက်ရယ်မောလိုက်၏။ "စိတ်ဝင်စားစရာပဲ"
သူသည်ဖုန်းယန်ဘက်သို့ လှည့်ကာမေးလိုက်၏။ "ကျင့်ယွင် ဆရာကြီးရော"
ဖုန်းယန်က ချက်ချင်း ပြန်ဖြေလာသည်။ "တံခါးအပြင်ဘက်မှာ စောင့်နေပါတယ်။ သူက ဒီရက်ပိုင်း ရှန့်ကျင်းမှာပဲ နေနေခဲ့တာပါ။ ဘုရားကျောင်းကို ပြန်မသွားခဲ့ဖူးတဲ့"
"သူ့ကို ဝင်လာခိုင်းလိုက်"
ကျင့်ယွင်ဆရာကြီးသည် ကိုယ်ပေါ်၌ အခမ်းအနားဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အခမ်းအနားတစ်ခု ပြုလုပ်နေစဉ် မင်းကျင့်စီး အစောင့်များက ခေါ်ဆောင်လာခံခဲ့ရပုံပေါ်သည်။
ပိုင်ရှိုးမင်ကို တွေ့လိုက်ရသောအခါ သူ့ကိုယ်ပေါ်တွင် သူတော်စင်တို့၏ အရိပ်အယောင် တစ်စိုးတစ်စမှ မကျန်တော့ဘဲ ချက်ချင်းပင် ဒူးထောက်ကာ အရိုအသေ ပေးလိုက်၏။
"တပည့်တော်ကျင့်ယွင် ကျန့်ရှီဖူ လူကြီးမင်းကို ဂါရဝပြုပါတယ်"
ပိုင်ရှိုးမင်သည် မျက်ခွံကိုလှန်ကြည့်လိုက်ကာ မေးလိုက်၏။ "လက်ဝဲ လက်ထောက် စုံစမ်းရေးမှူး ကျောက်မင်က ခင်ဗျားကို အခမ်းအနားပြုလုပ်ဖို့ တစ်ခါက ပင့်ဖိတ်ခဲ့ဖူးတယ်တဲ့။ အဲလိုကိစ္စမျိုးရှိလား"
ကျင့်ယွင်ရသေ့သည် နည်းနည်းလေးမှ မလိမ်ညာဝံ့သဖြင့် ပိုင်ရှိုးမင်က ဆက်လက်မေးမြန်းရန် မလိုဘဲ ဝါးလုံးခေါင်းထဲက ပဲစေ့ များသွန်ချသကဲ့သို့ အရာအားလုံးကို ဖွင့်ဟပြောဆိုလေတော့သည်။
"အမှန်ပဲ ရှိခဲ့ဖူးပါတယ် လူကြီးမင်း။ ဒီရသေ့က ငွေယူပြီး အလုပ်လုပ်ပေးတာပါ။ အဲဒီ ကျောက်လူကြီးမင်းက ကျွန်တော့်ကိုလာရှာပြီး သူ့ရဲ့ပထမဇနီးသည်က မိစ္ဆာ ဘေးသင့်ခဲ့ရတယ်။ သူ့ရဲ့ကွယ်လွန်သွားတဲ့ဇနီးရဲ့ နာကြည်းမုန်းတီးမှုတွေ ပျောက်မှာမဟုတ်ဘဲ သူက သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားပြီး အိမ်ကိုဒုက္ခပေးမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ သူက ဒီရသေ့ကို သူ့ဇနီးရဲ့ဝိညာဉ်ကို အခေါင်းတလားထဲမှာ ချိတ်ပိတ်ပေးစေချင်ပါတယ်တဲ့။ သူ့ရဲ့ဝိညာဉ် ကြွေလွင့်သွားအောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးလို့ပဲ အရိပ်အမြွက် ပြောခဲ့ပါတယ်"
"ခင်ဗျား ခေါင်းတလားကို ချိတ်ပိတ်တုန်းက လင်းရှီက သရဲတစ္ဆေအဖြစ် ပြောင်းလဲမယ့် လက္ခဏာတွေ့ခဲ့ရလား"
ကျင့်ယွင်သည် ခဏလောက် တွေေဝသွားပြီးမှ ပြောလာ၏။ "အဲဒီတုန်းက လင်းရှီရဲ့ မကျေနပ်ချက်တွေက မသေးငယ်ဘူးလို့တော့ ခံစားရပါတယ်။ ဒါပေမဲ့ သရဲတစ္ဆေအဖြစ်တော့ ပြောင်းလဲမသွားခဲ့ပါဘူး"
"တကယ်လို့ သူက သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားခဲ့မယ်ဆိုရင်ကော ခေါင်းတလားထဲကနေ ထွက်ခွာသွားနိုင်လား"
"လုံးဝမဖြစ်နိုင်ပါဘူး" ကျင့်ယွင်ရသေ့သည် ခိုင်မာစွာ ပြောလေသည်။ ဒီရသေ့ရဲ့ ခေါင်းတလားကို ချိတ်ပိတ်တဲ့သံချောင်းကို ပြုလုပ်တဲ့ပညာက ဆရာရဲ့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တာပါ။ တစ္ဆေစစ်သူကြီး အောက်အဆင့်က သရဲတစ္ဆေတွေကို ထိန်းချုပ်နိုင်ပါတယ်။ နှစ်ပေါင်းရာချီအတွင်း ကျရှုံးခဲ့တယ်ဆိုတာ တစ်ခါမှ မရှိပါဘူး။ လင်ရှီက သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားခဲ့ရင်တောင် လွတ်မြောက်သွားဖို့ စွမ်းအားရှိမှာမဟုတ်ဘူး"
"ခင်ဗျား ပြောပုံအရဆိုရင် သူက အခုအချိန်မှာ ခေါင်းတလားထဲမှာပဲ ရှိနေသင့်တာ။ ဒါပေမဲ့ အခု သူ့ရဲ့ ဝိညာဉ် ပျောက်သွားပြီ"
"ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
ကျင့်ယွင်ရသေ့၏မျက်နှာသည် မှင်သက်အံ့သြသွားကာ ထိုတုန့်ပြန်မှုသည်လည်း ဟန်ဆောင်နေခြင်းနှင့် မတူချေ။
ကျေနပ်ဖွယ်ရာ အဖြေတစ်ခု မပေးနိုင်ခဲ့သည့်အတွက် မကောင်းမှုပြုလုပ်ရာတွင် ကူညီပေးခဲ့သည့် ကျင့်ယွင်ရသေ့သည် ကိုယ့်ဟာကိုယ် ဆင်ခြင်သုံးသပ်ဖို့ရန်အတွက် မြေအောက်အကျဉ်းထောင်သို့ ပို့ဆောင်ခံလိုက်ရလေသည်။
ပိုင်ရှို့မင်က လက်တလော စုစည်းထားသည့် ကျောက်အိမ်တော် လူသတ်မှုနှင့်ပတ်သက်သည့် အမှုတွဲကို သေသေချာချာလေး ပြန်စစ်ဆေးနေ၏။ အမှုကို ပိတ်သိမ်းဖို့ရန် တစ်ခုတည်းသော လိုအပ်ချက်မှာ သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားသည့် တကယ့်လူသတ်သမား လင်းရှီသာ ဖြစ်လေသည်။ သို့သော်ငြား လူသတ်သမားက ရုတ်တရက် ပျောက်ဆုံးသွားသည်မှာ အစအနပင် မကျန်ခဲ့ချေ။
သူသည် အမှုတွဲကိုပိတ်ကာ ဘေးသို့ပစ်တင်ထားလိုက်ပြီး စုပုံထားသည့် စာအုပ်တစ်ထပ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် ဘေးကဖုန်းယန်ကို ပေါ့ပေါ့ပါးပါး မေးလိုက်၏။ "မင်းအထင်ရော ရှောင်လင်းရှီ ဘယ်ရောက်သွားလဲ"
ဖုန်းယန်သည်လည်း ဖြစ်နိုင်ချေများစွာကို စဉ်းစားထားလေသည်။ လက်တွေ့အကျဆုံး ဖြစ်နိုင်ချေမှာ ဝိညာဉ်သည် တခြားသူများ၏ ခေါ်ဆောင်ခံရခြင်း သို့မဟုတ်လျှင် တခြားတစ်စုံတစ်ယောက်၏ ချိတ်ပိတ်ထားခံရခြင်း ဖြစ်နိုင်သည်။ သို့သော် သူတို့၏လူများသည် လင်းရှီ၏ ရုပ်အလောင်း ဘေးတွင်ဝိညာဉ်ကို ဆင်ခေါ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဤကဲ့သို့ ဖြစ်နိုင်ခြေ တစ်ခုရှိပါလျှင် သူတို့သည် သေချာပေါက် ခံစားမိပေလိမ့်မည်။
ကျန်သည့် ဖြစ်နိုင်ခြေနှစ်ခုမှာ လင်းရှီ၏ဝိညာဉ်သည် ကြွေလွှင့်သွားခဲ့ခြင်းနှင့် ကျန်တစ်ခုကတော့ တမလွန်ဘုံသို့ ဆင်းသက်သွားခဲ့ခြင်းပင်။
"ကျွန်တော့်အထင်တော့ တစ်ယောက်ယောက်က လင်းရှီရဲ့မကောင်းမှုတွေကို တွေ့ရှိသွားပြီး သူ့ရဲ့ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တာများလား"
နောက်ဆုံးတစ်ခုကို မခန့်မှန်းရခြင်းကတော့ သရဲတစ္ဆေ ဖြစ်သွားသော ဆိုးသွမ်းသည့်မိစ္ဆာသည် မိမိကိုယ်ကိုမိမိ တမလွန်ဘုံသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ ဆိုးသွမ်းသည့် သရဲတစ္ဆေကို တမလွန်ဘုံသို့ ပို့ဆောင်ပေးရခြင်းကလည်း ညတွင်းချင်း ပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာမှ ရသေ့ဘုန်းကြီးများ၏ အမျှအတန်းဝေခြင်းကို လိုအပ်သည့်အတွက် အလွန်ရှုပ်ထွေးလှသည်။
ပိုင်ရှိုးမင်သည် လက်ထဲက စာအုပ်ကိုတစ်မျက်နှာပြီး တစ်မျက်နှာ လှန်လောကြည့်လိုက်ပြီး သူ့ခန့်မှန်းချက်အပေါ် မည်သည့် မှတ်ချက်မှမပေးခဲ့ ချေ။
ထိုစာအုပ်သည် သူကျိချန်ကိုစောင့်ကြည့်ရန် စေလွှတ်ခဲ့သည့် သူလျှိုများက တင်ပြလာခဲ့ခြင်းဖြစ်ပြီး နေ့စဉ်မှတ်တမ်းကဲ့သို့ မှတ်တမ်းတင်ထားကာ စာမျက်နှာတိုင်းတွင်လည်း စာလုံးအနည်းငယ်သာ ရှိ၏။ ကျန်နေရာများက လစ်လပ်လို့နေသည်။
အထူးသဖြင့် ပြီးခဲ့သည့် ဆယ်ရက်အတွင်းတွင် စာမျက်နှာနှစ်မျက်နှာသာ အပြည့်ရှိပြီး စာမျက်နှာပေါ်တွင်တော့ သူမသည် လင်းရှီ၏ အနီးကပ်အစေခံ ဆွန်းမားမားနဲ့ တွေ့ဆုံခဲ့ကြောင်း ဆွန်းမားမားက လင်းရှီသေဆုံးရသည့် အကြောင်းအရင်းကို တိတ်တဆိတ် ကြားသိခဲ့ရပြီး ထိုကိစ္စကို ကျိချန်အား ပြောပြခဲ့သော်ငြား ကျိချန်၏ တုံ့ပြန်မှုကတော့ အလွန်အေးစက် နေခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
ဒုတိယစာမျက်နှာထဲတွင် ကျိချန်သည် အနောက်စျေးက အမဲလိုက် မုဆိုးဆိုင်သို့သွားကာ သူမ ဝယ်ယူခဲ့သည့် ပစ္စည်းများကို မှတ်တမ်းတင်ထားပြီး ထိုအရာက သူမ လင်းရှီသေဆုံးမှု အမှန်တရားကို သိရှိခဲ့ပြီးနောက် ဒုတိယနေ့တွ င်ဖြစ်လေသည်။
ငွေအများကြီးသုံးပြီး အသုံးမဝင်ဘူးလို့ထင်ရတဲ့ ပစ္စည်းအများကြီးကို ဝယ်ယူခဲ့တယ်တဲ့။ သူက ရှောင်လင်းရှီ သေဆုံးမှုကို တစ်ကယ်ပဲ ဘာမှမခံစားရတာလား။
စာမျက်နှာတချို့၏ နောက်ပိုင်း အကြောင်းအရာများကလည်း တစ်ပုံစံတည်းနီးပါးပင်။ ကျိချန်သည် ဝယ်ယူလာခဲ့သည့် ပစ္စည်းသုံးမျိုးကို သုံးကာအိမ်တွင် အမွှေးတိုင် ပြုလုပ်ခဲ့သည်။ အမွှေးတိုင် ပြုလုပ်ပြီးသွားသောအခါ သူမက ညတိုင်း ညသန်းခေါင်တွင် အမွှေးတိုင်ထွန်းပြီး နံနက်၅ချက်တီးမှသာ ရပ်တန့်ခဲ့သည်။
ပိုင်ရှိုးမင်သည် မိမိ၏ မှတ်ဉာဏ်ထဲတွင် ပြန်လည်ရှာဖွေ ကြည့်လိုက်ပြီး တူညီသည့်အခမ်းအနားကို မြင်တွေ့ခဲ့ဖူးခြင်း သို့မဟုတ် ကြားသိခဲ့ဖူးခြင်း မရှိကြောင်းကို သေချာသိလိုက်ရ၏။
တကယ်ပဲ သူ ဘာလုပ်နေတာလဲ။ ရှောင်လင်းရှီ ပျောက်ကွယ်သွားတာ သူနဲ့ပတ်သက်နေတာလား။
ဒီအချိန်တွင် ကျန်းခိုင်၏အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာ၏။ "လူကြီးမင်း ရာဇဝတ်မှု စုံစမ်းရေးဌာနက လူ ရောက်လာပါတယ်။ လူကြီးမင်းနဲ့ တွေ့ချင်နေတယ်လို့ ပြောပါတယ်"
ပိုင်ရှိုးမင်က မျက်လုံးများကို ပင်ကြည့်လိုက်ကာ ဖုန်းယန်သည် ချက်ချင်းနားလည်သွားပြီး တံခါးသွားဖွင့်ပေးလိုက်တော့သည်။
"ဘယ်သူ ရောက်လာတာလဲ"
"ရာဇဝတ်မှု စုံစမ်းရေးဌာနက လက်ဝဲလက်ထောက်ဝန်ကြီး ယန်လိရူပါ"
ပိုင်ရှိုးမင်းသည် ထရပ်ကာ။ယ သူ့အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး လျှောက်ကာ ထွက်သွားလိုက်၏။ ဖုန်းယန်နှင့် ကျန်းခိုင်တို့ကလည်း နောက်က လိုက်ပါသွားလိုက်သည်။
မင်းကျင့်စီးရုံး အပြင်ဘက်တွင် အသက်၄၀ကျော်အရွယ် ရှိသော်ငြားလည်း ကိုယ်နေဟန်ထားကတော့ တောင့်တင်းနေဆဲဖြစ်သည့် ယန်လိရူသည် ခရမ်းရောင်ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး အမူအရာက လေးနက်စွာ အပြင်ဘက်တွင် ရပ်နေလေသည်။ တံခါးကို စောင့်ကြပ်နေသည့် မင်းကျင့်စီးအစောင့်များက ယန်လိရူ၏နောက်မှ လိုက်ပါလာသည်။ ရာဇဝတ်မှု စုံစမ်းရေးဌာနက အရာရှိများ၏ သတ်ဖြတ်လိုသည့်အကြည့်ကို မမြင်သယောင်ပင်။
ဘာပဲဖြစ်ဖြစ်လေ။ ခွင့်ပြုချက်မရရင် အဆင့်၃အရာရှိတောင်မှ သူတို့ရဲ့မင်းကျင့်စီးရုံးထဲကို ဝင်လို့မရဘူး။
ပိုင်ရှိုးမင်သည် ဖြည်းညှင်းစွာ လမ်းလျှောက်လာသညါတွင် ယန်လိရူ၏ အကြည့်သည်လည်း လွဲသွားတော့၏။
သူတို့နှစ်ယောက်၏ အကြည့်များဆုံမိချိန်တွင် ပိုင်ရှိုးမင်ကပင် အရင်ဆုံး နှုတ်ဆက်လိုက်၏။ "ယန်လူကြီးမင်း ကျွန်တော်တို့ မင်ကျင့်စီးရုံးကို ရောက်လာတာ ဘာကိစ္စများလဲ"
"ကျွန်တော်ကြားတာတော့ ရာဇဝတ်မှုစုံစမ်းရေးဌာနရဲ့ လက်ထောက်အရာရှိ ရွှဲမင်ထန်ကို ပိုင်လူကြီးမင်းက မင်ကျင့်စီးကို ခေါ်ဆောင်သွားတယ်တဲ့။ ပိုင်လူကြီးမင်းက ဒီအရာရှိကို ဖြေရှင်းချက်တစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ရွှဲမင်ထန်က အမှုဖြစ်ပွားတဲ့နေရာက သက်သေ အထောက်အထားတွေကို ဖျက်ဆီးခဲ့တယ်။ အမှုစုံစမ်းစစ်ဆေးမှုကိုလည်း နှောင့်နှေးခဲ့တယ်။ ဒီဖြေရှင်းချက်ဆိုရင် ဘယ်လိုလဲ"
"တကယ်လို့ ရွှဲမင်ထန်က အမှားရှိခဲ့တယ်ဆိုရင်တောင် ကျွန်တော်တို့ ရာဇဝတ်မှု စုံစမ်းရေးဌာနကပဲ အပြစ်ပေးသင့်တာပါ။ မင်ကျင့်စီးက ဝင်စွက်ဖက်စရာ မလိုပါဘူး" ယန်လိရူ၏ သဘောထားမှာ ပြတ်သားပြီး နည်းနည်းလေးမှ မလျှော့ပေ။
ပိုင်ရှိုးမင်ကလည်း အဓိပ္ပာယ်ပါပါ လေသံဖြင့် ပြောလိုက်လေသည်။ "လူကြီးမင်းယန်က ဒီတပည့်အပေါ်ကိုတော့ တော်တော်လေး အလေးထားတာပဲနော်"
"ဒီအရာရှိက တပည့်တွေ အားလုံးကို တပြေးညီဆက်ဆံပါတယ်။ ပိုင်လူကြီးမင်းက ရွှဲမင်ထန်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မဟုတ်ရင် ဒီအရာရှိက ပိုင်လူကြီးမင်းကို တိုင်ကြားစာ တင်ရလိမ့်မယ်"
ပိုင်ရှိုးမင်နှင့် ယန်လိရူတို့သည် အခိုက်အတန့် မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်သွားပြီးနောက် နောက်ဆုံးတော့ ပိုင်ရှိုးမင်က ပြောလိုက်တော့၏။ "လာကြ၊ ရွှဲမင်ထန်ကိုလွှတ်ပေးလိုက်"
ယန်လိရူ၏နောက်က ရာဇဝတ်မှုစုံစမ်းရေးဌာနက အရာရှိများ၏ မျက်လုံးများမှာ ပျော်ရွှင်မှုများ ပြည့်နှက်သွားလေသည်။ သူတို့သည် ဆွဲထုတ်ခံလိုက်ရသည့် ရွှဲမင်ထန်ကို တွေ့လိုက်ရချိန်တွင်တော့ သူတို့၏ပျော်ရွှင်မှုများက ရုတ်တရက်ဆိုသလို ဒေါသအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ယန်လိရူက ရွှဲမင်ထန်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး အပေါ်ယံဒဏ်ရာလေးသာ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် သူကလည်း ဆက်မကြည့်တော့ချေ။
"ဒီနေ့ အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ နှုတ်ဆက်ပါတယ်" ထိုသို့ပြောလိုက်ပြီးနောက် သူသည် လှည့်ကာ သူ့လူများကိုခေါ်ပြီး ထွက်သွားတော့၏။
သူ့နောက်က ပြစ်မှုစုံစမ်းရေးဌာနက အရာရှိများသည် ရွှဲမင်ထန်နောက် လိုက်ပါခဲ့ကြသည့် လူဟောင်းများ ဖြစ်လေသည်။ သူတို့၏ခေါင်းဆောင်က မင်းကျင့်စီးသို့ ဝင်သွားပြီးနောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသောအခါ ဒေါသထွက်သွားပြီး မနေနိုင်ဘဲ ပြောဆိုတော့သည်။ "လူကြီးမင်းယန် မင်ကျင့်စီးက ကျွန်တော်တို့လူကို နှိပ်စက်ငြင်းပန်းခဲ့တာ သေချာတယ်။ သူတို့..."
"ပါးစပ်ပိတ်" ယန်လိရူသည် အေးစက်စက် လှမ်းကြည့်လိုက်ပြီး ထိုလူများသည်လည်း ချက်ချင်းဆိုသလို ဘာတစ်ခွန်းမှ မပြောဝံ့ကြတော့ပေ။
သူတို့သည် ထွက်ခွာသွားချိန်တွင် ကျန်းခိုင်က ပြောလိုက်၏။ "ထင်ထားတဲ့အတိုင်းပဲ။ ရာဇဝတ်မှုစုံစမ်းရေးဌာနက လူလာတောင်းတယ်။ မမျှော်လင့်ဘဲ ယန်လူကြီးမင်း ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားမိဘူး။ ကျွန်တော် ကြားဖူးတာတော့ ဒီရွှဲမင်ထန်က ရာဇဝတ်မှုစုံစမ်းရေးဌာန လက်ယာလက်ထောက်ဝန်ကြီးရဲ့ တပည့်တဲ့"
ပိုင်ရှိုးမင်က ယန်လိရူ၏ ကျောပြင် ကိုလှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများကလည်း ကျဉ်းမြောင်းသွား လေတော့သည်။ "သူ ဘာထွက်ဆိုခဲ့လဲ"
ကျန်းခိုင်ကတော့ နှမြောတသစွာဖြင့် ပြောလာသည်။ "ရွှဲမင်ထန်က အရမ်းခေါင်းမာတယ်။ ဘာမှမပြောခဲ့ဘူး။ ကိုယ်ပေါ်မှာလည်း ရွှယ်ကျန်းမြွေကို ရှာမတွေ့ခဲ့ဘူး"
"ကိစ္စမရှိဘူး"
ရွှဲမင်ထန်ဆိုသည့် နယ်ရုပ်ထက် ရွဲမင်ထန်၏ နောက်ကွယ်ကရှိသည့် သူကို သူကပိုပြီး စိတ်ဝင်စားခြင်းပင်။
သာ့ရှရဲ့ တားမြစ်ထားတဲ့ ဘဏ္ဍာတိုက်ထဲက ပစ္စည်းတွေကို ခိုးထုတ်သွားနိုင်တယ်။ ဒီလိုအစွမ်းအစရှိပြီး အစီအစဉ်ဆွဲနိုင်တဲ့သူက သေချာပေါက် ရာထူးအကြီးကြီးမှာ အကြာကြီး ရှိနေခဲ့တဲ့သူပဲဖြစ်ရမယ်။ အရာရှိလောကမှာ နာမည်ကောင်းရထားတဲ့ ယန်လိရူက သူတို့ထဲက တစ်ယောက်များ ဖြစ်နေမလား။ ရာဇဝတ်မှု စုံစမ်းရေးဌာနက လူများလာရောက် နှောင့်ယှက်ခဲ့သည့်အတွက် ပိုင်ရှိုးမင်သည် ရုံးကပြန်လာသည့်အချိန်တွင် ညနေခြောက်နာရီရှိနေပြီဖြစ်သည်။ တစ်နေကုန်အလုပ်များခဲ့ပြီးနောက်တွင် သူ၏လက်အောက်ငယ်သား နှစ်ယောက်ကလည်း မျှော်လင့်တကြီး ကြည့်နေသည့်အတွက် သူ့မှာလူများကိုခေါ်ကာ စားသောက်ဆိုင်သို့ ညစာစားဖို့ရန် အရင်ဆုံးသွားရလေသည်။
အထက်အရာရှိက ကျွေးမွေးဧည့်ခံချိန်တွင် ကျန်းခိုင်ကာတော့ ဟင်းလျာများကို လက်မနှေးဘဲမှာယူခဲ့ပြီး မကြာမီတွင် စားပွဲပေါ်၌ ဟင်းလျားများပြည့်နက် သွားတော့၏။
ပိုင်ရှိုးမင်၏လက်ရှိ ကျင့်ကြံအားထုတ်မှု အဆင့်နှင့်ဆိုလျှင် သူ၏စွမ်းအင်များကို ပြန်လည်ဖြည့်တင်းဖို့ရန် အစားအသောက် စားသောက်ဖို့ရန် မလိုအပ်ချေ။ ထို့ကြောင့်သူသည် များများမစားခဲ့ ချေ။
ကျန်းခိုင်နှင့် ဖုန်းယန်တို့ကတော့ အချိန်တိုအတွင်းမှာပင် စားပွဲပေါ်ရှိ အစားအသောက်များ အားလုံးကို ကုန်အောင်စားသောက် လိုက်ကြလေသည်။
သူတို့သုံးယောက်သည် စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်လာချိန်တွင်တော့ ကောင်းကင်က မှောင်မည်းနေပြီဖြစ်ကာ လမ်းပေါ်က လူအများသည်လည်း တဖြည်းဖြည်း နည်းပါးသွားခဲ့ပြီဖြစ်၏။
"လူကြီးမင်း ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ" ကျန်းခိုင်က ပိုင်ရှိုးမင်နောက်သို့ ဒီအတိုင်းလိုက်ပါ လာသော်ငြားလည်း သူတို့ခရီး၏ နောက်ဆုံးပန်းတိုင်ကိုတော့ မသိရသေးချေ။
"ချန်းဖိင်ဖန်း"
ကျန်းခိုင်က ခေါင်းကုတ်လိုက်တော့၏။ ဒီနာမည်က ဘာဖြစ်လို့ ရင်းနှီးနေပါလိမ့်။
သူတို့သုံးယောက်သည် တစ်လမ်းလုံး ခြေကျင်လျှောက်လာ ခဲ့သော်ငြားလည်း သူတို့၏အရှိန်ကတော့ မနှေးလှချေ။ သူတို့သည် ည၇နာရီ မထိုးခင်အချိန်မှာပင် ကျိချန်၏ အိမ်တံခါးဝသို့ ရောက်လာလေတော့သည်။
ပိုင်ရှိုးမင် ရောက်လာသည်ကို မြင်လိုက်ရသောအခါ အမှောင်ထဲတွင် ပုံးကွယ်နေသည့် မင်းကျင့်စီးသူလျှိုသည် အလိုလိုပေါ်ထွက်လာခဲ့ပြီး ရှေ့သို့ထွက်လာကာ အစီရင်ခံလေသည်။ "လူကြီးမင်း ဒီနေ့ ကျိချန်က အိမ်တံခါးကနေ မထွက်ခွာခဲ့ပါဘူး။ ဒီနေ့မနက် အပေါ်ထပ်ကို တက်သွားပြီးတော့လည်း အောက်မဆင်းလာတော့ဘူး"
ပိုင်ရှိုးမင်က "အင်း" ဟု တစ်လုံးတည်းသာ ပြောလိုက်ပြီး ထိုသူလျှိုသည်လည်း အမှောင်ထဲသို့ တစ်ဖန်ပြန်လည် ပျောက်ကွယ်သွားတော့သည်။
"တံခါးသွားခေါက်လိုက်"
ပိုင်ရှိုးမင်သည် အမိန့်ပေးလိုက်သည်တွင် ကျန်းခိုင်ကလည်း ရှေ့တိုးလျှောက်သို့ လျှောက်သွားကာ တံခါးသွားခေါက်လိုက်၏။ ယပ်တောင်ကြီးကဲ့သို့ ကြီးမားလှသည့်သူလက်က တံခါးကိုနှစ်ကြိမ်လောက် ရိုက်လိုက်သည်တွင် တံခါးတစ်ခုလုံးမှာ လှုပ်ခါသွားတော့သည်။
သို့သော်ငြား အိမ်ကတော့ တိတ်ဆိတ်နေဆဲပင်။ အပြင်ဘက်မှနေ၍ မော့ကြည့်လိုက်သောအခါ ဒုတိယထပ်တွင်လည်း အလင်းရောင်မရှိချေ။
"လူကြီးမင်း ကျွန်တော် တံခါးကို ရိုက်ချိုးပစ်လိုက်ရမလား" ဘာပဲဖြစ်ဖြစ်လေ တံခါးကိုဖွင့်ဖို့က လက်ဝါးတစ်ချက်စာပဲ လိုတာပဲ။ ကျန်းခိုင်ကတော့ အလုပ်ရှုပ်သက်သာသည်ကို အကြိုက်ဆုံးပင်။
ပိုင်ရှိုးမင်က သူ့ကိုဘေးသို့ တွန်းဖယ်လိုက်ပြီး သူ့လက်ဖဝါးကို တံခါးနားတွင် ကပ်ထားလိုက်ပြီးနောက် တံခါးသည်လည်း ပွင့်သွားလေတော့သည်။
တံခါးမင်းတုတ်သည် အစောကြီးကတည်းက ပျောက်ကွယ်သွားပြီဖြစ်ကာ ကြမ်းပြင်ပေါ်တွင် သစ်သားအစအနလေးများသာ ကျန်ရစ်လေသည်။
အခန်းထဲတွင် အလင်းရောင်မရှိဘဲ ပိန်းပိတ်အောင်မှောင်လုပ်နေ၏။ သို့သော်ငြား ကျင့်ကြံသူတစ်ယောက်အတွက်တော့ အခန်းထဲက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ရန်အတွက် အတားအဆီး မဖြစ်ချေ။
တစ်ခုတည်းသော စားပွဲပေါ်တွင် ပန်းကန်တစ်လုံးကို တင်ထားသည်။ ပန်းကန်ထဲတွင်တော့ အမွှေးတိုင်ပြာများ ရောနှောနေသည့် ဆန်စေ့လေးများရှိနေသည်။ ဒါသည် ကျိချန်က အမွှေးတိုင်ထွန်းညှိရန် အသုံးပြုသည့် အမွှေးတိုင်ခွက် ဖြစ်လိမ့်မည်။
ဘိုးဘေးများကို ပူဇော်သည်ဖြစ်စေ၊ သရဲတစ္ဆ၊ နတ်များကို ပူဇော်သည်ဖြစ်စေ အလွန်ရိုးရှင်းလွန်းလှသည်။
ပိုင်ရှိုးမင်က သူ့တပည့်နှစ်ယောက်ကို ပထမထပ်တွင် ချန်ထားခဲ့လိုက်ပြီး သူကတော့ ဒုတိယထပ်သို့ လျှောက်ကာ တက်လာခဲ့၏။
အားချန်တစ်ယောက်ကတော့ တစ်ဖန်ပြန်ဖျားနေပြီး ဝိုးတဝါး အခိုက်အတန့်လေးတွင် သူမသည် အိပ်မက်တစ်ခု မနေသယောင်ပင်။
အရင်က တောင်ပေါ်တွင် နေထိုင်သည့်အချိန်ကို အိပ်မက်မက်နေခဲ့သည်။ ထိုအချိန်က သူမသည် ကျန်းမာရေးကောင်းမွန်ပြီး ရိုက်နှက်ခံရလျှင်ပင် ဘယ်တော့မှ မဖျားနာတတ်ချေ။
အဘွားဖြစ်သူ၏ သွေးအေးအေး ဆက်ဆံမှုကြောင့် မျိုးနွယ်တူများကလည်း သူမနှင့်သူမ၏ညီမဖြစ်သူကို မကြိုက်ကြချေ။ သူတို့သည် မျိုးနွယ်စု၏ အမြဲတမ်း ဖယ်ကြဉ်ခံထားခဲ့ရသည်။
ကံအားလျော်စွာ သူမကတော့ အမြီးရှစ်ချောင်း မြေခွေးတစ်ကောင်အဖြစ် မွေးဖွားလာခဲ့သည်။ သူမ၏အဘွားဖြစ်သူက သူမကို အသိအမှတ် မပြုခဲ့လျှင်ပင် မျိုးနွယ်စုကတော့ သူမကို အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့နေရသေးသည်။ သို့သော်ငြား သူမ၏ညီမဖြစ်သူကတော့ အမြီးတစ်ချောင်းသာရှိပြီး တစ်ခါတရံ သူမ၏မူလသွင်ပြင်ကိုပင် လုံးဝမပြောင်းလဲနိုင်ချေ။
မြေခွေးအုပ်စုထဲတွင် လူသားသွင်ပြင်သည် အမြဲတမ်း ဖယ်ကြဉ်ခံရပေလိမ့်မည်။ သူတို့သည် သူမ၏ညီမဖြစ်သူကို အနိုင်ကျင့်ခဲ့ကြသည့်အပြင် သူမကိုလည်း သေစေချင်ခဲ့ကြသည်။
သူမမှာတော့ ညီမဖြစ်သူကိုကာကွယ်ရန် အမြဲတမ်း ဒဏ်ရာရခဲ့ရသည်။ ဒဏ်ရာရတိုင်း ညီမဖြစ်သူက ငိုယိုပြီး တောင်ပေါ်အနှံ့ ပြေးလွှားကာ သူမအတွက် ဆေးပင်များကို သွားရှာပေးခဲ့သည်။ သူမသည်လည်း ဂူထဲတွင်လှဲလျောင်းရင်း အပြင်ဘက်က နေရောင်ခြည်က ငေးကြည့်ကာ တစ်နေ့တွင်တော့ သူမ၏မိဘများက သူမနှင့် သူမ၏ညီမလေးကို လာရောက်ခေါ်ဆောင် လိမ့်မည်ဟု အမြဲတမ်း စဉ်းစားထားခဲ့သော်ငြားလည်း ထိုသို့ဖြစ်မလာခဲ့ချေ။
နောက်ပိုင်းတွင် ညီမဖြစ်သူသည် ပျောက်ဆုံးသွားခဲ့ပြီး သူမ ဒဏ်ရာရချိန်တွင် သူမအတွက် ငိုပေးမည့်သူ မရှိတော့ချေ။ ယခုအခြေအနေ ကဲ့သို့ပင် သူမ၏သေရေးရှင်ရေးကိုလည်း ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြပေ။
အားချန်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူမ ရှူထုတ်လိုက်သည့်လေကလည်း ပူပြင်းလို့နေ၏။ ဒီတစ်ကြိမ်တွင်တော့ အဖျားက တော်တော်လေးကို ပြင်းထန်လှသည်။ သူမသည် အလွန်အားနည်း ချည့်နဲ့လွန်းသဖြင့် အိပ်ရာကပင် မထနိုင်လေရာ သမားတော်ခေါ်ဖို့ရန်တော့ ပြောဖို့ရန်ပင် မလိုချေ။
သူမသည် အမှန်ပင် အနည်းငယ်ကြောက်ရွံ့လို့နေမိ၏။ သူမသည် ဒီနေရာတွင် ဒီအတိုင်းသေဆုံးသွားပြီး ရက်အနည်းငယ်ကြာမှ သူမ၏ရုပ်အလောင်းကို လူအများက တွေ့ရှိသွားလေမလား ဟူ၍။
ကြားရသည်မှာတော့ နည်းနည်းလေး သနားစရာကောင်းနေသလိုပင်။
ထိုအချိန်မှာပင် တစ်စုံတစ်ခုက သူမ၏ပါးပြင်ကို ထိတွေ့လိုက်၏။
အားချန်သည် မျက်လုံးများကို ဖွင့်လိုက်၏။ အခန်းကတော့ မှောင်မည်းလို့နေ၏။ လရောင်အောက်တွင် သူမသည် အရိပ်မည်း တစ်ခုကိုသာ တွေ့နေရ၏။ "ဘယ်သူလဲ"
သူမ၏အသံမှာ ကွဲအက်နေပြီး လေသံလေးသာ ပြုလုပ်နိုင်ပေသည်။
ပိုင်ရှိုးမင်က ဖြည်းဖြည်းချင်း အနားသို့ကပ်လာကာ "ငါပါ"
...