ဒီအရာရှိနှင့် ပတ်သက်မိလျှင် မင်းအတွက် ကောင်းသည့်အရာ ရှိလာလိမ့်မည်မဟုတ်...
Vol. 3 Ch. 25
အားချန်သည် ပိုင်ရှိုးမင်၏ အကြည့်ကို သတိမထားမိသည့် ဟန်ဖြင့် တည်တည်ငြိမ်ငြိမ် စားပွဲဘေးသို့ လျှောက်သွားလိုက်ကာ တစ်လုံးတည်းသော သစ်သားထိုင်ခုံပေါ်တွင် ထိုင်ချလိုက်လေသည်။
ပိုင်ရှိုးမင်က ဆန်ပြုတ်ကို မြေအိုးထဲမှ ဖြည်းဖြည်းချင်း ခပ်ယူလိုက်ပြီး ပန်းကန်လုံးထဲသို့ ဇွန်းတစ်ချောင်းကို ထည့်ကာ အားချန်ရှေ့သို့ တွန်းပို့ပေးလိုက်၏။
အားချန်က ဆန်ပြုတ်ကို တစ်စွန်းပြီး တစ်ဇွန်းသောက်ရင်း ပိုင်ရှိုးမင်၏ ရှေ့တွင်ချထားသည့် ဟင်းလျာလေးမျိုးနှင့် မီးခိုးကြပ်တိုက်ထားသည့် ကြက်တစ်ကောင်ကို မျှော်လင့်တကြီး ကြည့်နေမိသည်။ ထိုအရာသည် လမ်းထိပ်က အဖိုးကြီးဟူ ရောင်းချသော ကြက်ကင်ပင်။
ကြပ်တိုက်ထားသည့် ကြက်သား၏ မွှေးရနံ့က နှာခေါင်းထဲသို့ အဆက်မပြတ် တိုးဝင်လာသဖြင့် သူမမှာ သွားရည်ကျလု နီးပါးပင်။
"ဖျားနာပြီးစဆိုတော့ အခု ဆန်ပြုတ်ပဲ သောက်လို့ရဦးမယ်"
ပိုင်ရှိုးမင်သည် သူမ၏အတွေးများကို ခန့်မှန်းမိသည့်နှယ် သူမက တူကို ဆန့်ထုတ်မလာခင်မှာပင် သူမ၏မျှော်လင့်ချက်များကို ရိုက်ချိုးပစ်တော့သည်။
အားချန်မှာ ကြိတ်ပြီးသက်ပြင်း ချလိုက်ကာ ကြပ်တိုက်ထားသည့် ကြက်သားကင်ပေါ်က အကြည့်ကိုအင်တင်တင်ဖြင့် ဖယ်ခွာလိုက်ပြီး "လူဖြစ်ရတာ တကယ်ပဲ ခက်ခဲတာပဲ" ဟု စိတ်ထဲတွင် ညည်းညူလိုက်တော့သည်။
ဆန်ပြုတ်တစ်ခွက် သောက်သုံးပြီးသွားသောအခါ ဆာလောင်မှုသည်လည်း ပြေပျောက်သွားပြီး ခန္ဓာကိုယ်ထဲတွင်လည်း အားအင်အနည်းငယ် ရရှိလာခဲ့သည်။
အားချန်သည် ဆန်ပြုတ်သောက်ပြီးသွားသောအခါ ပိုင်ရှိုးမင်သည်လည်း တူနှင့်ပန်းကန်ကို ချထားပြီးသား ဖြစ်နေ၏။
သူတို့နှစ်ယောက်စလုံးက မလှုပ်မယှက်ရှိနေကြပြီး ဖုန်းယန်ကလည်း အလွန်အကင်းပါးစွာဖြင့် ရှေ့သို့တက်လာကာ တူနှင့်ပန်းကန်များကို သိမ်းဆည်းပြီးနောက် ပစ္စည်းများကို ကိုင်ဆောင်ကာ ထွက်ခွာသွားတော့သည်။
တံခါးအပြင်ဘက်တွင် နေဝင်ဆည်းဆာချိန်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ကောင်းကင်ပေါ်တွင်လည်း နောက်ဆုံးအလင်းတန်း တစ်စသာ ကျန်ရစ်တော့သည်။
အားချန်က လက်တစ်ဖက်ဖြင့် မေးကိုထောက်ကာ အပြင်ဘက်သို့ ခေါင်းလေးစောင်းပြီး ငေးကြည့်နေလေသည်။ ပိုင်ရှိုးမင်ကလည်း ငြိမ်ငြိမ်သက်သက်လေး ထိုင်ကာ သူမကို အနှောင့်အယှက်မပေးချေ။
နောက်ဆုံးအလင်းတန်း ပျောက်ကွယ်သွားပြီး နေနှင့်လတို့ လည်ပတ်ပြောင်းလဲ သွားသည့်အခါမှသာ အားချန်သည်လည်း ခေါင်းကို ပြန်လှည့်လာခဲ့တော့သည်။ "လူကြီးမင်းပိုင် ကျွန်မကို ဘာမေးချင်တာလဲ မေးပါ"
"ကျောက်ခက်ပန်း (ကျောက်ပွင့်)၊ သင်္ချိုင်းမြေနဲ့ အခေါင်းပေါက် ပိုးစာပင်သားက ဘာလုပ်ဖို့လဲ"
"လူကြီးမင်း သိသားပဲ။ အမွှေးတိုင်လုပ်ဖို့လေ"
"အာနိသင်ကရော"
အားချန်သည် မျက်တောင်ကို တစ်ချက်ခပ်လိုက်ပြီး "တခြားသူဆိုရင်တော့ ကျွန်မလုံးဝ ပြောပြမှာ မဟုတ်ဘူး။ ဒါပေမဲ့ လူကြီးမင်းပိုင်က မနေ့ညတုန်းက ကျွန်မရဲ့အသက်ကို ကယ်တင်ပေးခဲ့တာဆိုတော့ ကျွန်မ တိတ်တိတ်လေး ပြောပြပါ့မယ်"
သူမသည် ကိုယ်ကိုရှေ့သို့ အနည်းငယ်ကိုင်းလိုက်ကာ သူ့ကို လျှို့ဝှက်ချက်လေး တစ်ခုပြောပြတော့မည်နှယ် ချစ်စဖွယ် အမူအရာလေး ဖြစ်နေတော့သည်။ "ဒါက ပူဇော်ပသဖို့ အတွက်လေ။ သေဆုံးသွားတဲ့ လူကို ပြန်ပို့ပေး နိုင်တယ်လို့ ဆိုတယ်"
"လို့ဆိုတယ် ဟုတ်လား" ပိုင်ရှိုးမင်သည် မျက်ခုံးတစ်ဖက် ပင့်လိုက်လေသည်။
"ဟုတ်တယ်လေ။ ကျွန်မ မှတ်ဉာဏ်ထဲမှာ ပြန်ပြီးတော့ ရှာတွေ့တာ။ အသုံးဝင်မဝင်တော့ မသိပါဘူး"
"အသုံးဝင်မဝင် မသိဘဲနဲ့ ဘာဖြစ်လို့ စမ်းကြည့်တာလဲ"
အားချန်သည် အနည်းငယ် အံ့သြသွားပြီး ပိုင်ရှိုးမင်၏ လေသံသည်လည်း ယခင်အကြိမ်ကဲ့သို့ တင်းမာခြင်းမရှိတော့သော်ငြား သူသည် သူမကို သံသယဝင်နေဆဲပင်။
သူ ငါ့ရဲ့အားနည်းတဲ့ ပုံစံကိုတွေ့ပြီး အားနည်းသူကို သနားကြင်နာသွားလို့ ဖြစ်ရမယ်။
"ဘာလဲ ဒီမေးခွန်းက ဖြေရခက်လို့လား" ပိုင်ရှိုးမင်က မေးလိုက်သည်။
"မခက်ပါဘူး။ ကျွန်မ ဒီအဖြေကို ပိုင်လူကြီးမင်းကို ယုံကြည်မှာ မဟုတ်ဘူးလို့ ထင်မိလို့ပါ" အားချန်၏ လေသံကလည်း တိုးညှင်းသွား၏။ "အဒေါ်ကို ဝမ်းနည်းကြောင်း သွားပြောတဲ့နေ့က ကျွန်မ အဲဒီမှာ စူးဖူးရန်ကို တွေ့ခဲ့တယ်လေ။ နောက်တစ်နေ့ အဒေါ်ကို သင်္ဂြိုလ်တော့ မနက်စောစောစီးစီး အဒေါ်ခင်ပွန်းမိသားစုကလူကို ခေါ်ပြီး အခမ်းအနားလုပ်ခဲ့တာ။ အဒေါ်က သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားပြီး မိသားစုကို အန္တရာယ်ပြုမှာစိုးလို့ သူ့ကိုခေါင်းတလားထဲမှာ ရိုက်ပိတ်ထားပြီး သူ့ကို မကျေနပ်မှုတွေ ပျောက်ကွယ်သွားမှ နှစ်၁ဝဝကြာတဲ့အချိန်ကျမှ ပြန်လွှတ်ပေးမယ်လို့ ပြောတယ်"
သူမသည် ပိုင်ရှိုးမင်ကို မြန်မြန်လေးတစ်ချက် လှမ်းကြည့်လိုက်လေသည်။ သူ၏မျက်နှာ အမူအရာကတော့ ကင်းမဲ့နေပြီး သူသည်သူမ၏ စကားကို ယုံကြည်ခြင်း ရှိမရှိကိုတော့ လုံးဝမခန့်မှန်းနိုင်ချေ။
"လူကြီးမင်း အဲဒါက ကျွန်မရဲ့အဒေါ်အရင်းလေ။ ဒီလိုအခြေအနေမျိုး ရောက်ပြီးနောက်မှာ ကျွန်မကို ငွေပေးခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ ကျွန်မက အဒေါ်ရဲ့ ခင်ပွန်းကို မတားစီးနိုင်ခဲ့ဘူး။ ကျွန်မအဒေါ်အတွက် တရားမျှတမှုကိုလည်း ရှာဖွေမပေးနိုင်ခဲ့ဘူး။ ကိုယ့်ဟာကိုယ် စိတ်အေးအောင်ပဲ လုပ်နိုင်တယ်"
"စိတ်အေးအောင် လုပ်ဖို့အတွက် သေလုနီးပါး ဖျားနာခဲ့တာကလည်း မင်းရဲ့ဒီအစီအစဉ်မှာ ပါတာလား"
အားချန်သည် အနည်းငယ် ရှက်ရွံ့ကာ စိတ်ရှုပ်သွားတော့သည်။ သူမ၏ လည်းချောင်းသည်လည်း အပြည့်အဝ မသက်သာသေးသည့်အတွက် စကားများများ ပြောလျှင်ပင် အသံကအနည်းငယ် ကွဲအက်သလို ဖြစ်နေသည်။ "အဲဒါကတော့ မတော်တဆ ဖြစ်သွားတာပါ။ ကျွန်မ နေ့ခင်းဘက်မှာ ကောင်းကောင်း အိပ်စက်အနားယူခဲ့ပါတယ်။ ရုတ်တရက် ဖျားသွားမယ်လို့တော့ ဘယ်သူက ထင်ထားမှာလဲ"
ထိုနောက်တွင်တော့ သူမ၏အသံသည် အနည်းငယ် မြင့်တက်လာပြီး စိတ်အခြေအနေ သည်လည်းပြန်လည် ကောင်းမွန်လာဟန်တူ၏။ "လူကြီးမင်းကို ကျေးဇူးတင်ရမယ်။ ကျွန်မ အများကြီး သက်သာသွားပြီ"
ပိုင်ရှိုးမင်ကတော့ မျက်ခုံးမျက်လုံးများ လှပလှသည့် အားချန်ကိုကြည့်ရင်း မနေ့ညက နန်းတွင်းသမားတော်ဟွမ် ပြောဆိုခဲ့သည့် စကားများကို သတိရမိသည်။
ကောင်းကောင်းမွန်မွန် ပြုစုမယ်ဆိုရင်တောင် သူက အနှစ်၂၀ ၃၀လောက်ပဲ အသက်ရှင်နိုင်မှာ။
"လူကြီးမင်း" သူက အချိန်အတော်ကြာအောင် တုံ့ပြန်မလာသည်ကို တွေ့ရသည်တွင် အားချန်ဒီလည်း အနည်းငယ် ထူးဆန်းသွားတော့သည်။
"မင်းလုပ်တဲ့ အမွှေးတိုင်တွေ ရှိသေးလား" ပိုင်ရှိုးမင်သည် အာရုံကို ပြန်စုစည်းလိုက်ပြီး ပြောလိုက်၏။
"၁၀ ချောင်းလောက်တော့ ကျန်သေးတယ်။ အားလုံး ကျွန်မ အိပ်ခန်းထဲမှာပဲ ထားထားတယ်။ တကယ်လို့ လူကြီးမင်းက စစ်ဆေးချင်တယ်ဆိုရင် ယူသွားလို့ရပါတယ်" အားချန်သည် စိတ်ရောကိုယ်ပါ ပူးပေါင်းနေဟန်တူ၏။ "ပူဇော်ပသတဲ့ လုပ်ငန်းစဉ်ကလည်း အရမ်းရိုးရှင်းပါတယ်။ ကျွန်မ လူကြီးမင်းကို အားလုံး ပြောပြနိုင်ပါတယ်"
အားချန်သည် ပူဇော်ပသသည့် လုပ်ငန်းစဉ်ကိုလည်း မခြွင်းမချန် ပြောပြခဲ့ပြီး သူမသည် အမွှေးတိုင် ပြုလုပ်သည့် အဆင့်များကိုပင် ပိုင်ရှိုးမင်ကို ပြောပြခဲ့ပြီးနောက် အခန်းထောင့်တွင် ထောင်ထားသည့် ယင်ဓာတ်စွမ်းအား မြင့်မားသည့် မိုးမခသစ်တုံးကြီး အကြောင်းကိုပင် ပြောပြခဲ့သေးသည်။
ပိုင်ရှိုးမင်ကတော့ သူမကို ဘာမှထပ်မမေးတော့ဘဲ အားချန်၏လက်ထဲက ကျန်ရှိနေသေးသည့် ဝိညာဉ်ခေါ်အမွှေးတိုင်များကို ယူဆောင်ပြီးနောက် ထရပ်ကာ ထွက်ခွာသွား လေတော့သည်။
အားချန်က တံခါးနားတွင်ရပ်ပြီး သူ၏ကျောပြင်က အမှောင်ထဲသို့ ပျောက်ကွယ်သွားသည့်အထိ မျက်လုံးဖြင့်လိုက်ပါပို့ဆောင် ပေးလိုက်ပြီးနောက် တစ်ချိန်တည်းတွင် စိတ်ထဲ၌လည်း အနည်းငယ် ထူးဆန်းသွားတော့သည်။ ဒီနေ့ ပိုင်ရှိုးမင်က ထူးထူးခြားခြား တကယ်စကားပြောလို့ ကောင်းတာပဲ။ ငါကသူ အချိန်အကြာကြီး ရစ်နေဦးမယ်လို့ ထင်ထားတာ။
ပိုင်ရှိုးမင်ကို ပြန်လွှတ်လိုက်ပြီးနောက်တွင် သူမသည် ခဏအကြာတွင်တော့ ရေနွေးအိုးတည်ကာ ကိုယ်လက်သန့်စင်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။ တံခါးပိတ်လိုက်ချိန်တွင် တံခါးမင်းတုံးက ရုတ်တရက် ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရတော့၏။
...မနေ့ညက အိမ်ထဲကို ဘယ်လိုနည်းလမ်းနဲ့ ဝင်လာတာလဲမသိတဲ့ ပိုင်ရှိုးမင်ကလွဲရင် ငါ့တံခါးမင်းတုံးကို ဘယ်သူမှ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။
အားချန်သည် ဒေါသတကြီးဖြင့် အိမ်ထဲတွင် အချိန်အတော်ကြာအောင် ရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ လက်တလော တံခါးမင်းတုံးအဖြစ် အသုံးပြုနိုင်မည့် သစ်သားအပိုင်းအစ တိုလေးတစ်ခုကို တွေ့ရှိသွားတော့သည်။
ပိုင်ရှိုးမင်သည် အားချန်၏ လက်ထဲက အမွှေးတိုင်များကို ယူလာပြီးနောက်တွင် မင်းကျင့်စီးသို့ ပြန်မသွားဘဲ နက္ခတ်ဗေဒဌာနသို့ သွားရောက်ခဲ့လေသည်။
စစ်ထျန်းကျန့်သို့ သွားခဲ့လေသည်။
ကြီးကြပ်ရေးမှူးသည် စစ်ထျန်းကျန့်ထဲတွင် ရှိနေသေးပြီး မင်းကျင့်စီးက ကျန့်ရှီဖူ ပိုင်ရှိုးမင်က ဝင်ခွင့်တောင်းလာသည်ဟုလည်း ကြားလိုက်ရသောအခါ အံ့အားသင့်သွားပြီး ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုလေတော့သည်။
ပိုင်ရှိုးမင်သည် ကြီးကြပ်ရေးမှူးကို တွေ့လိုက်ရချိန်တွင် ရှေ့သို့တက်လာကာ အရိုအသေပြု လိုက်သော်ငြားလည်း နှုတ်ဆက်လာသည့် လေသံကတော့ အလွန် ပေါ့ပေါ့ပါးပါးဖြစ်နေ၏။ "ကြီးကြပ်ရေးမှူးလူကြီးမင်း နေကောင်းပါရဲ့လား"
ကြီးကြပ်ရေးမှူးသည် မင်ဝမ်နှင့် ရင်းနှီးသည့်အတွက် မင်ဝမ်အိမ်တော်သို့ မကြာခဏ သွားရောက်လေ့ရှိသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်လောက်က မင်ဝမ်သည် ပိုင်ရှိုးမင်ကို မင်ဝမ်အိမ်တော်သို့ ခေါ်ဆောင်လာပြီးနောက်တွင် သူတို့သည်မကြာခဏ တွေ့ဆုံခဲ့ကြပြီး ပိုင်ရှိုးမင်ကို ယုံးကျိုးသို့ စေလွှတ်ခြင်းခံရသည့်အထိပင်။
"ကိစ္စမရှိရင် စန်းပေါင်ခန်းမကို မလာတတ်ဘူးဆိုတော့ လူကြီးမင်းအနေနဲ့ ဘာကိစ္စရှိလို့လဲ" ကြီးကြပ်ရေးမှူးသည် သူ့ကို ပုံမှန်အနားယူရာအခန်းသို့ ခေါ်ဆောင်ခဲ့ပြီး ပေါ့ပေါ့ပါးပါး မေးလာခဲ့၏။
ပိုင်ရှိုးမင်သည်လည်း ကြီးကြပ်ရေးမှူးနှင့်အတူ ထိုင်ချလိုက်ပြီးနောက် လက်ထဲက ဘူးကိုဖွင့်လိုက်တော့သည်။
ကြီးကြပ်ရေးမှူးသည် အတွင်းသို့ လှမ်းကြည့်လိုက်သည်တွင် အမွှေးနံ့သာ ပြုလုပ်ရာတွင် တော်တော်လေးကို လက်ရာမကောင်းလှသည့် တစ်စုံတစ်ယောက်က ပြုလုပ်ထားသည့် အမွှေးတိုင်ချောင်း တစ်ပုံကြီးကို တွေ့လိုက်ရ၏။ သူသည် ရုတ်တရက်ဆိုသလို စိတ်ဝင်စားမှု ပျောက်ဆုံးသွားတော့သည်။
"ဒီအမွှေးတိုင်ကို ဘယ်သူ လုပ်ထားတာလဲ။ လက်ရာက တော်တော်လေး ညံ့တာပဲ"
ပိုင်ရှိုးမင်သည် ရုတ်တရက် ရယ်ချင်သွားတော့သည်။ အကယ်၍ ကျိချန်သာ ဒီစကားကို ကြားမည်ဆိုရင် သူမကတော့ တော်တော်လေး ဒေါသထွက်သွားပေတော့မည်။
"ကျွန်တော် သိမ်းဆည်းလာခဲ့တာပါ။ ကြီးးကြပ်ရေးမှူး လူကြီးမင်းကို ဒီအမွှေးတိုင်မှာ ဘာပြဿနာရှိလဲလို့ ကြည့်ပေးဖို့ တောင်းဆိုချင်လို့ပါ"
သူ့စကားကို ကြားလိုက်ရသောအခါ ကြီးကြပ်ရေးမှူးသည် သစ်သားဘူးထဲက အမွှေးတိုင်တစ်ချောင်းကို လှမ်းယူလိုက်ပြီး အရင်ဆုံး နှာခေါင်းနားကပ်ကာ သေသေချာချာလေး နမ်းရှုံ့ကြည့်လိုက်ပြီးနောက် တစ်ပိုင်းကို ချိုးလိုက်ပြီး လက်ချောင်းထိပ်ဖျားပေါ်တွင် ချေမွလိုက်ကာ ပါးစပ်ထဲသို့ထည့်ပြီး မြည်းစမ်းကြည့်လိုက်လေသည်။
"အင်း ယင်ဓာတ်စွမ်းအင် အရမ်းပြင်းထန်တယ်။ ပစ္စည်းတွေကတော့ ဘာမှ မထူးခြားပါဘူး။ ဒါ ဘယ်သူ စဉ်းစားခဲ့တာလဲ" သူက ပိုင်ရှိုးမင်ကို မေးလိုက်၏။
ပိုင်ရှိုးမင်ကတော့ အဖြေပြန်မပေးဘဲ အတွေးပေါင်းစုံဖြစ်နေသည့် အကြီးအကဲကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်လေသည်။ "ကျွန်တော့်ကို ဒီအတိုင်းပဲ ပြောပြပါ။ ဒီပစ္စည်းက ဘာအသုံးဝင်လဲ"
"ဘာမှ အသုံးမဝင်ပါဘူး။ ဒါတွေကို တစ်ကြိမ်ထဲမှာ အချောင်းတစ်ရာလောက် မီးရှို့လိုက်ရင် ယင်ဓာတ်စွမ်းအင်တွေ စုဝေးလာပြီး အဆင့်နိမ့် သရဲတစ္ဆေ တစ်ချို့ကို ဆွဲဆောင်နိုင်တယ် ဒါပါပဲ"
"အသုံးမဝင်ဘူး ဟုတ်လား" ဒီအဖြေသည် ပိုင်ရှိုးမင်ကို အံ့အားသင့်သွား ရစေတော့သည်။ ထိုနောက်တွင်တော့ သူသည် သူလျှိုက မှတ်တမ်းတင်ထားသည့် အားချန်၏ ပူဇော်ပသလုပ်ငန်းစဉ်ကို တစ်ဖန် ပြန်လည်ပြောပြလိုက်လေသည်။ "ဒီအခမ်းအနားနဲ့ တွဲဖက်ရင်လည်း အသုံးမဝင်ဘူးလား"
"ဒီအခမ်းအနားက ဘာအတွက်လဲ"
"သေဆုံးသွားတဲ့သူကို ပြန်ပို့ပေးဖို့"
"ဪ ဒီစကားကတော့ မသေးဘူးပဲ" ကြီးကြပ်ရေးမှူးက ရယ်မောကာဖြင့် ပြောလိုက်၏။ "တကယ်လို့ အမွှေးတိုင်ထွန်းရုံနဲ့ သေဆုံးသွားတဲ့သူကို တမလွန်ဘုံကို အလွယ်တကူ ပို့ပေးနိုင်မယ်ဆိုရင် အဲဒီဘုန်းကြီးတွေနဲ့ ရသေ့တွေလည်း အပင်ပန်းခံပြီး အမျှအတန်းဝေပေးစရာ မလိုတော့ဘူးပေါ့"
"ဒါဆိုရင် တကယ် အသုံးမဝင်တာလား"
ကြီးကြပ်ရေးမှူးက လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ပါးစပ်ကို ဆေးကြောလိုက်ကာ "ကျွန်တော့်မှတ်ဉာဏ်ထဲမှာ အနည်းဆုံးတော့ ဒီလောက်ကလေးကလားဆန်တဲ့ အခမ်းအနားမျိုး မရှိဘူး။ မင်းလည်းလူခေါ်ပြီးတော့ စမ်းကြည့်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်လေ ဒီအခမ်းအနားကလည်း ရိုးရှင်းပါတယ်။ သရဲတစ္ဆေ တစ်ကောင်ကို ဖမ်းလာပြီး သူ့ရဲ့မွေးသက္ကရာဇ်ကိုရေး ပြီးတော့၇ရက် အမွှေးတိုင်ထွန်းကြည့် ဘာအကျိုး သက်ရောက်မှု ရှိမလဲဆိုတာ ကြည့်ကြည့်လိုက်ပေါ့"
သူမ ပြောလျှင်ပင် ပိုင်ရှိုးမင်ကလည်း စမ်းသပ်ကြည့်ဖို့ရန် အစီအစဉ်ရှိပြီးသား ဖြစ်သော်ငြားလည်း ဘူးထဲက အမွှေးတိုင်ချောင်းများသည် မလုံလောက်သည့်အတွက် လူခေါ်ကာ အမွှေးတိုင် ပြုလုပ်ရန်လိုအပ် ပေဦးမည်။
"ကြီးကြပ်ရေးမှူး လူကြီးမင်းလည်း အမွှေးတိုင် လုပ်တတ်တယ်လို့ ကြားဖူးတယ်"
ကြီးကြပ်ရေးမှူးသည် ပိုင်ရှိုးမင်ကို လက်ညှိုးထိုးလိုက်ပြီး ဤလူငယ်လေးက သူ့ကို လာရှာဖွေသည်မှာ ကောင်းသည့်ကိစ္စ မဟုတ်မှန်း သိပြီးသားဖြစ်လေသည်။
ကြီးကြပ်ရေးမှူးက ပိုင်ရှိုးမင်ပြောဆိုသည့် အဆင့်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အမွှေးတိုင် အချောင်း၁၀၀ကို ပြုလုပ်ခဲ့ပြီး စစ်ဆေးပြီးသွားသောအခါ အားချန်၏ လက်ထဲကယူလာခဲ့သည့် အမွှေးတိုင်များနှင့် တစ်ပုံစံတည်းဖြစ်နေ၏။
၇ ရက်ကြာပြီးသွားသည့်နောက် အခမ်းအနား ပြီးဆုံးသွားသော်ငြားလည်း မည်သည့်အရာမှ ဖြစ်ပွားခြင်း မရှိခဲ့ချေ။
ထိုချုပ်နှောင်ခံထားရသည့် သရဲတစ္ဆေသည် အမွှေးတိုင်ထွန်းညှိသူ၏ ဆင့်ခေါ်ခြင်းလည်း မခံရသလို ပို့ဆောင်ပေးခြင်းလည်း မခံရချေ။
ကြီးကြပ်ရေးမှူး လူကြီးမင်းသည် သိချင်စိတ်များ အလွန်ပြင်းပြသွားသဖြင့် သူကလည်း နောက်ဆုံးနေ့တွင် တစ်ခါလောက်လာကြည့်ပြီး ရလဒ်ကလည်း သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်နေ၏။
"လက်လျှော့လိုက်ပါတော့လေ။ မင်းကို အသုံးမဝင်ဘူးလို့ အစောကတည်းက ပြောပြီးသားပဲ။ အခမ်းအနားဆိုတာ ဘယ်မှာရိုးရှင်းလို့လဲ။ ငါတို့ စစ်ထျန်းကျန့်က ကောင်းကင်နဲ့မြေကြီးကို ပူဇော်ပသဖို့တောင် တစ်နှစ်လောက် အချိန်ယူပြီးပြင်ဆင်ရတာ" ကြီးကြပ်ရေးမှူးက ပိုင်ရှိုးမင်၏ဘေးတွင် ရပ်ကာ သရော်စကား ပြောလိုက်လေသည်။
ပိုင်ရှိုးမင်ကတော့ စိတ်ပျက်နေခြင်းမရှိဘဲ ဤရလဒ်ကို ကြိုတင်မျှော်လင့်ထားပြီးသားပင်။
သို့သော် သူ့ မသိစိတ်သည် ဤအခမ်းအနားပေါ်တွင် သံသယဝင်နေဆဲပင်။
"ကျွန်တော် အရင်တုန်းက လူတွေပြောတာ ကြားဖူးတယ်။ အမွှေးတိုင်မရှိတဲ့ ခေတ်အခါတုန်းကဆိုရင် ရှေးလူကြီးတွေက အမွှေးနံ့သာသစ်သားနဲ့ပဲ ကောင်းကင်နဲ့မြေကြီးကို ပူဇော်ပသကြတာတဲ့"
"မင်းလည်း အများကြီး သိနေတာပဲ" ကြီးကြပ်ရေးမှူးသည်လည်း သူ၏သံသယကို ဖြေရှင်းပေးရန် ဆန္ဒရှိသည့်အတွက် ပြောလာခဲ့သည်။ "တကယ်ပဲ ဒီလိုစကားမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောခဲ့တဲ့ ရှေးလူကြီးတွေကလည်း ဘယ်လိုဖြစ်ကတတ်ဆန်း လူတွေမှ မဟုတ်ဘူး။ မင်း ရှေးဟောင်း ဒဏ္ဍာရီထဲက စုန်းနဲ့မိစ္ဆာစစ်ပွဲအကြောင်းကို ကြားဖူးမှာပေါ့"
"ကျွန်တော်တို့ ပြောနေတဲ့အကြောင်းအရာနဲ့ ဘာဆိုင်လို့လဲ"
"တုတ်တစ်ချောင်းကို ဒီအတိုင်း ပေါ့ပေါ့ပါးပါး စိုက်ထည့်လိုက်ပြီး ကောင်းကင်နဲ့ မြေကြီးကို ပူဇော်ပသနိုင်တဲ့အပြင် ကောင်းကင်နဲ့ မြေကြီးဆီကနေ ဆုလဘ်တွေကို ရရှိနိုင်တဲ့ ရှေးလူကြီးတွေကို စုန်းတွေလို့ အားလုံးက ခေါ်ကြတယ်"
"စုန်း ဟုတ်လား။ စုန်းမျိုးနွယ်လား"
"ဟုတ်တယ်။ သူတို့က သူတို့ကိုယ်သူတို့ လူမျိုးနွယ်လို့ မသတ်မှတ်ဘူး။ သူတို့ရဲ့ဘိုးဘေးတွေက မိစ္ဆာမျိုးနွယ်နဲ့ နာမည်တူတဲ့ ရှေးဟောင်း စုန်းမျိုးနွယ်လို့ ယူဆကြတယ်။ ဒီစုန်းမျိုးနွယ်တွေက ကောင်းကင်နဲ့မြေကြီး သဘာဝတရားကို ကြောက်ရွံလေးစားကြတယ်။ သူတို့မှာ သူတို့ရဲ့ကိုယ်ပိုင်ပူဇော်ပသတဲ့ နည်းလမ်းတွေရှိတယ်။ ရိုးရှင်းပြီး ထိရောက်တယ်။ ဒါပေမဲ့ ငါတို့တွေက အဲဒါကို သုံးလို့မရဘူး"
"ဘာဖြစ်လို့လဲ" ပိုင်ရှိုးမင်သည် စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။
"အရင်ကြီးကြပ်ရေးမှူး အဆက်ဆက်တွေက လေ့လာခဲ့ကြတယ်။ စုန်းမျိုးနွယ်ရဲ့ ဝိညာဉ်မှာ အထူးစွမ်းအင်တွေ ပါဝင်နေတယ်။ သူတို့ ကအဲ့ဒါတွေကို ဘိုးဘေးစွမ်းအင်လို့ ခေါ်ကြတယ်။ စုန်းမျိုးနွယ်သွေး ပါဝင်နေသရွေ့ ပူဇော်ပသတဲ့အခါမှာ ဘိုးဘေးတွေရဲ့ စွမ်းအားတွေကို ငှားရမ်းအသုံး ပြုနိုင်တယ်။ ဒါကြောင့် အခမ်းအနားကတော့ အဲဒီလောက် ကြီးကြီးကျယ်ကျယ် မရှိဘူး"
“ကြားရတာတော့ တော်တော်လေး အစွမ်းထက်မယ့်ပုံပဲ။ ဒါပေမဲ့ ကျွန်တော် ဒီအကြောင်းကို အရင်က ဘာဖြစ်လို့ မကြားဖူးပါလိမ့်”
ကြီးကြပ်ရေးမှူးကလည်း သက်ပြင်းချလိုက်လေသည်။ "နောက်ဆုံး စုန်းမျိုးနွယ်တွေက လွန်ခဲ့တဲ့နှစ် ၂၀၀ တုန်းက မျိုးတုံးသွားခဲ့ပြီလေ။ မင်းက အသက် ဘယ်လောက် ရှိသေးလို့လဲ။ သေချာပေါက် ဘယ်ကြားဖူးပါ့မလဲ"
"ဘယ်သူ လုပ်ခဲ့တာလဲ"
"မိစ္ဆာမျိုးနွယ်တွေက လုပ်ခဲ့တာ။ အဲဒီတုန်းက မိစ္ဆာမျိုးနွယ်တွေက အင်အားကြီးမားပြီး အရင်က မိစ္ဆာတိုင်းပြည်ကိုလည်း တည်ထောင်ခဲ့တယ်။ ငါတို့ သာ့ရှနဲ့ လောကကြီးကို ခွဲဝေအုပ်ချုပ်ခဲ့တယ်။ အဲဒီမိစ္ဆာဧကရာဇ်က စုန်းမျိုးနွယ်အပေါ်မှာ အရမ်းကို ပြင်းထန်တဲ့ရန်လိုစိတ်ရှိခဲ့တာ။ သူကစစ်တဲ့တး်တပ်ကို သစ်တောဒေသထဲ စေလွှတ်ပြီး စုန်းမျိုးနွယ်တွေ အားလုံးကို သတ်ဖြတ်ခဲ့တယ်တဲ့"
"တစ်ယောက်မှ မကျန်ခဲ့ဘူးလား" ပိုင်ရှိုးမင်သည် အနည်းငယ် အံ့သြသွားလေသည်။
ကြီးကြပ်ရေးမှူးကတော့ နှမြောတသစွာ ပြောလိုက်၏။ "တစ်ယောက်မှ မကျန်ခဲ့ဘူး။ သူတို့က မိစ္ဆာမျိုးနွယ်တွေရဲ့ မြင့်မြတ်တဲ့ လက်နက်ကို အသုံးပြုပြီး သွေးကနေတစ်ဆင့် လူတွေကို ရှာဖွေခဲ့တာ။ တစ်ယောက်တွေ့ရင် တစ်ယောက် သတ်တယ်။ အဲဒီတုန်းက သူတော်စင်ကလည်း လူလွတ်ပြီးတော့ စုန်းမျိုးနွယ်တွေကို ရှာဖွေခဲ့ပေမယ့် ဘာမှမရခဲ့ဘူးလေ"
ကြီးကြပ်ရေးမှူး၏ စကားလုံးများသည် ပိုင်ရှိုးမင်း၏ သံသယကို လုံးဝဖယ်ရှား ပစ်လိုက်တော့၏။
ဖြစ်နိုင်တာက အဲဒီမြေခွေးမိစ္ဆာက ဘယ်ကနေ ကြားလာခဲ့တာလဲ မသိဘူး။ ဒါမှမဟုတ် တည့်လာခဲ့တဲ့ ပူဇော်ပသတဲ့ အခမ်းအနားမျိုးလည်း ဖြစ်နိုင်တယ်။ ဒီအခမ်းအနားက တကယ်ပဲ စုန်းမျိုးနွယ်နဲ့ ပတ်သက်နေနိုင်တယ်။ ဒါပေမဲ့ မိစ္ဆာဖြစ်စေ လူဖြစ်စေ ဒီအခမ်းအနားကိုတော့ သုံးလို့မရဘူး။
ဖြစ်နိုင်တာက ကျိချန် ပြောသလိုပဲ။ သူ ဒါတွေအားလုံးကို လုပ်ခဲ့တာက ကိုယ့်ဟာကိုယ် စိတ်အေးချမ်းရအောင် လုပ်ဖို့ပဲလား။
တခဏအတွင်းတွင် ဆယ်ရက်ကျော် ကြာမြင့်သွားခဲ့ပြီး အားချန်သည် မကြာသေးခင်က အိမ်တွင် အမွှေးနံ့သာလုံးများ ပြုလုပ်နေလေသည်။ သူမသည် အနံ့သုံးမျိုးရှိသည့် အမွှေးနံ့သာလုံးများကို ဖော်စပ်ခဲ့ပြီး အသုံးအများဆုံး နည်းလမ်းနှင့် အသက်သာဆုံး အမွှေးနံ့သာများကို အသုံးပြုခဲ့၏။
သူမသည် ယခင်က အနောက်ဘက်စျေးမှ ဝယ်ယူခဲ့သည့် ကျောက်စိမ်းမှုန့် အနည်းငယ်ကို အမွှေးလုံးပြုလုပ်သည့် အမွှေးနံ့သာထဲတွင် ထည့်သွင်းခဲ့ပြီး အမွှေးနံ့သာလုံးများ ပြုလုပ်ပြီးစီးသွားသောအခါ မြွေ၊ ပိုးမွှား၊ ကြွက်များကို နှင်ထုတ်နိုင်သည့် အာနိသင်သည် အလွန်ကောင်းမွန်လေသည်။
အမွှေးလုံးတစ်လုံးကို မီးပိုဆောင်ထဲတွင် ထားရှိလိုက်လျှင် ၁၀ရက်အတွင်း ကြွက်တစ်ကောင်မှ မတွေ့မြင်ရ ပေ။
အားချန်သည် အမွှေးနံ့သာဆိုင်တစ်ဆိုင် ဖွင့်ရန်ပြင်ဆင်နေပြီး အမွှေးနံ့သာလုံးများ ဖြင့် စျေးကွက်ကို ဖွင့်လှစ်ရန် အဆင်ပြေပေလိမ့်မည်။ သူမ၏လက်ထဲတွင် ရွှေထည်တချို့ ငွေထည်တချို့ ရှီနေသးသော်ငြားလည်း အထွက်သာ့ရှီပြီး အဝင်မရှိလျှင်တော့ မဖြစ်သေးချေ။ ထိမ်းမြားလက်ထပ်ခြင်း ကိစ္စသည် ဝေးကွာနေသေးသည့် အတွက် သူမတွင် ဝင်ငွေတစ်ခု ရှိရန် လိုအပ်သေးသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က ဘေးအိမ်က သူဌေးရွှီက စာအုပ်ဆိုင်ထဲတွင် ကြွက်များ ပေါများနေကြောင်း ညည်းညူ ပြောဆိုခဲ့ပြီး သူသည် အနက်နှင့် အဖြူကြားကြောင်လေး တစ်ကောင်ကို ငှားခဲ့သော်ငြားလည်း ကြောင်၏ ဖျက်ဆီးအားက ကြွက်များထက် မနိမ့်ကျနေဘဲ သူဌေးရွှီ၏ စာအုပ်နှစ်အုပ်လုံးကို ကုတ်ခြစ် ဖျက်ဆီးခဲ့သဖြင့် ဒေါသတကြီးဖြင့် ကြောင်ကို လိုက်လံ ဖမ်းဆီးနေရသည်။
အားချန်သည် ထိုအကြောင်းကို ကြားခဲ့ပြီး နောက်တွင် သူဌေးရွှီကို အမွှေးနံ့သာလုံး တစ်လုံး ပေးလိုက်ပြီး နှစ်ရက် အသုံးပြုခဲ့ပြီး နောက်တွင် သူဌေးရွှီသည် အမွှေးနံ့သာလုံး၏ အကျိုးကျေးဇူးကို သိရှီသွားပြီး ယနေ့တွင်တော့ အထူးတလည် ရောက်လာကာ အမွှေးနံ့သာလုံး နှစ်လုံးထပ်မံဝယ်ယူလိုကြောင်း ပြောဆိုလာသည်။
အမွှေးနံ့သာလုံး၏ ကုန်ကြမ်းဈေးကလည်း မကြီးလှချေ။ သူမသည် ကုန်ကျစရိတ်ကို တွက်ချက်ကြည့် လိုက်သည်တွင် အမွှေးနံ့သာလုံး တစ်လုံးလျှင် ဝမ် ၂၀ စျေးနှုန်းသတ်မှတ်ခဲ့ပြီး သာမန်လူများအတွက် အနည်းငယ်စျေးကြီး သော်ငြားလည်း ဝန်ထုတ်ဝန်ပိုးတော့ မဖြစ်နိုင်ပေ။ အကြောင်းမှာ ဤအမွှေးနံ့သာလုံး၏ အဓိကအာနိသင်မှာ မြွေ ပိုးမွှား ကြွက်များကို နှင်ထုတ်ခြင်းဖြစ်ပြီး အာနိသင်ကလည်း အလွန်ကောင်းမွန် သည့်အတွက် ဝယ်ယူလိုသူများ သေချာပေါက် ရှိနေပေလိမ့်မည်။
သူဌေးရွှီကတော့ ကျေကျေနပ်နပ် ဝမ်၄၀ကို ပေးလိုက်ပြီး အားချန်၏ လက်ထဲက အမွှေးနံ့သာလုံးနှစ်လုံးကို ယူသွားခဲ့တော့သည်။ ဒါသည် အားချန် အတွက်တော့ မိမိကိုယ်တိုင် ပထမဦးဆုံးအကြိမ် ငွေရှာဖွေနိုင်ခဲ့ခြင်းဖြစ်ပြီး ငွေကိုရေတွက်နေစဉ်မှာပင် ပိုင်ရှိုးမင်း သည် လရောင်ကဲ့သို့ ဖြူဖွေးနေသည့် သာမာန်ဝတ်စုံလေးကို ဝတ်ဆင်ကာ သူမဘက်သို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။
"လူကြီးမင်းပိုင် မတွေ့တာကြာပြီနော်" အားချန်ကတော့ ငွေရှာထားသဖြင့် စိတ်ရွှင်လန်းနေပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပိုင်ရှိုးမင်ကို နှုတ်ဆက်လိုက်၏။
ပိုင်ရှိုးမင်ကတော့သူ့ကို အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး သူမရှေ့သို့ ရောက်လာကာ လက်ထဲကသစ်သားဘူးကို လှမ်းပေးလာသည်။ အားချန်ကလည်း သစ်သားဘူးကို လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်တွင် သူမ၏မူလက ဆယ်ချောင်းကျော် ရှိနေနှင့်ပြီးသား ဝိညာဉ်ခေါ် အမွှေးတိုင်များမှာ လျော့နည်းသွားခြင်းမရှိဘဲ ပိုလို့ပင် များနေသေးသည်ကို တွေ့လိုက်ရတော့သည်။
သူမက ပိုင်ရှိုးမင်ကို တစ်ချက်လောက် ကြည့်လိုက်ပြီး စိတ်ထဲ၌ တွေးလိုက်မိလေသည်။ ဒီလူက တကယ်ပဲ သံသယကြီးတာပဲ။ ဒီလောက်ကြာမှ ငါ့ကို လာရှာတယ်။ အခမ်းအနားကို တစ်ခေါက်လောက် စမ်းကြည့်ပြီးပြီဆိုတာ ၈၀ ရာခိုင်နှုန်းလောက် သေချာတယ်။
ဒါပေမဲ့ ငါက အခမ်းအနားရဲ့ အသေးစိတ် အကြောင်းအရာတိုင်းကို သူ့ကို ပြောပြရဲတယ် ဆိုကတည်းက သူဘာမှ စစ်ဆေးလို့ မရဘူးဆိုတာကို ယုံကြည်မှု ရှိနေသားပဲ။ တချို့အခမ်းအနားတွေက လုပ်ငန်းစဉ်ကို သိရင်တောင် အသုံးမဝင်ဘူးလေ။
ဘူးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အားချန်က ပြန်ပိတ်ထားလိုက်၏။ သူမက ဘူးကို ပွေ့ပိုက်ထားကာ အိမ်ထဲတွင် ပြန်သွားထားရန် ပြင်ဆင်လိုက်ပြီး ဤအမွှေးတိုင်များကလည်း တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်သည်ဟု စဉ်းစားမိသဖြင့် မဖြုန်းတီးသင့်ကြောင်း တွေးမိလိုက်လေသည်။ ပိုင်ရှိုးမင်သည် သူမကို ဝိညာဉ်ခေါ် အမွှေးတိုင်များကို ပြန်လည် ပေးအပ်ပြီးနောက် ထွက်မသွားသေးဘဲ သူမနှင့်စကားစမြည် ပြောဆိုဖို့ရန် ပြင်ဆင်နေဟန်တူ၏။ "မင်း ခုနက ပစ္စည်းရောင်း နေတာလား"
"ဟုတ်တယ်လေ။ ကျွန်မ အမွှေးနံ့သာလုံးတွေ ရောင်းနေတာ"
အားချန်သည် ခါးပေါ်ကအိတ်ထဲက အမွှေးနံ့သာလုံး တစ်လုံးကိုထုတ်ယူကာ ပိုင်ရှိုးမင်ကို လှမ်းပေးလိုက်ပြီး ထိုအမွှေးနံ့သာလုံးကို တရားဝင်ဖြစ်သွားအောင် ကြံစည်လိုက်တော့သည်။
ပိုင်ရှိုးမင်ကလည်း အမွှေးနံ့သာလုံးကို လှမ်းယူလိုက်ချိန်တွင် သူ့လက်ညှိုးပေါ်က အနက်ရောင်လက်စွပ်ထဲမှ တစ်စုံတစ်ခုသည် ရုတ်တရက် လွှင့်ပြန်ထွက်လာပြီး သူ့လက်ထဲက အမွှေးနံ့သာလုံးကို အော်ဟစ်ဟိန်းဟောက်နေသည်ကို တွေ့လိုက်ရ၏။
အားချန်က ထိုမည်းနက်နေသည့် အရာလေးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ သွေးတိုးစမ်းသလို မေးလိုက်၏။ "လူကြီးမင်းပိုင် အဲဒါက... နဂါးလား"
"နဂါးဝိညာဉ်" ပိုင်ရှိုးမင်က ရှင်းပြလိုက်ပြီးနောက် သူမကို မေးလာသည်။ "ဒါကို ဘာနဲ့လုပ်ထားတာလဲ"
"လူကြီးမင်းပိုင် ရွှယ်ကျန်းမြွေတွေ သုံးခဲ့တဲ့ ကျောက်စိမ်းကို မှတ်မိသေးလား။ ကျွန်မ နည်းနည်းလေး ဝယ်ပြီးအမှုန့်ကြိတ်ထားတာ။ အဲဒီအမွှေးလုံးထဲမှာ ကျောက်စိမ်းမှုန့်တွေ ထည့်ထားတယ်။ မြွေနဲ့ ပိုးမွှားတွေကို နှင်ထုတ်တဲ့အာနိသင်က အရမ်းကောင်းတယ်"
ပိုင်ရှိုးမင်က ခေါင်းငြိမ့်ပြီး ဘာမှတော့ပြောမလာပေ။ ထိုကျောက်စိမ်း အစအနများသည် လူများအပေါ် သက်ရောက်မှုမရှိချေ။ သို့မဟုတ်ပါက မင်းကျင့်စီးက အစောကြီးကတည်းက သိမ်းဆည်းသွားခဲ့ လောက်ပြီးဖြစ်သည်။
သူကတော့ ထိုအရာသည် မြွေနှင့်ပိုးမွှားများကို နှင်ထုတ်နိုင်သည်ကို မသိရှိခဲ့ချေ။
အားချန်၏ အာရုံသည် သူမ၏ အမွှေးနံ့သာလုံးပေါ်တွင် မရှိတော့ဘဲ ပိုင်ရှိုးမင်၏ လက်ချောင်းပေါ်က ထိုလက်စွပ်ကိုသာ စိုက်ကြည့်ရင်း မျက်လုံးများကလည်း အနည်းငယ် ဝေ့ဝဲကာ သွေးတိုးစမ်းပြီး မေးလိုက်၏။ "လူကြီးမင်းရဲ့လက်ထဲမှာ နဂါးဝိညာဉ် ရှိနေတာဆိုတော့ လူကြီးမင်းက နဂါးကို သတ်ခဲ့ဖူးတာလား"
"မင်း အရမ်းစပ်စုတာပဲ"
"ပြောပြလို့ မရဘူးလား"
"အဆင့်၄ အနက်ရောင် နဂါးတစ်ကောင်ကို သတ်ခဲ့ဖူးတယ်" ဒါသည် ပိုင်ရှိုးမင်၏ နာမည်ကြီးစစ်ပွဲဖြစ်ပြီး နန်းတွင်းထဲတွင် မသိသူမရှိချေ။
ဤကိစ္စကြောင့်ပင် သူသည် ကျန့်ရှီဖူ ရာထူးတွင်တည်ငြိမ်စွာ ထိုင်နေခဲ့ခြင်းပင်။
အားချန်ကတော့ အနည်းငယ် အံ့ဩသွားလေသည်။ နဂါးမျိုးနွယ်သည် မိမိတို့၏သွေးကို မြင့်မြတ်သည်ဟုယူဆပြီး တခြားမိစ္ဆာမျိုးနွယ်များနှင့် မပေါင်းသင်းချေ။ ဤသို့မောက်မာထောင်လွှားရခြင်းကလည်း သူတို့တွင် မောက်မာ ထောင်လွှားနိုင်သည့် အကြောင်းအရင်း ရှိနေခြင်းကြောင့်ပင်။
အဆင့်တူနယ်မြေထဲတွင် တိုက်ခိုက်ကြလျှင် နဂါးမျိုးနွယ်များသည် သူတို့၏အစွမ်းထက်လှသည့် ခန္ဓာကိုယ်ကို အားကိုးပြီး ပြိုင်ဘက်ကင်းကြလေသည်။
သူမသည် ပိုင်ရှိုးမင်၏ ကျင့်ကြံအဆင့်ကို မသိသော်ငြားလည်း အဆင့်၅ မရောက်သေးသည်မှာတော့ သေချာသည်။ သူသည် အဆင့်၄ဖြစ်လျှင်ပင် တူညီသည့်အဆင့်ရှိသည့် အနက်ရောင်နဂါးကို သတ်ဖြတ်နိုင်သည်မှာ ပုံမန်အားဖြင့်တော့ သာမန်အင်အားမျိုးတော့ မဟုတ်ပေ။
ထို့အပြင် သူသည် ငယ်ရွယ်သေးဟန်တူသဖြင့် နဂါးတစ်ကောင်ကို သတ်ခဲ့စဉ်က အဆင့်လေးပင် ရောက်ချင်မှ ရောက်လိမ့်ပေဦးမည်။
အားချန်သည် နတ်ဆိုးမိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ်ကို အလွန်ကြောက်ရွံရသည့် အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားတော့၏။ ပိုင်ရှိုးမင်သည် အသက်၃၀ ပြည့်ဟန်မတူသေးချေ။ ကျင့်ကြံခြင်းအဆင့်ကတော့ ထိုအဆင့်အထိ ရောက်နှင့်နေပြီ ဖြစ်သည်။ သွေးမျိုးဆက် အကျိုးကျေးဇူးကို ဖယ်ထားလိုက်လျှင် တူညီသောကျင့်ကြံမှု အဆင့်နဲ့ဆိုလျှင် မိစ္ဆာမျိုးနွယ်သည် ထိုအဆင့်ကို ရောက်ဖို့ရန်အတွက် အနည်းဆုံး နှစ်ပေါင်းတစ်ထောင်လောက် ကျင့်ကြံဖို့ရန် လိုအပ်ပေလိမ့်မည်။
လူသားမျိုးနွယ်တွေက တကယ်ကို ကောင်းကင်နှင့် မြေကြီးတို့ရဲ့ မျက်နှာသာပေး ခံထားရတာပဲ။
"လူကြီးမင်းက နဂါးကို သတ်ခဲ့ဖူးတယ်ဆိုတော့ နဂါးကိုယ်ပေါ်က ပစ္စည်းတွေကိုလည်း ရခဲ့မှာပေါ့နော်" အားချန်သည် ဆက်ပြီး ဝေ့လည်ကြောင်ပတ် မေးလိုက်၏။
"ဘာကို ပြောချင်တာလဲ။ ဒီအတိုင်းပြောပါ"
အားချန်က ရှေ့သို့ခြေလှမ်း အနည်းငယ်တိုးလာကာ လူကြီးမင်း အရင်တခါတုန်းက ဖုန်းလူကြီးမင်း ပြောသွားတယ်လေ။ လူကြီးမင်းတို့ ရွှယ်ကျန်းမြွေကို ဖမ်းနေတုန်းပဲဆို။ ဖမ်းမိသွားပြီလား"
ပိုင်ရှိုးမင်သည် အားချန်ကို လှမ်းကြည့်လိုက်သည်တွင် လှပသည့်မက်မွန်ပန်းသဏ္ဍာန် မျက်လုံးများထဲက အလင်းရောင်က အနည်းငယ် မှေးမှိန်သွားတော့၏။ "မင်းမှာ နည်းလမ်းရှိလို့လား"
အားချန်၏ နှုတ်ခမ်းထောင့်လေးက အပေါ်သို့ကွေးတက်သွားကာ ငွေလိုအပ်နေတုန်း အခွင့်အရေးက ကိုယ့်အရှေ့ကိုယ် အလိုလို ရောက်လာတာပဲဟု စဉ်းစားလိုက်လေသည်။
"တကယ်လို့ ကျွန်မက လူကြီးမင်းကို ရွှယ်ကျန်းမြွေ ဖမ်းမိအောင် ကူညီပေးနိုင်တယ်ဆိုရင် လူကြီးမင်းက ကျွန်မကို အကူအညီတစ်ခုလောက် ပေးနိုင်မလား"
ပိုင်ရှိုးမင်က ခဏလောက် စဉ်းစားလိုက်ပြီးမှ သဘောပေါက်သွားတော့၏။ "မင်းက မြွေဖမ်းဖို့ ပစ္စည်းတွေက နဂါးနဲ့ပတ်သက်နေတယ်လို့ ပြောချင်တာလား"
"ဟုတ်ပါတယ်" အားချန်ကလည်း ဖုံးကွယ်ထားခြင်းမရှိဘဲ ပိုင်ရှိုးမင်က သူမထံမှ နည်းလမ်းများကို အတင်းအကြပ် မေးမြန်းပြီးနောက် တံတားကို ဖြတ်ကျော်ပြီး ဖျက်ဆီးပစ်မှာကို မစိုးရိမ်ချေ။
ပိုင်ရှိုးမင်ကလည်း ဘာမှထပ်မမေးတော့ဘဲ ဒီအတိုင်းသာ ပြောလာတော့သည်။ "မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ။ ပြောကြည့်လေ"
"ကျွန်မက လူကြီးမင်းကို ကျွန်မအမေရဲ့ လက်ဖွဲ့ပစ္စည်းတွေကို ပြန်တောင်းပေးဖို့ တောင်းဆိုချင်တာပါ"
ပိုင်ရှိုးမင်သည် အားချန်ကို အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီး သူမသည်အနည်းငယ် စိုးရိမ်မိသွားတော့၏။ ငါ့ရဲ့ဒီတောင်းဆိုမှုက အရမ်းခက်ခဲသွားလို့လား။
မဟုတ်လောက်ပါဘူး။
နောက်ဆုံးတွင် ပိုင်ရှိုးမင်ကလည်း ထုတ်ပြောလာတော့သည်။ "မင်းရဲ့ကိုယ်စား လက်ဖွဲ့ပစ္စည်းကို သွားတောင်းမယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ ဆိုတာသိရဲ့လား"
အားချန်သည် သေချာပေါက် သိပေသည်။ သူမသည် လူသားမဟုတ်သည့် တိုင်အောင် ဤကိစ္စပြီးသွားသည့် နောက်တွင် တခြားသူများက သူမနှင့် ပိုင်ရှိုးမင်တို့၏ ဆက်ဆံရေးကို မည်သို့ရှုမြင်မည်ကို ရှင်းရှင်းလင်းလင်း သိနေ၏။
လူအများ၏ စကားများက ကြောက်မက်ဖွယ် ကောင်းသော်ငြားလည်း အားချန်ကတော့ ထိုအရာများကို ဂရုမစိုက်ချေ။ "ကျွန်မ သိပါတယ်။ ဂရုမစိုက်ပါဘူး"
"ဒီအရာရှိနဲ့ ပတ်သက်မိရင် မင်းအတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး" ပိုင်ရှိုးမင်က သတိပေးလိုက်၏။
အားချန်က မျက်လုံးအဝိုင်း သားလေးဖြစ်သွားကာ "လူကြီးမင်းက ကျွန်မ နာမည်ပျက်ပြီး အိမ်ထောင်မပြုနိုင်မှာကို စိုးရိမ်နေတာလား"
"မင်း စဉ်းစားတာ အဝေးကြီး ရောက်သွားပြီ" ပိုင်ရှိုးမင်းက ဟက်ခနဲ ရေမောလိုက်၏။ သူသည် ထိုသို့သော အဓိပ္ပါယ်မျိုးကို ဆိုလိုခြင်း မဟုတ်ချေ။
"ဒီအရာရှိမှာ ရန်သူတွေက နေရာတိုင်း ရှိနေတယ်။ မင်း ကိုင်တွယ်နိုင်မှာ သေချာလို့လား"
သူသည် အပြင်ဘက်က ကောလဟာလများကို ဂရုမစိုက်သော်ငြားလည်း ထိုအရာများက သူ့အပေါ်တွင် နည်းနည်းလေးမှ အန္တရာယ်မရှိနိုင်ပေ။ သို့သော်ငြား ကျိချန်က တစ်ကြိမ်ပါဝင် ပတ်သက်မိသွားသည်နှင့် သူ၏ရန်သူများကတော့ ကောလဟာလသည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။
...