ကျင့်ယန်မြို့စား၏ အိမ်တွင်းပညာရေးသည် မကောင်းလှ…
Vol. 3 Ch. 26
အားချန်သည် သူက နားလည်မှုလွဲမှားသွားသည်ကို သိရှိသော်လည်း ရှက်ရွံ့ခြင်းမရှိခဲ့ပေ။
“ဒီကိစ္စကို ကျွန်မဘက်က စပြီး တောင်းဆိုခဲ့တာဆိုတော့ ရလဒ်ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကိုယ်တိုင်ပဲ တာဝန်ယူမှာပါ” သူမသည် စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။ “လူကြီးမင်း ဒီအဆိုကို သဘောတူပါသလား”
လူမျိုးနွယ်၌ စကားပုံတစ်ခုရှိသည်မှာ ကံဆိုးခြင်းသည် ကံကောင်းခြင်း၏ မှီခိုရာဖြစ်ပြီး။ ကံကောင်းခြင်းသည် ကံဆိုးခြင်း၏ ပုန်းအောင်းရာဖြစ်သည် ဟူ၍ပင်။ သူမသည် ပိုင်ရှိုးမင်၏ အခွင့်အရေးကို ရယူလိုသည့်အတွက် ထပ်တူကျတဲ့တန်ကြေးကို ပေးဆပ်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်လေသည်။
လူကိုတောင် သွားဆွခဲ့ပြီးပြီ။ အခွင့်အရေးရောက်လာမှတော့ ဘယ်လိုလုပ် လွယ်လွယ်ကူကူ လက်လွှတ်နိုင်မှာလဲ။ ကြောက်ရွံ့တွန့်ဆုတ်နေတဲ့သူက ဘာမှဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူး။
“ဒီအရာရှိ သဘောတူတယ်”
အားချန်သည် ချက်ချင်းပင် မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်လေသည်။ သူမသည် ရှေ့မှ အရပ်မြင့်မြင့် အမျိုးသားကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်၏။
အဆက်အသွယ် မရှိတာက အရေးမကြီးပါဘူးလေ။ ကိုယ်တိုင် ဖန်တီးယူလို့ ရတာပဲ။ အရင်က ပိုင်ရှိုးမင်က ငါ့ရဲ့ လိမ်ညာမှုထဲမှာ ရှင်သန်နေခဲ့ရတာ။ အခုတော့ အမှန်တကယ် ဖြစ်လာပြီပဲ။
ဤမျှနှင့် ကျေနပ်၍ မဖြစ်သေးချေ။
“လူကြီးမင်း”
ဤ လူကြီးမင်း ဟူသော အခေါ်အဝေါ်သည် အထူးပင် ချိုမြိန်နေလေသည်။
ပိုင်ရှိုးမင်သည် မျက်လွှာချကာ သူမ စကားဆက်ပြောမည်ကို စောင့်နေလိုက်၏။
အားချန်သည် ရှက်သွေးဖြာသော မျက်နှာဖြင့် ပါးပြင်များ နီမြန်းကာ ဆိုလိုက်သည်။
“လူကြီးမင်းက ကတိတည်မှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့… အခကြေးငွေကို အရင်ပေးလို့ မရဘူးလား”
“တရားလွန်မလာနဲ့”
အားချန်သည် သူ၏ အေးစက်သော သဘောထားကို လုံးဝ ဂရုမစိုက်ဘဲ လက်တစ်စုံကို ဖြန့်ကာ သူ၏ မျက်စိရှေ့သို့ ထိုးပေးလိုက်လေသည်။
“လူကြီးမင်း ကျွန်မလက်ပေါ်က ဒဏ်ရာတွေကို ကြည့်ပါဦး။ ဒါတွေအားလုံးက ဒီအတောအတွင်းမှာ ရခဲ့တာတွေချည်းပဲ။ အရင်ကဆို ကျွန်မ မီးဖိုချောင်ဆိုတာ ဘယ်လိုပုံစံလဲတောင် မသိခဲ့ဘူး။ အခုတော့ ပိုက်ဆံတစ်ပြားကို နှစ်ပြားခွဲပြီး သုံးနေရတယ်။ တကယ်လို့သာ ဘဝက အရမ်းခက်ခဲမနေဘူးဆိုရင် ကျွန်မ လူကြီးမင်းဆီမှာ ဒီလို တောင်းရဲမှာ မဟုတ်ပါဘူး”
အားချန်သည် စိတ်ရင်းအမှန်ဖြင့် ပြောဆိုနေပြီး သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့သီနေလေသည်။
သူမ၏ လက်ပေါ်မှ ဒဏ်ရာများသည် အမှန်တကယ်ပင် ဖြစ်၏။ သို့သော် တချို့မှာ ယခင်က ယင်စွမ်းအင်မိုးမခပင်ကို ထွင်းထုရာမှ ရရှိခဲ့သော သွေးခြည်ဥများဖြစ်ပြီး အပြည့်အဝ မပျောက်ကင်းသေးခြင်း ဖြစ်သည်။ ကျန်ရှိသော ဒဏ်ရာအသစ်ကတော့ လွန်ခဲ့သော နှစ်ရက်ခန့်က ကြက်သားလှီးစဉ် မတော်တဆ ရှမိခဲ့ခြင်း ဖြစ်၏။ အားလုံးက စားဝတ်နေရေးအတွက်ပင် ဖြစ်ရာ လိမ်ညာသည်ဟု မဆိုသာချေ။
ငါ့လက်ပေါ်က ဒဏ်ရာတွေက အလွယ်တကူ မပျောက်နိုင်ဘူး။ ကြည့်ရတာ ကြောက်စရာကောင်းပေမဲ့ တကယ်တော့ သိပ်မပြင်းထန်ပါဘူး။ ဒါပေမဲ့ သနားအောင် လုပ်ရမှာဆိုတော့ ဘယ်လို သနားစရာကောင်းအောင် ပြောရမလဲဆိုတာတော့ သိတာပေါ့။
ပိုင်ရှိုးမင်သည် သူမ၏ ကြက်သွန်မြိတ်ကဲ့သို့ ဖြူဖွေးသော လက်ချောင်းများကို ကြည့်ရင်း ထိုညက သူမ၏ လက်ကို ဆုပ်ကိုင်မိစဉ် နူးညံ့ချောမွေ့သော အထိအတွေ့ကို ရုတ်တရက် သတိရသွားလေသည်။
သူက အကြည့်လွှဲလိုက်ပြီး မေးလိုက်၏။ “မင်း ဘယ်အချိန် သွားစေချင်လဲ”
အားချန်၏ မျက်လုံးများသည် အရောင်တောက်သွားပြီး မေးလိုက်သည်။ “မနက်ဖြန် သွားလို့ရမလား”
“မင်း အရမ်း အလျင်လိုနေတာလား” ပိုင်ရှိုးမင်က မဖြစ်နိုင်ဟုတော့ မဆိုခဲ့ချေ။
“ဟုတ်ကဲ့။ အရမ်းအရေးကြီးလို့ပါ” အားချန်သည် မျှော်လင့်တကြီးဖြင့် မေးလိုက်၏။ “လူကြီးမင်း။ ရမလားဟင်”
“…ကောင်းပြီ”
“ဒါဆို လူကြီးမင်း ဘယ်အချိန် သွားမှာလဲ။ ကျွန်မလည်း အဲ့ဒီမှာ သွားပြီး ပွဲသွားကြည့်ချင်လို့” အားချန်သည် ပိုင်ရှိုးမင်၏ ရှေ့တွင် ကျင့်ယန်မြို့စားအိမ်တော် ဒုက္ခရောက်သည်ကို မြင်လိုသော သူမ၏ စိတ်ဆန္ဒကို ဖုံးကွယ်မထားခဲ့ချေ။
“မနက်ဖြန် မွန်းလွဲပိုင်း”
“ကတိတည်ပါစေ”
အားချန်၏ စိတ်သည် အလွန် ပျော်ရွှင်နေ၏။ အကျိုးအမြတ်ကို အရင်တောင်းပြီးနောက် အရေးကြီးသော ကိစ္စကိုလည်း မမေ့ချေ။
သူမသည် တည်ငြိမ်သော လေသံဖြင့် ပိုင်ရှိုးမင်ကို ဆိုလိုက်၏။ “ခဏနေရင် ကျွန်မ လူကြီးမင်းကို စာရင်းတစ်ခု ပေးမယ်။ လူကြီးမင်းက စာရင်းအတိုင်း ပစ္စည်းတွေ သွားပြင်ဆင်ပေးပါ။ လူကြီးမင်းလက်ထဲမှာ နဂါးအရိုး ရှိလောက်မယ် ထင်ပါတယ်”
“ရှိတယ်”
“ဒါဆို ကောင်းတာပေါ့။ စာရင်းထဲက ပစ္စည်းတွေအပြင် လူကြီးမင်းက နဂါးအရိုးတစ်ပိုင်းကို အမှုန့်ကြိတ်ပြီး ကျွန်မကို ပေးရင် ရပါပြီ”
ပိုင်ရှိုးမင်အတွက်မူ မည်သည့် ပြဿနာမျှ မရှိချေ။
အားချန်သည် သူမ၏ အိမ်တွင် စက္ကူနှင့် စုတ်တံမရှိသည်ကို ရုတ်တရက် သတိရသွားပြီး ဘေးချင်းကပ် စာအုပ်ဆိုင်သို့ သူဌေးရွှီထံ အမြန်ပြေးကာ ငှားရမ်းလိုက်လေသည်။ သူဌေးရွှီသည် အားချန်အတွက် စက္ကူနှင့် စုတ်တံကို အလွန် လိုလိုလားလားဖြင့် ပြင်ဆင်ပေးခဲ့၏။
စုတ်တံကို မချမီမှာပင် ပိုင်ရှိုးမင်သည်လည်း စာအုပ်ဆိုင်အတွင်းသို့ လျှောက်ဝင်လာသည်ကို မြင်လိုက်ရ၏။ သူ့အရိပ်ကို မြင်သောအခါ အားချန်၏ စုတ်တံချမည့် လှုပ်ရှားမှုသည် တစ်ချက် ရပ်တန့်သွားပြီးနောက် စက္ကူပေါ်တွင် ပစ္စည်းအမျိုးအစားတချို့နှင့် အသုံးပြုရမည့် ပမာဏကို ရေးချလိုက်လေသည်။
သူမ၏ လက်ရေးသည် အလွန် သေသပ်လှပပြီး သာမန်မိန်းကလေးများ အသုံးပြုလေ့ရှိသော ပန်းပုံစံ လက်ရေးလှမျိုး ဖြစ်၏။
ရေးပြီးနောက် သူမသည် စက္ကူကို ယူကာ အပေါ်မှ မှင်များကို ခြောက်သွားအောင် လေမှုတ်လိုက်ပြီး ပိုင်ရှိုးမင်ကို ပေးလိုက်ကာ ပြောလိုက်သည်။ “လူကြီးမင်း။ သိမ်းထားလိုက်ပါ”
ပိုင်ရှိုးမင်သည် တစ်ချက် ဝေ့ကြည့်လိုက်ပြီး စက္ကူကို ခေါက်ကာ သိမ်းဆည်းလိုက်လေသည်။
သူဌေးရွှီကို နှုတ်ဆက်ပြီးနောက် အားချန်နှင့် ပိုင်ရှိုးမင်သည် စာအုပ်ဆိုင်မှ ထွက်လာခဲ့ကြ၏။ သူ ထွက်သွားတော့မည်ဟု ထင်ရသောအခါ အားချန်က ရုတ်တရက် လှမ်းခေါ်လိုက်လေသည်။
“လူကြီးမင်း”
“ဘာကိစ္စ ရှိသေးလို့လဲ” ပိုင်ရှိုးမင်သည် လှည့်ကြည့်လိုက်သည်။
အားချန်သည် ကြည်လင်သော မျက်လုံးများဖြင့် မျက်တောင်ခတ်ပြကာ မေးလိုက်၏။ “တစ်နေ့မှာ လူကြီးမင်းရဲ့ ရန်သူတွေက ကျွန်မကို လာရှာရင် ရှင် ကျွန်မကို ကယ်မှာလား”
“ဒီအရာရှိက အသုံးမဝင်တဲ့သူကို မကယ်ဘူး”
“တကယ်ပဲ လျှော့ပေါ့ပေးလို့ မရဘူးလား”
ပိုင်ရှိုးမင်သည် ထပ်မံဖြေကြားရန် စိတ်မပါတော့ဘဲ လှည့်ထွက်သွားလေသည်။
ကျွတ်။ ကျောက်ခဲနှလုံးသားနဲ့။
အားချန်သည် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီး မနက်ဖြန်တွင် ကြည့်စရာ ပွဲကောင်းရှိသည်ကို တွေးမိသောအခါ အိမ်ပြန်လမ်းမှ ခြေလှမ်းများသည်ပင် ပေါ့ပါးသွားလေသည်။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် သူမသည် နေ့လယ်စာပင် မစားဘဲ ကျင့်ယန်မြို့စားအိမ်တော်သို့ ထွက်ခွာသွားလေသည်။
မွန်းလွဲပိုင်း မရောက်သေးခင်မှာပင် သူမသည် အနီးအနားတွင် အကောင်းဆုံး ရှုခင်းကြည့်နေရာကို ရှာဖွေထားပြီး ဖြစ်၏။ လမ်းမဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ တတိယထပ်သည် ကျင့်ယန်မြို့စားအိမ်တော်၏ တံခါးမကြီးကို ကောင်းစွာ မြင်နိုင်သော နေရာဖြစ်လေသည်။
အားချန်သည် နေရာကို ရွေးချယ်ပြီး လက်ဖက်ရည်တစ်အိုးနှင့် မုန့်သုံးမျိုးကို မှာကြားလိုက်ကာ စားပွဲထိုးလေးသည် သူမကို တတိယထပ် ပြတင်းပေါက်နားသို့ လိုလိုလားလားပင် ပို့ဆောင်ပေးခဲ့၏။
ထိုအချိန်တွင် တတိယထပ်၌ လူသိပ်မများဘဲ ဧည့်သည်အများစုမှာ စာတတ်ပေတတ် ပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် သုံးလေးယောက်တစ်စု စုဝေးနေကြပြီး အားချန်ကလည်း သူတို့ ကဗျာရွတ်ဆို ပန်းချီဆွဲနေသည်ကို နားထောင်ရင်း ထူးခြားသော ပျော်ရွှင်မှုကို လိုက်ခံစားလိုက်သည်။
အားချန်သည် သူမက အခြားသူများကို ရှုစားနေစဉ် အခြားသူများ၏ မျက်လုံးထဲတွင် သူမသည်လည်း လှပသော ရှုခင်းတစ်ခု ဖြစ်နေသည်ကို မသိခဲ့ချေ။
အားချန်နှင့် မလှမ်းမကမ်းရှိ ကန့်လန့်ကာဖြင့် ကာထားသော သီးသန့်အခန်းတစ်ခုတွင် လူငယ်သခင်လေးတချို့သည် ကန့်လန့်ကာ၏ အကြားမှ သူမ ရှိရာသို့ ကြည့်နေကြလေသည်။
ဤလူငယ်များမှာ အရာရှိကြီးများ၏သားများ ဖြစ်ကြသည်။ ဤလက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်ဖျော်သူ အမျိုးသမီးလေးသည် လက်ဖက်ရည်ဖျော်ရာတွင် အလွန်ကျွမ်းကျင်သည်ဟု ကြားသိရသောကြောင့် လာရောက် ပျော်ပါးကြခြင်း ဖြစ်သည်။
တချို့က အားချန်ကို ခေါင်းအစ ခြေအဆုံး ဝေဖန်သုံးသပ်ပြီးနောက် အကြည့်များ လွဲသွားကြသည်။ သူတို့၏ အဆင့်အတန်းဖြင့် မည်သို့သော မိန်းကလေးမျိုးကို မမြင်ဖူးဘဲ ရှိမည်နည်း။ တစ်ယောက်တည်းကို စိုက်ကြည့်နေရန် မလိုအပ်ချေ။
တစ်ဦးတည်းသာ ခေါင်းကို လှည့်ပြီး ဆက်လက် ကြည့်ရှုနေလေသည်။
“မုလင်း။ သူ့ရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်စမ်း။ သာမန်မိသားစုက မိန်းကလေးတစ်ယောက်ပဲ။ မင်း တကယ်ပဲ သဘောကျနေတယ်ဆိုရင် သွားပြီး မိတ်ဆက်လိုက်လေ။ ဒီညပဲ သတို့သား ဖြစ်သွားနိုင်တယ် ဟားဟား”
စကားပြောသူ၏ အမည်မှာ ယန်ချန်ဖြစ်ပြီး ရာဇဝတ်မှုဌာနမှ လက်ဝဲလက်ထောက်အမတ်၏ သားဖြစ်သည်။ သူ၏ စကားထဲမှ မုလင်းကတော့ ယဥ်ကျေးမှုဝန်ကြီးဌာန၏ ဒုတိယသား ဖြစ်သည်။ ရာထူးအဆင့်အတန်းအရဆိုလျှင် မုလင်းသည် ပိုပြီး မြင့်မားသင့်သော်လည်း ယန်ချန်တွင် မြောက်ပိုင်းကို ကာကွယ်သော မြို့စားဘိုးအေ ရှိပြီး စစ်မှုထမ်းကောင်းပြီး အလွန်အမင်း အကာအကွယ်ပေးတတ်သူ ဖြစ်သောကြောင့် မုလင်းသည် ယန်ချန်၏ သဘောထားကို မကျေနပ်သော်လည်း သည်းခံနေလိုက်ရ၏။
စားပွဲတစ်ခုတည်းတွင် ထိုင်နေသော တာ့လီစုံစမ်းရေးဌာနမှုး၏ သားက ပြုံးကာ ပြောလိုက်၏။ “မုလင်းက သဘောကျနေရင်တော့ အဲ့ဒီမိန်းကလေးနဲ့ သွားပြီး မိတ်ဆက်လိုက်ပါလား။ နောင်တရမနေရအောင်ပေါ့”
မုလင်းသည် သူ၏ စကားကြောင့် စိတ်လှုပ်ရှားသွားပြီး ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ထရပ်ကာ အားချန်ရှိရာသို့ လျှောက်သွားလေသည်။
နောက်မှ လူတစ်စုသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြည့်နေကြပြီး ယန်ချန်တစ်ဦးတည်းသာ မဲ့ပြုံးပြုံးကာ နှာခေါင်းရှုံ့လိုက်လေသည်။
မုလင်း လျှောက်လာသည့်အခါ အားချန်က ပါးကျန်းကိတ်မုန့်တစ်တုံးကို ကိုင်ကာ တစ်ကိုက်ချင်း စားနေလေသည်။ ဤလက်ဖက်ရည်ဆိုင်၏ ပါးကျန်းကိတ်မုန့်သည် အလွန်မွှေးကြိုင်ချိုမြိန်လှရာ ခဏနေ ပြန်သည့်အခါ အနည်းငယ် ဝယ်သွားရန် စိတ်ထဲမှ တွေးနေမိသည်။
“မိန်းကလေး။ မင်္ဂလာပါ”
အသံကို ကြားလိုက်သဖြင့် အားချန်သည် ခေါင်းလှည့်ကြည့်လိုက်သည်တွင် စားပွဲဘေးတွင် လူတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုသူမှာ လူငယ်သခင်လေးတစ်ဦးဖြစ်ပြီး အသက်အရွယ်မှာ ကြီးပုံမရဘဲ မျက်နှာတွင် လူငယ်တို့၏ နုနယ်မှုများ ရှိနေသေးသော်လည်း မျက်လုံးများသည် ကြည်လင်နေသဖြင့် အကျင့်ပျက်သော သူဌေးသားတစ်ဦးနှင့် မတူချေ။
“သခင်လေး။ ဘာကိစ္စများ ရှိလို့ပါလဲ” အားချန်သည် လက်ထဲမှ မုန့်ကို ချကာ စူးစမ်းစွာ မေးလိုက်သည်။
မုလင်း၏ ပါးပြင်သည် အနည်းငယ် ပူနွေးသွားပြီး ဒီမိန်းကလေးရဲ့ အသံက တကယ်ကို နားထောင်လို့ကောင်းတာပဲဟု စိတ်ထဲမှ တွေးလိုက်၏။
သူသည် အားချန်ကို အရိုအသေပြုလိုက်ပြီး ဆိုလာသည်။ “ကျွန်တော့်နာမည်က မုလင်းပါ။ ယဥ်ကျေးမှုဝန်ကြီးအိမ်ကပါ။ ဒီမှာ ထိုင်လို့ ရမလားခင်ဗျာ”
အားချန်သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရာ နေရာလွတ်မရှိသည်တော့ မဟုတ်ချေ။
သူမ၏ ရှေ့ကသခင်လေးမှာ စကားပြောပြီးနောက် မျက်နှာတစ်ခုလုံး နီရဲသွားသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိသွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။ “သခင်လေး။ ထိုင်ပါ”
မုလင်းသည် စိတ်ထဲတွင် ဝမ်းသာသွားပြီး ထိုင်ချလိုက်ကာ ဘာပြောရမည်ကို စဉ်းစားနေစဉ်မှာပင် အားချန်က ခေါင်းလှည့်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်ကို တွေ့လိုက်ရ၏။
သူသည်လည်း လိုက်ကြည့်လိုက်သည်တွင် မင်ကျင့်စီး အစောင့်တစ်ဖွဲ့သည် နဂါးသွေးမြင်းများကို စီးကာ ကျင့်ယန်မြို့စားအိမ်တော် အပြင်ဘက်တွင် ရပ်တန့်နေသည်ကို တွေ့လိုက်ရ၏။
အားချန်သည် တပ်ဖွဲ့၏ ရှေ့ဆုံးမှ အကြီးဆုံး နဂါးသွေးမြင်းပေါ်တွင် စီးနင်းလာသည့် ပိုင်ရှိုးမင်ကို မြင်တွေ့လိုက်ရလေသည်။
ယနေ့ သူသည် အနီရောင်တောက်တောက် တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေသရဖူဖြင့် ဆံပင်ကို စည်းနှောင်ကာ ခါးတွင် ဓားရှည်ကို ချိတ်ဆွဲထားရာ သူ့ကို ပိုပြီး လျင်မြန်ဖျတ်လတ်ပြီး ကြည့်ကောင်းစေလေသည်။
ပိုင်ရှိုးမင်သည် မြင်းပေါ်တွင် ထိုင်နေပြီး သူ၏နောက်မှ လိုက်ပါလာသော လက်အောက်ငယ်သားတစ်ဦးသည် ရှေ့သို့တက်ကာ တံခါးကို ခေါက်လိုက်လေသည်။
တံခါးစောင့်သည် ဤလူစုမှာ မြို့စားကြီးကို လာရှာခြင်းဖြစ်ကြောင်း ကြားသိသောအခါ မနှောင့်နှေးရဲဘဲ အိမ်တော်အတွင်းသို့ အမြန်ပြေးဝင်သွားလေသည်။
ထိုအချိန်တွင် ကျင့်ယန်မြို့စားသည် စာကြည့်ခန်းထဲတွင် သား ရွှဲကျောင်း၏ အိမ်စာကို စစ်ဆေးနေ၏။ အိမ်တော်ထိန်းက မင်ကျင့်စီးမှ ကျန့်ရှီဖူသည် လူများကို ခေါ်ဆောင်လာကြောင်း ပြောပြသောအခါ စိတ်ထဲမှ လေးလံသွားပြီး လက်ထဲမှ စာကို ချကာ အလျင်အမြန် ထွက်လာခဲ့လေသည်။
ရွှဲကျောင်းသည်လည်း နောက်မှ လိုက်ပါလာခဲ့၏။
မကြာခင်မှာပင် သာမန်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ယန်မြို့စားနှင့် သူ၏ အမည်ခံ မွေးစားသားတို့ အတူတကွ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
သူတို့နှစ်ဦးသည် ရုပ်ရည်သာမက လမ်းလျှောက်ပုံပင် အလွန်တူညီနေသဖြင့် သားအဖအရင်း မဟုတ်ဟု ဆိုလျှင်ပင် မည်သူမျှ ယုံမည် မဟုတ်ပေ။
ရွှဲကျောင်းသည် ငယ်ရွယ်သေးသဖြင့် ဤသို့သော အခြေအနေမျိုးကို မကြုံဖူးဘဲ မျက်နှာသည် တင်းမာနေ၏။ ကျင့်ယန်မြို့စားကတော့ ပိုပြီး တည်ငြိမ်နေလေသည်။
သူ ထွက်လာပြီးနောက် ပိုင်ရှိုးမင်သည် နဂါးသွေးမြင်းပေါ်တွင် တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်သည်ကို မြင်သောအခါ ကျင့်ယန်မြို့စား၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသော်လည်း ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့၏။ “ပိုင်လူကြီးမင်း ဒီနေ့ တံခါးဝသို့ ရောက်လာတာ ဘာကိစ္စများ ရှိလို့ပါလဲ”
“ဒီအရာရှိက လူတစ်ယောက်ရဲ့ တောင်းဆိုချက်အရ မြို့စားကြီးဆီက ပစ္စည်းတစ်ခု လာတောင်းတာပါ”
“အိုး။ ဘာပစ္စည်းများလဲ မသိဘူး”
“မြို့စားကြီးရဲ့ ပထမဇနီးလင်းရှီရဲ့ လက်ဖွဲ့ပစ္စည်းတွေပါ”
ကျင့်ယန်မြို့စား၏ မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး ပိုင်ရှိုးမင်ကို ကြည့်သော အကြည့်သည် အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။
“ပိုင်လူကြီးမင်းကများ ဒီမြို့စားနဲ့ နောက်နေတာလား။ ခင်ဗျားက ဘယ်လို အဆင့်အတန်းနဲ့ ဒီမြို့စားရဲ့ ကွယ်လွန်သွားတဲ့ ဇနီးရဲ့ လက်ဖွဲ့ပစ္စည်းတွေကို လာတောင်းရတာလဲ”
“ဒီအရာရှိက ကျိချန် ကိုယ်စား သူ့ရဲ့ ကွယ်လွန်သွားတဲ့ မိခင်ရဲ့ လက်ဖွဲ့ပစ္စည်းတွေကို လာတောင်းတာ။ သိပ်ပြီး လွန်လွန်ကျူးကျူးတော့ မဖြစ်လောက်ဘူးမလား”
ကျင့်ယန်မြို့စားသည် မျက်မှောင်ကြုတ်လိုက်ပြီး အိမ်မှ နှင်ထုတ်ခံလိုက်ရသော သမီးဖြစ်သူတွင် ဤမျှလောက် စွမ်းရည်ရှိပြီး ပိုင်ရှိုးမင်ကိုပင် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပုံရ၏။
ကျင့်ယန်မြို့စားသည် စကားမဆိုဘဲ နေစဉ် ရွှဲကျောင်းကတော့ စိတ်မထိန်းနိုင်တော့ဘဲ ရှေ့သို့ တစ်လှမ်းတက်ကာ အော်ပြောလိုက်လေသည်။ “ပိုင်လူကြီးမင်းက တော်တော် အကျိုးအကြောင်း မသိတတ်တာပဲ။ အဲ့ဒီ ကျိချန်ဆိုတာ လင်းရှီက တခြားသူနဲ့ ဖောက်ပြန်ပြီး မွေးထားတာ။ သူ့မှာ ဘာအရည်အချင်း ရှိလို့လဲ…”
စကားမဆုံးမီမှာပင် ရွှဲကျောင်းသည် နောက်သို့ လွင့်ထွက်သွားလေ၏။ ကျင့်ယန်မြို့စား၏ မျက်နှာသည် ပြောင်းလဲသွားပြီး လေထဲမှ ပိုင်ရှိုးမင်နှင့် တစ်ချက် ယှဉ်ပြိုင်တိုက်ခိုက်လိုက်ကာ သားဖြစ်သူကို လှမ်းဖမ်းထားနိုင်လိုက်သည်။
သို့သော် ရွှဲကျောင်းကို မြေပေါ်သို့ ချလိုက်သည်နှင့် သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး မြေပေါ်သို့ ပျော့ခွေကျသွားလေသည်။
ပိုင်ရှိုးမင်သည် မြင်းပေါ်က ဆင်းလိုက်ပြီး လက်အင်္ကျီပေါ်မှ ဖုန်များကို ခါထုတ်လိုက်ကာ ပြောလာခဲ့၏။ “ကျင့်ယန်မြို့စားရဲ့ အိမ်တော်က ဆုံးမပဲ့ပြင်မှုက သိပ်မကောင်းလှဘူးပဲ”
ကျင့်ယန်မြို့စား၏ မျက်နှာသည် သံမဏိကဲ့သို့ စိမ်းပြာနေ၏။ သားဖြစ်သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း တစ်ဖက်လူကတော့ လှောင်ပြောင်နေလေသည်။
သူသည် အကြိမ်ကြိမ် သည်းခံပြီးနောက် “ပိုင်လူကြီးမင်းက ဘာလို့ ကလေးတစ်ယောက်နဲ့ အပြိုင်ဖြစ်နေရတာလဲ” ဟု သွားကြိတ်ကာ ပြောလိုက်၏။
ပိုင်ရှိုးမင်သည် ခပ်ဖွဖွရယ်မောလိုက်ပြီး “ကျင့်ယန်မြို့စား၊ ခင်ဗျားရဲ့ သားကို ဘေးဒုက္ခဟာ ပါးစပ်ကနေ လာတတ်တယ် ဆိုတဲ့ အကြောင်းတရားကို နားလည်အောင် သင်ပေးရမှာပေါ့။ ဟုတ်တယ် မဟုတ်လား”
ကျင့်ယန်မြို့စားက မဖြေသည်ကို မြင်သောအခါ ပိုင်ရှိုးမင်၏ မျက်လုံးထဲက အပြုံးသည် အေးစက်သွားပြီး “ကြည့်ရတာ ကျင့်ယန်မြို့စားက ဒီအရာရှိနဲ့ လက်ရည်စမ်းချင်နေပုံပဲ”
“ပိုင်လူကြီးမင်းက နောက်တာပဲ” ကျင့်ယန်မြို့စားသည် ရွှဲကျောင်းကို ပွေ့ချီလိုက်ပြီး ခဏရပ်တန့်ကာ နောက်ဆုံးတွင် ပြောလာလေသည်။ “ပိုင်လူကြီးမင်းက ကွယ်လွန်သူဇနီးရဲ့ လက်ဖွဲ့ပစ္စည်းတွေကို လာယူတာဆိုတော့ အိမ်တော်ထဲကို ကြွပါ”
ပိုင်ရှိုးမင်သည် လူများကို ခေါ်ဆောင်ကာ ကျင့်ယန်မြို့စားအိမ်တော်သို့ ဝင်ရောက်သွား၏။ မြို့စားကတော် ရွှဲရှီသည် သတင်းရလျှင်ရချင်း အပြေးအလွှား ရောက်လာပြီး သတိလစ်နေသော သားဖြစ်သူကို မြင်သောအခါ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
“မြို့စားကြီး။ ဒါ ဘယ်လိုဖြစ်တာလဲ”
“အတွင်းဒဏ်ရာရသွားတာ။ အိမ်တော်ထိန်းကို သမားတော် ပင့်ခိုင်းလိုက်”
ရွှဲရှီသည် အိမ်တော်ထိန်းကို အမြန်ခေါ်လိုက်ပြီး အရာအားလုံးကို မှာကြားပြီးနောက် မလှမ်းမကမ်းရှိ ကြောက်မက်ဖွယ်ကောင်းသော မင်ကျင့်စီးအစောင့်များကို ကြည့်ကာ “မြို့စားကြီး။ ဒီလူတွေက…” ဟု ကျင့်ယန်မြို့စားကို တိုးတိုးလေး မေးလိုက်၏။
ကျင့်ယန်မြို့စားသည် အချိန်အတော်ကြာ နှုတ်ဆိတ်နေလိုက်ပြီးမှ ဖြေကြားလိုက်၏။ “သူတို့က လင်းရှီရဲ့ လက်ဖွဲ့ပစ္စည်းတွေကို လာယူတာ။ မင်း သူ့ရဲ့ လက်ဖွဲ့ပစ္စည်းစာရင်းကို ယူပြီး ပစ္စည်းအားလုံးကို စစ်ဆေးထုတ်ပေးလိုက်။ တစ်ခုမှ မလျော့စေနဲ့”
ရွှဲရှီသည် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ “ဘာလို့လဲ။ သူတို့က ဘာလို့ လင်းရှီရဲ့ လက်ဖွဲ့ပစ္စည်းတွေကို လာတောင်းရတာလဲ”
လင်းရှီ လက်ထပ်သည့်အချိန်က လင်းအိမ်တော်သည် အထွတ်အထိပ်သို့ ရောက်ရှိနေချိန်ဖြစ်ရာ သူမ၏ လက်ဖွဲ့ပစ္စည်းများသည်လည်း မနည်းမနောပင်။ ကျိချန်သည် မြို့စားအိမ်တော်မှ နှင်ထုတ်ခံရပြီးနောက် ထိုပစ္စည်းများအားလုံးသည် ရွှဲရှီ၏ လက်ထဲသို့ ရောက်ရှိသွားလေသည်။
ရွှဲအိမ်တော်သည် ယခုနှစ်များတွင် တဖြည်းဖြည်း တိုးတက်လာသော်လည်း ရွှဲရှီ၏ လက်ဖွဲ့ပစ္စည်းများသည် လင်းရှီ၏ ဆယ်ပုံတစ်ပုံ၊ နှစ်ပုံပင် မမီချေ။ ဤမျှ များပြားသော ငွေကြေးကို သူမသည် မည်သို့ စွန့်လွှတ်နိုင်မည်နည်း။
“အဲ့ဒီ အမိုက်မ ကျိချန်ကြောင့်ပေါ့…” ကျင့်ယန်မြို့စားသည် ပိုင်ရှိုးမင်က လှမ်းကြည့်လာသည်ကို မြင်သောအခါ စကားဆက်မပြောတော့သော်လည်း ရွှဲရှီ၏ မျက်နှာကတော့ ပျက်ယွင်းသွားလေသည်။
ပန်းပွဲတော်နေ့က ကျိချန်က ငါ့ကို ပြောခဲ့တဲ့ စကားတွေကို ငါ မှတ်မိသေးတယ်။ ရွှဲရှီသည် ထိုစဉ်က ထိုစကားများကို ကြားပြီး အမှန်ပင် ယုံကြည်သွားခဲ့သော်လည်း နောက်ပိုင်းတွင် ကျိချန်ထံမှ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့သောအခါ ကလေးမတစ်ယောက်၏ လိမ်ညာခြင်းကို ခံလိုက်ရသည်ဟု သူမ ထင်မှတ်ခဲ့၏။
သို့သော် တစ်လပင် မပြည့်မီမှာပင် ကျိချန်သည် ပိုင်ရှိုးမင်ကို တံခါးဝသို့ အမှန်တကယ် ဖိတ်ခေါ်နိုင်ခဲ့လေသည်။
တကယ်ကို အရှက်မရှိတဲ့ ကောင်မပဲ။ ရွှဲရှီသည် လက်ဖဝါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဒေါသဖြင့် သွားကြိတ်နေမိသည်။
ရွှဲရှီသည် မျှော်လင့်ချက်မကုန်သေးဘဲ တိုက်တွန်းပြောဆိုလိုက်၏။ “မြို့စားကြီး။ ဒါက ငွေအများကြီးနော်။ မကြာသေးခင်က မြို့စားကြီး ကျင့်ကြံဖို့ ငွေအများကြီး လိုအပ်နေတာ။ အကယ်၍ ပေးလိုက်ရင်… အပြင်လူတွေ သိသွားရင် မြို့စားကြီးက အဲ့ဒီ ပိုင်လူကြီးမင်းကို ကြောက်တယ်လို့ ထင်သွားနိုင်တယ်”
ကျင့်ယန်မြို့စားသည် အဆင့်လေး ကျင့်ကြံသူဖြစ်သော်လည်း အစောပိုင်းနှစ်များက ဒဏ်ရာရခဲ့သောကြောင့် ယခုအခါ အဆင့်သုံးသာ ရှိတော့သော်လည်း တိုက်ခိုက်ရေးအတွေ့အကြုံ ကြွယ်ဝသဖြင့် ပိုင်ရှိုးမင်ကို မရှုံးနိုင်ဟု ရွှဲရှီက ယူဆထား၏။ ယနေ့ စကားတစ်ခွန်းမဆိုဘဲ အလျှော့ပေးလိုက်လျှင် နောင်တစ်ချိန်တွင် လူများ၏ လှောင်ပြောင်ခြင်းကို ခံရမည်ဖြစ်ပြီး ထိုအခါ ကျင့်ယန်မြို့စားအိမ်တော်သည် ရှန့်ကျင်းတွင် မည်သို့ ခြေကုပ်ယူနိုင်မည်နည်း။
ရွှဲရှီသည် ကောင်းကောင်း စဉ်းစားနေသော်လည်း ကျင့်ယန်မြို့စားကတော့ သူမကို စူးစူးရဲရဲ စိုက်ကြည့်ကာ အသံနက်ဖြင့် အော်ငေါက်လိုက်လေသည်။ “အသုံးမကျတာတွေ မပြောနဲ့တော့။ အစေခံတွေကို လင်းရှီရဲ့ လက်ဖွဲ့ပစ္စည်းတွေ သွားစစ်ဆေးခိုင်းလိုက်တော့”
“ဒါပေမဲ့…” ရွှဲရှီသည် ထပ်မံပြောလိုသေးသော်လည်း ကျင့်ယန်မြို့စား၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ ဆက်မပြောဝံ့တော့ဘဲ သဘောတူလိုက်ရလေသည်။
ရွှဲရှီသည် အစေခံများကို ခေါ်ဆောင်ကာ လင်းရှီ၏ လက်ဖွဲ့ပစ္စည်းများကို သော့ခတ်ထားသော ခြံဝင်းသို့ သွားလေ၏။ ကျင့်ယန်မြို့စားကတော့ မူလနေရာတွင်ပင် ရပ်နေ၏။ အကယ်၍ ဖြစ်နိုင်လျှင် သူသည် ငွေအမြောက်အမြားကို သူတစ်ပါးလက်သို့ အလွယ်တကူ ထိုးအပ်လိုပါမည်တဲ့လား။
အပြင်လောကမှာ ပိုင်ရှိုးမင်က အဆင့်သုံးပဲ ရှိပေမဲ့ အဆင့်လေးကို ကျော်ပြီး သတ်နိုင်တယ်။ ပါရမီရှင်တစ်ယောက်လို့ ပြောကြတယ်။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ငါကိုယ်တိုင်ပဲ သိတယ်။ ဘယ်လိုလုပ် ပိုင်ရှိုးမင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ။
ကျိချန်…
ကျင့်ယန်မြို့စားသည် စိတ်ထဲမှ ဤအမည်ကို အကြိမ်ကြိမ် ရေရွတ်နေပြီးနောက် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ရွှဲရှီသည် မင်ကျင့်စီးအစောင့်များကို ခေါ်ဆောင်ကာ လက်ဖွဲ့ပစ္စည်းများကို စစ်ဆေးရန် သွားလေတော့သည်။ ပိုင်ရှိုးမင်ကတော့ လိုက်မသွားဘဲ အိမ်တော်ထိန်းကို ခေါ်လိုက်ပြီး သူ့ကို ကျိချန် ယခင်က နေထိုင်ခဲ့သော ခြံဝင်းသို့ ပို့ဆောင်ခိုင်းလေသည်။
ကျိချန်သည် နှင်ထုတ်ခံလိုက်ရသော်လည်း သူမ၏ ယခင် ခြံဝင်းမှာ ရှိနေသေး၏။ သူမအတွက် ချန်ထားခြင်းမဟုတ်ဘဲ မြို့စားအိမ်တော်မှ သခင်လေးနှင့် သခင်မလေးနှစ်ဦးလုံးက ဤနေရာကို မကောင်းဆိုးဝါးနေရာဟု ယူဆသောကြောင့်ပင်။
ခြံဝင်းထဲတွင် တံမြက်လှည်းသော အစေခံမလေးတစ်ဦး ရှိနေသေးပြီး အိမ်တော်ထိန်း၏ ပြောစကားအရ သူမသည် ယခင်က ကျိချန်ကို အနီးကပ်ပြုစုခဲ့သော အစေခံမလေး ဖြစ်သည်ဟု ဆို၏။
ထိုအစေခံမလေးသည် ညှဉ်းပန်းနှိပ်စက်မှုများစွာ ခံခဲ့ရပုံပေါ်ပြီး မျက်နှာသည် ထုံထိုင်းနေ၏။ အိမ်တော်ထိန်းက လာသူမှာ လူကြီးမင်းတစ်ဦးဖြစ်ကြောင်း ပြောသောအခါ ဒူးထောက်ကာ ဦးချကန်တော့လေသည်။
“ထပါ” ပိုင်ရှိုးမင်သည် သူမကို ထခိုင်းလိုက်ပြီးမှ မေးလိုက်သည်။ “ဒီအရာရှိက မင်းကို စကားတချို့ မေးချင်တယ်။ မင်းက အမှန်အတိုင်း ဖြေရုံပဲ”
“ဟုတ်ကဲ့” အစေခံမလေးသည် တိုးညှင်းစွာ ပြန်ဖြေ၏။
“ကျိချန်က ဘယ်လိုလူမျိုးလဲ”
ထိုအစေခံမလေးသည် ကြောင်သွားပြီး ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလာခဲ့သည်။ “မိန်းကလေးက သဘောကောင်းတဲ့သူပါ။ ပုံမှန်ဆို ကျွန်မတို့ကို ကောင်းကောင်း ဆက်ဆံပါတယ်”
ဤသို့သော အဖြေသည် ပိုင်ရှိုးမင်ကို ကျေနပ်မှု မပေးနိုင်သည်မှာ ထင်ရှားသဖြင့် သူသည် မေးခွန်းကို ပြောင်းလိုက်၏။ “မင်းတို့ မိန်းကလေးက အရမ်းငိုတတ်လား”
အစေခံမလေးသည် ခေါင်းခါလိုက်ပြီး “မိန်းကလေးက ပုံမှန်ဆို သိပ်မငိုတတ်ပါဘူး။ ဒါပေမဲ့… နေမကောင်းတဲ့ အခါတိုင်းမှာတော့ အဖေနဲ့အမေကို တိတ်တိတ်လေး ငိုပြီး ရှာတတ်ပါတယ်”
ဤနေရာသို့ ရောက်သောအခါ ထိုအစေခံမလေး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ယခင်က အဖြစ်အပျက်များကို သတိရသွားပုံရ၏။
ထို့နောက် သူမက ထပ်ဖြည့်ပြောလိုက်၏။ “ဒါပေမဲ့ နေမကောင်းရင်တောင် မြို့စားကြီးက မိန်းကလေးကို လာကြည့်တာ ရှားပါတယ်”
“သူ စာတတ်လား”
“စာတတ်တာပေါ့”
ပိုင်ရှိုးမင်သည် လက်အင်္ကျီအိတ်ထဲမှ စက္ကူတစ်ရွက်ကို ထုတ်ပြီး ဖြန့်ပြလိုက်ကာ မေးလိုက်၏။ “ကြည့်စမ်း။ ဒါ သူ့လက်ရေးလား”
ထိုအစေခံမလေးသည် အပေါ်မှ စာလုံးများကို ရှင်းလင်းစွာ မြင်သောအခါ ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ပြီး “ဒါ မိန်းကလေးရဲ့ လက်ရေးပါပဲ။ အရင်က မိန်းကလေးက ကျွန်မကိုတောင် သင်ပေးဖူးသေးတယ်။ ဒါပေမဲ့ ကျွန်မက တုံးတော့ ကောင်းကောင်း မရေးတတ်ပါဘူး”
“ဒီမှာ သူရေးခဲ့တဲ့ စာတွေ ရှိလား” ပိုင်ရှိုးမင်က မေးလိုက်၏။
“ရှိပါတယ်” အစေခံမလေးသည် ပိုင်ရှိုးမင်က ကြည့်လိုသည်ကို မြင်သောအခါ တံခါးဖွင့်ကာ အတွင်းမှ စက္ကူတစ်ထပ်ကို ယူလာခဲ့လေသည်။ ထိုအပေါ်တွင် အကြီးအငယ်မတူသော စာလုံးများစွာ ရေးသားထားပြီး အားလပ်ချိန်များတွင် အပျင်းပြေ ရေးခြစ်ထားပုံရ၏။
ဤစက္ကူများပေါ်မှ လက်ရေးများသည် သူမ ပေးခဲ့သော စာရင်းပေါ်မှ လက်ရေးများနှင့် တစ်ပုံစံတည်း တူညီနေလေသည်။
...