← Chapters

ချွေတာလိုက်

Vol. 3 Ch. 27

ချွေတာလိုက်

Vol. 3 Ch. 27

ပိုင်ရှိုးမင်သည် စာရင်းစာရွက်ကို ခေါက်လိုက်ပြီး သူ၏ အင်္ကျီလက်ထဲက အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ကာ တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် သူ၏လက်အောက် ငယ်သားများကို ခေါ်လိုက်လေသည်။

"လူကြီးမင်း ဘာများခိုင်းစရာရှိလို့ပါလဲ"

"ဒီမှာရှိတဲ့ပစ္စည်းတွေ အားလုံးကို တစ်ခါတည်း သယ်သွားလိုက်"

လက်အောက်ငယ်သားများသည် တစ်ချက် တွေဝေသွားပြီးနောက် ချက်ချင်းဆိုသလို ခေါင်းငြိမ့်ပြ လိုက်ကာအမိန့်ကို နာခံပြီးပစ္စည်းများ သယ်ဖို့ရန် အတွက် လူများကို မြန်မြန်ဆန်ဆန် ခေါ်လိုက်တော့သည်။

အစေခံမလေးသည် မင်ကျင့်စီး အစောင့်များက ဝင်လိုက်ထွက်လိုက်ဖြင့် သူမ သခင်မလေး၏ သုံးနေကျ ပစ္စည်းများ ပရိဘောဂများကို သယ်ထုတ်နေသည်ကိုကြည့်ရင်း တားသင့်မတားသင့် ဝေခွဲမရဖြစ်နေပြီး အိမ်တော်ထိန်းကိုသာ လှမ်းကြည့်လိုက်လေသည်။

အိမ်တော်ထိန်းကတော့ ချွေးသီးချွေးပေါက်များကို သုတ်ရင်း ထိုလူသတ်နတ်ဘုရားကို ခိုးကြောင်ခိုးဝှက် အကဲခတ်ကြည့်လိုက်ပြီးနောက် သူ့ခေါင်းကို နိမ့်သည်ထက် နိမ့်အောင် ဆက်ပြီးငုံ့ထားလိုက်လေသည်။ မြို့စားကြီးကတောင် သခင်မကြီးရဲ့ လက်ဖွဲ့ပစ္စည်းတွေကို လူကြီးမင်းကို ယူသွားခွင့် ပေးလိုက်ပြီဆိုမှတော့ သခင်မလေးသုံးနေကျ ပစ္စည်းတွေအတွက် ဘာကိုနှမြောစရာရှိဦးမှာလဲ ဟု စိတ်ထဲတွင်သာ တွေးနေမိတော့သည်။

ကျင့်ယန်မြို့စားမင်းကတော့ မမြင်ရလျှင် စိတ်ထဲမရှိဟူသည့်ထုံးကို နှလုံးမူကာ ပင်မဆောင်ထဲတွင်သာ တစ်ချိန်လုံး ထိုင်နေလိုက်သည်။

ပိုင်ရှိုးမင်က ကျိချန်၏ ယခင်နေထိုင်ခဲ့သည့် ခန်းဆောင်မှ ပစ္စည်းများကိုပါ တစ်စမကျန် ထုတ်ခိုင်းသွားကြောင်း အိမ်တော်က အစေခံတဦးက လာရောက်သတင်းပို့သည့် အခါတွင်တော့ သူ့မှာအံကြိတ်ထားမိပြီး တကျိကျိ အသံများပင် ပေါ်ထွက်လာတော့သည်။

"တော်တော် အနိုင်ကျင့်လွန်းတာပဲ !"

သူသည် နေရာမှ ထရပ်လိုက်ပြီး ခန်းမထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်ကာ လင်းရှီ၏ လက်ဖွဲ့ပစ္စည်းကိစ္စက ကြီးကြီးကျယ်ကျယ် မဖြစ်သင့်ဟု စိတ်ထဲတွင် တွေးတောနေလိုက်၏။ ထိုကိစ္စကို ထပ်ပြီးစုံစမ်းလျှင်လည်း မြို့စားအိမ်တော်အတွက်ရော သားသမီးနှစ်ယောက် အတွက်ပါ အကျိုးရှိနိုင်သည်မဟုတ်ချေ။

သို့သော်ငြား ဒီကိစ္စကိုလည်း အလွယ်တကူ လျှော်ပစ်ဖို့ရန်မဖြစ်ချေ။ ပိုင်ရှိုးမင်သည် အလွန်မောက်မာ ထောင်လွှားနေပြီး သူ့ကိုတော့ သေချာပေါက် သင်ခန်းစာတစ်ခု ပေးရန်လိုအပ်သည်။

ရွှဲရှီသည် အချိန်နာရီဝက် ကျော်ကျော်လောက် အသုံးပြုပြီးနောက် လင်းရှီ၏ လက်ဖွဲ့ပစ္စည်းများအဖြစ် တစ်ချိန်က ယူဆောင်လာခဲ့သည့် အဖိုးတန် ပစ္စည်းတချို့ကို မြို့စားအိမ်တော်ရှိ သခင်အသီးသီးတို့၏ အခန်းထဲမှ ပြန်လည်ရှာဖွေ ယူဆောင်လာနိုင် ခဲ့လေသည်။

သူမနှင့် အိမ်ဖော်မလေးတို့သည် လင်းရှီ၏ လက်ဖွဲ့ပစ္စည်းများ ဖြစ်ကြသည့်

မြေယာများနှင့် ဆိုင်ခန်းများကို အတူတူစစ်ဆေး ရေတွက်လိုက်ကြလေသည်။ အိမ်ခြံမြေပိုင်ဆိုင်မှု စာချုပ်စာတန်းများက စုစုပေါင်းလိုက်သောအခါ စာရွက်တစ်ထပ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"သခင်မ ဒီပစ္စည်းတွေ အားလုံးကို ပေးလိုက်တော့မှာလား" ရွှဲရှီ၏ အစေခံမလေးက နှမြောတသသည့် လေသံဖြင့် ပြောလာ၏။

ဤနေရာတွင် ဆိုင်တစ်ဆိုင်သည် ထျန်းကျီးလမ်းမပေါ်တွင် ဖွင့်လှစ်ထားပြီး လစဉ်ငှားရမ်းခများ ကောက်ခံရုံဖြင့် ငွေအမြောက်အမြား ရရှိနိုင်သည့်အပြင် တခြားခြံတစ်ခြံလည်း ရှိသေးသည် ...

ရွှဲရှီသည် တစ်ချက်လောက် ချီတုံချတုံ ဖြစ်သွားပြီးနောက် ဆိုင်နှင့်ခြံ၏စာချုပ်များကို ဆွဲထုတ်ကာ အစေခံမလေးကို ဝှက်ထားခိုင်းလိုက်ပြီး ကျန်သည့်အိမ်ခြံမြေ စာချုပ်များကိုတော့ စုစည်းကာ ပေးအပ်လိုက်လေသည်။

သူမထံက လွဲပြောင်းယူလာသည့် မင်ကျင့်စီးအစောင့်သည် စာချုပ်ကို တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် မေးလိုက်၏။ "လင်းဖူးရန်ရဲ့ လက်ဖွဲ့ပစ္စည်းတွေထဲမှာ မြို့တော်ဆင်ခြေဖုန်းက ခြံတစ်ခြံနဲ့ ထျန်းကျီးလမ်းမပေါ်က ဆိုင်တစ်ဆိုင် မပါသေးဘူး။ ကျင့်ယန်မြို့စားကတော် မေ့နေတာလား"

ရွှဲရှီ၏ မျက်နှာသည် ပြောင်းလဲသွားပြီး အားတင်းကာ ပြောလိုက်လေသည်။ "လူကြီးမင်း အမှတ်မှားနေတာ ဖြစ်ပါလိမ့်မယ်"

ထိုလူက စိတ်မဆိုသည့်အပြင် ဒီအတိုင်းသာ ပြောလိုက်၏။ "ကျွန်တော့်ရဲ့ မှတ်ဉာဏ်က အရမ်းကောင်းတယ်။ မြို့စားကတော်က စာချုပ်ကို ရှာမတွေ့ဘူးဆိုရင် ကျွန်တော် လူလွှတ်ပြီးတော့ ကူရှာပေးလို့ ရပါတယ်။ ကျွန်တော်တို့လို လူတွေက ပုံမှန်ဆိုရင် အိမ်တွေကို စီးနင်းရှာဖွေတဲ့နေရာမှာ အကျွမ်းကျင်ဆုံးပဲ"

ရွှဲရှီသည် အားတင်းကာ ပြုံးလိုက်ပြီး "ဖြစ်နိုင်တာတော့ ကျွန်မမှတ်ဉာဏ် မကောင်းတာပဲ နေပါလိမ့်မယ်။ အစေခံမလေးကို နောက်တစ်ခါ ထပ်ရှာခိုင်းလိုက်ပါမယ်"

ထိုအစေခံမလေးသည် သူမက မျက်ရိပ်ပြလာသည်ကို တွေ့လိုက်ရပြီးနောက် လူရှင်းသည့် နေရာတစ်ခုကို အလျင်အမြန်ရှာဖွေကာ ဝှက်ထားသည့် စာချုပ်နှစ်ခုကို ထုတ်ယူပြီး မင်ကျင့်စီးအစောင့်၏ လက်ထဲသို့ ပေးအပ်လိုက်တော့သည်။

ပိုင်ရှိုးမင် ခေါ်ဆောင်လာသည့် လူများသည် အလုပ်လုပ်ရာတွင် အလွန်လျင်မြန် ထိရောက်လှပြီး တစ်နာရီမပြည့်သေးခင်မှာပင် လင်းရှီ၏လက်ဖွဲ့ပစ္စည်းများကို စစ်ဆေးရေတွက်ပြီး သေတ္တာများထဲသို့ ထည့်ကာ အပြင်သို့ သယ်ထုတ်သွားကြတော့သည်။

အားချန်ကတော့ လက်ဖက်ရည်ဆိုင် အပေါ်ထပ်တွင်ထိုင်ပြီး ပိုင်ရှိုးမင်က လူအများကို ခေါ်ဆောင်ကာ မြို့စားအိမ်တော်ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီး သူမ၏နှုတ်ခမ်းတောင့်တွင် အပြုံးလှလှလေးတစ်ခု ပေါ်ထွက်လာလေသည်။

မုလင်း၏ အကြည့်ကလည်း အားချန်ထံမှ တစ်ချက်လေးမှ မခွာခဲ့ချေ။ သူမက ပြုံးသည်ကို မြင်လိုက်ရသည်တွင် သူသည်လည်း အမှတ်တမဲ့ လိုက်လံပြုံးရယ်မိလေသည်။

သူက စကားစရန် အကြောင်းအရာတစ်ခုကို ဦးနှောက်ခြောက်အောင် စဉ်းစားနေစဉ်တွင် အားချန်ကတော့ မင်ကျင့်စီးအစောင့်များကို တစိမ့်စိမ့် ကြည့်နေသည်ကို မြင်ရသောအခါ သူ့မျက်လုံးများက အရောင်တစ်ချက် လက်သွားပြီး ချောင်းတချက်ဟန့်ကာ စကားစပြောလာ၏။ "ကျင့်ယန်မြို့စားက မင်ကျင့်စီးက ပိုင်လူကြီးမင်းကို ဘယ်လိုများ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သလဲ မသိဘူးနော်။ ဒီလောက်များတဲ့ လူအုပ်ကြီးနဲ့ တံခါးဝအထိတောင် ရောက်လာရတယ်လို့"

အားချန်သည် တံခါးသံကြားသည့် ဖက်သို့ လှည့်ကြည့်လိုက်၏။

မုလင်းသည်လည်း စိတ်ထဲတွင် ဝမ်းသာအားရဖြစ်သွားကာ ဆက်ပြောလိုက်တော့သည်။ "ဒီပိုင်လူကြီးမင်းက စိတ်သဘောထား ထူးဆန်းပြီး အပြုအမူကလည်း တော်တော်လေး ပွင့်ပွင့်လင်းလင်းရှိတယ်လို့ ကြားဖူးတယ်။ ဒီနေ့လှုပ်ရှား လိုက်ပြီဆိုတော့ မနက်ဖြန်ကျရင် ကွပ်ကဲရေမှူးရဲ့ အစီရင်ခံစာ တင်ခံရလောက်တယ်"

"အခြေအနေက ပြင်းထန်လို့လား" အားချန်က မေးလိုက်သည်။

"အဲလိုတော့ မဟုတ်လောက်ပါဘူး။ အလွန်ဆုံး လစာဖြတ်ခံရရင် ခံရမယ်။ ဒါမှမဟုတ်လည်း ရာထူးကနေ ဆိုင်းငံ့ခံထားရတာလောက်ပါပဲ။ ဘာပဲဖြစ်ဖြစ်လေ။ သူက တော်ဝင်မျိုးနွယ်က ဆင်းသက်လာတာဆိုတော့ အရှင်မင်းကြီးကလည်း သူတို့အပေါ် အမြဲတမ်း သဘောထား ပျော့ပျောင်းပါတယ်"

အားချန်သည် စိတ်ဝင်တစားဖြစ်သွားပြီး "ပိုင်လူကြီးမင်းက ဘယ်တော်ဝင်မျိုးနွယ်ရဲ့ သားလဲဆိုတာမသိဘူးနော်"

"သူက ရှီးလင်ဝမ်ရဲ့ တရားဝင်သားတော်ပဲလေ။ ကြားရတာကတော့ အရင်နှစ်တွေတုန်းက ရှီးလင်ဝမ်ရယ်က တရားဝင်သားတော်ကို ဖယ်ရှားပြီး ဒုတိယသားတော်ကို နန်းတင်ချင်ခဲ့ပေမယ့် အရှင်မင်းကြီးက ဘယ်တော့မှ သဘောမတူခဲ့ဘူးတဲ့။ နောက်တော့ မင်းသမီးကြီး ကွယ်လွန်သွားပြီး ဒီအိမ်ရှေစံကလည်း သေမလို ဖြစ်သွားခဲ့တယ်လေ။ အဲဒီအချိန်မှာ မင်ဝမ်က ဖြတ်သွားရင်း ရှန့်ကျင်းကို ခေါ်ဆောင်လာခဲ့တာပဲ"

မုလင်းသည် အမှန်ပင် အများကြီး သိထားလေသည်။ အားချန်ကတော့ အမှန်ပင် စိတ်ဝင်တစား နားထောင်လို့နေ၏။ ပိုင်ရှိုးမင်မှာလည်း အားနည်းခဲ့တဲ့ အချိန်အခါတွေ ရှိသေးတာကို သိလိုက်ရတာပဲ။ တကယ်ပဲ ခန့်မှန်းရခက်လိုက်တာ။

"မိန်းကလေးက သူ့ကို သိလိုလား" မုလင်းသည် မနေနိုင်တော့ဘဲ အားချန်က ပိုင်ရှိုးမင်ကို အလွန်စိတ်ဝင်စားနေသည်ကို တွေ့ရသောအခါ မနေနိုင်ဘဲ မေးလိုက်တော့သည်။

အားချန်ကလည်း ထိုစကားကို ချက်ချင်းငြင်းပယ်လိုက်၏။ "မသိပါဘူး။ ဒီအတိုင်းပဲ သိချင်စိတ်လေး ဖြစ်သွားလို့ပါ"

ပွဲပြီးသွားပြီဖြစ်သဖြင့် သူမလည်း ပြန်ဖို့ရန် ပြင်ဆင်လေသည်။ မုလင်းကတော့ အားချန်ကို စကားနည်းနည်းပါးပါးသာ ပြောရသေးသည်။ သူမက သူမ၏နာမည်ကိုပင် မမေးရသေးသဖြင့် သူမက ဒီအတိုင်းပြန်သွားမှာကို မလိုလားချေ။

အားချန်က ရပ်လိုက်သည်ကို မြင်လိုက်ရချိန်တွင် သူကလည်းနောက်မှ လိုက်သွားတော့သည်။

အားချန်သည် ပထမထပ်သို့ ရောက်လာပြီး ငွေရှင်းရင်း ပါးကျန့် မုန့်တစ်တုံးကိုပါ ဝယ်ယူလိုက်သည်။ စားပွဲထိုးလေးက ပါဆယ်ထုတ်ထားသည့်မုန့်ကို သူမကို လှမ်းပေးနေစဉ်တွင် အပြင်ဘက်မှ ဆဲဆိုသံများ ထွက်ပေါ်လာတော့၏။

အားချန်က မုန့်ကိုသယ်ကာ တခြားသူများနောက်မှ လိုက်ကာထွက်လာပြီး ပွဲကြည့်ဖို့ရန်အတွက် လက်ဖက်ရည်ဆိုင်မှ ထွက်လာခဲ့သည်။

လမ်းမပေါ်တွင် မီးခိုးရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦး၏ ဆံထုံးကိုဆွဲပြီး သူမကို ပါးရိုက်ရင်း ပါးစပ်မှလည်း ညစ်ညစ်ညမ်းညမ်း စကားလုံးများစွာကို ပြောဆိုနေသည်ကို တွေ့လိုက်ရ၏။

ထိုအမျိုးသမီးသည် အသက်၃၀ဝန်းကျင်ခန့် ရှိပုံရကာ ပါးစပ်ထောင့်မှ သွေးများစိမ့်ထွက်နေပြီး မျက်ကွင်းညို နေသော်ငြားလည်း သူမ၏လှပသော ရုပ်ရည်ကိုတော့ မြင်နိုင်ရသေးလေသည်။

ထိုအမျိုးသားက ဝိုင်းကြည့်လာကြသည့်လူများ များပြားလာသည်ကို မြင်ရသည်တွင် ကြောက်လန့်မသွားသည့်အပြင် ပိုလို့ပင် အားတက်သရော ဆဲဆိုနေတော့၏။ "မိန်းမယုတ် ငါ အိမ်မှာရှိနေတုန်းကို ယောက်ျားတစ်ယောက်နဲ့ တိတ်တိတ်ပုန်းတွေ့ဖို့ ဒီလောက်တောင် အသည်းအသန် ဖြစ်နေရသလား။ မင်းက တကယ်ကို မိန်းမယုတ်ပဲ !"

ဝိုင်းကြည့်နေကြသည့် လူများသည် ထိုနှစ်ဦး၏ ဆက်ဆံရေးကို သိရှိသွားကြပြီး ဝင်ရောက် ကူညီလိုကြသူများကပင် ခြေလှမ်းများ ရပ်တန့်သွားတော့သည်။

ဒီအမျိုးသမီးက တခြားသူနဲ့ တိတ်တိတ်ပုန်းတွေ့ပြီး လင်ယောက်ကျာ်းက မိသွားတာဆိုရင်တော့ မဆိုင်ဘဲဝင်ပါမိရင် အလကားနေရင်း ဒုက္ခရောက်သွားနိုင်တယ်။

"ကျွန်မ မဟုတ်ဘူး" အမျိုးသမီးက အမျိုးသား၏ ရိုက်ချက်ကို ကြိုးစားရှောင်ရှားရင်း ငြင်းခုံလိုက်သော်ငြားလည်း ကံဆိုးချင်တော့ တစ်ဖက်သူက လုံးဝနားမထောင်ချေ။

လူများက ပိုပြီး စုဝေးလာသည်ကို မြင်ရသောအခါ လက်ဖက်ရည် ဆိုင်ပိုင်ရှင်ကလည်း ထွက်လာတော့သည်။ သူသည် အရိုက်ခံနေရသည့် အမျိုးသမီးကို မှတ်မိသွားပြီး သူတို့နှစ်ဦးကို လူချင်းခွဲဖို့ရန်အတွက် ဆိုင်ထဲက စာရေးကြီးကို မြန်မြန်လှမ်းခေါ်လိုက်တော့သည်။

ထိုအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားသည် စားပွဲထိုးနှစ်ဦး၏ ဆွဲခေါ်ခြင်း ခံလိုက်ရသော်ငြားလည်း သူ့ပါးစပ်က ညစ်ညမ်းသည့် စကားများကတော့ ဆက်လက် ထွက်ပေါ်နေဆဲပင်။ "ကောင်းပြီလေ ဒါက မင်းရဲ့ကြာခိုနေတဲ့ နောက်လင်ပေါ့လေ။ မင်းတို့တွေ ငါ့ကို စောင့်ကြည့်နေလိုက်"

ထိုသို့ ပြောလိုက်ပြီးနောက် သူသည် လှည့်ကာ အမြန်ပြေးထွက် သွားတော့သည်။

ဆိုင်ရှင်သည် ထိုအရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ယောက်ျားကို ရွံရှာစွာ ကြည့်လိုက်ပြီးနောက် အမျိုးသမီးကို လှမ်းတွဲထူပေး လိုက်သော်ငြားလည်း အမျိုးသမီးကတော့ ခက်ခက်ခဲခဲ ကိုယ့်ဟာကို မြေကြီးပေါ်မှထလာ၏။

"ချန်ညန်ဇီ အဆင်ပြေရဲ့လား" ဆိုင်ရှင်သည် အမျိုးသမီး၏ မျက်နှာပေါ်က ဒဏ်ရာများကို မြင်လိုက်ရချိန်တွင် မနေနိုင်ဘဲ မေးလိုက်တော့၏။

"သူဌေးကို ကျေးဇူးတင်ပါတယ်" အမျိုးသမီးသည် ယောင်ကိုင်နေသည့် ပါးကိုပွတ်သပ်ရင်း "ကျွန်မ ဘာမှမဖြစ်ပါဘူး" ဟု ပြန်ပြောလာ၏။

ဆိုင်ရှင်က စကားပြောလိုဟန် ရှိသော်ငြားလည်း မပြောဘဲနေသည်ကို မြင်လိုက်သောအခါ သူမသည် ခေါင်းငုံ့ကာ ပြောလာလေသည်။ "ဒီနေ့ သူဌေးရဲ့ အကူအညီတွက် ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင် ကျွန်မ လက်ဖက်ရည် လာဖျော်ပေးလို့ မရတော့ဘူး"

သူမတွင် လက်ဖက်ရည် ဖျော်သည့်အတတ်ပညာ ရှိသဖြင့် ဒီရက်ပိုင်း အတွင်းတွင် ဤလက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်ဖျော်သူအဖြစ် လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။ ယခုမျက်နှာက ဤသို့အရိုက်ခံထားရပြီး သူမ၏ ယောက်ျားသည်လည်း အကျိုးအကြောင်း မသိသူဖြစ်ပုံရသဖြင့် ဆိုင်ရှင်သည်လည်း ဆိုင်အတွက် အခက်မတွေ့စေလိုရာ ခေါင်းငြိမ့် သဘောတူလိုက်လေသည်။

ချန်ညန်ဇီက ဆိုင်ရှင်ကို နောက်တစ်ကြိမ် အရိုအသေပေး လိုက်ပြီးနောက် ရှုပ်ပွနေသည့်ဆံပင်ကို နားနောက်သို့သပ်ကာ လူအုပ်ကြီး အပြင်ဘက်သို့ လျှောက်ထွက်သွားလေတော့သည်။

ထိုအချိန်တွင် အားချန်သည် သူမ၏နောက်တွင် လူအနည်းငယ် ရောက်ရှိလာသည်ကို ခံစားမိလိုက်၏။ လှည့်ကြည့်လိုက်သောအခါ မုလင်းကို သိပုံရသည့် လူငယ်သခင်လေး တချို့ဖြစ်နေပြီး သူတို့သည် မုလင်းကို မျက်စပစ်ပြ နေကြလေသည်။

အားချန်က အကြည့်လွှဲလိုက်ပြီး ပြန်တော့မည် စဉ်းစားနေဆဲမှာပင် နောက်မှလူတစ်ဦးက ပြောလာသည်ကို ကြားလိုက်ရ၏။ "ခုနတုံးက အဲဒီအမျိုးသမီးကို ကြည့်ရတာ တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးဟောင်းရဲ့သမီးနဲ့ တူတယ်နော်။ ရန်ချန်း မင်း သူ့ကို မှတ်မိသေးလား"

"ငါက ဘယ်လို လုပ်ပြီးသိမှာလဲ" ရန်ချန်းဟု ခေါ်သည့်လူက စိတ်မရှည်လက်မရှည်ဖြင့် ပြန်ဖြေလိုက်၏။

ငါ မှတ်မိသလောက်တော့ အဲဒီလူက မင်းအဘိုးကို ဆောင်းပါးရေးပြီး ဆဲဆိုလို့ ရာထူးကနေ ထုတ်ပယ်ခံ ခဲ့ရတယ်လေ။ ရှန့်ကျင်းကနေ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ မိစ္ဆာတွေရဲ့ကပ်ဘေးကို ခံခဲ့ရပြီး မိသားစုတစ်စုလုံး သေဆုံးသွားခဲ့တာ။ ဒီသမီးတစ်ယောက်ပဲ ကျန်ခဲ့တာတဲ့" စကားပြောသူက သက်ပြင်းချရင်း ထပ်ပြောလာသည်။ "အရာရှိတစ်ယောက်ရဲ့ သမီးကောင်း အလိမ္မာလေးက အခုလို ဖျက်ဆီးခံနေရတာ တကယ်ကို သနားစရာ ကောင်းတာပဲ"

အားချန်သည် သူတို့စကားဝိုင်းကို နားထောင်ရင်း လူအုပ်ထဲမှ ထွက်သွားသည့် အမျိုးသမီး၏ ဖြောင့်တန်းနေသည့် ကျောပြင်ကိုကြည့်ကာ သူမသည် တခြားသူများ၏ သနားကြင်နာမှုကို လိုအပ်မည်မဟုတ်ဟု ထင်မိလေသည်။

သူမကလည်း ဆက်ပြီး နားထောင်မနေတော့ဘဲ ရှေ့ကိုခြေလှမ်း အနည်းငယ် လမ်းလိုက်သည်နှင့် မုလင်းသည်လည်း နောက်မှလိုက်လာကာ အားချန်ကို တားလိုက်၏။ "မိန်းကလေး မိန်းကလေးရဲ့ နာမည်ကို ပြောပြလို့ရမလား"

အားချန်သည် ထပ်ခါတလည်းလည်း အနှောက်အယှက် ပေးခံရခြင်းကို မကြိုက်ချေ။ သူမသည် မျက်ခုံးကြားက စိတ်မရှည်သည့် ခံစားချက်ကို ဖိနှိပ်ထားလိုက်ပြီး စဉ်းစားကာ သူမ၏အမည်ကို တိုက်ရိုက်ပြောလိုက်တော့၏။ "ကျွန်မနာမည်က ကျိချန်ပါ"

စကားဆုံးသွားပြီနှင့် မုလင်း၏တုံ့ပြန်မှုကို မစောင့်ဘဲ ထွက်ခွာလာခဲ့တော့၏။

မုလင်းသည် ပထမတွင်တော့ ကြောင်အမ်းအမ်း ဖြစ်သွားပြီနောက် ကျိချန်က မည်သူဖြစ်သည်ကို သတိရသွားလေတော့သည်။ သူ၏မျက်နှာသည် ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့ လိုက်မသွားတော့ချေ။

အားချန်သည် အိမ်ပြန်ရောက်ပြီး မကြာမီတွင် တံခါးခေါက်သံကို ကြားလိုက်ရ၏။

သူမက ပိုင်ရှိုးမင်က လင်းရှီ၏ လက်ဖွဲ့ပစ္စည်းများကို လာပို့သည်ဟု ထင်မှတ်ခဲ့သော်ငြားလည်း တံခါးဖွင့်လိုက်ချိန်တွင် တွေ့လိုက်ရသူမှာ ဖုန်းယန် ဖြစ်နေတော့သည်။

အားချန်က ဖုန်းယန်ကို ခေါင်းအစခြေအဆုံး အကဲခတ် ကြည့်လိုက်ပြီးနောက် တစ်ဖက်လူ၏လက်ထဲတွင် ဘာမှမရှိသည်ကို တွေ့လိုက်ရ၏။

"မိန်းကလေးကျိ ကျန့်ရှီဖူ လူကြီးမင်းက စကားပါးခိုင်း လိုက်ပါတယ်" ဖုန်းယန်သည် တံခါးဝတွင်ရပ်ရင်း ပြောလိုက်သည်။

"ပြောပါ"

"လူကြီးမင်းက ... သူက သဘောတူထားတဲ့အတိုင်း မိန်းကလေးလိုချင်တဲ့ လက်ဖွဲ့ပစ္စည်းတွေကို မြို့စားအိမ်တော်ကနေ ယူလာခဲ့ပြီးပြီလို့ ပြောပါတယ်"

အားချန်သည် မျက်တောင်တစ်ချက် ခပ်လိုက်၏။ "ပြီးတော့ရော" အဲဒီပစ္စည်းတွေကို ယူလာပြီးရင် သူမဆီကို လာပို့ရမှာ မဟုတ်ဘူးလား။

ဖုန်းယန်သည် ဒီတစ်ကြိမ်တွင်တော့ သူမ၏အမူအရာကို မကြည့်ဘဲ ဆက်ပြောလိုက်၏။ "မိန်းကလေး စာရင်းပေးထားတဲ့ ပစ္စည်းတွေကို မနက်ဖြန်ကျရင် ပို့ပေးပါ့မယ်။ မိန်းကလေးလည်း ... ပစ္စည်းကို အမြန်ဆုံးလုပ်ပေးပြီး လက်ဖွဲ့ပစ္စည်းကို အမြန်ဆုံးပြန်ယူနိုင်ဖို့ မျှော်လင့်ပါတယ်"

အားချန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အတော်ကြာမှ အံကြိတ်ကာ ပြောလိုက်တော့၏။ "ရှင်တို့ရဲ့ လူကြီးမင်းကတော့ တကယ်ကို စေ့စပ်လွန်းတာပဲ"

"မိန်းကလေးကျိ မြှောက်ပင့်လွန်းနေပါပြီ" ဖုန်းယန်သည် ဂုဏ်ယူဝင့်ကြွားသွားသည့် အမူအရာဖြင့် ပြန်ပြောလာ၏။

"ဪ ဟုတ်သားပဲ" ဖုန်းယန်သည် သူ့လာရင်းကိစ္စ၏ နောက်ထပ် ရည်ရွယ်ချက်တစ်ခုကို သတိရသွားကာ အားချန်က တံခါးကို သူ့မျက်နှာနှင့် မရိုက်မိချိန်တွင် ပြောလိုက်၏။ "လူကြီးမင်းက မိန်းကလေးရဲ့ နေထိုင်မှုပုံစံ ရိုးစင်းတာကို တွေ့ရလို့ အရမ်းပဲ စိတ်မကောင်း ဖြစ်မိပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် သူက မိန်းကလေးအတွက် ပစ္စည်းတချို့ ပို့ပေးလိုက်ပါတယ်"

စကားဆုံးသွားသည်နှင့် သူသည် ဘေးဖယ်ပေးလိုက်သည်တွင် အားချန်ကလည်း တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ တံခါးအပြင်ဘက်တွင် ပရိဘောဂ အလှဆင်ပစ္စည်းများနှင့် နေ့စဉ်သုံးပစ္စည်းများ တစ်ပုံတစ်ပင်ကြီး ချထားသည်ကို တွေ့လိုက်ရတော့သည်။

ထိုပစ္စည်းများသည် အနည်းငယ် ရင်းနှီးနေသလို ရှိပြီး ယခင်က ကျိချန် မြို့စားအိမ်တော်တွင် သုံးခဲ့သော ပစ္စည်းများဖြစ်ဟန်တူသည် ...

ဖုန်းယန်က ပရိဘောဂများကို အားချန်၏အိမ်ထဲသို့ သယ်ပို့ခိုင်းလိုက်ပြီး နေရာက မလုံလောက်သဖြင့် သူမ၏ ။တံခါးရွက်ကိုပင် ဖြုတ်ချခိုင်းလေတော့သည်။

အားချန်သည် သူက မိမိကို ကြိတ်ပြီး ကလဲ့စားချေ နေသည်ဟုပင် ခံစားလိုက်ရတော့၏။

နာရီဝက် ကြာပြီးသွားသည့် နောက်တွင်တော့ မြို့စားအိမ်တော်မှ သိမ်းယူလာသည်ဟု ယူဆရသည့် ပစ္စည်းများအားလုံးကို သင့်တော်သည့် နေရာများတွင် နေရာချထား ပြီးစီးသွားလေသည်။ ဒုတိယထပ်ရှိ အိပ်ခန်းသည်လည်း လုံးဝကို ပြောင်းလဲသွားတော့၏။

ဖုန်ယန်က မပြန်ခင်တွင် နောက်တစ်ချက် ထိုးနှက်သွားသေးသည်။ "လူကြီးမင်းက ပြောပါတယ်။ မိန်းကလေး လက်ထဲမှာအနည်းဆုံး ငွေသားတစ်ရာလောက် ရှိသေးတယ်ဆိုတော့ ဒီလောက်ဆင်းရဲ ဒုက္ခရောက်နေစရာ မလိုပါဘူးတဲ့။ တကယ်လို့ ငွေမလောက်ဘူး ထင်တယ်ဆိုရင်တော့ ..."

အားချန်၏စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ဖြစ်ပေါ်လာ၏။

"...ချွေချွေတာတာ သုံးပါတဲ့"

ဘန်းခနဲ အသံတစ်ချက်နှင့်အတူ အသစ်တပ်ဆင်ထားသည့် တံခါးသည် အရှိန်ပြင်းစွာ ပိတ်သွားလေတော့သည်။

ဖုန်းယန်သည် သူ့နှာခေါင်းကို လက်ချောင်းဖြင့် ပွတ်သပ်လိုက်၏။ သူသည် ဒီစကားကို ပြောလိုက်သည်နှင့် မိန်းကလေးကျိက စိတ်ဆိုးသွားမည်ကို သိပြီးသား ဖြစ်သော်ငြားလည်း မည်သို့တတ်နိုင်ပါမည်နည်း။ သူနှင့် ကျန်းခိုင်တို့ လောင်းကစားတွင် ရှုံးနိမ့်ခဲ့သည်ဖြစ်သဖြင့် သူကိုယ်တိုင် ရောက်လာရခြင်း ဖြစ်လေသည်။

တံခါးပိတ် လိုက်ပြီးနောက်တွင် အားချန်သည် ဒေါသတကြီးဖြင့် ဒုတိယထပ်သို့ တက်သွားကာ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည့် အိပ်ခန်းကို ကြည့်လိုက်၏။ ပြတင်းပေါက် ဘေးမှစားပွဲပေါ်တွင် စာရေးကိရိယာများနှင့် စာအုပ်တချို့ကိုလည်း တင်ထားလေသည်။

ထိုစာအုပ်များသည် တစ်ချိန်က ကျိချန် ကြိုက်နှစ်သက်စွာ ဖတ်ရှုခဲ့သည့် စာအုပ်များဖြစ်ပြီး သူမ အိမ်တော်မှ နှင်ထုတ်ခံရစဉ်က စာအုပ်များကို ဒီအတိုင်းပင် တင်ထားခဲ့ရာ အစီအစဉ်ပင် မပြောင်းလဲခဲ့ချေ။

တကယ်ကို အသေးစိတ် ဂရုစိုက် တတ်ပါပေတယ်။ ငါ လိုချင်တာက ပရိဘောဂနဲ့ အလှဆင် ပစ္စည်းတွေလား။ ငါ့ရဲ့ငွေတွေရော ဘယ်ရောက်သွားလဲ !

သူမသည် မြို့စားအိမ်တော်မှ သယ်လာသည့် ကုလားထိုင်တစ်လုံးကို ကန်‌ကျောက်ပစ်လိုက်ပြီး ခြေချောင်းများပင် နာကျင်သွားတော့၏။ သူမသည် သူမ၏ ခြေထောက်ကို ပွေ့ဖက်ကာ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အတန်ကြာအောင် စိတ်ဆိုးဒေါသ ထွက်နေမိတော့သည်။

ဒီနေ့ကစပြီး ပိုင်ရှိုးမင်ဆိုတဲ့သူက ငါ အမုန်းဆုံးလူသားပဲ !

ဒုတိယနေ့တွင်တော့ အားချန်သည် အိပ်မောကျနေစဉ်တွင် နန်းတွင်းညီလာခံအတွင်း၌ လူအများအပြားက ပိုင်ရှိုးမင်ကို ဆက်တိုက် တိုက်ခိုက်နေကြတော့၏။

ပထမဆုံး ရာဇဝတ်မှုဌာန လက်ဝဲလက်ထောက်ဝန်ကြီး ယန်လိရူက ပိုင်ရှိုးမင်သည် တရားဥပဒေကို မထီမဲ့မြင်ပြုကာ ရာဇဝတ်မှုဌာန အရာရှိတစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ကြောင်း အစီရင်ခံစာ တင်သွင်းလေသည်။ ယန်လိရူ စကားဆုံးသွားသည်နှင့် တခြားသော စစ်ဆေးရေး အရာရှိတစ်ဦးကလည်း ထွက်လာကာ ပိုင်ရှိုးမင်သည် အမှုစစ်ဆေးရာတွင် ညံ့ဖျင်းပြီး လက်ဝဲလက်ထောက် စစ်ဆေးရေးမှူး ကျောက်မင် လုပ်ကြံခံရသည့် အမှုတွင် ယခုထိတိုင် လူသတ်သမားကို မဖမ်းမိသေးဘဲ အခွင့်အရေးယူကာ အတိုက်အခံများကို နှိမ်နှင်းနေကြောင်း စွပ်စွဲပြီး အရှင်မင်းကြီးအား ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုလေသည်။

ကျင့်ယန်မြို့စားကတော့ စစ်ဘက်အရာရှိ များကြားတွင် ရပ်နေရင်း ထွက်လာသည့် စစ်ဆေးရေးအရာရှိက ပိုင်ရှိုးမင်၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက် ထိုးကာ သူ၏ညံ့ဖျင်းမှုကို ဆဲဆိုသည့်အလား ကြည့်နေရင်း မနေ့က ခံစားခဲ့ရသည့် ဒေါသများမှာ အနည်းငယ် ပြေပျောက်သွားသလို ခံစားလိုက်ရတော့၏။

ပုလ္လင်ပေါ်တွင် ထိုင်နေသည့် အရှင်မင်းကြီးကတော့ တင်သွင်းလာသည့် လျှောက်တင်လွှာများကို လတ်တလော ကြည့်ရှုရင်း ခေါင်းမမော့ဘဲ လှမ်းခေါ်လိုက်လေသည်။ "မင်ကျင့်စီး ကျန့်ရှီဖူ ပိုင်ရှိုးမင်"

"ကျွန်တော်မျိုး ရှိပါတယ်" ပိုင်ရှိုးမင်သည် တန်းစီရာမှ ထွက်လာခဲ့၏။

"မင်း ဘာပြောစရာရှိလဲ"

"ကျောက်လူကြီးမင်းရဲ့ အမှုကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ပြီးဆုံးသွားပါပြီ"

"ဟက် ဟက် ပိုင်လူကြီးမင်းကတော့ တကယ်ကို ရှုပ်ထွေးအောင် လုပ်တတ်တာပဲ။ အမှုပြီးဆုံးသွားပြီဆိုရင် လူသတ်သမားကရော ဘယ်မှာလဲ" ပိုင်ရှိုးမင်းကို စွပ်စွဲနေသည့် စစ်ဆေးရေးအရာရှိသည် အေးစက်စွာ ပြုံးရင်းမေးလာ လေသည်။

ပိုင်ရှိုးမင်ကလည်း ရှင်းပြလိုက်၏။ "ဒီအမှုက ကျောက်လူကြီးမင်းရဲ့ နာမည်ဂုဏ်သတင်းနဲ့ သက်ဆိုင်နေတဲ့အတွက် နန်းတွင်းညီလာခံမှာ အကျယ်တဝင့် ပြောဆိုဖို့ မသင့်တော်ပါဘူး"

ကျောက်မင်၏အမှုကို မင်ကျင့်စီးက တင်းကျပ်စွာ ပိတ်ဆို့ထားပြီး အမှန်တရားကို သိရှိသူမှာ ခြေတစ်လှမ်းဦးသွားသည့် ရွှဲမင်ထန်သာ ဖြစ်သော်ငြားလည်း ရွှဲမင်ထန်သည် နန်းတွင်းညီလာခံ တက်ရောက်ရန် အခွင့်အရေးမရှိချေ။

ထိုစစ်ဆေးရေးအရာရှိသည် ဒီအဖြေကို မကျေနပ်သည့်အလား ပြောလာခဲ့၏။ "ပိုင်လူကြီးမင်းက မပြောဆိုတာက အမှန်တရားကို မဖော်ထုတ်နိုင်လို့ လွဲချချင်နေတာကြောင့် မဟုတ်ပါဘူးနော်"

ပြောရင်းဆိုရင်း သူသည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်တာ လျှောက်တင်လေသည်။ "အရှင်မင်းကြီး မင်ကျင့်စီးက အမှုစစ်ဆေးရာမှာ ကြီးကြပ်မှုမရှိဘဲ ထင်တိုင်းကျဲနေတာ ကြာလာရင် နိုင်ငံအတွက် ဘေးအန္တရာယ်ကြီး ဖြစ်လာပါလိမ့်မယ်"

"ဒါဆိုရင်ပြောပါဦး ဒီအမှုက တကယ်ပဲ ဘယ်လိုဖြစ်ခဲ့တာလဲ" ပုလ္လင်ပေါ်တွင် ထိုင်နေသည့် အရှင်မင်းကြီးက မိန့်တော်မူလိုက်သည်။

"ကျောက်မင်က သူ့ရဲ့တိတ်တိတ်ပုန်း ဇနီးကမွေးတဲ့ သားကိုအသိအမှတ် ပြုဖို့အတွက် သူ့ရဲ့ပထမဇနီး ရှောင်လင်းရှီကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိပါတယ်။ ရှောင်လင်းရှီ သေဆုံးသွားပြီးတဲ့နောက်မှာ သူက တာအိုဘုန်းကြီးတစ်ပါးကို လာဘ်ထိုးပြီး ရှောင်လင်းရှီရဲ့ ဝိညာဉ်ကို ချိတ်ပိတ်ထားဖို့ ကြိုးစားခဲ့တယ်။ နောက်ပိုင်း ရှောင်လင်းရှီက ကြောက်စရာကောင်းတဲ့ သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားပြီး ကျောက်မင်ရဲ့ တိတ်တိတ်ပုန်းသား ခန္ဓာကိုယ်ထဲကို ဝင်ဖူးခဲ့တယ်။ ကျောက်မင်ရဲ့ မိဘနှစ်ပါး ကျောက်မင်နဲ့ သူ့ရဲ့တိတ်တိတ်ပုန်းဇနီး စုစုပေါင်း လေးယောက်ကို သတ်ဖြတ်ခဲ့တယ်။ ဒါက အမှုရဲ့ဖြစ်စဉ် အပြည့်အစုံပါပဲ"

စကားဆုံးသည်နှင့် ပိုင်ရှိုးမင်ကလည်း ဒူးထောက်ကာ အပြစ်ဝန်ခံလေသည်။

"အရှေ့မင်းကြီးအပြစ်ကို ခွင့်လွှတ်တော်မူပါ။ ရှောင်လင်းရှီက လူသတ်ပြီးတဲ့နောက် ပျောက်ကွယ်သွားတဲ့အတွက် ညံဖျင်းလှတဲ့ ကျွန်တော်မျိုးက သူ့ကို မဖမ်းဆီးနိုင်ခဲ့ပါဘူး"

ပိုင်ရှိုးမင် စကားဆုံးသွားသည်တွင် ယနေ့ညီလာခံအတွင်းရှိ စစ်ဆေးရေး အရာရှိများအားလုံး၏ မျက်နှာမှာ စိမ်းဖန့်သွားကြလေတော့သည်။

ဒါက အပြစ်ကို ဝန်ခံတာလား။ ဒါက သူတို့ရဲ့ စစ်ဆေးရေးဌာန မျက်နှာကို အိုးမဲသုတ်နေတာ မဟုတ်ဘူးလား။

လက်ဝဲလက်ထောက် စုံစမ်းရေးအရာရှိက တိတ်တိတ်ပုန်း ဇနီးမွေးထားရုံသာမကဘူး တိတ်တိတ်ပုန်းသားကိုလည်း အိမ်ထဲကို ခေါ်ဆောင်လာရဲသေးတယ်။ ရှာမတွေ့ခဲ့ရင်လည်း တော်သေးတယ်။ အခုတော့ ရှာတွေ့သွားခဲ့ပြီ။

အခုတော့ အပြစ်ပေးခံရမယ့် သူက သူတို့စုံစမ်းစစ်ဆေးရေးမှူးဌာန ဖြစ်သွားပြီလေ။

ကျောက်မင်က ဒီလောက် အကျင့်စာရိတ္တ ပျက်ပြားတဲ့သူ ဖြစ်နေတဲ့အကြောင်း သူတို့တွေဘာဖြစ်လို့ စောစောကတည်းက မသိခဲ့ကြပါလိမ့်။

စုံစမ်းစစ်ဆေးရေးမှူး အရာရှိများအားလုံးသည် ငြိမ်သက်သွားကြပြီး ပလ္လင်ပေါ်က အရှင်မင်းကြီးသည်လည်း အရေးယူရန် အစီအစဉ်မရှိပုံ ရသဖြင့် ယနေ့နန်းတွင်းညီလာခံသည် ဤသို့ပင် အလွယ်တကူ ပြီးဆုံးသွားတော့သည်။

ညီလာခံပြီးနောက်တွင် ပိုင်ရှိုးမင်သည် အပြင်သို့ ထွက်ခွာလာစဉ် နောက်မှနေ၍ လက်တစ်ဖက်က သူ့ပခုံးကို လှမ်းပုတ်လိုက်၏။

ပိုင်ရှိုးမင်က လှည့်ကြည့်လိုက်သောအခါ နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် မင်ဝမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ဘေးသို့ လျှောက်လာလေသည်။

လက်ရှိမင်ဝမ်၏ အသွင်အပြင်သည် အသက်၄၀ ဝန်းကျင်သာ ရှိပုံရပြီး မုတ်ဆိတ်မွေးထားခြင်းကို မနှစ်သက်သဖြင့် သူ၏မေးစေ့သည် ချောမွေ့နေကာ အရှေ့မင်းကြီးထက်ပင် အသက်ငယ်သည်ဟု ထင်ရပေသည်။

"မင်း မကြာသေးခင်က အရေးကြီးကိစ္စတစ်ခု လုပ်ခဲ့တယ်လို့ ကြားတယ်"

"ဘယ်ကိစ္စကို ပြောတာလဲ"

"နန်းတော်တံခါးကိုဖွင့်ပြီး နန်းတွင်းသမားတော်ကို ခေါ်သွားတဲ့ကိစ္စပေါ့ကွ။ မြန်မြန်ပြောစမ်းပါဦး။ ဘယ်အိမ်က မိန်းကလေးလဲ"

ယခုအချိန်တွင်တော့ မင်ဝမ်သည် လမ်းမပေါ်တွင်ထိုင်ကာ အိမ်ရှေ့အိမ်နောက် အတင်းအဖျင်းများကို နားစွင့်ထားသည့် အလုပ်လက်မဲ့ လူများနှင့် မခြားပေ။

"သိပြီးသား မဟုတ်ဘူးလား"

"ကျွတ် မင်းက မိန်းမတွေကို မကြိုက်ဘူးလို့ ငါ ထင်ထားတာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အထက်တန်းလွှာ မိန်းကလေးတွေကို ကြိုက်တာကိုး။ မင်းအဖေ ငါက ကူညီပြီးတော့ အကြံပေးရမလား"

ပိုင်ရှိုးမင်သည် သူ့မွေးစားအဖေကို ပြန်လှည့်ကြည့်ကာ ထူးထူးဆန်းဆန်း မေးလိုက်၏။ "ကျွန်တော်က အထက်တန်းလွှာ မိန်းကလေးတွေကို ကြိုက်တယ်လို့ ဘယ်နေရာကို ကြည့်ပြီးမှ ပြောလိုက်တာလဲ"

"အဲဒီမိန်းကလေးက ကျင့်ယန်မြို့စားရဲ့ တရားဝင်သမီး မဟုတ်ဘူးလား"

"သူက ဘာအထက်တန်းလွှာ မိန်းကလေး ဖြစ်ရမှာလဲ" ပိုင်ရှိုးမင်၏ လေသံသည် ထူးဆန်းနေပြီး သူ့အပေါ်တွင် အလွန်ချွဲနွဲ့ကာ ပူဆာပြီး သနားစရာကောင်းအောင် ပြုမူတတ်သည့် ကျိချန်အကြောင်းကို စဉ်းစားမိလိုက်လေသည်။ သူ၏စိတ်ထဲတွင်တော့ မင်ဝမ်ကို လိမ်လည်လှည့်ဖျားဖို့ရန် မစွမ်းသာတော့ချေ။

"ကောင်စုတ်လေး မိန်းကလေးတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး ဒီလိုပြောရတာလဲ" မင်ဝမ်ကတော့ ပိုင်ရှိုးမင်သည် ကျိချန်၏ မျိုးရိုးကို မနှစ်သက်ဟု ထင်မှတ်ကာ စကားအနည်းငယ် ထပ်ပြောလို သော်ငြားလည်း ပိုင်ရှိုးမင်ကတော့ ရှေ့မှနေ၍ ထွက်ခွာသွားနှင့်ပြီ ဖြစ်၏။

...

All Chapters