← Chapters

သူက ကျွန်မကို မယားငယ်အဖြစ် လက်ထပ်ချင်တာ

Vol. 3 Ch. 28

သူက ကျွန်မကို မယားငယ်အဖြစ် လက်ထပ်ချင်တာ

Vol. 3 Ch. 28

ဒုတိယနေ့တွင်တော့ အားချန်သည် အိပ်ရာထနောက်ကျသည်အထိ အိပ်စက်အနားယူလိုက်လေ၏။

အိပ်စက်ဖို့အတွက် သေသေချာချာ ပြင်ဆင်ထားတဲ့ အိပ်ခန်းက လူတစ်ယောက်ရဲ့ အိပ်စက်ခြင်း အရည်အသွေးကို တကယ်ကိုပဲ အများကြီး တိုးတက်စေတာပဲ။

နူးညံ့သော အိပ်ရာခင်းထဲတွင် နိုးထလာချိန်တွင် ခြေဖဝါးအောက်တွင် အေးစက်သွားပြီဖြစ်သော ရေနွေးအိတ်တစ်လုံး ရှိနေပြီး အားချန်၏ စိတ်ထဲတွင် ပိုင်ရှိုးမင်အပေါ်ထားရှိသော နာကြည်းချက်များပင် အနည်းငယ် လျော့ပါးသွားလေသည်။

သူမသည် ရိုးရိုးရှင်းရှင်း မျက်နှာသစ် သန့်စင်ပြီးနောက် အောက်ထပ်သို့ ဆင်းကာ တံခါးကို ဖွင့်လိုက်သောအခါ အိမ်အပြင်ဘက်မှ နွေးထွေးသော နေရောင်ခြည်သည် အိမ်အတွင်းသို့ စွေစောင်းကာ ဝင်ရောက်လာပြီး အလင်းကွက်ကြီးများကို ဖြစ်လာပြီး မူလက မှောင်မိုက်နေသော အခန်းကို လင်းထိန်သွားစေလေ၏။

ထိုအခါမှ အားချန်သည် ပထမထပ်၏ အပြင်အဆင်ကို စေ့စေ့စပ်စပ် ကြည့်ရှုရန် စိတ်ကူးရလေသည်။

မနေ့က ဖုန်းယန် သယ်ဆောင်လာခိုင်းသော ရှေးဟောင်းပစ္စည်းများ တင်သည့် စင်နှစ်ခုနှင့် ဗီရိုတစ်လုံးကို နံရံတွင် ကပ်၍ ချထားသည်။ ဗလာဖြစ်နေသော နံရံများပေါ်တွင် စာလုံးအလှများနှင့် ပန်းချီကားများကို ချိတ်ဆွဲထားသော်လည်း ထင်ရှားကျော်ကြားသော ပညာရှင်များ၏ လက်ရာများကား မဟုတ်ဘဲ ယခင်က ကျိချန် ကိုယ်တိုင် ဝယ်ယူထားခဲ့သော ပစ္စည်းများသာ ဖြစ်လေ၏။

ပြတင်းပေါက်ဘေးတွင် စားပွဲကုလားထိုင်တစ်စုံကို ချထားပြီး အပေါ်တွင် လက်ဖက်ရည်ကြမ်းအိုးနှင့် ခွက်များကို တင်ထားသည်။ ဆိုင်ဖွင့်ပြီး ဧည့်သည်များ ရောက်လာသောအခါ ထိုနေရာတွင် ထိုင်ပြီး အမွှေးနံ့သာများကို စမ်းသပ်ရှူရှိုက်စေရန် ဖိတ်ခေါ်နိုင်ပေသည်။

အားချန်သည် ပတ်ပတ်လည် တစ်ပတ် လျှောက်ကြည့်ရင်း ရှေးဟောင်းပစ္စည်းစင်များပေါ်မှ အလှဆင်ပစ္စည်းများကို ဖယ်ရှားကာ သူမ ဖော်စပ်ထားသော အမွှေးနံ့သာများကို ပြသရန် တင်ထားနိုင်ပြီး ကျန်အမွှေးနံ့သာများကိုတော့ ဗီရိုထဲတွင် သိမ်းဆည်းထားနိုင်သည်ဟု စိတ်ကူးမိလေသည်။

ဒါပေမဲ့ အခု ငါ့မှာ ရောင်းလို့ရတဲ့ အမွှေးနံ့သာက တစ်မျိုးပဲ ရှိသေးတာဆိုတော့ နည်းနည်းတော့ ချဲ့ကားလွန်းရာ ကျနေမလားပဲ။

စာရင်းစာအုပ်နှင့် ငွေသေတ္တာထားရန် ကောင်တာတစ်ခု၊ အမွှေးတိုင်ထွန်းရန် ခွက်တစ်လုံးနှင့် အမွှေးနံ့သာမှုန့်များ ထည့်ရန် အိုးများကို ထပ်မံဝယ်ယူရန် လိုအပ်သေးသည်။ တွက်ချက်ကြည့်လျှင် သူမ မူလက ခန့်မှန်းထားသော ရင်းနှီးမြှုပ်နှံမှုထက် များစွာ သက်သာနေသည်ကို တွေ့ရ၏။

အားချန်သည် အပေါ်ထပ်သို့ ပြေးတက်ကာ စက္ကူနှင့် စုတ်တံကို ယူဆောင်လာပြီး ဝယ်ယူရန် လိုအပ်သော ပစ္စည်းများကို ချရေးထားလိုက်သည်။ အားလပ်ချိန်ရသောအခါ ပစ္စည်းများအားလုံးကို သွားဝယ်ရန် ဆုံးဖြတ်လိုက်လေသည်။

"ကျိမိန်းကလေး” အားချန်သည် မိမိရေးမှတ်ရန် တစ်စုံတစ်ရာ ကျန်ရှိနေသေးသလားဟု စဉ်းစားနေစဉ်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရလေသည်။

မော့ကြည့်လိုက်သောအခါ ဖုန်းယန်၏ မသာမယာ မျက်နှာသည် နောက်တစ်ကြိမ် ပေါ်လာပြန်လေသည်။

"ဝင်ခဲ့လေ” သူ ဒီနေ့ လာတာက ပစ္စည်းတွေ လာပို့တာပဲ ဖြစ်ရမယ်။

သူမ ထင်မှတ်ထားသည့်အတိုင်းပင်။ ဖုန်းယန် ဝင်လာပြီးနောက်တွင် လူနှစ်ယောက် နောက်မှ လိုက်ပါလာသည်။ တစ်ယောက်၏ လက်ထဲတွင် အားချန် လိုအပ်သော ပစ္စည်းတချို့ကို ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်ကတော့ အဝတ်ဖြင့် ပတ်ထားသော အိုးတစ်လုံးကို ပွေ့ချီထား၏။ နောက်မှလိုက်လာသူကတော့ ဘယ်လက်တွင် ဆေးကြိတ်ဆုံကို ကိုင်ပြီး ညာလက်တွင် အလတ်စား ကျောက်ပြားတစ်ခုကို မြှောက်ကိုင်ထားလေသည်။

သူတို့သည် ပစ္စည်းများကို တိတ်တိတ်ဆိတ်ဆိတ် ချထားပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားကြ၏။

ဖုန်းယန်သည် အားချန်က ပိုင်ရှိုးမင်ထံ ရေးပေးလိုက်သော စာရင်းကို ထုတ်ယူကာ သူမနှင့်အတူ စာရင်းပါ ပစ္စည်းများကို တစ်ခုချင်း တိုက်ဆိုင်စစ်ဆေးလိုက်ပြီး အာလုံးက မှန်ကန်နေသည်။

ကျန်ရှိသော အရှားပါးဆုံး နဂါးအရိုးမှုန့်ကိုတော့ အိုးထဲတွင် ချိပ်ပိတ်ထားလေ၏။

ဖုန်းယန်သည် အိုးပေါ်မှ အနက်ရောင်အဝတ်စကို ဖြည်ချလိုက်ပြီး အဖုံးကို ဖွင့်လိုက်သည်နှင့် ရေငွေ့လုံးတစ်ခုသည် မျက်နှာပေါ်သို့ လာရောက်ရိုက်ခတ်လေသည်။

အားချန်က လက်နှိုက်ကာ အရိုးမှုန့်ကို လက်ဖြင့် ပွတ်ကြည့်လိုက်ပြီး လက်ကို ပြန်ထုတ်လာချိန်တွင် အနည်းငယ် စိုစွတ်နေသဖြင့် အရည်အသွေးကောင်း နဂါးအရိုးပင် ဖြစ်ရမည်။

အနည်းဆုံးတော့ ပိုင်ရှိုးမင်က ငါ့ကို မလိမ်ညာဘူးဆိုတာ သက်သေပြနေတာပဲ။ သူ သတ်ခဲ့တဲ့ နဂါးက သေတုန်းက နယ်ပယ်အဆင့် ၄ အဆင့် အပြည့်အဝ ရှိခဲ့တာပဲ။

ဖုန်းယန်သည် အားချန် ပစ္စည်းစစ်ဆေးပြီးသည်ကို စောင့်ဆိုင်းပြီးနောက် နှုတ်ဆက်ရန် ပြင်ဆင်လေသည်။ "ပစ္စည်းတွေ ပို့ပြီးပြီဆိုတော့ ကျွန်တော်…"

"ပြန်ဖို့ မလားပါနဲ့ဦး” အားချန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ကို တားထားလိုက်ပြီး "ဖုန်းလူကြီးမင်းလည်း ရွှယ်ကျန်းမြွေကို အမြန်ဆုံး ဖမ်းချင်မှာပဲ မဟုတ်လား။ ဒီမှာနေပြီး ကျွန်မကို နည်းနည်းပါးပါး ကူညီပေးသွားပါလား။ ငါးစာကို အမြန်ဆုံး လုပ်လို့ရအောင်ပေါ့”

ဖုန်းယန်ကလည်း ထိုစကားကို လက်ခံသွားလေသည်။

ထို့ကြောင့် သူလည်း နေရစ်ခဲ့ပြီး အားချန်အတွက် နဂါးအရိုးမှုန့်ကို နှစ်ကြိမ် စစ်ချပေးခဲ့သည်။ နဂါးအရိုးမှုန့်သည် ကြည့်လိုက်လျှင် အနည်းငယ်သာ ရှိသော်လည်း အလွန်ပင် လေးလံလှသည်ဖြစ်ရာ ဇကာကို အောက်သို့ ချလိုက်ချိန်တွင် သူ၏ လက်များပင် ညောင်းညာကိုက်ခဲလာတော့၏။။

ထို့နောက် အားချန်သည် ရိကျိအသားကို သူ့ကိုလှမ်းပေးလိုက်ပြီး အသားကို နုတ်နုတ်စင်းခိုင်းလေသည်။ ဖုန်းယန်သည်လည်း လုံ့လဝီရိယဖြင့် အသားကို လှီးဖြတ်ကာ နုတ်နုတ်စင်းပေးလိုက်သည်။

အားချန်က ဘေးတွင် အေးအေးလူလူ ရပ်နေရင်း မှတ်ချက်ပေးလိုက်၏။ "ဒီအသားက တကယ်ကို လတ်ဆတ်တာပဲ။ မင်ကျင့်စီးထဲမှာ ရိကျိတွေ မွေးထားလို့လား”

ရိကျိသည် ထူးဆန်းသော နွားတစ်မျိုးဖြစ်ပြီး ထူးခြားသော စွမ်းရည်မရှိသော်လည်း ခန္ဓာကိုယ်မှ အသားကို လှီးဖြတ်ယူပြီးနောက် နောက်တစ်နေ့တွင် ပြန်ပြီး အသားပြည့်လာနိုင်လေသည်။

အားချန်သည် ရိကျိ၏ တည်ရှိမှုကို အစောပိုင်းကတည်းက သိရှိခဲ့ပြီး ထူးဆန်းသော ကြက်မျိုးစိတ်များ ရှိ၊ မရှိကို အမြဲတမ်း ရှာဖွေလိုခဲ့သည်။ သို့မှသာ သူမသည် နေ့စဉ် ကြက်သား စားသုံးနိုင်မည်။ သို့သော် ဝမ်းနည်းစရာမှာ ထိုသို့သော ကြက်မျိုးစိတ်များ မရှိခဲ့ပေ။ ဒီခေတ်က ကြက်တွေကတော့ တကယ်ကို အသုံးမကျဘူးပဲ။

ဖုန်းယန်သည် ပါးစပ်ကို ဖွင့်ဟကာ ပြုံးလိုက်ပြီး "ဒါက ရွှီမြို့စား မွေးထားတာပါ။ ကျွန်တော်တို့ လူကြီးမင်းက မနေ့က လူလွှတ်ပြီး သွားတောင်းတော့ ရွှီမြို့စားက မပေးဘူးလေ။ ညသန်းခေါင်ကျတော့ ကျွန်တော်တို့ တိတ်တိတ်လေး သွားပြီး အမဲသား ၂ ပေါင်လောက်လှီးဖြတ်ယူခဲ့တယ်”

အားချန်မှာ အခိုက်တန့် ဆွံ့အသွားပြီး အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်၏။ "ရိကျိက လူကို အန္တရာယ်မပြုဘူးဆိုပေမဲ့ သူကလည်း မျိုးစိတ်ကွဲပဲလေ။ ရှန့်ကျင်းမြို့တော်ထဲမှာ ဒီလိုအရာတွေ မွေးမြူခွင့် မပြုဘူး မဟုတ်လား”

"အဲ့ဒီစည်းကမ်းတွေက သာမန်လူတွေ အတွက်ပါ။ ရှန့်ကျင်းမှာ အိမ်ထဲမှာ မကောင်းဆိုးဝါးတစ်ပိုင်းတွေ မွေးထားတဲ့သူတွေတောင် ရှိသေးတယ်”

"ရှင်တို့ မင်ကျင့်စီးက မစစ်ဆေးဘူးလား”

"အားလုံးက ကျွန်တော်တို့ မင်ကျင့်စီးရဲ့ ကြီးကြပ်မှုအောက်မှာ စာချုပ်ချုပ်ဆိုထားပြီးသားပါ။ ပြဿနာမဖြစ်မချင်းတော့ ပုံမှန်အားဖြင့် မစစ်ဆေးပါဘူး” ဖုန်းယန်သည် အားချန်ကို မဖုံးကွယ်ဘဲ ပြောပြလေသည်။ "မင်းလည်း သိတဲ့အတိုင်းပဲ၊ ဒီမြို့တော်ထဲက မျိုးရိုးမြင့်တွေက မငြိမ်မသက်ကြဘူး။ အပေါ်ယံမှာ ခွင့်မပြုဘူးဆိုပေမဲ့ သူတို့က တိတ်တိတ်ပုန်း မွေးမြူကြမှာပဲ။ အဲ့ဒီအစား တရားဝင်ခွင့်ပြုလိုက်ပြီး တကယ်လို့ ပြဿနာဖြစ်လာရင် တစ်ပါတည်း အပြစ်ပေးလိုက်တာက ပိုကောင်းတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်ဝမ်က ချိတ်မြွေမွေးပြီး လူစားတဲ့ မြို့စားတစ်ယောက်ကို ကွပ်မျက်လိုက်ပြီးတဲ့နောက်မှာ သူတို့တွေ ငြိမ်သွားကြတယ်”

အကြောမာလွန်းလှသည့် ရိကျိအသားကို နုတ်နုတ်စင်းပြီးနောက် ဖုန်းယန်က မနေနိုင်ဘဲ မေးတော့သည်။ "ကျိမိန်းကလေး၊ မင်း တကယ်ပဲ ဘာလုပ်နေတာလဲ”

"ကျွန်မ မပြောပြမိဘူးလား။ အမွှေးနံ့သာငါစာ လုပ်နေတာလေ”

အားချန်သည် မိမိကိုယ်တိုင် ကြိတ်ထားသော အမွှေးနံ့သာအမှုန့် တချို့ကို ရိကျိအသားစင်းထဲသို့ ထည့်လိုက်ပြီး ဖုန်းယန်ကို အသားကို ဆောင့်၍ နယ်ခိုင်းကာ သူမကတော့ နဂါးအရိုးမှုန့်ကို ထည့်ပေးလေသည်။

ထိုအသားစင်းကို တစ်ဝက်ခန့် နယ်ပြီးချိန်တွင် ဖုန်းယန်သည် တံတွေးများ စတင်မြိုချလာလေသည်။ အခြားကြောင့်မဟုတ်ဘဲ အလွန်အမင်း မွှေးကြိုင်လှသောကြောင့် ဖြစ်ပြီး သူ ဖော်ပြမတတ်သော အမွှေးနံ့တစ်ခုသည် သူ၏ နှာခေါင်းထဲသို့ တည့်တည့် တိုးဝင်လာလေသည်။

"ဒါက ဘာအနံ့လဲ” ဖုန်းယန်က မေးလိုက်သည်။

"ဒါက နဂါးခြင်ဆီရဲ့ အနံ့ပဲ” အားချန်သည် အသားစင်း၏ အနေအထားကို ကြည့်လိုက်ပြီး အဆင်ပြေပြီဟု စဉ်းစားလိုက်ပြီးနောက် သူ့ကို ရပ်တန့်ခိုင်းလိုက်လေသည်။

သူမက အသားစင်းကို အရိုးမှုန့်ထည့်ထားသော အိုးထဲသို့ ထည့်ကာ ဖုန်းယန် လက်ထဲ ထည့်ပေးလိုက်ကာ ပြောလိုက်၏။ "ဒီအိုးကို ၅ ရက်လောက် နှပ်ထားဖို့ လိုသေးတယ်။ ပြီးရင်တော့ ရှင်တို့က ဒါကိုသုံးပြီး ထောင်ချောက်ဆင်လို့ရပြီ။ ဒီအမွှေးနံ့သာငါးစာ ရှိနေသရွေ့တော့ ရွှယ်ကျန်းမြွေက သေချာပေါက် လာမှာပဲ”

ရွှယ်ကျန်းမြွေသည် နဂါးခြင်ဆီမှ ပေါက်ဖွားလာပြီး သူ၏ အားနည်းချက်မှာလည်း နဂါးခြင်ဆီပင် ဖြစ်သောကြောင့် ၎င်းတို့သည် ဤအနံ့ကို မခုခံနိုင်ချေ။

သူမ၏ မှတ်ဉာဏ်ထဲတွင် အမွှေးနံ့သာငါးစာ ဖော်စပ်နည်းများစွာ ရှိပြီး နဂါးအသည်း၊ ဖီးနစ်ငှက်ခြင်ဆီတို့၏ အနံ့များပင် ပါဝင်ကာ နဂါးမျိုးနွယ်ဝင်များကို ဖမ်းယူရန် အသုံးပြုနိုင်လေသည်။

အခြားသော အမွှေးနံ့သာငါးစာ ဖော်စပ်နည်းတစ်ခုက နဂါးနှင့် ဖီးနစ်ငှက်ကို ဖမ်းယူနိုင်သည်ဟု ဆိုသော်လည်း ပါဝင်ပစ္စည်းများကို သူမ မကြားဖူးသောကြောင့် ကြုံသလို ရေးထားခြင်းလား သို့မဟုတ် အတည်ပြုပြီးသားလား သူမ မသိချေ။

ဖုန်းယန်သည် အိုးကို သတိဖြင့် လှမ်းယူလိုက်ပြီး တစ်ချက်တွေဝေသွားပြီးမှ မေးလိုက်လေသည်။ "ကျိမိန်းကလေး၊ ဒီငါးစာကို လူ... စားလို့ရလား"

ဤအရာကို ရိကျိ အသားဖြင့် ပြုလုပ်ထားသည်ဖြစ်ပြီး ရိကျိ အသားကိုလည်း သူ မစားဖူးသည်မဟုတ်၊ ဤအစာသည်လည်း စားသုံးနိုင်မည်ဟု တွေးထင်မိလေသည်။ အဓိကအကြောင်းမှာ ဤအသားတုံးသည် အလွန်မွှေးကြိုင်ပြီး သူသည် ပထမဆုံးအကြိမ် ဤမျှလောက် စားချင်စိတ် ပြင်းပြနေခြင်း ဖြစ်လေသည်။

အားချန်သည် အနည်းငယ် ရှုပ်ထွေးသွားကာ "ဒီထဲမှာ ထည့်ထားတဲ့ အမွှေးနံ့သာတချို့က မြွေမျိုးနွယ်တွေအပေါ်မှာ ထုံကျဉ်စေတဲ့ အာနိသင်ရှိတယ်။ ရှင် စားလိုက်ရင်တော့ အဆိပ်သင့်ပြီး သေမှာမဟုတ်ပေမဲ့ ခန္ဓာကိုယ်က လပေါင်းများစွာ ထုံကျဉ်နေနိုင်တယ်။ မစမ်းကြည့်တာ အကောင်းဆုံးပဲ”

"ကောင်းပါပြီ” ဖုန်းယန်သည် စိတ်ပျက်သွားသည့် မျက်နှာဖြင့် "ဒီနေ့ မိန်းကလေးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

"ကျေးဇူးတင်စရာ မလိုပါဘူး။ ရှင်တို့ရဲ့ လူကြီးမင်းကို ကျွန်မအမေ့ရဲ့ လက်ဖွဲ့ပစ္စည်းတွေ ပြန်ပေးဖို့ သတိပေးလိုက်ရင် ရပါပြီ”

ဖုန်းယန်သည် ချောင်းတစ်ချက် အသာဟန့်လိုက်ပြီး အနည်းငယ် အနေရခက်သွားကာ မိမိ၏ သခင်သည် လူကို အနိုင်ကျင့်နေသကဲ့သို့ ခံစားလိုက်ရလေသည်။ "ရွှယ်ကျန်းမြွေကို ဖမ်းမိတာနဲ့ ကျွန်တော် ကိုယ်တိုင် ပစ္စည်းတွေ လာပို့ပေးပါ့မယ်”

အားချန်သည် အားမနာတော့ဘဲ မျက်စောင်းတစ်ချက် ထိုးလိုက်တော့သည်။ တကယ်ပဲ ပိုင်ရှိုးမင်နဲ့ တစ်ဖွဲ့တည်းပဲ။ မြွေဖမ်းမိတဲ့အထိ စောင့်ရဦးမယ်တဲ့။ နောက်နှစ်အထိ စောင့်ပါလို့ပဲ ပြောလိုက်ပါတော့လား။

သို့သော် သူမတွင် အဘယ်သို့သော နည်းလမ်းရှိမည်နည်း။ ပစ္စည်းများအားလုံးသည် သူတစ်ပါးလက်ထဲတွင် ရှိနေသည်ဖြစ်ရာ သူမသည် သည်းခံရုံသာ တတ်နိုင်လေသည်။

ထိုသူကို နှင်ထုတ်ပြီးနောက် အားချန်သည် နောက်ဖေးခြံဝင်းရှိ မီးဖိုချောင်သို့ ပြန်လာခဲ့သည်။ ခုနက သူမ အရိုးမှုန့်ထည့်ရန် အသုံးပြုခဲ့သော ပန်းကန်လုံးထဲတွင် အောက်ခြေ၌ အမှုန့်အနည်းငယ် ကျန်ရှိနေသေးသည်။

ဤအရာကို ထုတ်ရောင်းရန် မကောင်းလှပေ။ စိတ်ထားသေးသိမ်သော ပိုင်ရှိုးမင်၏ နောက်ကြောင်းပြန်လှန်ခြင်းကို ခံရနိုင်သည်။ သို့‌သော်ငြား အထူးအမွှေးနံ့သာတချို့ကို ဖော်စပ်ရန် အသုံးပြုနိုင်လေသည်။

အားချန်သည် အရိုးမှုန့်ကို ကြွေပုလင်းထဲသို့ ထည့်ကာ သေသေချာချာ သိမ်းဆည်းလိုက်ပြီး သူမ၏ ဦးနှောက်ထဲတွင် အမွှေးနံ့သာ ဖော်စပ်နည်းအသစ်များကို တွက်ချက်နေလေပြီ။

အမွှေးနံ့သာငါးစာ ဖော်စပ်ခြင်းက အချိန်သိပ် မကြာလိုက်ပေ။ အဓိကအားဖြင့် ဖုန်းယန်သည် အလုပ်လုပ်ရာတွင် အလွန် လျင်မြန်သောကြောင့်ပင်။ အားချန်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီး သူမ ယခင်က ဝယ်ယူထားသော အမွှေးနံ့သာများကို ထုတ်ယူကာ ကြိတ်ဆုံဖြင့် အမှုန့်ကြိတ်လေသည်။

အမွှေးနံ့သာ အများစုသည် ထပ်မံ ပြုပြင်ရန် မလိုအပ်ဘဲ အမှုန့်ကြိတ်ရုံဖြင့် အသုံးပြုနိုင်သော်လည်း အမှုန့်၏ နူးညံ့မှုအပေါ်တွင်တော့ သတ်မှတ်ချက်တချို့ ရှိလေသည်။

ခဏလောက် ကြိတ်ပြီးနောက်တွင် လက်များ နာကျင်လာသည်ကို ခံစားလိုက်ရပြီး လက်ဖဝါးကို လှန်ကြည့်လိုက်သောအခါ အရေပြားတနေရာက ပွန်းပဲ့သွားသည်ကို တွေ့လိုက်ရ၏။

ငါ့ဘေးမှာ ဖုန်းယန်လို အရည်အချင်းရှိတဲ့ လူတစ်ယောက် ဘယ်တော့များမှ ရှိလာမှာလဲ ဟု မနေနိုင်ဘဲ တွေးမိလေတော့၏။

မွန်းတည့်ချိန်တွင် အားချန်သည် မိမိ၏ ညံ့ဖျင်းလှသော အချက်ပြုတ်လက်ရာကို သည်းမခံနိုင်တော့ဘဲ အပြင်က ခေါက်ဆွဲဆိုင်အသစ်တွင် ကြက်ပေါင်းခေါက်ဆွဲတစ်ပွဲ သွားရောက်စားသုံးခဲ့သည်။ အရသာမှာ သာမန်ဖြစ်ပြီး ပန်းကန်တစ်ဝက်ခန့်ကို အနိုင်နိုင် စားသုံးပြီးနောက် အိမ်ပြန်လာခဲ့လေသည်။

အိမ်တံခါးဝသို့ ရောက်လာချိန်တွင် လူတစ်ဦး သူမကို စောင့်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရလေသည်။

"ရှင်က... ကျောက်အိမ်တော်ထိန်းလား”

ကျောက်မင်၏ကိစ္စ ဖြစ်ပွားပြီးနောက်ပိုင်း အားချန်နှင့် ကျောက်အိမ်တော်တို့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ရာ ယနေ့ကျမှ ကျောက်အိမ်တော်မှ အိမ်တော်ထိန်းသည် သူမကို လာရောက်ရှာဖွေခဲ့လေသည်။

ကျောက်ဖုသည် လှည့်ကြည့်လိုက်ပြီး အားချန်ကို မြင်သောအခါ အမြန်ရှေ့တိုးကာ အရိုအသေပေးလိုက်သည်။ "ဝမ်းကွဲသခင်မလေး၊ နောက်ဆုံးတော့ တွေ့ရပြီပဲ”

"ဘာကိစ္စများ ရှိလို့လဲ”

ကျောက်ဖုသည် ချီတုံချတုံ ဖြစ်သွားပြီးမှ ပြောလာခဲ့သည်။ "ဒီလိုပါ၊ သခင်ကြီးနဲ့ အဘိုးကြီးတို့ရဲ့ ရုပ်အလောင်းတွေကို အိမ်တော်ကို ပြန်ပို့ပြီးပါပြီ။ ၃ ရက်အကြာမှာ အသုဘချမှာဖြစ်လို့ မိန်းကလေး အဲ့ဒီနေ့မှာ အချိန်အားရဲ့လားလို့ သိချင်လို့ပါ"

"ကျွန်မကို ကျောက်အိမ်တော်က မကြိုဆိုဘူးလို့ ထင်နေတာ" အားချန်က လှောင်ပြောင်သလို ဆိုလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက နားလည်မှုလွဲတာတစ်ခုခု ရှိနေလို့ ဖြစ်မှာပါ"

အားချန်သည် သူနှင့် ဆက်ပြီး ငြင်းခုံမနေတော့ဘဲ မေးလိုက်၏။ "ရှင့်ကို ဘယ်သူက လွှတ်လိုက်တာလဲ"

"ကျွန်တော်တို့ကို ဒုတိယသခင်မလေးက ဝမ်းကွဲသခင်မလေးကို လာပင့်ခိုင်းလိုက်တာပါ"

"သိပါပြီ၊ ကျွန်မ လာခဲ့ပါ့မယ်”

လူတစ်ယောက်အနေဖြင့် အစရှိလျှင် အဆုံးလည်း ရှိရမည်။ သူမသည် ကျောက်အိမ်တော်မှ လူများ၏ အဆုံးသတ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်သေးသည်။

သုံးရက်အကြာတွင်တော့ အားချန်သည် ကတိအတိုင်း ကျောက်အိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်။

ယခင် ရှောင်လင်းရှီ၏ အသုဘနှင့် နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ် ကျောက်အိမ်တော်သည် အလွန်အမင်း တိတ်ဆိတ် ခြောက်သွေ့နေလေသည်။

အားချန်သည် ဤရလဒ်ကို အံ့ဩခြင်းမရှိပေ။ မကြာသေးမီက သူမ၏ အိမ်အနီးရှိ လက်ဖက်ရည်ဆိုင်မှ ပုံပြောဆရာသည်ပင် ပုံပြင်ကို ပြောင်းလဲသွားခဲ့ပြီး ပုံပြင်၏ ဇာတ်လိုက်မှာ ဇနီးကို သတ်၊ သားကို ဒုက္ခပေး၊ တိတ်တိတ်ပုန်းဇနီး မွေးမြူကာ ကျေးဇူးကန်းသော ကျောက်အရာရှိကြီး ဖြစ်နေလေရာ သူမ၏ ဦးလေးမှလွဲပြီး အခြားသူ မည်သူဖြစ်နိုင်မည်နည်း။

ကျောက်အိမ်တော်၏ အမှုသည် မည်သို့မည်ပုံ ပျံ့နှံ့သွားသည်ကို မသိချေ။ အောက်ခြေမှ ပြည်သူများ သိရှိသည်မှာ တစ်စွန်းတစ်စသာ ဖြစ်သော်ငြားလည်း ကျောက်အိမ်တော်သည် ယခုအခါတွင် မည်သည့် ဂုဏ်သတင်းမျှ မရှိတော့ချေ။

ကျောက်မင် သေဆုံးပြီးနောက်တွင်တော့ လူတိုင်းက သူ့ကို မှတ်မိသွားကြလေသည်။

ကျောက်အိမ်တော်မှ လူများ၏ နာရေးအခမ်းအနားကို ယခင် ခြံဝင်းထဲတွင်ပင် ကျင်းပဆဲဖြစ်ပြီး အိမ်တော်ထိန်းကို မေးမြန်းကြည့်မှ ကျောက်အိမ်တော်က လူသုံးယောက်အတွက်သာ အသုဘအခမ်းအနား ပြုလုပ်ခဲ့ပြီး ထိုစူးဖူးရန်၏ ရုပ်အလောင်းကိုတော့ ကျောက်အိမ်တော်သို့ ပြန်လည်ပို့ဆောင်ပြီးနောက် ကျောက်ဝမ်ယွဲ့က လူများကို ဖျာတစ်ချပ်ဖြင့် လိပ်ကာ သုသာန်သို့ ပစ်ခိုင်းခဲ့ကြောင်း သိရှိလိုက်ရလေသည်။

"ကျောက်ဝမ်ချီရော" အားချန်က ထပ်မံမေးလိုက်သည်။

အိမ်တော်ထိန်းသည်လည်း မဖုံးကွယ်ဘဲ ပြန်ပြောလေသည်။ "ဝမ်ချီသခင်လေးက လန့်ဖျပ်ပြီး စိတ်ဖောက်ပြန်သွားပါတယ်။ သူက မွေးစားထားတာဖြစ်ပြီး ကျွန်တော်တို့ ကျောက်အိမ်တော်က လူမဟုတ်တဲ့အတွက် သခင်မလေးက နှင်ထုတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက အိမ်တံခါးအပြင်ဘက်မှာ လှည့်ပတ်နေသေးပေမဲ့ ဒီရက်ပိုင်းတော့ ဘယ်ရောက်သွားလဲ မသိတော့ပါဘူး"

အားချန်သည် ဆက်မမေးမြန်းတော့ချေ။

ဤအဆုံးသတ်သည် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သော်လည်း ကျောက်ဝမ်ယွဲ့သည် အမှန်ပင် ယခင်ကဲ့သို့ပင် သွေးအေးစက်စက်နိုင်လှပေသည်။

သူက သူစိမ်းတွေအပေါ် ဒီလိုဆက်ဆံသလို ကိုယ့်အမေအရင်းကိုလည်း ဒီလိုပဲ ဆက်ဆံခဲ့တာပဲ။ သူက တကယ်တော့ ကိုယ့်ကိုယ်ကိုပဲ ချစ်တာ။

နာရေးအခမ်းအနားသို့ သွားရာလမ်းတွင် အိမ်တော်ထိန်းသည် အားချန်ကို ကျောက်ဝမ်ယွဲ့က လွန်ခဲ့သော နှစ်ရက်ခန့်က ဘုန်းကြီးတစ်ဖွဲ့ကို အိမ်တော်သို့ ပင့်ဖိတ်ကာ ကျမ်းစာများရွတ်ခဲ့ကြောင်း၊ အဘိုးအဘွားနှင့် သူမ၏ ဖခင်တို့၏ ဝိညာဉ်များ မကျွတ်မလွတ်ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဟု ကြားသိရကြောင်း ပြောပြလေသည်။

သူ့အမေက နာနာဘာဝ ဖြစ်သွားတာက သူ့ကို သင်ခန်းစာပေးလိုက်ပုံရတယ်။ ဒီတစ်ခါတော့ ခေါင်းတလားကို သံမှိုမရိုက်ရဲတော့ဘူးပေါ့လေ။

အားချန်သည် နာရေးအခမ်းအနားတွင် အမွှေးတိုင်ထွန်းရန် သွားရောက်သောအခါ အတွင်းတွင် တန်းစီချထားသော ခေါင်းတလား သုံးလုံးကို တွေ့မြင်လိုက်ရပြီး ခေါင်းတလားများဘေးတွင် ဘုန်းကြီးသုံးပါးက ကောင်းရာသုဂတိရောက်စေကြောင်း ဆုတောင်းမေတ္တာ ပို့သနေကြလေသည်။

သူ့အဖေ လာရှာမှာကို တော်တော်ကြောက်နေပုံပဲ။ လူတိုင်းက သေဆုံးပြီးနောက် တစ္ဆေဖြစ်မလာနိုင်ကြောင်း၊ နာနာဘာဝအဖြစ် ပြောင်းလဲနိုင်ခြင်းသည် ထူးခြားသော်လည်း ထိန်းချုပ်မရသော ကံကြမ္မာတစ်မျိုးဖြစ်ကြောင်းကိုတော့ အားချန် သူမကို မပြောပြခဲ့ပေ။

သူမက အမွှေးတိုင်ထွန်းပြီးနောက် ကျောက်ဝမ်ယွဲ့သည် သူမထံသို့ လျှောက်လာခဲ့လေသည်။

ရက်အနည်းငယ်အတွင်း ဆက်တိုက် ဝမ်းနည်းပူဆွေးဖွယ်ရာများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ကျောက်ဝမ်ယွဲ့သည် သိသိသာသာ ပိန်လှီသွားပြီး အားချန်ကို မြင်လိုက်ရချိန်တွင် ယခင်ကဲ့သို့ စူးရှထက်မြက်ခြင်း မရှိတော့ချေ။

"ဒီနေ့ နင် လာပေးတာ ကျေးဇူးတင်ပါတယ်”

သူမ၏ဖခင် သေဆုံးပြီးနောက် နေ့စဉ် ရင်းနှီးခင်မင်စွာ ဆက်ဆံခဲ့သော မိတ်ဆွေအပေါင်းအသင်းများသည် မရှိခဲ့သည့်အလား မည်သူတစ်ဦးတစ်ယောက်မှ အမွှေးတိုင်တစ်တိုင် လာရောက်ထွန်းညှိခြင်း မရှိခဲ့ချေ။

ကျောက်ဝမ်ယွဲ့သည် စိတ်ထဲတွင် ဝမ်းနည်းဒေါသထွက်နေသော်လည်း မည်သူ့ကို ရင်ဖွင့်ရမည်ကို မသိချေ။

သူမသည် ကျိချန် အမှန်တကယ် လာရောက်လိမ့်မည်ဟု မထင်မှတ်ခဲ့သောကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိလေသည်။

"နောင်ဆိုရင် နင် ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ" အားချန်က သူမကို မေးလိုက်၏။

မျှော်လင့်ထားသော အဖြေမှာ ဇာတိမြေသို့ ပြန်ပြီး သုံးနှစ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် နေထိုင်ရန် ဖြစ်သော်လည်း ကျောက်ဝမ်ယွဲ့ကတော့ အမြဲတမ်း လူကို အံ့အားသင့်စေနိုင်လေသည်။

သူမက ပြောလေသည်။ "လွန်ခဲ့တဲ့ နှစ်ရက်က ရွှဲသခင်လေး လာတောင်းရမ်းတယ်။ ငါ သဘောတူလိုက်ပြီ"

"တောင်းရမ်းတယ် ဟုတ်လား" အားချန်၏ အသံသည် အနည်းငယ် မြင့်တက်သွားပြီး "နင် သူ့ကို လက်ထပ်မလို့လား"

ကျောက်ဝမ်ယွဲ့သည် နာကျင်စရာနေရာကို ထိမိသွားသည့်အလား မျက်နှာပျက်သွားပြီးနောက် ခက်ခက်ခဲခဲဖြင့် စကားလုံးအနည်းငယ်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။ "သူက ငါ့ကို မယားငယ်အဖြစ် တော်ကောက်ချင်တယ်”

အားချန်၏ မျက်နှာအမူအရာသည် အလွန်ထူးဆန်းနေသဖြင့် ကျောက်ဝမ်ယွဲ့သည် သူမက မိမိကို အထင်သေးသည်ဟု ထင်မှတ်ကာ မိမိကိုယ်ကို ခုခံချေပလေတော့သည်။ "အခု ကျောက်အိမ်တော်မှာ မျိုးရိုးကို ဆက်ခံမယ့်သူ မရှိတော့ဘူး။ အဖေ့ရဲ့ ဂုဏ်သတင်းလည်း မရှိတော့ဘူး။ ဘယ်မိသားစုကများ ငါ့ကို လက်ထပ်ချင်မှာလဲ"

အဲ့ဒါတော့ ပြောမရဘူးလေ။ အားချန်က စိတ်ထဲတွင် တွေးလိုက်သည်။ စံနှုန်းကို ဒီလောက်မြင့်မားမထားဘူးဆိုရင် တရားဝင်ဇနီးအဖြစ် လက်ထပ်မယ့်သူကို ရှာရတာ မခက်ပါဘူး။

သူမသည် ယခုအခါတွင် ကျောက်မင်၏ အမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆနိုင်သော်လည်း ကျောက်အိမ်တော်တစ်ခုလုံး၏ ပိုင်ဆိုင်မှုများသည် သူမ၏ လက်ဝယ်တွင် ရှိနေလေပြီ။ ပိုင်ဆိုင်မှုများ ရှိနေသရွေ့ စိတ်ဝင်စားသူများ ရှိနေမည်သာပင်။

ပြောရရင်တော့ သူက ရွှဲမင်ထန်ကို စွန့်လွှတ်နိုင်ခြင်း မရှိသေးတာပဲ။

ရွှဲမင်ထန်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ သူက ကျောက်အိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို မစွန့်လွှတ်နိုင်ရုံသာမက သူ့ရဲ့ တရားဝင်ဇနီးနေရာကိုလည်း ပေးဖို့ နှမြောနေတာပဲ။

အားချန်သည် သူမ၏ ရွေးချယ်မှုကို ဝင်ရောက်စွက်ဖက်ရန် စိတ်မပါသော်လည်း ရှောင်လင်းရှီကို သတိရသွားသောအခါ စကားတစ်ခွန်း ပိုပြောလိုက်မိလေသည်။ "နင် သေချာစဉ်းစားပါ။ သူတစ်ပါးရဲ့ မယားငယ်အဖြစ် နေထိုင်ရတာက ရွေးချယ်မှုကောင်းတစ်ခု မဟုတ်ဘူး"

"ငါ စဉ်းစားပြီးပါပြီ။ ရွှဲသခင်လေးကလည်း ငါ့ကို ကတိပေးထားတယ်။ နောက်ပိုင်း သူ့မိဘတွေက ငါ့ကို လက်ခံနိုင်တဲ့အခါကျရင် ငါ့ကို တရားဝင်ဇနီးအဖြစ် တင်မြှောက်ပေးမယ်တဲ့”

အားချန်သည် အဘယ်သို့သော စကားကို ဆက်ပြောနိုင်မည်နည်း။ သူမ၏ ဆန္ဒများ ပြည့်ဝပါစေဟုသာ ဆုတောင်းပေးနိုင်တော့သည်။

မကြာမီ အသုဘအခမ်းအနား အချိန်သို့ ရောက်ရှိလာသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာသေးပေ။ အားချန်သည် ဘေးမှ ကျောက်ဝမ်ယွဲ့ကို မေးလိုက်သည်။ "နင့်ရဲ့ ရွှဲသခင်လေးက နင့်အဖေကို အမွှေးတိုင်တစ်တိုင် လာမထွန်းပေးဘူးလား"

ကျောက်ဝမ်ယွဲ့က သူ့ကိုယ်စား ရှင်းပြလေသည်။ "ရွှဲသခင်လေးက မလာချင်လို့ မဟုတ်ပါဘူး။ သူက ဒဏ်ရာရထားလို့ အိမ်မှာ အနားယူနေရလို့ မလာနိုင်တာပါ"

ရွှဲမင်ထန် မလာခဲ့သော်လည်း ရွှဲအိမ်တော်မှ အိမ်တော်ထိန်းတစ်ဦးကို လွှတ်လိုက်လေသည်။

အားချန် စကားဆုံးသည်နှင့် ရွှဲအိမ်တော်မှ အိမ်တော်ထိန်းသည် ဝင်ရောက်လာလေသည်။ သူ၏ မျက်နှာအမူအရာသည် အနည်းငယ် မောက်မာနေပြီး နာရေးအခမ်းအနားသို့ ဝင်ရောက်လာပြီးနောက် အမွှေးတိုင်သုံးတိုင်ကို တိုက်ရိုက် ထွန်းညှိလိုက်သည်။ လှည့်ထွက်လာသောအခါတွင်လည်း ကျောက်ဝမ်ယွဲ့က သူ့ကို အရင်ဆုံး အရိုအသေပေးသည်ကို စောင့်ဆိုင်းပြီးမှ ခေါင်းတစ်ချက် ညိတ်ပြလေသည်။

ထိုအိမ်တော်ထိန်းသည် အခြေအနေကို လုံးဝ ဂရုမစိုက်ဘဲ ကျောက်ဝမ်ယွဲ့ကို ပြောလာ၏။ "ကျောက်မိန်းကလေး၊ သန်ဘက်ခါ ကျွန်တော်တို့ ရွှဲအိမ်တော်ရဲ့ ဝေါယာဉ်က မင်းကို လာခေါ်ပါလိမ့်မယ်”

"ဘာလို့ ဒီလောက် အလျင်စလိုလုပ်ရတာလဲ။ ရွှဲသခင်လေးက ပြောထားတာက…"

အိမ်တော်ထိန်းသည် စိတ်မရှည်စွာဖြင့် သူမ၏ စကားကို ဖြတ်ပြောလိုက်လေသည်။ "ဒါက ကျွန်တော်တို့ သခင်မရဲ့ အမိန့်ပါ။ ကျွန်တော်တို့ သခင်လေးက ဒဏ်ရာရထားတော့ ကျောက်မိန်းကလေး အိမ်တော်ကို ဝင်လာရင် ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးနိုင်မှာပါ။ ဒါမှမဟုတ် ကျောက်မိန်းကလေးက မလိုလားလို့လား”

ကျောက်ဝမ်ယွဲ့သည် ပါးစပ်ပိတ်လိုက်ပြီး အတန်ကြာမှ ခေါင်းညိတ်ကာ "သိပါပြီ။ ကျွန်မ ပြင်ဆင်ထားပါ့မယ်”

ထိုအခါမှ အိမ်တော်ထိန်းက ကျေနပ်သွားသည့် အမူအရာဖြစ်သွားကာ မထွက်ခွာမီတွင် ထပ်ပြောသွားလိုက်သေးသည်။ "ဟုတ်သားပဲ၊ ကျောက်မိန်းကလေး လက်ဖွဲ့ပစ္စည်းတွေကိုလည်း ပြင်ဆင်ထားပါ။ အဲ့ဒီအချိန်ကျရင် အိမ်တော်က လူလွှတ်ပြီး လာသယ်ပါလိမ့်မယ်"

ရွှဲအိမ်တော်မှ အိမ်တော်ထိန်း ထွက်ခွာသွားပြီး မကြာမီမှာပင် နောက်ထပ် လူတစ်ဦး ဝင်ရောက်လာပြန်လေသည်။

ထိုသူသည် အသက်လေးဆယ်ကျော်ခန့် ရှိပြီး ရုပ်ရည်မှာ ယဉ်ကျေးသိမ်မွေ့ကာ ချောမောလှပပြီး အဖြူရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားရာ စာပေပညာရှင်တစ်ဦးနှင့် တူသည်။

ကျောက်အိမ်တော်မှ အိမ်တော်ထိန်းသည် အလျင်အမြန် ဝင်ရောက်လာပြီး ကျောက်ဝမ်ယွဲ့၏ နားနားကပ် ပြောလိုက်၏။ "သခင်မလေး၊ ဒီပုဂ္ဂိုလ်က ရာဇဝတ်မှုဌာနမှ လက်ဝဲလက်ထောက်ဝန်ကြီး ယန်လိရူ လူကြီးမင်းပါ" အားချန်သည်လည်း အိမ်တော်ထိန်း၏ စကားကို ကြားလိုက်ရပြီး မျက်ခုံးပင့်မိလေသည်။ တကယ့် အကြီးအကဲတစ်ယောက်ပဲ။

ယန်လူကြီးမင်းသည် အမွှေးတိုင်ထွန်းပြီးနောက် ကျောက်ဝမ်ယွဲ့ထံသို့ လှည့်လာသည်တွင် ကျောက်ဝမ်ယွဲ့သည်လည်း ချက်ချင်း အရိုအသေပေးလိုက်ပြီး ထိုယန်လူကြီးမင်းသည်လည်း ပြန်လည်အရိုအသေပေးလေသည်။

သူသည် ကျောက်ဝမ်ယွဲ့ကို ကြည့်ကာ သက်ပြင်းတစ်ချက်ချရင်း ဆိုလေသည်။ "ကျွန်တော်နဲ့ ကျောက်ညီလေးက ဆရာတစ်ဦးတည်းက ဆင်းသက်လာတာပါ။ နောက်ပိုင်း မင်းမှာ အခက်အခဲတစ်ခုခု ရှိခဲ့ရင် အိမ်တော်ကို လာရှာနိုင်ပါတယ်"

ဤစကားကို ကြားလိုက်ရသော လူတိုင်း အံ့ဩသွားကြသည်။ ဤသူကား ရာဇဝတ်မှုဌာနမှ လက်ဝဲလက်ထောက်ဝန်ကြီး၊ တတိယတန်း အဆင့်ရှိ အရာရှိကြီးဖြစ်ပြီး သူ၏ စကားသည် သာမန်မဟုတ်ဘဲ အလွန်အရေးပါလေသည်။

ကျောက်ဝမ်ယွဲ့သည်လည်း မသိနားမလည်သူတော့မဟုတ်။ မျက်လုံးထဲတွင် ဝမ်းမြောက်ရိပ်များ ယှက်သန်းသွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ဦးလေးကို ကျေးဇူးတင်ပါတယ်"

ယန်လိရူက ခေါင်းအသာညိတ်ပြပြီး သူ့ကို စူးစမ်းသလို ကြည့်နေသော အားချန်ကို လှမ်းကြည့်ကာ သူမကို ပြုံးပြလိုက်ပြီးမှ ထွက်ခွာသွားလေသည်။

"ဒီယန်လူကြီးမင်းကတော့ တကယ်ကို လူကောင်းတစ်ယောက်ပဲ" ကျောက်အိမ်တော်ထိန်းသည်လည်း မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်။

"ယန်လူကြီးမင်းက ဦးလေးနဲ့ ဆရာတစ်ဦးတည်းက ဆင်းသက်လာတယ်လို့ ပြောတယ်။ သူတို့ရဲ့ ဆရာက ဘယ်သူလဲ" အားချန်က သိလိုစိတ်ဖြင့် မေးလိုက်၏။

ကျောက်ဝမ်ယွဲ့က မသိသော်လည်း အိမ်တော်ထိန်း ကျောက်ဖုကတော့ သိရှိလေသည်။

ကျောက်ဖု၏ မျက်နှာအမူအရာက အနည်းငယ် ဝမ်းနည်းသွားကာ "တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးဟောင်း ချန်လူကြီးမင်းလေ။ အရမ်း ပညာရှိတယ်လို့ ဆိုကြပါတယ်။ အခု နာမည်ကျော်ကြားနေတဲ့ ချီပညာရှိကြီးတောင် ချန်လူကြီးမင်းရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ချန်လူကြီးမင်း အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် သခင်ကြီးက ဒီအကြောင်းကို ထပ်မပြောတော့ပါဘူး"

"အဲ့ဒီ ချန်လူကြီးမင်းကတော့ တော်တော်ကို တော်တာပဲ။ ဦးလေးနဲ့ ယန်လူကြီးမင်းလို အရာရှိကြီးတွေကို ဆက်တိုက် မွေးထုတ်ပေးနိုင်ရုံသာမက ပညာရှိကြီးကိုတောင် မွေးထုတ်ပေးနိုင်သေးတယ်” အားချန်က စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။

"ဟုတ်တယ် မဟုတ်လား။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ မိစ္ဆာတွေရဲ့ ဘေးဒဏ်ကို ခံခဲ့ရပြီး နောက်ဆုံးမှာ ရုပ်အလောင်းကိုတောင် အစားခံခဲ့ရတယ်"

ဤသည်မှာ အားချန်အတွက် ဒုတိယအကြိမ်မြောက် တော်ဝင်ကျောင်းတော် ကျောင်းအုပ်ကြီးဟောင်းအကြောင်း ကြားလိုက်ရခြင်းဖြစ်ကာ တိုက်ဆိုင်လွန်းနေသည်။

အကယ်၍ ထိုချန်လူကြီးမင်းသာ အသက်ရှင်နေသေးမည်ဆိုလျှင် သူ၏ တပည့်များ၏ အကူအညီဖြင့် ကောင်းမွန်စွာ နေထိုင်နိုင်မည်မှာ သေချာသည်။ တကယ်ကို ကံဆိုးတာပဲ ဟု တွေးလိုက်မိ၏။

"အဲလိုပြောလို့ လွန်ခဲ့တဲ့ နှစ်ရက်က ယန်လူကြီးမင်းက လမ်းပိတ်ဆို့တားဆီးတဲ့ အမျိုးသမီးတစ်ယောက်ကို အမှုမှန်ပေါ်အောင် ကူညီပေးခဲ့တယ်လို့ ကြားတယ်။ အခု ရှန့်ကျင်းက ပြည်သူတွေက ယန်လူကြီးမင်းကို ပြည်သူ့တရားရှင်ယန်လို့တောင် ခေါ်နေကြပြီ။ ယန်လူကြီးမင်းရဲ့ ကတိစကားရှိနေမှတော့ နောင်ဆိုရင် သခင်မလေးအတွက် အာမခံချက်တစ်ခု ရသွားတာပေါ့" အိမ်တော်ထိန်းက ထပ်မံပြောလိုက်သည်။

ကျောက်ဝမ်ယွဲ့က ပြုံးကာ ပြောလိုက်၏။ "ရွှဲသခင်လေးနဲ့ ယန်လူကြီးမင်းက ရာဇဝတ်မှုဌာနကနေ လာတာပဲ။ ယန်လူကြီးမင်းရဲ့ မျက်နှာကို ထောက်ထားပြီးတော့တောင် ရွှဲသခင်လေးက ကျွန်မအပေါ် ကောင်းမှာပါ"

သူမသည် အမှန်ပင် ကုရာနတ္ထိ ဆေးမရှိတော့ပေ။ မည်သည့်ကိစ္စမဆို ရွှဲမင်ထန်နှင့် ဆက်စပ်တွေးတောနေလေသည်။

အားချန်သည် တစ်ခါတစ်ရံတွင် ရှောင်လင်းရှီက ကျောက်ဝမ်ယွဲ့ကို မွေးဖွားစဉ်က ဦးနှောက်ကို မွေးဖွားပေးရန် မေ့လျော့သွားခဲ့သလားဟုပင် သံသယဝင်မိလေသည်။

"ဒါဆိုရင်တော့ ပြောင်မေ့အတွက် ဝမ်းသာပါတယ်" အားချန်၏ လေသံတွင် ဝမ်းမြောက်မှု အရိပ်အယောင်မှ စိုးစဉ်းမျှ မတွေ့ရချေ။

ကျောက်ဝမ်ယွဲ့ကတော့ သူမက အမှန်တကယ် ဝမ်းသာနေသည်ဟု ထင်မှတ်ကာ မျက်နှာပေါ်မှ ဝမ်းမြောက်ရိပ်ကို ဖုံးကွယ်မထားနိုင်တော့ချေ။

မကြာမီ အသုဘအခမ်းအနား အချိန်သို့ ရောက်ရှိလာပြီး ကျောက်ဝမ်ယွဲ့သည် အိမ်တော်ထိန်း၏ အကူအညီဖြင့် နာရေးအခမ်းအနား အစီအစဉ်များကို ဆက်လက်ဆောင်ရွက်လေသည်။ မကြာသေးမီကမှ တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးသောကြောင့် ယခုတစ်ကြိမ်တွင် သူမသည် အလွန် ကျွမ်းကျင်နေပုံရလေသည်။ အားချန်သည် အမွှေးတိုင် ထွန်းပြီးဖြစ်သောကြောင့် ကျောက်အိမ်တော်တွင် ဆက်လက်နေထိုင်ရန် အစီအစဉ် မရှိတော့ပေ။ မထွက်ခွာမီတွင် အားချန်သည် ကျောက်ဝမ်ယွဲ့ကို ပြောလိုက်သည်။ "နောက်ဆိုရင် ပြောင်မေ့ ရွှဲအိမ်တော်မှာ အဆင်မပြေဖြစ်ခဲ့ရင် လူလွှတ်ပြီး ကျွန်မကို ပြောနိုင်ပါတယ်

"ဖြစ်မှာ မဟုတ်ပါဘူး" ကျောက်ဝမ်ယွဲ့က ပြတ်ပြတ်သားသား ဆိုလေသည်။

အားချန်လည်း ဘာမှ ထပ်မပြောတော့ချေ။ သူမနှင့် ရှောင်လင်းရှီ၏ သံယောဇဉ်သည် ဤစကားတစ်ခွန်းတွင်သာ ကျန်ရှိတော့လေသည်။

...

All Chapters