← Chapters

သူမသည် ဤသို့ပင် ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည် ...

Vol. 3 Ch. 29

သူမသည် ဤသို့ပင် ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည် ...

Vol. 3 Ch. 29

မျက်စိတစ်မှိတ်အတွင်း နွေဦးကာလသည် ကုန်လွန်ခဲ့ပြီး သွားလာလှုပ်ရှားနေကြသည့် လူများကလည်း ပါးလွှာသည့် အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်နေကြပြီ။

အားချန်သည် ခန္ဓာကိုယ် အားနည်းသူဖြစ်သဖြင့် တစ်ခါတစ်ရံတွင် သူမ၏ ခြေလက်များက အေးစက်နေတတ်သေးသည်။ ထို့ကြောင့် သူမက သက်ကြီးရွယ်အို များကဲ့သို့ပင် ရာသီဥတု သာယာသောအခါများတွင် ခုံတစ်လုံးကို အပြင်သို့ သယ်ထုတ်ကာ တံခါးနားတွင် ထိုင်ပြီး နေပူစာလှုံလေ့ရှိသည်။

သူဌေးရွှီကလည်း အားလပ်ချိန်ရလျှင် အပြင်တွင် ထိုင်ရခြင်းကို သဘောကျလေသည်။ တခါတလေ စိတ်ကြည်လင်နေပါက အနီးအနားက ကလေးများကို ပုံပြင်များ ပြောပြတတ်သည်။

မကြာသေးခင်က သူ၏ဆိုင်တွင် ပုံပြင်စာအုပ်အသစ်များ ရောက်ရှိလာပြီး ပုံပြင်များကလည်း အသစ်အဆန်းများ ဖြစ်ကြသည်။ ယနေ့တွင် သူဌေးရွှီသည် သူ၏ဘေးတွင် ထိုင်နေသည့်ကလေးတချို့ကို ယန်ချင်းထျန်း (ပြည်သူတရားရှင်ယန်) ၏ ပုံပြင်များကိုပြောပြလို့နေသည်။

အားချန်က မျက်လုံးများကို တစ်ဝက်လောက် စင်းထားလိုက်ပြီး နေရောင်ခြည်အောက်တွင် နွေးထွေးမှုကိုခံစားရင်း သူဌေးရွှီ၏ ပုံပြင်ကို နားစွင့်နေမိ၏။

ပုံပြင်စာအုပ်ကို ရေးသားသူက တော်တော်လေးကို အရည်အချင်းရှိပြီး အစောပိုင်းတွင် အကြောင်းအရာများကို မြှုပ်ထားကာ နောက်ပိုင်းမှ တဖြည်းဖြည်း ဖော်ထုတ်လာခဲ့သည်။

အစပိုင်းတွင် ပုံပြင်ဇာတ်လိုက်၏ ဘဝဇာတ်ကြောင်းက မည်မျှဆိုးဝါးလှသည်ကို ရေးသားထားပြီး မိသားစုတစ်စုလုံး မတရားသဖြင့် သေဆုံးခဲ့ရကာ တိုင်ကြားစရာ နေရာမရှိခဲ့ရကြောင်း ဖော်ပြထား၏။ ထို့နောက်တွင်တော့ ဇာတ်လိုက်သည် အခက်အခဲပေါင်းများစွာကို ကျော်လွှားကာ ရှန့်ကျင်းသို့ ရောက်ရှိလာခဲ့ပြီး တိုင်ကြားရန်နည်းလမ်းမရှိ ဖြစ်နေခဲ့၏။ နောက်ဆုံးတွင်တော့ ပြည်သူ့တရားရှင်ယန် နှင့်တွေ့ဆုံကာ သူ၏ ဝေါယာဥ်ကိုတားဆီးပြီး မတရားမှုကို အော်ဟစ်ကာ တိုင်ကြားခဲ့ကြောင်း ရေးသားထားလေသည်။ နောက်ဆုံးတွင်တော့ "ပြည်သူ့တရားရှင်ယန်" ၏ အကူအညီဖြင့် တကယ့်တရားခံသည် ဥပဒေအရ အပြစ်ပေးခံရပြီး ပျော်ရွှင်ဖွယ် အဆုံးသတ်လေးဖြင့် ပြီးဆုံးသွားခဲ့၏။

သူဌေးရွှီက ပုံပြောပြပြီးသည်နှင့် သူ့ကိုဝိုင်းရံနေသည့် ကလေးများကလည်း "ပြည်သူ့တရားရှင်ယန်" ဟု ချက်ချင်းအော်ဟစ်ကာ ဆူညံပွက်လော ရိုက်သွားလေတော့သည်။

အားချန်ကတော့ ပုံပြင်ကိုနားထောင်ပြီးနောက် နေမင်းကြီးကို ကြည့်လိုက်သည်တွင် နေ့လယ်စာစားချိန် နီးကပ်လာပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။ သူမကမိမိကိုယ်တိုင် ချက်ပြုတ်ထားသည့် အရသာမရှိသည့် ထမင်းဟင်းနှင့် အပြင်ကအရသာ မရှိလှသည့် ခေါက်ဆွဲများကြားတွင် ဗျာများနေတော့သည်။

ပိုကောင်းတာ စားချင်ရင်တော့ နှစ်လမ်းကျော်လောက် အထိသွားရမယ်။ ဒါပေမဲ့ အဲလောက်ထိလည်း မသွားချင်ဘူး။

“ဪ ဟုတ်သားပဲ မိန်းကလေးကျိ။ လမ်းအတွင်းထဲမှာ အခုတလော စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ထားတယ်။ မင်းစားကြည့်ပြီးပြီလား" သူဌေးရွှီသည် အားချန်က ထရပ်လိုက်သည်ကို မြင်လိုက်သောအခါ သူမဘက်သို့ လှည့်ကာပြောလိုက်၏။

"ဘယ်တုန်းက ဖွင့်ထားတာလဲ" အားချန်ကလည်း သိလိုစိတ်ဖြင့် မေးလိုက်၏။ သူမသည် လမ်းထိပ်သို့ မသွားဖြစ်သည်မှာ အချိန်တစ်ခု ရှိသွားပြီဖြစ်၏။

"ပြီးခဲ့တဲ့နှစ်ရက် လောက်တုန်းကပဲ အဲဒီစားသောက်ဆိုင်က ဆိုင်ရှင်မရဲ့ လက်ရာက တော်တော်လေး ကောင်းတယ်။ မိန်းကလေးကျိ သွားမြည်းကြည့်သင့်တယ်"

သူဌေးရွှီသည် အားချန်နှင့် သူ၏ အစားအသောက်ဆိုင် အတွေ့အကြုံများကို ဝေမျှခြင်းကို အလွန်နှစ်သက်လေသည်။ အကြောင်းမှာ သူမကလည်း အမြဲတမ်း အားပေးထောက်ခံ တတ်သောကြောင့်ပင်။

အားချန်က အကြံပေးချက်ကို လိုက်နာကာ လမ်းအတွင်းဘက်သို့ ထွက်ခွာလာခဲ့ပြီး တဝက်တပျက်လောက် လျှောက်လာသည့်အချိန်တွင် အသစ်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ကို အမှန်ပင် တွေ့လိုက်ရလေသည်။

လမ်းဘေးရှိဆိုင်များသည် လမ်းအတွင်းဖက် ရောက်လေလေ စီးပွားရေးပိုပြီး ခြောက်ကပ်လေလေ ဖြစ်သော်ငြားလည်း ထိုစားသောက်ဆိုင်ကတော့ မျှော်လင့်မထားဘဲ စားသုံးသူများ အတော်အတန် များပြားလို့နေ၏။

အားချန်က ဆိုင်အတွင်းသို့ ဝင်လိုက်ချိန်တွင် အခန်းထဲက စားပွဲတိုင်းတွင် ဧည့်သည်များ ထိုင်နေကြပြီဖြစ်သည်။

သူမကလည်း အလျင်စလို မထွက်လာခဲ့ဘဲ ဆိုင်ထဲကို တစ်ချက်လောက် အကဲခတ် ကြည့်လိုက်၏။ ဆိုင်သည် မကျယ်ဝန်းလှဘဲ နံရံတွင် စားပွဲရှည်နှစ်လုံးကို ကပ်ပြီးချထားကာ ဧည့်သည်ခြောက်ယောက် ထိုင်နိုင်လေသည်။

တခြားဘက် နံရံတွင်လည်း လေးထောင့်စားပွဲ နှစ်လုံးကိုချထားပြီး စားပွဲများကို ပေါင်းလိုက်ပါက လူရှစ်ယောက်လောက် ထိုင်နိုင်သည်။

နံရံတွင် စားသောက်ဖွယ်ရာ ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားပြီး ယနေ့ရရှိနိုင်သည့် အစားအစာများကို ရေးသားထားကာ နှစ်မျိုးစလုံးမှာတော့ ခေါက်ဆွဲဖြစ်ပြီး တစ်မျိုးက ခေါက်ဆွဲပြုတ်ဖြစ်သည်။ ကျန်တစ်မျိုးကတော့ ကြက်သားမျှင် ခေါက်ဆွဲဖြစ်၏။

ခေါက်ဆွဲပြုတ်က ၇ ဝမ်၊ ကြက်သားမျှင် ခေါက်ဆွဲက ၈ ဝမ်ဖြစ်ပြီး အပြင်ဘက်မှ ခေါက်ဆွဲဆိုင်များထက် ဝမ် ၂ ဝမ်ပိုပြီးစျေးကြီး သော်ငြားလည်း စားသောက်သူများကတော့ ခေါင်းငုံ့ကာ အားရပါးရ စားသောက်နေကြသည်ကို မြင်လိုက်ရသည်တွင် အားချန်သည်လည်း မြည်းစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်လေတော့သည်။

ထိုအချိန်တွင် မီးဖိုချောင်နှင့် အရှေ့ဘက်ခန်းကို ခြားထားသည့် ခန်းဆီးသည် ပင့်တက်လာပြီး ဆိုင်ရှင်က မီးဖိုချောင်ထဲကနေ အော်မေးသံကို ကြားလိုက်ရ၏။ "အသားမျှင် ခေါက်ဆွဲနဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲ ဘယ်ဧည့်သည်အတွက်လဲ"

အားချန်၏ ဘေးစားပွဲက ခပ်ဝဝ ဦးလေးကြီးတစ်ယောက်က ထရပ်လိုက်ကာ ပြန်ဖြေလိုက်၏။ "ဒီဘက်မှာ"

သူသည် ဝမ် ၁၃ ဝမ်ကို ရေတွက်ကာ ခန်းဆီးနောက်ကွယ်က ငွေသေတ္တာထဲသို့ ပစ်ထည့်လိုက်ပြီး ခေါက်ဆွဲနှစ်ပွဲကို ကိုယ်တိုင်ယူဆောင်ကာ နေရာသို့ ပြန်လာခဲ့လိုက်လေသည်။

ထိုအချိန်တွင် ဧည့်သည်တစ်ဦးက စားသောက်ပြီး ထွက်ခွာသွားသည်နှင့် ဆိုင်ရှင်မသည် ပန်းကန်ပြားကို သိမ်းဆည်းရန် ထွက်လာပြီး အားချန်ကို မြင်လိုက်ရချိန်တွင် ပြုံးကာ မေးလိုက်၏။ "မိန်းကလေး ဘာစားမလဲ"

"ကြက်သားမျှင် ခေါက်ဆွဲတစ်ပွဲ စားမယ်"

"မိန်းကလေး ခဏစောင့်နော်" ဆိုင်ရှင်မသည် ပန်းကန်ပြားကို လျင်မြန်စွာ ယူဆောင်သွားလိုက်ပြီး မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားကာ သူမအတွက် ခေါက်ဆွဲလုပ်ပေးရန် သွားလိုက်ပုံရသည်။

အားချန်သည် အနည်းငယ် အံ့အားသင့်သွားတော့၏။ သူမသည် ဒီဆိုင်ရှင် အမျိုးသမီးကို မြင်ဖူးလေသည်။

အဲဒီနေ့က လက်ဖက်ရည်ဆိုင် အပြင်ဘက်မှာ ယောကျာ်းရဲ့ အပြင်းအထန် ရိုက်နှက်ခံခဲ့ရတဲ့ ချန်ညန်ဇီပဲ။

မတွေ့ရတာ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ သူက လုံးဝကို လူတစ်ယောက်ပုံစံ ပြောင်းသွားတဲ့ပုံပဲ။

သိပ်မကြာခင်တွင် ကြက်သားမျှင် ခေါက်ဆွဲသည် အသင့်ဖြစ်လာခဲ့၏။ ခေါက်ဆွဲပါးပါးလေး ထည့်ထားသည့် ပန်းကန်လုံး တစ်လုံးထဲတွင် ကြည်လင်နေသည့် ကြက်သားစွပ်ပြုတ်ကို လောင်းထည့်ထားကာ အပေါ်တွင်တော့ ကြက်သားမျှင်လေးများကို စိမ်းဆိုနေသည့် ကြက်သွန်မြိတ်များနှင့် အလှဆင်ထားလေသည်။

အားချန်က တလုတ်လောက် မြည်းစမ်းကြည့်လိုက်ပြီးနောက် "နောက်ဆိုရင် ငါ့ရဲ့တစ်နေ့သုံးနှပ်ကို ခေါက်ဆွဲပဲစားရင်လည်း မဆိုးပါဘူး" ဟု တွေးမိလိုက်တော့သည်။

နောက်ရက်များတွင်တော့ အားချန်သည် နေ့စဉ်နေ့တိုင်း ချန်ညန်ဇီ၏ စားသောက်ဆိုင်တွင် သွားရောက်စားသောက်ခဲ့ပြီး တဖြည်းဖြည်းနဲ့ နှစ်ယောက်သား ရင်းနှီးလာကြကာ ချန်ညန်ဇီကလည်း နေ့တိုင်းအားချန် အတွက် နေရာတစ်ခုကို သီးသန့်ချန်ထား ပေးတက်လေသည်။

ချန်ညန်ဇီသည် အားချန်က နေ့တိုင်း ကြက်သားမျှင်ခေါက်ဆွဲ စားသုံးသည်ကို မြင်ရသောအခါ သူမက ကြက်သားကြိုက်မှန်း သိသွားပြီး တစ်နေ့တွင်တော့ သူမမြည်းစမ်း ကြည့်ဖို့ရန်အတွက် ကြက်သားမျှင်သုပ် ဟင်းတစ်ပွဲကို ပြုလုပ်ပေးခဲ့သည်။

စပြီးသွားသောအခါ အားချန်က ချန်ညန်ဇီနှင့် သွေးသောက်ညီအစ်မ မဖွဲ့မိရုံတမယ် ဖြစ်သွားတော့သည်။ မျှော်လင့်မထားဘဲ ချန်ညန်ဇီ၏ စိတ်နေစိတ်ထားသည် အားချန်ထင်ထားသည်နှင့် လုံးဝကို ကွဲပြားခြားနားနေ၏။ သူမသည် နုံအသောသူ တစ်ယောက်မဟုတ်ဘဲ အများနှင့် ဆက်ဆံရာတွင် ပွင့်လင်းဖော်ရွေကာ အလွန်ချစ်ခင်ဖွယ် ကောင်းလေသည်။

တစ်ချိန်တွင်တော့ အားချန်သည် အိပ်ရာထနောက်ကျပြီး နေ့လယ်စာ မစားမည့်အချိန်တွင် စားသောက်ဆိုင်သို့ သွားရောက်ခဲ့ကာ ဒီရပ်ကွက်အတွင်းက နာမည်ကြီး အောင်သွယ်တော်သည် ဆိုင်ထဲတွင် ရပ်နေပြီး ချန်ညန်ဇီကို အိမ်ထောင်ဖက် ရှာပေးမည်ဟု ပြောဆိုနေသည်ကို တွေ့လိုက်ရ၏။

ပြောဆိုနေသူမှာ မုဆိုးဖိုသူဌေးတစ်ဦးဖြစ်ပြီး ချန်ညန်ဇီ၏ ခေါက်ဆွဲကို တစ်ကြိမ်စားဖူးပြီးနောက် သူမအပေါ် အချစ်ကြီးချစ်မိသွားကာ သူမကို အိမ်သို့လက်ထပ် ခေါ်ဆောင်လိုသည်ဟု ဆိုလေသည်။

အားချန်ကလည်း စိတ်ထဲတွင် တကယ်လူကြိုက်များတာပဲဟု တိတ်တဆိတ် ချီးကျူးလိုက်လေ၏။

ထိုနေ့ညနေခင်းတွင်တော့ သူမ ပြုလုပ်ပြီးစီးသွားသည့် စိတ်ငြိမ်စေသည့် အမွှေးနံ့သာလုံးများနှင့် နဂါးအရိုးမှုန့် အနည်းငယ် ရောထားသည့် အမွှေးနံ့သာလုံး ဆယ်ခုကျော်ကို နောက်ဖေးခြံဝမ်းထဲတွင် အရိပ်ထဲ၌ အခြောက်လှမ်းထားလိုက်သည်။ ညနေသုံးနာရီခန့် ရှိနေပြီဖြစ်သဖြင့် လက်များကို အမြန် ဆေးကြောကာ လမ်းထိပ်ဘက်သို့ထွက်ခေါ်လာခဲ့၏။

ချန်ညန်ဇီ၏ စားသောက်ဆိုင်သည် ညစာမရောင်းချပေ။ အားချန်န‌‌င့် ချန်ညန်ဇီ ရင်းနှီးလာပြီးနောက် သူမသည် အားချန်က ညစာစားဖို့ရန် နေရာမရှိကြောင်း သိလိုက်ရသဖြင့် အားချန်သဘောတူပါက စားသောက်ဆိုင်သို့ လာရောက်ကာ သူမနှင့်အတူ ညစာစားသုံးနိုင်ကြောင်း တစ်နှပ်လျှင် ၅ ဝမ်သာ ကျသင့်မည်ဖြစ်ကြောင်း အကြံပြုလေသည်။

ဤမျှကောင်းမွန်သည့် အခွင့်အရေးနှင့် တွေ့ကြုံရသည်တွင် အားချန်သည် ချက်ချင်းဆိုသလို သဘောတူလိုက်တော့၏။

ဘာပဲဖြစ်ဖြစ်လေ။ ငါ့မှာ မကြာခင် ငွေဝင်လာတော့မှာပဲ။ နေ့တိုင်း ထမင်းသုံးနှပ်အတွက် ၁၀ဝမ်လောက် ပိုပြီးသုံးတာက နှမြောစရာ မဟုတ်တော့ပါဘူး။

အမှန်တွင်တော့ အားချန်က ချန်ညန်ဇီအပေါ် ကောင်းမွန်သည့်အမြင် သဘောထားရှိသည့်အပြင် ချန်ညန်ဇီသည်လည်း အားချန်ကို အလွန်သဘောကျလေသည်။

ယခင်ရောက်လာခဲ့သည့် အောင်သွယ်တော်သည် သူမနှင့် စကားစမြည် ပြောဆိုချိန်ကလည်း အားချန်အကြောင်းကို ပြောပြခဲ့ဖူးသည်။ အားချန်သည် လမ်းပေါ်တွင် တစ်ကိုယ်တည်း နေထိုင်ပြီး ကိုယ်ခန္ဓာအားနည်းက အပြင်သို့ သိပ်မထွက်သော်ငြားလည်း ရုပ်ရည်ချောမောပြီး စိတ်ထားနူးညံ့ကြောင့် ပြောပြလာသည်။ အကယ်၍ အရာရှိများနှင့် မကြာခဏ အဆက်အသွယ်မရှိပါက လူရမ်းကားများက အိမ်တံခါးဝသို့ ရောက်လာမည်မှာ ကြာမြင့်ကြောင်းလည်း ပြောပြလာသည်။

ယနေ့တွင် ချန်ညန်ဇီက ငါးကြင်းနှစ်ကောင် ဝယ်ယူလာပြီး တို့ဖူးဟင်းချို ချက်ပြုတ်ထား၏။ ကြက်ရိုးများကိုလည်း ဟင်းခပ်အမွှေးအကြိုင်များဖြင့် ချက်ပြုတ်ကာ အရိုးနွှင်ပြီး ပန်းကန်တစ်ချပ်တည်းတွင် ထည့်ထားပေးသဖြင့် အားချန် အကြိုက်တွေ့မည်မှာ သေချာလေသည်။

သူမသည် ထမင်းနှင့် ဟင်းလျာများကို သယ်ဆောင်လာပြီး တံခါးဖွင့်သံကို ကြားလိုက်သည်တွင် အာချန်ရောက်လာပြီဟု ထင်မှတ်သွားကာ မျက်လုံးထဲတွင်အပြုံးဖြင့် လှမ်းပြောလိုက်၏။ "နောက်ဆုံးတော့ ရောက်လာပြီပဲ"

သို့သော်ငြား စကားပြောပြီးသွားသည့်နောက် ဝင်ရောက်လာသူမှာ အားချန် မဟုတ်ကြောင်း သိလိုက်ရလေသည်။

ချန်ညန်ဇီသည် ရောက်လာသူကို မြင်လိုက်သောအခါ မျက်လုံးထဲက အပြုံးရိပ်များ ပျောက်ကွယ်သွားပြီး လေသံကလည်းအနည်းငယ် အေးစက်သွားတော့၏။ "ရှင် ဘယ်လိုလုပ်ပြီးတော့ ရောက်လာတာလဲ"

စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်လာသူမှာ ယခင်က အားချန်နှင့် ကျောက်အိမ်တော်တွင် တစ်ကြိမ်တစ်ခါ တွေ့ဆုံခဲ့ဖူးသည့် ရာဇဝတ်မှုဌာနမှ လက်ဝဲလက်ထောက်ဝန်ကြီး ယန်လိရူ ဖြစ်နေသည်။

အားချန်က စားသောက်ဆိုင် အတွင်းသို့ ဝင်ရောက်လာသည့်တွင် အတွင်းတွင် နောက်ထပ်လူတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရ၏။ ချန်ညန်ဇီသည် ထိုသူနှင့် စကားပြောဆိုနေပြီး လေသံမှာလည်း သူစိမ်းဆန်လွန်းကာ မျက်နှာကလည်း အေးစက်လို့နေသည်။

အားချန်ကို မြင်လိုက်ရချိန်မှ ချန်ညန်ဇီ၏ မျက်ခုံများကြားက နွေးထွေးမှု အရိပ်အယောင်သည် ပြန်ပေါ်လာခဲ့ပြီး တံခါးဝတွင်ရပ်နေသည့် သူမကို လှမ်းကာပြောလိုက်၏။ "မြန်မြန်ဝင်ခဲ့လေ။ ထမင်းနဲ့ဟင်းတွေ အဆင်သင့်ဖြစ်နေပြီ"

ယန်လိရူသည် လှည့်ကြည့်လိုက်ပြီး အားချန်ကို မြင်လိုက်ရချိန်တွင် တစ်ချက် တွေဝေသွားတော့၏။

သူ၏မှတ်ဉာဏ်သည် အလွန်ကောင်းမွန်ပြီး သူမ သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားတော့သည်။ "မိန်းကလေးကျိ"

အားချန်ကလည်း စိတ်ထဲတွင် ပြန်တွေးလိုက်၏။ ဒီလူကြီးမင်းယန်က ငါ့ကိုသိနေတဲ့ပုံပဲ။

တစ်ဖက်လူက အရင်ဆုံး စကားစလာသဖြင့် သူမသည်လည်း မမြင်ချင် ယောင်ဆောင်လို့ မဖြစ်တော့ဘဲ တစ်ဖက်လူကို တရိုတသေ အရိုအသေ ပေးလိုက်တော့သည်။ "ကျိချန် လူကြီးမင်းယန်ကို ဂါရဝပြုပါတယ်"

ယန်လိရူက အသာအယာ ခေါင်းငြိမ့်ပြပြီး ချန်ညန်ဇီဘက်သို့ လှည့်ကာ နူးနူးညံ့ညံ့ လေသံဖြင့် ပြောလေသည်။ "မင်းကို နှောင့်ယှက်နေတဲ့ လူတွေကို ငါ ရှင်းလင်းခိုင်း လိုက်ပြီးပါပြီ။ ဒီလိုကိစ္စမျိုး နောက်ဆိုရင် ထပ်ဖြစ်တော့မှာ မဟုတ်ပါဘူး"

အားချန်သည် သူ ဘာကိုဆိုလိုသည်ကို သိလိုက်၏။ ဤရက်ပိုင်းတွင်းတွင် မည်သည့်အကြောင်း ကြောင့်မှမသိဘဲ အမြဲတမ်းလူတစ်စုက လာရောက်နှောင့်ယှက်နေသဖြင့် စားသုံးသူများပင် နည်းပါးသွားခဲ့သည်။

ချန်ညန်ဇီကတော့ အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်၏။ "တကယ်လို့ လူကြီးမင်းယန်သာ နောက်ထပ်ပေါ်မလာ တော့ဘူးဆိုရင် ကျွန်မလည်း ဒီလိုဒုက္ခတွေနဲ့ ကြုံတွေ့ရမှာ မဟုတ်ပါဘူး"

အားချန်မှာ အလွန်အံ့ဩသွားတော့သည်။ သူမသည် လမ်းပေါ်က စားသောက်ဆိုင်တစ်ဆိုင်က ချန်ညန်ဇီ၏ စီးပွားရေးကောင်းမွန်သည်ကို မနာလိုဖြစ်ကာ လူမိုက်များ ငှားရမ်းသည်ဟု ထင်မှတ်ခဲ့သော်ငြားလည်း အမှန်တွင်ထိုသို့ မဟုတ်ခဲ့ခြင်းများလား။

သူမ၏စကားအရ ထိုပြဿနာလာရှာသူများမှာ လူကြီးမင်းယန်နှင့် ပတ်သက်နေသည်များလား။

"အားဟွေ့" လူကြီးမင်းယန်သည် အနည်းငယ် အားမလိုအားမရ ဖြစ်သွားဟန်ဖြင့် သူမ၏ငယ်နာမည်ကို ခေါ်လိုက်၏။

ချန်ညန်ဇီကတော့ လုံးဝစိတ်လှုပ်ရှားမနေဘဲ ပြန်ပြောလိုက်လေသည်။ "အချိန်မစောတော့ဘူး။ လူကြီးမင်းယန် အိမ်ပြန်သင့်ပါပြီ။ နောက်ကျမှ ပြန်ရောက်ရင် မိသားစုဝင်တွေ စိတ်ပူနေပါမယ်"

ယန်လိရူ၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်အားငယ်ဟန် ပေါ်လာသော်ငြားလည်း ချန်ညန်ဇီ၏ ရှေ့တွင်တော့ အလျော့ပေးလိုက်တော့၏။ "ငါ အခုပဲ ပြန်ပါ့မယ်။ မင်း စိတ်မဆိုးပါနဲ့"

ယန်လိရူ ထွက်ခွာသွားပြီးနောက် ချန်ညန်ဇီသည် အားချန်ကို ပြုံးကာ ထမင်းစားရန် ထိုင်ခိုင်းလိုက်တော့သည်။

ထိုင်ချလိုက်ပြီးနောက်တွင် အားချန်က သူမကိုမကြာမကြာ ခိုးကြည့်နေပြီး သူမက လှည့်ကြည့်လာသည့် အချိန်တွင်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေသဖြင့် ချန်ညန်ဇီမှာ စိတ်ဝင်စားသွားကာ မပြုံးပဲမနေနိုင်အော င်ဖြစ်သွားတော့သည်။ "မေးစရာရှိရ င်မေးလေ။ စိတ်ထဲမှာ မျိုသိပ်မထားပါနဲ့။ ညဘက်အိပ်မပျော်ဘဲ နေဦးမယ်"

"ရှင်နဲ့လူကြီးမင်းယန်တို့က ဘယ်လိုပတ်သက်ကြတာလဲ"

"ကျွန်မရဲ့အဖေက သူ့ရဲ့ဆရာလေ။ သူနဲ့ကျွန်မတို့တွေက ငယ်သူငယ်ချင်းတွေလို့ ပြောလို့ရပါတယ်။ ရှင်က သူ့ကို တော်တော် စိတ်ဝင်စားတာလား"

"ဟုတ်တယ် အရမ်းစိတ်ဝင်စားတယ်" အားချန်ကလည်း မငြင်းပေ။ "သိပ်မကြာခင်တုန်းကတောင် သူဌေးရွှီရဲ့ဆိုင်မှာ ရောင်းအားအကောင်းဆုံး ပုံပြင်စာအုပ်က လူကြီးမင်းယန်ကို အခြေခံပြီး ရေးထားတာလေ။ ကျွန်မ နေ့တိုင်း သူ့တံခါးဝမှာ ပုံပြင်ပြောတာကိုပဲ နားထောင်နေရတယ်။ မကြာသေးခင်က အမျိုးသမီးတစ်ယောက်က ပြည်သူ့တရားရှင်ယန်ကို တားဆီးပြီး မတရားမှုကို အော်ဟစ်တိုင်ကြားတဲ့ အပိုင်းကိုတောင် ရောက်နေပြီ” ချန်ကတော်သည် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သူမအတွက် မှောက်မိုက်နေသော အတိတ်ဖြစ်ခဲ့သော်ငြားလည်း အားချန်၏ပါးစပ်ဖျားမှ ထွက်လာသောအခါ ထိုမျှလောက် ဝမ်းနည်းစရာ မကောင်းတော့ပေ။

"တိုက်ဆိုင်လိုက်တာ။ အဲဒီပုံပြင်ထဲမှာ သူ့ကို တားဆီးပြီး မတရားမှုကို အော်ဟစ်တိုင်ကြားခဲ့တဲ့ သူက ကျွန်မပဲလေ"

"ဟင်" ထိုအကြောင်းကိုတော့ အားချန်မျှော် လင့်မထားချေ။

ချန်ညန်ဇီက စိတ်ခံစားချက်များ မပါသည့်လေသံဖြင့် ပြောလာလေသည်။ "အဲဒီနေ့က ကျွန်မကို ကျွန်မရဲ့ယောကျာ်းဟောင်းက အပြင်းအထန် ရိုက်နှက်နေတုန်း သူ ဖြတ်သွားတာကို မြင်လိုက်တော့ သူ့ကိုအကူအညီ တောင်းလိုက်တာပါ"

ခဏလောက် ရပ်လိုက်ပြီးမှ သူမက ဆက်ပြောလာ၏။ "ဒါကလည်း ကျေးဇူးပြန်ဆပ်တယ်ဆိုတဲ့ သဘောပါပဲ။ သူက ကျွန်မအဖေရဲ့မျက်နှာကို ထောက်ထားပြီး ကျွန်မကို ကွာရှင်းခွင့်ရအောင် ကူညီပေးခဲ့သလို ကျွန်မရဲ့ယောက်ျားဟောင်းကိုလည်း သတိပေးခဲ့တယ်လေ။ ကွာရှင်းပြီးနောက်ပိုင်းမှာ ကျန်ရှိနေတဲ့ လက်ဖွဲ့ပစ္စည်းတွေနဲ့ ဒီမှာ ဆိုင်ဖွင့်ခဲ့တာပဲ"

"ဒါဆိုရင် လာနှောင့်ယှက်တဲ့ သူတွေကရော"

ဒီမေးခွန်းကိုတော့ ချန်ညန်ဇီက မဖြေကြားပဲ စကားလမ်းကြောင်း ပြောင်းလိုက်တော့၏။ "မေးမနေပါနဲ့တော့။ ထမင်းမြန်မြန်စားတော့ ခဏနေ ငါးဟင်းရည်အေးသွားရင် စားမကောင်းတော့ဘူး"

ပျော်ရင်းဆိုရင်း သူမသည် အားချန်အတွက် ငါးဟင်းရည်တစ်ပန်းကန် ခက်ထည့်ပေးလိုက်ပြီး ပြောလာသည်။ "မြန်မြန် မြည်းကြည့်ပါဦး။ အရသာက အရမ်းလတ်ဆတ်တယ်"

အားချန်သည်လည်း အမှန်ပင်အရသာရှိသည့် ငါဟင်းရည်ကြောင့် အာရုံပြောင်းသွား လေတော့သည်။

ထိုနေ့တွင် လူကြီးမင်းယန် ထွက်သွားပြီးနောက် နှောင့်ယှက်သူများ အမှန်ပင် ထွက်ပေါ်မလာတော့ဘဲ ရက်အနည်းငယ်အကြာတွင် ချန်ညန်ဇီ၏ စားသောက်ဆိုင် စီးပွားရေးသည်လည်း ပြန်လည်ကောင်းမွန် လာလေတော့သည်။

ထိုနေ့ညနေခင်းတွင် အားချန်သည် အိမ်တွင်အဝတ်အစ တစ်ခုကို ထိုးကာ အမွှေးနံ့သာအိတ်တစ်လုံး ကိုယ်တိုင်ချုပ်လုပ်ရန် ကြိုးစားသော်ငြားလည်း တစ်ဝက်လောက် ချုပ်လုပ်ပြီးသွားချိန်တွင်တော့ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည့် ကျိုးတိုးကျဲတဲ ချုပ်ရိုးများကို တွေ့နေရတော့သည်။

သူမသည် ဤအဝတ်စကို မည်သို့ဖျောက်ဖျက်ရမည်ဟု စဉ်းစားနေချိန်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရ၏။ သူမကလည်း.ခေါင်းမမော့ပဲ လှမ်းဖြေလိုက်သည်။ "တံခါးပိတ်မထားဘူး။ ဝင်ခဲ့ပါ"

သူဌေးရွှီ၏ လူအများနှင့် အဆင်ပြေသည့် ဆက်ဆံရေးကြောင့် အားချန်၏ အမွှေးနံ့သာလုံး များသည်လည်း မြွေနှင့်ပိုးမွှားများကို နှင်ထုတ်နိုင်သည်ဟူသည့် သတင်းက သုံးလမ်းကျော်အထိ ပျံ့နှံ့သွားခဲ့ပြီး မကြာသေးမီတွင် ဆိုင်ဖွင့်ထားသော ဆိုင်ရှင်အများပြားကလည်း အမွှေးနံ့သာလုံးများကို လာရောက်ဝယ်ယူကြသဖြင့် သူမအတွက် ငွေအနည်းငယ် ရှာဖွေနိုင်ခဲ့ပြီး သူမ၏ဆိုင်ကိုလည်း တရားဝင် ဖွင့်လှစ်နိုင်ခဲ့လေသည်။

သူမက ချုပ်လုပ်ရန် မအောင်မြင်ခဲ့သည့် အဝတ်အစကို ချထားလိုက်ပြီး မော့ကြည့်လိုက်ချိန်တွင် ချန်ညန်ဇီက ကောင်တာရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရပြီး အံ့သြဝမ်းသာသွားကာ မေးလိုက်၏။ "ရှင် ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ"

"ဒီရက်ပိုင်း စားသောက်ဆိုင်ထဲမှာ ကြွက်တွေပေါလာလို့ ရှင့်ဆိုင်မှာရောင်းတဲ့ အမွှေးနံ့သာလုံးတွေက ကြွက်နဲ့ပိုးမွှားတွေကို နှင်ထုတ်နိုင်တယ်။ အာနိသင် အရမ်းကောင်းတယ်လို့ ကြားလို့ တစ်လုံးလောက် လာဝယ်တာလေ"

အားချန်သည် နောက်ပြန်လှည့်ကာ ရှေးဟောင်းပစ္စည်းစင်ပေါ်က အမွှေးနံ့သာလုံး တစ်လုံးကိုယူပြီး ချန်ညန်ဇီကို ပေးလိုက်ပြီးနောက် ပြောလိုက်၏။ "တစ်လုံးကို ဝမ် ၂၀ ပါ။ တစ်လုံးက တစ်လခံတယ်။ အခန်းရဲ့ထောင့်မှာ ထားလိုက်ရုံပဲ။ အခန်းတစ်ခန်းစာပဲ အာနိသင်ရှိတယ်နော်"

"ဒီလောက်ဆို လုံလောက်ပါတယ်" ချန်ညန်ဇီက ဝမ်၂၀ ကို ရေတွက်ကာ အားချန်ကို ပေးလိုက်ပြီး သူမဘေးတွင် ချထားသည့် ချုပ်ရိုးစောင်းနေသည့် အမွှေးနံ့သာအိတ်ကို မြင်လိုက်ရသည်တွင် မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားတော့သည်။ "ရှင် အမွှေးနံ့သာအိတ် ချုပ်နေတာလား"

အားချန်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး လေသံတိုးတိုးလေး ပြောလိုက်တော့သည်။ "ကျွန်မ ဒီအတိုင်းပဲ စမ်းချုပ်ကြည့်တာပါ"

"ကျွန်မရဲ့ အချုပ်အလုပ်ပညာက မဆိုးဘူး။ ဒါမှမဟုတ် ကျွန်မ ရှင့်ကို သင်ပေးရမလား" ချန်ညန်ဇီက ပြုံးပြီးမေးလာသည်။

သူမ၏လက်ရာကို ကြည့်ရသည်မှာ အိမ်တွင်ရှိစဉ်ကာလက အချုပ်အလုပ်ပညာကို မသင်ယူခဲ့ဖူးပုံ ရလေသည်။

"အဆင်ပြေလို့လား" အားချန်၏ မျက်လိုများက ချက်ချင်းဆိုသလို လင်းလတ်သွားတော့၏။

ချန်ညန်ဇီက သူမ တစ်ဝက်ချုပ်လုပ်ထားသည့် အမွှေးနံ့သာ အိတ်ကလေးကို ကောက်ယူလိုက်ပြီး ချုပ်ရိုးများကို ဖြည်ကာ အပ်ကို မည်သို့ချရမည်။ မည်သည့်ချုပ်နည်းကို အသုံးပြုရမည်ကို သင်ကြားပေးလိုက်၏။

မကြာခင်မှာပင် အမွှေးနံ့သာအိတ်ငယ်လေးတစ်လုံး ချုပ်လုပ်ပြီးစီးသွားတော့သည်။

နောက်ဆုံးတွင် ချန်ညန်ဇီက အစိမ်းရောင် ပန်းထိုးချည်ကို ရွေးချယ်လိုက်ပြီး အပေါ်တွင် ဝါးပင်တချို့နှင့် ဝါးရွက်တချို့ကို ပန်းထိုးပေးလိုက်သည်တွင် အမွှေးနံ့သာအိတ်၏ တန်ဖိုးသည် ချက်ချင်းဆိုသလို မြင့်တက်သွားတော့၏။

အားချန်ကတော့ အမွှေးနံ့သာအိတ်ကလေးကို လက်ထဲက မချနိုင်တော့ပေ။ သူမသည် တစ်စုံတစ်ခုကို သတိရသွားပြီး နောက်ပြန်လှည့်ကာ ရှေးဟောင်းပစ္စည်း၏ အပေါ်ဆုံးက သေတ္တာထဲက အမွှေးနံ့သာလုံး တစ်လုံးကို ယူပြီး ချန်ညန်ဇီကို ပေးကာ လှမ်းပြောလိုက်၏။ "ရှင်က ကျွန်မကို ကိုယ်တိုင်ချုပ်လုပ်ထားတဲ့ အမွှေးနံ့သာအိတ်လေး လက်ဆောင်ပေးတယ်ဆိုတော့ ကျွန်မကလည်း ရှင့်ကို ကိုယ်တိုင်လုပ်ထားတဲ့ အမွှေးနံ့သာလုံးလေး လက်ဆောင်ပေးလိုက်မယ်"

ချန်ညန်ဇီသည် အမွှေးနံ့သာများက စျေးကြီးကြောင်း သိရှိသဖြင့် ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် အားချန်ကလည်း ပြောလာခဲ့၏။ "ဒီအမွှေးနံ့သာလုံးထဲမှာ စျေးကြီးတဲ့ အမွှေးနံ့သာတွေ မသုံးထားပါဘူး။ ဖော်စပ်နည်းကပဲ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာဖြစ်လို့ တခြားသူတွေ မမြင်ဖူးတာ။ တခြားအသုံးဝင်တာတွေ မရှိပါဘူး။ အနံ့ပဲကောင်းတာပါ"

အမှန်တွင်တော့ တခြားအသုံးဝင်သည့်နေရာများ ရှိသော်ငြား ချန်ညန်ဇီက အသုံးမပြုနိုင်မှာ သေချာပြီး အနံ့ကို ရှူရှိုက်ရုံသာ ကောင်းမွန်လေသည်။

သူမသည် အမွှေးနံ့သာလုံးကို ချန်ညန်ဇီကို ပေးလိုက်ပြီး ချန်ညန်ဇီသည်လည်း ယူကာ နှာခေါင်းနားကပ်ပြီး ရှုရှိုက်ကြည့်လိုက်၏။ အနံ့သည် အလွန်သင်းပျံ့ သော်ငြားလည်း ရှင်းမပြတတ်သည့် အမွှေးနံ့တစ်မျိုး ရှိနေကာ လူကို အကြိမ်ကြိမ် ရှူရှိုက်ချင်စိတ်ဖြစ်လာ စေပြီး သူမသည်အနည်းငယ် ဗိုက်ဆာလာသလိုပင် ခံစားလိုက်ရလေသည်။ ဤအရာသည် စားချင်စိတ်ကိုများ အနည်းငယ် လှုံ့ဆော်ပေးလေသလား။

ချန်ညန်ဇီက အမွှေးနံ့သာလုံး၏အနံ့ကို အမှန်ပင် သဘောကျသွားပြီး အားချန်ကလည်း ထိုသို့ပြောလာသဖြင့် အားမနာတော့ဘဲ အမွှေးနံ့သာလုံးကို လက်ခံလိုက်တော့၏။

နှစ်ယောက်သား စကားပြောဆို နေကြချိန်တွင် တံခါးအပြင်ဘက်မှ ခမ်းနားထည်ဝါလှသည့် မြင်းလှည်းတစီး ဖြတ်သန်းသွားလေ၏။ ထိုမြင်းလှည်းသည် မူလက ဖြတ်သန်းသွားခဲ့ပြီး ဖြစ်သော်ငြားလည်း မျှော်လင့်မထားဘဲ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

လှည်းထဲမှ အစေခံမလေး နှစ်ယောက် ဆင်းသက်လာပြီး လှည်းပေါ်ကဆင်းရန် ခုံကို ချပေးလိုက်ပြီးနောက် ခမ်းနားစွာ ဝတ်ဆင်ထားသည့် သက်လက်ပိုင်း အမျိုးသမီးတစ်ဦးသည် အစေခံမလေးနှစ်ဦး၏ တွဲကူခြင်းဖြင့် မြင်းလှည်းပေါ်မှ ဆင်းလာခဲ့လေသည်။

ထိုအမျိုးသမီးက ဘေးပတ်ဝန်းကျင်ကို တစ်ချက်မှမကြည့်ဘဲ အားချန်၏ ဆိုင်ထဲသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့၏။

"သခင်မအမွှေးနံ့သာ လာဝယ်တာလား" အားချန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။ ဒီအမျိုးသမီး၏ ဝတ်စားဆင်ချင်ပုံကို ကြည့်လျှင် အလွန်အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်ရမည်။ အဘယ်ကြောင့်များ ချန်းဖိင်ဖန်းကဲ့သို့ သာမန်ပြည်သူများ စုဝေးရာနေရာသို့ ရောက်ရှိလာရပါသနည်း။

သူမ၏အမွှေးနံ့သာလုံးများ ကျော်ကြားမှုက ထိုအဆင့်အထိ မရောက်သေးပါဟု မိမိကိုယ်ကိုမိမိ ယူဆမိလေသည်။

ထိုမျိုးရိုးမြင့် အမျိုးသမီးသည် အားချန်ကို တစ်ချက်မှ မကြည့်ဘဲ သူမ၏အကြည့်က ချန်ညန်ဇီ၏ မျက်နှာပေါ်တွင်သာ ရှိနေတော့၏။

ချန်ညန်ဇီက မျက်လုံးကိုပင့်ကာ ရောက်လာသူကို မြင်လိုက်ရသည်တွင် ပြုံးလိုက်လေသည်။ "အားယွီပဲ တိုက်ဆိုင်လိုက်တာ မတွေ့ရတာ တော်တော်လေးတောင် ကြာသွားပြီ"

ထိုမျိုးရိုးမြင့် အမျိုးသမီးသည်လည်း ပြုံးကာပြောလိုက်၏။ "တိုက်ဆိုင်လိုက်တာနော်။ ကျွန်မရဲ့ယောကျ်ားကလည်း ရှင် ဒီနားမှာ ဆိုင်ဖွင့်ထားတယ်လို့ ပြောတာကြားလို့ နှစ်တွေအကြာကြီး မတွေ့ရတာနဲ့ လာတွေ့မလို့ဘဲလေ။ မမျှော်လင့်ဘဲ ဒီမှာတွေ့လိုက်ရတာပဲ"

"ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လူတချို့က ကျွန်မဆိုင်ကို လာနှောင့်ယှက်တော့ လူကြီးမင်းယန်ကလည်း မြင်ပြီးတော့ ကူညီပေးခဲ့တာပါပဲ" ချန်ညန်ဇီ၏ လေသံသည် တစ်ချက်ရပ်သွားပြီးမှ ဆက်ပြောလိုက်၏။ "အားယွီက စိတ်ထဲမှာ မထားလောက်ပါဘူးနော်"

"ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ရှင်နဲ့ သခင်ကြီးတို့က ငယ်သူငယ်ချင်းတွေပဲလေ။ အတိတ်က သံယောဇဉ်ကို မထောက်ရင်တောင် လူကြီးမင်း ချန်ကိုထောက်ထားပြီး သူကရှင့်ကို ကူညီသင့်တာပါ"

"ငယ်သူငယ်ချင်းတွေလို့တော့ မပြောဝံ့ပါဘူး။ အဲဒါတွေက အတိတ်က ကိစ္စတွေပါပဲ"

အားချန်သည် အမျိုးသမီးများ၏ ထိပ်တိုက်ရင်ဆိုင်မှုများကို အကြိမ်ပေါင်းများစွာ မမြင်ဖူးသော်ငြားလည်း ယခုတစ်ကြိမ်တွင်တော့ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိလိုက်၏။

ဒီသခင်မက ချန်ညန်ဇီကို ရန်သူလို့ သတ်မှတ်နေတာလား။

ချန်ညန်ဇီသည် တစ်ဖက်လူကို စိတ်ဆွပေးနေသည့် စကားများ ထပ်မပြောတော့ချေ။ သူမက ဖြူစင်သူ တစ်ယောက်ဖြစ်ပြီး မိမိကိုယ်ကို အမည်းစက်များဖြင့် မညစ်နွမ်း စေလိုပေ။

သူတို့ လင်မယား နှစ်ယောက်ကြားက ဖြစ်ခဲ့တဲ့ မကျေနပ်ချက် တွေကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက ဖြစ်သွားခဲ့တဲ့ ကိစ္စတွေပဲလေ။ သူမအတွက်တော့ အစောကြီးကတည်းက ပြီးသွားခဲ့တဲ့ အတိတ်ပါပဲ။ အခုစကားလေး နည်းနည်းပါးပါး ပြောတာကလည်း ဒီအတိုင်း ဖန်းယွီကို သဘောမကျမိလို့ပါ။

ဖန်းယွီသည် မျက်နှာကို အလွန်အလေးထားသူဖြစ်ပြီး သူမသည် ဒီနေရာတွင် မိမိနှင့် မျက်နှာပျက်အောင် ပြုလုပ်မည် မဟုတ်ပေ။

ထို့ကြောင့်ချန်ညန်ဇီက စကားလမ်းကြောင်း လွဲလိုက်ပြီး ဖန်းယွီကို မေးလိုက်၏။ " အားယွီ ဒီကိုရောက်လာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဆိုင်ရှင်ကျိရဲ့ အမွှေးနံ့သာလုံးတွေက တော်တော်လေး ကောင်းတယ်။ ရှင် စမ်းကြည့်ပါလား"

ဖန်းယွီသည်လည်း သူစိမ်းသူများရှေ့တွင် စကားများများ မပြောလိုသဖြင့် အလိုက်တသင့် ပြန်ပြောလိုက်လေသည်။ "ဟုတ်လား။ ဘာအမွှေးနံ့သာလုံးတွေရှိလဲ"

ချန်ညန်ဇီက အားချန်ကို ချက်ချင်း မျက်ရိပ်ပြလိုက်ပြီး အားချန်သည်လည်း မကြာသေးမီက ပြုလုပ်ထားသည့် အမွှေးနံ့သာလုံး တချို့ကိုထုတ်ယူကာ တစ်ဖက်လူကို အနံ့စမ်းခိုင်းလိုက်၏။ ဖန်းယွီသည် အနည်းငယ် အံ့အားသင့်သွားတော့သည်။ သာမန်ဆိုင်ငယ်လေးတစ်ခုဟု ထင်မှတ်ခဲ့သော်ငြားလည်း ဖော်စပ်ထားသည့် အမွှေးနံ့သာလုံးများ၏ အနံ့သည် မမျှော်လင့်ဘဲ တော်တော်လေးကို ကောင်းမွန်လွန်းနေသည်။

သူမကတော့ အိန္ဒြေဆယ်ကာ ပြောလိုက်၏။ "အနံ့ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သုံးထားတဲ့ ပစ္စည်းတွေက အရမ်းသာမာန် ဆန်လွန်းတယ်။ တမျိုးစီတိုင်းကို ဆယ်ခုဆီ ယူလိုက်မယ်"

တစ်ဖက်လူ၏ အထင်သေးခြင်း ခံလိုက်ရသော်ငြားလည်း အားချန်ကတော့ စိတ်မဆိုးမိချေ။ အမွှေးနံ့သာလုံး၅၀ တောင်မှဖြစ်သည်တွင် ဒါသည် ကြီးမားသည့် စီးပွားရေးတစ်ခု ဖြစ်လေသည်။

အမွှေးနံ့သာလုံး အမျိုးအစားလိုက် စျေးနှုန်းကွဲပြားပြီး အားချန်က ငွေကို တွက်ချက်နေသည့်အချိန်မှာပင် ဖန်းယွီ၏ နောက်က အစေခံမလေး တစ်ယောက်က ငွေ ၂ လျန်ကို ချက်ချင်းပစ်ပေးလာခဲ့၏။

အားချန်ကလည်း အားနာမနေဘဲ ငွေကိုရေတွက်လိုက်ပြီးနောက် အမွှေးနံ့သာလုံးများကို သီးခြားစီထုတ်ပိုးလိုက်ကာ ဖန်းယွီ၏ နောက်ကအစေခံ မလေးထံသို့ လှမ်းပေးလိုက်ပြီးနောက် ဤသို့ စဉ်းစားလိုက်တော့သည်။ ဒီတစ်ယောက်ကတော့ တကယ်ကို ငွေနတ်ဘုရားပဲ။

ဖန်းယွီသည် ချန်ညန်ဇီနှင့် တစ်ခုခု ထပ်မံပြောဆိုလိုဟန် ရှိသော်ငြား ချန်ညန်ဇီကတော့ သူမနှင့်မျက်လုံးချင်း မဆုံသလို အားချန်ဟူသည့် သူစိမ်းတစ်ယောက် ရှိနေသဖြင့်လည်း နောက်ဆုံးတွင်တော့သူမသည် စိတ်ပျက်ပျက်ဖြင့် ပြန်သွားလေရတော့သည်။

လူများထွက်ခွာ သွားပြီးနောက်တွင် အားချန်က ချန်ညန်ဇီကို ငွေ ၁ လျန် ချက်ချင်းခွဲပေးလိုက်၏။ သူမ ရောင်းချခဲ့သည့် အမွှေးနံ့သာလုံးများ အားလုံးပေါင်းလျှင်ပင် ၁လျန် မပြည့်ချေ။ ယနေ့တွင် ချန်ညန်ဇီက စကားမစခဲ့ပါက ထိုသခင်မ၏ မျက်လုံးထဲတွင် မည်သူ့ကိုမှမထည့်သည့် အမူအရာဖြင့် သူမသည် မည်သို့များ ဤငွေကို ရရှိနိုင်ပါမည်နည်း။

ချန်ညန်ဇီကတော့ ပြုံးကာငြင်းပယ်လိုက်၏။ "ဒီကိစ္စကို စိတ်ထဲမထားပါနဲ့။ ဒါက ရှင် ရှာထားတဲ့ငွေပါ။ ကိုယ့်ဟာကိုပဲ သိမ်းထားလိုက်ပါ"

အားချန်သည် ဒီသခင်မ၏ နောက်ကြောင်းကို အကြမ်းဖျင်း ခန့်မှန်းမိနေပြီး ချန်ညန်ဇီကို စော်ကားမိမည် စိုးရိမ်သဖြင့် များများစားစား မမေးလိုတော့ပေ။

သူမကလည်း ဒီအတိုင်းသာ ပြောလိုက်တော့သည်။ "ကျွန်မက ဒီသခင်မကို ဆက်ဆံရ လွယ်ကူတဲ့ တစ်ယောက်လိုတော့ မထင်ဘူး။ သူက နောက်ပိုင်းကျရင် ရှင့်ကို လာနှောင့်ယှက် ဦးမှာလား"

ချန်ညန်ဇီက မျက်လွှာချထားကာ အသာအယာ ရယ်မောပြီး ပြောလာခဲ့၏။ "သူ ပြဿနာ လာမရှာဘူးလို့ ထင်လား"

အားချန်သည် ချက်ချင်းဆိုသလို နားလည်သွားတော့သည်။ "အဲဒီလူတွေ ..."

အဲဒီတော့ ဒီမျိုးရိုးမြင့် အမျိုးသမီးက လွှတ်လိုက်တာကိုး။ ဒါကြောင့် ချန်ညန်ဇီက လူကြီးမင်းယန်အပေါ် ဒီလောက်သူစိမ်းဆန်ဆန် ဆက်ဆံနေတာပေါ့။

ချန်ညန်ဇီက ထပ်ပြီးပြောလာခဲ့သည်။ "စိတ်မပူပါနဲ့။ ယန်လိရူက သူ့ကို စောင့်ကြည့် ထားပါလိမ့်မယ်။ သူက ဒီနေ့ ကျွန်မနဲ့သူ့ယောက်ျား ကြားမှာ အဆက်အသွယ်ရှိမရှိ ဒီအတိုင်း လာစမ်းသပ်တာ ဖြစ်နိုင်တယ်။ ကျွန်မတို့ ထပ်မတွေ့တော့ ဘူးဆိုတာကို သူ စစ်ဆေးသိရှိ ပြီးသွားရင်တော့ ထပ်လာမှာ မဟုတ်တော့ပါဘူး"

ချန်ညန်ဇီက ထိုသို့ပြောလာသည်တွင် အားချန်သည်လည်း ဆက်ပြီးမစဉ်းစားတော့ချေ။

အချိန်နောက်ကျနေသည်ကို တွေ့လိုက်ရသဖြင့် ချန်ညန်ဇီက အမွှေးနံ့သာလုံးများကို သွားရောက်သိမ်းဆည်းရန် ဒီနေ့ညတွင် မီးဖိုချောင်ထဲသို့ ကြွက်များထပ်မံဝင်ရောက် လာမှာစိုးရိမ်သဖြင့် ဝယ်ယူထားသည့် အမွှေးနံ့သာလုံးများနှင့် အားချန်လက်ဆောင်ပေးလာသည့် အမွှေးနံ့သာလုံးများကို ယူကာထွက်ခွာသွားလေတော့သည်။

နောက်ရက်များတွင်တော့ မည်သည့်ကိစ္စမှ ထပ်မံဖြစ်ပွားခြင်း မရှိခဲ့ချေ။ တစ်နေ့ နံနက်ခင်းတွင်တော့ အားချန်သည် စားသောက်ဆိုင်သို့ ထမင်းစားရန် သွားရောက်ချိန်တွင် ဆိုင်အပြင်ဘက်တွင် စားသုံးသူများ စုဝေးနေသည်ကို တွေ့လိုက်ရ၏။

သူမသည် ထိုနေရာသို့ ရောက်ရှိသွားသည့် အချိန်မှသာ ချန်ညန်ဇီက အချိန်မှန် ဆိုင်မဖွင့်ကြောင်း သိလိုက်ရတော့သည်။

အစကတော့ ချန်ညန်ဇီ နေမကောင်းဖြစ်နေတာ ဖြစ်မည်။ သို့မဟုတ်လည်း တစ်ခုခုကြောင့် ကြန့်ကြာနေတာ ဖြစ်နိုင်ပြီး နေ့လယ်ပိုင်းတွင် ဆိုင်ဖွင့်မည်ဟု ထင်ထားခဲ့သော်ငြားလည်း နေ့လယ်သို့ ရောက်ရှိလာချိန်တွင်လည်း သူမ၏ဆိုင်တံခါးက ပိတ်ထားဆဲဖြစ်ပြီး သူမသည်လည်း ဆိုင်ထဲတွင်မရှိချေ။

နောက်ရက်များတွင် အားချန်သည် စားသောက်ဆိုင်သို့ သွားရောက်ခဲ့သော်ငြား ချန်ညန်ဇီကို နောက်ထပ်မမြင်တွေ့ရတော့ချေ။

သူမသည် ဤသို့ပင် ရုတ်တရက် ပျောက်ကွယ် သွားလေတော့သည်။

...

All Chapters