ဖုန်းရွှေကောင်းတဲ့ နေရာတစ်ခုကိုရှာပြီးတော့ သူ့ကို မြုပ်ပေးလိုက်။
Vol. 3 Ch. 30
သူဌေးရွှီသည် အားချန်က နေ့တိုင်းစားသောက်ဆိုင်သို့ သွားရောက်ကြည့်ရှုသည်ကို မြင်ရသောအခါ ဤမိန်းကလေးက အတွေ့အကြုံနုနယ်လှသဖြင့် အလန့်တကြား ဖြစ်နေသည်ဟု ခံစားမိလေသည်။
သူ့မှာ မနေနိုင်တော့ဘဲ နှစ်သိမ့်စကား ပြောပေးတော့သည်။ " ချန်ညန်ဇီက ကိစ္စလေးရှိလို့ ဆိုင်ပိတ်ထားတာ ဖြစ်ပါလိမ့်မယ်။ ရက်အနည်းငယ် ကြာရင်ပြန်လာကောင်း ပြန်လာမှာပါ"
"ဒါပေမဲ့ သူက ကျွန်မကို ကြိုမပြောသွားဘူးလေ"
ချန်ညန်ဇီသည် ယုံကြည်ထိုက်သူ တစ်ယောက်ဖြစ်၏။ အကယ်၍ ဆိုင်ပိတ်ရလောက်သည်အထိ တစ်ခုခုဖြစ်မည်ဆိုလျှင် သူမသည်အားချန်ကို သေချာပေါက် ကြိုတင်အကြောင်းကြားပေလိမ့်မည်။
"ဒါကလည်း အရေးကြီးကိစ္စ ပေါ်လာလို့ မင်းကို ပြောပြဖို့ အချိန်မရလိုက်တာနေမယ်"
သူဌေးရွှီ၏စကားက သူမ၏ရင်ထဲက သံသယများကို မဖယ်ရှားနိုင်ခဲ့ပေ။
"သူဌေးရွှီ ကျွန်မမြို့တော် အုပ်ချုပ်ရေးမှူးရုံးကို သွားလိုက်ရင်ကော ..."
သူဌေးရွှီက ခေါင်းခါပြလိုက်ကာ သူမစကားကို ဖြတ်ပြောလိုက်သည်။ "မိန်းကလေးကျိ မင်းနဲ့ ချန်ညန်ဇီက သွေးသားမတော်စပ်ဘူးလေ။ ပြီးတော့ သူ့မှာအခက်အခဲ ဖြစ်နေတယ်ဆိုတဲ့ အထောက်အထားလည်း မင်းမှာ မရှိဘူး။ ရုံးတော်က ဒီကိစ္စကို ဂရုစိုက်မှာ မဟုတ်ဘူး"
သူမက မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်ကိုတွေ့ရသည်တွင် သူဌေးရွှီသည် တစ်ချက်တွေဝေသွားကာ ဆက်ပြောလိုက်လေသည်။ "မိန်းကလေးက ရုံးတော်က လူတချို့နဲ့လည်း အဆက်အသွယ် ရှိပုံရတယ်။ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး စုံစမ်းကြည့်ခိုင်း လိုက်ပါလား"
အားချန်သည် မြို့တော်အုပ်ချုပ်ရေးရုံး၏တံခါးနှင့် မင်းကျင့်စီး၏တံခါးတို့တွင် မည်သည့်တံခါးက ပိုပြီးခေါက်ရခက်သည်ကို သူမကလည်း မသိပေ။
သို့သော်ငြား သူမကသာ မင်းကျင့်စီး၏ တံခါးအပြင်ဘက်တွင် ရပ်ပြီး ပိုင်ရှိုးမင်ကို ရှာဖွေလိုကြောင်း ပြောလိုက်ပါက သေချာပေါက် နှင်ထုတ်ခံရပေလိမ့်မည်။ ထို့အပြင် တွေ့ခဲ့လျှင်လည်း ပိုင်ရှိုးမင်က သူမကို ကူညီမည် မဟုတ်ပေ။ ထိုသူက အကျိုးမရှိဘဲ မည်သည့်အရာကိုမှ လုပ်တတ်တဲ့သူမျိုး မဟုတ်။
သို့သော်ငြား အားချန်သည် သူဌေးရွှီ၏စကားကို နားထောင်လိုက်၏။ ချန်ညန်ဇီ၏ ကိစ္စအတွက် အစိုးရအရာရှိများကိုသာ အကူညီတောင်းရပေမည်။
အားချန်သည် အိမ်သို့ပြန်လာပြီး ညဘက် လူခြေတိတ်သည်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် ရေနံဆီမီးအိမ်တစ်ခုနှင့်အတူ အနောက်ဘက်ခြံဝင်းသို့ သွားကာ ထောင့်လေးတစ်ခုနားတွင် စောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေကြီးများကိုဂရုတစိုက် စတင်တူးဆွလိုက်ပြီးနောက် တစ်စုံတစ်ခုကို မြှုပ်နှံလိုက်လေသည်။
အမှောင်ထဲတွင် ပုန်းအောင်းနေသည့် မင်းကျင့်စီး၏သူလျှိုသည် တစ်ခုခု ထူးခြားနေသည်ကို သတိထားမိလိုက်ပြီး သူမလုပ်နေသည့်အရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ရန်အတွက် အနားသို့ပိုပြီး ကပ်သွားလိုက်သည်။
ဒီအချိန်မှာပင် အားချန်က ရုတ်တရက် စကားစပြောလိုက်၏။
"ရှင်တို့မင်ကျင့်စီးဌာနက အရမ်းအလုပ်ကြိုးစားတာပဲ။ တစ်လကို လစာဘယ်လောက်ရလဲ"
ထိုသူလျှို၏ ကိုယ်သည် ရုတ်တရက် တောင့်တင်းသွားလေတော့သည်။
"ရှင် နေ့တိုင်း ကျွန်မကို တစ်နေကုန် စောင့်ကြည့်နေတာ။ အနားယူရတဲ့အချိန်ကော ရှိသေးရဲ့လား" အားချန်ကလည်း အရမ်း သိချင်နေမိ၏။ သူလျှိုကလည်း စိတ်ထဲတွင် ကိုယ့်ဟာကိုယ် ပြန်တွေးလိုက်သည်။ သူ့အလုပ်က ရွှဲမိသားစုကို စောင့်ကြည့်ဖို့ တာဝန်ကျတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ယှဉ်ရင် အများကြီးပိုလွယ်တာပဲဟူ၍။
အားချန်၏ လူမှုရေးအသိုင်းအဝိုင်းက အလွန်ကျဉ်းမြောင်းလှသည်။ ဤလမ်းထဲက အိမ်နီးချင်းများကလွဲလျှင် သူမသည် အပြင်လူများနှင့် လုံးဝ အဆက်အဆံမရှိချေ။ ပြီးခဲ့သည့်ရက် အနည်းငယ်ကတော့ သူမသည် ချန်အမျိုးသမီးဆိုသူ (ချန်ညန်ဇီ)နှင့် တော်တော်လေး ရင်းရင်းနှီးနီး ဆက်ဆံခဲ့သော်ငြား လက်တစ်လောတွင်တော့ အဆက်အသွယ် ပြတ်တောက်သွားခဲ့၏။ နေ့တိုင်းပြောဆိုနေသည့် ကိစ္စများမှာလည်း အိမ်မှုကိစ္စများသာ ဖြစ်လေသည်။
သူ့အိမ်က အမေနှင့်ညီမဖြစ်သူတို့၏ နေ့တိုင်းနောက်အကျဆုံးထသည့် အချိန်မှာ မနက်၇နာရီဖြစ်သည်။ တစ်ခါတစ်ရံ အိပ်ရာထနောက်ကျလျှင် ညီမဖြစ်သူက ရှက်ရွံ့နေတတ်သည်။ သို့သော်ငြား အားချန်ကတော့ မနက်ခင်း၉နာရီဝန်းကျင်မှ ပုံမှန်အိပ်ရာထတတ်ပြီး ဘယ်တော့မှ စောထလေ့မရှိချေ။
သူမသည် အိပ်စက်နေချိန်တွင် သူကလည်း အိပ်ရေးဝအောင် ပြန်အိပ်နိုင်သည့်အပြင် မင်ကျင့်စီးသို့ပြန်ပြီး မနေ့က စောင့်ကြည့် မှတ်တမ်းကိုလည်း တင်ပြနိုင်သေးသည်။
သို့သော်ငြား ဒီအကြောင်းအရာများကိုတော့ သိဖို့ရန် မလိုအပ်ချေ။
"ကျွန်မ ရှင့်ကို ပြောစရာရှိတယ်။ ရှင် ခဏလောက် ထွက်လာလို့ရမလား"
အားချန်သည် ခဏလောက် ငြိမ်ငြိမ်သက်သက်လေး စောင့်နေလိုက်သော်ငြားလည်း လှုပ်ရှားမှုတစ်ခုမှ ဖြစ်မလာခဲ့ချေ။
ကြည့်ရတာ မဖြစ်နိုင်ဘူး ထင်တယ်။
"ကျွန်မ လူကြီးမင်း ဖုန်းယန်နဲ့ ပြောစရာတွေရှိလို့။ ရှင် သူ့ကို စကားပါးပေးလို့ ရမလား" အားချန်သည် လက်ထဲက ဂေါ်ပြားငယ်လေးကို ဘေးသို့ ပစ်ချလိုက်ကာ ထရပ်လိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။ "မရလည်း ကိစ္စမရှိပါဘူး။ နောက်တစ်ခါ ရှင်တို့ ကျန့်ရှီဖူနဲ့တွေ့ရင် ရှင်က ကျွန်မ ရေချိုးတာကို ချောင်းကြည့်တယ်လို့ ပြောလိုက်မယ်”
ဘုတ်ခနဲအသံနှင့်အတူ ကျောက်စရစ်ခဲလေးတစ်လုံးသည် အားချန်၏ ခြေထောက်အောက်သို့ ပြုတ်ကျလာခဲ့၏။
အားချန်သည် ခြေထောက်အောက်က ကျောက်စရစ်ခဲကို ကန်ထုတ်လိုက်ပြီး နှုတ်ခမ်းထောင့်မှာ ကွေးညွတ်သွားတော့၏။ "ရှင် သဘောတူတယ်လို့ပဲ ကျွန်မ မှတ်လိုက်မယ်နော်။ ကျွန် မအရေးကြီးကိစ္စ ရှိတဲ့အတွက် သူ့ကို မြန်မြန်လာပေးဖို့ ပြောပေးပါ။ မနက်ဖြန်ဆိုရင် ပိုကောင်းတယ်"
သူမကတော့ စကားပြောပြီးသည်နှင့် အိမ်ထဲသို့ဝင်သွားတော့သည်။ မင်းကျင့်စီးသူလျှိုကတော့ အပြင်ဘက်တွင် ကောင်းကင်ကိုသာ မော့ကြည့်ရင်း အကြံအိုက်စွာ ကျန်ရစ်ခဲ့တော့သည်။
သူ စောင့်ကြည့်နေရသည့် ဒီကျိမိန်းကလေးနှင့် ကျန့်ရှီဖူ လူကြီးမင်းတို့၏ ဆက်ဆံရေးက မရှင်းမရှင်းဖြစ်နေကြောင်း လုပ်ဖော်ကိုင်ဖက်များထံမှ ကြားဖူးပြီးသားပင်။ အမှန်တကယ်တွင် လုပ်ဖော်ကိုင်ဖက်များ မပြောလျှင်ပင် သူကိုယ်တိုင် ဤသို့ခံစားမိနေသည်။ ထို့အပြင် ကျန့်ရှီဖူ လူကြီးမင်းသည် သူမအတွက်ကြောင့် နန်းတွင်းထဲတွင်လည်း အကြိမ်ပေါင်းများစွာ တိုင်ကြားခံခဲ့ရသည်။
စောင့်ကြည့်ခြင်းဟု ဆိုသော်ငြားလည်း သူသည် မကြည့်သင့် အရာကိုတော့ လုံးဝမကြည့်ခဲ့ပေ။ ကျန့်ရှီဖူ လူကြီးမင်း စိတ်ခုသွားမည်ကို စိုးရိမ်သောကြောင့်ပင်။ သို့သော်ငြား ယနေ့တွင်တော့ စောင့်ကြည့်ခံရသူ ကိုယ်တိုင်က သူ့ကို ခြိမ်းခြောက်သွားခဲ့လေသည်။
ထိုသူလျှိုသည် တစ်ညလုံးနီးပါး သူ၏ဘဝရေးကို စဉ်းစားခဲ့ပြီးနောက် မနက်စောစောတွင်တော့ မင်ကျင့်စီးသို့ ပြန်ရောက်လာချိန်တွင် သူ၏အပြစ်ကင်းစင်မှုကို သက်သေပြဖို့ရန်အတွက် ထိုကိစ္စကို အမှန်အတိုင်း တင်ပြဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။
ပိုင်ရှိုးမင်သည် သူ့ရှေ့တွင် ဒူးထောက်ကာ သစ္စာရှိကြောင်း ဖော်ပြနေသည့် သူ့လက်အောက်ငယ်သားကို ကြည့်ရင်း သူ တင်ပြလာသည့် စာအုပ်ကို ပိတ်လိုက်၏။
"လူကြီးမင်း လူကြီးမင်း ကျွန်တော်မျိုးတကယ်ပဲ ..."
"သူက ဖုန်းယန်ကို တွေ့ချင်တယ် ဟုတ်လား" ပိုင်ရှိုးမင်က လက်အောက်ငယ်သား၏ စကားကို ဖြတ်ပြောလိုက်၏။
"ဟုတ်ပါတယ် ကျိမိန်းကလေးက ညသန်းခေါင်မှာ ခြံထဲမှာမြေတူးပြီး ကျွန်တော့်ကို တမင်သက်သက် ထွက်လာအောင်လုပ်ခဲ့တာ။ ပြီးတော့ လူကြီးမင်းဖုန်းကို တွေ့ဖို့အရေးကြီးကိစ္စ ရှိတယ်လို့လည်း ပြောပါတယ်"
"ဘာအရေးကြီးကိစ္စလဲ" ထိုသူလျှီုက ခဏလောက် စဉ်းစားလိုက်ပြီး "သိပ်မကြာခင်တုန်းက ကျိမိန်းကလေးမှာ ဘာကိစ္စမှ မကြုံတွေ့ခဲ့ရပါဘူး။ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ကိစ္စလို့ ပြောရမယ်ဆိုရင်တော့ သူ မကြာခဏ သွားတတ်တဲ့စားသောက်ဆိုင် ပိုင်ရှင်အမျိုးသမီးနဲ့ ပတ်သက်နေနိုင်တယ်။ အဲဒီ ဆိုင်ပိုင်ရှင် အမျိုးသမီးက သိပ်မကြာသေးခင်က ဆိုင်ပိတ်သွားပြီး မိန်းကလေးကျိကလည်း သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်နေပုံရပါတယ်"
"သူက အခုတော့ တခြားသူတွေရဲ့ကိစ္စကိုတောင် ဝင်စွက်ဖက် နိုင်လောက်အောင် အားနေပြီပေါ့လေ"
လက်အောက်ငယ်သားသည် အချိန်အတော်ကြာမှ စကားတခွန်းကို ညှစ်ထုတ်လိုက်လေသည်။ "မိန်းကလေးကျိက စိတ်ကောင်းရှိပါတယ်"
ပိုင်ရှိုးမင်းသည် သူ့လက်အောက်ငယ်သားကို တစ်ချက်လှမ်း ကြည့်လိုက်ပြီး ခဏလောက် ဆွံ့အသွားတော့၏။
"...လူကြီးမင်း ကျွန်တော်မျိုး ဆက်ပြီး စောင့်ကြည့်ရဦးမှာလား" ထိုသူလျှိုက တိုးတိုးလေး မေးလာခဲ့သည်။
သူသည် မည်မျှကြာအောင် ဆက်လက်စောင့်ကြည့်ရမည်ကို အမှန်ပင် သိချင်နေတော့သည်။ သို့သော်ငြား သူသာ ဤအတိုင်း စခန်းသွားမည်ဆိုပါက သူ့အရည်အချင်းများ အားလုံး ဆုံးရှုံးနိုင်သည်ဟု အမြဲတမ်း ခံစားမိနေ၏။
နေ့စဉ်နေ့တိုင်း အိမ်တွင်းရေးရာကိစ္စများ၊ မည်သည့်ဆိုင်က အသား၊ ဟင်းသီးဟင်းရွက်၊ ဥများက စျေးသက်သာသည်ကို နားထောင်နေရသဖြင့် အခုဆိုရင် ချန်းဖိင်ဖန်း ရပ်ကွက်၏ ကုန်စည်စျေးနှုန်းများကိုပင် သူသည် ကောင်းကောင်းလေး သိနေပေပြီ။ သူ၏အိမ်နီးချင်းများက ဟင်းသီးဟင်းရွက်များထက် တစ်ဝက်လောက် စျေးပိုသက်သာသည်ကလည်း အမှန်ပင်။
"မလိုတော့ဘူး"
လက်အောက်ငယ်သားသည် ချက်ချင်းဆိုသလို သက်ပြင်းချနိုင်သွားကာ ဤတစ်ကြိမ်တွင်တော့ သူတာဝန် ပြီးဆုံးသွားလေသည်။
"ဒါဆိုရင် လူကြီးမင်းဖုန်းကိုရော"
"သူ့ကို ပြောဖို့မလိုဘူး"
"ဟုတ်ကဲ့"
အားချန်သည် အိမ်တွင် ဖုန်းယန်ရောက်အလာကို စောင့်နေသော်ငြားလည်း တစ်နေကုန် ပေါ်မလာခဲ့ ချေ။
သူမကို စောင့်ကြည့်နေသည့် သူလျှိုကတော့ လှည့်စားသွားလိုက်ပြီဟု ထင်လိုက်လေသည်။ သို့သော်ငြား ညမထွက်ရအမိန့် ထုတ်ပြန်ပြီးချိန်တွင်တော့ အောက်ထပ်မှ တံခါးခေါက်သံကို ကြားလိုက်ရ၏။
အားချန်သည် တံခါးဖွင့်ပေးလိုက်ချိန်တွင် ဖုန်းယန်၏ အထက်လူကြီးကို တွေ့လိုက်ရတော့သည်။
တာဝန်ကိုတောင် လိုတာထက်ပိုပြီး ပြီးမြောက်အောင် လုပ်ပေးခဲ့တာပဲ။ ဒီသူလျှိုလေးက တကယ်ကို လူကောင်းလေးပဲ။
သူမသည် စိတ်ထဲတွင် ထိုသို့ တွေးလိုက်သော်ငြားလည်း မျက်နှာပေါ်တွင်တော့ ဘာတစ်ခုမှမပြသခဲ့ချေ။ အားချန်က အံ့ဩစွာဖြင့် မေးလိုက်လေသည်။ "ဒီလောက်တောင် နောက်ကျနေပြီနော်။ ဘာဖြစ်လို့ ဒီအချိန်မှ ရောက်လာတာလဲ"
"မင်း ဖုန်းယန်ကို တွေ့ချင်တာ မဟုတ်ဘူးလား"
"ဟုတ်ပါတယ်.လူကြီးမင်းဖုန်းရော" အားချန်သည် ပိုင်ရှိုးမင်ကို အိမ်ထဲသို့ ဝင်လာရန် ဘေးဖယ်ပေးလိုက်၏။ သူမက တံခါးကို ပိတ်လိုက်ချိန်တွင် အပြင်ဘက်ကို လှမ်းပြီး ချောင်းကြည့်လိုက်သော်ငြားလည်း မည်သူ့ကိုမှ မတွေ့ရချေ။
"သူ့မြွေဖမ်းတဲ့ကိစ္စနဲ့ အလုပ်များနေတယ်"
"အခုထိ ဖမ်းနေတုန်းလား" အားချန်၏ အသံမှာ ငြိမ်သက်သွားတော့သည်။
"ရှင်တို့က မြွေဘယ်နှစ်ကောင် ဖမ်းမှာမလို့လဲ"
ပိုင်ရှိုးမင်ကတော့ ပြုံးရုံသာပြုံးပြီး စကားပြောမလာပေ။ သို့သော်ငြား အားချန်က ရုတ်တရက် သဘောပေါက်သွားပြီး နောက်မှအမှီလိုက်လာတာ သူ့အင်္ကျီလက်ကို လှမ်းဆွဲလိုက်ပြီး မေးလိုက်၏။ "လူကြီးမင်း ရှင်က အခွင့်ကောင်းယူပြီး ကျွန်မအမေရဲ့ လက်ဖွဲ့ပစ္စည်းတွေကို အလွဲသုံးစားလုပ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်"
"ဒါကလည်း စိတ်ကူးကောင်းပဲ" ပိုက်ဆိုးမင်သည် ပြတင်းပေါက် ဘေးမှ စားပွဲတွင် ဝင်ထိုင်လိုက်၏။
အားချန်ကလည်း ဧည့ဝတ်ကျေပွန်စွာဖြင့် သူ့အတွက် အေးစက်နေသည့် လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်ပေးလိုက်လေသည်။ သို့သော်ငြားလည်း ဧည့်ဝတ်ကျေရုံသာ။
"လူကြီးမင်း ကျွန်မမှာ စားစရာပိုက်ဆံမရှိဘူးနော်" အားချန်က နောက်ထပ်ထိုင်ခုံတလုံးတွင် ထိုင်ချလိုက်ကာ မျက်နှာချင်းဆိုင်က သူ့ကို သနားစဖွယ်လေး လှမ်းကြည့်လိုက်၏။
“အဲလောက်တောင် သနားစရာကောင်းနေပြီလား”
အားချန်သည် အသည်းအသန် ခေါင်းငြိမ့်ပြလိုက်ပြီး ပိုင်ရှိုးမင်၏ခါးတွင် ချိတ်ထားသည့် လှပသပ်ရပ်သည့် ပိုက်ဆံအိတ်ကို လှမ်းကြည့်လိုက်၏။ "ရှင် ကျွန်မကို နည်းနည်းလောက် ချေးပါလား"
ပိုင်ရှိုးမင်ကလည်း အမှန်ပင်ပိုက်ဆံအိတ်ကို ဖြုတ်ပြီး သူမထံသို့ ပစ်ပေးလိုက်လေသည်။ အားချန်က ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်သည်တွင် အတွင်းထဲ၌ ငွေ ၁၀ လျန်သာ ရှိသည်ကို တွေ့လိုက်ရ၏။ သူမမှာ တစ်ပြားတစ်ချပ်မှပင် မယူရပ်တော့ပေ။ ဒီလူကြီးမင်းက နည်းနည်းလေး ဆင်းရဲတာပဲ။ ဒီအပြင် ပိုင်ရှိုးမင်ရဲ့ငွေကို တကယ်ယူလိုက်ရင် ငါ့အမေရဲ့လက်ဖွဲ့ပစ္စည်းတွေနဲ့ ပိုပြီးတော့ ဝေးကွာသွားမှာ စိုးရိမ်ရတယ်။
ငွေစများကို အိတ်ထဲသို့ ပြန်ထိုးထည့်လိုက်ပြီးနောက် အားချန်က ပိုက်ဆံအိတ်ကို ပြန်တွန်းပေးလိုက်ကာ ချက်ချင်းဆိုသလို စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။ "တကယ်တော့ ကျွန်မ ထမင်းမစားနိုင်တာ ငွေနဲ့ မဆိုင်ပါဘူး။ အဓိကက စားသောက်တဲ့နေရာမှာ ပြဿနာ ဖြစ်သွားတာ"
သူမသည် အချိန် တော်တော်လေးကြာအောင် ဝေ့လည်ကြောင်ပတ် ပြောလိုက်ပြီးနောက်တွင် နောက်ဆုံးတော့ အဓိကအကြောင်းအရာသို့ ရောက်လာခဲ့၏။
ပိုင်ရှိုးမင်က တုံ့ပြန်မလာသည်ကို တွေ့ရသောအခါ အားချန်ကလည်း ဆက်ပြောလိုက်သည်။ "ကျွန်မ မကြာခဏ သွားပြီးစားသောက်တတ်တဲ့ စားသောက်ဆိုင်ပိုင်ရှင်က ပြီးခဲ့တဲ့ရက်တုန်းက ရုတ်တရက် ပျောက်သွားတယ်လေ"
"မင်ကျင့်စီးက လူပျောက်ကိစ္စကို တာဝန်မယူဘူး။ မင်း မြို့တော်အုပ်ချုပ်ရေးရုံးကို သွားသင့်တယ်"
"ကျွန်မ သိပါတယ်" အားချန်သည် အသံကို အနည်းငယ် ပျော့ပျောင်းထားကာ လက်ဟန်ခြေဟန်ဖြင့် ပြောပြလိုက်တော့၏။ "ကျွန်မက လူကြီးမင်းကို နည်းနည်းလေးပဲ အကူအညီ တောင်းချင်တာပါ"
"အင်း ?"
"မြို့တော်အုပ်ချုပ်ရေးရုံးမှာ ကျွန်မအတွက် အမှုသွားဖွင့်ပေးပါ"
"ကျိချန်"
"ရှိပါတယ် လူကြီးမင်း"
"မင်းကို ငါက ကူညီလိမ့်မယ်လို့ ဘာကိုကြည့်ပြီးတော့ ထင်နေတာလဲ"
အားချန်သည် အပြစ်ကင်းစင်စွာ မျက်တောင်ခတ် ပြလိုက်ပြီး ဆီမီးခွက်ထဲက မီးတောက်ကလည်း သူမ၏မျက်ဝန်းထဲတွင် ခုန်ပေါက်လို့နေ၏။ "ကျွန်မနဲ့ လူကြီးမင်းက တော်တော်လေး ရင်းနှီးနေပြီလို့ ကျွန်မက ထင်ခဲ့တာလေ။ ကျွန်မတို့ ခင်မင်မှုနဲ့ဆိုရင် အပြန်အလှန် အကူအညီသေးသေးလေးတွေတော့ ပေးနိုင်လောက်ပြီပေါ့။ ရက်နည်းနည်းလေး မတွေ့လိုက်ရုံနဲ့ မရင်းနှီးတော့တာလားဟင်"
ပိုင်ရှိုးမင်းသည် ဆက်တိုက်ဆိုသလို ခုန်နေသည့်မျက်ခုံးကို ဖိထားလိုက်တာ သူမ၏ ဇွဲကောင်းနေမှုကြီးအောက်တွင် နောက်ဆုံးတော့ အလျှော့ပေးလိုက်ရတော့သည်။ "ငါ အုပ်ချုပ်ရေးမှူးကို ပြောပေးမယ်။ ဒါပေမဲ့ မင်း အရမ်းကြီး မမျှော်လင့်ထားတာ ကောင်းလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် လူကြီးမင်း" ထိုနောက်တွင်တော့ အားချန်က ထပ်ပြောလိုက်လေသည်။ "စုံစမ်းစစ်ဆေးမှုရလဒ်ကို လူကြီးမင်းက ကျွန်မကို ဘယ်လိုပြောပြမှာလဲ။ ကျွန်မ အိမ်ခေါင်မိုးပေါ်မှာနေတဲ့ သူလျှိုလေးကတဆင့် ပြောပြမှာလား"
အိမ်မှာ သူလျှိုတစ်ယောက်ရှိတာက တော်တော်လေး အဆင်ပြေသားပဲဟု စိတ်ထဲတွင် ရုတ်တရက် တွေးမိသွားတော့သည်။
"အခု သူ မင်းအိမ်မှာ မနေတော့ဘူး"
အားချန်မှာ ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ သူ သူလျှိုကို ရှုပ်သိမ်းလိုက်ပြီလား။ ဒါက နောက်ဆုံးတော့ ငါ့ကို သံသယ မဖြစ်တော့ဘူးဆိုတဲ့ သဘောလား။
"မြို့တော်အုပ်ချုပ်ရေးရုံးက လူတွေက မင်းကို စုံစမ်းစစ်ဆေးမှုရလဒ် လာအကြောင်းကြားလိမ့်မယ်။ ပြီးတော့ မင်းအမေရဲ့လက်ဖွဲ့ပစ္စည်းတွေကို သူ ပိုင်တဲ့အိမ်တစ်လုံးထဲမှာ သိမ်းထားပေးတယ်။ သော့နဲ့စာချုပ်တွေက ..."
အားချန်သည် မျှော်လင့်ချက်အပြည့်ဖြင့် ပိုင်ရှိုးမင်ကို ကြည့်နေသော်ငြားလည်း သူက "ယူလာဖို့ မေ့သွားတယ်။ နောက်တစ်ခါကျမှပဲ" ဟု ပြောလာသည်ကိုသာ ကြားလည်းရတော့သည်။
သူမ၏မျှော်လင့်ချက် လေးများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အားချန်မှာ ဒီနေ့ သူ ကူညီပေးခဲ့သည့် ကျေးဇူးတင်စိတ်ကို တဝက်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်တော့သည်။
နောက်တစ်နေ့ မနက်ခင်းတွင် မြို့တော်အုပ်ချုပ်ရေးမှူးရုံးက အရာရှိများက ချန်ညန်ဇီ၏ ဆိုင်သို့သွားရောက်တာ သော့ကိုအတင်းဖွင့်ပြီး အတွင်းထဲသို့ ဝင်ရောက် စစ်ဆေးခဲ့သော်ငြားလည်း ဘာမှမတွေ့ခဲ့ရကြောင်း ပြန်လည်အကြောင်းကြားလာသည်။
ထို့နောက် နှစ်ရက်ကြာသည့်အထိ မည်သည့်သတင်းမှ မကြားခဲ့ရသော်ငြားလည်း တတိယမြောက် နေ့တွင်တော့ မြို့တော်အုပ်ချုပ်ရေးရုံးက အရာရှိတစ်ဦးသည် အိမ်တိုင်ရာရောက် ရောက်လာတာ အားချန်ကို စုံစမ်းစစ်ဆေးမှု ရလဒ်အကြောင်း ပြောပြခဲ့လေသည်။
ထိုအရာရှိသည် အားချန်ကို အလွန် တလေးတစားရှိလှပြီး ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက စုံစမ်းစစ်ဆေးရေး ဖြစ်စဉ်တစ်ခုလုံးကို ပြောပြလာ၏။
"မိန်းကလေး ကျွန်တော်တို့ ချန်ဟွေ့ရဲ့ နေအိမ်ကို စစ်ဆေးခဲ့ပါတယ်။ အိမ်ကနေ ထွက်သွားတဲ့အချိန်မှာ အိမ်က အရမ်းကို သပ်ရပ်နေပြီးတော့ တစ်ယောက်ယောက်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့သူ့ရဲ့ ခင်ပွန်းဟောင်းကိုလည်း စုံစမ်းခဲ့ပါသေးတယ်။ သူက ခြေထောက်ကျိုးသွားလို့ အနားယူနေလို့ ပြစ်မှုကျူးလွန်ဖို့အကြောင်း မရှိပါဘူး"
တစ်ဖက်လူကတော့ သူမသည် အတွေးလွန်နေခြင်းဖြစ်ကြောင်း အားချန်ကို တိုက်ရိုက်ပြောပြလာခဲ့သည်။
"ကျေးဇူးတင်ပါတယ် စုံစမ်းရေးမှူးလူကြီးမင်း"
"မိန်းကလေး အားနာစရာ မလိုပါဘူး။ ကျွန်တော် ပြန်လိုက်ပါဦးမယ်"
ထိုအရာရှိ ထွက်သွားပြီးနောက်တွင် အားချန်သည် သက်ပြင်းချလိုက်ပြီး မြို့တော်အုပ်ချုပ်ရေးမှူး၏ စုံစမ်းစစ်ဆေးမှူး ပြောသည့်အတိုင်း ချန်ညန်ဇီက ကိစ္စတခုကြောင့်သာ ထွက်သွားခြင်းဖြစ်ကာ သူမကိုပြောဖို့ မေ့လျော့သွားခြင်းသာ ဖြစ်ပါစေဟု ဆုတောင်းလိုက်တော့သည်။
ချန်ဟွေ့သည် မှောင်မည်းနေသည့် မြေအောက်အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသည်မှာ မည်မျှကြာမြင့်နေပြီ ဖြစ်ကြောင်းပင် မသိတော့ချေ။ ဒီနေရာသည် ရှန်းကျန့်မြို့ထဲတွင် မဟုတ်သည့်ပုံပေါ်သည်။ ထိုနေ့က သူမ ဆိုင်ပိတ်ပြီး နေအိမ်သို့ ပြန်ပြီးပြင်ဆင်တွင် တစ်စုံတစ်ယောက်က သူမကို သတိလစ်သွားအောင် ရိုက်နှက်ခဲ့ပြီး နှိုလာသည့်အခါတွင်တော့ မြင်းလှည်းထဲသို့ ရောက်နေခဲ့သည်။
ဒီရက်ပိုင်းအတွင်းတွင် သူမသည် သူမကို ဖမ်းဆီး ခေါ်ဆောင်လာသူများကို တစ်ခါမှမမြင်ခဲ့ရ ချေ။
တစ်ခါတစ်ရံတွင် သူမသည် ထိုသူများက လူမှားဖမ်းလာမိသောကြောင့် သူမကို ပစ်ထားခြင်းများလားဟုပင် သံသယဝင်လာမိသည်။
သူမသည် အသက်ရှင်လျက် ထွက်သွားနိုင်မည့် အခွင့်အရေးတစ်ခု ရှိနေသေးသည်များလား။
သို့သော်ငြား ယခုအချိန်တွင် သူမသည် အလွန်ဆာလောင်နေပြီဖြစ်၏။ လွန်ခဲ့သည့်နှစ်ရက်က သံတိုင်များ ကြားထဲမှနေ၍ တစ်စုံတစ်ယောက်က ပေါင်မုန့်တစ်လုံးကို ပစ်ထည့်ပေးခဲ့သော်ငြားလည်း ယခုရက်ပိုင်းတွင်တော့ မရှိတော့ပေ။ သူမသည် ဤနေရာတွင် ငတ်သေသွားမည်ကို အလွန်ကြောက်ရွံ့ နေမိတော့သည်။ မခံနိုင်တော့သည့်အဆုံးတွင်တော့ ချန်ဟွေ့သည် အားချန်ပေးခဲ့သည့် အမွှေးနံ့သာလုံးလေးများကို လက်ထဲတွင် ကိုင်ထားကာ ထိုအမွှေးလုံးလေး၏ ရနံ့ကိုရှူရှိုက်ရင်း ခဏလောက်တော့ ဆက်ပြီးသည်းခံနိုင်သေးသယောင် ခံစားနေရ၏။
ဆာလောင်မှုကြောင့် ချန်ဟွေ့၏ ခန္ဓာကိုယ်သည် ပိုပြီးအားနည်းလာတာ အသိစိတ်သည်လည်း တဖြည်းဖြည်း ဝေဝါးလာတော့သည်။ အမွှေးနံ့သာလုံး၏ရနံ့သည် အဆက်မပြတ် ဝင်ရောက်လို့လာပြီး အလွန်မွှေးပျံ့လို့နေ၏။
သူမသည် နောက်ဆုံးတော့ မထိန်းချုပ်နိုင်တော့ဘဲ အမွှေးနံ့သာလုံးကို ပါးစပ်ထဲ ထည့်လိုက်တော့သည်။
ပါးစပ်ထဲသို့ ရောက်သွားချိန်တွင် အမွှေးနံ့သာလုံးများ လုပ်ရာတွင်ပါဝင်ပစ္စည်း များ၏ ခါးသက်သက်အရသာ မဟုတ်ဘဲ အသားနံ့တစ်ခုကို ရလိုက်၏။ သူမသည် အမွှေးနံ့သာလုံးကို သေချာဝါးစားလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ မျိုချလိုက်တော့သည်။
လက်သည်းခွံ အရွယ်အစားရှိသည့် အလုံးလေးတစ်လုံး ဖြစ်သော်ငြားလည်း စားလိုက်ပြီးနောက်တွင် ဗိုက်မပြည့်သော်ငြား ချန်ဟွေ့သည် သူမဗိုက်ထဲက ပူလောင်နေသည့် ဆာလောင်မှုက သက်သာသွားသည်ဟု ခံစားလိုက်ရ၏
ဒီတကြိမ်တွင် အမွှေးနံ့သာလုံးကို စားလိုက်နိုင်သော်ငြားလည်း နောက်တကြိမ်တွင်တော့ မည်သို့ပြုလုပ်ရမည် မသိပေ။
ချန်ဟွေသည် နံရံကို မှီကာထိုင်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် နေရာထဲတွင် တဖန်မျှော်လင့်ချက်မဲ့သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
အချိန်မည်မျှ ကြာမြင့်သွားသည် မသိချေ။ သူမသည် ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရ၏။ ထိုအသံသည် အလွန်ပြင်းထန်သည့် အသက်ရှူသံဖြစ်ပြီး လူ၏အသက်ရှူသံနှင့်မတူဘဲ ဒေါသထွက်နေသည့် သားရိုင်းတိရစ္ဆာန်တစ်ကောင်၏အသံနှင့် ဆင်တူနေသည်။
ပိတ်ထားသည့် သံတံခါးကို ထိုအရာကကုတ်ခြစ်နေသဖြင့် တကျွီကျွီ အသံများ ထွက်ပေါ်နေ၏။ ချန်ဟွေ့သည် ရင်ထဲတွင် အထိတ်တလန့် ဖြစ်သွားပြီး ဝေဝါးနေသည့် အသိစိတ်ကပင် အနည်းငယ် ကြည့်လည်လာတော့သည်။
"တစ်ယောက်ယောက် ရှိတာလား" သူမက တုန်ယင်နေသည့်အသံ ဖြင့်မေးလိုက်၏။
သူမကို ပြန်ဖြေလာသည့်အရာမှာ ကျွီခနဲ တံခါးပွင့်သံတစ်ချက်ပင်။ အနက်ရောင်အရာတစ်ခုသည် သူမထံသို့ ပြေးဝင်တာလေသည်။
သူမ၏ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ဖိချခံထားရပြီး သူမ၏လက်မောင်းကို ပါးစပ်ဖြင့် ကိုက်ခဲထားရာမှ သူမကို တိုက်ခိုက်လာသည့်အရာကို တဖြည်းဖြည်း ရှင်းရှင်းလင်းလင်း မြင်လာ၏။ အဲဒါက ...လူတစ်ယောက်လား။
ဒါပေမဲ့ အဲဒီလူရဲ့ အရေပြားအောက်က မာကျောနေတာပဲ။ သူ့မျက်လုံးကလည်း နီရဲနေတာပဲ။ အမှောင်ထဲမှာလည်း တောက်ပနေသေးတယ်။ သားရိုင်းတိရစ္ဆာန်တကောင်လို ဟိန်းဟောက်သံ ပြုနေပြီး သူမကို စားသောက်ချင်နေတာ။
ထိုထူးဆန်းလှသည့် သတ္တဝါသည် အလွန်အားကြီးသဖြင့် သူမမှာ လုံးဝမလှုပ်ရှားနိုင်ဘဲ အစားခံရတော့မည့် ငါးတစ်ကောင်လို ဖြစ်နေတော့သည်။
ဒီအဖြစ်အပျက်က သူမအဖေ သေဆုံးချိန်က အလောင်းကို တစ်ဝက်ကျော်ကျော် ကိုက်ဖျက်စားသောက်ခံခဲ့ရသည့် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကို ပြန်လည်အမှတ်ရ စေတော့သည်။ ယခုတွင်တော့ သူမသည်လည်း ထိုကံကြမ္မာအတိုင်း လိုက်ပါရတော့မည်။
တကယ်ပဲ မတော်တဆ ဖြစ်ရပ်တစ်ခုလား။
ထိုအချိန်တွင် အမှောင်ထုကို ဖုံးလွှမ်းနေသည့် အကျဉ်းခန်းထဲတွင် ရုတ်တရက် မီးများထိန်လင်းလာပြီး နံရံပေါ်ရှိသံကြိုးများတွင် ချိတ်ထားသည့် ဆီမီးခွက်များသည် တစ်လုံးပြီး တစ်လုံး လင်းလာလေတော့သည်။ စူးရှလှသည့် ဝီစီသံတစ်ခု ထွက်ပေါ်လာပြီး သူမလက်မောင်းပေါ်က အသားတစ်ဖက်ကို ကိုက်ဖျက်လိုက်သည့် ထိုထူးဆန်းလှသည့်သတ္တဝါမှာ ရုတ်တရက်ရပ်တန့်သွားတော့သည်။
ချန်ဟွေ့သည် ခက်ခက်ခဲခဲ ခေါင်းကို လှည့်ကြည့်လိုက်ပြီး အတွင်းခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ ရင်းနှီးနေသည့် အရိပ်တစ်ခုကို မြင်လိုက်ရလေသည်။
"နင်ပဲ..." သူမ၏ပါးစပ်က ဖွင့်ပြီးပြန်ပိတ်သွားသော်ငြားလည်း အသံကတော့ လုံးဝမထွက်သလောက်ပင်။
တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ကာ ခေါင်းအပြည့် ပုလဲရတနာများ ဆင်ယင်ထားသည့် ယန်ကတော်သည် သားဖြစ်သူ၏လက်ကိုတွဲကာ အကျဉ်းခန်းထဲသို့ ဖြည်းဖြည်းခြင်း လျှောက်ကာဝင်လာခဲ့သည်။
တစ်ချိန်ကအားချန်နှင့် ဆက်ဆံရေးတစ်ခုရှိခဲ့ဖူးသည့် ယန်ချန်သည် အမေဖြစ်သူ၏ဘေးတွင် လိုက်ပါလာခဲ့၏။ သူ့လက်ထဲတွင်တော့ ကျောက်စိမ်းဝီစီတစ်ခုကို ကိုင်ထားလေသည်။ ခုနက ထူးဆန်းသည်သတ္တဝါကို ထိန်းချုပ်ခဲ့သူမှာလည်း သူပင် ဖြစ်လိမ့်မည်။
"ချန်ဟွေ့ ငါ နင့်ကို သေစေချင်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာ သိရဲ့လား" ဖန်းယွီသည် ထိုထူးဆန်းလှသည့်သတ္တဝါကို စက်ဆုပ်ရွံရှာစွာ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သွေးများစွန်းထင်းနေသည့် ချန်ဟွေ့ကို ကြည့်ကာ အဖြေကိုပြောလိုက်၏။ "နှစ်ပေါင်း၂ဝရှိသွားပြီ"
"ဘာ ... ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲ ဟုတ်လား။ ဘာဖြစ်လို့လဲဆိုတော့ နင့်ရဲ့တည်ရှိမှုက ငါ့ကို စိတ်မသက်မသာ ဖြစ်ရစေလို့ပဲ။ တကယ်လို့သာ ငါ့ယောက်ျားသာ မရှိဘူးဆိုရင် နင်က နင်ရဲ့သေသွားတဲ့အဖေလိုပဲ စောစောစီးစီး အစားခံလိုက်ရမှာ"
ချန်ဟွေ့၏ မျက်လုံးအိမ်များမှာ ကျုံ့ဝင်သွားတော့သည်။ "နင်ပဲ ... အဲဒါ နင်ပဲ"
ဖန်းယွီသည် သူမက အလွန် ဒေါသထွက်နေသော်ငြားလည်း လက်တစ်ဖက်ကိုပင် မမြှောက်နိုင်သည်ကို မြင်ရသောအခါ မနေနိုင်ဘဲ ရယ်မောလေတော့၏။ "ဟုတ်တယ်။ အဲဒါ ငါပဲ။ တိုက်ဆိုင်မှုလို့ တကယ်ထင်နေတာလား။ နင့်မိဘတွေ နင့်ရဲ့မောင်လေးနဲ့ တခြားသူတွေအားလုံးက ငါမွေးထားတဲ့ သက်ရှိဖုတ်ကောင်ရဲ့ ပါးစပ်ထဲမှာ သေခဲ့ရတာလေ။ နင်လည်း အဲ့လိုပဲသေမှာပဲ"
ထို သက်ရှိဖုတ်ကောင်သည် ဟိန်းဟောက်လိုက်ပြီး ဖန်းယွီ၏ စကားကို ထောက်ခံနေသည့်အလားပင်။
"ယန်လိရူ ..." ချန်ဟွေ့သည် ခက်ခက်ခဲခဲဖြင့် ထိုနာမည်ကို ရေရွတ်လိုက်၏။ "ဒါပေါ့။ ငါ့ယောက်ျားကလည်း သိတယ်လေ။ ဒါပေမဲ့ သူကနင့်ကိုလွှတ်ပေးဖို့ပဲ ငါ့ကိုပြောခဲ့တာ။ ဒါကြောင့် နင် အခုထိ ကောင်းကောင်းမွန်မွန် အသက်ရှင်နေနိုင်သေးတာပေါ့။ နင် အိမ်ထောင်ကျပြီးရင် ငြိမ်ငြိမ်လေးနေမယ်လို့ ထင်ထားခဲ့တာ။ နှစ်ပေါင်း၂၀ကြာ သွားတာတောင်မှ ဒီလောက်အရှက်မရှိဘဲ တခြားသူရဲ့ယောက်ျားကို မြူစွယ်နေတုန်းပဲ"
ချန်ဟွေ့သည် ဖန်းယွီကို စိုက်ကြည့်လိုက်ပြီး "နင်ကမှ အရှက်မရှိတဲ့သူ။ နင်ပဲ သူ့ကို လုယူသွားခဲ့တာ"
ဖန်းယွီ၏ မျက်နှာသည် ချက်ချင်းဆိုသလို ညိုမည်းသွားတော့၏။ ဘေးတွင်ရှိနေသည့်ယန်ချန်က ဝင်ပြောလိုက်သည်။ "အမေ သူနဲ့အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့။ မြန်မြန်ရှင်းပစ်လိုက်ပါ။ အဖေသာ သက်ရှိဖုတ်ကောင် ရှိနေသေးတာကို သိသွားရင် ဒေါသထွက်နေဦးမယ်"
ဖန်းယွီသည် သားဖြစ်သူကို ဒေါသတကြီး မျက်စောင်းဖြင့် ကြည့်လိုက်ကာ "အဲဒါကလည်း နင် နမော်နမဲ့လုပ်ပြီး လူတွေကို ဒီနေရာမှာ ချုပ်နှောင်ထားလို့ မဟုတ်ဘူးလား"
ယန်ချန်သည် သူက အမှားလုပ်ခဲ့သည်ဟု မထင်ဘဲခုခံကာ ပြောဆိုလိုက်၏။ "အမေ့ဘေးမှာ လုပ်ကျွေးပြုစုပေးနေတဲ့သူက ပြောလာတယ်လေ။ အမေဒီလူနဲ့တွေ့ခဲ့ပြီးနောက်ပိုင်း နေ့ရောညပါ အိပ်မပျော်ဘူးတဲ့။ သူကအမေ့ကို မသက်မသာဖြစ်နေအောင် လုပ်မှတော့ သူ့ကိုသတ်ပစ်လိုက်ရုံပဲပေါ့"
"နင်ကတော့လေ" ဖန်းယွီသည် သားဖြစ်သူ၏ နဖူးကိုလှမ်းတောက်လိုက်ပြီး ချန်ဟွေ့ကို တစ်ချက်လှမ်းကြည့် လိုက်၏။ "နှစ်တွေ ဒီလောက်တောင် ကြာသွားပြီပဲ။ တကယ်တော့ ငါလည်း နင့်ကို ခွင့်လွှတ်ပေးမလို့ပါပဲ။ ဒါပေမဲ့ ငါ့သားက မိဘကိုသိတတ်တော့ သူ့ဆန္ဒအတိုင်း လိုက်လျောပေးရတော့မှာပေါ့"
ဝီစီသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ယန်ချန် နှင့် ဖန်းယွီတို့ သားအမိနစ်ယောက်သည် အကျဥ်းခန်းထဲက ထွက်ခွာသွားကြတော့၏။ အတွင်းဘက်တွင်တော့ ချန်ဟွေ့၏ ကွဲအက်နေသည့် အော်ဟစ်သံနှင့် သက်ရှိဖုတ်ကောင်၏ ကိုက်ဖျက်စားသောက်သံများကို ကြားနေရလေသည်။
ထိုအချိန်မှာပင် အလျင်စလို ခြေသံတစ်ခု ထွက်ပေါ်လာပြီး ချန်ဟွေ့သည် လူတစ်ယောက်က "အဖေ" ဟု အော်ခေါ်လိုက်သည်ကို မသဲမကွဲ ကြားလည်းရ၏။
သို့သော်ငြား သူမသည် ထိုသူကို မမြင်လိုက်ရပေ။ သူမသည် ဘာကိုမှလည်း မမြင်နိုင်တော့ပေ။
လက်အောက်ငယ်သားများထံမှ နောက်ကျမှ သတင်းကို လက်ခံရရှိခဲ့သည့် ယန်လီရူသည် အကျဥ်းခန်းတံခါး အပြင်ဘက်တွင် ရပ်ကာ အထဲသို့ ဝင်မလာခဲ့ချေ။
"အဖေ သားမှားပါတယ်" ယန်ချန်သည် အဖေဖြစ်သူ၏ မှင်သက်အံ့သြသွားသည့် အမူအရာကို မြင်လိုက်ရပြီး ချက်ချင်းဆိုသလို ဒူးထောက်ကာ သူ့အမှားကို ဝန်ခံလေတော့သည်။
ယန်လိရူသည် သူ၏တစ်ဦးတည်းသော သားကိုငုံကြည့်ပြီး ခဏလောက် ဆွံ့အသွားလေတော့သည်။
ဖန်းယွီကတော့ ယန်လီရူ၏ အင်္ကျီလက်ကို အသာအယာ လှမ်းဆွဲလိုက်တာ "သခင်ကြီး ချန်အာက တမင်တကာ လုပ်တာမဟုတ်ပါဘူး။ သူက တခြားသူတွေရဲ့ လှုံ့ဆော်ခံလိုက်ရပြီး အမှားလုပ်မိသွားတာပါ။ ကျွန်မ အမှားဆိုလည်း ဟုတ်ပါတယ်။ ကျွန်မ သူ့ကို အချိန်မီမတား လိုက်နိုင်ခဲ့တာပါ"
ယန်လိရူသည် သူ့မျက်လုံးများကို မှိတ်ကာ အမိန့်ပေးလိုက်တော့သည်။ "အဲဒီသက်ရှိဖုတ်ကောင်ကို ရှင်းပစ်လိုက်။ အားဟွေ့ကိုတော့ ... ဖုန်းရွှေကောင်းတဲ့ နေရာတစ်ခုကိုရှာပြီး မြှုပ်ပေးလိုက်"
...