ငါတို့နှစ်ယောက်က မိန်းမဗိုလ်ဖြစ်ဖို့ အရည်းအချင်းရှိတယ်
Vol. 5 Ch. 42
တစ်ရက်တည်းမှာပင် သူသည် ထိပ်တန်းအင်အားစုဖြစ်သော ဓားနှလုံးဂူဗိမာန်ကိုသာမက ၎င်းထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော ကျောင်းတော်မှ ဆရာကြီးလီကိုပါ ရန်သူဖြစ်အောင် လုပ်မိသွားလေပြီ။
ယနေ့ပြီးနောက် သူ့ကို ထောက်ခံအားပေးမည့်သူ အရေအတွက်မှာ အဆမတန် လျော့နည်းသွားတော့မည်ကို သူ အလွန်စိုးရိမ်နေမိ၏။
.........
ထျန်ချီမြို့ ပြင်ပ။
ရထားလုံးသုံးစီးသည် ထျန်ချီမြို့မှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီး ထျန်ချီမြို့နှင့် ဆယ်မိုင်ခန့်အကွာတွင် ရပ်တန့်လိုက်၏။
"ယီယီ... ချင်ဝမ်ရဲ့ပါးကို ရိုက်ရတာ အားရရဲ့လား"
ရထားလုံးကို ရပ်လိုက်ပြီးနောက် လီဆူးဝမ်သည် ရထားလုံးအတွင်းရှိ လီကျန့်ယီကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဆရာ... ဒါက မလုံလောက်သေးပါဘူး၊ ကျွန်တော့်လက်တွေတောင် ညစ်ပတ်ကုန်ပြီ" လီကျန့်ယီက သူ၏လက်ကလေးများကို ရွံရှာဖွယ်ရာ အမူအရာဖြင့် ခါလိုက်သည်။
"ဟားဟားဟား... မင်းလက်တွေ ညစ်ပတ်ကုန်တယ် ဟုတ်လား"
မည်သို့ပင်ဆိုစေကာမူ ဆရာဖြစ်သူ လီဆူးဝမ်မှာမူ လီကျန့်ယီက ချင်ဝမ်၏ပါးကို ရိုက်လိုက်သည်ကို ကြည့်ပြီး အလွန်ပင် ကျေနပ်နေခဲ့သည်။
"ဒါက ချင်ဝမ်ကို အိတ်ထဲထည့်ပြီး ရိုက်ရတာထက်စာရင် ပိုပြီးတော့တောင် စိတ်ကျေနပ်ဖို့ ကောင်းသေးတယ်" လီဆူးဝမ်က သူ၏ဒေါသများကို နောက်ဆုံးတွင် ဖွင့်ထုတ်လိုက်တော့သည်။
အကြောင်းမှာ ချင်ဝမ်သည် သူ့၏ဆက်ခံသူကို သတ်ရန် လုပ်ကြံသတ်ဖြတ်သူများ စေလွှတ်ခဲ့သည် ၊ထိုလုပ်ရပ်မှာ လီဆူးဝမ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်၏။ထို့ကြောင့် ယနေ့ လီကျန့်ယီ၏ ပါးရိုက်ချက်သည် သူ့အား အလွန်ပင် ကြည်နူးပီတိကာ အပြုံးမရပ်နိုင်သည့်အထိ ဖြစ်ရလေ၏။
"အဖေကတော့ ပျော်နေတာပဲ၊ ဒါပေမဲ့ ဒီနေ့ အဖေနဲ့ ယီယီ လုပ်ခဲ့တာတွေက ဧကရာဇ် ထိုက်အန်ဆီ ရောက်သွားရင်တော့ ဒုက္ခတစ်ခုခု ဖြစ်လာနိုင်တယ်"ရထားလုံးကို ရပ်လိုက်ပြီးနောက် လဲ့မုန့်ရှားနှင့် ရှောင်ရူဖန်တို့သည် လီဆူးဝမ်ထံသို့ လျှောက်လာကြသည်။
"ဒုက္ခ..သတ္တိရှိရင် ငါ့ရဲ့ ဓားနှလုံးဂူဗိမာန်ကို စစ်တပ်လွှတ်ပြီး ဝိုင်းကြည့်လိုက်လေ" လီဆူးဝမ်က အထင်အမြင်သေးစွာ ပြောလိုက်သည်။
"သခင်ကြီးလီ... ခမည်းတော်က စစ်တပ်မလွှတ်ရင်တောင်မှ မိန်းမစိုး ကျင်းရွမ်ကို ဓားနှလုံးဂူဗိမာန်ဆီ လွှတ်ပြီး သင်ခန်းစာ ပေးခိုင်းနိုင်ပါတယ်"မည်သို့ပင်ဆိုစေ ချင်ဝမ်သည် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး သခင်ကြီးလီနှင့် သခင်လေးလီတို့၏ ယနေ့လုပ်ရပ်မှာ တော်ဝင်မိသားစု၏ မျက်နှာကို ရိုက်လိုက်ခြင်းနှင်ထပ်တူကြလေသည်။
"မိန်းမစိုး ကျင်းရွမ်က ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ကို ရောက်နေပြီလို့ ကြားတယ်၊ သူသာ ဓားနှလုံးဂူဗိမာန်ကို သွားမယ်ဆိုရင် သခင်ကြီးလီနဲ့ သခင်လေးလီတို့အတွက် ရင်ဆိုင်ရခက်လိမ့်မယ်..." ရှောင်ရူဖန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး လီကျန့်ယီနှင့် လီဆူးဝမ်တို့သည် ယနေ့တွင် အလွန်ပင် ရဲတင်းလွန်းသည်ဟု သူခံစားနေရသည်။
"မင်းတို့ စိုးရိမ်စရာမလိုပါဘူး၊ ငါလည်း မကြာသေးမီကမှ ငါ့ရဲ့စွမ်းရည်တွေကို ထုတ်ပြချင်နေတာ၊ ငါတို့ နွေဦးခရီးထွက်ပြီးတာနဲ့ မိန်းမစိုး ကျင်းရွမ်ဆီ သွားပြီး လက်ရည်စမ်းလိုက်မယ်၊ သူ ဓားနှလုံးဂူဗိမာန်ကို သွားပြီး ဒုက္ခပေးဖို့ အချိန်မရှိစေရဘူးလို့ ငါ အာမခံတယ်" ရှောင်ရူဖန်၏စကားကို ကြားသောအခါ လီချန်းရှန်က ရထားလုံးပေါ်မှ ဆင်းရင်း ပြုံးလျက်ပြော၏။
ထို့နောက် သူသည် ပညာရှိဦးထုပ်ဆောင်းကာ သေတ္တာပိုးထားသော ရှဲ့ရွမ်နှင့် သစ်သားဓားကို ကိုင်ဆောင်၍ မာရာဏဓားကို ကျောပိုးထားသော လီကျန့်ယီတို့ကို ကြည့်ကာ "ရှဲ့ရွမ်လေးနဲ့ ယီယီလေး... မြင်ကြလား၊ ဒါဟာ ငါ့ရဲ့တပည့်ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးပဲ၊ ရှဲ့ရှီနှင့် လီကျန့်ယီတို့ နှစ်ယောက်လုံး ငါ့ရဲ့တပည့်အဖြစ် ခံယူဖို့ စဉ်းစားကြမလား”
"ကျွန်တော်က ရှန်းချန်ကျောင်းတော်ရဲ့ ကျောင်းသားပါ၊ဒါကြောင့် ကျွန်တော် ငြင်းပယ်ပါတယ်!"
"ကျွန်တော်ကလည်း ဓားနှလုံးဂူဗိမာန်မှာပဲ သင်ယူမှာမို့လို့ ငြင်းပယ်ပါတယ်"
လီကျန့်ယီနှင့် ရှဲ့ရွမ်တို့သည် လီချန်းရှန်ကို တစ်ပြိုင်နက်တည်း ကြည့်ကာ သူ၏ဖျားယောင်းမှုကို မခံကြပေ။
"ဟင်း...."
"မင်းတို့နှစ်ယောက်က တကယ်ကို တူတာပဲ၊ ငါ့ကို ငြင်းတာက ထားပါတော့၊ ဒါပေမဲ့ ဒီလောက်တောင် ပြတ်ပြတ်သားသား ငြင်းရသလား" လီချန်းရှန်က ညည်းတွားလိုက်သည်။ လူအများအပြားသည် သူ၏တပည့်ဖြစ်ရန် အလိုရှိကြသော်လည်း မဖြစ်နိုင်ကြပေ။ သို့သော် သူ၏ရှေ့မှ ကောင်လေး နှစ်ယောက်မှာမူ သူ့ကို ထပ်ခါတလဲလဲ ငြင်းပယ်နေကြသည်။
"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ကံပါရင် ဖြစ်လာမှာပါ၊ ကံမပါရင်တော့ အတင်းအကျပ် မလုပ်သင့်ပါဘူး၊ မင်းတို့နှစ်ယောက်နဲ့ ငါနဲ့က ဆရာတပည့် ရေစက်မပါဘူး ထင်ပါတယ်" လီချန်းရှန်က ခေါင်းမာသော ကောင်လေး နှစ်ယောက်ကို ကြည့်ကာ သက်ပြင်းချလိုက်ပေသည်။
"ဆရာကြီးမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ်ရှိတာပဲ"ရှဲ့ရွမ်က ရှေးဟောင်းစာအုပ်ကို ကိုင်လျက်ခပ်တည်တည်ဖြင့်ပြောလိုက်၏။
"ဆရာကြီးလီက ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာ သိတာပဲ" လီကျန့်ယီကလည်း ထပ်လောင်းပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ လီချန်းရှန်သည် ကလေးနှစ်ယောက်ကို ဆက်၍ မရင်ဆိုင်နိုင်တော့ဘဲ ရထားလုံးထဲသို့ အမြန်ပြန်ဝင်ကာ "မင်းတို့နဲ့ စကားမပြောတော့ဘူး၊ငါတစ်ခွန်းမှ ပြန်မပြောနိုင်အောင် လုပ်နေကြတာပဲ၊ဒါက တကယ်ကို စိတ်ပျက်ဖို့ ကောင်းတယ်"ဟုရေရွတ်လိုက်လေသည်။
"ဟားဟား... ဆရာကြီး၊ နောက်ဆုံးတော့ ဆရာကြီးနဲ့ ယှဉ်နိုင်တဲ့သူ တွေ့ပြီပေါ့၊ ဆရာကြီးက ကျွန်တော်တို့ တပည့်တွေကို အမြဲတမ်း နာမည်ပြောင်တွေနဲ့ ခေါ်ပြီး သရော်နေတာလေ"
"အခုတော့ ရှဲ့ရွမ်နဲ့ လီကျန့်ယီတို့က ဆရာကြီးကို သင်ခန်းစာ ပေးလိုက်ပြီပေါ့"လီချန်းရှန် စိတ်ပျက်လက်ပျက် ထွက်ပြေးသွား သည်ကို မြင်သောအခါ လဲ့မုန့်ရှားသည် အလွန်ပင် ကျေနပ်သွားကာ ပြုံးလိုက်မိသည်။
ရထားလုံးထဲသို့ ဝင်သွားသော်လည်း လီချန်းရှန်က လဲ့မုန့်ရှား၏ နဖူးကို အဝေးမှ လက်ညှိုးဖြင့် တစ်ချက်တောက်လိုက်သဖြင့် လဲ့မုန့်ရှားမှာ နာကျင်စွာ အော်ဟစ်ကာပတ်ပြေးနေတော့သည်။
"ဟက်.. မင်းက ငါ့ကို လှောင်ရဲတယ်ပေါ့၊ ငါက မင်းရဲ့ဆရာဆိုတာ မမေ့နဲ့ လဲ့မုန့်ရှား" လဲ့မုန့်ရှား၏ အော်သံကို ကြားမှသာ လီချန်းရှန်သည် ကျေနပ်စွာဖြင့် ရယ်မောလိုက်တော့သည်။
တစ်ချိန်တည်းမှာပင်၊ ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့လည်း ရထားလုံးပေါ်မှ ဆင်းလာကြပြီး
"ကူညီပေးခဲ့ကြတဲ့ ဆရာကြီးလီနဲ့ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်၊ဒီကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး"ရဲဒင်းကျီက လီကျန့်ယီနှင့် အခြားသူများကို အလေးအနက် ဂါရဝပြုလိုက်သည်။
"ဘာမှမဟုတ်ပါဘူး သခင်လေးရဲ၊ အနောက်ဘက် ခရီးစဉ်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ" လီကျန့်ယီနှင့် အခြားသူများက ယဉ်ကျေးစွာ ပြန်ပြောလိုက်ကြ၏။ကောင်းသည့်လူကို ကူညီရတာဟာ သူတို့အတွက် ဂုဏ်ယူစရာပင်။
"သေချာပေါက် ဂရုစိုက်ပါမယ်"
ရဲဒင်းကျီသည် နောက်တစ်ကြိမ် ထပ်မံ ဂါရဝပြုလိုက်သည်။ ထို့နောက် သူ၏ညီအစ်ကို ပိုင်လီတုန်းကျွင်းကို နွေးထွေးစွာ ဖက်ပြီးနှုတ်ဆက်ကာ အနောက်ဘက်သို့ ဝမ်းနည်းစွာဖြင့် ထွက်ခွာသွားတော့၏။သူ့၏ ခရီးစဉ်ကား အတော်အထီကျန်းလွန်းပါသည်။
ရဲဒင်းကျီ ထွက်သွားပြီးနောက် လီချန်းရှန်နှင့် အခြားသူများသည် လှပသော ရှုခင်းများကို ကြည့်ရှုရန် နေရာတစ်ခု ရှာဖွေကြလေသည်။
"အဖေ၊ ဟန်ယီ၊ ယီယီ... ဓားနှလုံးဂူဗိမာန်ကို ပြန်တဲ့လမ်းမှာ ဂရုစိုက်ကြပါဦး"လဲ့မုန့်ရှားက လီချန်းရှန်တို့နှင့်အတူ မထွက်ခွာမီ သံယောဇဉ်ကြီးစွာဖြင့် နှုတ်ဆက်လိုက်ပေသည်။
"ဟက်..မင်းလို သမက်မိုက်က ကိုယ့်ကိစ္စကိုယ်ပဲ ကြည့်စမ်းပါ..နန်းတွင်း အာဏာလုပွဲတွေမှာ ပါဝင်နေတာက ကောင်းကျိုးပေးမှာ မဟုတ်ဘူး"
"ဒါကြောင့် သမက်... မင်းကို ငါ အကြံပေးချင်တာက လီရှင်းယွဲ့နဲ့အတူ ဒီအခြေအနေကနေ အမြန်ဆုံး ရုန်းထွက်လိုက်ပါ" လီဆူးဝမ်က သူ့ကို ပြန်၍ ညွှန်ကြားနေသော လဲ့မုန့်ရှားကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
"ဟီးဟီး... ယောက္ခထီးကြီး၊ ကျွန်တော်ကတော့ ကျောင်းတော်က သူငယ်ချင်းတွေနဲ့ စကားပြောရတာကို ပိုကြိုက်တယ်ဗျ" လဲ့မုန့်ရှားက ခေါင်းကို ကုတ်ကာ လီဆူးဝမ်၏ အကြံပေးချက်ကို ငြင်းပယ်လိုက်ပေသည်။ထိုအခါ လီဆူးဝမ်သည် သူ့ကို စိုက်ကြည့်ကာ မြင်းကို နှင်တံဖြင့် ရိုက်၍ အလျင်အမြန် ထွက်ခွာသွားတော့သည်။
သို့သော်လည်း...ရထားလုံး ထွက်ခွာသွားစဉ်မှာပင် နောက်ဘက်မှ အမောတကော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည် ။
"သခင်လေးလီ..ခဏလောက် စောင့်ပါဦး၊ ကျွန်တော်တို့က ဆုံတွေ့ဖို့ ကံပါလာတာပဲ၊ ကျွန်တော့်ကို တစ်စီးတည်း လိုက်ခွင့်ပြုပါ"
ရထားလုံးပေါ်ရှိ လီကျန့်ယီမှာ”..."
ဒီလူ ဘယ်ကပေါ်လာတာလဲ၊သူ့ ရထားလုံးကရော !!!
"ယီယီ... ငါတို့ ရပ်ပြီး ဝမ်သခင်ကို စောင့်ပေးသင့်လား" ရထားလုံးမောင်းနေသော လီဆူးဝမ်က လီကျန့်ယီကို လှမ်းမေးလိုက်သည်။
"ခဏလောက် စောင့်ပေးလိုက်ပါ" လီကျန့်ယီက ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးမှ ပြန်ဖြေလိုက်သည်။ ဝမ်ရိရှင်းသည် စိတ်ဝင်စားစရာကောင်းသူ ဖြစ်သဖြင့် သူနှင့် မိတ်ဆွေဖွဲ့ထားပါက နောင်တစ်ချိန် ချင်းချန်တောင်သို့ မကြာခဏ သွားရောက်နိုင်မည် ဖြစ်ပေသည်။
"ကောင်းပြီ ယီယီ၊ သိုင်းလောကမှာ သူငယ်ချင်း များများရှိတာက ကျင့်ကြံသူတွေအတွက် အကျိုးရှိတယ်" လီဆူးဝမ်က ရထားလုံးကို ရပ်လိုက်ရင်း ပြောလိုက်၏။
"ဟုတ်ကဲ့" လီကျန့်ယီက ခေါင်းညိတ်လိုက်သည်။
မကြာမီ ဝမ်ရိရှင်းသည် အမောတကော ပြေးလိုက်လာပြီး ရထားလုံးပေါ်သို့ တက်ထိုင်ကာ ပြုံးလျက် ပြောလိုက်သည်။ "သခင်လေးလီ... ကျွန်တော်တို့က ဆုံတွေ့ဖို့ တကယ်ကို ကံပါလာတာပဲ"
လီကျန့်ယီမှာ "..."
ဟေ့လူ..ဘယ်က တွေဖို့ကံပါလာတာလဲ ၊ခင်ဗျားက ကျုပ်တို့နောက်ကို လိုက်နေတာ အသိသာကြီး!!!
"ဒါနဲ့ ဝမ်သခင်ပြောတဲ့ ကံတရားဆိုတာ ဘယ်မှာလဲ" လီကျန့်ယီက မေးလိုက်သည်။
"ငါတို့ နှစ်ယောက်လုံးမှာ မိန်းမဗိုလ် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိနေတာကပဲ ကံတရားပေါ့" ဝမ်ရိရှင်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။