ပိုက်ဆံဖြုန်းတတ်တဲ့ မိန်းကလေးရဲ့ လက်ထဲမှာပါ
Vol. 5 Ch. 43
ဝမ်ရိရှင်း၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ပြီးနောက် လီကျန့်ယီမှာ ဆွံ့အသွားကာ ပြောလိုက်သည်။
"ဝမ်သခင်... ကျွန်တော်က ခင်ဗျားနဲ့မတူဘူး၊ ကျွန်တော့်မျက်လုံးထဲမှာ တစ်ယောက်တည်းပဲ ရှိတာပါ"
ထို့ကြောင့် သူသည် မိန်းမဗိုလ်တစ်ယောက်ဖြစ်ရန် အရည်အချင်းမရှိပေ။
"ဟေး... သခင်လေးလီကသာ မိန်းမဗိုလ်အပေါ် သစ္စာရှိမယ်ဆိုရင် မိန်းမဗိုလ်တစ်ယောက်က ဘာကိုမှမလုပ်နိုင်တာ မရှိပါဘူး" ဝမ်ရိရှင်းက လီကျန့်ယီကို မျက်စိတစ်ဖက်မှိတ် ပြလိုက်သည်။
ထိုအခြင်းအရာကို မြင်သော် လီကျန့်ယီမှာ သူ့အား ရထားလုံးပေါ် တက်ခွင့်ပြုခဲ့မိသည်ကို နောင်တရသွားတော့သည်။ ဤသူသည် စည်းကမ်းရှိသော တာအိုဝတ်စုံဝတ် ပုဂ္ဂိုလ်တစ်ဦးနှင့် လုံးဝမတူပေ။ ဤသူသည် ကာမဂုဏ်နောက် လိုက်နေသည့် လူရှုပ်လူပွေ၊ လူအများကို ကာမစိတ်ဖြင့် လမ်းမှားသို့ ပို့ဆောင်နေသည့် တာအိုငယ်လေးသာ ဖြစ်ပေ၏။
နောင်နှစ်ပေါင်းများစွာ ကြာသောအခါ သူသည် ဂိုဏ်း၏ စီနီယာတပည့် သို့မဟုတ် ဂိုဏ်းချုပ် ဖြစ်လာသည့်အခါ ဤသို့သော အောက်တန်းကျသည့် ကိစ္စများကို ပြန်တွေးမိပါက ရှက်ရွံ့ထိန်းသိမ်းမှု ရှိလာလေမလား။သို့သော် ယခုအချိန်တွင်မူ ထိုသို့ဖြစ်ရန် လုံးဝမဖြစ်နိုင်သေးပေ။
နောင်တစ်ချိန် ချင်းချန်တောင်ကုန်းသို့ သွားသည့်အခါမှသာ တပည့်အားလုံး၏ ရှေ့တွင် ဤအကြောင်းများကို ကောင်းကောင်းပြန်ပြောပြရမည်ဟု သူက ကြံစည်ထား၏။ ထိုအချိန်ကျမှ ဝမ်သခင်၏ တုံ့ပြန်မှုသည် ယခုကဲ့သို့ ကာမစိတ်ဖြင့် မျက်စိကန်းနေသည့် အခြေအနေနှင့် ကွာခြားသွားမည်ဖြစ်ကြောင်း သူယုံကြည်နေသည်။
……….
တစ်ရက်ကြာပြီးနောက်။
ရထားလုံးသည် ချင်းချန်တောင်ကုန်း ခြေရင်းသို့ ဆိုက်ရောက်လာသည်။ ရင်းနှီးနေသော တောင်တန်းများ၊ သစ်ပင်များနှင့် ကောင်းကင်လှေကားထစ်များကို ကြည့်ရင်း ဝမ်ရိရှင်းက
"ဆရာ... ကျွန်တော် မိန်းမဗိုလ် ပြန်ရောက်လာပြီ" ဟုအားရပါးရ အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားသောအခါ လီကျန့်ယီက မျက်နှာကို လက်ဖြင့်အုပ်ကာ ရေရွတ်လိုက်သည်။ "ဂိုဏ်းချုပ် လုစုကျန်းသာ သူ့ရဲ့ နောက်ဆုံးတပည့်က ဒီလိုမျိုးဖြစ်နေတာကို သိရင် ရိုက်သတ်လိုက်မှာ မဟုတ်လား"
"ဖြစ်နိုင်ချေ များပါတယ်" လီဆူးဝမ်ကလည်း ယုံကြည်စိတ် မချရသည့် ဝမ်ရိရှင်းကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
"ဟုတ်တယ်... အဖိုးနဲ့ ယီယီ ပြောတာ အားလုံးမှန်တယ်"လီဟန်ယီ ကလည်း ခေါင်းညိတ်ထောက်ခံသည်။
"သခင်လေးလီနဲ့ သခင်ကြီးလီတို့ ချင်းချန်တောင်ကို ရောက်လာပြီဆိုမှတော့ ကျွန်တော်နဲ့အတူ တောင်ပေါ်တက်ပြီး လက်ဖက်ရည်တစ်ခွက်လောက် သောက်ပါဦးလား" ဝမ်ရိရှင်းက တောင်ခြေတွင် ရပ်ကာ နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။
"မဖြစ်ပါဘူး... ကျွန်တော် ဓားနှလုံးဂူဗိမာန်ကို ပြန်ပြီး ဓားကျင့်ရအုန်းမယ်၊ တာအိုဆရာကြီးတွေရဲ့ အေးချမ်းတဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်တော့ပါဘူး" လီကျန့်ယီက ဝမ်ရိရှင်း၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည်။
သူသည် အချိန်ကို အမိအရ ဆုပ်ကိုင်ကာ ဓားပညာကို သွေးပြီး ခွန်အားကို မြှင့်တင်ရမည် ။ သို့မဟုတ်ပါက အနာဂတ်၏ မရေရာမှုများကြားတွင် ခိုင်မာသော စွမ်းဆောင်ရည် မရှိလျှင် နောင်တနှင့်သာ အဆုံးသတ်ရပေလိမ့်မည်။
"သခင်လေးလီ... တကယ်ပဲ မလိုက်ချင်ဘူးလား၊ ချင်းချန်တောင်ရဲ့ အရှိန်အဝါ ကြည့်တဲ့ပညာက တစ်လောကလုံးမှာ နာမည်ကြီးတာနော်၊ ဒါ့အပြင် ကျွန်တော့်ဆရာကို ခင်ဗျားရဲ့ အိမ်ထောင်ရေး ကံကြမ္မာကို အလကား တွက်ချက်ခိုင်းလို့ ရတယ်" ဟလီကျန့်ယီ မလိုက်လိုသည်ကို မြင်သောအခါ ဝမ်ရိရှင်းက လီဆူးဝမ်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။
အကြောင်းမှာ မကြာသေးမီက လီဆူးဝမ်ကို ခေါင်းခဲစေခဲ့သည့် "ဓားနှလုံးဂူဗိမာန်၏ ဆက်ခံသူ လီကျန့်ယီသည် သုံးဖြုန်းတတ်သော မိန်းမများကို စွဲလမ်းသည်" ဆိုသည့် ကောလာဟလကို သူသိထားသော ကြောင့်ပင်။ အိမ်ထောင်ရေးကံကို အခမဲ့ဟောပေးမည်ဆိုလျှင် လီဆူးဝမ်သည် လီကျန့်ယီကို တောင်ပေါ်သို့ အတင်းခေါ်သွားမည်မှာ သေချာလေ၏။
ထင်သည့်အတိုင်းပင် အရှိန်အဝါ ကြည့်သည့်ပညာနှင့် အခမဲ့ အိမ်ထောင်ရေး ဟောတမ်းအကြောင်း ကြားသည်နှင့် လီဆူးဝမ်သည် လီကျန့်ယီကို ငြင်းဆန်ခွင့်ပင် မပေးတော့ပေ။ သူတို့သည် ရထားလုံးကို ချက်ချင်းရပ်လိုက်ပြီး လီဆူးဝမ်က လက်တစ်ဖက်ဖြင့် လီကျန့်ယီကို ဆွဲကာ အခြားလက်တစ်ဖက်ဖြင့် လီဟန်ယီကို ဆွဲ၍ တောင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြေးတက်သွားတော့သည်။
ဝမ်ရိရှင်းမှာ လီဆူးဝမ်၏ အမြန်နှုန်းကို ကြည့်ကာ မှင်သက်သွားပြီး "သိုင်းလောကက ကောလာဟလတွေက အမှန်ပဲကိုး၊ သခင်ကြီးလီက သခင်လေးလီကို သူ့သားအရင်းလို တကယ်ပဲ ဂရုစိုက်တာပဲ" မြည်တမ်းရင်း တောင်ပေါ်သို့ အမီလိုက်သွားသည်။
ဆယ့်ငါးမိနစ်အကြာတွင် သူတို့အဖွဲ့သည် ချင်းချန်တောင်ထိပ်သို့ ရောက်ရှိသွားကြ၏။
"အဝေးက မိတ်ဆွေတွေ ရောက်လာတာ ဝမ်းသာစရာပဲ "
တောင်ထိပ်သို့ ရောက်သည်နှင့် အသက်လတ်ပိုင်း တာအိုဝတ်စုံဝတ် ဆရာကြီးတစ်ဦးက သူတိုကိုကြိုဆိုဖို့ စောင့်ဆိုင်းနေဟန်ပင်။
ထိုသူကို မြင်သည်နှင့် ဝမ်ရိရှင်းက ရိုသေစွာ နှုတ်ဆက်လိုက်၏။
"အင်း... ထျန်ချီမြို့က ကျီးရှားကျောင်းတော် စာမေးပွဲကို သွားဖြေတာ ဘာတွေ သိမြင်ခဲ့လဲ" လုစုကျန်းက သူ့တပည့်ကြီး ပြန်လာသည်ကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်ကဲ့" ဝမ်ရိရှင်းက ရင်ဘတ်ကို မတ်ကာ ဖြေသည်။
"ပြောစမ်း" လုစုကျန်းက မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။
"ကျွန်တော့်ရဲ့ သိမြင်မှုကတော့... ကျွန်တော့်မှာ မိန်းမဗိုလ် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိနေတာပါပဲ"
"နောင်တစ်ချိန်မှာ ချင်းချန်တောင်ကို စည်ပင်ဝပြောအောင် လုပ်ဆောင်ပေးမှာပါ၊ ကျွန်တော်တို့ ချင်းချန်တောင်ကို ဂုဏ်တင့်အောင် ကြိုးစားသွားပါ့မယ်" ဝမ်ရိရှင်းက ဂုဏ်ယူစွာ ပြောလိုက်၏။
လုစုကျန်းမှာ မျှော်လင့်ချက်များ ပျက်သုဉ်းကာ "..." ဆွံ့အသွားပြီး ဤမိုက်မဲသော တပည့်ကို ရိုက်သတ်ချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်ကာ "ရိရှင်း... မင်းရဲ့ မျက်နှာက မှောင်မည်းနေတယ်၊ မကြာခင်မှာ သွေးထွက်သံယို ဘေးဒုက္ခ ကြုံရနိုင်တယ်၊ ဒါကြောင့် ဘေးလွတ်အောင် တောင်နောက်ဘက်မှာ သွားပြီး ရက်အနည်းငယ်လောက် တရားကျင့်နေတာ အကောင်းဆုံးပဲ"
"ဗျာ... ကျွန်တော့်နဖူးက မှောင်နေလို့လား၊ ဘာမှလည်း မခံစားရပါလား" ဝမ်ရိရှင်းက ကြောင်တောင်တောင်ဖြင့် ပြန်ပြောလို့မပြီးခင်မှာပင် လုစုကျန်းက သူ့ကို ပြန်မဖြေတော့ဘဲ လက်ကို ဝှေ့ယမ်းကာ ဝမ်ရိရှင်းကို တောင်နောက်ဘက် ဂိတ်တံခါးသို့ အတင်းအကျပ် ပို့ဆောင်၍ အကျဉ်းချလိုက်တော့သည်။ ထိုသူ ထွက်သွားပြီးမှသာ လုစုကျန်း၏ မျက်နှာမှာ ပြန်လည်ကြည်လင်လာ၏။
"သခင်လေးလီ၊ သခင်ကြီးလီ... ကျွန်တော့်ရဲ့ မိုက်မဲတဲ့ တပည့်က ခင်ဗျားတို့ကို ဒုက္ခပေးမိပြီထင်တယ်" လုစုကျန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ဒုက္ခမပေးပါဘူး" လီဆူးဝမ်က အမြန်ခေါင်းခါပြပြီး လိုရင်းကို ပြောလိုက်သည်။ "ချင်းချန်တောင်ရဲ့ အရှိန်အဝါ ကြည့်တဲ့ပညာက အရမ်းမှန်ကန်တယ်လို့ ကြားမိပါတယ်၊ ဒါကြောင့် ဂိုဏ်းချုပ်လု အနေနဲ့ ကျွန်တော့်ရဲ့ မပြည့်စုံတဲ့ တပည့်လေးရဲ့ အိမ်ထောင်ရေး ကံကြမ္မာကို တွက်ချက်ပေးလို့ ရမလား"
"ရတာပေါ့" လုစုကျန်းက ခေါင်းညိတ်ကာ လီကျန့်ယီကို ကြည့်ပြီး "သခင်လေးလီ... ခင်ဗျားရဲ့ လက်ကို ပြပေးပါဦး"
"ဟုတ်..." လီကျန့်ယီက စိတ်မပါသော်လည်း လီဆူးဝမ်၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် လက်ကို ကမ်းပေးလိုက်သည်။
"ဂိုဏ်းချုပ်လု... ခင်ဗျားရဲ့ အရှိန်အဝါ ကြည့်တဲ့ပညာက အထွတ်အထိပ် ရောက်နေပြီလို့ ကြားဖူးပါတယ်၊ လူတစ်ယောက်ရဲ့ အရှိန်အဝါကို ကြည့်ရုံနဲ့ ရနေတာကို ဘာလို့ ကျွန်တော့်တပည့်ရဲ့ လက်ကို ကိုင်ပြီး ကြည့်ဖို့ လိုတာလဲ" လီဆူးဝမ်က ဇဝေဇဝါ ဖြစ်ကာ မေးလိုက်၏။
"သခင်ကြီးလီ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် လောကကြီးရဲ့ လားရာကို တွက်ချက်ကြည့်တဲ့အခါမှာ မမျှော်လင့်ဘဲ ကိန်းဂဏန်း အပြောင်းအလဲ (Variable) တစ်ခု ပေါ်လာတာကို တွေ့ရတယ်၊ အဲဒီ အပြောင်းအလဲက သခင်လေးလီပဲ"
ထို့ကြောင့် သခင်လေးလီအတွက် ကံကြမ္မာဟောခြင်းကို သာမန်လူများကဲ့သို့ လုပ်၍မရပေ။
"ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိမှသာ ကံကြမ္မာတွက်ချက်ခြင်းရဲ့ အဖိုးအခ က ပိုနည်းမှာပါ" ဟလုစုကျန်းက ပြုံး၍ ရှင်းပြပြီး လီကျန့်ယီ၏ အရှိန်အဝါနှင့် လက်ဖဝါးလိုင်းများကို သေချာစွာ ကြည့်ရှုတော့သည်။
အရှိန်အဝါ ကြည့်သည့်ပညာကို အနည်းငယ် အသက်သွင်းလိုက်သောအခါ လုစုကျန်းသည် မှောင်မိုက်မှုထဲတွင် ထျန်ချီမြို့၌ လှပစွာ ပွင့်လန်းနေသော ခေါင်းရမ်းပန်းတစ်ပွင့်ကို မြင်လိုက်ရသည်။ ထျန်ချီမြို့ထဲတွင် သွေးချောင်းစီးနေသော မြင်ကွင်းကိုလည်း မြင်လိုက်ရပြီး ကျောက်ယုကျန်း တောင်ပေါ်က ဆင်းလျှင် ကြုံတွေ့ရမည့် ဘေးဒုက္ခမှာလည်း လီကျန့်ယီကြောင့် ပြေပျောက်သွားသည်ကို မြင်လိုက်ရသည်။
ဆိုလိုသည်မှာ လီကျန့်ယီသည် လောကကြီး၏ အပြောင်းအလဲ ဖြစ်လာသောကြောင့် ကျောက်ယုကျန်းသည် တောင်ပေါ်မှ ဘေးကင်းစွာ ဆင်းနိုင်တော့မည် ။ထိုအရာကို မြင်သော် လုစုကျန်းမှာ လွန်စွာ စိတ်လှုပ်ရှားသွားပြီး လီကျန့်ယီ၏ လက်ကို ကိုင်ထားသော လက်များပင် တုန်ယင်လာသည်။ ယနေ့ သူသည် လီကျန့်ယီအတွက် ကံကြမ္မာ တွက်ချက်ပေးခြင်းဖြင့် ချင်းချန်တောင်သည် နောင်တစ်ချိန်တွင် ဘေးဒုက္ခကင်းဝေးပြီး စည်ပင်ဝပြောမည် ဖြစ်ကြောင်း နိမိတ်ရလိုက်သည်။
ဤသည်မှာ လွန်ခဲ့သော နှစ်များက တွက်ချက်ခဲ့သည့် ရလဒ်နှင့် လုံးဝကွာခြားနေသည်။ ထို့ကြောင့် လီကျန့်ယီသည် ချင်းချန်တောင်၏ ကျေးဇူးရှင်ပင် ဖြစ်ပေတော့မည်။ ထိုသို့တွေးမိသော် လုစုကျန်းက စိတ်ကို ထိန်းချုပ်လိုက်သော်လည်း လက်များက တုန်နေဆဲဖြစ်သောကြောင့် လီကျန့်ယီက
"အဆင်ပြေရဲ့လား ဆရာတော်လု"ဟု စိုးရိမ်စွာမေးလိုက်သည်။တစ်ခုခု ဖြစ်နေသည်လော။
"ကောင်းပြီ... ကောင်းပြီ၊ သခင်လေးလီ... ကျွန်တော် စိတ်အေးအေးထားပါ့မယ်" လုစုကျန်းက အသက်ပြင်းပြင်းရှူကာ လီကျန့်ယီ၏ အိမ်ထောင်ရေးကံကို ဆက်လက်တွက်ချက်ပေးပြီး နောက်ဆုံးတွင် သူ ရလဒ်တစ်ခုကို ရရှိသွားသည်။
"သခင်ကြီးလီ... သခင်လေးလီရဲ့ အိမ်ထောင်ရေးကံကို ကျွန်တော် တွက်ချက်လို့ ပြီးပါပြီ" လုစုကျန်းက လီဆူးဝမ်ကိုကြောင်တောင်တောင်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ သူ့တပည့် ဝမ်ရိရှင်း တစ်ယောက်တည်း ထူးဆန်းသည်ဟု ထင်ခဲ့သော်လည်း ယခု ဓားနှလုံးဂူဗိမာန်မှ သခင်လေးလီမှာလည်း ထူးဆန်းသူတစ်ဦး ဖြစ်နေပြန်သည်။
"ရလဒ်က ဘာတဲ့လဲ" လီဆူးဝမ်က မျှော်လင့်တကြီး မေးလိုက်သည်။
"သခင်ကြီးလီ... သခင်လေးလီရဲ့ အိမ်ထောင်ရေးက အဲဒီ သုံးဖြုန်းတတ်တဲ့ မိန်းမရဲ့ လက်ထဲမှာ ရှိနေပါတယ်..."
"အနာဂတ်ရဲ့ မြင်ကွင်းတစ်ခုကို ကျွန်တော် ဝိုးတဝါး မြင်လိုက်ရတယ်၊ အတုမဲ့ လှပတဲ့ ဓားအလင်းတန်းတစ်ခုက ဖြတ်သန်းသွားပြီး မြင့်မားတဲ့ အဆောက်အအုံကြီးတစ်ခု ချက်ချင်း နှစ်ခြမ်းကွဲသွားတယ်၊ အဲဒီဓားကို ကိုင်ဆောင်တဲ့ အမျိုးသမီးဟာ သခင်လေးလီရဲ့ အနာဂတ် ဇနီးလောင်းပါပဲ" လုစုကျန်းက ဖြည်းညှင်းစွာ ပြောလိုက်ပြီး လီဆူးဝမ်၏ တုံ့ပြန်မှု့ကို စောင့်ကြည့်လိုက်တော့သည်။
ဒါက ဂိုဏ်ချုပ် လီဆူးဝမ် ခေါင်းခဲတဲ့အရာမလား!!!
အခု အမှန်တကယ်ဖြစ်လာပြီ!!!
"ဒါဆို သုံးဖြုန်းတတ်တဲ့ မိန်းမနဲ့ ခက်ခဲတဲ့ အချိန်တွေကို တကယ်ပဲ ဖြတ်သန်းရတော့မှာပေါ့" လီဆူးဝမ်က ဟောကိန်းကို ကြားပြီးနောက် သက်ပြင်းချလိုက်သည်။ဖြစ်လာမည်အရာက တကယ်ပဲ တားလို့မရဘူးလား။
ထိုအချိန်တွင် ခုနက ရွှင်ပျနေသော လုစုကျန်းသည် ရုတ်တရက် သွေးအန်ထုတ်လိုက်ပြီး မျက်နှာမှာ အလွန်ဖြူဖျော့သွားတော့သည်။
ဤသည်မှာ လီကျန့်ယီကဲ့သို့ အပြောင်းအလဲ ဖြစ်စေနိုင်သည့် သူ၏ ကံကြမ္မာကို တွက်ချက်မိသဖြင့် ကံတရား၏ တုံ့ပြန်မှုကို ခံစားလိုက်ရခြင်းပင်။