ခါးသောလက်ဖက်သည် မျိူချပြီးနောက် ချိူလာ၏
Vol. 5 Ch. 44
"ဖူး"လုစုကျန်းက သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး သူ၏မျက်နှာမြာက ဖြူဖျော့သွားကာ အားနည်းသွားသည်။
"ဂိုဏ်းချုပ်လု... အဆင်ပြေရဲ့လား" လီကျန့်ယီနှင့် လီဆူးဝမ်တို့က စိုးရိမ်တကြီး မေးမြန်းလိုက်ကြသည်။
"ဟားဟား... အဆင်ပြေပါတယ်၊ သက်တမ်းတိုသွားတာနဲ့ ယှဉ်ရင် သခင်လေးလီအတွက် ဒီဗေဒင်ဟောကိန်းကို တွက်ချက်ပေးရတာက ပိုပြီး တန်ဖိုးရှိပါတယ်ဗျာ" ချင်းချန်တောင်ကုန်းသည် အနာဂတ်တွင် ကြီးမားသော ဘေးအန္တရာယ်များနှင့် မကြုံတွေ့ရတော့သည်ကို မြင်လိုက်ရသဖြင့် လုစုကျန်းတစ်ယောက် စိတ်သက်သာရာ ရသွားပြီ။
ချင်းချန်တောင်၏ ရှေ့ခရီးလမ်းတွင် အခက်အခဲအချို့ ရှိနေဦးမည် ဖြစ်သော်လည်း သေကျေပျက်စီးခြင်းနှင့် ယှဉ်လျှင်မူ ထိုအရာများမှာ ပြောပလောက်သည့် ကိစ္စများ မဟုတ်ပေ။
"သက်တမ်း ထိခိုက်သွားတာလား၊ဂိုဏ်းချုပ်လု... ခင်ဗျား ကျွန်တော့်တပည့်ရဲ့ အိမ်ထောင်ရေးကိစ္စကိုပဲ တွက်တာ မဟုတ်ဘူးလား၊ အဲ့ဒါလေးတွက်တာနဲ့ ဒီလောက်တောင် ထိခိုက်သွားရတာလား" လီဆူးဝမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
လုစုကျန်းက ပြုံးပြီး"လီသခင်လေးရဲ့.. အိမ်ထောင်ရေးအကြောင်း ပြောတာကတော့ လောလောဆယ် ကောင်းကင်ဘုံရဲ့ တုံ့ပြန်မှုကို အများကြီး မခံရပါဘူး။ ဒါပေမဲ့ တခြားကိစ္စရပ်တွေကိုသာ ထုတ်ပြောမိရင် ကျွန်တော် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံရရုံတင်မကဘဲ သခင်လေးလီရဲ့ ရှေ့ဆက်မယ့် လမ်းကြောင်းတွေပါ ပြောင်းလဲသွားနိုင်လို့ပါ" ဟု ရှင်းပြလေသည်။
ထို့ကြောင့် ဤတာအိုဝတ်စုံဝတ် တာအိုဘုန်းကြီးအနေဖြင့် သခင်လေးလီ၏ အနာဂတ်သည် အလွန်တောက်ပလိမ့်မည်ဟုသာ ပြောနိုင်ပေတသည်။
"တကယ်လား၊ဒါဆိုရင်တော့ ကောင်းတာပေါ့" လီဆူးဝမ်သည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူသည် လီကျန့်ယီ၏ အနာဂတ်တွင် တစ်ခုခု ဖြစ်မည်ကို အမှန်တကယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
"ကဲ...အားလုံး ကျွန်တော်နဲ့အတူ တောင်နောက်ဘက်က ခြံဝင်းထဲကို လိုက်ခဲ့ကြပါဦး" လုစုကျန်းသည် ကောင်းကင်ဘုံ၏ တုံ့ပြန်မှုကြောင့် ဒဏ်ရာရထားသော်လည်း ယခုအချိန်တွင် စိတ်ကြည်လင်နေ၏။
သူတို့အားလုံး လုစုကျန်း၏ နောက်သို့လိုက်ကာ ချင်းချန်တောင်၏ နောက်ဖေးခြံဝင်းသို့ ရောက်ရှိလာကြသည်။ ဤနေရာသည် လုစုကျန်းနှင့် သူ၏တပည့်နှစ်ဦး နေထိုင်ရာ အရပ်ပင် ဖြစ်ပေသည်။
လီကျန့်ယီ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ဝမ်ရိရှင်း၏ မရပ်မနား စကားပြောနေသံကို ကြားလိုက်ရတော့၏။
"ညီလေး... ငါပြောမယ်၊ အပြင်လောကကြီးက တကယ့်ကို အံ့ဩဖို့ကောင်းတာကွ၊ နင် အလှူခံလို့ရတဲ့ ချောချောလှလှ မိန်းကလေးတွေ ရှိရုံတင်မကဘူး" ဝမ်ရိရှင်းသည် အသက် တစ်ဆယ့်ငါးနှစ်အရွယ် အပြာရောင်ဝတ်စုံဝတ် ကောင်လေးကို တတွတ်တွတ် ပြောဆိုနေလေသည်။
"နောင်တော်... ဒါတွေ ကျွန်တော့်ကို ဘာလို့ လာပြောနေတာလဲ၊ကျွန်တော်က တောင်အောက်ဆင်းလို့ မရဘူးလေ" ကျောက်ယုကျန်းက ဝမ်ရိရှင်းကို မကျေမနပ်ဖြစ်နေသော မုဆိုးမလေးတစ်ဦးကဲ့သို့ ရန်ငြိုးဖြင့် ကြည့်နေရှာသည်။
သူသည်လည်း အံ့သြဖွယ်ကောင်းသော ကမ္ဘာကြီးကို သွားကြည့်ချင်သော်လည်း တောင်အောက်ဆင်း၍ မရသလို၊ မိမိကြောင့် ချင်းချန်တောင်ကိုလည်း ဘေးမသင့်စေလိုပေ။
"ယုကျန်း... ဒီနေ့ကစပြီး မင်း တောင်အောက် ဆင်းလို့ရပြီ" ကျောက်ယုကျန်း စိတ်ပျက်နေစဉ်မှာပင် လုစုကျန်းက ပြုံးလျက် ပြောလိုက်၏။
"ကျွန်တော်... ကျွန်တော် တောင်အောက် ဆင်းလို့ရပြီလား" ကျောက်ယုကျန်းက မယုံနိုင်သလို ကြည့်နေသည်။
"ဟုတ်တယ်" လုစုကျန်းက ပြုံးကာ ခေါင်းညိတ်ပြသည်။
"ကျွန်တော် တောင်အောက် ဆင်းလို့ရပြီ၊နောင်တော် ဒီတစ်ခါတော့ ကျွန်တော် တောင်အောက် ဆင်းလို့ရပြီဗျို့"
"နောင်တော် သွားခဲ့ဖူးတဲ့ 'ဓားတောင်ကုန်း' ကို သွားပြီး ကမ္ဘာပေါ်က ကျော်ကြားတဲ့ ဓားတွေကို ကြည့်ချင်တယ်! နောင်တော် သွားခဲ့ဖူးတဲ့ ကမ္ဘာ့နံပါတ်တစ်မြို့ 'ဝူရှန်းမြို့' ကို သွားပြီး အဲ့ဒီက သိုင်းပညာရှင်တွေကိုလည်း တွေ့ချင်တယ်"
"ထျန်ချီမြို့ကို သွားပြီး ကျီးရှားကျောင်းတော်က ကမ္ဘာ့နံပါတ်တစ် လီချန်းရှန်နဲ့လည်း တွေ့ချင်သေးတယ် ၊ကျွန်တော်..."
တောင်အောက်ဆင်းခွင့်ရပြီဟု ကြားရသောအခါ ကျောက်ယုကျန်းသည် ဖြစ်ပေါ်လာမည့် အရာအားလုံးကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဖုံးကွယ်မထားနိုင်ဘဲ အားပါတရ ပြောနေတော့၏။သူသည် အမြဲတမ်း
တောင်ပေါ်တွင်သာနေခဲ့ရသူဖြစ်သည်။
"ဆရာ... ဒီဧည့်သည် သုံးယောက်က ဘယ်သူတွေလဲဟင်" ဝမ်ရိရှင်းနှင့် မတူဘဲ ကျောက်ယုကျန်းမှာ စိတ်လှုပ်ရှားနေသော်လည်း သူ၏ သတိထားတတ်မှုကို လက်မလွှတ်ပေ။ သူသည် မိမိ အဘယ်ကြောင့် ရုတ်တရက် တောင်အောက်ဆင်းခွင့်ရသနည်းဟု စဉ်းစားနေမိသည်။
သိသာထင်ရှားသည်မှာ ရှေ့တွင်ရှိနေသော လူသုံးယောက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။
"ဓားနှလုံးဂူဗိမာန်ရဲ့ သခင်၊ သခင်လေးလီနဲ့ သမီးလေးဟန်ယီတို့ပေါ့၊ သူတို့အားလုံးဟာ ချင်းချန်တောင်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေပဲ" လုစုကျန်းက ကျောက်ယုကျန်း၏ ခန့်မှန်းချက် မှန်ကန်ကြောင်း အသိအမှတ်ပြုလိုက်၏။
"လီသခင်နဲ့ သခင်လေးလီလား၊လောကမှာ နာမည်ကြီးနေတဲ့ ဓားနှလုံးဂူဗိမာန်ရဲ့ ဓားသခင်နှစ်ယောက်ဆိုတာ သူတို့လား" ကျောက်ယုကျန်းသည် ဧည့်သည်တော်များကို အလွန်ရိုသေစွာ နှုတ်ဆက်လိုက်သည်။
သူတို့သာ မရှိလျှင် သူသည် ချင်းချန်တောင်ပေါ်၌သာ တစ်သက်လုံး ကုန်ဆုံးသွားရပေလိမ့်မည်။ တစ်ယောက်တည်းနေရခြင်းသည် အလွန်တရာ အထီးကျန်လှသည် မဟုတ်ပါလော။
"သခင်လေးကျောက်က မြှောက်ပင့်လွန်းနေပါပြီ၊သခင်လေးကျောက်ကမှ ချင်းချန်တောင်ရဲ့ တကယ့်ပါရမီရှင်၊ နတ်ဘုရားတစ်ပါးလို အရည်အချင်းရှိသူပါ" ကျောက်ယုကျန်း၏ ချီးမွမ်းမှုကို လီကျန့်ယီနှင့် လီဆူးဝမ်တို့က ယဉ်ကျေးစွာ ပြန်လည် တုံ့ပြန်လိုက်ကြသည်။
"နတ်ဘုရားလို အရည်အချင်းရှိတာက ကျွန်တော့်အတွက် တောင်အောက်ဆင်းဖို့ အဟန့်အတား ဖြစ်နေခဲ့တာပါ။ အမှန်အတိုင်းပြောရရင် လီသခင်နဲ့ သခင်လေးလီတို့လို လွတ်လပ်တဲ့သူတွေကို ကျွန်တော် ပိုပြီး အားကျမိပါတယ်" ကျောက်ယုကျန်းက ရိုးသားစွာ ပြော၏။
"အခု သခင်လေးကျောက်လည်း တောင်အောက်ဆင်းပြီဆိုတော့ ကျွန်တော်တို့လိုပဲ သိုင်းလောကသားတစ်ယောက် ဖြစ်သွားပြီပေါ့" လီကျန့်ယီက ပြုံး၍ ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ သခင်လေးလီ ပြောတာ မှန်ပါတယ်၊ကဲ... ထိုင်ကြပါဦး၊ လက်ဖက်ရည် သောက်ကြရအောင်" ကျောက်ယုကျန်းက ဧည့်သည်တော်များကို တလေးတစား ဖိတ်ခေါ်လိုက်လေသည်။
လီကျန့်ယီတို့ သုံးဦးသည် ကျောက်စားပွဲတွင် နေရာယူလိုက်ကြပြီး ကျောက်ယုကျန်းက ချင်းချန်တောင်၏ ထူးခြားသော လက်ဖက်ရည်ကို ထည့်ပေးလေသည်။
"သုံးဆောင်ကြပါဦး"
လီကျန့်ယီနှင့် လီဆူးဝမ်တို့က လက်ဖက်ရည်ကို မြည်းစမ်းကြည့်သောအခါ အစပိုင်းတွင် အနည်းငယ် ခါးသော်လည်း လည်ချောင်းထဲသို့ ဖြည်းဖြည်းချင်း စီးဝင်သွားသောအခါမှ လန်းဆန်းပြီး ချိုမြိန်သော အရသာကို ခံစားရသည်။
ဤလက်ဖက်ရည်သည် အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။
လီကျန့်ယီနှင့် လီဆူးဝမ်တို့ နှစ်သက်နေသည်ကို မြင်သောအခါ ဟန်ယီကလည်း အမြန်တစ်ငုံ သောက်ကြည့်လိုက်၏။ သို့သော် သူမသည် မျက်လုံးလေးများ မှေးသွားပြီး မျက်မှောင်ကြုတ်လျက် "ခါး... ခါးလိုက်တာ။ ယီယီ... အဖိုး... ဒါကို ဘယ်လိုများ သောက်နိုင်ကြတာလဲ" သူမ၏မျက်နှာလေးမှာ ရှုံ့မဲ့သွားတော့သည်။
"ဟားဟား... ဟန်ယီ၊ ဒီလက်ဖက်ရည်က ဖြည်းဖြည်းချင်း အရသာခံသောက်ရတာကွ။ ရေသောက်သလို သောက်ရင်တော့ ခါးတဲ့အရသာပဲ ရမှာပေါ့၊ ချိုတဲ့အရသာကို ခံစားရမှာ မဟုတ်ဘူး" လီဆူးဝမ်က မြေးမလေးကို ကြည့်ကာ ရယ်မောလိုက်သည်။
"တကယ်... တကယ်လား" ရှောင်ဟန်ယီက လီကျန့်ယီကို သံသယဖြင့် ကြည့်ကာ မေးလိုက်၏။
"အမှန်ပဲ" လီကျန့်ယီက အတည်ပြုပေးလိုက်သည်။
ထိုအခါမှ ဟန်ယီသည် လက်ဖက်ရည်ခွက်ကို ပြန်မကာ ဖြည်းဖြည်းချင်း အရသာခံ သောက်ကြည့်တော့သည်။ အစပိုင်းတွင် မျက်မှောင်ကြုတ်နေသေးသော်လည်း ခဏအကြာတွင် လည်ချောင်းထဲ၌ ချိုမြိန်သောအရသာ ပေါ်လာသောအခါမှ သူမ၏ မျက်နှာလေး ဝင်းပသွားပြီး ချိုသာသော အပြုံးလေး ပေါ်လာတော့၏။
"တကယ်ပဲ ဒီလက်ဖက်ရည်က အရသာရှိလိုက်တာ' ရဟန်ယီက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလိုက်သည်။
"ကြိုက်တယ်ဆိုရင် ပြန်ခါနီးရင် ကျွန်တော် လက်ဖက်ရည်ဘူးအချို့ လက်ဆောင်ပေးပါမယ်။ ဒါမှ အိမ်ရောက်ရင်လည်း ဒီလို ခါးခြင်းကြားက ချိုမြိန်မှုကို ခံစားနိုင်မှာပေါ့"ကျောက်ယုကျန်းက ရက်ရက်ရောရော ကမ်းလှမ်းလိုက်၏။
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် သခင်လေးကျောက်" လီကျန့်ယီက ပြန်ပြောလိုက်သည်။အစားအသောက်နှင့် ပတ်သတ်လျှင် သူငြင်းစရာ အကြောင်းမရှိပေ။
"ကျွန်တော်ကသာ သခင်လေးလီကို ကျေးဇူးတင်ရမှာပါ။ သခင်လေးလီသာ ဒီနေ့ ချင်းချန်တောင်ကို ရောက်မလာရင် ကျွန်တော် ဒီထက်ပိုပြီး ကြာကြာ စောင့်နေရဦးမှာ"ကျောက်ယုကျန်းက စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောသည်။
ထိုအချိန်တွင် ဝမ်ရိရှင်းက ခေါင်းကို မော့ကာ ဂုဏ်ယူစွာဖြင့် "ညီလေး... မင်း တကယ် ကျေးဇူးတင်ရမှာက ငါ့ကိုကွ" ဟုကြားဖြတ်ပြောလိုက်၏။
"ငါသာ သခင်လေးလီတို့ကို ချင်းချန်တောင်ကို ခေါ်မလာခဲ့ရင် ဆရာလည်း သခင်လေးလီကို ဗေဒင်ဟောပေးဖြစ်မှာ မဟုတ်ဘူး၊ အဲ့ဒါဆို မင်းလည်း တောင်အောက် ဆင်းရမှာ မဟုတ်ဘူး"
"ဒါကြောင့် ညီလေး... ငါ အများကြီး မတောင်းဆိုပါဘူး။ တောင်အောက်ရောက်ရင် ငါ့အတွက် အလှူခံပေးဖို့နဲ့ ချောချောလှလှ မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးဖို့ပဲ ကူညီပေးပါ"
"ငါ့ရဲ့ အချစ်ရေး ကံဇာတာက အပြောင်းအလဲ ဖြစ်တော့မယ်လို့ ခံစားနေရတယ်ကွ၊ဒါကြောင့် မင်း ငါ့ကို သေချာပေါက် ကူညီရမယ်"
လီကျန့်ယီ "..."
လီဆူးဝမ် "..."
လုစုကျန်း "..."
ကျောက်ယုကျန်း "..."ကျွန်တော် တောင်အောင်မဆင်းတော့ဘူး!!!
ဝမ်ရိရှင်း၏ အတောမသတ်နိုင်သော စကားများကို ကြည့်ကာ လုစုကျန်းသည် ဤသူကား မိမိတပည့်ဖြစ်သည်၊ သတ်ပစ်၍ မဖြစ်ဟု မိမိကိုယ်ကို အကြိမ်ကြိမ် သတိပေးနေရတော့၏။