စိမ်းလန်းသော တောင်ထိပ်၌ ပန်းများပွင့်ခြင်း
Vol. 5 Ch. 45
"မင်းလို အကုသိုလ်တပည့် စကားကို ဆက်မပြောနဲ့တော့၊ငါဖြင့် ရှက်လွန်းလို့ မျက်နှာဘယ်နားထားရမှန်းတောင် မသိတော့ဘူး၊မင်းမှာ တခြားလုပ်စရာမရှိရင်လည်း သွားပြီး ထင်းခုတ်၊ ရေသွားခပ်နေ"
လုစုကျန်းသည် အတားအဆီးမရှိ လွှတ်ခနဲ ပြောဆိုနေသော ဝမ်ရိရှင်းကို ကြည့်ကာ မျက်နှာတစ်ခုလုံး နီမြန်းနေတော့၏။
သူ၏တစ်သက်တာတွင် ဝမ်ရိရှင်းနှင့် ကျောက်ယုကျန်းဟူသော တပည့်နှစ်ယောက်သာ ရှိခဲ့ဖူးသည်။ ကျောက်ယုကျန်းမှာ အလွန်လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြက်သည့် ပါရမီရှင်တစ်ဦးဖြစ်ရာ နောင်တစ်ချိန်တွင် ချင်းချန်တောင်ကုန်းကို ပိုမိုမြင့်မားသည့် အဆင့်အတန်းသို့ ပို့ဆောင်ပေးနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သို့သော်လည်း ဝမ်ရိရှင်းမှာမူ တောင်အောက်သို့ အကြိမ်အနည်းငယ် ဆင်းပြီးသည့်နောက်တွင် အဘယ်ကြောင့် စရိုက်များ ဤမျှ ပြောင်းလဲသွားရသနည်း။ အခြားဗုဒ္ဓဘာသာဂိုဏ်းများက အကျိုးပေးသန်သူများကို လမ်းညွှန်ပြသကြသော်လည်း၊ ဝမ်ရိရှင်းမူကာ အမျိုးသမီးများကိုသာ လိုက်လံလမ်းညွှန်ချင်နေသည်။
"ဆရာ... ကျွန်တော်က မိန်းမဗိုလ်ဖြစ်လာမဲ့ အလားအလာရှိတဲ့သူ၊ ဆရာက ကျွန်တော့်ကို ဘယ်လိုများ ပြောလိုက်တာလဲ။ ကျွန်တော် သခင်လေးလီကို စည်းရုံးနိုင်ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရတယ်ဆိုတာ ဆရာသိသင့်တယ်"
ဝမ်ရိရှင်းသည် လုစုကျန်းနှင့် ဆက်လက်ငြင်းခုံရန် ပြင်လိုက်သော်လည်း လုစုကျန်းက အခွင့်အရေးမပေးတော့ဘဲ သူ့ကို အခန်းထဲသို့ တွန်းပို့ကာ တံခါးပိတ်လိုက်လေတော့သည်။
မင်းကို ဘာလို့ တပည့်အဖြစ်ခေါ်မိပါ့လိမ့်!!!!
ထို့နောက် လုစုကျန်းက တည်ကြည်သော မျက်နှာထားဖြင့် "ဗုဒ္ဓဘာသာရဲ့ 'လရောင်သမာဓိသုတ်' ကို အကြိမ်တစ်ရာ ကူးရေးချေ။ ကူးလို့မပြီးမချင်း ဒီအခန်းထဲကနေ ထွက်ဖို့ မစဉ်းစားနဲ့"အမိန့်ပေးလိုက်၏။
"ဗျာ..ဆရာ... ကျွန်တော်တို့က တာအိုဂိုဏ်းလေ၊ ဘာလို့ ဗုဒ္ဓကျမ်းစာကို ကူးနေရမှာလဲ။ ကျွန်တော်တို့ တာအိုကျမ်းစာဖြစ်တဲ့ တာအိုတဲ့ကျင်းကို ကူးရင် မကောင်းဘူးလား" ဝမ်ရိရှင်းက အခန်းထဲမှနေ၍ တံခါးကြားလေးမှတစ်ဆင့် လုစုကျန်းကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။
ထိုစဉ် လီကျန့်ယီက ဝင်ရောက်ရှင်းပြလေသည် "'လရောင်သမာဓိသုတ်' ရဲ့ အဓိကအချက်က လူတွေကို ကာမဂုဏ်တရားတွေကနေ ရှောင်ကြဉ်ဖို့ ဆုံးမထားတာပဲ။ လောဘနဲ့ ရာဂဟာ အလွန်တရာ ယုတ်ညံ့ပြီး ဆိုးယုတ်လှတဲ့အတွက် ဆင်းရဲဒုက္ခတွေကို ဖြစ်စေရုံတင်မကဘဲ နတ်ဘုံနတ်နန်းတွေကိုပါ ပျက်စီးစေနိုင်တယ်လို့ ဆိုထားတယ်လေ"
"ဩော်... ဒါပေမဲ့ ကျွန်တော်တို့ တာအိုဂိုဏ်းမှာလည်း ကာမဂုဏ်ကို ရှောင်ကြဉ်ဖို့ ဆုံးမထားတဲ့ 'ထိုက်ဖျင်ကျင့်' ရှိတာပဲကို" ဟု ဝမ်ရိရှင်းက စဉ်းစဉ်းစားစားဖြင့် ပြန်ပြော၏။
"ကောင်းပြီလေ၊ ဒါဆိုရင်လည်း 'ထိုက်ဖျင်ကျင့်' ကိုပဲ အကြိမ်တစ်ရာ ကူးပေတော့ မပြီးမချင်း အပြင်ထွက်ခွင့် မရှိဘူး" လုစုကျန်းက ဝမ်ရိရှင်းကို စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သည်။
ထို့နောက် သူသည် ကျောက်စားပွဲဆီသို့ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြန်လာကာ "ဒီမလိမ္မာတဲ့ တပည့်က သိပ်ကို စည်းကမ်းမရှိလွန်းလို့ အကြီးအကဲလီနဲ့ သခင်လေးလီတို့ ရှေ့မှာ အရှက်ရစရာ ဖြစ်သွားရပါပြီ"စိတ်ညစ်ဖွယ် ပြောလေသည်။
"ဟူး... မိသားစုတိုင်းမှာ ကိုယ်စီ အခက်အခဲရှိကြတာပါပဲ။ ကျွန်တော့်ရဲ့ ယီယီကလည်း ပါရမီထူးလှပေမဲ့ တကယ့်ကို ခေါင်းမာတဲ့ တပည့်ဆိုးလေးပါ"လီဆူးဝမ်က သက်ပြင်းချကာ လုစုကျန်းအပေါ် စာနာမိသွားရသည်။
လုစုကျန်းက လီကျန့်ယီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် "လီသခင်... သခင်လေးလီမှာ သူချစ်ရမယ့်သူ ရှိတာဟာ ကောင်းတဲ့ကိစ္စပါ။ အလွန်ဆုံးရှိလှ သခင်လေးလီ ချစ်တဲ့သူက အသုံးအဖြန်း နည်းနည်းကြီးတာပဲ ရှိတာပေါ့"
"ဒါကြောင့် ဝမ်သခင်အနေနဲ့ ဓားတွေကိုသာ အပတ်တကုတ် သွန်းလုပ်ပြီး သားရဲ့ အနာဂတ်ဇနီးလောင်းအတွက် ကြိုတင်စုဆောင်းပေးထားရင် အားလုံး အဆင်ပြေသွားမှာပါ" အကြံပေး၏။
"ဟူး"
"ဒါပေမဲ့ ယီယီ ကြိုက်နေတဲ့ အဲ့ဒီအသုံးအဖြန်းကြီးတဲ့ မိန်းကလေးက ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ရွှေစင်ရွှေသား တန်ဖိုး သောင်းနဲ့ချီပြီး ကုန်သွားနိုင်တာဗျ! ဆရာလု... ကျွန်တော် တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်သမျှဟာ အဲ့ဒီမိန်းကလေးရဲ့ ဓားတစ်ချက်စာလောက်တောင် ရှိမှာမဟုတ်ဘူး" လီဆူးဝမ်က နာကျင်နေသော မျက်နှာထားဖြင့် ညည်းတွား၏။
မိမိသမီးဖြစ်သူ လဲ့မုန့်ရှားနှင့် အိမ်ထောင်ပြုစဉ်ကတည်းက သူ စိတ်ပူခဲ့ရသော်လည်း၊ ယခု သူသားအရင်းကဲ့သို့ ပြုစုပျိုးထောင်ခဲ့ရသော လီကျန့်ယီက သမီးဖြစ်သူထက်ပင် ပို၍ ဒုက္ခပေးနေချေပြီ။
"တကယ်ပါပဲ" လုစုကျန်းကလည်း စဉ်းစားဆင်ခြင်ဟန်ဖြင့် ခေါင်းညိတ်ပြ၏။
တစ်ဖက်တွင်မူ လီကျန့်ယီသည် ဟန်ယီအကြောင်းကို ဆွေးနွေးနေကြသည့် လူကြီးနှစ်ဦးကို ကြည့်နေရင်းမှ မေးထောက်ကာ အာရုံစိုက်နားထောင်နေသည့် ဟန်ယီဆီသို့ အကြည့်ရောက်သွားသည်။ သူက စိတ်ထဲမှနေ၍ "ဟန်ယီ... ဆရာနဲ့ ဂိုဏ်းချုပ်လုတို့က မင်းအကြောင်း ပြောနေတာလေ၊မင်းက ပြန်မချေပတော့ဘူးလား" ဟုတွေးနေမိသည်။
"ယီယီ... အဖိုးနဲ့ ဂိုဏ်းချုပ်လုတို့က နင်ကြိုက်တဲ့ အသုံးအဖြန်းကြီးတဲ့ မိန်းကလေးအကြောင်း ပြောနေကြတာလေ၊ဘာလို့ ငါ့ကို အဲ့ဒီလို ကြည့်နေတာလဲ၊ငါကတော့ နင့်မိန်းမအတွက် ဓားသွန်းပြီး ပိုက်ဆံစုမပေးနိုင်ဘူးနော်" ဟန်ယီက နှာခေါင်းလေးကို အနည်းငယ် ရှုံ့လိုက်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။
"အော်..." လီကျန့်ယီက အေးစက်စက်ဖြင့် ခေါင်းညိတ်ပြ၏
ဟုတ်တယ် ဟန်ယီရေ မင်းနဲ့မဆိုင်ပါဘူးလေ!!!!
လီကျန့်ယီ၏ ခံစားချက်မဲ့သော မျက်နှာကို မြင်သောအခါ ဟန်ယီက သူစိတ်ဆိုးသွားသည်ဟု ထင်ကာ "ယီယီ...ငါတို့ အမေရဲ့ စကားကို နားထောင်စမ်းပါ၊ ငါတို့က အသုံးအဖြန်းကြီးတဲ့ မိန်းမတွေကို မကြိုက်ပါဘူး ဟုတ်ပြီလား၊တကယ်လို့ အဲ့ဒီလိုသာဆိုရင် ဟန်ယီက ဓားသွန်းတာကို သင်ယူပြီး နင့်မိန်းမအတွက် ပိုက်ဆံစုပေးမယ်လေ... ဟုတ်ပြီလား" အလျင်အမြန် ချော့မော့လိုက်သည်။
"မရပါဘူး၊အသုံးအဖြန်းကြီးတဲ့ မိန်းမတွေကမှ ချစ်ဖို့ကောင်းတာ"လီကျန့်ယီက ဟန်ယီ၏ တောင်းဆိုမှုကို အလေးအနက် ငြင်းပယ်လိုက်၏။
"ဟွန့်!နင်သာ ဒီလို ဆက်လုပ်နေရင် အဖိုးရဲ့ ဓားနှလုံးဂူဗိမာန်ကြီး တစ်ခုလုံး ပြုန်းတီးသွားမှာပေါ့၊အဲ့ဒါ မကောင်းဘူးနော်" ဟန်ယီက ခါးလေးထောက်ကာ လူကြီးတစ်ယောက်လို ဆုံးမနေတော့သည်။
"အကုန် ပြုန်းတီးသွားလည်း ဘာဖြစ်လဲ၊ အလှနတ်သမီးလေးတစ်ယောက်ရဲ့ အပြုံးလေးကို မြင်ရဖို့အတွက်ဆိုရင် ငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်ဖို့ ဝန်မလေးဘူး" လီကျန့်ယီက နောင်တစ်ချိန်တွင် အနှိုင်းမဲ့အလှတရားနှင့် ဆွဲဆောင်မှုရှိလာမည့် ဟန်ယီကို စိတ်ကူးယဉ်ရင်း ပြုံးကာ ပြောလိုက်သည်။
"ဟွန့် နင်သာ ဧကရာဇ်ဖြစ်လာရင် တကယ့်ကို အာဏာရှင်ဆိုးကြီး ဖြစ်မှာပဲ"
"နင်တော့ ရူးသွားပြီ၊ အသုံးအဖြန်းကြီးတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ အဖိုးရဲ့ ဓားဂူဗိမာန်ကို ဖျက်ဆီးပစ်တော့မလို့လား၊ဒါက လုံးဝမမှန်ဘူးနော်၊နင်ပဲ အမြဲပြောနေကျ မဟုတ်လား... မိန်းမတွေက ဓားဝှေ့ယမ်းတဲ့ အရှိန်ကို နှေးကွေးစေတယ်ဆိုတာလေ"
"ဘယ်လို လူမျိုးက မိန်းမတစ်ယောက်အတွက်နဲ့ အာဏာရှင် ဖြစ်သွားရတာလဲ" ဟန်ယီသည် ပြောရင်းဆိုရင်း ပို၍ ဒေါသထွက်လာတော့၏။
"ဟဲဟဲ... ဒါပေမဲ့ ငါက အဲ့ဒီအသုံးအဖြုန်းကြီးတဲ့ မိန်းကလေးကို ကာကွယ်ဖို့အတွက် ဓားကို အစွမ်းကုန် လေ့ကျင့်နေတာလေ" ငဟန်ယီ၏ ချစ်စဖွယ် ဒေါသထွက်နေသော မျက်နှာလေးကို ကြည့်ကာ လီကျန့်ယီက ရယ်မောလိုက်သည်။
လီကျန့်ယီ စကားဆုံးသည်နှင့် ဟန်ယီမှာ ဆွံ့အသွားရပြီး သူမ၏ မျက်ဝန်းအစုံသည် တစ်စုံတစ်ခုကြောင့် နီမြန်းလာခဲ့သည်။ အထူးသဖြင့် လီကျန့်ယီသည် ကိုးနှစ်တိုင်တိုင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့သမျှသည် အသိတရားမဲ့သော အသုံးအဖြုန်းကြီးသည့် မိန်းကလေးတစ်ယောက်အတွက်ဟု တွေးမိသောအခါ သူမ အလွန်တရာ ဝမ်းနည်းမိလေသည်။
သူမသည် ဓားနှလုံးဂူဗိမာန်သို့ ပြန်လာတိုင်း လီကျန့်ယီအတွက် အရသာရှိသော အစားအစာများစွာ ယူဆောင်လာပေးခဲ့သည်ကို သိစေချင်လှ၏။ လမ်းခရီးတွင် ဆာလောင်သော်လည်း လီကျန့်ယီကို ကျွေးရန်အတွက် သူမ မစားဘဲ အောင့်ထားခဲ့ရသည် မဟုတ်ပါလော။
သို့သော် ယခုမူ လီကျန့်ယီသည် အသုံးအဖြုန်းကြီးသည့် မိန်းမတစ်ယောက်အတွက် အရာအားလုံးကို စွန့်လွှတ်ရန် အသင့်ဖြစ်နေချေပြီ။ သူမအတွက်ကော ဘာရှိသနည်း။ သူမ ပြန်လာတိုင်း လီကျန့်ယီဆီတွင် အချိန်တောင်းရပြီး သူကလည်း စိတ်မပါတပါဖြင့်သာ သူမနှင့် ကစားပေးခဲ့သည် မဟုတ်ပါလား။
ဤသည်ကို နှိုင်းယှဉ်ကြည့်မိသောအခါ ဟန်ယီ ရင်ကွဲမတတ် ခံစားလိုက်ရပြီး ၊သူမသည် ခေါင်းလေးကို လွှဲလိုက်ပြီး တိတ်တဆိတ် ငိုကြွေးနေတော့၏။ လီကျန့်ယီ နေ့ညမပြတ် ဓားလေ့ကျင့်နေသည့် ပုံရိပ်ကို မြင်ယောင်မိတိုင်း သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း "အဲ့ဒီ အသုံးအဖြန်းကြီးတဲ့ မိန်းမက ဘာများ ကောင်းနေလို့လဲ"ဟု စိတ်ထဲမှ ကြိတ်မေးနေမိသည်။
"ဟန်ယီ... ဘာဖြစ်လို့လဲ၊ ဘာလို့ မျက်နှာလွှဲသွားတာလဲ" လီကျန့်ယီက ဟန်ယီ ရုတ်တရက် လှည့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ
သူသည် မနေနိုင်တော့ဘဲ ထရပ်ကာ ဟန်ယီဆီသို့ လျှောက်သွားလိုက်၏။ ထိုစဉ် ဟန်ယီ၏ တောက်ပသော မျက်ဝန်းအစုံတွင် မျက်ရည်များ ပြည့်လျှံနေပြီး ဖြူဝင်းသော ပါးပြင်ပေါ်၌ မျက်ရည်စများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။
"ဟန်... ဟန်ယီ၊ ဘာလို့ ငိုနေတာလဲ" လီကျန့်ယီသည် ဟန်ယီ၏ မျက်ရည်များကို မြင်သောအခါ စိတ်နှလုံးတစ်ခုလုံး နူးညံ့သွားရပြီး သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်များကို အမြန်သုတ်ပေးလိုက်လေသည်။
သူ၏ မြေးမလေး ငိုနေသည်ကို မြင်သောအခါ လီဆူးဝမ်ကလည်း အနားသို့ ပြေးလာပြီး "ယီယီ၊အားလုံး မင်းကြောင့်ပဲ၊ မင်း ဟန်ယီကို ငိုအောင် လုပ်လိုက်ပြန်ပြီ" ဟု ဆူပူလိုက်သည်။
"ဆရာ... ကျွန်တော်က..." လီကျန့်ယီသည် ထိုအသုံးအဖြုန်းကြီးသည့် မိန်းကလေးမှာ ဟန်ယီပင် ဖြစ်သည်ဟု ပြောချင်လှသော်လည်း အဆုံးတွင် ဖွင့်မပြောဖြစ်ခဲ့ပေ။
နောင်တစ်ချိန်တွင် လီဆူးဝမ်သည် လီကျန့်ယီ အမြဲတစေ စိတ်ထဲထားနေသော မိန်းကလေးမှာ ဟန်ယီဖြစ်ကြောင်း သိလာလိမ့်မည်။ ထို့အတူ ဟန်ယီ အရွယ်ရောက်လာပြီး အလှပဆုံးသော ဓားချက်ကို ဝှေ့ယမ်းလိုက်သည့်အခါတွင်လည်း သူမကိုယ်တိုင်သည်ပင် ထိုအသုံးအဖြုန်းကြီးသော မိန်းကလေးဖြစ်ကြောင်း နားလည်သွားပေလိမ့်မည်။
"မင်း... ဘာကို ဆိုလိုတာလဲ၊ဟန်ယီကို မချော့တော့ဘူးလား၊ ဟန်ယီက မင်းစကားဆို အနားထောင်ဆုံးပဲကို" လီဆူးဝမ်က လီကျန့်ယီကို မျက်ရိပ်ပြလိုက်၏။ သူသည် လီကျန့်ယီကို သားအရင်းကဲ့သို့ ချစ်မြတ်နိုးသည်ဖြစ်ရာ အမှန်တကယ် ဆူပူကြိမ်းမောင်းလိုခြင်း မဟုတ်ပေ။
"ဟုတ်ကဲ့"
လီကျန့်ယီသည် ရင်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရပြီး ဟန်ယီ၏ လက်ကလေးကို ဆွဲကာ ခြံဝင်းအပြင်ဘက်သို့ အမြန် ပြေးထွက်သွားလေတော့သည်။
ချင်းချန်တောင်၏ တောင်ထိပ်သို့ ရောက်သောအခါ နေရာအနှံ့၌ ပွင့်လန်းနေသော ပန်းများကို ကြည့်ရင်း ဟန်ယီ အရွယ်ရောက်ချိန်တွင် ဝှေ့ယမ်းမည့် အနှိုင်းမဲ့ဓားချက်ကို သူ မြင်ယောင်လာသည်။ ထိုခဏတွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"ဟန်ယီ... နင့်ကို ပေးစရာ ဓားတစ်လက် ရှိတယ်။ မငိုနဲ့တော့နော်၊ဟုတ်ပြီလား" လီကျန့်ယီသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ကို စကားမပြောချင်တော့ဘဲ ငိုနေသည့် ဟန်ယီကို ကြည့်ကာပြောလိုက်သည်။
"မကြည့်ဘူး" ဟန်ယီက လီကျန့်ယီကို လုံးဝ မကြည့်ချင်သဖြင့် ခေါင်းကို ထပ်မံ လွှဲလိုက်ပြန်သည်။
ထိုအခါ လီကျန့်ယီသည် တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ပြီး အတွင်းအားကို အသုံးပြုကာ 'မာရာဏဓား' ပေါ်ရှိ ပိတ်စများကို ခွာထုတ်လိုက်သည်။
ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် လှပလွန်း၍ ရင်သပ်ရှုမောဖွယ်ကောင်းသော ဓားချက်သည် ချင်းချန်တောင်ပေါ်၌ ပန်းများ ပွင့်လန်းလာသကဲ့သို့ ဖြစ်ပေါ်လာတော့၏။
ချင်းချန်တောင်မှ တာအိုဝတ်စုံဝတ် ကျင့်ကြံသူများသည် မော့ကြည့်လိုက်ကြရာ ချင်းချန်တောင်ထိပ်တွင် ဓားဆန္ဒမှ ပြောင်းလဲလာသော ခေါင်ရမ်းပန်းများ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
စိမ်းလန်းသော တောင်ကုန်းများထက်၌ နီရဲသော ခေါင်ရမ်းပန်းများ ပွင့်လန်းနေပုံမှာ သတို့သမီးတစ်ဦး၏ မင်္ဂလာဝတ်စုံကဲ့သို့ တောက်ပနေပြီး အလွန်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။ ထိုနီရဲသော ပန်းပင်လယ်ကြီးကို မြင်တွေ့လိုက်ရသူတိုင်း၏ စိတ်နှလုံးထဲတွင် ဤပုံရိပ်မှာ ဖျောက်ဖျက်မရနိုင်အောင် စွဲထင်ကျန်ရစ်ခဲ့မည်မှာ အသေ အချာပင်။