ပန်းပေါင်း သောင်းခြောက်ထောင် ဖူးပွင့်ချိန်
Vol. 5 Ch. 46
"စိမ်းလန်းတဲ့ တောင်ကုန်းထက်မှာ ခေါင်ရမ်းပန်းတွေ ပွင့်လန်းလို့ ပန်းအပေါင်းတို့ကလည်း လာရောက် အလေးပြုကြသကဲ့သို့ပင်"
ခြံဝင်းအတွင်း၌ လုစုကျန်းသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော သွေးကဲ့သို့ နီရဲသည့် ခေါင်ရမ်းပန်းများကို ကြည့်ရင်း လျှပ်စီးအပစ်ခံလိုက်ရသလို အံ့အားသင့်ကာ တစ်စုံတစ်ခုကို သတိရသွားတော့၏။ လီကျန့်ယီကို ဗေဒင်ဟောပေးစဉ်က သူ မြင်တွေ့ခဲ့ရသော အနှိုင်းမဲ့ဓားချက်မှာ ယခု သူ မြင်နေရသည့် ဓားချက်နှင့် ထပ်တူပင် ဖြစ်ပေသည်။
သို့သော်လည်း လီကျန့်ယီ၏ ဓားချက်မှာ မာရာဏဓားတွင် ပန်းများ ပွင့်လန်းလာသကဲ့သို့ ဖြစ်ပြီး၊ သူ ဗေဒင်တွင် မြင်ခဲ့ရသော ဓားချက်မှာမူ ကမ္ဘာပေါ်ရှိ ပန်းအားလုံးကို ဆွဲဆောင်ကာ ပန်းအပေါင်းတို့က လာရောက် ဦးညွှတ်ရသကဲ့သို့ ပိုမို ခန့်ညားထည်ဝါလှ၏။
ထိုဓားချက်သည် အလွန်တရာ ခမ်းနားထည်ဝါလှပေသည်။ယခု ပွင့်လန်းနေသော ခေါင်ရမ်းပန်းများကဲ့သို့ပင် နှစ်ခုစလုံးမှာ အဆုံးစွန်းသော အလှတရားကို ဖော်ဆောင်သည့် ဓားချက်များပင် ဖြစ်ပါပေသည်။ သို့ဆိုလျှင် သူ ဝိုးတဝါး မြင်ခဲ့ရသော ဓားချက်နှင့် ယခု မျက်မှောက်တွင် မြင်နေရသော ဓားချက်မှာ မည်မျှအထိ ပတ်သက်မှု ရှိနေပါသနည်း။
ဤအရာနှစ်ခုကြားတွင် ဆက်နွှယ်မှု မရှိဟု လုစုကျန်း မယုံကြည်ပေ။ လီကျန့်ယီ ယခု ဝှေ့ယမ်းလိုက်သော ဓားချက်သည် အနာဂတ်တွင် သူ မြင်တွေ့ခဲ့ရမည့် ဓားချက်မှ ဆင်းသက်လာခြင်း ဖြစ်ရမည်ဟု သူ ခံစားမိ၏။ တစ်နည်းအားဖြင့်ဆိုသော် ဤခေါင်းရမ်းပန်းများ၏ အရင်းအမြစ်မှာ အနာဂတ်တွင် ပေါ်ပေါက်လာမည့် 'ပန်းပေါင်းသောင်းခြောက်ထောင် လာရောက်ဦးညွှတ်ခြင်း" ပင် ဖြစ်ပါလိမ့်မည်။
ဤသို့ တွေးမိသည်နှင့် လုစုကျန်းသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ 'အရှိန်အဝါကြည့် ပညာ'ကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။ ခဏအကြာတွင်မူ လုစုကျန်းသည် သွေးများစွာ အန်ထုတ်လိုက်ရပြီး သူ၏ မျက်ဝန်းအစုံမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့၏။
လီကျန့်ယီ၏ ဓားချက်သည် အနာဂတ်မှ အမျိုးသမီးတစ်ဦး၏ 'ပန်းပေါင်းသောင်းခြောက်ထောင် လာရောက်ဦးညွှတ်ခြင်း' ဓားချက်မှ ဆင်းသက်လာသည်ကို သူ မယုံနိုင်အောင် ဖြစ်နေရသည်။ သို့ဆိုလျှင် သခင်လေးလီသည်လည်း'အရှိန်အဝါကြည့်' အတတ်ကို တတ်မြောက်ထားပါသလော။ သို့မဟုတ် ထိုထက် ပိုမို မြင့်မားသည့် နည်းစနစ်ကို ပိုင်ဆိုင်ထားလေသလား။
ထိုသို့သာ မဟုတ်လျှင် သူသည် ကမ္ဘာလောကကြီးတစ်ခုလုံးမှ ပန်းများကို ဆောင်ယူလာနိုင်သည့် ဓားပညာကို အသုံးပြုပြီး ယခု သူ ဝှေ့ယမ်းလိုက်သော 'အခြားတစ်ဖက်ကမ်း၌ ပန်းများ ပွင့်လန်းခြင်း' ဓားကွက်ကို မည်သို့ ဖန်တီးနိုင်ပါမည်နည်း။
အလွန်တရာ တုန်လှုပ်သွားရသဖြင့် လုစုကျန်း၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။ သူသည် ကျောက်ယုကျန်းကို ကြည့်ကာ "မြန်မြန် ယုကျန်း... မင်းရဲ့ ဆရာကို ချင်းချန်တောင် ထိပ်အထိ တွဲပို့ပေးစမ်းပါဆရာ တစ်ခုခုကို အတည်ပြုချင်လို့ပါ" ဟု အလျင်အမြန် ပြောလိုက်သည်။
"ဆရာ..ဆရာ 'အရှိန်အဝါကြည့်'အတတ်ကို ထပ်သုံးလိုက်တာလား၊ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ချောင်းကြည့်ဖို့ ကြိုးစားလို့ ဒဏ်ရာရသွားတာ မဟုတ်လား" လုစုကျန်း၏ စိုးရိမ်နေသော မျက်နှာကို မြင်သောအခါ ကျောက်ယုကျန်းမှာ အလွန်စိုးရိမ်သွားသော်လည်း မနှောင့်နှေးဝံ့ပေ။
သူသည် အလွန်အမင်း အားနည်းနေသော လုစုကျန်းကို တွဲကာ ချင်းချန်တောင် ထိပ်ဆီသို့ ဦးတည်သွားလေတော့သည်။ဤသည်ကို မြင်သောအခါ လီဆူးဝမ်ကလည်း အမြန် လိုက်သွား၏။ ထိုဓားချက်မှာ လီကျန့်ယီထံမှ လာသည်ကို သူ ခံစားမိသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် လီကျန့်ယီနှင့် ပတ်သက်သည့် ကိစ္စများတွင် သူ မရှိဘဲ မနေနိုင်ပါပေ။
ချင်းချန်တောင် ထိပ်၌။
ကောင်းကင်တစ်ခုလုံးတွင် ခေါင်ရမ်းပန်းများမှာ နှင်းမုန်တိုင်း ကျနေသကဲ့သို့ ပြည့်နှက်နေပြီး နီရဲသောပန်းပွင့်လေးများမှာ နတ်သူငယ်လေးများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ လွင့်မျောနေကြ၏။
လီကျန့်ယီကို အစပိုင်းတွင် ဂရုမစိုက်ချင်ဟန်ဆောင်နေသော ဟန်ယီမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံး လွင့်မျောနေသော ခေါင်ရမ်းပန်းများကို ကြည့်ကာ မှင်သက်သွားရသည်။ သူမသည် ဤမျှ ဆွဲဆောင်မှုရှိပြီး လှပသော ခေါင်ရမ်းပန်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ထိုပန်းများမှာ သူမကို ဝန်းရံထားကြ၏။
လှပလွန်းသော ထိုပန်းများကို ကြည့်ရင်း ဟန်ယီသည် ဓားဆန္ဒမှ ဖြစ်ပေါ်လာသော ခေါင်ရမ်းပန်းလေးကို ထိတွေ့ရန် သူမ၏ လက်ကလေးကို ဆန့်ထုတ်လိုက်သည်။ ထိုပန်းလေးကို ထိလိုက်ရသောအခါ သူမသည် နွေးထွေးသော ခံစားချက်ကို အံ့ဩဖွယ် ခံစားလိုက်ရလေသည်။
"နွေး... နွေးလိုက်တာ..." ဟန်ယီက ပန်းလေးများကို ထိတွေ့ရင်း တိုးတိုးလေး ရေရွတ်မိ၏။ထို့နောက် ကောင်းကင်တစ်ခုလုံးကို မော့ကြည့်ရင်း သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ပေါ်လာပြီး "ယီယီ... ဒီပန်းတွေက သိပ်လှတာပဲ၊ ဒါက ဘာပန်းလဲဟင်" ဟု မေးလိုက်သည်။
"ဓားရဲ့ နာမည်အတိုင်း "မာရာဏ"ရဲ့ အဓိပ္ပာယ်တူတဲ့ ခေါင်ရမ်းပန်း
ပေါ့။ ဒီဓားချက်က နင့်အတွက်ပါ ဟန်ယီ" ကောင်းကင်တစ်ပြင်လုံးပြည့်နေသည့် ပန်းများကို မြင်ပြီးနောက် ဟန်ယီသည် စောစောက စိတ်မကောင်းဖြစ်မှုများကို မေ့ပျောက်သွားလေတော့သည်။ထိုအရာကို မြင်သောအခါ လီကျန့်ယီက အေးအေးလူလူပင် ပြန်ဖြေလိုက်၏။
"မာရာဏဓား ' ' ခေါင်ရမ်းပန်း' ဓားပညာ လေ့ကျင့်တာက ဒီလို လှပတဲ့ ပန်းတွေကို ပွင့်လာစေနိုင်တာလား" ရဟန်ယီမှာ အံ့အားသင့်သွားရပြီး ဓားပညာ လေ့ကျင့်ခြင်းမှာ အလွန် စိတ်ဝင်စားဖို့ ကောင်းသည်ဟု ရုတ်တရက် တွေးမိသွားတော့သည်။
"ယီယီ.. ခေါင်ရမ်းပန်းက သိပ်လှတာပဲ၊ငါလည်း ဒီလိုမျိုး ဓားပညာကို သင်ချင်တယ်" ဟန်ယီသည် ယခင်က ဓားပညာကို သိပ်မလေ့ကျင့်ခဲ့သော်လည်း ယခုအခါတွင်မူ စိတ်ဝင်တစား ရှိလာခဲ့ချေပြီ။ ဓားပညာ လေ့ကျင့်ခြင်းက ဤမျှ လှပသော ပန်းများကို ဖန်တီးနိုင်လိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
"ကောင်းပြီလေ၊ ဓားနှလုံးဂူဗိမာန်ကို ပြန်ရောက်ရင် ငါ နင့်ကို ဓားပညာ သင်ပေးမယ်" လီကျန့်ယီက ဟန်ယီကို ကြင်နာသော မျက်ဝန်းများဖြင့် ကြည့်ကာ ကတိပေးလိုက်သည်။
ထိုအချိန်တွင် ကျောက်ယုကျန်းသည် လုစုကျန်းကို တွဲကာ တောင်ထိပ်သို့ ရောက်ရှိလာပြီး လီကျန့်ယီ၏ ကတိစကားကို အမှတ်မထင် ကြားလိုက်ရလေသည်။ ရုတ်တရက် လုစုကျန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။
အကြောင်းမှာ သူ အတည်ပြုချင်သော အရာကို အသေအချာ သိရှိသွားသောကြောင့် ဖြစ်ပေသည်။ နောင်တစ်ချိန်တွင် 'ပန်းပေါင်းသောင်းခြောက်ထောင် လာရောက်ဦးညွှတ်ခြင်း' ဓားချက်ကို ဝှေ့ယမ်းမည့် အမျိုးသမီးမှာ လီကျန့်ယီ ယခု ကြင်နာစွာ ဆက်ဆံနေသော ဟန်ယီပင် ဖြစ်ပါပေသည်။
တစ်နည်းအားဖြင့် လီကျန့်ယီ အမြဲပြောနေသော အသုံးအဖြန်းကြီးသည့် မိန်းကလေးမှာ ဓားနှလုံးဂူဗိမာန်မှ လီဆူးဝမ်၏ မြေးမလေး လီဟန်ယီပင် ဖြစ်တော့သည်။ဤသို့ တွေးမိပြီးနောက် လုစုကျန်း၏ ဖြူလျော့နေသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး လီဆူးဝမ်ကို ကြည့်ကာ "ဂုဏ်ယူပါတယ် အကြီးအကဲလီ၊သခင်လေးလီဟာ ဓားဆန္ဒကို နားလည်သဘောပေါက်သွားပါပြီး အနာဂတ်ရဲ့ နတ်ဓားရှင်တစ်ယောက် ဖြစ်လာဖို့ကတော့ လက်တစ်ကမ်းအလိုမှာပဲ ရှိပါတော့တယ်" ဟု ပြောလိုက်သည်။
"အင်း မင်းရဲ့ ကောင်းမွန်တဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်၊ဒါပေမဲ့ မင်း ခုနက သွေးတွေ အများကြီး အန်ထားတာ တကယ်ပဲ အဆင်ပြေရဲ့လား" လီဆူးဝမ်သည် မိမိ၏ တပည့်မှာ ဓားဆန္ဒကို နားလည်သွားသဖြင့် လုစုကျန်းက အဘယ်ကြောင့် ဤမျှ ဝမ်းသာနေရသနည်းဟု နားမလည်နိုင် ဖြစ်နေရသည်။
မိမိသားကဲ့သို့ ချစ်ရသော လီကျန့်ယီသည် လုစုကျန်း၏ ပျောက်ဆုံးနေသော သားများ ဖြစ်နေသလောဟုပင် သံသယ ဝင်မိလေသည်။ ဤသို့ တွေးမိသောအခါ လီဆူးဝမ်မှာ စိုးရိမ်စိတ် ဝင်လာတော့၏။ လီကျန့်ယီမှာ သူ ကိုးနှစ်တိုင်တိုင် ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်လာရသူ ဖြစ်ရာ အကယ်၍သာ လုစုကျန်း၏ သားဖြစ်နေပါက သူ သားတစ်ယောက် ဆုံးရှုံးရသလို ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် လီဆူးဝမ်သည် လုစုကျန်းကို မေးခွန်းတစ်ခု မေးရန် ပြင်လိုက်သော်လည်း သူ၏ တွန့်ဆုတ်နေသော အမူအရာကို မြင်သဖြင့် လုစုကျန်းက ရိပ်မိကာ ပြုံးလျက် ခေါင်းခါပြလိုက်သည်။
"စိတ်မပူပါနဲ့ လီသခင်ကြီး... ကျွန်တော် လုစုကျန်းမှာ သားသမီး မရှိပါဘူး" ထို့ကြောင့် သခင်လေးလီသည် သခင်ကြီးလီ၏ ဆက်ခံသူအဖြစ်သာ ရှိနေဦးမည် ဖြစ်ပေသည်။
"ငါ့ရဲ့ ယီယီက မင်းသားမဟုတ်ရင် ဂိုဏ်းချုပ်လုက ဘာလို့ ဒီလောက် ဝမ်းသာနေရတာလဲ"လီဆူးဝမ်က သူ၏ သံသယကို ထုတ်မေးလိုက်၏။
"ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ပြောလို့ မရလို့ပါ၊ ကျွန်တော့်မှာ သံသယတွေ ရှိနေခဲ့ပေမဲ့ သခင်လေးလီက ကျွန်တော့်အတွက် အဖြေပေးလိုက်လို့ပါပဲ"
"အဲ့ဒါကြောင့် ကျွန်တော် ပျော်နေတာပါ" လုစုကျန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။
လီကျန့်ယီ ချစ်မြတ်နိုးသော မိန်းကလေးမှာ လီဟန်ယီဖြစ်ကြောင်း သူ မပြောပြချင်၍ မဟုတ်ပေ။ သို့သော် သူ၏ 'အရှိန်အဝါကြည့်'အတတ်ကို အသုံးပြုပြီး လီကျန့်ယီ၏ 'မာရာဏဓား'' သည် အနာဂတ်မှ လီဟန်ယီထံမှ ဆင်းသက်လာသည်ကို တွက်ချက်လိုက်သောအခါ သူ၏ အသက်ဓာတ်မှာ ပြန်လည် ကုစား၍မရနိုင်အောင် ပျက်စီးသွားခဲ့ရသည်။
တစ်နည်းအားဖြင့် ဤဗေဒင်ဟောကိန်းသည် သူ၏ သက်တမ်းတစ်ဝက်ကို ပေးဆပ်လိုက်ရခြင်း ဖြစ်ပေသည်။ သူတစ်ဦးတည်း သိနေလျှင် အကြောင်းမဟုတ်သော်လည်း အကယ်၍သာ ထုတ်ပြောမိပါက ကောင်းကင်ဘုံ၏ အပြစ်ပေးမှုမှာ သက်တမ်းတစ်ဝက်လောက်နှင့် ပြီးမည်မဟုတ်ဘဲ နေရာတင် အသက်ပျောက်သွားနိုင်ပေသည်။
ထို့ကြောင့် သူ မပြောချင်၍ မဟုတ်ဘဲ ပြောပြ၍ မရခြင်းပင် ဖြစ်ပါပေသည်။ အနာဂတ်၏ သေးငယ်သော လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်မိရုံမျှဖြင့် ပစ္စုပ္ပန်တွင် တိုင်းတာ၍မရသော သက်ရောက်မှုများ ရှိလာနိုင်သည်။
"ယီယီက ဂိုဏ်းချုပ်လုရဲ့ မေးခွန်းကို ဖြေပေးလိုက်တယ် ဟုတ်လား"လီဆူးဝမ်သည် လုစုကျန်း၏ စကားကို ကြားပြီး ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ လီကျန့်ယီသည် တောင်ထိပ်ပေါ်တွင်သာ ရှိနေခဲ့သည်ကို သူ မည်သည့်အချိန်တွင် လုစုကျန်း၏ မေးခွန်းကို ဖြေလိုက်ပါသနည်း။
ဤတာအိုဘုန်းကြီးများမှာ အဘယ်ကြောင့် ဤမျှ လျှို့ဝှက်ဆန်းကြယ်နေကြသနည်း။ သူ ဘာတစ်ခုမှ နားမလည်နိုင်တော့ပေ။
"ဟုတ်ပါတယ်၊ သခင်လေးလီက ကျွန်တော့်ကို ဘယ်လို အဖြေမျိုး ပေးခဲ့သလဲဆိုတာ အကြီးအကဲလီက မကြာခင်မှာ နားလည်လာပါလိမ့်မယ်'လုစုကျန်း၏ ဖြူလျော်သော မျက်နှာတွင် အပြုံးတစ်ခု ထပ်မံ ပေါ်လာပြန်၏။
"ဂိုဏ်းချုပ်လု... မကြာခင်ဆိုတာ ဘယ်လောက်တောင် ကြာဦးမှာလဲ" လီဆူးဝမ်သည် ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသလို ခံစားရခက်နေပြီး လီကျန့်ယီက လုစုကျန်းကို ဘာများ ရှင်းပြလိုက်သလဲဆိုသည်ကို အလွန် သိချင်နေတော့သည်။
"ဘယ်လောက်ကြာမလဲ ဟုတ်လား၊သူမ ပန်းပေါင်းသောင်းခြောက် ထောင် ပွင့်လန်းချိန်ကိုရောက်ရှိပြီး တစ်လောကလုံးမှာ နာမည်ကျော်ကြားလာတဲ့ အခါကျရင် သခင်ကြီး နားလည်သွားပါလိမ့်မယ်" လုစုကျန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလျက် ပြောလိုက်၏။