ကျောက်ယုကျန်း တောင်အောက်ဆင်းခြင်း
Vol. 5 Ch. 47
"ပန်းပေါင်စုံ ဖူးပွင့်ချိန်မှာ တစ်လောကလုံး ကျော်ကြာလာမယ်ဟုတ်လား"
လုစုကျန်း၏ ရှုပ်ထွေးလှသော စကားများကို နားထောင်ပြီးနောက် လီဆူးဝမ်သည် တိတ်ဆိတ်သွားတော့၏။ ပန်းပေါင်းများစွာ ပွင့်လန်းချိန်တွင် တစ်လောကလုံး၌ ကျော်ကြားလာမည် ဆိုသည်မှာ အဘယ်သို့နည်း။
ယီယီက ဧကရာဇ် ဖြစ်ချင်နေတာလား!!
အဲ့ဒါမှမဟုတ်ရင် ဘာကြောင့် ဒီနေရာကို လာရမှာလဲ၊ ဘာကြောင့် ကျော်ကြားမှုကို ရှာဖွေရမှာလဲ။
မဖြစ်နိုင်တာ! ငါမှာ သမက်တစ်ယောက်နဲ့ သမီးတစ်ယောက် က
နန်းတွင်းထဲကောက်ပြီးပြီ၊ယီယီကိုတော့ နန်းတွင်းရေး ပဋိပက္ခတွေကြားထဲ ထပ်ပြီး အပါမခံနိုင်တော့ဘူး။ ဓားနှလုံးဂူဗိမာန်ကို ပြန်ရောက်ရင် လီကျန့်ယီကို သေသေချာချာ ဆုံးမစကား ပြောရပေဦးမည်။
"ယုကျန်း... မင်းရဲ့ဆရာကို အနားယူဖို့ တွဲပို့ပေးလိုက်ဦး။ မင်းနဲ့ မင်းရဲ့ နောင်တော်တို့ကတော့ အကြီးအကဲလီနဲ့ သခင်လေးလီတို့ဆီမှာ အချိန်ခဏလောက် အချိန်ဖြုန်းလိုက်ကြပေါ့"
လုစုကျန်းသည် အမှန်တရားတစ်ခုကို သိမြင်သွားပြီးနောက် ပြင်းထန်သော ဒဏ်ရာကို ခံစားခဲ့ရသော်လည်း သူသည် အလွန်တရာ ပျော်ရွှင်နေမိပေသည်။
"ဟုတ်ကဲ့ပါ" ကျောက်ယုကျန်းသည် လုစုကျန်းကို အနားယူရန်အတွက် ခြံဝင်းအတွင်းသို့ အမြန်တွဲပို့လိုက်လေ၏။ ထိုအချိန်အတွင်းမှာပင် ထူးဆန်းသော စရိုက်ရှိသူ ဝမ်ရိရှင်းကိုလည်း လုစုကျန်းက အကျဉ်းချထားရာမှ ပြန်လွှတ်ပေးလိုက်တော့သည်။
"ဆရာ... ဘာဖြစ်တာလဲ၊ကျွန်တော် 'ထိုက်ဖျင်ကျင့်' ကို နှစ်ခါပဲ ကူးရသေးတယ်၊ ဆရာ့မျက်နှာက ဘာလို့ ဒီလောက်တောင် ဖြူလျော်နေရတာလဲ" ဝမ်ရိရှင်းသည် လုစုကျန်း၏ အားနည်းနေသော ပုံစံကို မြင်သောအခါ အံ့အားသင့်သွားရ၏။
"ဆရာက သခင်လေးလီအတွက် ဗေဒင်တစ်ခါ ထပ်ဟောလိုက်လို့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံလိုက်ရတာပါ" ကျောက်ယုကျန်းက ပြန်ဖြေလိုက်သည်။
"ဟူး.."
"တစ်ရက်တည်းမှာ ဗေဒင်နှစ်ခါတောင် ဟောတယ်၊ အဲ့ဒါလည်း အဲ့ဒီ ပါရမီရှင် သခင်လေးလီအတွက်တဲ့လား၊ ဆရာ..ဆရာက ကိုယ့်အသက်ကို စတေးနေတာပဲ" ဝမ်ရိရှင်းက အလန့်တကြား အော်ဟစ်လိုက်တော့သည်။
သူ၏ 'အရှိန်အဝါကြည့်:အတတ်မှာ အခြေခံအဆင့်သာ ရှိသော်လည်း ထူးခြားသော ပါရမီရှင်များအတွက် ဗေဒင်တွက်ချက်လျှင် ခံစားရမည့် တုံ့ပြန်မှုမှာ သာမန်လူများထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ကြောင်း သူ သိရှိထားပေသည်။ ထို့ကြောင့် ပါရမီရှင်များအတွက် ဗေဒင်ဟောခြင်းကို ရှောင်ကြဉ်လေ့ရှိပြီး ဟောဖြစ်လျှင်ပင် အလွန်ဆုံး တစ်ကြိမ်သာ ဟောလေ့ရှိကြ၏။
"စကားမများနဲ့တော့ ဆရာက ပျော်လို့ လုပ်တာ" လုစုကျန်းက သူ၏ ထူးဆန်းသော တပည့်ကို မျက်စောင်းထိုးလျက် ပြောလိုက်ပြီး
ဆက်လက်ကာ "ဝမ်ရိရှင်း... အခု မင်းရဲ့ ညီလေးက တောင်အောက်ဆင်းလို့ ရပြီ။ သခင်လေးလီတို့ ဓားနှလုံးဂူဗိမာန်ကို ပြန်တဲ့အခါ မင်းတို့နှစ်ယောက်လည်း သူတို့နဲ့အတူ သိုင်းလောကထဲကို လှည့်လည်သွားကြချေ"
"ငါတို့ ဓားနှလုံးဂူဗိမာန်ကို အရင်သွားကြတာပေါ့'
"အို... ကျွန်တော်နဲ့ သခင်လေးလီနဲ့က ရေစက်ရှိတာပဲ' ဝမ်ရိရှင်းသည် လီကျန့်ယီကို အလွန်စိတ်ဝင်စားနေသဖြင့် လုစုကျန်း၏ တောင်းဆိုမှုကို မဆိုင်းမတွ သဘောတူလိုက်လေသည်။
"ဟုတ်တယ်၊ မင်းတို့အားလုံးက သခင်လေးလီနဲ့ ဆုံတွေ့ဖို့ ကံပါလာကြသူတွေပဲ"လုစုကျန်း၏ မျက်နှာမှာ ဖြူလျော်နေသော်လည်း ကျေနပ်ပီတိဖြစ်နေသော အပြုံးကိုမူ ဖုံးကွယ်ထား၍ မရပါပေ။
တစ်ရက်ကြာပြီးနောက်။
ချင်းချန်တောင်တွင် တစ်ရက်ကြာ အချိန်ဖြုန်းပြီးနောက် လီကျန့်ယီနှင့် သူ၏ အဖော်နှစ်ဦးတို့သည် ဓားနှလုံးဂူဗိမာန်သို့ ပြန်ရန် ခရီးဆက်ခဲ့ကြသည်။ ထူးခြားသည်မှာ ယခင်က လူသုံးဦးဖြစ်သော်လည်း ယခုမူ ငါးဦး ဖြစ်သွားခဲ့ချေပြီ။
"သခင်လေးလီ... ကျွန်တော်နဲ့ ခင်ဗျားတို့ရဲ့ ဓားနှလုံးဂူဗိမာန်နဲ့က ရေစက်ရှိတယ်ဗျ၊ဓားနှလုံးဂူဗိမာန်မှာ အမျိုးသမီး ဒါယိကာမ ဘယ်လောက်တောင် ရှိသလဲဆိုတာ ကျွန်တော် သိချင်မိပါရဲ့။ ဒီတပည့်တော်က အလှူခံချင်လို့ပါ" ဝမ်ရိရှင်းက လီကျန့်ယီကို မျက်စိတစ်ဖက် မှိတ်ပြကာ နောက်ပြောင်လိုက်၏။
လီကျန့်ယီ "..."
တစ်ယောက်ယောက်လာပြီး ဒီရေစက်ကို ဖြတ်ပေးကြပါအုန်း!!!
ခင်ဗျားဆရာက ခင်ဗျားညီလေးကို သိုင်းလောကထဲမှာ လမ်းပြဖို့ လွှတ်လိုက်တာလေ!!
ခင်ဗျားကတော့ ညီလေးကို ခေါ်ပြီး အမျိုးသမီးတွေဆီမှာ အလှူခံဖို့ပဲ စဉ်းစားနေတာလား။ ကောင်းပြီလေ... ခင်ဗျားလို နောင်တော်မျိုးရဲ့ လက်ချက်နဲ့ဆိုရင် ကျောက်ယုကျန်းလည်း မကြာခင် လမ်းမှားရောက်တော့မှာပဲ။
"အဟမ်း"
လီကျန့်ယီက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အကြံပေးလိုက်သည်။
"အမျိုးသမီးတပည့်တွေ ရှိတာတော့ ရှိတာပေါ့၊ ဒါပေမဲ့ ဝမ်သခင်အနေနဲ့ အလှနတ်သမီးလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ချင်ရင်တော့ စကားကို ဒီထက်ပိုပြီး တည်တည်တံ့တံ့ ပြောသင့်တယ်"
မဟုတ်လို့ကတော့... ခင်ဗျားသာ ကျွန်တော်တို့ ဓားနှလုံးဂူဗိမာန်က အမျိုးသမီးတပည့်တွေကို ဖျက်ဆီးပြီး တာဝန်မယူဘူးဆိုရင်၊ မျိုးဆက်ပြတ်စေမယ့် ဓားချက်ရဲ့ အရသာကို ဝမ်သခင် မြည်းစမ်းရအောင် ကျွန်တော် သေချာပေါက် လုပ်ပေးမည်။
"စိတ်မပူပါနဲ့ သခင်လေးလီ၊ ကျွန်တော်က ဓားနှလုံးဂူဗိမာန်မှာ ခင်ဗျားနဲ့ ဆုံတွေ့ဖို့ ကံပါလာတာပါ" ဝမ်ရိရှင်းက တဟဲဟဲ ရယ်မောနေပြန်၏။
လီကျန့်ယီ တစ်ယောက် ထပ်မံ၍ ဆွံ့အသွားရပြန်သည်။ သူသည် နဖူးကို လက်ဖြင့်အုပ်ကာ ရဟန်ယီကို ကြည့်ပြီး မှာကြားလိုက်သည်။
"ဟန်ယီ... မှတ်ထားနော်၊ တကယ်လို့ ဝမ်သခင်က ငါတို့ ဓားနှလုံးဂူဗိမာန်မှာ ပြဿနာရှာရင် နင့်အဖိုးကို သူ့ကို ရိုက်ခိုင်းလိုက်"
"အင်း" ဟန်ယီက နာခံစွာခေါင်းညိတ်ပြပြီးနောက် "ကျွန်မ ဂူဗိမာန်ပြန်ရောက်ရင် ဓားပညာကို ကြိုးကြိုးစားစား လေ့ကျင့်တော့မယ်၊ အဲ့ဒါဆိုရင် ဝမ်သခင်ကို ကျွန်မကိုယ်တိုင် ရိုက်လို့ရတာပေါ့" ဟုပျော်ရွှင်စွာ ပြောလိုက်၏။
"ကလေးမလေးရာ၊သိပ်ပြီး ကြမ်းမနေပါနဲ့။ ဒီလိုကြီး ဆက်လုပ်နေရင် နင် အိမ်ထောင်ပြုရမှာ မဟုတ်ဘူးနော်" ဝမ်ရိရှင်းက လန့်ဖျန့်သွားရသည်။
"ဟွန့်" ဟန်ယီက နှာခေါင်းရှုံ့လိုက်၏။ သူမက မကြမ်းတမ်းပါဘူး၊ မကောင်းမှုကို နှိမ်နင်းပြီး ကောင်းမှုကို မြှင့်တင်ပေးရုံတင်ပါ။
"ဒါနဲ့ သခင်လေးကျောက်... ပထမဆုံးအကြိမ် တောင်အောက်ဆင်းပြီး ဘာဆက်လုပ်ဖို့တွေးထားလဲ" ရှဟန်ယီကို မှာကြားပြီးနောက် လီကျန့်ယီက ကျောက်ယုကျန်းကို လှည့်မေးလိုက်သည်။
"လုပ်ချင်တဲ့အရာက" ကျောက်ယုကျန်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် တစ်ကိုယ်လုံး စိတ်လှုပ်ရှားစွာ ဖြင့်ပြောလိုက်သည် ။
"ကျွန်တော့်က ဒိကမ္ဘာလောကကြီးကို လှည့်လည်ကြည့်ရှုချင်တာပါပဲ၊ လူ့ဘဝရဲ့ အပြောင်းအလဲပေါင်းများစွာကို မျက်ဝါးထင်ထင် တွေ့မြင်ချင်တယ်၊ အမြင့်မြတ်ဆုံး တာအိုတရားတွေကို နားလည်ချင်တယ်၊ပြီးတော့ ဒီလောကကြီးမှာ တရားမျှတမှု့အတွက် ဓားကို ဝှေ့ယမ်းချင်ပါတယ်"
"ကောင်းတယ်၊သခင်လေးကျောက်ရဲ့ ရည်မှန်းချက်တွေက တကယ့်ကို မြင့်မြတ်တယ်" စိတ်လှုပ်ရှားစွာပြောနေသော ကျောက်ယုကျန်းကို ကြည့်ရင်း လီကျန့်ယီ၏ နှုတ်ခမ်းများ တွန့်သွားရသည်။
တောင်အောက်ဆင်းရတာလေးကို ဒီလောက်တောင် စိတ်လှုပ်ရှားနေရသလား။
......
ညနေခင်းအချိန်။
လီဆူးဝမ်၏ မြင်းရထားလုံးမှာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့ရာ နောက်ဆုံးတွင် ဓားနှလုံးဂူဗိမာန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။ ချိုင့်ဝှမ်းကို ဖြတ်ကျော်ပြီးနောက် သူတို့သည် ဓားနှလုံးဂူဗိမာန်၏ အတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြ၏။
ထိုအချိန်အတွင်းမှာပင် ကျောက်ယုကျန်းသည် ဓားနှလုံးဂူဗိမာန် ပတ်ဝန်းကျင်၌ ရှိနေသော ဓားအစီအစဉ် (၈၁) ခုကို အာရုံခံမိပြီး မချီးကျူးဘဲ မနေနိုင်တော့ပေ ။
"ကျွန်တော့်ရဲ့ ချင်းချန်တောင်မှာ စောင့်ရှောက်နေတဲ့ နတ်ဆရာတွေ အများကြီး ရှိပေမဲ့၊ ခံစစ်ပိုင်းမှာတော့ ဓားနှလုံးဂူဗိမာန်ကို မမီဘူး ထင်တယ်"
ဓားနှလုံးဂူဗိမာန်၏ ဓားအစီအစဉ်မှာ အလွန်တရာ နက်နဲလှ၏။နတ်ဓားရှင် အဆင့်ရှိသူများမှလွဲ၍ ကျန်သူများအတွက် ဤဓားအစီအစဉ်ကို ဖောက်ထွင်းရန်မှာ အလွန် ခက်ခဲလှပါပေသည်။
"ဒါက သိုင်းလောကရဲ့ ထိပ်တန်းအင်အားစု တစ်ခုပဲလေ။ ငါတို့ရဲ့ ဂိတ်တံခါးတွေက အဲ့ဒီလောက် လွယ်လွယ်နဲ့ အဖောက်ခံရမှာ မဟုတ်ပါဘူး" ကျောက်ယုကျန်း၏ အံ့ဩနေသော မျက်နှာကို ကြည့်ကာ လီကျန့်ယီက ပြုံး၍ ပြန်ပြောလိုက်သည်။
" သခင်လေးလီ ပြောတာ မှန်ပါတယ်" ကျောက်ယုကျန်းက ခေါင်းညိတ်ပြ၏။
ချက်ချင်းဆိုသလိုပင် သူ၏ စိတ်ထဲ၌ ဓားသွန်းခန်းမသို့ သွားရောက်လည်ပတ်ချင်သော စိတ်ကူး ပေါ်လာတော့သည် ။
"သခင်လေးလီ၊ဓားနှလုံးဂူဗိမာန်ရဲ့ ဓားသွန်းအတတ်ပညာက အရင်ခေတ်က 'ကျော်ကြားတဲ့ ဓားတောင်ကုန်း' ကိုတောင် ကျော်လွန်သွားပြီလို့ ကြားဖူးပါတယ်။ ကျွန်တော် အဲ့ဒီက ဓားသွန်းဆရာတွေရဲ့ အတုမဲ့လက်ရာတွေကို သွားကြည့်ခွင့် ရမလား"
"ရတာပေါ့" လီကျန့်ယီက လမ်းပြလျက် ကျောက်ယုကျန်းကို ဓားသွန်းခန်းမသို့ ခေါ်သွားလေသည်။
ဓားသွန်းခန်းမသို့ ရောက်သောအခါ တူထုသံများမှာ မရပ်မနား ထွက်ပေါ်နေပြီး ချိုင့်ဝှမ်းတစ်ခုလုံးမှာလည်း အလွန်ပူပြင်းနေတော့၏။
ဝမ်ရိရှင်းသည် သွားရည်များကျလျက် ရမ္မက်ကြီးသော အကြည့်များဖြင့် "ဓားသွန်းခန်းမထဲမှာ အပေါ်ပိုင်းဗလာနဲ့ ဓားသွန်းနေတဲ့ အမျိုးသမီးတွေ ရှိနိုင်တယ် မဟုတ်လား၊ တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာကြီးဗျာ" ဟု စိတ်လှုပ်ရှားစွာပြောလိုက်၏။
လီကျန့်ယီ "..."
ဒါက လူတစ်ယောက်ရဲ့ ခေါင်းက ထွက်နိုင်တဲ့အရာမဟုတ်ဘူးနော်!!!
ကျောက်ယုကျန်း "..."
"နောင်တော်၊နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်း နေပါဦး" ကျောက်ယုကျန်းက စိတ်ပျက်လက်ပျက် ပြောလိုက်ရသည်။
"ဟဲဟဲ၊ညီလေး..မင်းက ဘာမှ နားမလည်သေးပါဘူး။ ငါက အဲ့ဒီ အမျိုးသမီး ဓားသွန်းဆရာမနဲ့ ထူးခြားတဲ့ ရေစက်ရှိတယ်ကွ" ဝမ်ရိရှင်းသည် မစောင့်နိုင်တော့ဘဲ ဓားသွန်းခန်းမထဲသို့ ပြေးဝင်သွားတော့၏။
ဤသည်ကို မြင်သောအခါ လီကျန့်ယီ၊ ဟန်ယီနှင့် ကျောက်ယုကျန်းတို့လည်း နောက်ကနေ အမြန်လိုက်သွားကြသည်။ လီဆူးဝမ်ကမူ ဓားနှလုံးဂူဗိမာန်သို့ မရောက်သည်မှာ ကြာပြီဖြစ်ရာ ဂူဗိမာန်၏ အထွေထွေကိစ္စရပ်များကို စီမံခန့်ခွဲရန် ထွက်သွားခဲ့ချေပြီ။
"ဝိုး..ကြွက်သားတွေကတော့ အကြီးကြီးပဲဟေ့"
ဓားသွန်းခန်းမထဲသို့ ဦးစွာ ပြေးဝင်သွားသော ဝမ်ရိရှင်းသည် သန်မာထွားကြိုင်းလှသော အမျိုးသားကြီးများကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးသွားပြီး အမျိုးသမီး ဓားသွန်းဆရာမကို လိုက်လံ ရှာဖွေနေတော့သည်။
နှမြောစရာကောင်းတာက... ဓားသွန်းခန်းမထဲမှာ အမျိုးသမီး ဓားသွန်းဆရာမ တစ်ယောက်မှ မရှိဘဲ၊ ကျောက်တုံးလို မာကျောတဲ့ ကြွက်သားတွေရှိတဲ့ ယောက်ျားကြီးတွေပဲ ကြောက်စရာကောင်းလောက်အောင် များနေတာပါပဲ။ ချက်ချင်းပင် ဝမ်ရိရှင်းတစ်ယောက် သူ မြင်ချင်သော မြင်ကွင်းကို မတွေ့ရသဖြင့် စိတ်ပျက်သွားတော့၏။
"နောင်တော်... မိန်းမတွေအကြောင်းပဲ တွေးမနေပါနဲ့၊ကြည့်စမ်း ဒီဓားအကြမ်းထည်က ပုံဖော်လို့ ပြီးနေပြီ။ ဒီဓားသာ အချောသတ်ပြီးသွားရင် သေချာပေါက် ကျော်ကြားတဲ့ ဓားတစ်လက် ဖြစ်လာမှာပဲ" ကျောက်ယုကျန်းသည် ဓားသွန်းသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ကမ္ဘာသစ်တစ်ခုကို တွေ့ရှိသွားသကဲ့သို့ အလွန်ပင် ကျေနပ်ပီတိ ဖြစ်နေရလေသည်။
အချိန်အတော်ကြာပြီးနောက်မှ ကျောက်ယုကျန်းသည် ဓားသွန်းခြင်း လုပ်ငန်းစဉ်များကို နားလည်သွားကာ ပြုံးရွှင်စွာဖြင့် ဓားသွန်းခန်းမမှ ထွက်ခွာလာခဲ့ပါတော့သည်။
သူ့၏ ပထမဆုံး တောင်အောက်ဆင်းရခြင်းသည် အလွန်ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းလေသည်။