← Chapters

ကတိစကား ထားခဲ့ခြင်း

Vol. 5 Ch. 49

ကတိစကား ထားခဲ့ခြင်း

Vol. 5 Ch. 49

"လူကြီးလူကောင်း တစ်ယောက်ရဲ့ ကတိဆိုတာ တစ်ခါပြောပြီးရင် ပြန်ဖျက်လို့မရဘူး"

နောင်တစ်ချိန်တွင် မိမိနှင့် ပြန်လည် တိုက်ခိုက်လိုသည့် ကျောက်ယုကျန်း၏ မျှော်လင့်ချက်ကို မြင်သောအခါ လီကျန့်ယီသည်လည်း ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိသွားမည့် ကျောက်ယုကျန်းနှင့် ယှဉ်ပြိုင်လိုစိတ်များ ပြင်းပြလာခဲ့သည်။

"ကောင်းပြီလေ"

ကျောက်ယုကျန်းသည် သတိပြန်ဝင်လာကာ လီကျန့်ယီနှင့် လက်သီးချင်း တိုက်လိုက်ပြီးနောက် သူတို့၏ ကတိကဝတ်မှာ အတည်ဖြစ်သွားတော့၏။

"ထပ်ပြီး တိုက်ချင်နေသေးတာလား၊ညီလေးရာ... သခင်လေးလီရဲ့ ကျင့်ကြံမှုအဆင့်က မင်းထက် အဆင့်ငယ် တစ်ဆင့်ပဲ မြင့်တာပါ။ အခုတောင် မင်းက သခင်လေးလီကို မနိုင်တာ၊ နောင်ကျရင်ရော နိုင်ပါဦးမလားလို့ စဉ်းစားစမ်းပါဦး"

ဘေးမှ ကြည့်နေသော ဝမ်ရိရှင်းသည် အချိန်အခါကို နားမလည်ဘဲ ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်ပြန်သည်။ကျောက်ယုကျန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားရပြီး

"နောင်တော်... နောင်တော့်ရဲ့ အမျိုးသမီးဒါယိကာမတွေဆီမှာပဲ သွားပြီး အလှူခံနေပါလား။ ကျွန်တော်နဲ့ သခင်လေးလီတို့ရဲ့ ယှဉ်ပြိုင်မှု အရှိန်အဟုန်ကို ဘာလို့ လာဖျက်နေရတာလဲ" ဟုစိတ်ပျက်လက်ပျက် ဆိုလေသည်။

"ဟွန့်..ငါ သွားမလို့ပါပဲ၊ ဒါပေမဲ့ ဘယ်သူက သခင်လေးလီကို ဆွဲခေါ်လာပြီး ဝူလျံဓားပညာကို လာစမ်းတာလဲ"

"ဒါကြောင့် ငါ သခင်လေးလီနဲ့ အချိန်မဖြုန်းရရင် မင်းလည်း မဖြုန်းရဘူး ညီလေး"ဝမ်ရိရှင်းက မောက်မာစွာ ပြောလိုက်သည်။ သူသည် မူလက လီကျန့်ယီကို ခေါ်ကာ အမျိုးသမီးတပည့်များထံ အလှူခံရန် စီစဉ်ထားသော်လည်း ကျောက်ယုကျန်းကြောင့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်ပေသည်။ထိုသို့ဆိုလျှင် မည်သူမျှ သခင်လေးလီနှင့် အဖော်မလုပ်ရဘူးဟု စိတ်ထဲတွင် ဆုံးဖြတ်ထားဟန်တူ၏။

"နောင်တော်... နောင်တော်ကတော့ တကယ်ပဲ" ကျောက်ယုကျန်းသည် ဝမ်ရိရှင်းကို အလွန်စိတ်တိုသွားသဖြင့် စကားပင် ရှေ့ဆက်မပြောနိုင်တော့ပေ။

နောင်တော်နှစ်ဦး စကားများနေရင်းမှ မိမိကိုပါ ဆွဲထည့်လာသည်ကို မြင်သောအခါ လီကျန့်ယီသည် နဖူးကို လက်ဖြင့်အုပ်ကာ "ဝမ်သခင်၊စကားကို သတိထားပြောပါဦး၊တခြားသူတွေ ကြားရင် ခင်ဗျားတို့နှစ်ယောက်ကြားထဲ ကျွန်တော်က တတိယလူ ဝင်လုပ်နေတယ်လို့ ထင်ကုန်ပါဦးမယ်" အလျင်အမြန် တားမြစ်လိုက်ရသည်။

"တတိယလူ ဟုတ်လား၊ဟွန့်.သခင်လေးလီက ငါ့ရဲ့ မိန်းမဗိုလ်ဘုရင် လက်ထဲမှာပဲ ရှိရမှာ၊ညီလေးကတော့ စိတ်ကူးတောင် မယဉ်နဲ့"

ဤမတရားမှုကို မခံမရပ်နိုင် ဖြစ်နေသော ဝမ်ရိရှင်းသည် လီကျန့်ယီက ကျောက်ယုကျန်းနှင့် ဓားပညာ လေ့ကျင့်ပြီးသွားပြီဖြစ်သော်လည်း မိမိမှာမူ ဓားနှလုံးဂူဗိမာန်မှ အမျိုးသမီးတပည့် တစ်ဦးကိုမျှ မမြင်ရသေးသည်ကို တွေးမိကာ လီကျန့်ယီ၏ လက်မောင်းကို ဆွဲပြီး ဓားနှလုံးကျောက်ဆောင်အောက်သို့ ခေါ်သွားလေတော့သည်။

ထိုသို့ ခေါ်သွားစဉ်မှာပင် သူက ကလေးဆိုးလေးလို ကပ်ချွဲနေသေး၏ ။ "ကျွန်တော်တော့ ဂရုမစိုက်ဘူး၊ သခင်လေးလီ၊ ခင်ဗျားက ကျွန်တော့်ကို ဓားနှလုံးဂူဗိမာန်က အမျိုးသမီးတပည့်တွေနဲ့ မိတ်ဆက်ပေးရမယ်၊မဟုတ်လို့ကတော့ သခင်လေးလီ ခင်ဗျားကိုယ်တိုင် မိန်းမလို ဝတ်ပြီး ကျွန်တော့်ဆီမှာ အလှူခံခံရလိမ့်မယ်"

"ဟမ်"

ဝမ်ရိရှင်း၏ ကပ်ချွဲနေသည့် အမူအရာကို မြင်လိုက်ရသော လီကျန့်ယီမှာ အော့အန်ချင်စိတ်ပင် ပေါက်သွားရသည်။ မိန်းမလို ဝတ်ခိုင်းပြီး အလှူခံမည်ဆိုသည့် စကားကလည်း အဘယ်သို့နည်း။

အလှူခံဖို့ အမျိုးသမီးဒါယိကာမ မရှိလျှင် ကိုယ့်ဘာသာကိုယ် ဖန်တီးမည်ဆိုသည့် သဘောပေလော။ ဝမ်သခင်... ခင်ဗျားကတော့ တကယ့်ကို ချင်းချန်တောင်ရဲ့ ထူးခြားတဲ့ ပါရမီရှင်ပါပဲဟု လီကျန့်ယီ စိတ်ထဲမှ ရေရွတ်မိသည်။

"ဝမ်သခင်... ကျွန်တော့်လက်ကို အရင်လွှတ်ပါဦး၊ကျွန်တော် ခင်ဗျားကို အမျိုးသမီးတပည့်တွေဆီ ခေါ်သွားပေးပါ့မယ်။ နောက်ကျရင် လူကြီးလူကောင်းလို နေဖို့တော့ မမေ့နဲ့နော်၊ မဟုတ်ရင် ကျွန်တော်တို့ ဂူဗိမာန်က အမျိုးသမီးတပည့်တွေကို လှည့်ဖြားဖို့ ခက်လိမ့်မယ်"

ဝမ်ရိရှင်း၏ အပြုအမူကို သည်းမခံနိုင်တော့သော လီကျန့်ယီသည် သူ၏ လက်ကို ပုတ်ထုတ်ကာ သတိပေးလိုက်လေသည်။

"အဲဒါကတော့ စိတ်ချပါ၊ကျွန်တော်လို မိန်းမဗိုလ်ဘုရင်ထက် လူကြီးလူကောင်း ပိုပီသတဲ့သူ ဘယ်မှာ ရှိဦးမှာလဲ"

အမျိုးသမီးတပည့်များနှင့် တွေ့ရတော့မည်ဟု ကြားလိုက်ရသည်နှင့် ဝမ်ရိရှင်းသည် သူ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။

သို့သော်လည်း ခဏအကြာတွင်မူ...

"အမျိုးသမီး... အသက်ဘယ်လောက်ရှိပြီလဲ၊ အိမ်ထောင်ရှိသလား၊ ကျွန်တော်နဲ့ 'နှင်းစက်လေးတွေလို ခဏတာ ဆုံတွေ့မှု' မျိုးလေး လုပ်ဖို့ ဆန္ဒရှိပါသလား" ဝမ်ရိရှင်းသည် မေးနေကျ မေးခွန်းများကို အသုံးပြုကာ ဖြူစင်ရိုးသားသည့် ဓားနှလုံးဂူဗိမာန်မှ အမျိုးသမီးတပည့် အချို့ကို မျှော်လင့်တကြီး မေးမြန်းလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးတပည့်များမှာ ပထမဦးစွာ မှင်သက်သွားကြပြီးနောက် ဒေါသကြောင့် ရင်ဘတ်များပင် တုန်ယင်လာကာ ဟစ်အော်လိုက်သည်။

"ဘယ်က ကလေကချေလဲဟဲ့၊ ဓားနှလုံးဂူဗိမာန်မှာ လာပြီး ပြဿနာရှာရဲတယ်ပေါ့လေ"

"ဟမ်..ခင်ဗျားတို့ကလည်း၊ကျွန်တော်က အဲ့ဒီလို နှာဘူး မဟုတ်"

ဝမ်ရိရှင်း ရှင်းပြခွင့်ပင် မရလိုက်ဘဲ အမျိုးသမီးတပည့် အချို့မှာ သူတို့၏ ဓားများကို ဆွဲထုတ်ကာ ဤကောင်ကို သုတ်သင်ပစ်ရန် ပြင်ကြတော့၏။

အမျိုးသမီးတပည့်များ ဓားများကို ဝှေ့ယမ်းကာ မိမိဆီသို့ ဦးတည်လာသည်ကို မြင်သောအခါ ဝမ်ရိရှင်းသည် မည်သို့ အလှူခံဝံ့တော့မည်နည်း။ သူသည် အသက်လုကာ လီကျန့်ယီရှိရာသို့ အားကုန် ပြေးလာခဲ့သည်။

"သခင်လေးလီ... ကယ်ပါဦး၊ ခင်ဗျားတို့ ဂူဗိမာန်က အမျိုးသမီးတပည့်တွေက သိပ်ကြောက်ဖို့ ကောင်းတာပဲ၊ သူတို့က ကျွန်တော့်ကို မျိုးဖြုတ်ပစ်ဖို့ လုပ်နေကြတာဗျ၊ ဒီသတင်းသာ အပြင်ပြန့်သွားရင် ဘယ်သူက ခင်ဗျားတို့ ဂူဗိမာန်က အမျိုးသမီးတပည့်တွေကို လက်ထပ်ဝံ့တော့မှာလဲ"

"ဟဲဟဲ"

လီကျန့်ယီက ဝမ်ရိရှင်းကို မျက်စောင်းထိုးကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"ဝမ်သခင်... 'ခဏတာ ဆုံတွေ့မှု'ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ခင်ဗျား သိရဲ့လား။ အဲ့ဒါကို လူရှေ့သူရှေ့ ဒီအတိုင်းကြီး ပြောရဲတယ်ပေါ့လေ"

"ခဏတာ ဆုံတွေ့မှုဆိုတာ ချစ်သူရည်းစား ဖြစ်ကြမယ်လို့ ပြောတာ မဟုတ်ဘူးလား" ဝမ်ရိရှင်းသည် မောမောနှင့် လီကျန့်ယီအနားသို့ ရောက်လာကာ မေးမြန်း၏။

လီကျန့်ယီ တစ်ယောက် ဆွံ့အသွားရပြန်သည်။

"ခဏတာ ဆုံတွေ့မှုဆိုတာ တစ်ညတာ ပျော်ပါးပြီး လမ်းခွဲကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးကြားက မသင့်တော်တဲ့ ဆက်ဆံရေးကို ပြောတာဗျ၊ တစ်နည်းအားဖြင့် ဝမ်သခင် ခင်ဗျားရဲ့ အပြုအမူက လူလိမ်လူညစ် တစ်ယောက်နဲ့ အတူတူပဲ"

လူတစ်ယောက်နဲ့ တစ်ညတာ အချိန်ဖြုန်းပြီးတာနဲ့ ဆက်ဆံရေး အားလုံးကို ဖြတ်တောက်ပစ်တာမျိုးပေါ့။

"ကျွန်တော်တို့ ဂူဗိမာန်က အမျိုးသမီးတပည့်တွေက ဒါကို ဘယ်လို သည်းခံနိုင်ပါ့မလဲ" လီကျန့်ယီက ရှင်းပြလိုက်ရာ ဝမ်ရိရှင်းမှာ မှင်သက်သွားရသည်။ ဤလူသည် 'ခဏတာ ဆုံတွေ့မှု' ၏ အဓိပ္ပာယ်ကိုပင် နားမလည်ဘဲ တစ်လောကလုံး လိုက်ပြောနေသည်မှာ အံ့ဩစရာပင်။

"အော်... အဲ့ဒီလိုကိုး! ဒါကြောင့်မို့ ကျွန်တော် အမျိုးသမီးဒါယိကာမတွေဆီမှာ အလှူခံတိုင်း အဲ့ဒီစကားပြောလိုက်တာနဲ့ သူတို့က ပါးရိုက်တာတို့၊ ၊ နှာဘူး လူမိုက်လို့ ခေါ်တာတို့ လုပ်ကြတာကိုး။ အဲ့ဒီ 'ခဏစတာ' ဆိုတာက တစ်ညတာ ပျော်ပါးတာကို ပြောတာဖြစ်နေတာပဲ" ဝမ်ရိရှင်းသည် အခုမှပင် အမှန်တရားကို သဘောပေါက်သွားတော့၏။

ထိုအချိန်မှာပင် ဝမ်ရိရှင်းနောက်သို့ လိုက်လာကြသော အမျိုးသမီးတပည့်များမှာ သူတို့အနားသို့ ရောက်ရှိလာကြသည်။

လီကျန့်ယီကို မြင်သောအခါ အမျိုးသမီးတပည့်များက ဒေါသတကြီး တိုင်တောကြလေသည် ။

"သခင်လေးကျန့်ယီ၊ ခင်ဗျားဘေးက လူက နှာဘူးကြီး၊ သူ့ကို ဓားနဲ့ သတ်ပစ်လိုက်ပါ"

"ကြားလားနှာဘူးကြီးတဲ့" လီကျန့်ယီက ဝမ်ရိရှင်းကို မျက်စောင်းထိုးကြည့်လိုက်သည်။

"ဟဲဟဲ. ညီမလေးတို့ မှားနေပါပြီ။ ကျွန်တော်က ချင်း..."

ဝမ်ရိရှင်းက မိမိကိုယ်ကို မိတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် ကျောက်ယုကျန်းက အမြန်ပြေးလာကာ သူ၏ ပါးစပ်ကို ပိတ်လိုက်ပြီး

"သူက 'ချင်းယွမ်ဂိုဏ်း' က တပည့်ပါ။ ကျွန်တော့်ရဲ့ ချင်းချန်တောင်နဲ့ ဘာမှ မပတ်သက်ပါဘူး' ဟု ရှေ့မှ ကြားဝင် ဖြေကြားပေးလိုက်ရသည်။

"ချင်းယွမ်ဂိုဏ်း၊ အဲ့ဒီဂိုဏ်းအကြောင်း တစ်ခါမှ မကြားဖူးပါဘူး" အမျိုးသမီးတပည့်များမှာ ဇဝေဇဝါ ဖြစ်သွားကြ၏။

"ဟုတ်တယ်၊ခင်ဗျားတို့ မကြားဖူးတာ မဆန်းပါဘူး။ ဘာပဲဖြစ်ဖြစ် သူက ချင်းချန်တောင်နဲ့ ဘာမှ မဆိုင်ဘူး" ကျောက်ယုကျန်းက ထပ်လောင်း အတည်ပြုလိုက်သည်။ ဤလူက အပြင်လောကတွင် ချင်းချန်တောင်၏ ဂုဏ်သိက္ခာကို ဖျက်ဆီးမည်ကို သူ အလွန်စိုးရိမ်နေမိပေသည်။

ထို့အပြင် ဝမ်ရိရှင်းကို ဤအတိုင်းသာ သိုင်းလောကထဲတွင် လွှတ်ထားပါက အချိန်တိုအတွင်းမှာပင် လေးစားစရာကောင်းသော ချင်းချန်တောင်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသွားပေလိမ့်မည်။ ထို့ကြောင့် ချင်းချန်တောင်အတွက်ရော၊ ဆရာလုစုကျန်း၏ မျက်နှာအတွက်ပါ ကျောက်ယုကျန်းသည် ဝမ်ရိရှင်းကို လောလောဆယ် ချင်းယွမ်ဂိုဏ်းသားအဖြစ် ဖန်တီးပေးလိုက်ရခြင်း ဖြစ်ပေသည်။

"သူ ဘယ်ဂိုဏ်းကလဲဆိုတာ အရေးမကြီးဘူး၊ဒီနေ့ ဓားနှလုံးဂူဗိမာန်မှာ လာပြီး ပြဿနာရှာတဲ့အတွက် သူ ပြန်ပေးဆပ်ရမယ်" အမျိုးသမီးတပည့်များမှာ ဒေါသထွက်နေကြဆဲပင်။

သူတို့မှာ အိမ်ထောင်မပြုရသေးသူများ ဖြစ်ရာ ဝမ်ရိရှင်း၏ စကားများကို မည်သို့ သည်းခံနိုင်ပါမည်နည်း။ ဤသတင်းသာ ပြန့်သွားပါက ဓားနှလုံးဂူဗိမာန်မှ အမျိုးသမီးတပည့်များမှာ ကိုယ်ကျင့်တရား မကောင်းသူများဟု အထင်ခံရနိုင်ပေသည်။

"ဝမ်သခင်၊ ခင်ဗျား တောင်းပန်ဖို့ မစဉ်းစားသေးဘူးလား" လီကျန့်ယီက ပါးစပ်အပိတ်ခံထားရသော ဝမ်ရိရှင်းကို ကြည့်ကာ မေးလိုက်သည်။

"ပက်...ပက်..ညီလေး လက်ကို ဖယ်စမ်းပါ" ဝမ်ရိရှင်းသည် ကျောက်ယုကျန်း၏ လက်ကို ပုတ်ထုတ်ကာ ရိုးသားစွာ တောင်းပန်လိုက်လေသည်။" ညီမလေးတို့... ကျွန်တော် တကယ် တောင်းပန်ပါတယ်။ ဒီနေ့ ဖြစ်သွားတာတွေက ကျွန်တော့်အပြစ်ပါ။ 'ခဏတာ ဆုံတွေ့မှု' ရဲ့ အဓိပ္ပာယ်ကို ကျွန်တော် မှားယွင်း နားလည်ခဲ့လို့ ဒီလို အထင်လွဲမှုတွေ ဖြစ်ခဲ့ရတာပါ၊ဒါကြောင့် ညီမလေးတို့က ကျွန်တော့်ကို ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်ဗျာ"

"ဟွန့်..ဘယ်သူက ဒါကို ယုံမှာလဲ" အမျိုးသမီးတပည့်များက နှာခေါင်းရှုံ့လိုက်ကြသော်လည်း လီကျန့်ယီနှင့် သိကျွမ်းသူဖြစ်သဖြင့် နောက်ဆုံးတွင် ခွင့်လွှတ်ပေးလိုက်ကြသည်။

"သခင်လေး၊ ကျွန်မတို့ ဓားသွားတွေ သွားဆေးတော့မယ်။ အနှောင့်အယှက် မပေးတော့ပါဘူး'အမျိုးသမီးတပည့်များက နှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွာသွားကြတော့၏။

သူတို့ ထွက်သွားပြီးနောက် ဝမ်ရိရှင်းသည် လီကျန့်ယီအနားသို့ ကပ်ကာ အားကျမနာ ပြောလိုက်သည်။ "သခင်လေးလီ... ခင်ဗျားကျတော့ အခွင့်အရေးတွေ အများကြီးရတာပဲ၊ ကျွန်တော်တို့ ချင်းချန်တောင်မှာကျတော့ ယောင်္ကျားတွေချည်းပဲ ရှိတာ၊ ကျွန်တော် အလှူခံဖို့ နေရာတောင် မရှိဘူးဗျ"

"ဒါဆိုရင် ဂိုဏ်းချုပ်လုဆီ ပြန်ပြီး ဓားနှလုံးဂူဗိမာန်မှာ တပည့်အဖြစ် ဝင်ချင်တယ်လို့ သွားပြောပါလား" လီကျန့်ယီက ဝမ်ရိရှင်းကို ကြည့်ကာ စနောက်လိုက်သည်။

"အဲဒါကတော့... ထားလိုက်ပါတော့ဗျာ" ဝမ်ရိရှင်းက ခေါင်းကို အတွင်တွင် ခါယမ်းလိုက်သည်။

ကျုပ် မသေချင်သေးဘူး !!!

ကျုပ်က လောကမှာလှပတဲ့ မိန်းကလေးတွေကို အလှူခံဖို့ လုပ်ရအုန်းမယ်!!

All Chapters