ဝူဆောင်မြို့၏ မျက်နှာကိုရိုက်နှက်ခြင်း
Vol. 6 Ch. 52
"ဟုတ်တယ်၊ အဲ့ဒီကလေးမလေးက မွေးရာပါ ငွေရောင်ဆံပင်လေးနဲ့၊သေးသေးသွယ်သွယ်နဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်တဲ့"
လီဆူးဝမ်သည် ဖိတ်စာထဲတွင် ရေးထားသည်များကို ပြန်လည်အမှတ်ရရင်း ခေါင်းညိတ်ပြသည်။
"ကောင်းပါပြီ၊ ဆရာက သွားဖို့ အချိန်မအားဘူးဆိုရင်တော့ ကျွန်တော်ပဲ ဓားနှလုံးဂူဗိမာန် ကိုယ်စား သွားလိုက်ပါ့မယ်"လီကျန့်ယီသည် ခဏမျှ တွေးတောပြီးနောက် လီဆူးဝမ်ကိုယ်စားသွား ပေးဖို့ သဘောတူလိုက်၏။လီဆူးဝမ်က သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်သည်။
"ခုနကတော့ မသွားချင်ဘူးဆိုပြီး အခု ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ကြားတာနဲ့ ဘာလို့ ချက်ချင်းကြီး သွားချင်ရတာလဲ" လီဆူးဝမ်က မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်သည်။
လီကျန့်ယီ : "..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လီကျန့်ယီက ရှင်းပြသည်။
"ဆရာ ကျွန်တော်က ဝမ်သခင်လို လူစားမျိုး မဟုတ်ပါဘူး၊ကျွန်တော် သွားချင်ရတဲ့ အကြောင်းရင်းက ဆရာကြီးကျီရဲ့ သမီးလေးက လှလို့မဟုတ်ဘဲ ပိုင်ရှောင်တန်က ကျွန်တော်တို့ ဓားနှလုံးဂူဗိမာန်အတွက် အသုံးဝင်လို့ပါ၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဂူဗိမာန်ထဲမှာပဲ နေနေပေမဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာက သတင်းတွေကို သိနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမှာပေါ့"
"ဟုတ်ပါပြီလေ၊ မင်းလို သားမိုက်တွေက ငွေဖြုန်းတတ်တဲ့ မိန်းမတွေကိုပဲ သဘောကျကြတာပဲကို ၊ မဟုတ်ရင် မင်းမိန်းမအတွက် လက်ထပ်ရံပုံငွေစုပေးဖို့ ငါက ဘာလို့ ဓားမှာယူမှုတွေ အများကြီး လက်ခံနေရမလဲ၊နောက်ဆုံးတော့ ငါ့မိတ်ဆွေဟောင်း သမီးမွေးနေ့ ပွဲတောင် မသွားနိုင်တဲ့အထိ ဖြစ်ရပြီ"လီဆူးဝမ်သည် အစပိုင်းတွင် စိတ်သက်သာရာရ သွားသော်လည်း နောက်ပိုင်းတွင်မူ အနည်းငယ် ဝမ်းနည်းသွားရပြန်သည်။
ဓားတစ်ချက် ထုတ်လုပ်လိုက်တိုင်း ရွှေစင် ငွေစင် သောင်းနဲ့ချီပြီး ကုန်တာလေ!!
မင်းမိန်းမအတွက် ရံပုံငွေစုဖို့ ငါ ဘယ်နှစ်နှစ်တောင် ပင်ပင်ပန်းပန်း လုပ်ရဦးမှာလဲ!!
နောင်တွင် ဓားသွန်းဖိုဆောင်၌သာ အချိန်ကုန်ရတော့မည်ကို တွေးမိကာ လီဆူးဝမ်သည် ငိုချင်သော်လည်း မျက်ရည် ကမထွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွား၏။
"ဆရာ..အဲ့လောက်ထိ ပင်ပင်ပန်းပန်း လုပ်စရာမလိုပါဘူး၊ မိန်းမယူဖို့ ကိစ္စကတော့ ကျွန်တော့်ဘာသာ ကျွန်တော်နောက်မှ နည်းလမ်းရှာလိုက်မယ်" လီကျန့်ယီက တိုးတိုးလေး ပြောလိုက်သည်။
"ဟွန့် မင်း မိန်းမယူဖို့ ပိုက်ဆံစုမိတဲ့အချိန်ကျရင် အဲ့ဒီမိန်းကလေးက တခြားလူနောက် ပါသွားလောက်ပြီ"
"ဒါကြောင့် ဒါကို ငါပဲ တာဝန်ယူမယ်၊ မင်းကတော့ ကြိုဆိုပွဲကိုပဲ သွားလိုက်" လီဆူးဝမ်က ဖခင်အိုကြီးတစ်ဦးကဲ့သို့ လီကျန့်ယီကို မှာကြားသည်။
" ဒါနဲ့ ဆရာကြီးကျီ ကျင်းပတဲ့ပွဲက ချင်းကျိုးမှာရှိတဲ့ အကြီးဆုံး စားသောက်ဆိုင် 'ရန်ယွိမျှော်စင်' မှာ လုပ်မှာနော်၊ နေရာမှားမသွားနဲ့ဦး" စားသောက်ဆိုင် အမည်ကို မပြောရသေးသည်ကို သတိရကာ လီဆူးဝမ်က အမြန် ထပ်ဖြည့်ပြောလိုက်၏။
လီကျန့်ယီက"ချင်းကျိုးလား၊ပွဲကဘယ်တော့ စမှာလဲ”
"နောက် ခုနစ်ရက်နေရင် စမှာ၊ တစ်ရက်လောက် ကြိုထွက်ရင်တော့ အချိန်မှီ ရောက်ပါတယ်"လီဆူးဝမ်က ခဏမျှ စဉ်းစားပြီး ပြန်ဖြေသည်။
"ဒါဆိုရင် နောက် ခြောက်ရက်နေရင် ကျွန်တော် ချင်းကျိုးကို သွားလိုက်မယ်" လီကျန့်ယီက ခေါင်းညိတ်ပြလိုက်၏။ သူသည် မွေးနေ့ပွဲ တက်ရောက်ရန် ကုန်ဆုံးမည့် အချိန်များအတွက် အစားထိုးနိုင်ရန် ဓားကျင့်စဉ်ကို ပိုမို အားထုတ်ရန် ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း သူက သစ်သားဓားကို ကောက်ကိုင်လိုက်စဉ်မှာပင် ဟန်ယီက သူ၏ လက်မောင်းကို သနားစဖွယ် ဆွဲကာ
"ယီယီ... ငါလည်း ချင်းကျိုးကို လိုက်ချင်တယ်"
"နင်လည်း လိုက်ချင်တာလား" လီကျန့်ယီက ဘေးတွင် ရပ်နေသေးသော လီဆူးဝမ်ကို အံ့ဩတကြီး ကြည့်လိုက်ကာမေး၏။
"ဆရာ..ဟန်ယီလည်း လိုက်ချင်တယ်တဲ့"
"ငါ ကြားပါတယ်၊မင်းက ဟန်ယီကို သေချာ ဂရုစိုက်နိုင်လို့လား" လီဆူးဝမ်က စိုးရိမ်တကြီး မေးသည်။သူ၏ မြေးမလေးတာ ကျန်ခဲ့ရင် အတော်အထီးကျန်မည်ကို တွေးမိသောကြောင့်ပင်။
"သေချာပေါက် ဂရုစိုက်နိုင်တာပေါ့"လီကျန့်ယီက ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။
"ဒီလောက်တောင် ယုံကြည်မှုရှိတာလား၊ဒါဆိုရင် မင်းနဲ့ငါ လက်ဝါးချင်း တစ်ချက် ရိုက်ကြည့်ရအောင်၊မင်းရဲ့ အစွမ်းတွေ ဘယ်လောက် တိုးတက်လာလဲဆိုတာ ငါ စမ်းသပ်ကြည့်မယ်" လီကျန့်ယီသည် ဖုယောင်ဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း လီဆူးဝမ်က စိုးရိမ်နေဆဲ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဤပွဲသို့ တက်ရောက်မည့် သိုင်းလောက အဖွဲ့အစည်းများထဲတွင် ချုပ်နှောင်မဲ့အဆင့် ကျွမ်းကျင်သူများ ပါဝင်လာနိုင်သဖြင့် လီကျန့်ယီအနေဖြင့် အနည်းဆုံး ဖုယောင်ဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်မှသာ ဟန်ယီကို ခေါ်သွားသင့်သည်ဟု သူက ယူဆထားသည်။မဟုတ်လျှင် တစ်စုံတစ်ယောက်က ဟန်ယီကို ရန်ပြုလာပါက မည်သို့လုပ်မည်နည်း။
"ကောင်းပါပြီ"
လီကျန့်ယီသည် သစ်သားဓားကို ချကာ သူ၏ အတွင်းအားများကို လက်ဝါးသို့ စုစည်းပြီး လီဆူးဝမ်ထံသို့ ရိုက်ချလိုက်သည်။
"ဖြောင်း" ခနဲ အသံနှင့်အတူ လီကျန့်ယီနှင့် လီဆူးဝမ်တို့၏ လက်ဝါးချင်း ထိတွေ့သွား၏။ ပြင်းထန်သော အတွင်းအားနှစ်ခုမှာ ထိပ်တိုက် တွေ့ဆုံသွားကြပြီး လီကျန့်ယီ၏ အတွင်းအား အစွမ်းကို ခံစားလိုက်ရပြီးနောက် လီဆူးဝမ်က အံ့ဩတကြီး ဟစ်အော်လိုက်သည်။
"ယီယီ.မင်းက ဖုယောင်ဆင့်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီလား"
"ဟုတ်ကဲ့" လီကျန့်ယီက ခေါင်းညိတ်ကာ အတည်ပြုသည်။
"ကောင်းပြီ၊ ဒါက ငါ မျှော်လင့်ထားတာထက်တောင် ကျော်လွန်နေပြီပဲ၊ ဒါဆိုရင်တော့ နောက် ခြောက်ရက်နေရင် ဟန်ယီကို ခေါ်ပြီး မွေးနေ့ပွဲ သွားနိုင်ပြီ"
"ဒါပေမဲ့ မှတ်ထားဦး၊ ဟန်ယီလေးကို မျက်စိအောက်က အပျောက်မခံနဲ့နော်" လီဆူးဝမ်က လေးလေးနက်နက် မှာကြားသည်။
"စိတ်ချပါ ဆရာ အဲ့ဒီလို မဖြစ်စေရပါဘူး" လီကျန့်ယီက အလေးအနက် ကတိပေးသည်။
"အေးပါ" လီဆူးဝမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဟန်ယီကို ကြည့်ကာမှာလိုက်၏။
"ဟန်ယီ..မြေးလည်း ယီယီအနားမှာပဲ နေနော်၊ တခြားလူက ခေါ်သွားရင် မသွားနဲ့"
"ဟုတ်ကဲ့၊အဖိုး စိတ်မပူပါနဲ့၊ သမီးက လိမ္မာတဲ့ကလေးပါ"
ဟန်ယီလေးက ပြုံးလျက်ပြောလေသည်။
"ကောင်းပြီ၊ ဒါဆိုရင် အဖိုးက ဓားသွန်းဖို့ သွားတော့မယ်၊ဟန်ယီက ဒီမှာနေပြီး ယီယီ ဓားကျင့်တာကို ကြည့်နေလိုက်ဦး" ကလေးနှစ်ယောက်ကို မှာကြားပြီးနောက် လီဆူးဝမ်သည် ဓားသွန်းဖိုဆောင်သို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
........
ခုနစ်ရက် ကြာပြီးနောက်။
လီကျန့်ယီသည် ဟန်ယီကို ခေါ်ဆောင်ကာ 'ရန်ယွိမျှော်စင်' သို့ ရောက်ရှိလာခဲ့သည်။ ချင်းကျိုးသို့ ခရီးနှင်ရသည်မှာ တစ်ရက် ကြာမြင့်ခဲ့ပြီး သူသည် ဓားနှစ်လက်ကိုသာ သယ်ဆောင်လာခဲ့၏။
တစ်ခုမှာ အဖြူရောင်ပိတ်စများဖြင့် ပတ်ထားသော မာရာဏဓား ဖြစ်ပြီး အခြားတစ်ခုမှာ လီဆူးဝမ် တစ်ညတည်းဖြင့် အပြီးသွန်းလုပ်ထားသည့် အဆင့်သုံး 'ရန်ကျန့်'ဓား ဖြစ်သည်။
၎င်းသည် အဆင့်သုံး လက်နက်မျှသာ ဖြစ်သော်လည်း ဓားသွန်းဆရာ အများစု ရောက်ရှိနိုင်သည့် အမြင့်ဆုံးအဆင့်ပင် ဖြစ်၏။ ဤ 'ရန်ကျန့်' ဓားကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခြင်းမှာ အလွန်ပင် တန်ဖိုးကြီးလှပါပေသည်။
ရန်ယွိမျှော်စင် ရှေ့၌။
ကျီရူဖန်သည် ရိုးရှင်းသော ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး မွေးနေ့ပွဲသို့ လာရောက်ကြသည့် ဧည့်သည်များကို ပြုံးရွှင်စွာ နှုတ်ဆက်နေသည်။
တံခါးဝတွင် ရပ်နေသော ကလေးနှစ်ယောက်ကို မြင်လိုက်ရသောအခါ သူက အလျင်အမြန်ပင် ကြိုဆိုလိုက်သည်။ “ဓားနှလုံးဂူဗိမာန် က သခင်လေးလီ နဲ့ မိန်းကလေးလီ တို့လား"
"ဟုတ်ကဲ့၊ ဆရာကြီးကျီရဲ့ သမီးလေးအတွက် ဂုဏ်ပြုပွဲကို ဆရာကိုယ်စား ကျွန်တော်တို့ လာခဲ့တာပါ" လီကျန့်ယီက ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။
"သိပြီ ၊ သခင်လေးလီ၊ မိန်းကလေးလီတို့.. အထဲကို ကြွပါဦး" ကျီရူဖန်သည် သူကိုယ်တိုင်ပင် အထဲသို့ လိုက်ပါ ပို့ဆောင်ပေးသည်။
ဤသည်မှာ မွေးနေ့ပွဲသို့ လာရောက်ကြသည့် အခြား ဧည့်သည်များ မရရှိခဲ့ဖူးသည့် အထူးအခွင့်အရေးပင်။
အဘယ်ကြောင့်ဆိုသော် ပိုင်ရှောင်တန် သည် လောကရှိ အကြောင်းအရာ မှန်သမျှကို သိရှိနေသောကြောင့် ဖြစ်၏။ အထူးသဖြင့် ချင်းချန်တောင်မှ ကျောက်ယုကျန်း တောင်အောက် သို့ဆင်းလာခဲ့ခြင်းမှာ လီကျန့်ယီကြောင့် ဖြစ်ကြောင်း သူ သိထားပြီး ဖြစ်သည်။
ထို့ပြင် ဧကရာဇ် ထိုက်အန်က လန်ယာဝမ်မင်းသား ရှောင်ရူဖန်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ရန် အလျင်စလို ဖြစ်နေရခြင်းမှာလည်း ဤကလေးငယ်ကြောင့်ပင် ဖြစ်၏။ဆိုလိုသည်မှာ အနာဂတ်တွင် လီကျန့်ယီသည် သိုင်းလောက၏ ဗဟိုချက်မ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ကျီရူဖန်သည် လီကျန့်ယီနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်လိုခြင်းမှာ သဘာဝပင် ဖြစ်ပေသည်။
"ဟေး... ကြည့်စမ်း၊ ဆရာကြီးကျီက အဲ့ဒီကလေးနှစ်ယောက်ကို ကိုယ်တိုင် ကြိုဆိုနေတာပဲ!"
"အဲ့ဒီကလေးနှစ်ယောက်က မြင်ဖူးသလိုပဲ၊ထျန်ချီမြို့မှာ တွေ့ဖူးတယ် ထင်တယ်၊ ဓားနှလုံးဂူဗိမာန်က ဖြစ်ရမယ်"
"ဟုတ်တယ်၊ တစ်ယောက်က အကြီးအကဲလီရဲ့ တပည့်ဖြစ်ပြီး နောက်တစ်ယောက်က အကြီးအကဲလီရဲ့ မြေးမလေးပဲ"
နေရာယူထားပြီးဖြစ်သော ဧည့်သည်များသည် ကျီရူဖန်နှင့်အတူ ဝင်လာသည့် လီကျန့်ယီနှင့် လီဟန်ယီတို့ကို မှတ်မိသွားကြသည်။
သို့သော်လည်း ကျီရူဖန်က အဘယ်ကြောင့် ဤမျှ ငယ်ရွယ်သော သူငယ်နှစ်ဦးကို ကိုယ်တိုင် ကြိုဆိုရသနည်းဟု သူတို့ နားမလည်နိုင်ကြပေ။
မိုးကြိုးတံခါးမှ လဲ့ကျင်း၊ တန်ဂိုဏ်းမှ အကြီးအကဲတန် နှင့် ဝူဒန်မှ ဆရာကြီးကျန်းတို့ကဲ့သို့သော ဝါရင့် ပုဂ္ဂိုလ်ကြီးများပင်လျှင် ဤကဲ့သို့သော ကြိုဆိုမှုကို မရရှိခဲ့ကြပါပေ။ အဘယ်ကြောင့် ဤကလေးနှစ်ယောက်က ရရှိနေရသနည်း။
"ဆရာကြီးကျီ၊ ဓားနှလုံးဂူဗိမာန်က ကလေးနှစ်ယောက်ကို ကိုယ်တိုင် ကြိုဆိုနေတာက အနည်းငယ် မသင့်တော်ဘူးလို့ မထင်မိဘူးလား"
အချို့သူများသည် လီကျန့်ယီ ရရှိသော အထူးအခွင့်အရေးကို မနာလိုဖြစ်ကာ ကျီရူဖန်က သူတို့ကိုအရေးမစိုက်ဟု ယူဆပြီး လှောင်ပြုံးဖြင့် မေးခွန်းထုတ်လိုက်ကြသည်။
"အို..ခင်ဗျားက ဘယ်သူလဲ ကျွန်တော့်က မွေးနေ့ပွဲကို ခင်ဗျားကို ဖိတ်ခဲ့လို့လား"
ကျီရူဖန်က ထိုစကားပြောသူကို တစ်ခါမှ မမြင်ဖူးသည့်အလား အံ့ဩသော မျက်နှာပေးဖြင့် ကြည့်ကာ မေးလိုက်၏။ ဤလုပ်ရပ်ကြောင့် မေးခွန်းထုတ်ခဲ့သူမှာ မျက်နှာပျက် သွားရုံသာမက ဘေးမှ ကြည့်နေသူများပါ မှင်သက်သွား တော့သည်။
ကျီရူဖန်သည် ကလေးနှစ်ယောက်အတွက်နှင့် လောက၌ နံပါတ်တစ်မြို့ဟု ကျော်ကြားသော ဝူဆောင်မြို့အကြီးအကဲ 'ရီဟွာ' ကို ရန်စလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ အကြီးအကဲရီဟွာသည် ချုပ်နှောင်မဲ့အဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်ရုံသာမက ဝူဆောင်မြို့တွင် အာဏာရှိသူ တစ်ဦးလည်း ဖြစ်ပေသည်။
တစ်နည်းအားဖြင့် ကျီရူဖန်၏ လုပ်ရပ်မှာ အကြီးအကဲရီဟွာကို ပါးရိုက်လိုက်ရုံသာမက ဝူဆောင်မြို့တစ်မြို့လုံး၏ မျက်နှာကို ရိုက်နှက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပါသည်။