လူတိုင်းကို တုန်လှုပ်စေသောစကား
Vol. 6 Ch. 54
ဝူဆောင်မြို့၊ တန်ဂိုဏ်းနှင့် နန်းတွင်းတို့ ပူးပေါင်းသွားခြင်းက တက်ရောက်လာသည့် ဧည့်သည်အားလုံးကို တိတ်ဆိတ်သွားစေပြီး ကျီရူဖန်ပင်လျှင် အားကိုးရာမဲ့ ဖြစ်သွား သည်။
သို့သော်လည်း လီကျန့်ယီ၏ ရုတ်တရက် ပြောလိုက်သော စကားများက တိတ်ဆိတ်နေသော မွေးနေ့ပွဲကို ချက်ချင်းပင် ပြန်လည် သက်ဝင်လာစေ၏။
"သခင်လေးလီ၊ကျောင်းတော်က ဆရာလီက ကျွန်တော့်ကို ကူညီလိမ့်မယ်လို့ ဘာကြောင့် ထင်ရတာလဲ" ကျီရူဖန်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
လီကျန့်ယီသည် အဖြစ်အပျက်အားလုံး၏ ဗဟိုချက်မဖြစ်ရာ ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် သူ့ကို လိမ်လည်လိမ့်မည် မဟုတ်ဟု ကျီရူဖန် ခံစားရ၏။
သူ နားမလည်သည်မှာ ကျီရူဖန်နှင့် ကျောင်းတော်ကြား ဆက်နွှယ်မှု အနည်းငယ် ရှိသည်ဆိုစေဦးတော့၊ ဆရာလီအနေဖြင့် သူ၏ ပိုင်ရှောင်တန်အတွက်နှင့် နန်းတွင်းတစ်ခုလုံးကို ဆန့်ကျင်လိမ့်မည် မဟုတ်ပါပေ။
"အဲ့ဒါကတော့၊ ကျောင်းတော်က ဆရာလီက တကယ့်ကို စိတ်ကောင်းရှိတဲ့သူတစ်ယောက် ဖြစ်လို့ ဆရာကြီးကျီကို ကူညီလိမ့်မယ်လို့ ပြောလိုက်တာပါ" လီကျန့်ယီက အနည်းငယ် ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ပြောလိုက်သည်။
"ဟင်..အဲ့ဒီလူက စိတ်ကောင်းရှိတာ တစ်ခုတည်းနဲ့လား" တက်ရောက်လာသူ အားလုံးမှာ မှင်သက်သွားကြတော့၏။
ကျောင်းတော်မှ ဆရာလီသည် စိတ်ကောင်းရှိသူ ဖြစ်သည်မှာ မှန်သော်လည်း နန်းတွင်းကို ဆန့်ကျင်ပြီး ဘာကြောင့် ကူညီရမည်နည်း။ဆရာလီမှာ ကိုယ်ပိုင်အလုပ်တွေ မရှိလို့လား။
အားလုံးပင် ဆွံ့အသွားသည်။ လီကျန့်ယီတွင် တစ်စုံတစ်ရာသော အကြံကောင်းရှိမည်ဟု သူတို့ ထင်မှတ်ထားသော်လည်း တကယ်တမ်းမှာ ဆရာလီကစိတ်ကောင်းရှိသည်ဆိုသည့် အချက်တစ်ခုတည်းသာ ဖြစ်နေသည်။
"ဟုတ်ပါတယ်၊ ကျွန်တော် ထျန်ချီမြို့မှာ ဆရာလီနဲ့တွေ့ခဲ့ဖူးတယ်၊ သူက တကယ့်ကို လူကောင်းတစ်ယောက်ပါ၊တခြားလူတွေ အကူအညီတောင်းရင် ငြင်းချင်ငြင်းလိမ့်မယ်၊ ဒါပေမဲ့ ဂိုဏ်းချုပ်ကျီသာ အကူအညီတောင်းရင် သူ သေချာပေါက် ကူညီပေးလိမ့်မယ်လို့ ကျွန်တော် ခံစားမိတယ်" လီကျန့်ယီသည် လီချန်းရှန်မှာ ကျီရူဖန်၏ ဘိုးဘေးဖြစ်ကြောင်း အတိအလင်း မပြောသော်လည်း သူ၏ ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုမှုများက လီချန်းရှန်နှင့် ကျီရူဖန်ကြားတွင် ရင်းနှီးသော ဆက်ဆံရေး ရှိနေကြောင်း ညွှန်ပြနေသည်။
"ဟုတ်တယ်၊ဆရာလီက အရမ်းသဘောကောင်းတာ၊ သူက ကျွန်မကို နောက်နှစ်မှာ ဓားပညာ သင်ပေးမယ်လို့တောင် ပြောထားသေးတယ်" လူအများက လီကျန့်ယီကို မယုံကြည်သလို ဖြစ်နေသည်ကို မြင်သောအခါ ဟန်ယီက အမြန်ပင် ဝင်ရောက် ထောက်ခံပေး၏။
"ဆရာလီက နင့်ကို ဓားပညာသင်ပေးမယ်၊ ဟုတ်လား ဟန်ယီ" လဲ့ကျင်းမှာ အတော်လေး တုန်လှုပ်သွားသည်။
ထျန်ချီမြို့၏ ကျောင်းတော်ဝင်ခွင့် စာမေးပွဲ ပြီးဆုံးသွားကတည်းက ဆရာလီသည် ပိုင်လီတုန်းကျွင်းကို သူ၏ နောက်ဆုံးတပည့်အဖြစ် သတ်မှတ်ကြောင်း ကြေညာထားခဲ့သည် မဟုတ်ပါလော။
မမျှော်လင့်ဘဲ ဆရာလီနှင့် ဟန်ယီတို့တွင် ဆရာတပည့် ဆက်ဆံရေး ရှိနေသည်ပေါ့။ထိုသို့ဆိုလျှင် ဟန်ယီနှင့် လီချန်းရှန်တို့ကြား ဆက်ဆံရေးအရ ကျောင်းတော်မှ ဆရာလီသည် ပိုင်ရှောင်တန်ကို အမှန်တကယ်ပင် ကူညီပေးနိုင်လိမ့်မည်။
"ဟုတ်ကဲ့၊ ဆရာလီက အဲ့ဒီလို ပြောခဲ့တာ" ဟန်ယီက လဲ့ကျင်း၏ အံ့ဩနေမှုကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင် ပြောလိုက်၏။
"ကောင်းပြီ၊ ကောင်းပြီ၊ ဒါဆိုရင် ဟန်ယီ ဆရာလီဆီမှာ ဓားပညာကို ကြိုးကြိုးစားစား သင်ယူရမယ်နော်" ဟန်ယီ၏ ချစ်စဖွယ် အမူအရာကို မြင်ကာ လဲ့ကျင်းက ကျေနပ်စွာ ပြုံးလျက်မှာသည်။
"အင်း" ဟန်ယီက လိမ္မာစွာ ခေါင်းညိတ်၏။
တစ်ချိန်တည်းမှာပင် ကျီရူဖန်သည် လီကျန့်ယီ၏ စကားများကို အကြိမ်ကြိမ် ပြန်လည် စဉ်းစားနေမိသည်။ လီကျန့်ယီ၏ စကားများမှာ ခံစားချက်ကို အခြေခံထားသည်ဟု ထင်ရသော်လည်း သူ၏ အပြောမှာမူ ဆရာလီက ကူညီလိမ့်မည်ဖြစ်ကြောင်း အတည်ပြုချက် တစ်ခုကဲ့သို့ပင်။လီကျန့်ယီတွင် ဆရာလီ ကူညီလိမ့်မည်ဆိုသည့် အထောက်အထားနှင့် ယုံကြည်ချက် အပြည့်အဝ ရှိနေခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ ထိုသို့သာဆိုလျှင် ဝူဆောင်မြို့၊ တန်ဂိုဏ်းနှင့် နန်းတွင်းကို အဘယ်ကြောင့် ကြောက်နေရဦးမည်နည်း။ထိုသို့ တွေးမိသည်နှင့် ကျီရူဖန်သည် ဝိုင်ခွက်ကို အလျင်အမြန် မြှောက်ကာ ဧည့်သည်များကို ပြုံးရွှင်စွာဖြင့်"သခင်လေးလီရဲ့ စကားတွေကြောင့် ကျွန်တော့်ရင်ထဲက အမှောင်ထုတွေ လွင့်စင်သွားပါပြီ၊ဒီနေ့ အားလုံးပဲ မူးတဲ့အထိ သောက်ကြရအောင်"
သူက ပြောပြောဆိုဆိုဖြင့် လီကျန့်ယီကို ဦးစွာ ဂုဏ်ပြုလိုက်သည်။
ထိုအခါ လီကျန့်ယီသည်လည်း ဝိုင်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်၏။ဘေးတွင် ရပ်နေသော ဟန်ယီကလည်း သူမဘာသာ ဝိုင်တစ်ခွက် ငှဲ့ကာ တစ်ကျိုက်တည်း သောက်ရန် ပြင်လိုက်သည်။
သို့သော် လီကျန့်ယီ မြင်သွားသောအခါ သူမလက်ထဲမှ ခွက်ကို လုယူလိုက်ပြီး "ဟန်ယီ... နင်က သောက်ဖို့ ငယ်လွန်းသေးတယ်"
ထိုသို့ ပြောဆိုပြီးနောက် သူသည် ဟန်ယီ၏ ဝိုင်ခွက်ကို တစ်ကျိုက်တည်း သောက်ပစ်လိုက်တော့၏။ထိုမြင်ကွင်းက ဟန်ယီကို မှင်သက်သွားသည်။
“ဒါပေမဲ့ ယီယီ... ငါတို့က အသက်တူတူပဲလေ၊ဘာလို့ နင်က သောက်လို့ရပြီး ငါကျတော့ မရတာလဲ"
"ဘာလို့လဲဆိုတော့ ငါက ဖုယောင်ဆင့်က ကျွမ်းကျင်သူလေ၊ငါ့ရဲ့ အတွင်းအားနဲ့ အမူးကို ဖြေဖျောက်နိုင်တယ်၊နင်ကော ဖြေနိုင်လို့လား ဟန်ယီ" လီကျန့်ယီက ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရှောင်ဟန်ယီကို ကြည့်ကာ မေးလိုက်သည်။
ရှောင်ဟန်ယီသည် ခေါင်းလေးငုံ့ကာ ခါလိုက်ရ၏။
" တကယ်လို့ နင် မူးသွားပြီး တစ်ယောက်ယောက်က နင့်ကို ပြန်ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲ ဟန်ယီ၊ ဒါကြောင့် နင့်ကိုယ်စား ငါပဲ သောက်ပေးမယ်"လီကျန့်ယီက ဟန်ယီ၏ ခေါင်းလေးကို အသာအယာ ပွတ်ပေးပြီးချော့ပြောလိုက်၏။
ဟန်ယီကလည်း ထိုစကားမှာ အဓိပ္ပာယ်ရှိသည်ဟု ယူဆကာ သူမဘာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး ဝိုင်သောက်နေသည့်အလား ဟန်ဆောင်ကာ သောက်လေတော့သည်။ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်ပြလိုက်၊ တစ်ခါတစ်ရံ ပါးစပ်လေး စေ့ပြလိုက်နှင့် တကယ် သောက်နေသည့်အလား လုပ်ပြနေသည်မှာ တက်ရောက်လာသူ အားလုံးကို ရယ်မောစေတော့သည်။
"ဟားဟားဟား..အကြီးအကဲလီရဲ့ မြေးမလေးက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ" ဝန်ဟူကျူးက ဟန်ယီကို ကြည့်ကာ ရယ်မောလိုက်သဖြင့် ဟန်ယီ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွား၏။
'အိုး.. ရှက်တောင် ရှက်သွားပြီ။ နောင်တစ်ချိန်မှာ ဘယ်သခင်လေးက ကံကောင်းမလဲ မသိဘူးနော်" ဝန်ဟူကျူး ရယ်မောရင်း ပြောသည်။
"အမှန်ပဲ... အကြီးအကဲလီရဲ့ မြေးမလေးက ကြီးလာရင် ထိပ်တန်း အလှပိုင်ရှင်လေး ဖြစ်လာမှာ သေချာတယ်" ကျီရူဖန်ကလည်း ထောက်ခံလိုက်၏။
လူတိုင်းက သူမကို ဝိုင်းဝန်း ချီးမွမ်းနေကြသဖြင့် ဟန်ယီမှာ အလွန်အမင်း ရှက်သွားရပြီး လီကျန့်ယီ၏ လက်မောင်းကို အသာအယာ ဆွဲကာ သူမကို ကူညီရန် အချက်ပြလေသည်။
ထိုသို့ဆိုလျှင် လီကျန့်ယီက မည်သို့ လျစ်လျူရှုနိုင်မည်နည်း။
ထို့နောက် သူသည် ကျီရူဖန်ကို ကြည့်ကာ မေးလိုက်၏။
"ဆရာကြီးကျီ၊ ဒီနေ့က သမီးလေးကို ကြိုဆိုတဲ့ မင်္ဂလာရှိတဲ့နေ့ မဟုတ်လား၊အချိန်တွေ အကြာကြီး ကုန်သွားပြီ၊ အဓိက ဇာတ်ဆောင်လေးကို အခုထိ မတွေ့ရသေးဘူးနော်"
"ဆရာကြီးကျီက သမီးလေးကို ကျွန်တော်တို့ကို မပြချင်လို့လား"
"ဟုတ်သားပဲ၊ ဟုတ်ပါပြီလေ ကျွန်တော့်သမီးလေးကို လူတိုင်း မြင်ရအောင် ခေါ်လာခဲ့ပါ့မယ်" လီကျန့်ယီ၏ စကားကို ကြားသောအခါ ကျီရူဖန်သည် အပေါ်ထပ်သို့ အပြေးအလွှား တက်သွားပြီး အနှီးလေးဖြင့် ပတ်ထားသော ကလေးမလေးကို ပွေ့ချီလာသည်။
ထိုအခါ လူတိုင်းက ဝိုင်းအုံ ကြည့်ရှုကြကာ
ကလေးမလေးမှာ သုံးလသားအရွယ် ရှိနေပုံပင်။သူမ၏ မျက်နှာလေးမှာ ပန်းရောင်သမ်းနေပြီး အိပ်မောကျနေသည့် မျက်ခုံးတန်းလေးများမှာ လဆန်းပုံသဏ္ဌာန် ရှိသည်။ သူမ၏ ငွေရောင် ဆံနွယ်လေးများက သူမ၏ မျက်ခုံးလေးများကို ပိုမို ထင်ရှားစေကာ လှပသော မြင်ကွင်းတစ်ခု ဖြစ်နေတော့၏။
"ဆရာကြီးကျီရဲ့ သမီးလေးက တကယ့်ကို ထူးခြားတာပဲ"
လူတိုင်းက ကြည့်ရှုပြီးနောက် ရေရွတ်ကြသည်။
"ယီယီ၊ ကျွန်မလည်း ကလေးလေးကို ကြည့်ချင်တယ်"
ဟန်ယီသည် လူအုပ်ကြားထဲတွင် မမြင်ရသဖြင့် လီကျန့်ယီကို အကူအညီ တောင်း၏။
သို့သော်လည်း လီကျန့်ယီ နည်းလမ်းမရှာရသေးမီမှာပင် ကျီရူဖန်သည် လူအုပ်ကြားမှ ထွက်လာကာ ကလေးလေးကို သူမ၏ ရှေ့သို့ ယူဆောင်လာသည်။
ဟန်ယီသည် သုံးလသားအရွယ် ကလေးလေးကို မြင်သောအခါ သူမ၏ မျက်လုံးအစုံမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်သွားပြီး ကလေးလေး၏ နှင်းကဲ့သို့ ဖြူစင်နူးညံ့သော ပါးလေးကို သူမ၏ လက်လေးများဖြင့် မထိတထိ ဆိတ်ကြည့်လိုက်မိသည်။
"အရမ်း..အရမ်းနူးညံ့တာပဲ" ဟန်ယီမှာ အံ့ဩသွားသည်။
သူမက ပါးလေးကို ဆိတ်လိုက်သောအခါ ကလေးလေးမှာ သိသွားသည့်အလား သူမ၏ မျက်လုံးဝိုင်းကြီးများကို ဖွင့်ကြည့်လိုက်ပြီး ရှေ့မှ မိန်းကလေးကို စူးစမ်းစွာ ကြည့်လေသည်။
ထို့နောက်တွင်မူ ကလေးလေးမှာ ရုတ်တရက် ပြုံးပြလိုက်ရာ လူတိုင်း၏ ရင်ကို အရည်ပျော်သွားစေပြီး ကလေးလေးကို အလုအယက် ပွေ့ချီချင်စိတ်များ ပေါက်သွားစေသည်။
"ဆရာကြီးကျီ၊ သမီးလေးကို နာမည် ပေးပြီးပြီလား" ချစ်စဖွယ် ကလေးလေးကို ကြည့်ကာ ဝန်ဟူကျူးက မေးမြန်းလိုက်သည်။
"ကျွန်တော့်သမီးလေးရဲ့ နာမည်က ကျီရွှယ်ပါ" ကျီရူဖန်က သူ့၏ သမီးလေးကို ချစ်မဝသည့် မျက်လုံးများဖြင့်ကြည့်ပြီး ပြန်ဖြေသည်။
"ရှောင်ရွှယ်လား၊ တစ်ကိုယ်လုံး ဖြူဖွေးနေတာ မဆန်းပါဘူး၊ သူမရဲ့ မျက်နှာလေးနဲ့ ငွေရောင် ဆံနွယ်လေးတွေကို ကြည့်ဦး၊ တကယ်ကို မြင်ရခဲတဲ့ အလှလေးပဲ" ဝန်ဟူကျူးက ကလေးမလေးကိုစိတ်ရင်းဖြင့် ချီးကျူးလိုက်၏။
"စီနီယာဝမ် ပြောတာ မှန်ပါတယ်၊ရှောင်ရွှယ်က သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာ" လီကျန့်ယီသည် ရှောင်ကျီရွှယ်ကို ကြည့်ကာ ထောက်ခံလိုက်သည်။ရှောင်ကျီရွှယ်လေးမှာ ငယ်စဉ်ကတည်းကပင် အမှန်တကယ် ချစ်စဖွယ်ကောင်းသည်။
"ဟုတ်လား၊ဒါဆိုရင် သခင်လေးလီ ရှောင်ရွှယ်ကို ချီကြည့်ချင်လား" ကျီရူဖန်က ပြုံးကာ ရှောင်ကျီရွှယ်ကို လီကျန့်ယီထံ ကမ်းပေးလိုက်၏။
"သေချာတာပေါ့"
လီကျန့်ယီသည် ရှောင်ကျီရွှယ်ကို ဂရုတစိုက် ပွေ့ချီလိုက်ပြီး လက်တစ်ဖက်ဖြင့် သူမကို စနောက်နေလေသည်။မကြာမီမှာပင် ရှောင်ကျီရွှယ်လေးမှာ ပျော်ရွှင်စွာ ရယ်မောလာ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း လီကျန့်ယီ၏ ရင်ထဲ၌ နူးညံ့သွားရပြီး မသိစိတ်မှ ရေရွတ်လိုက်မိသည် ။"တကယ်လို့ ဆရာလီသာ သူ၏ မျိုးဆက်လေး ဒီလောက် ချစ်ဖို့ကောင်းတာကို မြင်ရင် သူ၏ အတိတ်က ပုံရိပ်တွေကို ပြန်သတိရသွားမလား မသိဘူးနော်"
လီကျန့်ယီသည် စိတ်လွတ်ကာ ထိုစကားကို ပြောလိုက်မိသောအခါ ပျော်ရွှင်စွာ စကားပြောနေကြသည့် လူတိုင်းမှာ ထိုနေရာ၌ပင် မှင်သက်သွားကြသည်။
လီကျန့်ယီက ဆရာလီသည် သူ၏ မျိုးဆက်လေးကို မြင်လျှင် အတိတ်ကို သတိရမလားဟု ပြောလိုက်သည်ကို ကြားသောအခါ၊ လီကျန့်ယီ အစောပိုင်းက ပြောခဲ့သော စကားကို အားလုံးက ပြန်လည် အမှတ်ရသွားသည်။ တခြားလူက အကူအညီတောင်းရင် ဆရာလီက ငြင်းနိုင်သော်လည်း ဂိုဏ်းချုပ်ကျီ သွားလျှင်မူ သေချာပေါက် ကူညီလိမ့်မည်ဆိုသည့် စကားပင် ဖြစ်၏။
အကယ်၍ လီကျန့်ယီ ပြောသည်မှာ အမှန်ဖြစ်ပြီး ကျီရွှယ်သည် ကျောင်းတော်မှ ဆရာလီ၏ မျိုးဆက်သာ ဖြစ်နေမည်ဆိုလျှင်၊ လီဆရာအနေဖြင့် သူ၏ မျိုးဆက်၏ တောင်းဆိုမှုကို ငြင်းပယ်ရန် အဘယ်အကြောင်း ရှိပါမည်နည်း။