ထိုလူက အမှန်တကယ်သေသင့်သည်
Vol. 6 Ch. 55
"သခင်လေးလီ၊ ခုနက ရှောင်ရွှယ်က ကျောင်းတော်က ဆရာလီရဲ့ မျိုးဆက်လို့ ပြောလိုက်တာလား"
လီကျန့်ယီ၏ စကားကြောင့် တက်ရောက်လာသူများသာမက ကျီရူဖန်ကိုယ်တိုင်ပင် ထိုအချက်ကို ယုံကြည်ရန် ခက်ခဲနေသည်။
သို့သော် လီကျန့်ယီ အစောပိုင်းက ပြောခဲ့သည်များကို ပြန်လည်စဉ်းစားကြည့်ပြီးနောက် သူ၏ရင်ထဲတွင် ထိုခံစားချက်မှာ ပိုမိုခိုင်မာလာလေသည်။ သူသည် ကျောင်းတော်မှ ဆရာလီ၏ အမှန်တကယ် မျိုးဆက်ဖြစ်နိုင်သည်ဟု ခံစားနေရ၏။
"ဟင်. ကျွန်တော်က အဲ့ဒီလို ပြောလို့လား"
လီကျန့်ယီသည် တစ်စုံတစ်ခုကို မသိနားမလည်သကဲ့သို့ ဟန်ဆောင်လိုက်သော်လည်း စိတ်ထဲတွင်မူ ပြဿနာတက်ပြီဟု တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ရှောင်ရွှယ်ကို စနောက်နေရင်းဖြင့် ကျောင်းတော်မှ ဆရာလီ၏ လျှို့ဝှက်ချက်ကို မည်သို့များ ပေါက်ကြားအောင် လုပ်လိုက်မိပါသနည်း။
"ယီယီ၊ နင် ပြောတာလေ ၊ ငါက နင့်ဘေးနားမှာတင် ရပ်နေတာပါ"ဟန်ယီက အလေးအနက် ခေါင်းညိတ်၏။
"မဟုတ်ပါဘူး ဟန်ယီရယ်၊ နင် နားကြားမှားတာ နေမှာပါ" လီကျန့်ယီက အတင်းငြင်းဆိုလျက် ခေါင်းကို အပြင်းအထန် ခါယမ်းသည်။
ထို့နောက် မွေးနေ့ပွဲတွင် သုံးဆောင်ပြီးဖြစ်သလို ရှောင်ရွှယ်ကိုလည်း မြင်တွေ့ပြီးဖြစ်သဖြင့် သူသည် ကလေးမလေးကို ကျီရူဖန်ထံ ပြန်လည်အပ်နှံလိုက်၏။
ကလေးကို ပေးအပ်ပြီးသည်နှင့် လီကျန့်ယီသည် ဟန်ယီ၏လက်ကို ဆွဲကာ ရန်ယွိမျှော်စင်ထဲမှ ချက်ချင်းပင် ထွက်ခွာလာတော့သည်။ သူ ယူဆောင်လာသည့် အဆင့်သုံး ရန်ကျန့်ဓားကိုလည်း ချန်ထားခဲ့ကာ "ဂိုဏ်းချုပ်ကျီ... ရှောင်ရွှယ်က အရမ်းချစ်ဖို့ကောင်းတာတယ်ဆိုတာ ၊ကျွန်တော် ဓားနှလုံးဂူဗိမာန်ကို ပြန်ရောက်ရင် ဆရာကို သေချာပေါက် ပြောပြလိုက်ပါ့မယ်၊ကျွန်တော့်မှာ အရေးကြီးကိစ္စ ရှိနေလို့ ဂူဗိမာန်ကို အရင်ပြန်ရပါဦးမယ်၊ ဂိုဏ်းချုပ်ကျီအနေနဲ့ လိုက်ပို့ဖို့ မလိုပါဘူး"ထိုသို့ပြောဆိုပြီးနောက် လီကျန့်ယီသည် ဟန်ယီကို ခေါ်ကာ ပျံသန်းထွက်ခွာသွားသည်။
တစ်စုံတစ်ယောက်က ထပ်မံမေးမြန်းလာပါက နောက်ထပ် လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို သူက စိုးရိမ်နေခြင်း ဖြစ်သည်။
"ရှူ...!"
"တစ်ခုခုတော့ မှားနေပြီ၊ ဒါက သခင်လေးလီရဲ့ ပုံစံမဟုတ်ဘူး၊ သခင်လေးလီ တစ်ခုခုကို ဖုံးကွယ်ထားတာကြောင့် အခုလို အလျင်အမြန် ပြေးသွားတာလို့ ကျွန်တော် ခံစားနေရတယ်၊ဒီလို ပြေးတဲ့ အမြန်နှုန်းမျိုးကိုတော့ ငါ သင်ထားမှ ဖြစ်မယ်၊ မဟုတ်ရင် လော့မိသားစုရဲ့ အဖမ်းခံရပြီး ဘယ်လိုသေလို့ သေမှန်းတောင် သိမှာမဟုတ်ဘူး"ဝမ်ရိရှင်းသည် လူတိုင်းကို ဇဝေဇဝါဖြစ်အောင် လုပ်ပြီး ထွက်ပြေးသွားသော လီကျန့်ယီကို ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
ဝမ်ရိရှင်း၏ စကားကို ကြားသောအခါ ကျောက်ယုကျန်းက သူ၏ မျက်နှာကို လက်ဖြင့်အုပ်ကာ "စီနီယာ၊ အဓိကအချက်က သခင်လေးလီ မြန်မြန်ပြေးသွားတာ မဟုတ်ဘူးလေ။ သခင်လေးလီရဲ့ မလုံမလဲ ဖြစ်နေတဲ့ အမူအရာက ဂိုဏ်းချုပ်ကျီဟာ ကျောင်းတော်က ဆရာလီရဲ့ မျိုးဆက် ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြနေတာ မဟုတ်ဘူးလား"
"ဟေ့ ညီလေး၊ ငါတို့ စိတ်ဝင်စားတဲ့ အချက်တွေက ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။ ငါက ကိုယ့်အသက်ဘေးကင်းဖို့ စိုးရိမ်နေတာ၊ နင်ကတော့ တခြားဟာတွေကို စိတ်ဝင်စားနေတယ်ပေါ့"
"မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒီလို သားမိုက်မျိုးကို မွေးထားတာ အလကားပဲ" ဝမ်ရိရှင်းက မျက်မှောင်ကြုတ်ကာ ပြောသည်။
ထို့နောက် သူက ကျီရူဖန်ကို ပြုံးပြလိုက်ပြီး "ဆရာကြီးကျီ၊ သိတဲ့အတိုင်း လော့မိသားစုက ကျွန်တော့်ကို မရပ်မနား လိုက်လံဖမ်းဆီးနေတာလေ၊ကျွန်တော် ချင်းကျိုးကို ရောက်နေမှန်း သိသွားရင် မကြာခင် ရောက်လာကြတော့မှာ ဒါကြောင့် ကျွန်တော်လည်း ဒီသားမိုက်ကို ခေါ်ပြီး နှုတ်ဆက်ပါရစေ"
ထိုသို့ပြောပြီးသည်နှင့် ဝမ်ရိရှင်းသည်လည်း အစွမ်းကုန် အမြန်နှုန်းဖြင့် ထွက်ပြေး၏။
လော့မိသားစုက လိုက်မဖမ်းရသေးမီမှာပင် ကျောက်ယုကျန်းသည် ချင်းချန်တောင်၏ ရတနာဖြစ်သော ကောင်းကင်ပြာဓားကို ဆွဲထုတ်ကာ ရှင်းလင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။
"စီနီယာ၊ အပြင်မှာ ကျွန်တော်ကို စီနီယာ့သားလို့ မပြောပါနဲ့လို့ ကျွန်တော်ပြောထားတယ် မဟုတ်ဘူးလား" ကျောက်ယုကျန်းသည် သူ၏ ဓားကို ဆွဲကာ ဒေါသတကြီးဖြင့် ဝမ်ရိရှင်းနောက်သို့ လိုက်သွားသည်။
ထိုမြင်ကွင်းကို မြင်သောအခါ အားလုံးက အံ့ဩတကြီး ဖြစ်သွားကြရသည်။
ဒီနေ့ ငါတို့တွေ ဘာတွေ ကြားနေရတာလဲ။
ပိုင်ရှောင်တန်မှ ကျီရူဖန်သည် ကျောင်းတော်မှ ဆရာလီ၏ မျိုးဆက် ဖြစ်နိုင်သည်တဲ့။ ချင်းချန်တောင်မှ တာအိုဆရာလေး ဝမ်ရိရှင်းက ကျောက်ယုကျန်း၏ အဖေ ဖြစ်နေပြန်ပြီလား။ အဆိုးဆုံးက ကျောက်ယုကျန်းက သူကို သားလို့ အပြင်မှာ မပြောဖို့ တောင်းပန်နေတာပဲ။
ကောင်းပြီ... ကောင်းပါပြီ!!!
ဒီနေ့တော့ သတင်းအချက်အလက်တွေ အများကြီး ရလိုက်ပြီ။ အိမ်ပြန်ပြီးတော့မှပဲ သေချာ ပြန်စဉ်းစားရတော့မယ်။ ဝမ်ရိရှင်းတို့ အုပ်စု ထွက်ခွာသွားပြီးနောက် ကျန်ရှိနေသော ဧည့်သည်များသည်လည်း မထိုင်နိုင်ကြတော့ပေ။
သူတို့ ရရှိထားသော သတင်းများကို မိမိတို့၏ ဂိုဏ်းနှင့် မိသားစုများထံ မျှဝေရန် စိတ်အားထက်သန်နေကြသည်။ ထို့ကြောင့် သူတို့သည် ကျီရူဖန်ကို နှုတ်ဆက်ကာ အသီးသီး ထွက်ခွာသွားကြတော့၏။
မကြာမီမှာပင် ရန်ယွိမျှော်စင်တစ်ခုလုံး၌ ပိုင် ရှောင်တန်မှ လူများသာ ကျန်ရှိတော့သည်။
ကျီရူဖန်သည် ဟာလာဟင်းလင်း ဖြစ်သွားသော စားသောက်ဆိုင်ကို ကြည့်ကာ ဝမ်းနည်းခြင်းထက် ပျော်ရွှင်ခြင်းကို ပိုမို ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျောင်းတော်မှ ဆရာလ၏ မျိုးဆက်ဖြစ်ကြောင်း ပိုမိုယုံကြည်လာသောကြောင့် ဖြစ်၏။
သူ၏ ဘိုးဘေးကို ရှာတွေ့ခဲ့ပြီ မဟုတ်ပါလား။
ထိုသို့ တွေးမိသည်နှင့် ကျီရူဖန်သည် သူ၏လက်ထဲမှ ကလေးမလေးကို ကြည့်ကာ ပြုံးလိုက်မိသည်။
"လာပါဦး ရှောင်ရွှယ်ရယ်... ဖေဖေက သမီးကို ကျီမိသားစုရဲ့ ဘိုးဘေးနဲ့ ခေါ်တွေ့ပေးမယ်နော်"
ထိုသို့ပြောဆိုပြီးနောက် ကျီရူဖန်သည် ရှောင်ရွှယ်ကို ခေါ်ကာ ထျန်ချီမြို့သို့ ဦးတည် ထွက်ခွာသွားလေသည်။
......
တစ်ရက် ကြာပြီးနောက်။
လီကျန့်ယီသည် ဟန်ယီကို ခေါ်ဆောင်ကာ ဓားနှလုံးဂူဗိမာန်သို့ အပြင်းအနှင် ပြန်ရောက်လာခဲ့သည်။ ချင်းကျိုးတွင် ဖြစ်ပျက်ခဲ့သည်များကို လီဆူးဝမ်အား အကျဉ်းချုပ် ရှင်းပြပြီးနောက် သူသည် ဓားနှလုံးကျောက်ဆောင်ဆီသို့ "ဝူး" ခနဲ ပျံတက်သွား၏။
ယနေ့ သူ၏ မှားယွင်းပြောဆိုမိမှုများအတွက် အပြစ်များကို ဆေးကြောရန် ဓားကို အကြိမ်ပေါင်း သန်းချီ၍ လွှဲယမ်းရမည်ဟု သူက ခံစားနေရသည်။ မဟုတ်လျှင် လီချန်းရှန်က သူ့ကို တစ်ခုခု လုပ်ပေလိမ့်မည်။
အခြားသူများက ကျီမိသားစု၏ ဘဝဇာတ်ကြောင်းကို ဖုံးကွယ်ရန် ကြိုးစားနေချိန်တွင် သူ၏ မတော်တဆ ပြောဆိုမှုက အရာအားလုံးကို ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
"ရွှပ်... ရွှပ်... ရွှပ်"
ဓားနှလုံးကျောက်ဆောင်ပေါ်တွင် လီကျန့်ယီသည် ဓားကို လွှဲယမ်းနေပြီး ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် ပန်းပွင့်များနှင့် သစ်ရွက်များမှာ ဝဲပျံနေသည်။ဟန်ယီသည် လီကျန့်ယီ၏ ပြင်းထန်သော လေ့ကျင့်မှုကို မြင်သောအခါ သူမ၏ မျက်လုံးအစုံမှာ ဝိုင်းစက်သွားသည်။
"ယီယီ... နင် ဒီလောက် မြန်မြန် ဓားလွှဲနေရင် ဓားကြီး လွင့်ထွက်သွားမှာ မကြောက်ဘူးလား"
"မကြောက်ပါဘူး၊ ကျောင်းတော်က ဆရာလီက ငါ့ကို လာပြီး ပြဿနာရှာမှာကိုပဲ ပိုကြောက်တယ်" လီကျန့်ယီ၏ ဓားလှုပ်ရှားမှုများမှာ ပိုမို မြန်ဆန်လာသည်။ ကျီရူဖန်က ရှောင်ကျီရွှယ်ကို ပွေ့ချီကာ လီချန်းရှန်ထံသို့ ဘိုးဘေးအဖြစ် အသိအမှတ်ပြုရန် သွားနေမည့် ပုံရိပ်ကို သူ မြင်ယောင်နေမိ၏။
အင်း..ကျီရူဖန်နှင့် ရှောင်ကျီရွှယ်တို့ ဘိုးဘေးအဖြစ် လာရောက်တွေ့ဆုံချိန်တွင် လီချန်းရှန်၏ မျက်နှာပေးမှာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေလိမ့်မည်။
"ဆရာလီက ဘာလို့ နင့်ကို ပြဿနာ လာရှာမှာလဲ" ဟန်ယီက ဇဝေဇဝါဖြင့် မေး၏။
"ဘာလို့လဲဆိုတော့ ငါက ဆရာလီကို မတော်တဆ ရောင်းစားလိုက်မိလို့လေ..." လီကျန့်ယီမှာ အနည်းငယ် နောင်တရနေမိကာ သူ၏ လက်ထဲမှ ဓားမှာ ပိုမို မြန်ဆန်လာတော့သည်။
.....
ထိုအချိန်တွင် ထျန်ချီမြို့ အတွင်း၌။
ကျီးရှားကျောင်းတော်ရှိ ပိုးစာပင်ကြီးပေါ်တွင် လဲလျောင်းကာ ကြည့်မျှော်စင်၏ ဆောင်းဦးနှင်းရည်ဝိုင်ကို သောက်သုံးနေသော
လီချန်းရှန်သည် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် နှလုံးခုန်မြန်သွားသည်။ ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်တော့မည့်အလား သူက ခံစားလိုက်ရခြင်း ဖြစ်၏။
"ထူးဆန်းတာပဲ၊ ငါ ဒီလို မခံစားရတာ အနှစ်ပေါင်း များစွာ ရှိပြီ" လီချန်းရှန်က သစ်ပင်ပေါ်မှ ထိုင်ကာ စဉ်းစားနေသည်။
သို့သော် ထိုစဉ်မှာပင် လဲ့မုန့်ရှားက လီချန်းရှန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ "ဆရာ... ပိုင်ရှောင်တန်က ဂိုဏ်းချုပ်ကျီက ဆရာ့ကို တွေ့ချင်လို့ ရောက်နေပါတယ်။ ချစ်ဖို့ကောင်းတဲ့ ကလေးမလေး တစ်ယောက်ကိုလည်း ခေါ်လာတယ်"
"ကျီရူဖန် ဟုတ်လား" လီချန်းရှန်သည် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ကာ သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်သွားသည်။သူက တစ်ခုခု မှားနေပြီဟု ခံစားရချိန်မှာပင် ဤလူက တံခါးဝသို့ ရောက်ရှိလာသည်ပေါ့။
"လဲ့အာ... ဂိုဏ်းချုပ်ကျီက ငါ့ကို ဘာအတွက် တွေ့ချင်တာလဲလို့ ပြောသေးလား" လီချန်းရှန်သည် စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာ မေးလိုက်၏။
"ဂိုဏ်းချုပ်ကျီက အမျိုးလာတော်တာလို့ ပြောတယ်" လဲ့မုန့်ရှားက လီချန်းရှန်ကို ကြည့်သော အကြည့်များမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။
"ဟင်..လဲ့အာ၊ မင်းက ဘယ်လို အကြည့်နဲ့ ကြည့်နေတာလဲ၊ ဂိုဏ်းချုပ်ကျီက အမျိုးလာတော်တာကို ဘာဖြစ်လို့လဲ။ မင်းက ဆရာ့ကို ဘာလို့ အဲ့ဒီလို ကြည့်နေရတာလဲ" လီချန်းရှန်က ဒေါသတကြီးဖြင့် လဲ့မုန့်ရှားကို ရိုက်နှက်ချင်စိတ် ပေါက်သွားတော့၏။ဆရာကို ဘယ်လိုအကြည့်နဲ့ကြည့်နေတာလဲ။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ မလုံမလဲ ဖြစ်မှု့မှာ စိုးရိမ်ပူပန်မှုအဖြစ် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က အမျိုးလာတော်နေကြသောကြောင့် ဖြစ်၏။
သူ မေ့ပျောက်နေခဲ့သော အမည်တစ်ခုမှာ သူ၏ စိတ်ထဲတွင် ပေါ်လာတော့သည်။ သူ၏ မူလမျိုးရိုးအမည်မှာလည်း 'ကျီ'ဖြစ်ခဲ့ဖူးသည် ။
"တောက်၊ ဆရာက လူကြီးသာ ဖြစ်နေတာ၊ အရှက်မရှိလိုက်တာ၊ ဘယ်က ဂုဏ်သရေရှိ အမျိုးသမီးကို သွားပြီး နှောင့်ယှက်ခဲ့လို့ အခု ဂိုဏ်းချုပ်ကျီက ကလေးကိုတောင် ခေါ်ပြီး အမျိုးလာတော်နေရတာလဲ မသိဘူး၊ဆရာက တကယ့်ကို တိရစ္ဆာန်ထက်တောင် ဆိုးပါလား
သားမယားကို ပစ်ထားခဲ့တာပဲ၊ကျွန်တော့် ယီယီ ပြောသလို ပြောရမယ်ဆိုရင်'ဒီလိုလူမျိုးနဲ့ ပတ်သက်နေရတာကိုတောင် ရှက်မိတယ် "
လဲ့မုန့်ရှားက လီချန်းရှန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ကာ သူ့၏ အမြင်ကိုပြောချလိုက်သည်။
လီချန်းရှန် : "..."
သားမယားကို ပစ်ထားခဲ့တာ ဟုတ်လား!!
လဲ့အာ... မင်း ရူးနေပြီလား၊ငါ့ရဲ့ ချစ်သူဟောင်းက ဆုံးသွားတာ ကြာလှပြီ။ ငါ့မှာ ဘယ်က သားမယား ရှိမှာလဲ။
လီချန်းရှန်သည် မိုက်မဲသော လဲ့မုန့်ရှားကို မျက်စောင်းထိုးလိုက်ပြီး ၊သူသည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။ သူသည် သူ၏ 'ကျီ' မျိုးရိုးဖြင့် ဖြတ်သန်းခဲ့သော ဘဝခြေရာများကို သေချာစွာ ဖျောက်ဖျက်ခဲ့သည် မဟုတ်ပါလော။ မည်သူကမှ သူ၏ အမည်ရင်းကို မသိနိုင်သင့်ပေ။
"လဲ့အာ... ဂိုဏ်းချုပ်ကျီကို အထဲကို ဖိတ်လိုက်ပါ။ ငါ့ရဲ့ အတိတ်ပုံရိပ်ကို ဒီလောကမှာ ဘယ်သူက မှတ်မိနေသေးလဲဆိုတာ ငါ သိချင်တယ်"
ဒီတစ်ခါ ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူက ဖော်ထုတ်လိုက်တာလဲ။ထိုလူသည် အမှန်တကယ်ပင် သေသင့်လှပေသည်။
"မင်းကတော့ ငါ့ကို ဒုက္ခပေးနေပြန်ပြီ"
လီချန်းရှန်သည် လဲ့မုန့်ရှားကို မကျေမနပ် ကြည့်လိုက်ရင်း၊ သူ၏ 'ကျီ' မျိုးရိုးအမည်ကို ဖော်ထုတ်လိုက်သောသူကို အံကြိတ်ကာ ကြိမ်းဝါးနေသည်။