← Chapters

စိမ်းလန်းသော တောတောင်များတည်ရှိနေဆဲဖြစ်ပြီး နေဝင်ချိန်ပေါင်းများစွာကို သက်သေထူခဲ့ပြီ

Vol. 6 Ch. 57

စိမ်းလန်းသော တောတောင်များတည်ရှိနေဆဲဖြစ်ပြီး နေဝင်ချိန်ပေါင်းများစွာကို သက်သေထူခဲ့ပြီ

Vol. 6 Ch. 57

ဓားနှလုံးကျောက်ဆောင်ထက်တွင်။

လီကျန့်ယီသည် မိမိ၏ အမှားမှာ ကြီးမားကြောင်း သိရှိထားသဖြင့် ဤအခိုက်အတန့်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ဓားကို အဆက်မပြတ် ဝှေ့ယမ်းနေလေ၏။

သူသည် အပြစ်ရှိသကဲ့သို့ ခံစားနေရသဖြင့် တစ်စက္ကန့်လျှင် ဓားချက်ပေါင်း တစ်ရာခန့် ထွက်ပေါ်လာအောင် လေ့ကျင့်နေပြီး ပြင်းထန်သော လေပြင်းများပင် ဖြစ်ပေါ်နေသည်။

လီကျန့်ယီ၏ ဓားချက်များမှာ တစ်စထက်တစ်စ ပိုမိုမြန်ဆန်လာသည်ကို တွေ့ရသဖြင့် အနီးနားရှိ လီဟန်ယီလေးမှာ နောက်သို့ တစ်လှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်ရ၏။

သူသာ ယခုထက် ပို၍ မြန်လာပါက လီကျန့်ယီ၏ ဓားလေဟုန်ကြောင့် သူမ လွှင့်ထွက်သွားနိုင်သည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။

သူမ နောက်သို့ ဆုတ်လိုက်သည့် အခိုက်အတန့်မှာပင် လောကီရေးရာများကို ကျော်လွန်သည့် ပညာရှိအသွင်ရှိသော်လည်း မကောင်းသော ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသည့် လီချန်းရှန်ကို ရုတ်တရက် တွေ့လိုက်သည်။

"ယီ... ယီယီ၊ အကြီးအကဲလီက မင်းကို ပြဿနာရှာဖို့ ရောက်လာပြီ"

လီချန်းရှန်၏ အဝတ်အစားများကို မြင်လိုက်ရသည်နှင့် သူမသည် တုန်တုန်ရင်ရင်ဖြင့် နတ်ဘုရားကဲ့သို့ ဓားကျင့်နေသော လီကျန့်ယီကို လှမ်း၍ သတိပေးလိုက်၏။

ထိုစကားကို ကြားလိုက်ရသည်နှင့် လီကျန့်ယီ၏ ဓားကစားနေသော ပုံရိပ်မှာ တုံ့ခနဲ ရပ်တန့်သွားပြီး လီချန်းရှန်ဘက်သို့ အိုးတိုးအောင့်တေး မျက်နှာပေးဖြင့် လှည့်ကြည့်သည်။

"အကြီးအကဲလီ၊ ခင်ဗျားရဲ့ မျိုးဆက်လေးက အရမ်းချစ်ဖို့ကောင်းလွန်းလို့ ကျွန်တော် မတော်တဆ လျှို့ဝှက်ချက်ကို ဖွင့်ပြောမိသွားတာဆိုရင် ခင်ဗျား ယုံမှာလား"

"ရှောင်ရွယ်လေးကို ပြောတာလား"

လီချန်းရှန်သည် စောစောက သူပွေ့ချီခဲ့သော ဆံပင်ငွေရောင်နှင့် ကလေးငယ်လေးကို ပြန်လည်သတိရသွားရာ သူမမှာ အမှန်တကယ်ပင် ချစ်စဖွယ်ကောင်းသည်။

"ဟုတ်ပါတယ်" လီကျန့်ယီက လီချန်းရှန်ကို အကဲခတ်ရင်း ပြန်ဖြေ၏။

"သူမက တကယ်ပဲ ချစ်ဖို့ကောင်းတာပါ၊ ငါ သူမကို ပွေ့ချီထားတုန်းက ငါ့ကို ကြည့်ပြီး အမြဲ ပြုံးနေခဲ့တာ" လီချန်းရှန်သည် ကျီရွယ်လေး၏ ချိုသာသော အပြုံးကို အမှတ်ရကာ အနည်းငယ် ပြုံးလိုက်သည်။

သို့သော်လည်း..အတိတ်ကို သတိရနေသော သူ၏ အပြုံးမှာ ချက်ချင်းပင် အေးစက်သွားပြီး "သခင်လေးလီ၊ ငါက ချွင်းချက်အနေနဲ့ မင်းကို တပည့်အဖြစ် လက်ခံဖို့ ကမ်းလှမ်းခဲ့တာကို မင်းက ငြင်းခဲ့တယ်နော်"

"အခုတော့ ငါ့ကို ပြဿနာပေါင်းစုံ ပေးနေပြီပေါ့ ဟုတ်လား၊ မင်းက ငါ့တပည့်လည်း မဟုတ်ဘဲနဲ့ မင်းလုပ်ထားတဲ့ အမှားတွေကို ငါက ဘာလို့ လိုက်ရှင်းနေရမှာလဲ"

ထို့ကြောင့် တမင်သက်သက် လျှို့ဝှက်ချက်ကို ဖွင့်ပြောတာပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် သူ့ကို ရှင်းပြချက်တစ်ခု ပေးရမည်။

"ဟို... အကြီးအကဲလီ၊ ကျွန်တော်က အကြီးအကဲလီရဲ့ တပည့်မဟုတ်ပေမဲ့ ပတ်သက်မှုတော့ ရှိနေတုန်းပဲလေ၊ကြည့်ပါဦး ကျွန်တော့်ရဲ့ ဦးလေးလဲ့က အကြီးအကဲလီရဲ့ တပည့်ဆိုတော့ ကျွန်တော်က အကြီးအကဲလီရဲ့ တူတော်မောင် ဖြစ်မနေဘူးလား၊ဒါကြောင့် အကြီးအကဲလီက သူ့တူရဲ့ ပြဿနာကို ကူရှင်းပေးတာက.."

လီကျန့်ယီက ပတ်သက်မှုတစ်ခုခု ရှာကြံ၍ ပြောဆိုရန် ကြိုးစားသော်လည်း လီချန်းရှန်က လက်ကာပြကာ တားမြစ်လိုက်သည်။

"တော်တော့ ၊ လဲ့အာက အခုထိ ကျောင်းတော်က မက်မွန်ပွင့်တိုင်ပေါ်မှာ ရပ်နေရတုန်းပဲ၊သူ့ကို အသုံးချပြီး ဆက်နွှယ်မှု ရှာဖို့ကတော့ အောင်မြင်မှာ မဟုတ်ဘူး"

" ဒါဆိုလည်း ကျွန်တော်က အကြီးအကဲလီရဲ့ ညီအငယ်နဲ့ ပထမဆုံး တွေ့ကတည်းက နှစ်ပေါင်းများစွာ ခင်လာတဲ့ သူငယ်ချင်းဟောင်းတွေလို ဖြစ်သွားတာလေ။ ဒါကြောင့် အကြီးအကဲလီရဲ့ ညီအငယ်ရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ အကြီးအကဲလီက ကျွန်တော်ကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်" လီကျန့်ယီက ဆက်လက်၍ အကြောင်းပြချက် ပေးပြန်သည်။

"ဒါလည်း မရသေးဘူး၊ငါ့ညီအငယ်ရဲ့ ပိုင်ရှောင်တန်က လူတိုင်းနဲ့ မိတ်ဆွေတွေပဲလေ။ ဒါကြောင့် ဒီရှင်းပြချက်ကလည်း အလုပ်မဖြစ်ဘူး" လီချန်းရှန်က ခေါင်းခါလိုက်၏။

"ဒါလည်း မရဘူးလား။ ဒါဆို ကျွန်တော် ဘယ်လိုမျိုး ဖြေရှင်းချက်ပေးရမလဲ" လီကျန့်ယီသည် အခြားနည်းလမ်း မရှိတော့သဖြင့် အားကိုးရာမဲ့စွာ လီချန်းရှန်ကို ကြည့်လိုက်၏။

ကံမကောင်းစွာဖြင့် သူက လီချန်းရှန်၏ လျှို့ဝှက်ချက်ကို မတော်တဆ ဖွင့်ဟမိခဲ့သဖြင့် တာဝန်က သူ့အပေါ်တွင် ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။

"အခု မင်း ငါ့ရဲ့ တပည့် ဖြစ်လာမယ်ဆိုရင် မင်းရဲ့ ပြဿနာအားလုံးကို ငါ ဖြေရှင်းပေးနိုင်တယ်" လီချန်းရှန်က လီကျန့်ယီကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။သူသည် လီကျန့်ယီကို သူ့၏ တပည့်အဖြစ် အလိုရှိနေဆဲ ဖြစ်သည်။

"အကြီးအကဲလီ၊ မဟုတ်သေးဘူးလေ၊ ကျွန်တော်က ဓားနှလုံးဂူဗိမာန်ရဲ့ ဆက်ခံသူပါ" လီကျန့်ယီက ထပ်မံ ငြင်းဆန်လိုက်ပြန်သည်။

"အင်... ဒါက နည်းနည်းတော့ ခက်သွားပြီ။ မင်း ငါ့ကို ပြဿနာပေးတယ်၊ ငါက ဖြေရှင်းဖို့ နည်းလမ်းပေးတာကို မင်းက ငြင်းတယ်၊ ဒါဆိုရင်တော့ မင်းကို ပညာပေးရတော့မှာပေါ့" လီချန်းရှန်က မျက်လုံးကို မှေးလိုက်၏။

"ပညာပေးမယ် ဟုတ်လား။ အကြီးအကဲလီက ဘယ်လိုမျိုး ပညာပေးမှာလဲ" လီကျန့်ယီက အနည်းငယ် ထိတ်လန့်သွားပြီး မေးမြန်းလိုက်၏။

"ဒါကတော့ ရှင်းပါတယ်၊ မင်းရဲ့ ဘောင်းဘီကို ချွတ်ပြီး မင်းရဲ့ တင်ပါးကို ငါ ကျေနပ်တဲ့အထိ ရိုက်မှာပေါ့"

လီချန်းရှန်၏ နှုတ်ခမ်းထောင့်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာသည်။

လီကျန့်ယီသည် သူ၏ တင်ပါးဆီမှ အေးစိမ့်စိမ့် ခံစားချက်တစ်ခု ချက်ချင်းပင် ဝင်ရောက်လာသည်ဟု ခံစားလိုက်ရသည်။

ဆရာကြီးက သူကျေနပ်တဲ့အထိ ရိုက်မယ်ဆိုတော့ သူက မကျေနပ်သေးဘူးဆိုရင် ငါက ဘောင်းဘီချွတ်လျက်သားနဲ့ အမြဲ အရိုက်ခံနေရမှာပေါ့။ထိုအကြောင်းကို တွေးမိသည်နှင့် လီကျန့်ယီသည် ခေါင်းကို အမြန်ပင် ခါယမ်းလိုက်သည်။

ထို့နောက် သူက "အကြီးအကဲလီ... တကယ်တော့ ကျွန်တော်တို့ကြားက အာဃာတတွေကို ပြေငြိမ်းစေနိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်" ဟု ဆိုလိုက်၏။

"ပြောကြည့်ပါဦး" လီချန်းရှန်၏ အပြုံးများ ပျောက်ကွယ်သွားပြီး တည်ကြည်သော မျက်နှာကပေါ်လာသည်။

"အကြီးအကဲလီက ကျွန်တော့်ကို ပြဿနာလာရှာတာက အကြီးအကဲလီ မြောက်ပိုင်းလီကနေ ထွက်သွားတဲ့အခါ ဂိုဏ်းချုပ်ကျီနဲ့ တခြားမျိုးဆက်တွေက ရန်သူတွေရဲ့ လက်စားချေတာခံရမှာကို စိုးရိမ်လို့ မဟုတ်လား"

"အဲဒီအတွက် ကျွန်တော်က နောက်တစ်နှစ် ကြာတဲ့အခါကျရင် ဂိုဏ်းချုပ်ကျီနဲ့ တခြားမျိုးဆက်တွေကို ကာကွယ်ပေးနိုင်ပါတယ်"

"တစ်နည်းအားဖြင့် ပြောရရင် ဂိုဏ်းချုပ်ကျီနဲ့ သူ့ရဲ့ မျိုးဆက်တွေကို နောက်ထပ် တစ်နှစ်အထိ အကြီးအကဲလီက ဆက်လက် ကာကွယ်ပေးထားပါ။ တစ်နှစ် ပြည့်သွားတဲ့အခါမှာတော့ အဲဒီ တာဝန်ကို ကျွန်တော်က ဆက်ယူပါ့မယ်"

"ဒီလိုဆိုရင် အကြီးအကဲလီ ပေလီကနေ ထွက်သွားရင်တောင်မှ ဘာမှ စိုးရိမ်စရာ မရှိတော့ဘူးပေါ့"

မိမိ၏ တင်ပါး အေးစက်စက် လေတိုက်ခံရမည်ကို ကြောက်လန့်နေသော လီကျန့်ယီသည် လီချန်းရှန် အမှန်တကယ် စိုးရိမ်နေသည့် အချက်ကို ထောက်ပြလိုက်ခြင်း ဖြစ်သည်။

ထိုဖြေရှင်းချက်ကို ကြားလိုက်ရသောအခါ လီချန်းရှန်သည် လီကျန့်ယီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။လီကျန့်ယီက သူ၏ အကြောင်းကို မတော်တဆ သိသွားခြင်းသာ ဖြစ်မည်ဟု သူ ထင်ခဲ့သော်လည်း ဤကလေးမှာ သူ၏ စိတ်ထဲရှိ အတွေးများကိုပါ ကောင်းကောင်း သိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူသည် မိမိ၏ မျိုးဆက်များကို စောင့်ရှောက်မည့်သူ မရှိမည်ကို အမှန်တကယ်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်သဖြင့် လီကျန့်ယီထံမှ ရှင်းပြချက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ယခု လီကျန့်ယီက အကောင်းဆုံး ရှင်းပြချက်ကို ပေးလိုက်ပြီဖြစ်ရာ သူ့ကို ဘောင်းဘီချွတ်၍ ရိုက်ရန်မှာ မသင့်တော်တော့ပေ။

"သခင်လေးလီ... မင်းရဲ့ အကြံပြုချက်က တကယ်ပဲ ကျေနပ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ငါ သိချင်တာ တစ်ခုရှိတယ်၊ မင်းက ငါ့အကြောင်းကို ငါ့ကိုယ်ငါ သိတာထက်တောင် ဘာလို့ ပိုသိနေရတာလဲ" လီချန်းရှန်က ဇဝေဇဝါဖြင့် ကြည့်ကာ "မင်းက လီရွှမ်လည်း မဟုတ်ဘဲနဲ့ ဘာလို့ ငါ့အကြောင်းကို ဒီလောက် သိနေတာလဲ" ဟု တွေးတောနေမိ၏။

"ဟဲဟဲ... ကျွန်တော်က ကဗျာဆရာ နတ်ဓားရှင် လီရွှမ်ရဲ့ လူဝင်စား ဖြစ်နေလို့များလား" လီကျန့်ယီက လီချန်းရှန်၏ သံသယကို ထပ်မံ အံ့အားသင့်စေမည့် အဖြေဖြင့် တုံ့ပြန်လိုက်သည်။

အကြောင်းမှာ လီချန်းရှန်သည် ဤကလေးမှာ လီရွှမ် မဟုတ်ကြောင်း တွေးနေခိုက်မှာပင် လီကျန့်ယီက သူသည် လီရွှမ်၏ လူဝင်စားဖြစ်သည်ဟု ပြောလိုက်သောကြောင့် ဖြစ်၏။

"မင်း မပြောချင်ရင်လည်း နေပါ၊ ဒါပေမဲ့ ဘာလို့ လီရွှမ်ကို ဆွဲထည့်ရတာလဲ" လီချန်းရှန်က သူ့ကိုမျက်စောင်းထိုးသည်။

"ဘာလို့လဲဆိုတော့ အကြီးအကဲလီက ကျွန်တော့်ကို သူ့နေရာမှာ ရှိစေချင်နေလို့လေ" လီကျန့်ယီက ပြုံးလိုက်၏။

"မင်းသာ တကယ် သူဖြစ်ခဲ့ရင် အရမ်းကောင်းမှာပဲ။ နှမြောစရာကောင်းတာက မင်းက ဓားပဲ ကိုင်တတ်ပြီး ကဗျာလည်း မရွတ်တတ်ဘူး၊ ငါ့သူငယ်ချင်းရဲ့ ခန့်ညားထည်ဝါတဲ့ အရှိန်အဝါလည်း မရှိဘူး" လီချန်းရှန်က လွမ်းဆွတ်တမ်းတစွာ ဖြင့်‌ညည်းသည်။

"ကျွန်တော် ကဗျာမစပ်တတ်ဘူးလို့ ဘယ်သူပြောလဲ" လီကျန့်ယီက ပြုံးကာ "အားကောင်းသော ယန်ဇီမြစ်ရေသည် အရှေ့ဘက်သို့ စီးဆင်းသွားကာ အတိတ်က သူရဲကောင်းများကို လှိုင်းလုံးများဖြင့် တိုက်စားသွားလေပြီ" ဟု ရွတ်ဆိုလိုက်၏။

"အမှားအမှန်၊ အောင်မြင်မှုနဲ့ ကျရှုံးမှု အားလုံးဟာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရပေမဲ့ စိမ်းလန်းတဲ့ တောင်တန်းတွေကတော့ တည်ရှိနေဆဲဖြစ်ပြီး နေဝင်ချိန် ပေါင်းများစွာကို သက်သေထူခဲ့တယ်"

"စိမ်းလန်းတဲ့ တောင်တန်းတွေက တည်ရှိနေဆဲ၊ နေဝင်ချိန်တွေကလည်း အကြိမ်ပေါင်းများစွာ နီမြန်းခဲ့တယ်..."

လီကျန့်ယီ၏ ကဗျာကို နားထောင်ရင်း လီချန်းရှန်သည် ငေးငိုင်သွားကာ လီကျန့်ယီ၏ ပုံရိပ်ထဲတွင် ကဗျာဆရာ နတ်ဓားရှင် လီရွှမ်ကို မြင်ယောင်သွားသည်။

လီရွှမ်သည်လည်း လီကျန့်ယီ၏ ကဗျာထဲက စိမ်းလန်းသော တောင်တန်းများကဲ့သို့ တည်ရှိနေစေရန် သူ အမှန်တကယ် ဆုတောင်းခဲ့ဖူး၏။သို့သော် ယန်ဇီမြစ်ရေမှာ အရှေ့ဘက်သို့သာ စီးဆင်းသွားသကဲ့သို့ လီရွှမ်သည်လည်း အချိန်၏ တိုက်စားမှု့ကို မခံနိုင်ဘဲ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနှင့် သေဆုံးခြင်းတို့၏ နောက်သို့ လိုက်ပါသွားခဲ့ပြီ။

သူသာ ငယ်ရုပ်ပြန်စေသော "မဟာနွေဦးပညာရပ်" ကို မကျင့်ကြံခဲ့ပါက သူသည်လည်း ယခုအချိန်တွင် ကွယ်လွန်သွားလောက်ပေပြီ။

လီချန်းရှန်သည် သတိပြန်ဝင်လာကာ လီကျန့်ယီကို ကြည့်ပြီး ပြောလိုက်သည်။"သခင်လေးလီက ဒီလို ဖြေရှင်းချက်ပေးမှတော့ သခင်လေးလီ ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"

"ဒီနှစ်မှာတော့ ငါ့ရဲ့ မျိုးဆက်တွေကို ငါကိုယ်တိုင် ကာကွယ်မယ်။

တစ်နှစ် ကြာတဲ့အခါမှာတော့ မင်းက သူတို့ရဲ့ အစောင့်အရှောက် ဖြစ်ရမယ်။ဒါက သခင်လေးလီရဲ့ ကတိပဲ၊ မင်းရဲ့ တိုးတက်မှုနှုန်းက အဲဒီကတိအတိုင်း ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

"သဘောတူညီချက် ရသွားပြီဆိုရင်တော့ ဘာကမှ ငါတို့ကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး"

လီကျန့်ယီသည် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်တော့ သည်။နောက်ဆုံးတော့ သူစိတ်အေးရပြီ။

All Chapters