မိန်းမစိုးကျို့ရှင်း အဆင့်များကျခြင်း
Vol. 6 Ch. 58
"တော်ပါပေတယ်.. ငါက မင်းကို ဘယ်လိုပညာပေးရမလဲလို့ စဉ်းစားနေတာ၊ မင်းရဲ့ အရှိန်အဝါက ဖုယောင်အဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်နေပြီပေါ့"
လီကျန့်ယီသည် ချုပ်နှောင်မဲ့အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
လီကျန့်ယီ၏ နှုတ်ခမ်းထောင့်ရှိ ယုံကြည်မှုအပြည့်ရှိသော အပြုံးကို ကြည့်ကာ သူ၏ ကျင့်ကြံမှုအဆင့်ကို စမ်းသပ်ကြည့်ပြီးနောက် လီချန်းရှန်မှာ အနည်းငယ် အံ့အားသင့်သွား၏။
ဤမျှ လျင်မြန်သောနှုန်းဖြင့် တိုးတက်နေသည့် ပါရမီရှင်မျိုးသည် ၎င်းတို့၏ မျိုးဆက်တွင် ထိပ်တန်း ပါရမီရှင်အဖြစ် သတ်မှတ်ခံရမည်မှာ သေချာသည်။
"ခြေတစ်လှမ်းပဲ လိုတော့ပေမဲ့ အဲဒီ ချုပ်နှောင်မဲ့ နယ်ပယ်ထဲကိုတော့ မဝင်နိုင်သေးဘူး" လီကျန့်ယီက အားမလိုအားမရ ဖြစ်စွာဖြင့်ပြော၏။
"မင်းလေးက အသက် ၁၂ နှစ်တောင် မပြည့်သေးဘူး မဟုတ်လား။ ၁၂ နှစ်သားနဲ့ ချုပ်နှောင်မဲ့အဆင့်ကို မကျေနပ်သေးဘူးလား။ ကောင်းကင်ပေါ် ပျံတက်ချင်နေတာလား" လီချန်းရှန်က စိတ်ပျက်လက်ပျက်ဖြင့် ဗျစ်တောက်ဗျစ်တောက် ပြောလိုက်သည်။
"ကောင်းကင်ပေါ် တကယ် သွားချင်တာပါ၊ ဒါမှ ဆန်းကြယ်နတ်ခရီးအဆင့်ကို ဝင်နိုင်မှာလေ" လီကျန့်ယီ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အရောင်တောက်နေသည်။
လီချန်းရှန်မှာ ပြောစရာ စကားပင် မရှိတော့ပေ။သူက ရောင့်ရဲတတ်အောင် သင်ပေးရန် ကြိုးစားနေသော်လည်း ဤကလေးကမူ တစ်ဟုန်ထိုး ထိပ်ဆုံးသို့ တက်လှမ်းချင်နေခြင်း ဖြစ်၏။ထိုကဲ့သို့သော လောဘကြီးမှု့မှာ ဆင်ကို မျိုချချင်သည့် မြွေနှင့် တူသည်။
"ကောင်းပြီ၊ ဒါက ရည်မှန်းချက် ကြီးလွန်းတာတော့ မဟုတ်ပါဘူး။ မင်းရဲ့ ဆန်းကြယ်နယ်ပယ် ခရီးစဉ်က အစပြုရုံပဲ ရှိသေးတာပဲ"
မိမိထက်ပင်ပို၍ ထူးခြားဆန်းပြားသော သိုင်းပါရမီရှိသည့် လီကျန့်ယီကို ပညာပေးချင်သော်လည်း စကားလုံးများ ထွက်လာသည့်အခါတွင်ဘယ်လိုသင်ပေးရမည်ကို သူ မသိတော့ချေ။
"အကြီးအကဲလီက နှောက်နေတာပဲ။ ဆန်းကြယ်နတ်ခရီးအဆင့်မှာ လှည့်လည်သွားလာနေတာက အကြီးအကဲအတွက်လည်း အစပြုခြင်း မဟုတ်ဘူးလား"
လီချန်းရှန် ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လီကျန့်ယီက ပြုံး၍ မေးလိုက်၏။
"အမှန်ပဲ... ငါလည်း ဒီရက်ပိုင်း လက်ယားနေတာနဲ့ အတော်ပဲ၊ ထျန်ချီမြို့က မိန်းမစိုးချုပ်ကြီးနဲ့ သွားပြီး လက်ရည်စမ်းရဦးမယ်"
လီချန်းရှန်သည် ယနေ့တွင် လီကျန့်ယီ၏ တင်ပါးကို ရိုက်ချင်သဖြင့် လက်ယားနေခဲ့ခြင်း ဖြစ်သည်။
"အကြီးအကဲလီ ကြွပါခင်ဗျာ"
လီကျန့်ယီသည် အလွန်တောက်ပသော အပြုံးဖြင့် ပြောလိုက်၏။
အကြောင်းမှာ လီချန်းရှန်၏ လုပ်ရပ်မှာ တစ်နည်းအားဖြင့် သူ့ကို ကာကွယ်ပေးရာ ရောက်သောကြောင့် ဖြစ်သည်။
နောက်တစ်နှစ်အကြာတွင် သူသည် ချင်ဝမ်၏ ဦးခေါင်းကို ဖြတ်ယူမည် ဖြစ်ရာ ချင်ဝမ်၏ နောက်ကွယ်ရှိ အင်အားမှာ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော မိန်းမစိုးချုပ် ကျို့ရှင်း ဖြစ်သည်။ထို့ကြောင့် လီချန်းရှန်က ကျို့ရှင်းနှင့် လက်ရည်စမ်းမည်ဟု ပြောခြင်းမှာ လက်ရည်စမ်းရုံသက်သက် မဟုတ်နိုင်ပေ။
အကယ်၍ အကြီးအကဲလီကသာ အပြတ်အသတ် နှိမ်နင်းလိုက်မည်ဆိုလျှင် မိန်းမစိုးချုပ် ကျိူ့ရှင်းအနေဖြင့် သူ၏ မူလအခြေအနေသို့ ပြန်ရောက်ရန် အချိန်အတော်ကြာ လိုအပ်လိမ့်မည်။
"ဒါဆို ငါ သွားပြီ။ မင်းလည်း ကြိုးကြိုးစားစား ကျင့်ကြံဦး"
လီချန်းရှန်က အနည်းငယ် ခေါင်းညိတ်ပြ၏။
သူတို့နှစ်ဦးစလုံးမှာ တစ်ဦး၏ အတွေးကို တစ်ဦးက သိနေကြသော်လည်း ထုတ်မပြောဘဲ ကိုယ့်အလုပ်ကိုယ် လုပ်ရန်သာ ပြင်ဆင်ကြသည်။
လီချန်းရှန် ချက်ချင်း ထွက်ခွာသွားပြီးနောက် လီကျန့်ယီသည် သူ၏ သစ်သားဓားကို ပြန်လည် ဝှေ့ယမ်းလိုက်ရာ လှုပ်ရှားမှုများမှာ နတ်ဘုရားတစ်ပါးကဲ့သို့ လျင်မြန်လှသဖြင့် ဓားနှလုံးကျောက်ဆောင်တစ်ခုလုံးတွင် လေဆင်နှာမောင်းငယ်လေးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအခြင်းအရာကို မြင်သောအခါ လီဟန်ယီလေးမှာ ထိတ်လန့်သွားပြီး ဓားလေဟုန်များအတွင်း ပါမသွားစေရန် ကျောက်ဆောင်ပေါ်ရှိ ဂူအတွင်းသို့ အပြေးအလွှား သွားရောက် ပုန်းအောင်းနေရ၏။
.....
ထျန်ချီမြို့။
ဧကရာဇ်မြို့တော်မှာ ထုံးစံအတိုင်း ငြိမ်သက် အေးချမ်းနေသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ကျီးရှားကျောင်းတော်မှ အကြီးအကဲလီသည် ယနေ့တွင် မိန်းမစိုးချုပ် ကျို့ရှင်း၏ နေအိမ်သို့ ရောက်ရှိလာခဲ့၏။မိန်းမစိုးချုပ် ကျို့ရှင်းမှာ ဘာဖြစ်ပျက်နေမှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။
"အကြီးအကဲလီ... ကျွန်တော့်ရဲ့ နိမ့်ပါးတဲ့ နေရာကို ဘာကိစ္စနဲ့ ကြွလာတာလဲ" ကျို့ရှင်းသည် မကောင်းသော အငွေ့အသက်များ ပေးနေသည့် လီချန်းရှန်ကို ကြည့်ကာ မျက်ခွံများ တဆတ်ဆတ် တုန်နေသည်။
"ဘာကိစ္စမှ မရှိပါဘူး၊ မိန်းမစိုးကျို့ရှင်းက ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလို့ ကြားလို့ လက်ရည်စမ်းပြီး ပညာချင်း ဖလှယ်ချင်ရုံပါ" လီချန်းရှန်သည် စကားဆုံးသည်နှင့် ချက်ချင်းပင် လက်ဝါးရိုက်ချက်တစ်ခုဖြင့် တိုက်ခိုက်လိုက်၏။
ကျို့ရှင်းလည်း အမြန်ပင် လက်ဝါးဖြင့် ပြန်လည် ခုခံကာ ပြောသည်။
"အကြီးအကဲလီရဲ့ သိုင်းပညာက အထွတ်အထိပ်ကို ရောက်နေတာပဲ၊ ကျွန်တော့်ရဲ့ မပြောပလောက်တဲ့ ပညာတွေက အကြီးအကဲကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး"
ထို့ကြောင့် အကြီးအကဲလီအနေဖြင့် ချင်းချန်တောင်က လုစုကျန်း သို့မဟုတ် နန်းတွင်းအတိုင်ပင်ခံ ချီထျန်ချန်း တို့နှင့်သာ လက်ရည်စမ်းသင့်ကြောင်း သူက အကြံပြုလိုပေသည်။
"ဒါပေမဲ့ ငါက မိန်းမစိုးကျို့ရှင်းနဲ့ပဲ စမ်းချင်တာ"
လီချန်းရှန်သည် လက်ဝါးရိုက်ချက်၏ အားကို ရုတ်တရက် တိုးမြှင့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အတွင်းအားများ ထွက်ပေါ်လာပြီး ကျို့ရှင်းကို လွင့်ထွက်သွားစေကာ နံရံတွင် ကပ်သွားစေ၏။
ထိုလက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ကျို့ရှင်း၏ အစွမ်းမှာ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့် အထွတ်အထိပ်မှ အစောပိုင်းအဆင့်သို့ ချက်ချင်း ကျဆင်းသွားသည်။
ကျို့ရှင်းသည် မိမိ၏ ကျင့်ကြံမှုအဆင့် ရုတ်တရက် ထိုးကျသွားသဖြင့် မျက်နှာပျက်သွားကာ မေးလိုက်၏။ "အကြီးအကဲလီ၊ကျွန်တော်က ခင်ဗျားကိုရော၊ ကျောင်းတော်က ဘယ်သူ့ကိုမှရော မစော်ကားခဲ့ပါဘူး။ ဘာလို့ ကျွန်တော့်အပေါ် ဒီလောက် ရက်စက်ရတာလဲ"
"မလုံလောက်သေးဘူး။ နတ်ခရီးတစ်ဝက်အဆင့်က မြင့်နေသေးတယ်"
လီချန်းရှန်က ပြန်မဖြေဘဲ နောက်ထပ် လက်ဝါးတစ်ချက် ထပ်မံ ရိုက်သွင်းလိုက်ပြန်သည်။
ကျို့ရှင်းမှာ နံရံနှင့် ထပ်မံ ရိုက်မိပြန်ရာ ယခုတစ်ကြိမ်တွင် သွေးတစ်လုတ်ပင် အန်ထုတ်လိုက်ရ၏။ထိုရိုက်ချက်ကြောင့် သူသည် နတ်ခရီးတစ်ဝက်အဆင့်မှ ချုပ်နှောင်မဲ့အဆင့်သို့ ထပ်မံ လျော့ကျသွားသည်။
"ချုပ်နှောင်မဲ့အဆင့်လား၊ဒါဆိုရင်တော့ လုံလောက်ပါပြီ၊မိန်းမစိုး ကျို့ရှင်းနဲ့ လက်ရည်စမ်းရတာ အသိအမြင်တွေ အများကြီး ရခဲ့တယ်၊ ဒါကြောင့် ငါလည်း အမြန်ပြန်ပြီး တရားမှတ်ဦးမယ်"
ကျို့ရှင်း၏ အဆင့်များ ကျဆင်းသွားသည်ကို မြင်ရသဖြင့် လီချန်းရှန်သည် ကျေနပ်စွာဖြင့် ထွက်ခွာသွားသည်။
လီချန်းရှန် ထွက်သွားသည်ကို ကြည့်ကာ ကျို့ရှင်း၏ မျက်လုံးများမှာ အေးစက်စက် အရိပ်အယောင်များ ပေါ်လာပြီး "ခြေတစ်လှမ်းပဲ... ခြေတစ်လှမ်းပဲ လိုတော့တာကို။ ငါက ဆန်းကြယ်နတ်ခရီးအဆင့်ကို တက်လှမ်းတော့မှာကို"
မင်းက ငါ့ကို ချုပ်နှောင်မဲ့အဆင့်အထိ ဆွဲချလိုက်တယ်ပေါ့။ ဒီအာဃာတကို ငါ ကျို့ရှင်း မှတ်ထားမယ်။
ကျို့ရှင်းသည် နံရံမှ ခက်ခဲစွာ ရုန်းထွက်ကာ အခန်းတွင်းသို့ တုန်တုန်ချိချိ လျှောက်လှမ်းသွားသည်။ချင်ဝမ်မင်းသား ထီးနန်းလုသည့် အချိန်တွင် အခြားသူများကို ခြိမ်းခြောက်နိုင်ရန် သူ့၏ အစွမ်းများကို အမြန်ဆုံး ပြန်လည် ကုသရမည်။
........
ကျီးရှားကျောင်းတော်။
လီချန်းရှန်သည် အနည်းငယ် လေ့ကျင့်ခန်း လုပ်လိုက်ရသဖြင့် စိတ်ကြည်လင်စွာဖြင့် ကျောင်းတော်သို့ ပြန်ရောက်လာ၏။
သစ်သားတိုင်ပေါ်၌ ရပ်နေဆဲဖြစ်သော လဲ့မုန့်ရှားကို မြင်သောအခါ သူက "လဲ့အာ... မင်း ဒီနေ့ ဘာဖြစ်နေတာလဲ။ ငါက ငါကျေနပ်တဲ့အထိ ရပ်နေလို့ ပြောတာကို မင်းက တကယ်ကြီး ရပ်နေတာလား" ဟု ဟန်ဆောင်၍ မေးလိုက်သည်။
"ဗျာ... ဆရာကြီး၊ ကျွန်တော့်ကို နှောက်နေတာလား" လဲ့မုန့်ရှားမှာ စိတ်တိုတိုဖြင့် တိုင်ပေါ်မှ ခုန်ဆင်းလာသည်။
"နှောက်တော့ ဘာဖြစ်လဲ၊ မင်းက ဆရာကို ပြန်လုပ်ချင်လို့လား" လီချန်းရှန်က နှာခေါင်းရှုံ့ကာ ပြော၏။
"ဟဲဟဲ ဆရာကြီး မကြိုက်တာ တစ်ခုတော့ ပြောပါရစေ၊တကယ်တော့ ကျွန်တော်က ကြောက်လို့ မဟုတ်ပါဘူး၊ ဆရာကြီးကို မနိုင်လို့ပါ" လဲ့မုန့်ရှားက ရယ်မောရင်း ပြန်ပြောသည်။
"ကောင်းပြီ၊ ဒါဆိုလည်း အဲဒီပေါ်မှာ ပြန်သွားရပ်နေလိုက်ဦး" လဲ့မုန့်ရှားက တကယ်ပဲ ပြန်လုပ်ချင်နေသည်ကို မြင်သောအခါ လီချန်းရှန်က လက်ကိုဝှေ့ယမ်းလိုက်ရာ လဲ့မုန့်ရှားမှာ သစ်သားတိုင်ပေါ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ထို့နောက် သူသည် ကျီရူဖန်၏ လက်ထဲမှ ကျိရွယ်လေးကို ပျော်ရွှင်စွာ လွှဲပြောင်းရယူကာ ထိုင်ခုံတွင် ထိုင်၍ ကလေးကို ချော့မြူရင်း သစ်သားတိုင်ပေါ်က လဲ့မုန့်ရှားကို ကြည့်ရှုကာ အပန်းဖြေနေသည်။
"ဘိုးဘေး၊ စိတ်အခြေအနေ တော်တော် ကောင်းနေပုံပဲနော်" ကျီရူဖန်က မေးလိုက်၏။
"အင်း... အတော်လေး ကောင်းတယ်၊ ဓားနှလုံးဂူဗိမာန်က သခင်လေးလီနဲ့ စကားကောင်းကောင်း ပြောခဲ့ရလို့ပါ" လီချန်းရှန်သည် ကျိရွယ်လေး၏ ပါးဖောင်းဖောင်းလေးကို ဆိတ်ကာ
"အခုကစပြီး ပိုင်ရှောင်ထန်က ဓားနှလုံးဂူဗိမာန်ကို အခမဲ့ ဝန်ဆောင်မှု ပေးရမယ်" ဟု အမိန့်ပေးလိုက်သည်။
ထို့အပြင် ကျိရူဖန်ကိုလည်း ဓားနှလုံးဂူဗိမာန်သို့ ခဏခဏ သွားရောက်ကာ သခင်လေးလီ၊ ဗိမာန်သခင်လီတို့နှင့် ရင်းနှီးအောင် ပေါင်းသင်းရန် မှာကြားလိုက်သည်။