အချိန်သည် လူကိုမစောင့်
Vol. 6 Ch. 60
"အင်း..."
လီကျန့်ယီ၏ စကားကို ကြားသောအခါ လီဟန်ယီလေး၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး သူမသည် ရှက်ကိုးရှက်ကန်းဖြင့် ရှောင်ကျီရွယ်ကို နမ်းလိုက်၏။ ထိုအနမ်းကြောင့် ရှောင်ကျီရွယ်မှာ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် အံ့အားသင့်သွားပုံပင်။
သို့သော်လည်း မကြာမီမှာပင် ရှောင်ကျီရွယ်၏ ပါးဖောင်းဖောင်းလေးပေါ်၌ ချိုသာသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"ရှောင်ရွယ်လေး ပျော်နေတာပဲ" လီဟန်ယီသည် ခေါင်းငုံ့ကာ ရှောင်ကျီရွယ်ကို နောက်ထပ် နှစ်ကြိမ်ခန့် ထပ်မံ နမ်းလိုက်ပြန်သည်။
ကျီရူဖန်က သူတို့နှစ်ဦးကို ကြည့်ပြီး ပြုံးကာပြောသည်။ "ရှောင်ရွယ်လေးက ဟန်ယီကို တကယ် သဘောကျပုံရတယ်"
"ကျွန်မ... ကျွန်မလည်း ရှောင်ရွယ်လေးကို ချစ်တယ်"
သူမရှေ့ရှိ သေးငယ်လှသော နှင်းပွင့်လေးကဲ့သို့ ကလေးငယ်ကို ကြည့်ရင်း လီဟန်ယီလေး၏ စိတ်နှလုံးမှာ အရည်ပျော်သွားရ၏။
"ကောင်းပြီ... ဒါဆိုရင်တော့ ရှောင်ရွယ်လေးကို ဟန်ယီဆီမှာပဲ အပ်ခဲ့ပါတော့မယ်၊ ကျုပ်လုပ်စရာ ကိစ္စတွေ ရှိသေးလို့ ထျန်ချီမြို့ကို ပြန်ရဦးမယ်" မိမိ၏ စိုးရိမ်ပူပန်မှုများကို ဓားနှလုံးဂူဗိမာန်၌ အပ်နှံခဲ့ပြီးနောက် ကျီရူဖန်သည် ထျန်ချီမြို့တွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် ပြင်ဆင်တော့သည်။
သို့သော် ကျီရူဖန် အမှန်တကယ် တည်ကြည်နေသည်ကို မြင်သောအခါ လီဆူးဝမ်၏ မျက်နှာမှာ လေးနက်သွားပြီး "ထျန်ချီမြို့ရဲ့ အခြေအနေက တကယ်ပဲ အဲဒီလောက် ဆိုးရွားနေလို့လား။ဂိုဏ်းချုပ်ကျီက သမီးကို ဓားနှလုံးဂူဗိမာန်မှာ တကယ်ပဲ ထားခဲ့ချင်တာလား" ဟု မေးမြန်းလိုက်၏။
"အခုတော့ အဆင်ပြေပါသေးတယ်၊ ဒါပေမဲ့ အနာဂတ်ကတော့ ခန့်မှန်းရခက်တယ်လေ" ကျီရူဖန်က ခေတ္တ တွေးတောပြီးနောက် ပြန်လည် ဖြေကြားပေးသည်။
လီဆူးဝမ်က "ဒီလိုဆိုရင်လည်း ဂိုဏ်းချုပ်ကျီအနေနဲ့ ထျန်ချီမြို့မှာ သတိထားပါဦး" ဟုစိုးရိမ်တကြီး မှာလိုက်၏။
"ဆရာကြီး... ဦးလေးလဲ့နဲ့ အဒေါ်လီတို့ကိုလည်း သတိထားဖို့ ပြောပေးပါ" ဧကရာဇ် ထိုက်အန် ကျန်းမာရေး မကောင်းခြင်းနှင့် ထျန်ချီမြို့၏ မငြိမ်မသက်မှုများကို တွေးတောရင်း လီကျန့်ယီသည်လည်း လဲ့မုန့်ရှားနှင့် လီရှင်းယွဲ့တို့အတွက် စိုးရိမ်နေမိသည်။
"ကောင်းပါပြီ သခင်လေးလီ၊ ခင်ဗျားရဲ့ စကားတွေကို လဲ့အိမ်တော်ကို ကျွန်တော် ပါးလိုက်ပါ့မယ်" ကျီရူဖန်က လေးနက်စွာ ခေါင်းညိတ်ပြ၏။ထိုနောက် သူသည် ရှောင်ကျီရွယ်ကို ဓားနှလုံးဂူဗိမာန်၌ ထားရစ်ခဲ့ကာ ထျန်ချီမြို့သို့ တစ်ဦးတည်း ပြန်သွားသည်။
ကျီရူဖန် ထွက်ခွာသွားပြီးနောက် လီဆူးဝမ်သည် ထျန်ချီမြို့ရှိရာဘက်သို့ ငေးကြည့်ရင်း ပူပန်စွာဖြင့် "ရှင်းယွဲ့၊ မုန့်ရှားနဲ့ ဟန်ယီတို့သာ ဓားနှလုံးဂူဗိမာန်ကို အတူတူ ပြန်လာနိုင်ရင် ကောင်းမှာပဲ။ သူတို့ ထျန်ချီမြို့မှာ ဘာပြဿနာတွေနဲ့ ကြုံနေရမလဲ မသိဘူး"
"ဆရာ အရမ်းမစိုးရိမ်ပါနဲ့၊ကျီးရှားကျောင်းတော်မှာ အကြီးအကဲလီ ရှိနေတာပဲ၊ ဦးလေးလဲ့တို့ ပြဿနာအချို့နဲ့ ကြုံရနိုင်ပေမဲ့ အနည်းဆုံးတော့ အသက်အန္တရာယ် မရှိနိုင်ပါဘူး" လီကျန့်ယီက အနားသို့ တိုးကာ နှစ်သိမ့်ပေးလိုက်၏။
"ဒါလည်း ဟုတ်တာပါပဲ။ ငါ ထျန်ချီမြို့ကို စာတစ်စောင် ထပ်ရေးလိုက်ဦးမယ်၊ တစ်ခုခုဖြစ်လာရင် ဓားနှလုံးဂူဗိမာန်ကို လာပြီး ခိုလှုံကြဖို့ မှာရမယ်"
ထိုသို့ပြောရင်း လီဆူးဝမ်သည် လီဟန်ယီကို ကြည့်ကာ "ဟန်ယီက အစ်မကြီးဖြစ်တာမို့ ရှောင်ရွယ်လေးကို သေချာ ဂရုစိုက်ရမယ်နော်" မှာပြီးသည့်နှင့် လီဆူးဝမ်က ထွက်သွားလေသည်။
"ဟုတ်ကဲ့ပါ" လီဟန်ယီက လိမ်မာစွာ ခေါင်းညိတ်ပြ၏။
ထို့နောက် သူမသည် ရှောင်ကျီရွယ်ကို ပွေ့ချီကာ ဓားနှလုံးကျောက်ဆောင်တစ်ဝိုက်တွင် လမ်းလျှောက်ရင်း မြေပြင်နှင့် ကျောက်ဆောင်နံရံများပေါ်ရှိ ဓားအမှတ်အသားများကို ပြကာ၊၎င်းတို့မှာ သူမ၏ ယီယီကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း တတွတ်တွတ် ပြောပြနေသည်။
လီဟန်ယီက သူ့အား မိတ်ဆက်ပေးနေသည်ကို မြင်သောအခါ လီကျန့်ယီမှာ ခေါင်းခါရင်း ပြုံးလိုက်မိသည်။
"အချိန်က ဘယ်သူ့ကိုမှ စောင့်မနေဘူး၊ ငါလည်း ဓားကို အမြန် ဝှေ့ယမ်းရမယ်"
လီဟန်ယီသည် ရှောင်ကျီရွယ်ကို ချီ၍ လမ်းလျှောက်နေစဉ် လီကျန့်ယီသည် သူ၏ သစ်သားဓားကို ပြန်လည်ကောက်ယူကာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဓားဝှေ့ယမ်းခြင်းကို ထပ်ခါထပ်ခါ ပြုလုပ်နေသည်။
ဓားဝှေ့ယမ်းရာတွင် လေပြင်းများ ထပ်မံ မထွက်ပေါ်လာစေရန် လီကျန့်ယီသည် သူ၏ အတွင်းအားကို ထိန်းချုပ်ထားပြီး မိမိပတ်ဝန်းကျင် သုံးမီတာအတွင်း၌သာ ကန့်သတ်ထား၏။
ထို့ကြောင့်.လီဟန်ယီနှင့် ရှောင်ကျီရွယ်တို့ လမ်းလျှောက်လာသည့်အခါ လီကျန့်ယီ၏ ပတ်ပတ်လည် သုံးမီတာအတွင်း၌သာ လေပြင်းများ တိုက်ခတ်နေပြီး လီကျန့်ယီ၏ စည်းနှောင်ထားသော ဆံပင်အမည်းရောင်များမှာ လေထဲတွင် ဝဲလွင့်နေသည်ကိုသာ မြင်ရပေမည်။
သူသည် မုန်တိုင်းဗဟိုချက်တွင် ရှိနေသကဲ့သို့ ဓားကစားခြင်း၌ လုံးလုံးလျားလျား အာရုံစိုက်နေ၏။
"ရှောင်ရွယ်လေး ကြည့်စမ်း၊ ယီယီက ဓားကျင့်နေပြန်ပြီ" လီဟန်ယီသည် ရှောင်ကျီရွယ်ကို ချီကာ လီကျန့်ယီ ဓားကျင့်နေသည်ကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေ၏။လီကျန့်ယီ ရှိရာအရပ်တွင် လေပြင်းများ တိုက်ခတ်နေသော်လည်း ပြောမပြတတ်သော လုံခြုံမှုမျိုးကို ပေးစွမ်းနေသကဲ့သို့ သူမခံစားရသည်။
......
ညနေခင်း။
လီကျန့်ယီသည် ညစာစားချိန်အထိ ဓားကိုဝှေ့ယမ်းခဲ့ရာ ဓားချက်ပေါင်း တစ်သန်းခန့် ပြုလုပ်နိုင်ခဲ့ပြီး သူ၏ အစွမ်းမှာလည်း အနည်းငယ် တိုးတက်လာခဲ့၏။
"ယီယီ... အစားများများစားဦး၊ မင်းက အခု ကြီးထွားနေတဲ့ အရွယ်လေ"
ဓားဆောင်အတွင်း၌ လီဆူးဝမ်က သတိပေးသည်။
"ဟုတ်ကဲ့ပါ"
လီကျန့်ယီနှင့် လီဟန်ယီတို့သည် လိမ်မာစွာ ခေါင်းညိတ်ကြပြီး စားပွဲပေါ်ရှိ အစားအစာများကို မြိန်ယှက်စွာ စားသောက်ကြ၏။
အနီးနားရှိ ပုခက်ထဲ၌ ထည့်ထားသော ရှောင်ကျီရွယ်မှာမူ ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ငိုယိုကာ လူတိုင်း အစားစားနေကြသော်လည်း သူမတွင် စားစရာ မရှိသဖြင့် ကန့်ကွက်နေသည့်အလား ထင်မှတ်ရသည်။
"ရှောင်... ရှောင်ရွယ်လေး ဘာလို့ ငိုနေတာလဲ" လီဟန်ယီသည် ထမင်းပန်းကန်ကို ချထားကာ ရှောင်ကျီရွယ်ထံသို့ ဇဝေဇဝါဖြင့် လျှောက်သွားသည်။
ထိုအခြင်းအရာကို မြင်သောအခါ လီကျန့်ယီက ရှောင်ရွယ်ဘာကြောင့် ငိုသည်ကို ချက်ချင်းပင် ရိပ်မိသွားပြီး ရယ်မောကာပြောလိုက်သည်။
"ဟန်ယီ..မင်းရဲ့ လက်ညှိုးလေးကို ရှောင်ရွှဲ့ရဲ့ ပါးစပ်ထဲ ထည့်ပေးကြည့်ပါလား"
"ဟုတ်လား"
လီဟန်ယီသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏ လက်ညှိုးကို ရှောင်ကျီရွယ်၏ ပါးစပ်ထဲသို့ ထည့်ပေးသည်။
ခဏချင်းမှာပင် ကျီရွယ်မှာ ငိုသံတိတ်သွားပြီး မျက်လုံးဝိုင်းဝိုင်းလေးများ ဖွင့်ကာ လီဟန်ယီ၏ လက်ညှိုးကို အားရပါးရ စုပ်နေ၏။
"ယား... ယားလိုက်တာ" လီဟန်ယီသည် ရှောင်ကျီရွယ်ကို ကြည့်ကာ မျက်နှာလေး နီမြန်းသွားသည်။ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် "ရှောင်ရွယ်လေး ဗိုက်ဆာနေတာလား" ဟု မေးလိုက်၏။
"ဟုတ်တယ်လေ၊ ငါတို့အားလုံး ညစာစားနေတာကို သူက မြင်တော့ သူ့မှာ စားစရာမရှိလို့ ကန့်ကွက်ဖို့ငိုယိုနေတာ" လီကျန့်ယီက ပြုံးပြီး အတည်ပြုသည်။
"ဒါဆို... ဒါဆိုရင် ကျွန်မ ရှောင်ရွယ်လေးကို ကျွေးမယ်လေ"
လီဟန်ယီသည် သူမ၏ လက်ညှိုးကို အမြန်ပြန်ထုတ်ကာ ရှောင်ကျီရွယ်ကို အစားကျွေးရန် ပြင်သည်။
လီဆူးဝမ်မှာ အလွန်အမင်း စိုးရိမ်သွားပြီး "ဟန်ယီ... ရှောင်ရွယ်လေးက အရမ်းငယ်သေးလို့ အမာတွေ စားလို့ မရသေးဘူး၊ သူက နို့ပဲ သောက်ရမှာ" ဟု အလျင်အမြန် တားမြစ်လိုက်ရ၏။
"နို့လား..." လီဟန်ယီမှာ မှင်တက်သွားပြီးမေးသည်။
"အဖိုး၊ အိမ်မှာ နို့ရှိလို့လား"
"အိမ်မှာတော့ မရှိပါဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ကျီလာတုန်းက ရှောင်ရွယ်လေးကို နို့တိုက်ဖို့ နို့ထိန်းတစ်ယောက် ထည့်ပေးလိုက်တယ်"
" ဒါဆို အဲဒီနို့ထိန်းကို သွားခေါ်ပြီး နို့တိုက်ခိုင်းလိုက်မယ်" လီဆူးဝမ်သည် ပါလာသော နို့ထိန်းကို သတိရသွားသဖြင့် သူမ တည်းခိုရာသို့ အပြေးအလွှား သွားရောက်ခေါ်လိုက်ရ၏။
ခေတ္တအကြာတွင် အသက်ခပ်ငယ်ငယ် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ငိုယိုနေသော ရှောင်ရွယ်လေးကို နို့တိုက်ကျွေးသည်။အမျိုးသမီးသည် ရှောင်ရွယ်ကို နို့တိုက်ရာတွင် အားလုံး၏ အကြည့်မှ ကွယ်ရာ၌သာ တိုက်ကျွေးခြင်းဖြစ်၏။
"ရှောင်ရွယ်လေး ငိုတာ တိတ်သွားပြီ"
လီဟန်ယီသည် ထမင်းစားပွဲ၌ ပြန်ထိုင်ကာ အမျိုးသမီး၏ ကျောပြင်ကို ကြည့်ကာ ပြောလိုက်သည်။
"အင်း ကလေးတွေဆိုတာ အဲဒီလိုပဲ စားစရာရှိရင် မငိုတော့ဘူး" လီကျန့်ယီက ပြုံးကာပြောသည်။
"ရှောင်ရွယ်လေးကို ချော့ရတာ ယီယီထက်တောင် လွယ်သေးတယ်"
"ယီယီကကျတော့ မုန့်အမျိုးမျိုး တောင်းတတ်ပြီး၊ ပြီးတော့ သူ့ခါးကို ဆိတ်မှသာ ဟန်ယီနဲ့ ကောင်းကောင်းမွန်မွန် ကစားပေးတာ"
"ရှောင်ရွယ်လေးကတော့ မတူဘူး၊ နို့သောက်ရရင်ပဲ အရမ်း လိမ်မာတာ။ ယီယီလည်း အဲဒီလိုမျိုးဆိုရင် သိပ်ကောင်းမှာပဲ" လီဟန်ယီလေးက တွေးတောကာပြောလေ၏။
လီကျန့်ယီ ထိုစကားကို ကြားလိုက်သောအခါ၊ သူ့၏ ခါး၌ဝေဒနာကို ခံစားလိုက်ရသကဲ့သို့ပင်။လီဟန်ယီက သူ၏ခါးကို ဆိတ်ရသည်ကို နှစ်သက်သဖြင့် သူသည် ထိုကိစ္စတွင် စိတ်ဒဏ်ရာ အနည်းငယ် ရနေဆဲ ဖြစ်သည်။အစားအစာဖြင့် မြှူဆွယ်ရုံနှင့် ရပါလျက်နှင့်အဘယ်ကြောင့် အကြမ်းနည်း အနုနည်း သုံးနေရသနည်း။
အဒေါ်လီသည် တကယ်ပင် မုန်းစရာကောင်းသော လူတစ်ယောက် ဖြစ်သည်။အဘယ်ကြောင့် လဲ့ဦးလေး၏ ခါးကို လီဟန်ယီ၏ ရှေ့တွင် ဆိတ်ပြခဲ့သနည်း။
ယခုတွင် လီဟန်ယီလေးမှာလည်း အတုမြင် အတတ်သင် ဖြစ်သွားရပြီ။
"ဟန်ယီ... အမြန်စား၊ စားပြီးရင် မင်းနဲ့ ရှောင်ရွယ်လေးနဲ့ သွားအိပ်ကြတော့" လီကျန့်ယီသည် စိတ်ထဲမှ တွေးတောရင်း ဟန်ယီကို လှမ်း၍ ပြော၏။
"အင်း" လီဟန်ယီသည် ထမင်းပန်းကန်ကို ပြန်ယူကာ စားသောက်သည်။
သူမ စားသောက်ပြီးနောက် ရှောင်ကျီရွယ်၏ နို့ထိန်းနှင့်အတူ ရှောင်ရွယ်ကို သွားရောက် စောင့်ရှောက်ကာ အိပ်စက်ရန် ပြင်ကြသည်။
လီကျန့်ယီမှာမူ သစ်သားဓားကို ပြန်လည် ကောက်ယူကာ ဓားနှလုံးကျောက်ဆောင်သို့ ဦးတည်ကာ ဆက်လေ့ကျင့်ဖို့ စတင်ပြန်သည်။