ဓားနှလုဲးဂူဗိမာန်မှာရှိနေလည်း သတင်းများကိုသိနိုင်ခြင်း
Vol. 7 Ch. 61
နံနက်ခင်း အာရုံတက်ချိန်တွင် အေးမြသော လေပြေညင်းလေးများ တိုက်ခတ်နေသည်။လီကျန့်ယီသည် ဓားနှလုံးကျောက်ဆောင်ပေါ်တွင် ထုံးစံအတိုင်း ဓားကိုသာ ဆက်လက် ကြိုးစားလေ့ကျင့်နေသည်။
"ယီယီ... နံနက်စာ လာပို့တာ"
လီကျန့်ယီ ဓားလေ့ကျင့်မှုကို အာရုံစိုက်နေစဉ် လီဟန်ယီသည် ကျီရွယ်ကို ချီကာ အထိန်းတော်နှင့်အတူ ကျောက်ဆောင်ပေါ်သို့ တက်လာသည်။
"ဟုတ်လား၊ ကျေးဇူးပဲ ဟန်ယီ"
လီကျန့်ယီသည် သစ်သားဓားကို ချလိုက်ပြီး လီဟန်ယီလေးထံသို့ လျှောက်သွား၏။ အထိန်းတော်ထံမှ စားစရာဗူးကို လှမ်းယူကာ နံနက်စာကို ဖြည်းညင်းစွာ စားသုံးသည်။
ထိုအချိန်တွင် သူသည် ကျီရွယ်လေးကို ကျီစယ်ရန်လည်း မမေ့ချေ။ မွှေးကြိုင်နေသော အသားတစ်ဖတ်ကို တူဖြင့်ညှပ်ကာ ကျီရွယ်လေး၏ ရှေ့တွင် ဝေ့ယမ်းပြပြီးမှ ပါးစပ်ထဲသို့ ထည့်ကာ အရသာခံစားပြလိုက်သည်။ ၎င်းကို မြင်သောအခါ ကျီရွယ်လေးမှာ စိတ်လှုပ်ရှားစွာဖြင့် တစာစာအော်ကာ သွားရည်များပင် တောက်တောက်ကျလာ၏။
"ယီယီက အရမ်းဆိုးတာပဲ"
လီဟန်ယီလေးသည် ပုဝါကို အမြန်ထုတ်ကာ ကျီရွယ်လေး၏ သွားရည်များကို သုတ်ပေးရသည်။
"ဟဟ... ကျီရွယ်လေးက အစားမက်တာလေ၊ ငါ့ကို ဘာလို့ လူဆိုးလို့ ပြောတာလဲ" လီကျန့်ယီက ရယ်မောရင်း ငြင်းဆိုလိုက်သည်။
"ဟွန့် ..ယီယီနဲ့ မကစားပေးတော့ဘူး၊ ကျီရွယ်... လာ သွားကြစို့" လီဟန်ယီလေးက စိတ်ကောက်ကာ ကျီရွယ်ကို ချီပြီး ဂူအတွင်းသို့ ဝင်သွားလိုက်တော့သည်။
ထိုစဉ် အပြင်၌ ရပ်နေသော အထိန်းတော်သည် သူမ၏ လက်အင်္ကျီအတွင်းမှ လိပ်ထားသော စက္ကူဖြူတစ်ရွက်ကို ထုတ်ကာ လီကျန့်ယီကို ကမ်းပေးသည်။
"သခင်လေးလီ... ဒါက ဒီနေ့အတွက် နံနက်ခင်း သတင်းစာစောင်ပါ"
"နံနက်ခင်း သတင်းစာလား"
လီကျန့်ယီသည် စက္ကူကို လှမ်းယူလိုက်ပြီး အမျိုးသမီးငယ်အား အဓိပ္ပာယ်ပါပါ ကြည့်ကာ "မင်းက ပိုင်ရှောင်တန် ဂိုဏ်းသားတစ်ယောက်လား" ဟု မေးလိုက်သည်။
"ဟုတ်ကဲ့ပါ" အထိန်းတော်က ခေါင်းညိတ်ပြ၏။
"ဒါကို ဒီနေ့မနက် စာပို့ခိုနဲ့ ပို့လိုက်တာလား"
"ဟုတ်ကဲ့ပါ သခင်လေး"
"ဂိုဏ်းချုပ်ကျီက ကျီရွယ်လေးကို ဓားနှလုံးဂူဗိမာန်မှာ တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူးဆိုတာ ငါသိသားပဲ။ အနည်းဆုံးတော့ နို့တိုက်ကျွေးဖို့ အထိန်းတော်တစ်ယောက် ရှာပေးမှာပေါ့။ ဒါပေမဲ့ မင်းက ပိုင်ရှောင်တန်က လူဖြစ်နေမယ်လို့တော့ မထင်ထားမိဘူး" လီကျန့်ယီက စာရွက်ကို ဖြန့်ကြည့်ရင်း
"မင်းနာမည် ဘယ်သူလဲ" ဟု ထပ်မံမေးမြန်း၏။
"ကျီရူယဲ့လို့ ခေါ်ပါတယ်"
"မျိုးရိုးနာမည်ကလည်း ကျီပဲလား"
"ကျွန်မကို ဂိုဏ်းချုပ်ကျီက ငယ်ငယ်ကတည်းက မွေးစားခဲ့တာမို့ ကျီမျိုးရိုးနဲ့ ရူယဲ့ဆိုတဲ့ နာမည်ကို ပေးသနားခဲ့တာပါ"ကျီရူယဲ့က ရိုသေစွာ ပြန်ဖြေသည်။
"ငါမေးသမျှကို ဘာလို့ အကုန်ဖြေနေတာလဲ"
"သခင်လေးလီက ကျွန်မတို့ ပိုင်ရှောင်တန်ရဲ့ မဟာမိတ်ဖြစ်လို့ပါ။ နောင်အနာဂတ်မှာ ပိုင်ရှောင်တန်နဲ့ ဓားနှလုံးဂူဗိမာန်က အပြန်အလှန် ကူညီကြရမှာပါ" ဟု သူမက ပွင့်ပွင့်လင်းလင်းပင် ပြော၏။
"ကောင်းပြီ၊ ငါနားလည်ပြီ။ မင်းလည်း ဟန်ယီတို့ဆီသွားပြီး သခင်မလေးကို ဂရုစိုက်ပေးလိုက်ဦး" လီကျန့်ယီက ခေါင်းညိတ်ကာ သွာင်းခွင့်ပြုလိုက်သည်။
ထို့နောက် သူသည် စာရွက်ပေါ်ရှိ သတင်းများကို အသေအချာ ဖတ်ရှုတော့သည်။ ချင်းချန်တောင်က ဝမ်သခင်သည် ဘယ်သောအခါမှ စိတ်ပျက်အောင် မလုပ်ကြောင်း သူတွေးလိုက်မိ၏။
'သတင်းထူး..ချင်းချန်တောင်မှ ဝမ်သခင်သည် ရှို့ရွှေဂေဟာရှိ လော့မိသားစု၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် အရာအားလုံးကို ဖွင့်ဟဝန်ခံလိုက်ပြီဖြစ်သည်။ ထိုကိစ္စအားလုံးမှာ လူငယ်သခင်လေးတစ်ဦး၏ သင်ကြားပေးမှုသာ ဖြစ်ကြောင်း သူက ဆိုခဲ့၏။ သို့သော် လော့မိသားစုမှာ ထိုသခင်လေးက မည်သူဖြစ်ကြောင်း စုံစမ်း၍ မရသေးပေ။
၎င်းကို ဖတ်ပြီးနောက် လီကျန့်ယီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ထိုသခင်လေးဆိုသည်မှာ မိမိကို ရည်ညွှန်းနေခြင်း ဖြစ်မည်ကို သူ ရိပ်မိလိုက်၏။
"ဝမ်သခင်... ခင်ဗျားသာ ကျွန်တော့်အကြောင်း ထုတ်ပြောကြည့်လိုက်၊ ချင်းချန်တောင်အထိ လိုက်လာပြီး အရိုက်ခံရအောင် လုပ်ပစ်မယ်" လီကျန့်ယီက တစ်ယောက်တည်း ညည်းတွားလိုက်သည်။
ဆက်လက်ဖတ်ရှုရာတွင် 'ထျန်ချီသတင်း.. ပေလီသခင်လေး ရှစ်ယောက်အနက်မှ ကျော်မော့သည် အခြားသခင်လေးများကို ပိုင်ဟွာလော့သို့ သွားရန် တိုက်တွန်းခဲ့ရာ ဓားနှလုံးဂူဗိမာန်၏ သမီးတော် လီရှင်းယွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ လက်ရှိတွင် သူသည် လဲ့နေအိမ်၌ အမှားများကို နောင်တရနေပြီး လီရှင်းယွဲ့၏ ပြင်းထန်သော ဆုံးမမှုကို ခံယူနေရသည်မှာ သနားစဖွယ် ကောင်းလှပေသည်။ အိမ်ထောင်သည် အမျိုးသားများအနေဖြင့် ပြည့်တန်ဆာရုံများသို့ လွယ်လွယ်ကူကူ မသွားကြရန် တိုက်တွန်းလိုပါသည်။ သွားလျှင်လည်း ဇနီးသည်၏ ဖမ်းဆီးခြင်းကို မခံရစေရန် သတိပြုကြပါလေ' ဟု ရေးသားထားသည်ကို တွေ့ရ၏။
လီကျန့်ယီမှာ ဆွံ့အသွားရသည်။ ပိုင်ရှောင်တန်၏ နံနက်ခင်းသတင်းစာ အောင်မြင်နေခြင်းမှာ ထိုကဲ့သို့ စိတ်ဝင်စားဖွယ် တင်ဆက်ပုံများကြောင့်ပင် ဖြစ်ပေမည်။ သို့သော် လီကျန့်ယီသည် ထိုကဲ့သို့ အပေါ်ယံသတင်းများကိုသာမက နက်ရှိုင်းသော လျှို့ဝှက်ချက်များကိုပါ ရှာဖွေကြည့်ရှု့သည်။
သူသည် စာကြောင်းတစ်ကြောင်းချင်းစီ၏ ပထမဆုံး စာလုံးများကို ဆက်စပ်ကြည့်လိုက်သောအခါ 'ရွှေဝတ်စုံဝတ် အစောင့်အရှောက်များမှာ လွန်ခဲ့သော နှစ်ရက်က ချင်ဝမ်မင်းသားနှင့် တိတ်တဆိတ် တွေ့ဆုံခဲ့သည်' ဟူသော အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ခဲ့၏။
"ရွှေဝတ်စုံဝတ် အစောင့်အရှောက်တွေလား" လီကျန့်ယီ တွေးတောနေ၏။ထို့နောက် စာကြောင်းများ၏ နောက်ဆုံးစာလုံးများကို ထပ်မံဆက်စပ်ကြည့်ရာ 'ထျန်ချီမြို့တွင်း ပဋိပက္ခဖြစ်တော့မည်၊ မာရ်နတ်ဂိုဏ်းမှ ပိုင်လီမိသားစုကို လုပ်ကြံရန် ပြင်ဆင်နေသည်' ဟူသော သတင်းစကားကို ရရှိလိုက်သည်။
"ထျန်ချီမြို့တွင်း ပဋိပက္ခတဲ့လား။ ဒါက ဧကရာဇ် ထိုက်အန် ကိုယ်တိုင် စီစဉ်တဲ့ ပြဇာတ်တစ်ခုပဲ" လီကျန့်ယီက တိုးတိုးလေး ရေရွတ်လိုက်၏။
ဧကရာဇ်သည် ပိုင်လီတုန်းကျွင်းတို့ကို လုပ်ကြံရန် စေလွှတ်ထားသော်လည်း မိမိလက်ချက်ဖြစ်ကြောင်း မသိစေရန် ရွှေဝတ်စုံဝတ် အစောင့်အရှောက်များကိုပါ လွှတ်ကာ ကာကွယ်သယောင် ပြုမူနေခြင်းသာ ဖြစ်သည်။
"ဧကရာဇ်ရဲ့ သရုပ်ဆောင်ချက်က တကယ်ကို ပြောင်မြှောက်တာပဲ”
လီကျန့်ယီသည် ချီးကျူးစကားဆိုရင်း အတွင်းအားကို အသုံးပြုကာ စက္ကူဖြူကို အမှုန့်ဖြစ်အောင် ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူသည် ဗလာဖြစ်သွားသော စားသောက်ဗူးကို ကိုင်ကာ ဂူထဲသို့ ပြန်ဝင်လာပြီး ကျီရူယဲ့ကို သေချာအောက်မေးဖို့ ဆုံးဖြတ်လိုက်သည်။
"ရူယဲ့... ဒီသတင်းစာက ရှေ့စာလုံးနဲ့ နောက်စာလုံးတွေကိုပဲ ဖတ်ရတာ မဟုတ်လား"
"ဟုတ်ကဲ့ပါ သခင်လေး" ကျီရူယဲ့က ခေါင်းညိတ်ပြသည်။
"ဒါဆိုရင်တော့ ငါဘာမှ လွဲချော်သွားတာ မရှိတော့ဘူးပေါ့"
လီကျန့်ယီသည် စားသောက်ဗူးကို ကျောက်စားပွဲပေါ်၌ တင်ထားခဲ့ပြီး သစ်သားဓားကို ပြန်လည်စွဲကိုင်ကာ ဓားနှလုံးကျောက်ဆောင်ထက်တွင် ဓားကို ထပ်မံလေ့ကျင့်နေတော့သည်။
..........
တစ်လခန့် ကြာမြင့်ပြီးနောက်။
လီကျန့်ယီသည် ဓားနှလုံးကျောက်ဆောင်ပေါ်၌ ဓားကို အကြိမ်ရေ တစ်သန်းခန့် ဝေ့ယမ်းလေ့ကျင့်ပြီးချိန်တွင် ချုပ်နှောင်မဲ့အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်း ပိုနီးစပ်လာခဲ့ပြီ ဖြစ်သည်။
ထိုအတောအတွင်း ပိုင်ရှောင်တန်၏ နံနက်ခင်းသတင်းစာမှတစ်ဆင့် ဧကရာဇ် ထိုက်အန် စီစဉ်ခဲ့သော လုပ်ကြံမှုမှာ ပိုင်လီတုန်းကျွင်းနှင့် အပေါင်းအပါများကြောင့် မအောင်မမြင် ဖြစ်ခဲ့ရကြောင်း သိရှိရ၏။
ဧကရာဇ်သည် အမတ်ကြီး၏ မြေးဖြစ်သူကို သတ်ဖြတ်ရန် ကြိုးပမ်းမှု မအောင်မြင်ခြင်းကြောင့် ကျန်းမာရေး ပိုမိုဆိုးရွားလာပုံ ရသည်။ ၎င်းလျှို့ဝှက်ချက်ကို ဧကရာဇ်၏ ဘေး၌ နေ့ညမပြတ် ခစားနေရသော မိန်းမစိုးများသာ သိရှိကြလေသည်။
"သခင်လေးလီ... ဒီနေ့အတွက် သတင်းစာစောင် ရောက်ပါပြီ"
ကျီရူယဲ့သည် ဓားလေ့ကျင့်နေသော လီကျန့်ယီကို ကြည့်ကာ စာပို့ခိုစနစ်ဖြင့် ရောက်ရှိလာသော စာလွှာကို ရိုသေစွာ ကမ်းပေးလိုက်သည်။
ထို့နောက် သူမသည် လီဟန်ယီနှင့်အတူ ကျီရွယ်ကို ပြုစုရန် ထွက်ခွာသွား၏။ လီကျန့်ယီသည် သစ်သားဓားကို ချကာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ မှတ်တမ်းတင်ထားသည့် စက္ကူဖြူကို ဖြန့်ကြည့်လိုက်သည်။
'သတင်းထူး! ပိုင်ရှောင်တန်၏ တစ်လကြာ အသေးစိတ် စုံစမ်းမှုအရ ချင်းချန်တောင်၏ အကြီးတန်းတပည့် ဝမ်ရိရှင်း ပြောဆိုခဲ့သော သခင်လေးမှာ မည်သူဖြစ်ကြောင်း သိရှိရပြီ ဖြစ်သည်။ ထိုသူမှာ အခြားသူမဟုတ်၊ ဓားနှလုံးဂူဗိမာန်၏ ဆက်ခံသူ လီကျန့်ယီပင် ဖြစ်ပေသည်။ဝမ်သခင်၏ အဆိုအရ သခင်လေးလီနှင့် သူသည် ရေစက်ရှိကြောင်း၊ သခင်လေးလီက သူ့ကို ပညာသင်ပေးကာ လမ်းပြပေးခဲ့ကြောင်း ဆိုထား၏။ ထို့ကြောင့် လော့မိသားစုနှင့် အထင်မှားမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်' ဟူ၍ဖြစ်သည်။
တစ်လပတ်လုံး ဗလာဖြစ်နေခဲ့သော ရှေ့ဆုံးစာမျက်နှာရှိ ထိုသတင်းကို မြင်သောအခါ လီကျန့်ယီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
"ကောင်းပြီလေ..ဝမ်သခင်၊ ငါက ခင်ဗျားအပေါ် ဘာရန်ငြိုးမှ မရှိပါဘဲနဲ့ ဘာလို့ ဒီလိုလုပ်ရတာလဲ"
နောင်တစ်ချိန်တွင် ဝမ်ရိရှင်းနှင့် တွေ့ဆုံပါက မိတ်ဆွေပီပီ လက်သီးတစ်ချက် ကျွေးရမည်ဟု လီကျန့်ယီ ဆုံးဖြတ်လိုက်သည်။ ဆက်လက်ဖတ်ရှုရာတွင် ထျန်ချီမြို့အတွင်းရှိ အခြေအနေများကို တွေ့ရ၏။
နန်းတွင်းအရာရှိများမှာ တစ်ဦးနှင့်တစ်ဦး အပြစ်ရှာ အပြန်အလှန် တိုင်ကြားနေကြပြီး တစ်မိသားစုလုံးကို ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုများမှာ ပိုမိုဆိုးရွားလာသည်။ ထျန်ချီမြို့သည် တဖြည်းဖြည်းနှင့် ဖရိုဖရဲ ဖြစ်လာမည့် အရိပ်အယောင်များ ပြသနေပြီ။ သို့သော် လီကျန့်ယီသည် နန်းတွင်းရေးရာများကို စိတ်မဝင်စားသဖြင့် မကြာမီ ဖြစ်ပွားတော့မည့် ပေလီမင်းသား ရှစ်ပါး၏ စစ်ပွဲကိုသာ အာရုံစိုက်နေသည်။
စက္ကူဖြူပေါ်ရှိ ဝှက်ထားသည့်စာကို ဖတ်ကြည့်ရာ 'ထျန်ချီမြို့၏ ရွှေဝတ်စုံဝတ် အစောင့်အရှောက်များမှာ တစ်မြို့လုံးသို့ ပျံ့နှံ့စပြုနေပြီ' ဟူ၍လည်းကောင်း၊ 'ချင်ဝမ်မင်းသား သိမ်းသွင်းထားသော လက်ပါးစေများနှင့် ကျင့်ကြံသူ အမြောက်အမြား ထျန်ချီမြို့သို့ စုရုံးလာနေကြပြီ' ဟူ၍လည်းကောင်း ဖော်ပြထား၏။ ထိုအထဲတွင် ကောင်းကင်ဖြတ်သန်းခြင်းအဆင့် ပညာရှင်များပင် ပါဝင်နေသည်။
ပိုင်ရှောင်တန်၏ အဆိုအရ ချင်ဝမ်မင်းသားမှာ အကြီးအကျယ် လှုပ်ရှားတော့မည် ဖြစ်သည်။ အိမ်ရှေ့စံကို စောစီးစွာ ခန့်အပ်လိုက်ခြင်းက သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပုံရ၏။ ထို့အပြင် ဧကရာဇ်၏ အခြေအနေကို စောင့်ကြည့်နိုင်သော မိန်းမစိုး ကျို့ရှင်း၏ အကူအညီကြောင့် သူသည် ပိုမိုရဲတင်းလာခဲ့သည်။
"ချင်ဝမ်မင်းသားကတော့ စိတ်မထိန်းနိုင်တော့ဘူးပဲ" လီကျန့်ယီက ထျန်ချီမြို့ရှိရာ အရပ်ဆီသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။
........
ထိုက်အန် နန်းဆောင်အတွင်း၌ ဧကရာဇ် ထိုက်အန်သည် စားပွဲတွင် ထိုင်ကာ အစီရင်ခံစာများကို စစ်ဆေးနေ၏။ ဘေးတွင် မိန်းမစိုး ကျို့ရှင်းက တိတ်ဆိတ်စွာ ရပ်နေသည်။
"ကျို့ရှင်း.. ငါနေမကောင်းတဲ့အကြောင်း တတိယမင်းသားကို ပြောပြလိုက်ပြီလား" ဧကရာဇ်က ရုတ်တရက် မေးမြန်းလိုက်သည်။
ကျို့ရှင်းမှာ ထိတ်လန့်သွားသော်လည်း ဧကရာဇ်က တိုက်ရိုက်မေးလာသဖြင့် "မှန်လှပါ၊ ပြောပြလိုက်ပါပြီ" ဟု ရိုသေစွာ ဖြေကြား၏။
"မင်းက ငါ့ကို ချင်ဝမ်မင်းသားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်စေချင်နေတာပဲ။ ကျို့ရှင်း.. မင်း တကယ်ကို ရဲတင်းလှပါလား" ဧကရာဇ်က စားပွဲကို ဒေါသထွက်စွာရိုက်ချလိုက်သည်။
ကျင်းရွမ်သည် ချက်ချင်း ဒူးထောက်ကာ တုန်တုန်ယင်ယင်ဖြင့် တင်ပြလိုက်သည်။
"အရှင်... ချင်ဝမ်မင်းသားက ကျွန်တော့်ကို အကူအညီ တောင်းလို့ပါ"
"လီချန်းရှန် ငါ့ဆီ လာတုန်းက မင်းကို ရိုက်နှက်သွားတာကို ရန်ငြိုးထားနေတာ မဟုတ်လား။ ဒါကြောင့် သူ့တပည့် ရှောင်ရူဖန် အိမ်ရှေ့စံ ဖြစ်မှာကို မင်း မကြည့်ရက်နိုင်တာပေါ့"
ကျင်းရွမ်သည် ဧကရာဇ်၏ အထင်အမြင် လွဲမှားမှုကို အခွင့်ကောင်းယူကာ "မှန်လှပါ၊ ထိုနေ့က လီချန်းရှန်ကြောင့် ကျွန်တော့်ရဲ့ ကျင့်ကြံမှုတွေ ပျက်စီးခဲ့ရပြီး ဆန်းကြယ်နတ်ခရီးအဆင့်ကို တက်လှမ်းဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဒါကြောင့် သူ့နဲ့ ပတ်သက်သူတွေ ကောင်းစားမှာကို မလိုလားတာပါ" ဟု ဝန်ခံလိုက်သည်။
ဧကရာဇ်က သက်ပြင်းချကာ "ကိုးယောက်မြောက် မင်းသားကလည်း ငါ့သားပဲ၊ သူက တတိယမင်းသားထက် ပိုထူးချွန်တယ်။ ဒါပေမဲ့ မင်းရဲ့ နှစ်ရှည်လများ အမှုထမ်းခဲ့တာကို ထောက်ထားပြီး ငါခွင့်လွှတ်ပေးမယ်။ တတိယမင်းသားက မတရားဘူးလို့ ခံစားနေရရင်လည်း ငါက အခွင့်အရေး ပေးလိုက်မယ်။ သူသာ ကိုးခုမြောက် မင်းသားထက် ပိုသာကြောင်း သက်သေပြနိုင်ရင် ထီးနန်းကို ပေးလိုက်မယ် ဒါကြောင့် ငါ့ရဲ့ ဖျားနာမှုကို အများသိအောင် ကြေညာလိုက်တော့" ဟု မိန့်ကြားလိုက်သည်။
"သူ အောင်မြင်ရင် ထီးနန်းက သူ့ဟာပဲ။ အကယ်၍ မအောင်မြင်ခဲ့ရင်တော့ ဒီပုန်ကန်မှုမှာ ပါဝင်တဲ့သူတွေ အကုန်လုံး သေရမယ်" ဧကရာဇ်က တင်းမာစွာပြော၏။ သူသည် ချင်ဝမ်မင်းသား၏ လှုပ်ရှားမှုအားလုံးကို သိရှိသော်လည်း အခွင့်အရေး တစ်ခုပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကျို့ရှင်းသည် အလွန်ဝမ်းသာသွားသော်လည်း ဧကရာဇ်က
"မှတ်ထားပါ... ဘယ်မိန်းမစိုးမှ မင်းသားနှစ်ပါးရဲ့ အာဏာလုပွဲမှာ ပါဝင်ပတ်သက်ခွင့် မရှိဘူး" ဟု သတိပေးလိုက်သောအခါ စိတ်ဓာတ်ကျသွားရ၏။
သူသာ ပါဝင်ခွင့်မရှိပါက ချင်ဝမ်မင်းသားအတွက် လန်ယာဝမ်မင်းသားတို့ကို ယှဉ်ပြိုင်ရန် ခက်ခဲလိမ့်မည်။ သို့သော် သူတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်မှုများ ရှိထားသဖြင့် လုံးဝ မျှော်လင့်ချက် မရှိသည်တော့ မဟုတ်ပေ။
.......
နောက်တစ်နေ့တွင် လီကျန့်ယီသည် ဧကရာဇ်၏ ကျန်းမာရေး သတင်း ထွက်ပေါ်လာကြောင်း သိရှိလိုက်ရသည်။ ထိုအခါ နန်းတွင်း၌ အာဏာလုပွဲများမှာ ပိုမိုပြင်းထန်လာ၏။
"ဧကရာဇ်က သူ့ရောဂါကို အသိပေးလိုက်ပြီဆိုတော့ ပေလီမင်းသား ရှစ်ပါးရဲ့ စစ်ပွဲကလည်း သိပ်မဝေးတော့ဘူးပေါ့"
လီကျန့်ယီသည် တစ်ယောက်တည်း ရေရွတ်ရင်း ဓားကို ဆက်လက် လေ့ကျင့်နေ၏။ ယခုတစ်ကြိမ်တွင်မူ ချုပ်နှောင်မဲ့အဆင့်သို့ ရောက်ရှိရန် တစ်နှစ်အထိ စောင့်ဆိုင်းရန် မလိုတော့ဟု သူ ခံစားနေရသည်။