လီချန်းရှန် မြောက်ပိုင်းလီက ထွက်ခွာသွားပြီ
Vol. 7 Ch. 62
နောက်ထပ် ခြောက်လခန့် ကြာမြင့်ခဲ့ပြန်သည်။
လီကျန့်ယီသည် တစ်ကိုယ်တည်း အထီးကျန်မှုကို အံတုရင်း ဓားနှလုံးကျောက်ဆောင်ပေါ်၌ ရှစ်လနီးပါးခန့် ဓားလေ့ကျင့်ခဲ့၏။ သူသည် ဓားအကြိမ်ရေ သန်းတစ်ရာပြည့်ရန် အကြိမ်ရေ ဆယ်သန်းသာ လိုတော့သည်။
နောက်ထပ် တစ်လခန့်ဆိုလျှင် သတ်မှတ်ထားသော အကြိမ်ရေပြည့်ကာ ချုပ်နှောင်မဲ့အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။ ၎င်းကို တွေးမိရင်း လီကျန့်ယီသည် အချိန်ပိုရသဖြင့် ဂူအတွင်းသို့ဝင်ကာ အသက်တစ်နှစ်အရွယ် ကျီရွယ်လေးနှင့် ကစားရန် ဆုံးဖြတ်လိုက်၏။
"ကျီရွယ်လေး... ဘယ်သူလာလဲ ကြည့်ဦး"
ကျီရွယ်လေးကို ချီထားသော လီဟန်ယီသည် ယခုအခါ အသက် ၁၂ နှစ်အရွယ်သို့ ရောက်ရှိလာပြီး ပိုမိုလှပကျော့ရှင်းသော မိန်းကလေးငယ်တစ်ဦး ဖြစ်လာခဲ့သည်။ သူမသည် လီကျန့်ယီ ဂူထဲသို့ ဝင်လာသည်ကို မြင်သောအခါ ပြုံးရွှင်လျက် ဂူအပြင်ဘက်သို့ လက်ညှိုးညွှန်ပြလေသည်။
"ကိုကို...မင်းသား"
အသက်တစ်နှစ်အရွယ် ကျီရွယ်လေးသည် စကားသံများ ပီပီသသ မထွက်သေးသော်လည်း လီကျန့်ယီကို မြင်သောအခါ ဝမ်းသာအားရ အော်ဟစ်၏။
"ကျီရွယ်လေး... အဲဒါ ကိုကိုလို့ ခေါ်ရမှာ၊ မင်းသား မဟုတ်ဘူးလေ"
လီကျန့်ယီသည် လီဟန်ယီထံ လျှောက်သွားကာ ကျီရွယ်လေးကို ချီလိုက်သည်။ သူ၏ လက်များက ငြိမ်ငြိမ်မနေဘဲ ကျီရွယ်လေး၏ ပန်းရောင်သန်းနေသော ပါးပြင်လေးများကို ဆွဲညှစ်လိုက်ရာ ကျီရွယ်လေးမှာ သွားရည်များပင် ကျလာ၏။
၎င်းကို မြင်သောအခါ လီဟန်ယီက မျက်စောင်းထိုးလျက်
"ယီယီ... ကျီရွယ်လေးရဲ့ ပါးကို အမြဲမညှစ်ပါနဲ့လို့ ပြောထားတယ်လေကြည့်ဦး... သွားရည်တွေ ကျကုန်ပြီ" ဟု ဆူပူလိုက်သည်။
"ဟေး... ငါက ကျီရွယ်လေး ပါးကိုတင် မဟုတ်ဘူး၊ မင်းရဲ့ပါးကိုလည်း ညှစ်မှာ ဟန်ယီ" လီကျန့်ယီသည် လီဟန်ယီ၏ စူပုတ်နေသော မျက်နှာလေးကို မြင်ကာ လက်လှမ်း၍ ဆွဲညှစ်လိုက်၏။
ချက်ချင်းဆိုသလိုပင် လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားရသည်။
"ယီယီ... ကျီရွယ်လေးကို ချီထားတာ ပြုတ်ကျဦးမယ်၊ မညှစ်နဲ့တော့နောက်တစ်ခါ ထပ်ညှစ်ရင် ကိုက်ပစ်မှာနော်"
"ဟန်ယီ... မင်း ငါ့ခါးကို ဆွဲလိမ်တာတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဘာလို့ ကိုက်ဖို့ လုပ်တာလဲ" လီဟန်ယီက သူမ၏ ဖြူဖွေးသော သွားလေးများကို ထုတ်ပြလိုက်ရာ လီကျန့်ယီမှာ လန့်ဖြန့်ကာ လက်ကို အမြန်ရုတ်လိုက်ရ၏။ အကယ်၍သာ အကိုက်ခံရပါက တက်တူးထိုးထားသကဲ့သို့ အမာရွတ် ထင်ကျန်သွားလိမ့်မည်။
"ဟွန့်.. ယီယီက ငါ့ကို ကြောက်နေတုန်းပဲ။ နောက်ဆို ငါကစားဖို့ ခေါ်ရင် မငြင်းနဲ့မဟုတ်ရင် ကိုက်မှာ" လီဟန်ယီက ချစ်စဖွယ်ကောင်းသော်လည်း ပြူးပြူးပြဲပြဲနှင့် ခြိမ်းခြောက်လိုက်သည်။
"ဟဲဟဲ... မဖြစ်နိုင်တာ၊ ငါသာ ဓားကို မြန်မြန်ဝေ့ယမ်းနိုင်ရင် မင်း ငါ့အနား ၁၀ မီတာအတွင်းတောင် ကပ်နိုင်မှာ မဟုတ်ဘူး ဟန်ယီ" လီကျန့်ယီက မျက်နှာပြောင်ပြလိုက်၏။
ထို့နောက် သူသည် ကျီရွယ်လေးကို ချီကာ လမ်းလျှောက်ထွက်ရန် ဂူအပြင်သို့ ထွက်လာသည်။ ကျီရွယ်လေးသည် အပြင်သို့ ရောက်သည်နှင့် သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ဟိုဟိုဒီဒီ ကြည့်ကာ လက်ကလေးများကို လှုပ်ယမ်းလျက် အရာရာကို လိုက်ညွှန်ပြနေ၏။
"ကိုကို... မင်းသား"
ကျီရွယ်လေးသည် ပျော်ရွှင်သောအခါတိုင်း လီကျန့်ယီကို ထိုသို့ပင် ခေါ်ဝေါ်တတ်သည်။ သူမ၏ မပီကလာ ပီကလာ စကားသံများကြောင့် လီကျန့်ယီမှာ မရယ်ဘဲ မနေနိုင်ချေ။
၎င်းကို မြင်သောအခါ လီဟန်ယီက မနာလိုဖြစ်ကာ "ငါကပဲ ကျီရွယ်လေးကို အမြဲ ပြုစုပေးနေတာလေ၊ ဘာလို့ သူက 'မေမေ' နဲ့ 'ကိုကို' လို့ပဲ ခေါ်နေရတာလဲ" ဟု ညည်းတွားလိုက်သည်။ သူမကို 'မမ' ဟု တစ်ခွန်းမှ မခေါ်သဖြင့် စိတ်ကောက်နေခြင်း ဖြစ်သည်။
"ဟန်ယီ... မင်း ကျီရွယ်လေးကို 'မမ' လို့ ခေါ်ဖို့ သင်ပေးလို့လား" ဟု လီကျန့်ယီက မေးလိုက်၏။
"သင်ပေးတာပေါ့၊ ကိုကိုလို့လည်း သင်ပေးထားတာပဲ" လီဟန်ယီက ဂုဏ်ယူစွာပင် ပြောလိုက်သည်။
"ကျီရွယ်လေးက ငါ့ကို ပိုချစ်ပုံရတယ်" လီကျန့်ယီက ကလေးငယ်၏ ပါးကို ရွှတ်ကနဲ နမ်းလိုက်ရာ ကျီရွယ်လေးမှာ လက်ကလေးများကို လှုပ်ယမ်းလျက် "ကိုကို ကိုကို" ဟု ပျော်ရွှင်စွာ အော်ဟစ်သည်။
"ဟွန့်..ကျီရွယ်၊ ဒီနေ့တော့ မင်း ငါ့ကို 'မမ' လို့ ခေါ်ကို ခေါ်ရမယ်၊မဟုတ်ရင်တော့ မင်းနားကနေ မခွာဘဲ တတွတ်တွတ် လိုက်ပြောနေမှာနော်" လီဟန်ယီသည် ကျီရွယ်လေးကို ပွေ့ချီကာ သူမ၏ 'မမ' ခေါ်စေရေး စီမံချက်ကို ထပ်ခါထပ်ခါ စတင်လေတော့သည်။
ထိုအချိန်တွင် အထိန်းတော်ကျီရူယဲ့သည် လီကျန့်ယီအနားသို့ လာကာ ယနေ့အတွက် နံနက်ခင်း သတင်းစာကို ကမ်းပေး၏။ သတင်းစာကို ဖြန့်ကြည့်လိုက်သောအခါ မျက်နှာဖုံးတွင် ဝမ်ရိရှင်းအကြောင်း မဟုတ်တော့ဘဲ ကျီးရှားကျောင်းတော်မှ လီချန်းရှန်အကြောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
'ကျောင်းတော်မှ လျှို့ဝှက်သတင်း၊ လွန်ခဲ့သော ရက်အနည်းငယ်က ကျောင်းတော်မှ အကြီးအကဲ လီသည် မြောက်ပိုင်းလီဒေသမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ လက်ရှိတွင် သူသည် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မည်သူမျှ မသိရှိကြပေ'
လီချန်းရှန် ထွက်ခွာသွားသည့် သတင်းကို မြင်သောအခါ လီကျန့်ယီသည် လီဟန်ယီကို လှမ်းကြည့်လိုက်ပြီး
"ဟန်ယီက လီအကြီးအကဲဆီကနေ ဓားပညာသင်ရမယ့် အချိန်ရောက်ပြီပဲ" ဟု တိုးတိုးလေးပြောလိုက်သည်။
လီချန်းရှန်သည် ကျောင်းတော်သားများကို နှုတ်ဆက်ပြီးနောက် ဓားနှလုံးဂူဗိမာန်သို့ မကြာမီ ရောက်ရှိလာတော့မည်ဟု သူ ခန့်မှန်းမိသည်။
သတင်းစာကို ဆက်လက်ဖတ်ရှုရာတွင် ရွှေဝတ်စုံဝတ် အစောင့်အရှောက်များက နန်းတော်ကို လုံးဝ ထိန်းချုပ်ထားပြီဖြစ်ကြောင်း တွေ့ရ၏။ ချင်ဝမ်မင်းသား၏ လက်ပါးစေများမှာလည်း နန်းတော်အပြင်ဘက်တွင် ဝိုင်းရံထားကြပြီ ဖြစ်သည်။ ၎င်းတို့သည် ချင်ဝမ်မင်းသား ဦးဆောင်သော ခြောက်ပြည်ထောင် မင်းသားများ မဟာမိတ်တပ်ဖွဲ့နှင့်အတူ ထိုက်အန်နန်းဆောင်ကို သိမ်းပိုက်ရန် အသင့်ဖြစ်နေပြီ။
"အားလုံး အဆင်သင့် ဖြစ်နေပေမဲ့ ထိုက်အန်နန်းဆောင်ကို တိုက်ခိုက်ဖို့ ဘာလို့ တွန့်ဆုတ်နေကြတာလဲ..." လီကျန့်ယီ ခဏမျှ စဉ်းစားပြီးမှ "သူတို့ ကျောင်းတော်က လီအကြီးအကဲကို ကြောက်နေကြတာပဲ။ လီအကြီးအကဲ ထွက်သွားပြီဆိုတာ သိပေမဲ့ အတည်မပြုနိုင်သေးမချင်းတော့ ရမ်းမလုပ်ရဲကြသေးဘူး" ဖြစ်မည်ဟု ကောက်ချက်ချလိုက်၏။
ချင်ဝမ်နှင့် သူ၏လူများက လီချန်းရှန် မြောက်ပိုင်းလီမှာ မရှိတော့ကြောင်း အသေအချာ သိရှိသွားသည်နှင့် ထိုက်အန်နန်းဆောင်ကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကြလိမ့်မည်။
"လန်ယာဝမ်နဲ့ ကျင်းကျူးဝမ်တို့ ဘယ်လို ရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားစရာပဲ" လီကျန့်ယီက ထျန်ချီမြို့ရှိရာသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။ လန်ယာဝမ်မင်းသားအနေဖြင့် ထိုအကျပ်အတည်းကို ကျော်လွှားရန် အင်အားကြီးမားသော စစ်တပ်နှင့် ပညာရှင်များ လိုအပ်မည်။
သတင်းစာထဲမှ လျှို့ဝှက်စာကို ဖတ်ကြည့်ရာ 'လန်ယာဝမ်သည် ချင်ဝမ်၏ ပုန်ကန်မှုကို ရင်ဆိုင်ရန် ထျန်ချီမြို့၏ စောင့်ရှောက်သူ လေးဦးကို လျှို့ဝှက်စွာ ဖွဲ့စည်းလိုက်ပြီဖြစ်သည်' ဟု တွေ့ရ၏။
စောင့်ရှောက်သူမှာ စီကုန်းချန်းဖုန်း၊ နဂါးပြာစောင့်ရှောက်သူမှာ လီရှင်းယွဲ့၊ ကျားဖြူစောင့်ရှောက်သူမှာ ကျီရူဖန်နှင့် လိပ်နက်စောင့်ရှောက်သူမှာ ထန်လျန့်ယွဲ့တို့ ဖြစ်သည်။
ထို့အပြင် လဲ့မုန့်ရှားနှင့် ရဲရှောင်ရင်တို့သည်လည်း ဧကရာဇ်ကို ကာကွယ်ရန် ကျားစစ်တပ်ကို ထျန်ချီမြို့သို့ တိတ်တဆိတ် စေလွှတ်ထားရာ သုံးရက်အတွင်း ရောက်ရှိလာမည် ဖြစ်ပေသည်။
"ဟူး... လန်ယာဝမ်ကလည်း ခြောက်ပြည်ထောင် မင်းသားများ မဟာမိတ်ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားတာပဲ" လီကျန့်ယီက သုံးသပ်လိုက်သည်။ သို့သော် အင်အားချင်း ယှဉ်လျှင်မူ ချင်ဝမ်၏ လက်ပါးစေများကို ယှဉ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
လီကျန့်ယီ သုံးသပ်ချက်များ ပြီးဆုံးသည်နှင့် သူ၏ ဘေးနား၌ လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာ၏။ ထိုသူမှာ အခြားသူမဟုတ်၊ ချင်ဝမ်တို့ လိုက်လံ ရှာဖွေနေသော လီချန်းရှန်ပင် ဖြစ်သည်။
"မင်းရဲ့ သုံးသပ်ချက်က မှန်ပါတယ်။ လန်ယာဝမ်တို့က ကြိုတင်ပြင်ဆင်ထားပေမဲ့ ချင်ဝမ်ဘက်က မြေအနေအထားနဲ့ လူအင်အားမှာ သာလွန်နေတယ်။ ဒါကြောင့် ထူးခြားတဲ့ အပြောင်းအလဲတစ်ခု မရှိရင်တော့ သူတို့အတွက် ဧကရာဇ်ကို ကာကွယ်ဖို့ ခက်ခဲလိမ့်မယ်" လီချန်းရှန်က ပြုံးလျက်ပြောလိုက်၏။
"အကြီးအကဲလီ၊ ရှောင်ရူဖန်က ခင်ဗျားရဲ့တပည့်ပဲ။ အခု ခင်ဗျားတပည့်မှာ အခက်အခဲတွေ ကြုံနေရတာကို ခင်ဗျားက ရယ်နိုင်သေးတယ်ပေါ့လေ"
ရုတ်တရက် ပေါ်လာသော လီချန်းရှန်ကို ကြည့်ကာ လီကျန့်ယီသည် အံ့ဩခြင်း မရှိပေ။
"တစ်နှစ်ပြည့်ဖို့ကလည်း သိပ်မလိုတော့ဘူးပဲ"
ချင်ဝမ်မင်းသားအတွက် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်တော့မည်ကို လီချန်းရှန်က သိမြင်နေ၏။ သူသည် လီကျန့်ယီကို အဓိပ္ပာယ်ပါသော အပြုံးဖြင့် ကြည့်လိုက်သည်။
လီကျန့်ယီမှာ ဆွံ့အသွားရ၏။ လီချန်းရှန် ဆိုလိုသော 'မမျှော်လင့်ထားသော အံ့ဩစရာ' မှာ မိမိကိုယ်တိုင် ဖြစ်နေသည်ကို သူ သဘောပေါက်လိုက်သည်။ အမှန်ပင် တစ်နှစ်ပြည့်ရန် နီးကပ်နေပြီဖြစ်၏။
မိမိကို လုပ်ကြံရန် ကြိုးပမ်းသူတိုင်း သေရမည်ဟု သူ တစ်ချိန်က ကြေညာခဲ့ဖူးသည်။ ထို့ကြောင့် ချင်ဝမ်မင်းသားသည် အခွင့်ကောင်းများ ရရှိထားသော်လည်း လီကျန့်ယီဟူသော အပြောင်းအလဲကြောင့် သူ၏ အိမ်မက်များမှာ ပျက်စီးရတော့မည်။
"မဆိုးဘူးပဲ၊ သခင်လေးလီရဲ့ ကျင့်ကြံမှုက ခြောက်လအတွင်းမှာ ထပ်ပြီး တိုးတက်လာပြန်ပြီ"
ချုပ်နှောင်မဲ့အဆင့်သို့ ရောက်ရှိရန်မှာ စက္ကူပါးတစ်ရွက်စာမျှသာ ခြားတော့ကြောင်း လီချန်းရှန်က ခန့်မှန်းမိလိုက်၏။ လီကျန့်ယီက တိတ်ဆိတ်နေသဖြင့် လီချန်းရှန်သည် သူ၏ လက်ရှိအဆင့်ကို စမ်းသပ်ကြည့်နေခြင်း ဖြစ်သည်။
"ဟုတ်ကဲ့၊ အကြီးအကဲလီ ပြောသလိုပါပဲ၊ ချုပ်နှောင်မဲ့အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ပါဘူး" လီကျန့်ယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ထို့နောက် သူ၏ အကြည့်တို့သည် ဂူအတွင်း၌ ကျီရွယ်လေးကို 'မမ' ဟု ခေါ်ရန် သင်ပေးနေသော လီဟန်ယီထံသို့ မရည်ရွယ်ဘဲ ကျရောက်သွား၏။ သူက ဝမ်းနည်းရိပ်သန်းစွာဖြင့် "အကြီးအကဲလီ... ခင်ဗျား ဒီတစ်ခေါက် ဓားနှလုံးဂူဗိမာန်ကို လာတာ ဟန်ယီကို ဓားပညာသင်ပေးဖို့ ခေါ်သွားမလို့ မဟုတ်လား" ဟု မေးမြန်းလိုက်သည်။
"မှန်တယ်၊ ဟန်ယီနဲ့ ငါက ဆရာတပည့် ရေစက်ရှိတယ်လေ၊ သူက နောင်တစ်ချိန်မှာ နတ်ဓားရှင် ဖြစ်လာမယ့် အရည်အချင်းရှိတယ်" လီချန်းရှန်က ဂူအတွင်းမှ ဟန်ယီလေးကို ကြည့်ကာ ပြုံးလျက်ကြည့်၏။ ထူးချွန်ပြီး လှပသော တပည့်တစ်ဦးကို ရရှိသဖြင့် သူ အလွန်ပျော်ရွှင်နေပုံရသည်။
"သွားကြစို့၊ ငါ့ရဲ့ ချစ်စဖွယ် တပည့်လေးကို သွားတွေ့ရအောင်"
လီချန်းရှန်သည် ပြုံးရွှင်စွာဖြင့် ဂူအတွင်းသို့ လှမ်းဝင်သွားသည်။
ခဏအကြာတွင် လီဟန်ယီသည် လီချန်းရှန်ကို မြင်လိုက်ရ၏။
"ဂလု..."
လီဟန်ယီသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး လီကျန့်ယီကို ထိတ်လန့်တကြား ကြည့်ကာ အော်ပြောလိုသည်။
"ယီယီ... မြန်မြန်ပြေး၊ အကြီးအကဲလီက မင်းကို ထပ်ပြီး ဒုက္ခပေးဖို့ လာပြန်ပြီ"
"ဟမ်"
"ငါက ဒီကလေးကို ဒုက္ခပေးရမှာလား။ ဒီကလေးက ငါ့ကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား"
"ငါက ထျန်ချီမြို့မှာ အေးအေးဆေးဆေး နေနေတာကို ဘယ်ကမှန်းမသိတဲ့ ဘေးဒုက္ခက ငါ့ဆီ ရောက်လာတာလေ" လီချန်းရှန်က နောက်မှ လိုက်လာသော လီကျန့်ယီကို မကျေမနပ် ကြည့်ကာ ညည်းတွားလိုက်၏။
"ရှင်"
လီချန်းရှန်၏ စကားကြောင့် လီဟန်ယီမှာ လီကျန့်ယီကို အံ့ဩတကြီး ကြည့်မိသွားသည်။ သို့သော် လီကျန့်ယီက ထိုအကြောင်းကို ရှောင်ဖယ်ကာ ပြောလိုက်သည်။
"ဟန်ယီ..အကြီးအကဲလီက ငါ့ကို ဒုက္ခပေးဖို့ လာတာမဟုတ်ဘူး၊ မင်းကို ဓားပညာသင်ပေးဖို့ ခေါ်သွားမလို့တဲ့"
"ကျွန်မကို... ဓားပညာသင်ပေးဖို့ ခေါ်သွားမလို့ ဟုတ်လား" လီဟန်ယီ၏ မျက်နှာလေးတွင် သံသယများ ပြည့်နှက်သွား၏။
"ဟုတ်တယ် ဟန်ယီ၊ လဲ့နေအိမ်မှာတုန်းက မင်း ငါ့ဆီမှာ ဓားပညာသင်ချင်တယ်လို့ ပြောခဲ့တာ မှတ်မိသေးတယ် မဟုတ်လား" လီချန်းရှန်က သတိပေးလိုက်သည်။
"မှတ်... မှတ်မိပါတယ်၊ ဒါပေမဲ့ ကျွန်မ မခွဲခွာချင်သေးဘူး." လီဟန်ယီသည် လီကျန့်ယီကို မခွဲနိုင်သကဲ့သို့ ကြည့်နေသည်။
"ဘယ်ပွဲမဆို ပြီးဆုံးရတာ ရှိတာပဲ ဟန်ယီ၊ မင်း သခင်လေးလီနဲ့ ခွဲခွာရမယ့်နေ့က တစ်နေ့နေ့တော့ ရောက်လာမှာပဲ"
ထို့ကြောင့် မည်မျှပင် မခွဲချင်သော်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန် ကြိုးစားရပေမည်။ ဓားပညာ တတ်မြောက်သွားပါက သခင်လေးလီနှင့် ပြန်မတွေ့ရမှာကို ပူပန်နေစရာ မလိုတော့ပေ။
"မင်း ဓားပညာ တတ်သွားရင် သခင်လေးလီရဲ့ အနားကို ၁၀ လှမ်းအတွင်း ကပ်ချင်တာတို့၊ သူ့လည်ပင်းကို ဓားနဲ့ထောက်ပြီး မင်းခိုင်းတာ လုပ်ခိုင်းတာတို့၊ သူ့လက်မောင်းကို အားရပါးရ ကိုက်ပစ်တာတို့ လုပ်ချင်တယ် မဟုတ်လား" လီချန်းရှန်သည် သူ၏ သာယာပျော့ပျောင်းသော စကားလုံးများဖြင့် လီဟန်ယီကို မိမိ၏ တပည့်ဖြစ်လာရန် သိမ်းသွင်းလေတော့သည်။
ထိုဆွဲဆောင်မှုက အလွန်ပင် ပြင်းထန်လှ၏။ ၎င်းကို ကြားသောအခါ လီဟန်ယီ၏ မျက်လုံးလေးများမှာ အရောင်တောက်သွားပြီး လီချန်းရှန် ပြောပြသော မြင်ကွင်းများကို စိတ်ကူးယဉ်ကြည့်နေသည်။ ခဏအကြာတွင် သူမ၏ မျက်နှာလေး၌ မကောင်းဆိုးဝါးလေးတစ်ဦးကဲ့သို့ ပြုံးယောင်သန်းလာ၏။
"အကြီးအကဲလီ... ကျွန်မ အကြီးအကဲဆီမှာ ဓားပညာ သင်ချင်ပါတယ်"
လီဟန်ယီသည် ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါမှ ငါ့တပည့်" လီချန်းရှန်က သဘောကျစွာ အော်ရယ်လိုက်သည်။
ဘေးတွင် ရပ်နေသော လီကျန့်ယီမှာမူ ဆွံ့အလျက်။ လီချန်းရှန်သည် မိမိတို့၏ အရင်က အဖြစ်အပျက်များကို မည်သို့သိနေသနည်းဟု သူ တွေးနေမိသည်။
"အကြီးအကဲလီကတော့ တကယ့်ကို လျှို့ဝှက်တဲ့သူပဲ" လီကျန့်ယီက အံကြိတ်ကာ ပြောလိုက်သည်။
"သခင်လေးလီ... မင်း အထင်လွဲနေပြီ။ ငါက ငါ့တပည့်လေး ဓားပညာကို အာရုံစိုက်သင်နိုင်အောင် လုပ်ပေးရုံပါ" လီချန်းရှန်က လီကျန့်ယီ၏ ဒေါသကို ဂရုမစိုက်ဘဲ ၊တပည့်ဖြစ်သူကို သိမ်းသွင်းပြီးပြီဖြစ်၍ သူ ဘာကိုမျှ မကြောက်တော့ချေ။
"ဟွန့် အကြီးအကဲလီ... ခင်ဗျား ဒီအတွက် နောင်တရစေရမယ်"
"နောင်တ၊ ဒီလောကမှာ ငါ့ကို ဘယ်သူက နောင်တရအောင် လုပ်နိုင်မှာလဲ"လီချန်းရှန်ကပြုံးတုံ့တုံ့ဖြင့် မောက်မာစွာပြောလိုက်သည်။