ဝမ်သခင် နေကောင်းပါရဲ့လား
Vol. 7 Ch. 69
လန်ယာတွင် တစ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုက်အန်ခေတ်၏ နောက်ဆုံးနေ့ရက်မှစ၍ ရှောင်ရူဖန်သည် အချိန်တိုအတွင်း ထီးနန်းကို ဆက်ခံခဲ့ပြီး မြောက်ပိုင်းလီ၏ ဧကရာဇ် ဖြစ်လာခဲ့သည်။
သို့သော် ထိုအချိန်တွင် မြောက်ပိုင်းလီပြည်သည် ရန်သူများ ဝိုင်းရံခြင်း ခံနေရသဖြင့် ဧကရာဇ်လုပ်ရန်မှာ မလွယ်ကူခဲ့ပေ။ ရှောင်ရူဖန်သည် ပဋိပက္ခများကို နှိမ်နင်းရန် ကိုယ်တိုင် စစ်ထွက်ရမည့် အခြေအနေတွင် ရှိနေခဲ့သည်။ ထို့ကြောင့် နန်းတက်သည့်နေ့မှာပင် ကျင်းကျူးဝမ်မင်းသားကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခဲ့ပြီး သုံးရက်အကြာတွင်မူ အသစ်ခန့်အပ်ခံရသော စစ်သူကြီး လဲ့မုန့်ရှားနှင့်အတူ တောင်ပိုင်းစစ်မြေပြင်သို့ ထွက်ခွာခဲ့သည်။
.....
လဲ့ အိမ်တော်
စစ်သူကြီးအဖြစ်ခန့်အပ်ခံရသော လဲ့မုန့်ရှားသည် လီရှင်းယွဲ့နှင့် လျူယဲ့တို့ကို ဘဝင်မြင့်နေပြီး ယုံကြည်မှု့လွန်ကဲ နေသောအမူအရာဖြင့်
"တွေ့လား၊ မဏ္ဍိုင်စစ်သူကြီးဆိုတဲ့ အဓိပ္ပာယ်ကို မင်းတို့ သိကြလား"
"ဒါက တိုင်းပြည်ရဲ့ ထောက်တိုင်ပဲ"
လီကျန့်ယီနှင့် လီရှင်းယွဲ့တို့မှာ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေကြသည်။ လဲ့မုန့်ရှားတစ်ယောက် နိုင်ငံ၏ ထောက်တိုင် ဖြစ်လာချင်ဖြစ်လိမ့် သို့ပေမဲ့ အိမ်တွင်မူ သူ၏ အဆင့်အတန်းသည် အရင်ကအတိုင်းသာ တည်ရှိနေသည်။
"လဲ့မုန့်ရှား တော်လောက်ပြီ၊ ဧကရာဇ် ထိုက်အန်ကို ကယ်တင်တဲ့ကိစ္စမှာ မင်းက ဘာများလုပ်ခဲ့လို့လဲ" လီရှင်းယွဲ့က စိတ်ပျက်လက်ပျက်ဖြင့် မေးမြန်းလိုက်သည်။ မင်းက နန်းတော်ရောက်တော့ အားလုံးက ပြီးနေပြီ မဟုတ်လား။
"ယီယီ မယူချင်လို့ ထားခဲ့တဲ့ အောင်မြင်မှုကို ဦးလေးတစ်ယောက်အနေနဲ့ ယူရတာ မရှက်ဘူးလား"
လဲ့မုန့်ရှားက ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူစွာပြောသေးသည်။
"ငါ့မိသားစုဝင် လုပ်တာက ငါလုပ်တာနဲ့ အတူတူပဲပေါ့၊ မင်းမှာ ကန့်ကွက်စရာ ရှိလို့လား"
ထိုမြင်ကွင်းကို ကြည့်ပြီး လီကျန့်ယီမှာ ရှက်လွန်းသဖြင့် မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။ မဏ္ဍိုင်စစ်သူကြီးဖြစ်ပြီဆိုရင်လည်း စစ်သူကြီးလို တည်တည်ငြိမ်ငြိမ်ပြုမူလို့ မရဘူးလား။
"ကျွန်တော် ဘာမှ မကန့်ကွက်ပါဘူး၊ ခဏနေရင် ဓားနှလုံးဂူဗိမာန်ကို ပြန်ပြီး ဓားကျင့်တော့မယ်" လီကျန့်ယီက ဤလူဂေါက်နှင့် ဝေးရာသို့ အမြန်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
"ဒီလောက်စောစော ပြန်မလို့လား၊ ဦးလေး စစ်ထွက်တာကို လိုက်မပို့တော့ဘူးလား" လဲ့မုန့်ရှားက စိတ်လှုပ်ရှားစွာ မေးလေသည်။
"မလိုက်တော့ပါဘူး၊ကျွန်တော့်အတွက် ဓားကျင့်တာထက် အရေးကြီးတာ ဘာမှမရှိဘူး" လီကျန့်ယီက ပြတ်သားစွာ ငြင်းဆိုလိုက်၏။
"ယီယီ၊ မင်း ဒီလိုပဲ ဓားနဲ့ပဲ အဖော်လုပ်နေရင် နောက်ကျရင် မိန်းမရမှာ မဟုတ်ဘူးနော်" လဲ့မုန့်ရှားက ဆုံးမရန် ပြင်လိုက်သည်။
သို့သော် လီရှင်းယွဲ့က ကြားဖြတ်၍ "သွားစမ်းပါ၊ရှင်ကသာ လူအ၊ ယီယီက ရှင့်လို မဟုတ်ပါဘူး" ဟု ဟောက်လိုက်ပြီး လီကျန့်ယီကို လှည့်ကြည့်ကာ "ယီယီ၊ ဟန်ယီကော ဘယ်မှာလဲ။ ဓားနှလုံးဂူဗိမာန်မှာပဲလား" ဟု မေးလိုက်သည်။သူမသည် သူမ၏ သမီးနှင့်မတွေ့ရသည်မှာ အတော်ကြာနေပြီဖြစ်သည် ။
"ဟန်ယီက ဆရာလီနောက်ကို ဓားပညာသင်ဖို့ လိုက်သွားပြီလေ"လီကျန့်ယီက စကားကိုကြားသောအခါ အားလုံးမှာ အံ့အားသင့်သွားကြကုန်သည်။
"ဘာ!! ဆရာက ငါတို့ကို ပစ်ထားခဲ့ပြီး ဟန်ယီကို တပည့်အဖြစ် ခေါ်သွားတာလား" လဲ့မုန့်ရှားနှင့် လျူယဲ့တို့မှာ ဒေါသထွက်သွားကြသည်။ လီချန်းရှန်သည် မြောက်ပိုင်းလီမှ ထွက်ခွာမည်ဟု ပြောခဲ့သော်လည်း တကယ်တမ်းမှာမူ ဓားနှလုံးဂူဗိမာန်မှ လီဟန်ယီကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
"ယီယီ၊ ဆရာက ဟန်ယီကို ဘယ်ခေါ်သွားတာလဲ မင်းသိလား"
လီကျန့်ယီသည် လီချန်းရှန်ကို တစ်ကြိမ် ရောင်းစားပြီးပြီ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်လည်း ထပ်မံ ရောင်းစားရန်သာ ဆုံးဖြတ်လိုက်သဖြင့် ချက်ချင်းပင် ပြောပြလိုက်သည်။
"အနောက်ဘက် အဝေးကြီးမှာ ရှိတဲ့ 'ရွှေလမြို့တော် ကို သွားတာပါ"
"ရွှေလမြို့တော်" လျူယဲ့တို့မှာ ထိုအမည်ကို တစ်ခါမျှ မကြားဖူးသဖြင့် ဇဝေဇဝါ ဖြစ်နေကြသည်။
"ငါသာ စစ်ထွက်စရာ မရှိရင် အခုချက်ချင်း လိုက်သွားမှာ" လဲ့မုန့်ရှားက ဒေါသတကြီး ပြောသည်။
"ငါ့သမီးက ငါ့ရဲ့ ဆရာတူညီမလေး ဖြစ်သွားရတာလား။ဒါက ဘယ်လို အစဉ်အလာလဲ" လီချန်းရှန်က ဟန်ယီကို တပည့်အဖြစ် လက်ခံလိုက်ခြင်းကြောင့် လဲ့မုန့်ရှား၏ အဆင့်အတန်းမှာ သမီးဖြစ်သူနှင့် တန်းတူ ဖြစ်သွားရသဖြင့် သူသည် အလွန်ပင် မကျေမချမ်း ဖြစ်နေရသည်။
လျူယဲ့ကမူ ရယ်မောလျက် "ငါတော့ ဟန်ယီကို ညီမလေးအဖြစ် သဘောတူတယ်ဟေ့" ဟု ပြောကာ သူ၏ တပည့်ဖြစ်သူ ရင်လော့ရှားကို ခေါ်၍ ရွှေလမြို့တော်သို့ ခရီးထွက်ရန် ပြင်ဆင်တော့သည်။
....
လီကျန့်ယီသည် ဓားနှလုံးဂူဗိမာန်သို့ ပြန်ရန် ပြင်ဆင်သောအခါ လီရှင်းယွဲ့က မုန့်အချို့ ဝယ်ပေးပြီး မြို့ပြင်အထိ လိုက်လံ ပို့ဆောင်ခဲ့သည်။ မြို့ထဲတွင်မူ ကျင်းကျူးဝမ်မင်းသား၏ ကြင်ယာတော် ရီဝိန်ကျွင်း ပျောက်ဆုံးသွားသည့် သတင်းမှာ လူပြောအများဆုံး ဖြစ်နေသည်။ လီကျန့်ယီကမူ ထိုသူကို မည်သူခေါ်သွားသည်ကို သိသော်လည်း မင်းသားနှင့် ဆိုင်သော ကိစ္စဖြစ်၍ စိတ်ဝင်စားခြင်း မရှိပါ။
မြို့ပြင်သို့ ရောက်သောအခါ လီကျန့်ယီသည် ခရီးဆက်ရန် ပြင်ဆင်နေစဉ် တာအိုဝတ်စုံနှင့် လူနှစ်ဦးကို လှမ်းတွေ့လိုက်ရသည်။ ထိုသူတို့မှာ လောကအနှံ့ လှည့်လည်သွားလာနေသော ဝမ်ရိရှင်းနှင့် ကျောက်ယုကျန်းတို့ ဖြစ်ကြသည်။လီကျန့်ယီသည် ဝမ်ရိရှင်းကို ကြည့်ကာ အလွန်တောက်ပသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"မတွေ့တာ ကြာပြီနော် ဝမ်သခင် ၊နေကောင်းပါရဲ့လား"
ဝမ်ရိရှင်းနှင့် ကျောက်ယုကျန်းတို့ မိမိထံသို့ လျှောက်လှမ်းလာသည်ကို မြင်သောအခါ လီကျန့်ယီသည် ဝမ်းသာအားရဖြင့် ရှေ့သို့ ကြိုဆိုလိုက်ပါသည်။
ရင်းနှီးနေသော ထိုအသံကို ကြားလိုက်ရသည်နှင့် ဝမ်ရိရှင်းသည် ချက်ချင်းပင် လှည့်ပြေးလေတော့သည်။
“သခင်လေးလီ၊ ခင်ဗျား ဘာလုပ်မလို့လဲ၊ကျွန်တော်တို့က ဆုံစည်းဖို့ ကံပါလာတယ် ဆိုပေမဲ့ ကျွန်တော့်ကို အတင်းအကျပ်တော့ မလုပ်ပါနဲ့ဗျာ"ဝမ်ရိရှင်းသည် လီကျန့်ယီ မိမိထံသို့ အပြေးအလွှား လာနေသည်ကို မြင်သောအခါ လီကျန့်ယီ၏ အမြင်အာရုံမှ လွတ်ကင်းအောင် ကြိုးစားရှောင်တိမ်းလိုက်သည်။
သို့သော်လည်း...လီကျန့်ယီသည် သက်ရှိနတ်ဓားရှင် တစ်ဦးဖြစ်ရာ ဝမ်ရိရှင်း မည်မျှပင် မြန်အောင် ပြေးပါစေ အပိုသာ ဖြစ်ခဲ့ပြီး ခဏအတွင်းမှာပင် လီကျန့်ယီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
လီကျန့်ယီသည် ဘာမှမပြောဘဲ ရှေ့သို့ တိုးသွားကာ ဝမ်ရိရှင်း၏ ရင်ဘတ်ကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။
ဝမ်ရိရှင်းသည် အပြင်းအထန် အရိုက်ခံလိုက်ရသဖြင့် ရင်ဘတ်ကို ဖိကာ “လူသတ်နေကြတယ်! လူသတ်နေကြတယ်! တစ်ယောက်ယောက် ကူညီကြပါဦးဗျ!” ဟု အော်ဟစ်နေသည်။
လီကျန့်ယီကမူ ထိုကဲ့သို့ ညံ့ဖျင်းလှသော သရုပ်ဆောင်ချက်ကို မည်သူက ယုံကြည်မည်နည်း ဟူသော အကြည့်ဖြင့် ကြည့်နေသည်။မိမိ၏ လက်သီးသည် ချိန်ဆထားခြင်း ဖြစ်ရာ လူတစ်ဦးကို သေစေနိုင်စွမ်း မရှိပေ။ အလွန်ဆုံး ရှိလှလျှင် အနည်းငယ် နာကျင်ရုံသာ ရှိမည် ဖြစ်သည်။
“မအော်နဲ့တော့၊ မဟုတ်ရင် ဝမ်သခင် လိုချင်တဲ့အတိုင်း တကယ် ဖြစ်သွားလိမ့်မယ်” လီကျန့်ယီသည် ကျောပိုးထားသော မာရာဏဓားကို ဆွဲထုတ်ရန် ဟန်ပြင်လိုက်သည်။
ထိုအခြင်းအရာကို မြင်သောအခါ ဝမ်ရိရှင်း၏ မျက်နှာထားသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ဓားဆွဲထုတ်တော့မည့် လီကျန့်ယီ၏ လက်ကို အပြုံးဖြင့် အမြန်ဆွဲဖမ်းလိုက်ပြီး တောင်ပန်းလေသည်။ “သခင်လေးလီ၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်တို့က ကံပါလို့ ဆုံကြရတာလေ၊ အချင်းချင်း ဓားမထုတ်ကြစို့နော်”
“ဒါဆို တိုက်ဆိုင်လိုက်တာနော်” လီကျန့်ယီသည် ဝမ်ရိရှင်းကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပါသည်။
“ဟဲဟဲ၊ ကံတရားကြောင့် ဖြစ်မှာပါ၊ မဟုတ်ရင် ကျွန်တော်တို့ ဘယ်လိုလုပ် ပြန်ဆုံနိုင်ပါ့မလဲ” ဝမ်ရိရှင်းက အရှက်မရှိစွာ ပြောလိုက်သည်။
“ဟွန်း..နောက်တစ်ခါ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောရဲရင်တော့ ဝမ်သခင်ကို ကျွန်တော်ရဲ့ စွမ်းရည်တွေ ပြလိုက်မယ်”
ပိုင်ရှောင်တန် သတင်းစာတွင် မိမိကို လုပ်ကြံစွပ်စွဲပြီး အသရေဖျက်ထားသည်များကို ပြန်လည် အမှတ်ရကာ လီကျန့်ယီသည် ဒေါသတကြီး နှာမှုတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် လော့မိသားစုသည် ထိုအဓိပ္ပာယ်မရှိသော စကားများကို မယုံကြည်ခဲ့ကြသဖြင့် လော့ယန်လုနှင့် အခြားသူများသည် ဓားနှလုံးဂူဗိမာန်သို့ ရောက်မလာခဲ့ကြခြင်း ဖြစ်သည်။