← Chapters

ကျွန်မနဲ့ လက်ထပ်ဖို့ဖိအားပေးမယ်

Vol. 8 Ch. 75

ကျွန်မနဲ့ လက်ထပ်ဖို့ဖိအားပေးမယ်

Vol. 8 Ch. 75

“ဒါနဲ့ ဟန်ယီ... မင်း ဓားပညာသင်ယူရတဲ့ ရည်ရွယ်ချက်က ဘာလဲဟင်”လီကျန့်ယီသည် သူကို နာခံလာစေရန် လုပ်ဆောင်မည့်အကြောင်း တက်ကြွစွာ ရှင်းပြနေသော လီဟန်ယီလေးကို ကြည့်ရင်း၊ သူမအနေဖြင့် ဓားပညာကို အဘယ်ကြောင့် လေ့ကျင့်နေရသနည်းဆိုသည့် အချက်ကို နားလည်သဘောပေါက်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။

“ဒါကတော့ ရှင်းပါတယ်၊ ယီယီ... ရှင် ကျွန်မနဲ့ ကစားပေးဖို့ပေါ့"

ထို့ပြင် အမေကလည်း ယီယီရဲ့ မိန်းမဆိုးတွေကို ကြိုက်တတ်တဲ့ အကျင့်ကို ပြင်ပေးဖို့အတွက် နှစ်ယောက်တူတူ ကြိုးစားရမယ်လို့ ပြောထားတယ်လေ။

“ဒါကြောင့် ရှင်ကို ကောင်းကောင်းပြောရင် နားမထောင်တော့၊ အဆိုးနည်းနဲ့ပဲ လုပ်ရတော့မှာပေါ့” လီဟန်ယီက တည်ငြိမ်စွာ ပြန်လည်ဖြေလိုက်၏။

လီကျန့်ယီမှာ ဆွံ့အသွားပြီး “မေးပါရစေဦး... ဒါတွေကို မင်းကို ဘယ်သူသင်ပေးလိုက်တာလဲ ဟန်ယီ” ဟု‌ပြောကာ လက်ထဲမှ ကြက်ပေါင်ကို တင်းတင်းဆုပ်ထားမိတော့သည်။

“ယီယီနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ရင်း ကျွန်မဘာသာ သိလာတာလေ။ ရှင့်ခါးကို ဆွဲလိမ်လိုက်တိုင်း ရှင့်မှာ အရမ်းလိမ္မာသွားတာပဲ” လီဟန်ယီသည် ဓားနှလုံးဂူဗိမာန်၌ ရှိစဉ်က အမှတ်တရများကို ပြန်လည်တမ်းတရင်း ဓားပညာကို ပိုမိုကြိုးစားရန် စိတ်ပိုင်းဖြတ်လိုက်သည်။

လီကျန့်ယီမှာ ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် လီဟန်ယီကို မည်သို့ချေပရမည်ကို မသိသဖြင့် လက်ထဲမှ ကြက်ပေါင်ကိုသာ ပါးစပ်ထဲထည့်ကာ ဒေါသတကြီး ဝါးစားနေမိသည်။ သူသည် အစားအသောက်ကို အငမ်းမရ စားတတ်သော်လည်း ယခုမူ လီဟန်ယီ၏ စကားများကို အစာခြေဖျက်နိုင်ရန် တစ်လုပ်ချင်းစီ ဖြည်းဖြည်းချင်း ဝါးစားနေရသည်။ကြက်ပေါင်ကို စားမကုန်သေးခင်မှာပင် သူ တစ်ခုခုမှားနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

လီဟန်ယီက ဓားပညာကို အသည်းအသန် လေ့ကျင့်နေသည်မှာ သူ့ကို ထိုမိန်းမဆိုးနှင့် လမ်းခွဲရန် အတင်းအကျပ် လုပ်လိုသောကြောင့် မဟုတ်ပါလား။ သို့သော် ထိုမိန်းမဆိုးဆိုသည်မှာ တကယ်တမ်း မရှိခဲ့လျှင်ကော။

“ဟန်ယီ... ငါသာ အဲ့ဒီမိန်းမဆိုးတွေကို မကြိုက်တော့ဘူးဆိုရင် မင်း ဓားပညာကို ဆက်လေ့ကျင့်ဦးမှာလား” လီကျန့်ယီက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။

“ဟွန်း... ဆက်လေ့ကျင့်မှာပေါ့” ဟု လီဟန်ယီက အတန်ကြာ တွေဝေပြီးနောက် ပြန်ဖြေလိုက်သည်။

“ဒါဆို ဒီတစ်ခါရော ဘာအတွက်ကြောင့် ဓားပညာကို လေ့ကျင့်မှာလဲ” ဟု လီကျန့်ယီက စိတ်ဝင်တစား ထပ်မေးပြန်သည်။

“အဲ့ဒါက... အဲ့ဒါက...”

လီဟန်ယီသည် ရှက်သွေးဖြာနေသော မျက်နှာဖြင့် လီကျန့်ယီကို ကြည့်ကာ တွန့်ဆုတ်နေ၏။ “မပြောပြလို့ မရဘူးလားဟင်” ဟု ဆိုကာ လက်ကလေးနှစ်ဖက်ကို ပွတ်သပ်ရင်း ခေါင်းငုံ့သွားလေသည်။

“မင်း ပြောပြနိုင်ရင် ပြောပြသင့်တာပေါ့” လီကျန့်ယီက မျက်လုံးလေးမှေးကာ ပြောလိုက်သည်။

“ဒါဆိုလည်း... ဘယ်သူ့ကိုမှ ဒီလျှို့ဝှက်ချက်ကို မပြောရဘူးနော်” လီဟန်ယီသည် နေရာမှထကာ လီကျန့်ယီ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ကပ်ပြောလိုက်ပသည်။ “ကျွန်မ ဓားပညာကို အရမ်းတော်အောင် သင်မယ်၊ ပြီးရင် ရှင့်ကို ကျွန်မရဲ့ သတို့သားအဖြစ် လိမ္မာပါ့မယ်ဆိုပြီး အတင်းအကျပ် လက်ထပ်ယူမှာ”

ထိုသို့ပြောပြီးနောက် လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ ရဲရဲနီသွားပြီး လော့ရွှေ၏ ရင်ခွင်ထဲသို့ ပြေးဝင်ပုန်းအောင်းကာ လီကျန့်ယီကို ပြန်မကြည့်ရဲတော့ပေ။လီကျန့်ယီမှာလည်း လော့ရွှေ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသော လီဟန်ယီကို ကြည့်ကာ ကြောင်အမ်းသွားသည်။ ထို့နောက် အပြုံးကို မထိန်းနိုင်တော့ဘဲ “မင်းရဲ့ သတို့သား ဖြစ်ရမယ်ပေါ့လေ” ဟု ရေရွတ်လိုက်မိ၏။

‘ကောင်းပြီလေ၊ အဲ့ဒီနေ့ကို ကိုယ် စောင့်နေပါ့မယ်။ မင်းရဲ့ ဓားပညာနဲ့ ကိုယ့်ကို လိမ္မာအောင်လုပ်ပြီး လက်ထပ်ယူမယ့်နေ့ကိုပေါ့!’ လီကျန့်ယီက စိတ်ထဲမှ ကြိတ်၍ ကြုံးဝါလိုက်သည်။

တစ်ချိန်တည်းမှာပင် လော့ရွှေသည် ရှက်နေသော လီဟန်ယီ၏ ကျောပြင်ကို အသာအယာ ပုတ်ပေးရင်း “ဟန်ယီ... ဘာလို့ ဒီလောက်တောင် ရှက်နေရတာလဲ။ ယီယီကို ဘာတွေကပ်ပြောလိုက်လို့လဲ” ဟု ပြုံးလျက် မေးလိုက်သည်။

“မဟုတ်... မဟုတ်ပါဘူး” လီဟန်ယီက အတင်းငြင်းဆိုသော်လည်း သူမ၏ မျက်နှာမှာ ယခင်ကထက် ပို၍ နီမြန်းနေသည်။ သို့သော် ခေါင်းကို လော့ရွှေ၏ ရင်ခွင်ထဲတွင် မြှုပ်ထားသဖြင့် မည်သူမျှ မမြင်နိုင်ခဲ့ကြပေ။

“ဟုတ်လို့လား... ဒါဆို ဘာလို့ ပုန်းနေရတာလဲ ဟန်ယီလေးရဲ့” လော့ရွှေက ရယ်မောကာ စနောက်နေ၏။

“ကျွန်မ... ကျွန်မ ဆရာကတော်ကို လွမ်းလို့ပါ" လီဟန်ယီက လော့ရွှေ၏ ရင်ခွင်ထဲမှနေ၍ ဆင်ခြေပေးလိုက်သည်။

“တကယ်လား... ဒါဆိုလည်း ဒီမှာပဲ နေတော့ပေါ့။ ဆရာကတော်ကလည်း ဟန်ယီလေးကို ဖက်ထားချင်တာ” ပြောကာ လော့ရွှေက သူမကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားပေးသည်။

အခြားတစ်ဖက်တွင်မူ ဝမ်ဟူကျူးနှင့် အခြားသူများမှာ သူတို့၏ စကားဝိုင်းကို ကြားသွားပြီး ထိတ်လန့်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် လီဟန်ယီကို လီချန်းရှန်က တပည့်အဖြစ် ခေါ်ယူထားသောကြောင့် ဖြစ်သည်။လီဟန်ယီက လော့ရွှေကို “ဆရာကတော်” ဟု ခေါ်နေခြင်းမှာ လော့ရွှေသည် အမှန်တကယ်ပင် လီချန်းရှန်၏ ဇနီးဖြစ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလား။

“လော့သခင်မ... လော့သခင်မ၊ လီသခင်ကြီးက တကယ်ပဲ လော့သခင်မကို ချစ်နေတာလားခင်ဗျာ” ဟု ဝမ်ဟူကျူးတို့က အံ့အားသင့်စွာ မေးမြန်းသည်။

“ကျွန်မ အဲ့ဒီလို တစ်ခါမှ မပြောခဲ့ပါဘူး” လော့ရွှေက လီဟန်ယီကို ပွေ့ဖက်ထားရင်း သူတို့ကို ပြန်လည်ဖြေကြားရန် ငြင်းဆိုသည်။ သူမအနေဖြင့် တစ်ကြိမ် ပြောပြပြီးဖြစ်၍ ထပ်ခါတလဲလဲ ပြောရန် မလိုတော့ဟု ယူဆထားခြင်း ဖြစ်၏။ထို့အပြင် သူမ၏ အပြုအမူများကပင် လီချန်းရှန်၏ ဇနီးဖြစ်ကြောင်း လုံလောက်စွာ သက်သေပြနေပြီ ဖြစ်သဖြင့် ဝမ်ဟူကျူးတို့ကို နောက်တစ်ခါရှင်းပြဖို့စိတ်မပါပေ။

“ဟုတ်ပါတယ်၊ လော့သခင်မက အဲ့ဒီလို ဘယ်တုန်းကမှ မပြောခဲ့ပါဘူး” ဝမ်ဟူကျူးတို့သည် ပတ်ဝန်းကျင်ရှိလူများ၏ အမူအရာကို သတိထားမိသဖြင့် စကားကို လွှဲလိုက်ကြသည်။ သူတို့ ကိုယ်တိုင်က ထိုသို့မမေးခဲ့ကြောင်း ပြောဆိုလိုက်မှသာ အခြားသူများက သူတို့၏ စကားဝိုင်းကို ဆက်လက်လုပ်ဆောင်ကြတော့သည်။

“လော့သခင်မ ခင်ဗျာ... နောင်တစ်ချိန်မှာ လာရောက်လည်ပတ်နိုင်ဖို့အတွက် ရွှေလမြို့တော်ရဲ့ တည်နေရာ အတိအကျကို သိခွင့်ရမလား” လူအများ၏ အာရုံစိုက်မှု လျော့နည်းသွားချိန်တွင် ဝမ်ဟူကျူးတို့က မျှော်လင့်တကြီး မေးမြန်းလိုက်၏။

သူတို့သည် ကျီးရှားကျောင်းတော်မှ လီသခင်ကြီး ရှိနေသောကြောင့်သာ လည်ပတ်လိုခြင်း မဟုတ်ပေ။ ရွှေလမြို့တော်သည် လီသခင်ကြီးကို ဆွဲဆောင်နိုင်လောက် သည်အထိ ထူးခြားသော နေရာဖြစ်မည်ဟု ယူဆသောကြောင့် ဖြစ်၏။

“ရွှေလမြို့တော်ရဲ့ တည်နေရာကတော့...” လော့ရွှေ၏ မျက်ဝန်းအစုံတွင် တွေဝေမှုများ ဖြစ်ပေါ်လာသည်။

“လော့မြို့စားက ရွှေလမြို့တော်ကို လောကအလယ်ကို ထုတ်ဖော်တော့မှာဆိုရင် ကျင့်ကြံရေးလောကနဲ့ မလွဲမသွေ ဆက်ဆံရမှာပဲ။ အဲ့ဒီအခါ ပဋိပက္ခတွေလည်း ရှိလာနိုင်တာပေါ့။ ဒါကြောင့် ဖြစ်နိုင်ရင် ရွှေလမြို့တော်ရဲ့ တည်နေရာကို ကျွန်တော်တို့ကို ပြောပြပေးပါ။ကျွန်တော်တို့ ဓားနှလုံးဂူဗိမာန်အနေနဲ့ ရွှေလမြို့တော်နဲ့ မဟာမိတ်ဖွဲ့ချင်ပါတယ်” လီကျန့်ယီက လော့ရွှေကို ဆင်ခြင်တုံတရားဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ စားပွဲဝိုင်းပြီးသွားရင် မြေပုံအချို့ ဆွဲပြီး သခင်လေးလီကို ပေးပါ့မယ်" လော့ရွှေသည် သေချာစဉ်းစားပြီးနောက် လီကျန့်ယီ၏ စကားမှာ မှန်ကန်သည်ဟု ယူဆသဖြင့် မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်သည်။

“ကျွန်တော်လည်း ဝမ်မိသားစုကို ကိုယ်စားပြုပြီး မဟာမိတ်ဖွဲ့ချင်ပါတယ်”

“ကျွန်တော်လည်း ပိုင်ရှောင်တန်ကို ကိုယ်စားပြုပြီး မဟာမိတ်ဖွဲ့ချင်ပါတယ်”

“ကျွန်တော်လည်း မိုးကြိုးတံခါးကို ကိုယ်စားပြုပြီး မဟာမိတ်ဖွဲ့ချင်ပါတယ်"

လီကျန့်ယီနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူပြီးနောက် ဝမ်ဟူကျူး၊ကျီရူဖန်နှင့် လဲ့ကျင်တို့ကလည်း အသီးသီး ကမ်းလှမ်းလာကြသည်။

“ကောင်းပါပြီ၊ စားပွဲဝိုင်းအပြီးမှာ ရှင်တို့ သုံးယောက်လုံးကိုလည်း မြေပုံပေးပါ့မယ်” လော့ရွှေက ကတိပေးလိုက်၏။ ဤနည်းဖြင့် ရွှေလမြို့တော်သည် လောကထဲသို့ မရောက်ရှိသေးခင်မှာပင် နာမည်ကြီး အင်အားစုများစွာနှင့် မဟာမိတ် ဖွဲ့နိုင်ခဲ့သဖြင့် နောင်တွင် ကြုံတွေ့ရမည့် အခက်အခဲများ လျော့နည်းသွားမည် ဖြစ်ပေသည်။

“ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ် လော့မြို့စား" ဝမ်ဟူကျူးနှင့် အခြားသူများက လော့ရွှေကို အရက်ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်ကြသည်။ လော့ရွှေသည်လည်း အရက်ခွက်ကို မြှောက်၍ အားလုံးကို ပြန်လည်ဂုဏ်ပြုပြီးနောက် လီကျန့်ယီဘက်သို့ လှည့်ကာ “သခင်လေးလီ... ကျွန်မတို့ မဟာမိတ်ဖွဲ့ခြင်း အထိမ်းအမှတ်အနေနဲ့ တစ်ခွက်လောက် သောက်ကြမလား” ဟု ဖိတ်ခေါ်သည်။

“‌ သခင်မလော့ ကျေးဇူးပြုပြီး” လီကျန့်ယီသည်လည်း အရက်ခွက်ကို မြှောက်ကာ လော့ရွှေနှင့် ခွက်တိုက်၍ သောက်လိုက်သည်။

All Chapters