← Chapters

အဲ့တာက ပုလွေ၊ခဲတံပုလွေမဟုတ်ဘူး

Vol. 8 Ch. 76

အဲ့တာက ပုလွေ၊ခဲတံပုလွေမဟုတ်ဘူး

Vol. 8 Ch. 76

နေဝင်သည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ဓားနှလုံးဂူဗိမာန်သို့ လာရောက်လည်ပတ်ကြသော ကျင့်ကြံရေးလောကမှ ပုဂ္ဂိုလ်များသည် လီကျန့်ယီနှင့် လီဆူးဝမ်တို့ကို နှုတ်ဆက်ကာ အသီးသီး ပြန်လည် ထွက်ခွာသွားကြသည်။

မူလက သူတို့သည် ဤနေရာရှိ လူများနှင့် ရင်းနှီးကျွမ်းဝင်မှု ရယူရန်သာ လာရောက်ကြခြင်း ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ပါက ဓားနှလုံးဂူဗိမာန်၏ အကူအညီကို ရယူနိုင်ရန် မျှော်လင့်ထားကြခြင်းသာ ဖြစ်၏။ ထို့ကြောင့်လည်း အင်အားစုအသီးသီးက လာရောက် ဂါရဝပြုကြခြင်းသာ ဖြစ်ပေသည်။

သို့သော် အချို့သော အင်အားစုများမှာမူ ဓားနှလုံးဂူဗိမာန်မှ ပြိုင်ဘက်ကင်း နတ်ဓားရှင်တစ်ဦး ပေါ်ထွက်လာခြင်းအတွက် စိတ်ရင်းမှန်ဖြင့် လာရောက် ဂုဏ်ပြုကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ကျီးရှားကျောင်းတော်မှ သခင်လေးများ၊ ချင်းချန်တောင်ကုန်းမှ တာအိုဝတ်စုံနှင့် လူရှုပ်လေး၊ ရွှေလမြို့တော်မှ လော့ရွှေ၊ မိုးကြိုးတံခါးမှ လဲ့ကျင်နှင့် ဝမ်မိသားစုမှ ဝမ်ဟူကျူးတို့ပင် ဖြစ်၏။

ဓားနှလုံးဂူဗိမာန်နှင့် ရင်းနှီးသော အဆက်အသွယ်ရှိသည့် အဆိုပါ အင်အားစုများသည် ချက်ချင်း ပြန်လည်ထွက်ခွာခြင်း မရှိကြချေ။ ဗိမာန်သခင် လီဆူးဝမ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုပြီး သူတို့ကို ဓားနှလုံးဂူဗိမာန်၌ ရက်အနည်းငယ်ကြာ တည်းခိုရန် ဖိတ်ကြားလေသည်။

“ဝမ်လေး... လာဦး၊ ပန်းကန်တွေ လာသိမ်းလိုက်ပါဦး”

ကျင့်ကြံရေးလောကမှ ပုဂ္ဂိုလ်များ ပြန်သွားကြပြီး ရင်းနှီးသူများသာ ကျန်ရစ်ချိန်တွင်၊ လီကျန့်ယီက တစ်နေကုန် အလုပ်ရှုပ်နေပြီးမှ အစား စားခွင့်ရနေသော ဝမ်ရိရှင်းကို လှမ်းကြည့်ကာ ပြောလိုက်၏။

“လီနောင်ကြီးကတော့ မတရားလိုက်တာဗျာ၊ကျွန်တော် အလုပ်တွေပြီးလို့ အခုမှ ထမင်းတစ်လုပ် စားရသေးတာပါ။ အလုပ်တွေ ပြန်မလုပ်ခိုင်းခင်လေး အဝစားပါရစေဦးလား” ဟု ဝမ်ရိရှင်းက စားရင်းသောက်ရင်း ညည်းညူလိုက်သည်။

“ဝမ်နောင်ကြီး... တို့တွေ အတွေးအခေါ်လေး ပြောင်းကြည့်ရအောင်လေ။ အရင်ဆုံး အလုပ်လုပ်ပြီးမှ ထမင်းစားရင် မကောင်းဘူးလား” လီကျန့်ယီက ပြုံးစစဖြင့် ပြန်ပြောလိုက်၏။

“အင်း... အဲ့ဒါကလည်း အဓိပ္ပာယ်ရှိသားပဲနော်”

ထမင်းစားပြီးရင်လည်း အလုပ်လုပ်ရမှာပဲဆိုတော့ အလုပ်အရင် အပြတ်ဖြတ်ပြီးမှ စိတ်အေးလက်အေး စားတာက ပိုကောင်းမည် မဟုတ်ပါလား။

"ဟုတ်ပြီ အရင်သိမ်းရအောင်" ဟု ဆိုကာ ဝမ်ရိရှင်းသည် ရုတ်တရက် နားလည်သဘောပေါက်သွားသယောင်ဖြင့် ပန်းကန်နှင့်ခွက်များကို စတင်သိမ်းဆည်းတော့သည်။

ထိုအခြင်းအရာကို မြင်သောအခါ လော့ယန်လုက မရယ်ဘဲ မနေနိုင်တော့ကာ “သခင်လေးလီ... လူတွေကို လှည့်စားတဲ့ နေရာမှာတော့ ရှင်က တကယ့်ကို ပထမတန်းစားပဲနော်” ဟု ပြောလိုက်၏။

“မိန်းကလေးလော့ မှားနေပြီဗျာ၊ကျွန်တော်လုပ်တာက လှည့်စားတာမဟုတ်ဘဲ အတွေးအခေါ် ပြောင်းလဲပေးတာပါ” လီကျန့်ယီက ပြုံးလျက် ပြန်‌ဖြေသည်။

“စားပြီးမှ ဓားဆောင်ကို သန့်ရှင်းရေးလုပ်တာနဲ့ သန့်ရှင်းရေးလုပ်ပြီးမှ စားတာက တကယ်တော့ စိတ်နေစိတ်ထားပြောင်းလဲပေးတာပဲ” လော့ယန်လုက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်မလား” လီကျန့်ယီက ထပ်မံပြုံးပြလိုက်၏။

“အင်း” လော့ယန်လုက တိုးတိုးလေး ထောက်ခံသည်။

“မိန်းကလေးလော့... ဒါက ကျွန်တော်သိတဲ့ မိန်းကလေးလော့နဲ့ လုံးဝမတူတော့ပါလား” ပန်းကန်သိမ်းနေသော ဝမ်ရိရှင်းသည် လော့ယန်လု၏ နူးညံ့သိမ်မွေ့နေမှုကို မြင်ကာ အံ့သြသွားသည်။ ဤအမူအရာသည် သူယခင်က မြင်ဖူးခဲ့သော လော့ယန်လုနှင့် လုံးဝ ကွဲပြားနေသည်ဟု ခံစားလိုက်ရ၏။

ယခင်က သူမထံ အလှူခံထွက်စဉ်က သူသည် သူမ၏ လိုက်လံတိုက်ခိုက်ခြင်းကို အသည်းအသန် ခံခဲ့ရဖူးပေသည်။ ထိုစဉ်က သူမသည် ကြောက်စရာကောင်းသော မိစ္ဆာမလေး တစ်ယောက်ကဲ့သို့ပင်။ သို့သော် ယခုမူ လီကျန့်ယီနှင့် အေးအေးဆေးဆေး စကားပြောနေသည်မှာ မဖြစ်နိုင်သယောင် ထင်မှတ်ရသည်။

“ကျွန်မကလား... ကျွန်မက အကျင့်စာရိတ္တကောင်းတဲ့သူကို သူငယ်ချင်းလို ဆက်ဆံပြီး၊ လူဆိုးတွေကိုတော့ လူမိုက်လိုပဲ ဆက်ဆံတာလေ"

“ဒါကြောင့် ဝမ်သခင်ကသာ လူဆိုးဖြစ်ပြီး မကောင်းမှု့တွေ လုပ်နေတာနေမှာပေါ့"

“ဒါပေမဲ့ သခင်လေးလီကတော့ လူကြီးလူကောင်းတစ်ယောက် ဖြစ်သလို မိတ်ဆွေကောင်းလည်း ဖြစ်ပါတယ်" လော့ယန်လုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

ဝမ်ရိရှင်းက သူမအပေါ် ပြောဆိုခဲ့ဖူးသော မဖွယ်မရာ စကားများကို သူမ မှတ်မိနေဆဲ ဖြစ်သည်။ အကယ်၍ ချင်းချန်တောင်ကုန်း၏ ခေါင်းဆောင် လုစုကျန်း၏ မျက်နှာသာ မရှိလျှင် ဝမ်ရိရှင်းမှာ အဖမ်းခံရရုံတင်မကဘဲ ဒုက္ခိတပင် ဖြစ်သွားနိုင်၏။အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာသည် အသက်ထက်ပင် အဖိုးတန်သည်။

“ဘာကို မကောင်းမှု့လုပ်တာလဲဗျာ၊ ကျွန်တော်မျိုး တာအိုဆရာက နားမလည်တော့ဘူး၊ ကျွန်တော်က မိန်းကလေးလော့ကို ပုလွေလေး မှုတ်ပြစေချင်ရုံတင်ပါ၊ အဲ့ဒါက ဘာမှားလို့လဲ” ဝမ်ရိရှင်းက ပန်းကန်သိမ်းရင်း နားမလည်နိုင်သော အမူအရာဖြင့် လော့ယန်လုကို ကြည့်ကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လော့ယန်လု၏ လှပသော မျက်နှာလေးမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး “ဝမ်သခင်... ရှင် ကျွန်မကို ထပ်ပြီး စော်ကားရဲသေးတယ်ပေါ့လေ” ဟု ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

သူမ၏ လော့မိသားစုသည် ချင်းချန်တောင်ကုန်းကို မယှဉ်နိုင်သော်လည်း၊ ဝမ်သခင်က သူမကို ထပ်ခါတလဲလဲ စော်ကားနေသဖြင့် ယနေ့တွင် အားလုံးရှေ့၌ပင် ဝမ်သခင်ကို သင်ခန်းစာကောင်းကောင်း ပေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ လော့ယန်လုသည် သူမ၏ စိမ်းဖန့်ဖန့် ပုလွေကို ထုတ်ယူကာ ဝမ်ရိရှင်းထံသို့ ပစ်လွှတ်လိုက်တော့သည်။

ဝမ်ရိရှင်းမှာ ထိတ်လန့်တကြားဖြင့် စားပွဲဝိုင်းကို ပတ်ပြေးပြီး လီကျန့်ယီ၏ နောက်သို့ ဝင်ပုန်းကာ အကူအညီ တောင်းတော့သည်။ “သခင်လေးလီ... ကြည့်ပါဦး၊ဒါမျိုးပါပဲ၊ မိန်းကလေးလော့က ကျွန်တော့်ကို အမြဲတမ်း ဒီလိုပဲ လိုက်တိုက်နေတာ ၊ကျွန်တော် ဘာမှမှားတာ မပြောခဲ့ပါဘူး၊ မိန်းကလေးလော့ရဲ့ ဂီတပညာက အတုမရှိဘူးလို့ ကြားဖူးလို့ သူမရဲ့ ပုလွေသံလေးကို ကြားချင်ရုံတင်ပါ၊ ဒါကို သူမက ကျွန်တော့်ကို သတ်မလို ဖြတ်မလို လိုက်နေတာ... ဒါက ဘယ်လို ယုတ္တိရှိလို့လဲ"

“ကျွန်တော်က အနုပညာကို မြတ်နိုးတဲ့ တာအိုဆရာလေး တစ်ယောက်ပဲ ဖြစ်ချင်တာပါ၊ ဘာလို့ ဒီလောက်တောင် နှိပ်စက်ခံနေရတာလဲဗျာ" ဝမ်ရိရှင်းသည် လီကျန့်ယီ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ သူ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများကို ရင်ဖွင့်နေတော့သည်။

ထိုစကားကို ကြားသောအခါ လီကျန့်ယီမှာ နဖူးကို လက်ဖြင့်အုပ်ကာ ခဏတာ တိတ်ဆိတ်သွားမိ၏။ သို့သော် လော့ယန်လုက ရှေ့သို့ ပြေးဝင်လာသောအခါ လီကျန့်ယီသည် ဝမ်ရိရှင်း၏ ရှေ့မှ ကာကွယ်ရပ်တည်ပေးလိုက်သည်။

“မိန်းကလေးလော့... ဝမ်သခင် ပြောချင်တဲ့ အဓိပ္ပာယ်ကို မိန်းကလေး နားလည်မှု လွဲနေတယ် ထင်တယ်နော်” လီကျန့်ယီက နှစ်ဦးကြားရှိ နားလည်မှုလွဲခြင်းကို ဖြေရှင်းပေးရန် ကြားဝင်စေ့စပ်လိုက်သည်။

“ကျွန်မက ဒီတာအိုဆရာစုတ်ရဲ့ အဓိပ္ပာယ်ကို နားလည်မှုလွဲနေတယ် ဟုတ်လား။ သခင်လေးလီ... ကျွန်မ ဘာကို လွဲနေလဲဆိုတာ ပြောပြစမ်းပါဦး” လီကျန့်ယီက ကာကွယ်ထားသဖြင့် လော့ယန်လုမှာ ဆက်လက် မတိုက်ခိုက်တော့ဘဲ ရပ်တန့်ကာ မေးလိုက်၏။

“ကောင်းပါပြီ၊ အခုလောလောဆယ် ဒီမှာတင် ရပ်လိုက်ရအောင်။ မိန်းကလေးလော့ စိတ်ကို အေးအေးထားပါဦး၊ ပြီးမှ ကျွန်တော် ရှင်းပြပါ့မယ်”ဒေါသကြောင့် ရင်တလှပ်လှပ် ဖြစ်နေသော လော့ယန်လုနှင့် သူ့ကို နောက်ကနေ ဖက်ထားလုနီးပါး ဖြစ်နေသော ဝမ်ရိရှင်းတို့ကို ကြည့်ကာ လီကျန့်ယီက အရင်ဆုံး ဖျောင်းဖျလိုက်သည်။ မကြာမီတွင် နှစ်ဦးသား စိတ်ငြိမ်သွားကြ၏။

ထိုအခါ လီကျန့်ယီက စတင် ရှင်းပြသည်။ “မိန်းကလေးလော့က ဂီတမှာ ကျွမ်းကျင်သလို ရှားပါးလှပတဲ့ အလှပဂေးလေး တစ်ယောက်လည်း ဖြစ်ပါတယ်၊မိန်းက‌လေးလော့ရဲ့ ပုလွေမှုတ်တဲ့ ပညာကလည်း တစ်လောကလုံးမှာ နာမည်ကြီးတယ်၊ ပုလွေလောကမှာတော့ ဆရာတစ်ဦးလို့တောင် တင်စားနိုင်ပါတယ်၊ ဒါကြောင့် မိန်းကလေးလော့ဘက်ကတော့ ဘာမှ မမှားပါဘူး"

“ဒါဆို လီနောင်ကြီး ပြောချင်တာက အပြစ်က ကျွန်တော်ဝမ်လေးရဲ့ အပြစ်ပေါ့ ဟုတ်လား” ဝမ်ရိရှင်းသည် တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ရိပ်မိသွားပြီး ထိုနေရာမှ ထွက်ပြေးရန် အခွင့်အရေး ရှာတော့သည်။

“မှန်တာပေါ့၊ အပြစ်က ဝမ်နောင်ကြီးရဲ့ အပြစ်ပဲ၊ ဝမ်တာအိုဆရာ... ခင်ဗျား အမှားပဲ၊ ကျွန်တော် ပြောခဲ့သလို မိန်းကလေးလော့က ဘေးဆောင်းပုလွေမှုတ်တာမှာ ကျွမ်းကျင်တာဗျ။ ဒါကို ဝမ်သခင်က မိန်းကလေးလော့နဲ့ တွေ့တိုင်း ဘာလို့ ပုလွေမှုတ်ပေးဖို့ပဲ တောင်းဆိုနေရတာလဲ"

“ပုလွေ မှုတ်တာက တခြား အဓိပ္ပာယ် ရှိသေးလို့လား” ဟု ဝမ်ရိရှင်းက နားမလည်နိုင်စွာ မေးပြန်သည်။

အကယ်၍ ‘ပုလွေ မှုတ်ပေးပါ’ ဆိုသည့် စကားကို ဝမ်ရိရှင်း၏ မူပိုင် စကားအပြောအဆိုများနှင့် ပေါင်းစပ်လိုက်လျှင် ၎င်းမှာ ရိုးရိုးသားသား တောင်းဆိုမှု မဟုတ်တော့ဘဲ ညစ်ညမ်းသော အဓိပ္ပာယ်သို့ ရောက်ရှိသွားပေပြီ။ အိမ်ထောင်မပြုရသေးသည့် အမျိုးသမီးတစ်ဦးအနေဖြင့် ထိုသို့ အပြောခံရပါက ဒေါသထွက်သည်မှာ မဆန်းပေ။

“ဟမ်.. ပုလွေမှုတ်တာက ပုလွေမှုတ်တာပဲလေ၊ တခြားဘာ ရှိဦးမှာလဲ” ဝမ်ရိရှင်းက ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။

“ဝမ်နောင်ကြီး... အဲ့ဒီတုန်းက မိန်းကလေးလော့ကို ပြောခဲ့တဲ့ စကားတွေကို ပြန်ပြောကြည့်ပါဦး” ဟုလီကျန့်ယီက တောင်းဆိုလိုက်သည်။

“ကျွန်တော်မျိုးက မိန်းကလေးကို မြင်မြင်ချင်း ချစ်မိသွားလို့... အလိုအလျောက် လက်ထပ်ချင်မိပါတယ်... မိန်းကလေးက သဘောတူပေးနိုင်မလား...” ဝမ်ရိရှင်းက သူပြောခဲ့သည့် စကားများကို တစ်လုံးချင်း ပြန်လည် ရွတ်ပြလိုက်၏။

“အင်း... ဒီလောက်အထိကတော့ လူကြီးလူကောင်း ဆန်ပါသေးတယ်။ နောက်ထပ်ကော ဘာပြောသေးလဲ”

“နောက်တော့... မိန်းကလေးက အသက်ဘယ်လောက်ရှိပြီလဲ၊ အိမ်ထောင်ရှိလားပေါ့။ အကယ်၍ မရှိသေးရင် လက်တွဲဖော် ရှာကြရအောင်... လှပတဲ့ အချိန်တွေကို အလဟဿ မကုန်ဆုံးစေဖို့ ကျွန်တော့်အတွက် ပုလွေလေးမှုတ်ပေးပါဦးပေါ့...” ဝမ်ရိရှင်းက ပြန်လည် စဉ်းစားကာ ပြောပြသည်။

“ကဲ... ဝမ်သခင် စဉ်းစားကြည့်ပါ။ ရှေ့မှာ လက်ထပ်ဖို့ ပြောပြီးမှ နောက်မှာ ပုလွ မှုတ်ခိုင်းတယ်ဆိုတော့... အဲ့ဒါက ဂီတကို တောင်းဆိုတာကနေ တခြား မလျော်ကန်တဲ့ အဓိပ္ပာယ်ကို သက်ရောက်သွားပြီ မဟုတ်လား”အကယ်၍ ဝမ်ရိရှင်းအနေဖြင့် သူ၏ မူပိုင် စနောက်သည့် စကားများကို မသုံးဘဲ ပုလွေမှုတ်ပေးရန်သာ တောင်းဆိုခဲ့ပါက လော့ယန်လုဘက်က နားလည်မှုလွဲမည် မဟုတ်ပေ။

“ရှေ့က စကားတွေက နည်းနည်း လော်လီနေပြီးမှ နောက်ကနေ ပုလွေမှုတ်ခိုင်းတယ်ဆိုတော့ ဘယ်သူက နားလည်မှု မလွဲဘဲ နေမှာလဲဗျာ” ဟု လီကျန့်ယီက ရှင်းပြလိုက်၏။

“အင်း... အဲ့ဒါကတော့ ဟုတ်သလိုလိုပဲ။ ဒါပေမဲ့ ကျွန်တော်က သူမရဲ့ ပုလွေသံကို တကယ် ကြားချင်ခဲ့တာပါ။ မိန်းကလေးလော့ဘက်က တခြား စိတ်မရှိရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး” ဝမ်ရိရှင်းက သူတစ်ယောက်တည်း အပြစ်မဟုတ်ဟု ခံစားနေရဆဲ ဖြစ်သည်။

ထိုအခါ လီကျန့်ယီမှာ အမှန်တကယ် ဆွံ့အသွားပြီး “ဝမ်နောင်ကြီး... မျက်လုံးကို သေသေချာချာ ဖွင့်ကြည့်ပါဦး။ မိန်းကလေးလော့ ကိုင်ထားတာက ပုလွေလား၊ ခဲတံပုလွေလားဆိုတာကို၊ မိန်းကလေးလော့က ဘေးဆောင်းပုလွေမှုတ်တာ ကျွမ်းကျင်တာဗျ၊ ခဲတံပုလွေမှုတ်တာကိုမမှုတ်တတ်ဘူး"(မှတ်ချက်။ ။ ခဲတံပုလွေ မှုတ်သည် ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ် သက်ရောက်သော အသုံးအနှုန်း တစ်ခုလည်း ဖြစ်သည်။)

“ပုလွေမှုတ်တာပဲဖြစ်ဖြစ်၊ ခဲတံပုလွေမှုတ်တာပဲဖြစ်ဖြစ် အတူတူပဲ မဟုတ်ဘူးလား” ဝမ်ရိရှင်းက နားမလည်နိုင်အောင် ဖြစ်နေဆဲ။

ဘေးတွင် ရပ်ကြည့်နေသော ကျောက်ယုကျန်းကပင် မနေနိုင်တော့ဘဲ မျက်နှာကို လက်ဖြင့်အုပ်ကာ “နောင်ကြီး... အဓိကက ပုလွေလား၊ ခဲတံပုလွေမဟုတ်ဘူးဆိုတာ မဟုတ်ဘူးဗျ။ နောင်ကြီးရဲ့ ရှေ့က လော်လီတဲ့ စကားတွေကြောင့် ပုလွေမှုတ်ခိုင်းတာက ပိုပြီး ရိုင်းစိုင်းသွားတာကို ပြောတာ" ဟု ဝင်ပြောလိုက်ရတော့သည်။

“အင်... အဲ့လိုလား။ ဒါဆို ကျွန်တော်မျိုးက ပြည့်တန်ဆာရုံက လူမိုက်တွေလို အပြောအဆိုမျိုး ဖြစ်သွားတာပေါ့နော်” ကျောက်ယုကျန်း၏ စကားကို ကြားမှ ဝမ်ရိရှင်းသည် အရာအားလုံးကို ရုတ်တရက် နားလည် သဘောပေါက်သွားခဲ့သည်။

“အော်... ပုလွေမှုတ်ခိုင်းတာက နဂိုက နားလည်မှုလွဲစရာ မရှိပေမဲ့၊ ကျွန်တော့်ရဲ့ အလှူခံတဲ့ စကားတွေနဲ့ ပေါင်းလိုက်တော့ အဓိပ္ပာယ်က မမှန်တော့တာကိုး" ဝမ်ရိရှင်းက သူ့ဘာသာ ရေရွတ်ရင်း အမှန်တရားကို သိမြင်သွားသည်။

ထို့နောက် သူသည် လော့ယန်လုကို အားနာစွာ ကြည့်ကာ “မိန်းကလေးလော့... ကျွန်တော့်အမှားပါ၊ ပုလွေနဲ့ ခဲတံပုလွေကို သေချာ မခွဲခြားတတ်လို့ ဒီလို နားလည်မှုလွဲတာတွေ ဖြစ်ကုန်တာပါ၊ တောင်းပန်ပါတယ်ဗျာ”

“ထားလိုက်ပါတော့... ဝမ်သခင်က တမင်တကာ လုပ်တာ မဟုတ်ဘူးဆိုရင်လည်း ပြီးပြီးသား ကိစ္စတွေအဖြစ်ပဲ သတ်မှတ်လိုက်ပါ့မယ်” လော့ယန်လုသည် အကျိုးအကြောင်း မသိတတ်သူ မဟုတ်သဖြင့် နားလည်မှုလွဲမှန်း သိသွားသောအခါ ဆက်လက် စိတ်မဆိုးတော့ပေ။

တစ်ဖက်တွင်လည်း သူမသည် ရှို့ရွှေဗိမာန်၌ ရှိစဉ်က ဝမ်ရိရှင်းကို လီကျန့်ယီက စာသင်ပေးနေသည်ဟု ပြောခဲ့ခြင်း၏ အဓိပ္ပာယ်ကို ယခုမှ သဘောပေါက်သွားတော့သည်။ယခုတစ်ကြိမ်တွင် လီကျန့်ယီသည် ဝမ်ရိရှင်းကို စာသင်ပေးရုံသာမက၊ ပုလွေနှင့် ခဲတံပုလွေ တို့၏ ခြားနားချက်ကိုပါ လက်တွေ့ သင်ပြလိုက်ခြင်းပင် ဖြစ်သည်။

(အပေါ်ကနေ အပေါက်တစ်ပေါက်သာပါသည့်ပုလွေကို ခဲတံပုလွေဟု‌ ခေါ်သည်။ထောင်ပြီး မှုတ်ရသည့်တူရိယာတစ်မျိူးပါရှင့်။)

All Chapters