မိုးစက်နာခံဓား
Vol. 8 Ch. 77
ဓားနှလုံးဂူဗိမာန်၌ လီကျန့်ယီ၏ ပြန်လည်ရှင်းပြမှုကြောင့် ဝမ်ရိရှင်းနှင့် လော့ယန်လုတို့ကြားရှိ နားလည်မှုလွဲမှားမှုများမှာ ပြေလည်သွားသည်။ ထိုအခါ လီကျန့်ယီသည် ဝမ်ရိရှင်းအား ကြည့်ကာ "ကဲ... ဝမ်ညီလေး၊ မိန်းကလေးလော့နဲ့ နားလည်မှုလွဲတာတွေလည်း ရှင်းသွားပြီဆိုတော့ ဓားဆောင်ကို မြန်မြန်ဆန်ဆန် သန့်ရှင်းရေးလုပ်လိုက်ပါဦး" ဟု ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
လီကျန့်ယီသာ ကြားဝင်မဖြေရှင်းပေးခဲ့ပါက ဝမ်ရိရှင်းမှာ လော့ယန်လု၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ကြောင့်လည်း သူသည် ဝမ်ရိရှင်းကို မခန့်လေးစား ခိုင်းစေပိုင်ခွင့်ရှိသည်ဟု မှတ်ယူထား၏။ အကြောက်တရားများ ကင်းစင်သွားပြီဖြစ်သော ဝမ်ရိရှင်းသည်လည်း လီကျန့်ယီ၏ စကားကို ငြင်းဆန်ခြင်းမရှိဘဲ ပျော်ရွှင်စွာပင် အလုပ်လုပ်ရန် ထွက်ခွာသွားတော့သည်။
ထို့နောက် လီကျန့်ယီသည် ကျန်ရှိနေသူများကို ကြည့်ကာ "ကဲ... အားလုံးပဲ၊ မမှောင်ခင် ဓားနှလုံးဂူဗိမာန်ကို လိုက်ပြပေးပါ့မယ်" ပြောကာ လှည့်ပတ်ပြဖို့ခေါ်သွားလေသည်။
လမ်းလျှောက်နေစဉ်အတွင်း လော့ရွှေသည် ဟန်ယီ၏ လက်ကလေးကို ဆွဲကိုင်ထားရင်း "ဟန်ယီရဲ့ အဖိုးဆီမှာ သမီးရဲ့ဆရာက ဆရာကတော်အတွက် ဓားတစ်လက် ရွေးခိုင်းမယ်လို့ ပြောထားတယ်မလား။ သမီးအဖိုး သွန်းလုပ်တဲ့ဓားတွေက ကောလာဟလတွေအတိုင်း တကယ်ပဲ ကျော်ကြားသလားဆိုတာ ကြည့်ချင်သေးတယ်" ဟု ပြုံးလျက် မေး၏။
လီဟန်ယီသည်လည်း လီကျန့်ယီကို လှမ်းကြည့်ကာ "ယီယီ... ဆရာကတော်ကို ဝှက်ထားတဲ့ဓားဆောင်ဆီ ခေါ်သွားရင် ဘယ်လိုလဲ" ဟု အကြံပြုသည်။
ထိုအခါ လီကျန့်ယီက "ဟန်ယီ... အခု ငါက ဗိမာန်သခင် မဟုတ်သေးဘူးလေ၊အဖိုးကိုပဲ မေးကြည့်ပါ သူက ဗိမာန်သခင်ပဲဥစ္စာ" ဟု ပြောကာ ဘေးတွင် ရပ်နေသော လီဆူးဝမ်ကို ညွှန်ပြလိုက်သည်။
လီဟန်ယီသည် သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် လီဆူးဝမ်ကို ကြည့်ကာ "အဖိုး..အဖိုး." ဟု ချွဲနွဲ့လိုက်ရာ လီဆူးဝမ်မှာ မငြင်းနိုင်တော့ပေ။ "ဟားဟား... ကောင်းပြီလေ။ အဖိုးက ဟန်ယီရဲ့ ဆရာကတော်ကို ဓားဆောင်ဆီ ခေါ်သွားပြီး ဓားကောင်းတစ်လက် ရွေးပေးမှာပေါ့" ဟု ပြောကာ အားလုံးကို ဝှက်ထားသော ဓားဆောင်ဆီသို့ ဦးဆောင်ခေါ်သွားတော့သည်။
ထိုဓားဆောင်ထဲသို့ ရောက်ရှိသွားချိန်တွင် အားလုံးမှာ အံ့အားသင့်သွားရသည်။ အထက်တွင် ချိတ်ဆွဲထားသော နာမည်ကျော်ဓားပေါင်း များစွာရှိနေပြီး အဆင့်မြင့်ဓားများမှာ နေရောင်အောက်တွင် တလက်လက်တောက်ပနေသည်။
လီဆူးဝမ်သည် လော့ရွှေကို ကြည့်ကာ "သခင်မလော့... စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ကျွန်တော့်မြေးမလေးရဲ့ ဆရာကတော်လည်း ဖြစ်နေတော့ ကျွန်တော် မနှမြောပါဘူး။ နှစ်သက်တယ်ဆိုရင် နှစ်လက်လောက်တောင် ရွေးသွားလို့ ရပါတယ်" ဟု သဘောထားကြီးစွာပင်ပြောလိုက်သည်။
လော့ရွှေသည် များပြားလှသော ဓားများကြားတွင် လှည့်လည်ကြည့်ရှုပြီးနောက် 'မိုးစက်နာခံဓား' ကို သဘောကျသွားသည်။ ထိုဓားမှာ ငွေရောင်အဆင်းရှိပြီး လက်ဖြင့် ထိတွေ့လိုက်လျှင် သက်ရှိတစ်ခုကဲ့သို့ တုံ့ပြန်မှုရှိသည်။ "အကြီးအကဲလီ. ကျွန်မ ဒီမိုးစက်နာခံဓားကိုပဲ ယူပါ့မယ်" သူမက ဓားကိုသဘောကျစွာကြည့်ပြီးပြောသည်။
လီဆူးဝမ်က အခြားဓားတစ်လက် ထပ်မံရွေးရန် တိုက်တွန်းသော်လည်း လော့ရွှေက ငြင်းပယ်လိုက်၏။
"မလိုတော့ပါဘူး အကြီးအကဲလီ၊ ကျွန်မရဲ့ ယောင်္ကျားက အခုမှ ချစ်စရာကောင်းတဲ့ တပည့်မလေးတစ်ယောက် ရထားတာ ဆိုတော့ ဒီဓားကို သူမအတွက် လက်ဆောင်ပေးချင်လို့ပါ" လော့ရွှေက သူမလက်ထဲရှိသည့် ဓားကို လီဟန်ယီထံ ကမ်းပေးလိုက်သည်။
လီဟန်ယီသည် ဓားကို လှမ်းယူကာ "ကျေးဇူးတင်ပါတယ် ဆရာကတော်" ဟုလိမ္မာယဉ်ကျေးစွာ ပြောကာ လက်ခံလိုက်သည်။ ထိုအခါ လော့ရွှေက "ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါက မင်းအဖိုးရဲ့ ဓားပဲဥစ္စာ" ဟု ဆိုကာ ဟန်ယီ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။
လီဟန်ယီသည် ဓားကို တင်းတင်းဆုပ်ကိုင်ရင်း လေးနက်စွာပြောသည်။ "ဆရာကတော်ကို ကျေးဇူးတင်ရမှာပါ၊ ကျွန်မရဲ့ အမေက ဟန်ယီကို မိန်းမကောင်းတစ်ယောက် ဖြစ်ရမယ်လို့ ဆုံးမထားပါတယ်"
လော့ရွှေက ပြုံးကာ "ဟုတ်လား... ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ မိန်းမဆိုးတွေကိုမှ ကြိုက်တာတဲ့လေ" ဟု စနောက်လိုက်၏။
ထိုစကားကို ကြားလျှင် လီဟန်ယီသည် မျက်မှောင်ကြုတ်သွားပြီး မိုးစက်နာခံဓားကို ချက်ချင်း ဆွဲထုတ်လိုက်ကာ "ကျွန်မရဲ့ လက်ထဲက ဓားကိုသုံးပြီး သူ့ကို မိန်းမကောင်းတစ်ယောက်ကိုပဲ ချစ်လာအောင် လုပ်ပြပါ့မယ်" ဟု အတည်ပေါက် ကြွေးကြော်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး လီဆူးဝမ်နှင့် လော့ရွှေတို့မှာ အံ့အားသင့်သွားကြသည်။ အကြောင်းမှာ မိုးစက်နာခံဓားကဲ့သို့ စိတ်ဝိညာဉ်ပါသော ဓားကို သာမန်လူတစ်ယောက်အနေဖြင့် အလွယ်တကူ ဆွဲထုတ်နိုင်ရန် မဖြစ်နိုင်သောကြောင့်ပင်။
လီကျန့်ယီမှာမူ ကြောင်တောင်တောင် ဖြစ်သွား၏။ နောင်တစ်ချိန်တွင် ရွှေလမြို့တော်၏ နတ်ဓားရှင်မ ဖြစ်လာမည့်သူက သူအား မိန်းမကောင်းများကိုသာ ကြိုက်စေရန် မည်သို့ နှိပ်စက်ဦးမည်ကို တွေးတောရင်း ကျောချမ်းသွားရသည်။
"ယီယီ... တစ်နေ့ကျရင် ငါက နင်ထက် ပိုပြီး သန်မာလာစေရမယ်" ဟန်ယီက ခိုင်မာသော စိတ်ဓာတ်ဖြင့် ပြောလိုက်သည်။ သူမသည် လီကျန့်ယီကို လမ်းမှားသို့ မရောက်စေရန်အတွက် ဓားပညာကို ကြိုးစားသင်ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လီကျန့်ယီမှာမူ သူမ၏ အမူအရာကို ကြည့်ကာ စိတ်ထဲမှ ရယ်မောနေမိ၏။ ရှောင်ဟန်ယီသည် နောင်တစ်ချိန်တွင် သူမကိုယ်တိုင်ကသာ ထို 'မိန်းမဆိုး' ဖြစ်လာမည်ကို သိသွားချိန်၌ မည်သို့သော မျက်နှာပေးမျိုး ရှိနေမည်ကို သူ အလွန်ပင် သိချင်နေသည်။