လျှော်ကြေး
Vol. 8 Ch. 80
ဓားနှလုံးကျောက်ဆောင်တွင် အမြဲလေ့ကျင့်နေသော လီကျန့်ယီ၏ ခွန်အားသည် နှစ်ရက်အကြာတွင် ထပ်မံတိုးတက် လာခဲ့သည်။ မူလက ချုပ်နှောင်မဲ့အဆင့်၏ ၃ ရာခိုင်နှုန်းသာရှိရာမှ ယခုအခါ ၂၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့၏။ အစောပိုင်းကာလများ ပြီးဆုံး၍ အလယ်အလတ်ကာလသို့ ရောက်ရှိလာချိန်တွင် ၎င်းတို့၏ အင်အားမှာ သိသိသာသာ အားကောင်းလာသည်။
လီကျန့်ယီ ဓားလေ့ကျင့်နေစဉ်မှာပင် ဓားနှလုံးဂူဗိမာန်မှ မိန်းကလေးတပည့်လေး ရှောင်ပိုင် ရောက်ရှိလာပြီး သတင်းပို့သည်။ "သခင်လေး... တန်ဂိုဏ်းက အကြီးအကဲတန် ရောက်ရှိနေပါတယ်။ ဗိမာန်သခင်က တန်ပြန်အစီအမံတွေ ဆွေးနွေးဖို့အတွက် သခင်လေးကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်"
လီကျန့်ယီက "ကောင်းပြီ၊ ငါနားလည်ပြီ" ဟု ပြန်ပြောကာ သစ်သားဓားကို အိမ်ထဲသို့ ပြန်သွင်းပြီး မရဏဓားကို ကျောပိုး၍ ထွက်လာပြီး လီဆူးဝမ်ကို တွေ့သောအခါ "ဆရာ" ဟု ရိုသေစွာ နှုတ်ဆက်လိုက်၏။
လီဆူးဝမ်က "အင်း... အဲဒီတုန်းက အကြီးအကဲတန်က မင်းနဲ့ ဟန်ယီအပေါ် အခက်အခဲတွေ ဖြစ်အောင် လုပ်ခဲ့တာ။ ဒီနေ့ အကြီးအကဲတန်ကို လက်ဖက်ရည်တိုက်ဖို့ အထဲပေးဝင်မလား၊ ခွင့်လွှတ်မလား ဆိုတာကတော့ မင်းရဲ့ သဘောထားအပေါ်မှာပဲ မူတည်တယ် ယီယီ" ဟုပြောကာ ဆုံးဖြတ်ချက်ကို မြေးဖြစ်သူထံ လွှဲပေးလိုက်သည်။
လီကျန့်ယီက ခေါင်းညိတ်ပြပြီး "ကောင်းပါပြီ ဆရာ၊ ကျွန်တော်တို့ ပြန်ရအောင်" ဟု တွေဝေခြင်းမရှိဘဲ ပြောဆိုလိုက်၏။ လီဆူးဝမ်မှာ အံ့အားသင့်သွားကာ မေးလိုက်၏။"ပြန်... ပြန်မယ် ဟုတ်လား"
"အဲဒီတုန်းက အကြီးအကဲတန်က ဓားနှလုံးဂူဗိမာန်ကို မျက်နှာသာမပေးခဲ့ဘူးလေ၊ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ကလည်း သူ့ကို မျက်နှာသာပေးဖို့ မလိုပါဘူး။ သူရောက်လာတာ မှန်ပေမဲ့ အထဲပေးဝင်ဖို့နဲ့ မဝင်ဖို့က ကျွန်တော်တို့အလုပ်ပဲ။ သူတို့ကို တစ်ရက်လောက် ဒီအတိုင်း ပစ်ထားလိုက်ရအောင်" လီကျန့်ယီက ခိုင်မာစွာပြောသည်။
လီဆူးဝမ်က "ဒါပေမဲ့... ဒီတစ်ခေါက် အကြီးအကဲတန်က တန်ဂိုဏ်းရဲ့ နံပါတ်တစ် အဆိပ်ပညာရှင်ကိုပါ ခေါ်လာတာ။ ငါတို့က သူတို့ကို ဒေါသထွက်အောင်လုပ်ရင် ဓားနှလုံးဂူဗိမာန်ထဲမှာ အဆိပ်တွေ သုံးလာမှာကို စိုးရိမ်မိတယ်"သူစိုးရိမ်နေသည့် အကြောင်းကိုပြောလိုက်၏။
လီကျန့်ယီက "သူတို့သာ လုပ်ရဲရင်လုပ်ကြည့်စမ်းပါ၊ သူတို့က ဒီဂူဗိမာန်ကနေ ဘယ်တော့မှ အသက်ရှင်လျက် ပြန်ထွက်သွားရမှာ မဟုတ်ဘူး" ဟု ပြတ်သားစွာ ပြောသည်။ လီကျန့်ယီ၏ ယုံကြည်မှုကို မြင်သောအခါ လီဆူးဝမ်သည်လည်း ဆက်လက် တွေဝေခြင်း မရှိတော့ပေ။
ဂူဗိမာန်အပြင်ဘက်တွင်မူ အကြီးအကဲတန်က ရထားလုံးထဲတွင် ထိုင်ကာ "ဓားနှလုံးဂူဗိမာန်ကလူတွေ ထွက်မလာသေးဘူးလား" ဟု မေးမြန်းနေသည်။တန်လျောင်ဟွမ်က မျက်မှောင်ကြုတ်ကာ"သူတို့ ထွက်လာတယ်၊ ဒါပေမဲ့ ပြန်ဝင်သွားကြပုံရတယ်" ဟု ပြန်ဖြေ၏။
"သူတို့က ငါတို့ကို ဒီအတိုင်း ပစ်ထားဖို့ ကြံနေတာလား" အကြီးအကဲတန်က လှောင်ပြောင်လိုက်၏။ ဒုတိယအကြီးအကဲ တန်လျောင်ဟွမ်က ဝင်တိုက်ရန် အမူအရာပြကာ "အကြီးအကဲ... ကျွန်တော်တို့ တန်ဂိုဏ်းကို ပြန်ကြမလား၊ ဒါမှမဟုတ်..." ဟု မေးရာ အကြီးအကဲတန်က "မပြန်နဲ့၊ ငါတို့ ဘာအတွက် လာတာလဲဆိုတာ မမေ့နဲ့" ဟုပြောကာ ပြန်ငြိမ်နေလိုက်သည်။
သူတို့ ကြောက်ရွံ့သည်မှာ ဓားနှလုံးဂူဗိမာန်ကို မဟုတ်ဘဲ လောကနံပါတ်တစ်ပုဂ္ဂိုလ် ရှိနေသည့် ရွှေလမြို့တော်ကိုသာ ဖြစ်သည်။ ထို့ကြောင့် တန်ဂိုဏ်း၏ အနာဂတ်အတွက် မည်သို့ပင်ဖြစ်စေ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရခြင်း ဖြစ်၏။
တစ်ရက်ကြာပြီးနောက် လီကျန့်ယီသည် အကြီးအကဲတန်တို့ ရှိနေဆဲဖြစ်ကြောင်း သိရသောအခါ "ဒီအဖိုးကြီးက တကယ်ကို စိတ်ရှည်တာပဲ" ဟု ရေရွတ်လိုက်သည်။
လီကျန့်ယီသည် အကြီးအကဲတန်အား တစ်ရက်စောင့်ခိုင်းခြင်းဖြင့် အငြိုးကို ပြေပျောက်စေခဲ့သော်လည်း အမှန်တကယ် လျော်ကြေးအဖြစ် ငွေစ တောင်းခံရန် ကြံရွယ်ထား၏။ လီကျန့်ယီသည် ဂူဗိမာန်အပြင်ဘက်သို့ ထွက်လာလိုက်သည်။
အကြီးအကဲတန်သည် လီကျန့်ယီ၏ ခွန်အားကို ကြည့်ပြီး ၎င်းသည် တန်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်နှင့် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်ကြောင်း မြင် သောအခါ အံ့အားသင့်သွားသည်။
ဂိုဏ်းချုပ်တန်က အံ့ဩသည့်အမူအရာကို သိုဝှက်ပြီး စတင်ချီးကျူးလိုက်သည်။"သခင်လေးလီက အသက် ၁၃ နှစ်တောင် မပြည့်သေးဘူး၊ ဒါပေမဲ့ ငါရဲ့ ကျင့်ကြံခြင်းနဲ့ နီးစပ်နေပြီပဲ”
သို့သော် လီကျန့်ယီက "ချင်းကျိူးက ကိစ္စတွေကို အရင်ရှင်းရအောင်၊ ပြီးမှ လက်ဖက်ရည်အကြောင်း ပြောကြတာပေါ့" ဟု ပြောကာ အလျော်အစား တောင်းဆိုလိုက်၏။
ဒုတိယအကြီးအကဲ တန်လျောင်ဟွမ်က ဒေါသတကြီးဖြင့် "ငါတို့က ဒီမှာ တစ်ရက်လုံး စောင့်ခဲ့ရတာပဲ၊ ဒါနဲ့တင် မလုံလောက်သေးဘူးလား" ဟု အော်ဟစ်သည်။ သို့သော် လီကျန့်ယီက "လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ပြီးရင် ဆေးကုသစရိတ် ပေးရတာ ထုံးစံပဲလေ" ဟု ပြန်လည် တုံ့ပြန်လိုက်၏။
လီကျန့်ယီသည် ငွေစ တစ်သောင်းတောင်းဆိုလိုက်ရာ ဒုတိယအကြီးအကဲက "ဒါက တန်ဂိုဏ်းရဲ့ ခြောက်လစာ ဝင်ငွေပဲ၊ မဖြစ်နိုင်ဘူး" ဟု ငြင်း နေချိန်အကြီးအကဲတန်ကမူ "မင်းရဲ့ အစွမ်းကို သက်သေပြနိုင်မှ ငါတို့က ဒီလျော်ကြေးကို ပေးမယ်" ဟု အခြေအနေကို ထိန်းလိုက်၏။
လီကျန့်ယီက အေးစက်စွာ ရယ်မောလိုက်ပြီး "နန်းတော်က ထိပ်သီးပညာရှင် ကျို့ရှင်းကိုတောင် ကျွန်တော် တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာ။ အကြီးအကဲတန်က ဒုဂိုဏ်းချုပ်ကို ကျို့ရှင်းလို လမ်းမျိုး လိုက်ခိုင်းချင်လို့လား" ဟုပြန်မေး၏။
ထိုစကားကြောင့် အကြီးအကဲတန်၏ မျက်နှာ ပျက်သွားသည်။ကျို့ရှင်း၏ အစွမ်းမှာ မည်မျှ ကြီးမားကြောင်း သူတို့ကောင်းကောင်း သိထားသည်။ လီကျန့်ယီက ကျို့ရှင်းးကို သတ်နိုင်သည်ဆိုလျှင် တန်လျောင်ဟွမ်မှာ လီကျန့်ယီ၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာသည်။ တိုက်ခိုက်လျှင်လည်း ဒုဂိုဏ်းချုပ်ကို ဆုံးရှုံးရနိုင်သလို၊ မတိုက်ခိုက်ဘဲ လျော်ကြေးပေးလျှင်လည်း တန်ဂိုဏ်း၏ သိက္ခာ ကျဆင်းမည်ဖြစ်ရာ အကြီးအကဲတန်မှာ အကျပ်ရိုက်သွားရတော့သည်။