← Chapters

ရွှေလမြို့တော် ခရီး

Vol. 9 Ch. 81

ရွှေလမြို့တော် ခရီး

Vol. 9 Ch. 81

လီဆူးဝမ်က ဓားမျှော်စင်ကို ပြန်ရောက်လာကာ လီကျန့်ယီပြောသည့်အတိုင်း ဂိုဏ်းချုပ်တန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်တန်၊ ရွှေလမြို့တော်ရဲ့ မြေပုံကို တန်မျိုးနွယ်စုဆီ ပေးဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငွေနဲ့တော့ လဲလှယ်ရမယ်"

"ဝယ်ရမယ် ဟုတ်လား" ဂိုဏ်းချုပ်တန်သည် အနည်းငယ် အံ့အားသင့်သွားပြီး ဓားနှလုံးဂူဗိမာန်မှ လူများမှာငွေမက်လှ သည်ဟု စိတ်ထဲမှ တွေးနေမိသည်။ ဤလူများအားလုံးမှာ တန်မျိုးနွယ်စုကို ဓားစာခံလုပ်၍ ငွေညှစ်ရန် ကြိုးစားနေကြသည် မဟုတ်ပါလား။

"ကောင်းပြီလေ၊ ငွေတုံး နှစ်သောင်းနဲ့ ဒီမြေပုံကို တန်မျိုးနွယ်စုကို ပေးမယ်၊ ဒီမြေပုံက ဓားနှလုံးဂူဗိမာန်မှာရှိတဲ့ နောက်ဆုံး မြေပုံပဲ " လီဆူးဝမ်က အခိုင်အမာ ပြောလိုက်သည်။

"ငွေတုံး... နှစ်သောင်း ဟုတ်လား၊ ဗိမာန်သခင်လီ နောက်ပြောင်နေတာလား" ဂိုဏ်းချုပ်တန်၏ နှုတ်ခမ်းများ အနည်းငယ် တုန်ယင်သွားသည်။

"နောက်ပြောင်နေတာ မဟုတ်ဘူး၊ အရာဝတ္ထုတွေက ရှားပါးလေ တန်ဖိုးရှိလေပဲ၊ ပြီးတော့ ဒါက ရွှေလမြို့တော်ရဲ့ တစ်ခုတည်းသော ကျန်ရှိတဲ့ မြေပုံပဲလေ၊ဂိုဏ်းချုပ်တန် အလိုရှိတယ်ဆိုရင် ငွေတုံး နှစ်သောင်းနဲ့ လဲလှယ်နိုင်ပါတယ်၊ မလိုချင်ဘူးဆိုရင်လည်း ဒီမြေပုံကိစ္စကို ဒီမှာတင် ရပ်လိုက်ကြရအောင်" ဟု လီဆူးဝမ်က ပြောလိုက်၏။

"ဂိုဏ်းချုပ် ... ဓားနှလုံးဂူဗိမာန်က ကျွန်‌တော်တို့ တန်မျိုးနွယ်စုကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား၊ မြေပုံတစ်ချပ်ကို ဘာလို့ ဒီလောက် စျေးကြီးပေးနေရတာလဲ"ဒုတိယအကြီးအကဲ တန်လျောင်ဟွမ်က မခံမရပ်နိုင်ဖြစ်ကာ ဝင်ပြောသည်။

ထိုအခါ အဖိုးအိုတန်က သူကို စိုက်ကြည့်လျက် "လျောင်ဟွမ်.. သခင်လေးလီရဲ့ ဓားက ကျို့ရှင်းကို သတ်နိုင်မှ‌တော့၊ ငါတို့ကိုလည်း သတ်နိုင်မှာပဲ မဟုတ်ဘူးလား" ဟု မေးခွန်းထုတ်လိုက်သည်။

"သူ ဒီမှာ ရှိနေရင်တောင် အခြေအနေက သိပ်ထူးခြားမှာ မဟုတ်ပါဘူး၊ အကယ်လို့ ကျွန်တော်နဲ့ ဂိုဏ်းချုပ်သာ ပူးပေါင်းလိုက်ရင် ဓားနတ်ဘုရားတစ်ပါးကိုတော့ နိုင်နိုင်ပါတယ်" တန်လျောင်ဟွမ်က စိတ်ထဲတွေးတောရင်း ပြောလိုက်သည်။

"ဒုတိယအကြီးအကဲက ငါ့ရဲ့ဓား ထက်မထက်ဆိုတာ စမ်းသပ်ချင်လို့လား" လီဆူးဝမ်သည် ခါးရှိ ကွမ်းရွှယ်ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ချုပ်နှောင်မဲ့အဆင့်၏ နှောင်းပိုင်းအရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။

ဤအရှိန်အဝါသည် အဖိုးအိုတန်ထက် မသာလွန်သော်လည်း တန်လျောင်ဟွမ်ကို ယှဉ်ပြိုင်ရန် လုံလောက်သည်။

"ချုပ်နှောင်မဲ့အဆင့်ရဲ့ နှောင်းပိုင်းလား" တန်လျောင်ဟွမ်၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။

အတိတ်ကာလက တန်မျိုးနွယ်စုသည် ဓားနှလုံးဂူဗိမာန်ကို လေးစားမှု မရှိခဲ့သော်လည်း ယခုအခါ လီဆူးဝမ်သာမက လီကျန့်ယီပါ ရှိနေပြီ ဖြစ်သည်။ လီကျန့်ယီသည် စုစုပေါင်းအင်အားအရ တန်မျိုးနွယ်စုထက် အားနည်းနိုင်သော်လည်း တစ်ဦးချင်း အစွမ်းအစတွင်မူ ကျော်ဖြတ်ရန် ခက်ခဲသော အတားအဆီးတစ်ခု ဖြစ်ပေသည်။တန်မျိုးနွယ်စုတွင် သူကို တစ်ဦးတည်း ရင်ဆိုင်နိုင်သူ ရှိမည်မဟုတ်ပေ။

"လျောင်ဟွမ်... ထားလိုက်တော့၊ ငွေတုံး နှစ်သောင်းဆိုတာ ဘာများ ခက်ခဲလို့လဲ၊ ပေးလိုက်ရုံပေါ့" ခေတ္တမျှ စဉ်းစားပြီးနောက် ဂိုဏ်းချုပ်တန်က ဆုံးဖြတ်လိုက်သည်။ ဤပမာဏက တန်မျိုးနွယ်စုအတွက် တစ်နှစ်စာ ဝင်ငွေမျှသာ ဖြစ်ပြီး အဆိုးဆုံးအနေဖြင့် နောက်နှစ်နှစ်တွင် အသုံးစရိတ် အနည်းငယ် လျှော့ချလိုက်ရုံသာရှိမည်။ ထို့ပြင် တန်မျိုးနွယ်စုသည် နှစ်ပေါင်းများစွာအတွင်း ပစ္စည်းဥစ္စာများကို စုဆောင်းထားသည်။

ရွှေလမြို့တော်နှင့် မဟာမိတ်ဖွဲ့ရန် ငွေတုံး နှစ်သောင်း သုံးစွဲရခြင်းမှာ ထိုက်တန်သည်ဟု ယူဆထားသည်။ ထို့ပြင် ဤငွေပမာဏမှာ တန်မျိုးနွယ်စု ဌာနချုပ်၏ ဝင်ငွေသာဖြစ်ပြီး၊ ဂိုဏ်းခွဲများတွင်လည်း ငွေကြေးများစွာ ရှိနေသေးသည်။ ထို့ကြောင့် ဤအရောင်းအဝယ်မှာ အကျိုးရှိသည်ဟု ဆိုနိုင်ပေသည်။

"ဂိုဏ်းချုပ်တန်က တကယ်ကို ရက်ရောတာပဲ" လီဆူးဝမ်သည် ရွှေလမြို့တော် မြေပုံကို ထုတ်ယူလိုက်ပြီး "ပစ္စည်းပေး ငွေချေစနစ်ပဲနော်" ဟု ပြောလိုက်သည်။

"ကောင်းပါပြီ"အဖိုးအိုတန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက်

"တန်လျန်ယွဲ့က ရက်အနည်းငယ်အတွင်း ဓားနှလုံးဂူဗိမာန်ကို ငွေတွေ ယူလာပေးပါလိမ့်မယ်၊ ကျွန်‌တော်တို့ကို ခွင့်ပြုပါဦး ဗိမာန်သခင်လီ" ဟု နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။ လီဆူးဝမ်သည်လည်း လုပ်ငန်းသဘောအရ အပြုံးတုလေးဖြင့် "လိုက်မပို့တော့ပါဘူး" ဟု ပြန်လည် ပြောလိုက်၏။

........

ဩဂုတ်လက ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဓားနှလုံးကျောက်ဆောင်တွင် အမြဲလေ့ကျင့်နေသော လီကျန့်ယီသည် ချုပ်နှောင်မဲ့အဆင့်၏ ၂၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ သူသည် ချုပ်နှောင်မဲ့အဆင့်၏ နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ကျီးရှားကျောင်းတော်မှ အကြီးအကဲလီနှင့် ပင်လယ်ရပ်ခြား ကျွန်းစုမှ မိုရီတို့ကလွဲ၍ ဤလောကတွင် သူ့ကို ခြိမ်းခြောက်နိုင်သူ မရှိသလောက်ပင် ဖြစ်သည်။

"ယီယီ... ဟန်ယီနဲ့ တွေ့ဖို့ ချိန်းထားတဲ့အချိန် ရောက်ပြီနော်၊ ရွှေလမြို့တော်ကို သွားပြီး ဟန်ယီကို တွေ့ဖို့ မမေ့နဲ့ဦး" လီကျန့်ယီ ဓားလေ့ကျင့်နေစဉ် လီဆူးဝမ် ရောက်ရှိလာပြီး သတိပေးလိုက်သည်။ထို့နောက် သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်ပေါက်လာကာ "ဒါနဲ့ ဆရာက ငွေတုံး တစ်သိန်းလောက် စုမိနေပြီ၊ မင်း လက်ထပ်ဖို့အတွက် ဒါက လုံလောက်မှာပါနော်" ဟု ပြောသည်။

"လုံလောက်ပါတယ် ဆရာ၊ ဆရာ ဒီလောက်အထိ ပင်ပင်ပန်းပန်း လုပ်စရာ မလိုပါဘူး" လီကျန့်ယီက မတတ်သာသည့် အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဟုတ်လို့လား၊ ဒါဆို မင်း ဘယ်အိမ်‌တော်ကအမျိုးသမီးကို သဘောကျလဲဆိုတာ ဆရာကို ပြောပြလေ၊ ဆရာ ကြိုတင်ပြင်ဆင်ထားလို့ ရအောင်လို့ပါ" ဟု လီဆူးဝမ်က စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ကာ မေးသည်။

"အချိန်မတန်သေးပါဘူး ဆရာ" လီကျန့်ယီက ခေါင်းခါကာ ပြောပြရန် ငြင်းဆန်လိုက်သည်။

"ဟုတ်တာပဲ၊ ငါ ကျီရူဖန်ကို ငွေဖြုန်းနိုင်တဲ့ အမျိုးသမီးတွေ ရှာပေးဖို့ အကူအညီ တောင်းထားပေမဲ့ အခုတလော ငွေတုံး သောင်းချီကို တစ်ခဏချင်း ဖြုန်းတီးနိုင်တဲ့ အမျိုးသမီးမျိုး မတွေ့သေးဘူး" ဟု လီဆူးဝမ်က စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။

"ဟို... ဆရာက အဲဒီလောက်အထိ စုံစမ်းနေတာလား" လီကျန့်ယီ အနည်းငယ် အံ့အားသင့်သွားသည်။

လီဆူးဝမ်က ရုတ်တရက် သတိရသည့်ပုံစံဖြင့် ‌ဆက်ပြောသည်။"ဒါပေါ့၊ ဒါနဲ့ ရွှေလမြို့တော်ကို သွားရင် ဟန်ယီကို ဝင်တွေ့ဖို့ မမေ့နဲ့ဦး၊ ဝမ်ဟူကျူးနဲ့ လဲ့ကျင်တို့လည်း ရွှေလမြို့တော်ကို သွားကြမှာဆိုတော့ မင်း သူတို့နဲ့ တူတူလိုက်သွားလို့ ရတယ်"

ကျီရူဖန်တို့လည်း မကြာမီ ရွှေလမြို့တော်သို့ သွားကြမည် ဖြစ်သဖြင့် လီကျန့်ယီကို သူတို့နှင့်အတူ လွှတ်လိုက်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

"ဆရာ...ဂိုဏ်းချုပ်ကျီတို့က ဘယ်တော့ ထွက်ခွာမှာလဲ" လီကျန့်ယီက မေးလိုက်သည်။တစ်‌‌ယောက်ထဲသွားရတာထက် အဖွဲ့လိုက်သွားရတာက ပို‌ကောင်းလိမ့်မည်။

"ငါ စာပို့ခိုနဲ့ သတင်းပို့ထားပြီးပြီ၊ နောက်နှစ်ရက်နေရင် ဓားနှလုံးဂူဗိမာန်မှာ ဆုံကြဖို့ ပြောထားတယ်" လီဆူးဝမ်က အကုန်ပြင်ဆင်ထားပေးသည်။

"ကောင်းပါပြီ" လီကျန့်ယီက ခေါင်းညိတ်လိုက်ပြီး သူ၏ ဓားပညာကို ဆက်လက် လေ့ကျင့်နေတော့သည်။

........

နှစ်ရက်အကြာတွင် မိုးကြိုးတံခါးမှ လဲ့ကျင်၊ ဝမ်မျိုးနွယ်စုမှ ဝမ်ဟူကျူးနှင့် ကျီရူဖန်တို့ ရောက်ရှိလာပြီးနောက် လီကျန့်ယီနှင့် အတူတူအဖွဲ့စုမိသွားပြီး ခရီးစတင်ကြသည်။ အဖွဲ့သားများသည် အနောက်ဘက်သို့ ဦးတည်ခရီးနှင်ကြသည်။

လမ်းခရီးတွင် ဝမ်ဟူကျူးသည် လီကျန့်ယီ၏ ပုခုံးကို ပုတ်ကာ ပြုံးလျက် မေးသည်။"သခင်လေးလီ... မင်းက ချင်းတုန်းမြို့က သရက်ကိတ်မုန့်ကို ကြိုက်တယ်လို့ ငါကြားတယ်"

"ငါတို့ ချင်းတုန်းမြို့ကို ဖြတ်သွားတဲ့အခါ ငါတူရဲ့အိမ်ကို ဝင်လည်မလား"

"အမတ်ကြီး ပိုင်လီရဲ့ အိမ်တော်လား" လီကျန့်ယီ အနည်းငယ် အံ့အားသင့်သွားသည်။

"ဟုတ်တယ်၊ မင်း သွားမှာလား၊ မင်း မုန့်စားနေတုန်း ဝမ်ယွီက မင်းကို အဆိပ်ခတ်မခတ်စေရဘူးလို့ ငါအာမခံတယ်" ဟု ဝမ်ဟူကျူးက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

လီကျန့်ယီမှာ ဆွံ့အသွားရသည်။ "မဟုတ်တာ၊ ကျွန်တော်က ဝမ်လော့ယွီနဲ့ ရန်ငြိုးရှိတာမှ မဟုတ်တာ၊ သူက ဘာလို့ ကျွန်တော့်ကို အဆိပ်ခတ်ရမှာလဲ" ဟု စဉ်းစားနေမိသည်။

"ထားလိုက်ပါတော့ စီနီယာဝမ်၊ မုန့်သွားဝယ်တာက ပြဿနာမရှိပေမဲ့ ဧည့်သည်အဖြစ် သွားဖို့ကတော့ မသင့်တော်ဘူး ထင်ပါတယ်" လီကျန့်ယီက ခေါင်းခါလိုက်သည်။

"ဘာကို မသင့်တော်တာလဲ အရမ်းသင့်တော်တယ်" ဟုဝမ်ဟူကျူးက ပြုံးလျက် ပြောလိုက်သည်။

...

တစ်ရက်အကြာတွင် ရွှေလမြို့တော်သို့ မရောက်မီ ချန်တုန်းမြို့သို့ အရင်ရောက်လာကြသည်။ မြို့ထဲသို့ ဝင်ရောက်ပြီးနောက် လီကျန့်ယီသည် ဟန်ယီလေးအတွက် လက်ဆောင်ဝယ်ပေးဖို့ စိတ်လှုပ်ရှားနေလေသည်။ဟန်ယီလေးသည် ယခုအခါ အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ကလေးမလေး မဟုတ်တော့ဘဲ အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် အရွယ်ရောက်လာသည့် ဟန်ယီလေးကို တွေ့ရရန် လီကျန့်ယီ မျှော်လင့်နေမိသည်။

"ဆိုင်ရှင်... ကျွန်တော့်ကို သရက်ကိတ် နှစ်ပွဲပေးပါ၊ယိုစုံ နှစ်ပွဲနဲ့ အစေ့အဆန် နှစ်ပွဲလည်း ပေးပါဦး"

ချန်တုန်းမြို့ရှိ မုန့်ဆိုင်လေးတွင် လီကျန့်ယီသည် ဟန်ယီလေးအတွက် လက်ဆောင်များ မှာယူနေသည်။ အနီးတွင် ရပ်နေသော ကျီရူဖန်နှင့် အခြားလူများက ခေါင်းခါရင်း ရယ်မောကြကာ "သခင်လေးလီက အစားမက်တုန်းပဲနော်" ဟု စနောက်ကြသည်။

"မဟုတ်ပါဘူးဗျာ၊ ဒါက ကျွန်တော်က ဟန်ယီလေးအတွက် ပြင်ဆင်‌ ပေးတဲ့ လက်ဆောင်ပါ၊ ကျွန်တော်က အစားမက်တာ မဟုတ်ပါဘူး" လီကျန့်ယီသည် နှုတ်ခမ်းထောင့်မှ သွားရည်များကို သုတ်ရင်း မလုံမလဲ ပြောလိုက်သည်။ထိုမြင်ကွင်းကို ကြည့်ပြီး လူတိုင်းမှာ တဟားဟား အော်ဟစ်ရယ်မောကြတော့သည်။

ဝမ်လော့ယွီ၊ ပိုင်လီချန်ဖုန်းတို့သည် ဝမ်ဟူကျူး ရောက်ရှိလာကြောင်း သတင်းရရှိပြီးနောက်တွင် လီကျန့်ယီတို့သည်လည်း ပိုင်လီတုန်းကျွင်း၏ မိဘများနှင့် နောက်ဆုံးတွင် တွေ့ဆုံရလေသည်။

"အစ်ကို... အစ်ကိုတို့က ရွှေလမြို့တော်ကို သွားကြမှာလား" ဝမ်လော့ယွီသည် အိမ်ထောင်ကျပြီး ဖြစ်သော်လည်း သိုင်းလောက သတင်းများကိုမူ နှံ့စပ်နေဆဲ ဖြစ်သည်။

"ဟုတ်တယ်၊ ပိုင်လီတုန်းကျွင်းလည်း ရွှေလမြို့တော်မှာ ရှိနေတယ်လို့ ကြားတယ်" ဝမ်ဟူကျူးက သူ၏ ညီမကိုနူးညံ့စွာ ပြန်ဖြေသည်။

"ဒါဆို အစ်ကို... ညီမတို့လည်း အတူတူ လိုက်ခဲ့မယ်လေ၊ အဲဒီလူဆိုးလေးကို မတွေ့ရတာ ကြာပြီဆိုတော့ ညီမ သူကို အရမ်းလွမ်းနေတာ" ဟု ဝမ်လော့ယွီက တောင်းဆိုသည်။

"ဒါဆိုလည်း အတူတူ သွားကြတာပေါ့" ဝမ်ဟူကျူးက ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်သ‌ဘောတူသည်။

All Chapters