← Chapters

ဆရာလီက နန်းကုန်ချွမ်းရွှေ

Vol. 9 Ch. 82

ဆရာလီက နန်းကုန်ချွမ်းရွှေ

Vol. 9 Ch. 82

"ဒါတွေက ဘယ်သူတွေလဲ၊ အစ်ကို... ညီမကို မိတ်ဆက်မပေးတော့ဘူးလား"

ဝမ်လော့ယွီသည် လီကျန့်ယီနှင့် အခြားလူများကို ကြည့်ကာ ဝမ်ဟူကျူးအား မေးမြန်းလိုက်သည်။

"ကောင်းပြီလေ၊ ဒါကတော့ သိုင်းလောကတစ်ခုလုံးမှာ နာမည်ကျော်ကြားတဲ့ ပိုင်ရှောင်တန်ရဲ့ ဂိုဏ်းချုပ် ကျီရူဖန်ပဲ " ဝမ်ဟူကျူးက ဘေးနားရှိ ကျီရူဖန်ကို ညွှန်ပြ၍ မိတ်ဆက်ပေး၏။

"ဒါကတော့ မိုးကြိုးတံခါးရဲ့ ဒုတိယဂိုဏ်းချုပ် လဲ့ကျင်ပဲ" ဟု လဲ့ကျင်ကိုလည်း မိတ်ဆက်ပေးပြန်သည်။

"ပြီးတော့ ဒီကသခင်လေးကတော့ မင်းနဲ့ မင်းယောကျာ်း တွေ့ချင်နေကြတဲ့ ဓားနှလုံးဂူဗိမာန်ရဲ့ ဆက်ခံသူ လီကျန့်ယီပဲ" ဝမ်ဟူကျူးသည် မုန့်ထုပ်များနှင့် အထွေထွေပစ္စည်းများကို သယ်ပိုးထားသော လီကျန့်ယီကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက သခင်လေးလီလား"

ဝမ်လော့ယွီသည် လီကျန့်ယီကို သေချာကြည့်ရှုလိုက်သလို ဘေးနားရှိ ပိုင်လီချန်ဖုန်းကလည်း စူးစမ်းစွာ ကြည့်နေသည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ် ထိုက်အန် သက်ရှိ ထင်ရှားရှိစဉ်က ပိုင်လီမိသားစုကို မကြာခဏ ဒုက္ခပေးခဲ့ပြီး သူတို့သားကိုပင် သတ်ရန် အကြိမ်ကြိမ် ကြံစည်ခဲ့ဖူးသောကြောင့် ထိုနာကျည်းမှု့ကို မည်သို့မျှ မမေ့နိုင်ကြပေ။

သူတို့တွင် ဧကရာဇ် ထိုက်အန်ကို သတ်ရန်မလုပ်နိုင်ခဲ့ကြပေ။ သို့‌သော်တစ်နေ့တွင် တစ်စုံတစ်ယောက်က ထိုက်အန်နန်းတော်၌ ဧကရာဇ် ထိုက်အန်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ဖိအားပေးခဲ့ကြောင်း ကြားသိရသည့်အခါမှသာ ပိုင်လီမိသားစုမှာ စိတ်အေးလက်အေး ဖြစ်သွားရပြီး ထိုသူကို ကျေးဇူးဆပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ဧကရာဇ် ထိုက်အန် သေဆုံးသွားခြင်းမှာ ပိုင်လီမိသားစုအတွက် ခြိမ်းခြောက်မှု ကင်းစင်သွားစေခဲ့သည်။

"ဒါပေါ့၊ ဒါက သခင်လေးလီ မဟုတ်လို့ အသက်ကြီးနေပြီဖြစ်တဲ့ ဂိုဏ်းချုပ်ကျီနဲ့ ဒုတိယဂိုဏ်းချုပ်လဲ့က သခင်လေးလီ ဖြစ်မှာလား" ဟု ဝမ်ဟူကျူးက သူ့နှမကို အလွန်ဝင့်ကြွားစွာပင် ပြောပြလေသည်။ဘေးကရှိနေသော ဂိုဏ်းချုပ်ကျီတို့ပင် မဆီမဆိုင်ဆွဲထည့်ခံရသဖြင့် ဘာမှမပြောနိုင်သကဲ့သို့ ဖြစ်သွားရသည်။သို့ပေမဲ့ သူတို့က စိတ်ဆိုးခြင်းမရှိဘဲ ပြုံ့သာပြုံးနေလိုက်သည်။

"တကယ်ကို တွေ့ရတာ ဝမ်းသာပါတယ် သခင်လေးလီ" ဝမ်လော့ယွီသည် လီကျန့်ယီနှင့် လက်ဆွဲနှုတ်ဆက်ရန် သူမ၏ ဖြူဖွေးသော လက်ကလေးကို ကမ်းပေးလိုက်၏။သို့သော် လီကျန့်ယီ၏ လက်ထဲတွင် ပစ္စည်းများ အပြည့်ဖြစ်နေသဖြင့် အနည်းငယ် အနေရခက်စွာဖြင့် "သခင်မဝမ်... ကျွန်တော့်လက်တွေ မအားလို့ လက်ဆွဲနှုတ်ဆက်တာကို ခဏ ကျော်လိုက်ကြရအောင်" ဟု ပြောလိုက်ရသည်။

"အစ်ကို" ဝမ်လော့ယွီက လှမ်းခေါ်လိုက်သည်။

ဝမ်ဟူကျူးက ချက်ချင်းပင် သဘောပေါက်သွားပြီး လီကျန့်ယီ၏ လက်ထဲမှ ပစ္စည်းများကို ကူသယ်ပေးလိုက်ကာ ပြုံးလျက် "သခင်လေးလီ... အခုဆို အဆင်ပြေသွားပြီမလား" ဟု ပြောလေသည်။

လီကျန့်ယီမှာ ဆွံ့အသွားရ၏။ စီနီယာဝမ်သည် သူညီမကို အလိုလိုက်နေခြင်းလော သို့မဟုတ် ကြောက်နေခြင်းလောဟု တွေးတောနေမိသည်။

သူသည် ဝမ်လော့ယွီနှင့် ဖော်ဖော်ရွေရွေ လက်ဆွဲ နှုတ်ဆက်လိုက်သည်။ ထိုအခါ ဝမ်လော့ယွီက သူသည် ထိုက်အန်နန်းတော်၌ ဧကရာဇ်ကို မည်သို့ ဖိအားပေးခဲ့သလဲ ဟူသော သတင်းများကို စပ်စုမေးမြန်းတော့သည်။ ဝမ်လော့ယွီသည် ဧကရာဇ် ထိုက်အန်ကို အရိုးထဲက နာကျည်းနေပုံရသည်။

သူမတွင် အဖိုးတန်သားတစ်ယောက်တည်း ရှိပြီး ထိုသားကို ဧကရာဇ်က သတ်ရန် ကြံစည်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ယခုအချိန်တွင် လီကျန့်ယီသည် ပိုင်လီမိသားစုအတွက် ကယ်တင်ရှင်ကဲ့သို့ ဖြစ်နေပြီး ဝမ်လော့ယွီကလည်း သူနှင့် ရင်းနှီးအောင် ကြိုးစားနေခြင်း ဖြစ်သည်။ နောင်အနာဂတ်တွင် လည်း မျိုးဆက်သစ်များအချင်းချင်း တစ်ဦးကိုတစ်ဦး စောင့်ရှောက်နိုင်မည် ဖြစ်ပေသည်။

ဝမ်လော့ယွီသည် လီကျန့်ယီကို သူမ၏ ဘေးနားတွင် ထားကာ ရွှေလမြို့တော်သို့ သွားသည့် တစ်လမ်းလုံး သတင်းများကို နားထောင်သွားသည်။ ခရီးလမ်းတစ်လျှောက်တွင် သူမသည် လိမ္မာသော မိန်းကလေးတစ်ဦးကဲ့သို့ လီကျန့်ယီ ပြောသမျှကို ငြိမ်သက်စွာ နားထောင်နေသည်။

ဘေးတွင် ရှိနေသော ပိုင်လီချန်ဖုန်းမှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ သူနှင့် ဝမ်လော့ယွီမှာ ဇနီးမောင်နှံသက်တမ်း ကြာမြင့်နေပြီဖြစ်သော်လည်း ဝမ်လော့ယွီ ဤမျှ လိမ္မာနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူမသည် သူနှင့်ဆိုလျှင် သဘောထားကွဲလွဲရုံမျှဖြင့် အဆိပ်ခတ်ရန်ပင် ဝန်မလေးသူ ဖြစ်သည်။

အခြားတစ်ဖက်တွင် ဝမ်ဟူကျူးသည်လည်း သူ၏လှပသော ညီမငယ်ကို စိတ်ဝင်တစား ကြည့်နေသည်။ သူ၏ညီမက ဤမျှ ငြိမ်သက်ပြီး မိန်းမဆန်နေခြင်းမှာ မကြုံစဖူး ထူးခြားချက်ဟု သူ တွေးနေသည်။

"ယောက်ဖ... တွေ့လား၊ ငါ့နှမက သဘောမကောင်းတာ မဟုတ်ပါဘူး၊ သူ့ရဲ့ နူးညံ့မှု့တွေက မင်းအတွက် မဟုတ်ရုံပါပဲ" ဝမ်ဟူကျူးက ခရီးနှင်ရင်း နောက်ပြောင်လိုက်သည်။

"သွားစမ်းပါ အစ်ကိုရာ၊ ဒါက ကျွန်တော်ရဲ့ ဇနီးမောင်နှံ ဆက်ဆံရေးကို ထိခိုက်စေတယ်၊ ကျွန်တော် သူမကို ကွာရှင်းလိုက်မှာ မကြောက်ဘူးလား" ဟု ပိုင်လီချန်ဖုန်းက ယောကျာ်းပီသစွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ယောက်ဖ...အရင်က မင်းသောက်တဲ့ လက်ဖက်ရည် ဒါမှမဟုတ် စားတဲ့ ထမင်းထဲမှာ ဝမ်ယွီက အဆိပ်ခတ်မထားဘူးလို့ မင်း အာမခံနိုင်လို့လား" ဝမ်ဟူကျူးက ပိုင်လီချန်ဖုန်း၏ စကားကို ဂရုမစိုက်ဘဲ ပြုံးလျက် ပြောလိုက်သည်။

ထိုအခါ ပိုင်လီချန်ဖုန်း၏ ဟန်ဆောင်ထားသော သတ္တိများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး "အဆိပ်သုံးတဲ့ မိန်းမတွေကတော့ တကယ်ဆိုးတာပဲ" ဟု ညည်းသွား‌တော့သည်။

"ချန်ဖုန်း... ရှင် ဘာတွေ ပွစိပွစိ ပြောနေတာလဲ" ဝမ်လော့ယွီက လီကျန့်ယီကို သတင်းမေးမြန်းနေရင်းမှ လှမ်းဟောက်လိုက်သည်။

"ဟဲဟဲ... ဘာမှမဟုတ်ပါဘူး မိန်းမရဲ့၊ မင်း နားကြားမှားတာ ဖြစ်မှာပါ" ဟု ပိုင်လီချန်ဖုန်းက ကြောက်ကြောက်လန့်လန့် ပြုံးလျက် ပြောလိုက်ရ၏။

.........

နှစ်ရက်အကြာပြီးနောက် သူတို့အားလုံး ရှီးကွမ်းမြို့ကို ရောက်လာသည်။

"ဘာတွေ ဖြစ်နေတာလဲ၊ ရွှေလမြို့တော် ဖြစ်ရမှာ မဟုတ်ဘူးလား၊ ဘာလို့ ရှီးကွမ်းမြို့ ဖြစ်နေရတာလဲ" မြေပုံပါ နေရာသို့ ရောက်ရှိလာသောအခါ ဝမ်ဟူကျူးတို့မှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။

"ရှီးကွမ်းမြို့ဆိုတာ သာမန်မြို့တစ်မြို့ပါ၊ စီနီယာဝမ်... တကယ်လို့ ရွှေလမြို့တော်ထဲကို ဝင်ချင်တယ်ဆိုရင် ဟိုရှေ့က အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ ကြည့်မျှော်စင်ကို တွေ့လား"

"အဲဒီ ကြည့်မျှော်စင်ကို ကျော်ဖြတ်နိုင်မှသာ ရွှေလမြို့တော်ကို တကယ် မြင်တွေ့ရမှာပါ" ဟု လီကျန့်ယီက ရှင်းပြလိုက်သည်။

"ဪ... အဲဒီလိုကိုး၊ ရွှေလမြို့တော်မှာက စည်းကမ်းတွေ များသားပဲ" ဝမ်ဟူကျူးသည် စူးစမ်းလိုစိတ်ဖြင့် ကြည့်မျှော်စင်ဆီသို့ လျှောက်လှမ်းသွားသည်။သူတို့ ကြည့်မျှော်စင်သို့ ရောက်သည့်အခါ မြို့သူမြို့သားများက "ကြည့်မျှော်စင်ကို တက်ဖို့ ကြိုးစားတဲ့သူတွေ ထပ်ရှိလာပြန်ပြီလား၊ စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ" ဟု ဝိုင်းဝန်း ပြောဆိုနေကြသည်။

ထိုအချိန်တွင် လီကျန့်ယီတို့ ရောက်လာသည်ကို သိရှိထားသော လော့ရွှေနှင့် အခြားလူများသည် လီကျန့်ယီတို့ဆီသို့ ရောက်ရှိလာသည်။ သူတို့သည် လီကျန့်ယီတို့၏ အစွမ်းအစကို ကောင်းစွာ သိထားကြသဖြင့် "ဂိုဏ်းချုပ်ကျီ၊ သခင်လေးလီနဲ့ ဒုတိယဂိုဏ်းချုပ်လဲ့... ခင်ဗျားတို့ရဲ့ အစွမ်းအစက ကြည့်မျှော်စင်ကို ကျော်ဖြတ်ဖို့ လုံလောက်ပြီးသားဆိုတော့ ရွှေလမြို့တော်ထဲကို တိုက်ရိုက်သွားပြီး စကားပြောကြရအောင်" ဟု ဖိတ်ခေါ်လိုက်သည်။

"ဒါဆိုရင်တော့ ဝမ်းမြောက်စွာ လက်ခံရမှာပေါ့"

လီကျန့်ယီနှင့် အဖွဲ့သားများသည် ကြည့်မျှော်စင်ကို ကျော်ဖြတ်ကာ လော့ရွှေနှင့်အတူ ရွှေလမြို့တော်ထဲသို့ ဝင်သွားကြသည်။

ရွှေလမြို့တော်ထဲသို့ ရောက်သည့်အခါမှသာ ဝမ်ဟူကျူးတို့သည် ဤမြို့တော်မှာ သိုင်းလောကတွင် အဘယ်ကြောင့် ဩဇာကြီးမားသလဲဆိုသည်ကို သဘောပေါက်သွား ကြတော့သည်။ကောင်းကင်ဖြတ်သန်းခြင်းအဆင့် အကြီးအကဲများစွာ ရှိနေသလို မြေကမ္ဘာလွတ်မြောက်ခြင်း အဆင့်နှင့် ရွှေဦးချိုခန္ဓာအဆင့်ရှိသော တပည့်ပေါင်းများစွာလည်း ရှိနေသည်။ သိုင်းလောကတွင် ဤကဲ့သို့အင်အား တောင့်တင်းသော အဖွဲ့အစည်းမှာ ရှားပါး‌လှပေသည်။

"ဒါက ရွှေလမြို့တော်ပေါ့၊ နာမည်နဲ့လိုက်အောင် အစွမ်းထက်တာပဲ" ဝမ်ဟူကျူးတို့မှာ အံ့ဩတုန်လှုပ်သွားသည်။

"ဒါက ရွှေလမြို့တော်ရဲ့ လက်ရှိ အင်အားပဲ ရှိပါသေးတယ်၊ အနာဂတ်မှာတော့ တစ်လောကလုံးမှာ နာမည်ကြီးလာဦးမှာပါ" နန်းကုန်းချွမ်းရွှေအဖြစ် ရုပ်ဖျက်ထားသော လီချန်းရှန်သည် မြို့စားအိမ်တော်တွင် ဓားလေ့ကျင့်နေသော လီဟန်ယီနှင့် ပိုင်လီတုန်းကျွင်းတို့ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤနှစ်ယောက်သည် ရွှေလမြို့တော်၏ စစ်မှန်သော အနာဂတ်များ ဖြစ်သောကြောင့်ပင်။ ထို့ပြင် ဆရာတင်ရန် လာနေဆဲဖြစ်သော တတိယမြောက် တပည့်လည်း ရှိနေသေးသည်။

"စီနီယာနန်းကုန်း... အကြီးအကဲလီက ဘယ်မှာလဲ" ဝမ်ဟူကျူးတို့က ပတ်ပတ်လည်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ဝေးဝေးရှာစရာ မလိုပါဘူး၊ မျက်စိရှေ့တင် ရှိနေတာပဲလေ" နန်းကုန်းချွမ်းရွှေက လျှို့ဝှက်ဆန်းပြားစွာ ပြုံးပြလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝမ်ဟူကျူးတို့သည် နေရာအနှံ့ ထပ်မံ ရှာဖွေသော်လည်း လီချန်းရှန်ကို မတွေ့ကြသဖြင့် စိတ်ရှုပ်ထွေးစွာ ထပ်ပြောလိုက်သည်။"အကြီးအကဲလီကို မတွေ့မိပါဘူး"

"စီနီယာဝမ်... နန်းကုန်းချွမ်းရွှေဆိုတာ ကျီးရှားကျောင်းတော်က အကြီးအကဲလီရဲ့ နာမည်တု ဖြစ်နေနိုင်တာပဲ မဟုတ်လား" ဘေးနားရှိ လီကျန့်ယီက မကြည့်ရက်နိုင်တော့ဘဲ သတိပေးလိုက်၏။ဆရာလီက စနောက်ရတာကို အတော်သဘောကျနေသည့်ပုံပင်။

"နာမည်တု... ဟုတ်လား" ဝမ်ဟူကျူးသည် ရုတ်တရက် သဘောပေါက်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ "အကြီးအကဲလီ... ခင်ဗျားက နန်းကုန်းချွမ်းရွှေလား" ဟု မေးတော့သည်။

လီချန်းရှန်သည် သူ၏ ရုပ်ဖျက်ပညာကို ဖယ်ရှားကာ မူလရုပ်သွင်သို့ ပြောင်းလဲလိုက်ပြီး "အားလုံး ဘယ်လို ထင်ကြလဲ" ဟု ရယ်မောကာ‌ ပြောလိုက်သည်။

"ဟာ..."

"ဒါဆို ဓားနှလုံးဂူဗိမာန်ကို လာခဲ့တာ အကြီးအကဲလီ ကိုယ်တိုင်ပဲပေါ့" ဝမ်ဟူကျူးနှင့် လဲ့ကျင်တို့မှာ နန်းကုန်းချွမ်းရွှေ၏ ရုပ်မှန်ကို မြင်လိုက်ရသည့်အခါ အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။ အကြီးအကဲလီသည် သူတို့ဘေးနားမှာ အမြဲရှိနေခဲ့သော်လည်း သူတို့ သတိမထားမိခဲ့ကြပေ။

All Chapters