လူကောင်းလား ၊လူဆိုးလားဆိုတာကတော့ မင်းအပေါ်မူတည်တာပါ
Vol. 9 Ch. 84
"ညီမလေး... ညီမလေး၊ မင်း လိမ်လိုက်တာပဲ"
ဝမ်ဟူကျူးသည် အက်ကွဲရှတော အသံဖြင့် ဝမ်လော့ယွီကို ကြည့်ကာ ပြောလိုက်သည်။
"စောစောကတော့ အဆိပ်မခတ်ထားတာ အမှန်ပဲ၊ ဒါပေမဲ့ အစ်ကို စကားပြောမယ်ပြင်တဲ့ အချိန်မှာပဲ အဆိပ်အနည်းငယ် ထည့်လိုက်တာ၊ ဒါကြောင့် အစ်ကိုကြီးရယ်... တခြားသူတွေ ပျော်ပျော်ရွှင်ရွှင် ဆုံတွေ့နေတာကို မနှောင့်ယှက်ဘဲ နေပေးလို့ မရဘူးလား" ဝမ်လော့ယွီသည် ပိုင်လီတုန်းကျွင်းကို ဆုံးမနေရင်းမှပင် ပြန်လည် ဖြေလိုက်သည်။
ဝမ်ဟူကျူး "...."
"ဒါနဲ့ အစ်ကို... ဒီစကားအဆိပ်ရဲ့ အာနိသင်က တစ်နာရီရဲ့ လေးပုံတစ်ပုံပဲ ကြာမှာပါ။ ဆယ့်ငါးမိနစ်လောက် စကားမပြောနိုင်ဖြစ်သွားမှာကိုတော့ တောင်းပန်ပါတယ်နော်" ဝမ်လော့ယွီက ပြုံးလျက် ပြော၏။
ထိုသို့ မြင်သည့်အခါ ပိုင်လီချန်ဖုန်းသည် သူပါ ပါးစပ်ပိတ်ခံရမည်စိုးသဖြင့် သူ၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး နောက်ထပ်တစ်ခွန်းမှ မပြောတော့ကြောင်း အမူအရာ ပြလိုက်သည်။
လဲ့ကျင်၊ လီချန်းရှန်နှင့် အခြားလူများသည် ထိုမြင်ကွင်းကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားကြရသည်။ တကယ်တော့ သူတို့သာလျှင် စစ်မှန်သော ယောကျာ်းများ ဖြစ်ကြသည်။ လီကျန့်ယီနှင့် ဝမ်ဟူကျူးတို့လို လူမျိုးများမှာမူ သူတစ်ပါး၏ အလိုတော်အတိုင်းသာ နေကြရရှာသည်။
"ယီယီ... အဖိုးက နေကောင်းရဲ့လား"
လီဟန်ယီသည် 'မိုးစက်နာခံဓား' ကို အသုံးပြု၍ သစ်ကြားသီးများကို ခွဲကာ လီကျန့်ယီကို ခွံ့ကျွေးရင်း ဂရုတစိုက် မေးမြန်းနေသည်။
"နေကောင်းပါတယ်"
လီကျန့်ယီသည် လီဟန်ယီ ခွံ့ကျွေးသည်ကို အရသာရှိရှိ စားသုံးနေသော်လည်း သူသည် မကျေနပ်သည့် မျက်နှာပေးရှိနေသေးသည်။
သို့သော် လီဟန်ယီကမူ ထိုအရာကို ဂရုမစိုက်ဘဲ ဆက်လက်ခွံ့ကျွေးနေပြီး "ယီယီ... အမေနဲ့ အဖေကော ဓားနှလုံးဂူဗိမာန်ကို ပြန်လာကြသေးလား" ဟု မေးပြန်သည်။
"အန်တီလီကတော့ ခဏ ဝင်လာသေးတယ်၊ ဦးလေးလဲ့ကတော့ တောင်ပိုင်းစစ်မြေပြင်မှာ ရှိနေတုန်းပဲ ထင်တယ်" လီကျန့်ယီသည် သစ်ကြားသီးကို ဝါးရင်း ပြန်ဖြေသည်။
“အော်... ဒါဆို အဖေက တော်တော် အလုပ်ရှုပ်နေတာပေါ့" လီဟန်ယီက မျက်မှောင်ကြုတ်လိုက်သည်။ လဲ့မုန့်ရှားသည် သူမ၏ အဖိုးထံသို့ တစ်နှစ်ပတ်လုံး တစ်ခါမျှ ပြန်မလာနိုင်ခြင်းအပေါ် သူမက မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။ အဖိုးဖြစ်သူက သူတို့အပေါ် ဤမျှ ကောင်းခဲ့ပါလျက် အဘယ်ကြောင့် အိမ်ပြန်မလာနိုင်ရသနည်းဟု သူမ တွေးနေသည်။
"ဟုတ်တယ်... ဦးလေးလဲ့က တကယ်ကို အလုပ်ရှုပ်နေတာ" လီကျန့်ယီက ခေါင်းညိတ် ထောက်ခံလိုက်သည်။
"အလုပ်ရှုပ်နေတာနဲ့ပဲ အိမ်ကို ပြန်မလာနိုင်ဘူးလား" ဟန်ယီလေးက နှုတ်ခမ်းဆူကာ မေးသည်။
"ဟုတ်ပဗျာ... ဆရာဆီကို ပြန်မလာဘဲ နေလို့မရဘူးလေ" လီကျန့်ယီသည် လီဟန်ယီ စိတ်ဆိုးနေသည်ကို မြင်သောအခါ သူမဘက်မှ ပါဝင်ပြောဆိုလိုက်ပြီး လီဟန်ယီ၏ လက်ထဲရှိ ယိုစုံကို အလိုက်သင့်ပင် လှမ်းကိုက်လိုက်လေသည်။၎င်းကို မြင်သောအခါ လီဟန်ယီမှာ အံ့အားသင့်သွားပြီး "ယီယီ... နင်က ဘာလို့ ငါ့ယိုစုံကို စားတာလဲ" ဟု မေးသည်။
"ဟင်... ဒါက မင်း ငါ့ကို ခွံ့ကျွေးမလို့ မဟုတ်ဘူးလား ဟန်ယီ" လီကျန့်ယီက အပြစ်ကင်းစင်စွာ မေးလိုက်သည်။
"ဟွန့်... ငါ့ရဲ့ ယိုစုံကို စားလိုက်တာတော့ ထားပါတော့၊ ဒါပေမဲ့ နင်က ငါ့ကို ပြန်ခွံ့ကျွေးရမယ်" လီဟန်ယီသည် လီကျန့်ယီကို သူမအား ပြန်လည်ခွံ့ကျွေးစေရန် အခွင့်အရေး ရသွားပြီ ဖြစ်သည်။
"ဒါဆိုရင်တော့... ငါ မစားတော့ဘူး" လီကျန့်ယီက မျက်နှာလွှဲလိုက်သည်။
လီဟန်ယီသည် ဘာမျှမပြောဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ယိုစုံတစ်လုံးကို ယူကာ လီကျန့်ယီ၏ လက်ထဲသို့ အတင်းထည့်လိုက်သည်။ ထို့နောက် လီကျန့်ယီ၏ လက်ကို ဆွဲယူကာ သူမ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးခိုင်းလိုက်ပြီး မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလျက် ပြောသေးသည်။ "ဒါက နင် ငါ့ကို ပြန်ကျွေးတာ မဟုတ်ဘူးလား"
လီကျန့်ယီမှာ ဆွံ့အသွားရပြန်၏။ ဤသို့လည်း ရသလော။
"ကောင်းပါပြီ... ငါ ခွံ့ကျွေးပါ့မယ်"
လီကျန့်ယီသည် လီဟန်ယီ၏ ချစ်စဖွယ် ကောင်းလှသော တဇွတ်ထိုးဆန်မှု့ကို အရှုံးပေးလိုက်ရပြီး သူမ၏ ဆန္ဒအတိုင်း ယိုစုံတစ်ခုလုံးကို ခွံ့ကျွေးလိုက်သည်။ လီဟန်ယီက အလွန်ပျော်ရွှင်သွားပြီး ယိုစုံကို ဝါးရင်း "ယီယီက တကယ် အကောင်းဆုံးပဲ" ဟု ချိုသာစွာ ချီးကျူးလိုက်သည်။
"ဒါပေါ့" လီကျန့်ယီသည်လည်း ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်သည်။
"ဒါနဲ့ ဟန်ယီ...မင်း အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ" လီကျန့်ယီသည် လီဟန်ယီ ရွှေလမြို့တော်တွင် တစ်နှစ်နီးပါး ဓားသိုင်းလေ့ကျင့်ခဲ့သည်ကို သတိရကာ မေးလိုက်သည်။
"မကြာခင် မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်ကို ရောက်တော့မှာပါ" လီဟန်ယီက ပါးစပ်ထဲမှ ယိုစုံကို ဝါးရင်း ပြုံးကာ ပြန်ဖြေသည်။
"အင်း... ဟန်ယီ့ရဲ့ ပါရမီက တကယ်ကို ကောင်းတာပဲ၊ မကြာခင် တစ်လောကလုံးမှာ နာမည်ကြီးလာတော့မှာ သေချာတယ်" လီကျန့်ယီက ပြုံးလျက် ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါ တစ်လောကလုံးမှာ နာမည်ကြီးလာတဲ့ အချိန်ကျရင် ငါ လီဟန်ယီက ယီယီကို လက်ထပ်ရမယ့် အချိန်ပဲ" လီဟန်ယီက မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
လီကျန့်ယီ "..."
လော့ရွှေနှင့် အခြားလူများ "...."
"ဟန်ယီ... အမျိုးသမီးဆိုတာ ပိုပြီး ဣန္ဒြေရှိရမယ်လို့ ဆရာကတော် မပြောပြထားဘူးလား"
လီဟန်ယီက လူအများရှေ့တွင် လီကျန့်ယီကို လက်ထပ်ချင်သည်ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်ကို မြင်သောအခါ လော့ရွှေမှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။ လီဟန်ယီကဲ့သို့ ရဲတင်းသော အမျိုးသမီးမျိုးကို သူမ တစ်သက်နှင့်တစ်ကိုယ် မမြင်ဖူးခဲ့ပေ။
လီဟန်ယီသာ အရွယ်ရောက်လာပြီး သူမ ပြောခဲ့သော စကားများ၏ အဓိပ္ပာယ်ကို နားလည်သွားလျှင် ရူးမတတ် ရှက်သွားမည်လားဟု လော့ရွှေ တွေးနေမိသည်။ ငယ်စဉ်အခါက ထိုသို့ပြောခြင်းမှာ ဘာမျှမခံစားရသော်လည်း ကြီးလာသည့် အခါတွင်မူ မြေကြီးထဲသာ တိုးဝင်ချင်စိတ်ပေါက်သွား နိုင်ပေသည်။
"ဣန္ဒြေ ဟုတ်လား၊ ဣန္ဒြေရှိနေရင် ယီယီကို လက်ထပ်လို့ ရမှာမလို့လား"
ထို့ကြောင့် ဣန္ဒြေရှိနေခြင်းမှာ အသုံးမဝင်ပေ၊ လီဟန်ယီသည် ဣန္ဒြေရှိခြင်းကို ဂရုမစိုက်ဘဲ လီကျန့်ယီကို လက်ထပ်နိုင်ရန်သာ အရေးကြီးသည်ဟု မှတ်ယူထားသည်။
"ကောင်းပါပြီ၊ ဟန်ယီ ပြောတာ မှန်ပါတယ်၊သမီး နည်းနည်းလေး အရွယ်ရောက်လာတဲ့အခါ ဒီနေ့ ပြောခဲ့တဲ့ စကားတွေအတွက် နောင်တမရဖို့ပဲ မျှော်လင့်ပါတယ်" လော့ရွှေသည် လီဟန်ယီ၏ အမူအရာကို ကြည့်ကာ ပြုံးလျက် ခေါင်းခါလိုက်သည်။
"ကျွန်မ နောင်တမရပါဘူး"လီဟန်ယီက အလေးအနက် ပြော၏။
"လာပါ ယီယီ...နင်ကို ရွှေလမြို့တော် အနှံ့ လိုက်ပြမယ်၊ ဒီမှာရှိတဲ့ရှုခင်းတွေက ဓားနှလုံးဂူဗိမာန်ထက်တောင် ပိုလှသေးတယ်"
လီဟန်ယီသည် လီကျန့်ယီ၏ လက်ကို ဆွဲကာ မြို့စားအိမ်တော် အပြင်ဘက်သို့ ဦးတည်သွားသည်။ လီကျန့်ယီသည်လည်း လီဟန်ယီ ဆွဲရာနောက်သို့ ငြိမ်သက်စွာ လိုက်ပါသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူ ဤမြို့ကို လာရခြင်း၏ အဓိက အကြောင်းရင်းမှာ ဤမိန်းကလေးကို တွေ့ချင်သောကြောင့်ပင် မဟုတ်ပါလား။
ရွှေလမြို့တော် အပြင်ဘက်ရှိ လမ်းမကြီးပေါ်တွင် ဖြစ်သည်။
"ဒါကတော့ 'မိုးဖွဲမျှော်စင်' ပဲ၊ ရွှေလမြို့တော်မှာ နှစ်တိုင်း ပန်းပွဲတော်ကြီးကို ဒီမှာ ကျင်းပလေ့ရှိတယ်၊ ဒီမှာ လှပတဲ့ ပန်းတွေ အများကြီး ရှိတယ်”
လီဟန်ယီသည် လီကျန့်ယီကို မိုးဖွဲမျှော်စင်သို့ ခေါ်ဆောင် လာပြီးနောက် မျှော်လင့်တကြီးဖြင့် မိတ်ဆက်ပေးနေသည်။ လီကျန့်ယီ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အမျိုးမျိုးသော ပန်းများမှာ လှပဝေဆာစွာ ပွင့်လန်းနေကြသည်ကို တွေ့လိုက်ရသည်။
"ပန်းတွေက တကယ် လှတာပဲ" လီကျန့်ယီက မှတ်ချက်ပေးလိုက်သည်။
"ဟုတ်တယ်မလား၊ ပျင်းတဲ့အခါတိုင်း ငါ ဒီကိုလာပြီး ပန်းတွေကြည့်ရင်း ဓားသိုင်းလေ့ကျင့်တယ်" လီကျန့်ယီလည်း ဤနေရာကို သဘောကျသည်ကို မြင်သောအခါ လီဟန်ယီသည် ပျော်ရွှင်စွာဖြင့် မက်မွန်ပန်းတစ်ပွင့်ကို ခူးယူပြီး လီကျန့်ယီ၏နားတွင် ပန်ပေးလိုက်၏။
မိုးဖွဲမျှော်စင်ရှိ စမ်းချောင်းလေးထဲတွင် ပေါ်နေသော သူ၏ ပုံရိပ်ကို ကြည့်ရင်း လီကျန့်ယီမှာ ဆွံ့အလျက် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ပန်းက အဘယ်ကြောင့် သူ၏ ခေါင်းပေါ်သို့ ရောက်နေရသနည်းဟု သူ နားမလည်နိုင် ဖြစ်နေမိသည်။
ဤပန်းမှာ လီဟန်ယီ၏ ခေါင်းပေါ်တွင်သာ ရှိသင့်သည် မဟုတ်ပါလား။လီဟန်ယီက တကယ်ပဲ ငါ့ကို လက်ထပ်ချင်နေတာလား။ သူက ငါ့ကို သူ့ရဲ့ ဇနီးအဖြစ် သဘောထားနေတာလား။
ဟေ့... ဟေ့... ဟေ့... ငါက အိမ်ထောင်ပြုပြီး မိန်းမအိမ်မှာ လိုက်နေရတဲ့ သားမက်မျိုး မဖြစ်ချင်ဘူးနော်၊အကယ်၍ လက်ထပ်ရမယ်ဆိုရင် ငါကသာ ဟန်ယီ့ကို လက်ထပ်ယူရမှာ။
စမ်းချောင်းထဲတွင် ပေါ်နေသော မက်မွန်ပန်း ပန်ထားသည့် သူ၏ ပုံရိပ်ကို ကြည့်ကာ လီကျန့်ယီမှာ စိတ်ထဲမှ ညည်းသွား လိုက်သည်။
"အရမ်း လှတာပဲ" လီဟန်ယီက စမ်းချောင်းထဲမှ မက်မွန်ပန်း ပန်ထားသော လီကျန့်ယီကို ကြည့်ကာ မျက်လုံးလေးများ မှေးသည်အထိ ပြုံးလျက် ပြောလိုက်သည်။
"ဟန်ယီ... ဒီပန်းက ငါနဲ့ မလိုက်ပါဘူး၊ မင်းပဲ ပန်သင့်တာပါ"လီကျန့်ယီသည် သူ၏ ခေါင်းပေါ်မှ ပန်းကို အမြန်ဖြုတ်ယူကာ လီဟန်ယီ၏ ဆံနွယ်တွင် ပြန်လည် ပန်ပေးလိုက်သည်။
စမ်းချောင်းထဲတွင် မက်မွန်ပန်း ပန်ပေးနေသော လီကျန့်ယီကို ကြည့်ရင်း လီဟန်ယီ၏ လှပသော မျက်လုံးလေးများမှာ ငေးမောသွားရသည်။ သူမ အရွယ်ရောက်လာသည့် အခါတွင်လည်း လီကျန့်ယီက ဤကဲ့သို့ ပန်းကလေးများကို သူမ၏ ဆံနွယ်တွင် ပန်ပေးနိုင်ပါစေဟု သူမ အမှန်တကယ် မျှော်လင့်နေမိသည်။
ငါ တစ်ခါမျှ မမြင်ဖူးတဲ့ တခြား လူဆိုးမတွေဆီကိုတော့ မပန် ပေးလိုက်ပါနဲ့။
"ယီယီ...လူဆိုးမတွေကို သဘောမကျဘူးလို့ ငါ့ကို ကတိပေးပါနော်၊ ဟုတ်ပြီလား" လီဟန်ယီက သူမ၏ ဆံနွယ်တွင် ပန်းပန်ပေးထားသော လီကျန့်ယီကို မျက်လုံးလေးများ တလက်လက်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"လူကောင်းလား လူဆိုးလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တာပါ"
အမျိုးသမီးငယ်လေးတစ်ဦးအဖြစ် ကြီးပြင်းလာသော လီဟန်ယီကို ကြည့်ရင်း လီကျန့်ယီက ဆုံးဖြတ်ချက်ကို သူမထံသို့သာ လွှဲအပ်လိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် လူဆိုးမရော လူကောင်းမပါ ဖြစ်နိုင်သလို၊ လက်ထပ်နိုင်သူရော လက်မထပ်နိုင်သူပါ ဖြစ်နိုင်ပေရာ သူမကို လက်ထပ်မလား မထပ်ဘူးလားဆိုသည်ကို သူမအသာ ဆုံးဖြတ်ချက်ချနိုင်မဲ့သူဖြစ်လေသည်။