လက်ထပ်ဖို့ သဘောတူလိုက်ပြီ
Vol. 9 Ch. 85
"လူကောင်းလား လူဆိုးလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တာပါ"
လီကျန့်ယီ၏ ထိုစကားကို ကြားလိုက်ရသည့်အခါ လီဟန်ယီသည် နေရာမှာတင် ကြောင်အမ်းသွားရသည်။ သူမ သတိပြန်ဝင်လာ သည့်အခါတွင်မူ သူမ၏ နဖူးကို လီကျန့်ယီ၏ နဖူးနှင့် ထိကပ်ကာ သူ၏ ခန္ဓာကိုယ် အပူချိန်ကို စမ်းကြည့်ရင်း "ယီယီ... နင် နေမကောင်းဘူးလား၊ ဘာလို့ ရုတ်တရက်ကြီး ငါ ရဲ့ စကားကို နားထောင်နေရတာလဲ" ဟု တိုးတိုးလေး မေးမြန်းလိုက်သည်။
ဒါက တကယ်ကို မဖြစ်သင့်ဘူးလေ။
လီဟန်ယီမှာ မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ ပုံမှန်ဆိုလျှင် လီကျန့်ယီက "မဖြစ်နိုင်တာ၊ ဟန်ယီ... နင်က ဘယ်လောက်ပဲ ရုပ်ရည်နဲ့ မုန့်တွေနဲ့ ဖြားယောင်းပါစေ၊ လူဆိုးမတွေကို ငါသဘောကျတာကိုတော့ မတားဆီးနိုင်ပါဘူး" ဟုသာ ပြောရမည် မဟုတ်ပါလား။
ယခုအခါ လီကျန့်ယီ၏ နဖူးမှ နွေးထွေးမှုကို ခံစားနေရသော လီဟန်ယီမှာ အတော်လေး ဇဝေဇဝါ ဖြစ်နေရှာသည်။ ရုတ်တရက်ကြီး လီကျန့်ယီကို အလွယ်တကူ အနိုင်ရရှိသွားသလို ခံစားလိုက်ရသဖြင့် ဘာလုပ်ရမှန်းပင် မသိတော့ပေ။ သူမ၏ မျက်နှာလေးပင် နီမြန်းလာခဲ့သည်။
မူလက လီကျန့်ယီက သူမကို ငြင်းပယ်လိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။ လီကျန့်ယီက သူမကို ငြင်းပယ်ရမည် ဖြစ်သောကြောင့်သာ သူမက ရဲရဲတင်းတင်းကြီး လက်ထပ်ချင်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ သူမ ရဲတင်းခဲ့သမျှ လီကျန့်ယီက ရုတ်တရက်ကြီး အလျှော့ပေးလိုက်သည့်အခါတွင်မူ ဤအပြောင်းအလဲက လီဟန်ယီကို အတော်လေး ဝေခွဲမရ ဖြစ်စေသည်။
ဤအချိန်တွင် သူမ၏ အမူအရာမှာ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသင့်သော်လည်း ပျော်ရွှင်မှုထက် မိန်းကလေးတစ်ဦး၏ ရှက်သွေးဖြာမှုက ပိုမို လွှမ်းမိုးနေသည်။ သူမ၏ ဆရာကတော် လော့ရွှေ၏ သွန်သင်ချက်ကို ပြန်လည် သတိရမိသည်။ မိန်းကလေးဆိုသည်မှာ ပို၍ ဣန္ဒြေရှိရမည်ဖြစ်ပြီး အလွန်အမင်း တက်ကြွမနေသင့်ပေ၊ သို့မဟုတ်ပါက ယောကျာ်းများက အလွယ်တကူ ရရှိသည့်အရာကို တန်ဖိုးထားမည် မဟုတ်ဟု ပြောခဲ့သည် မဟုတ်ပါလား။
"ဒါဆို ငါက ဆရာကတော် ပြောသလို လူမျိုး ဖြစ်နေပြီလား" ဟု လီဟန်ယီက ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာသည်။ သို့သော် သူမ၏ အတွေးကို ချက်ချင်းပင် ပြန်ဖျက်လိုက်ပြီး "မဟုတ်ပါဘူး၊ ငါက ပျော်လည်း ပျော်တတ်တယ်၊ ရုပ်ရည်လည်း ပြောစရာမရှိဘူး၊ ဒါကြောင့် ပိုတောင် တန်ဖိုးထားဦးမှာပါ" ဟု တွေးလိုက်ပြန်သည်။
သို့သော် ယီယီက ရုတ်တရက်ကြီး သူမအပေါ် အလိုလိုက်လာသည့်အခါ လီဟန်ယီသည် လီကျန့်ယီကို အမြန်တွန်းထုတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် လှည့်ထွက်ကာ "ယီယီ... ငါတို့ အပြင်ထွက်တာ ကြာပြီ၊ မြို့စားအိမ်တော်ကို... မြို့စားအိမ်တော်ကိုပဲ ပြန်ကြရအောင်နော်" ဟုရှက်သည့်ပု့စံဖြင့်ပြော၏။
လီကျန့်ယီ "..."
မင်းပဲ ငါ့ကို ရွှေလမြို့တော် အနှံ့ လိုက်ပြမယ်ဆို၊ ဘာလို့ မိုးဖွဲမျှော်စင်ကိုပြပြီး၊ ချက်ချင်း ပြန်ချင်ရတာလဲ။ ငါက ရွှေလမြို့တော်က ဒေသထွက် အစားအသောက်တွေ လိုက်ကျွေးတာကို စားဖို့ တကယ် မျှော်လင့်ထားတာလေ။
"တကယ်ပဲ... မြို့စားအိမ်တော်ကို ပြန်မှာလား" ဟု လီကျန့်ယီက မေးလိုက်သည်။
"အင်း"
လီဟန်ယီက ရှက်သွေးဖြာကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် သူမသည် လီကျန့်ယီကို ဤနေရာတွင် ဇဝေဇဝါဖြင့် ချန်ထားရစ်ခဲ့ကာ မြို့စားအိမ်တော်သို့ တစ်ဦးတည်း ဦးတည်လျှောက်လှမ်းသွားတော့သည်။
"ဟာ..."
"ငါက ဘယ်သူလဲ၊ ဘယ်နေရာရောက်နေတာလဲ၊ ဘာလို့ ငါက မိုးဖွဲ့မျှော်စင်မှာ ကျန်နေခဲ့ရတာလဲ"
"ဟဲ့ ဟန်ယီ... မင်း တစ်ခုခု မေ့နေတယ် မဟုတ်လား" လီကျန့်ယီသည် အူကြောင်ကြောင် ဖြစ်နေလျက် မြို့စားအိမ်တော်သို့ လျှောက်သွားသော လီဟန်ယီကို လှမ်းကြည့်ကာ အော်မေးလိုက်သည်။
"မ... မမေ့ပါဘူး" လီဟန်ယီသည် သူမ၏ နီမြန်းနေသော ပါးပြင်လေးများကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး လီကျန့်ယီကို နောက်လှည့်ကြည့်ရန်ပင် မဝံ့ရဲတော့ပေ။ သူမ၏ ခြေလှမ်းများမှာလည်း မြို့စားအိမ်တော်သို့ ပိုမို မြန်ဆန်စွာလျှောက်လိုက်သည်။
ခေတ္တမျှ ကြာပြီးနောက် သူမသည် မြို့စားအိမ်တော်သို့ ပြန်လည် ရောက်ရှိသွားသည်။ ထိုအချိန်တွင် ဝမ်ဟူကျူးနှင့် အခြားလူများသည် ရွှေလမြို့တော်နှင့် တရားဝင် မဟာမိတ်ဖွဲ့ရန် ကိစ္စရပ်များကို ဆွေးနွေးပြီးစီးနေပြီ ဖြစ်သည်။
"ဟန်ယီ... ဘာလို့ နင်တစ်ယောက်တည်း ပြန်လာတာလဲ၊ သခင်လေးလီကော ဘယ်မှာလဲ"
မဟာမိတ်ကိစ္စများ ဆွေးနွေးပြီးနောက် လော့ရွှေသည် တစ်ယောက်တည်း ပြန်လာသော လီဟန်ယီကို ကြည့်ကာ နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။ လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေပြီး မိန်းကလေးတစ်ဦး၏ ရှက်သွေးများ လွှမ်းမိုးနေဆဲ ဖြစ်သည်။
"ဆရာ... ဆရာ့ကတော်၊ သူ... သူက..." လီဟန်ယီသည် စကားများ ထစ်ငေါ့နေပြီး စာကြောင်းတစ်ကြောင်းကိုပင် အဆုံးသတ်အောင် မပြောနိုင် ဖြစ်နေသည်။
"သခင်လေးလီက... ဟန်ယီ့ကို ခိုးနမ်းလိုက်လို့လား၊ မဟုတ်ရင် ဘာလို့ ဒီလောက်တောင် မျက်နှာနီနေရတာလဲ" လော့ရွှေ၏ လှပသော မျက်လုံးများတွင် စပ်စုလိုစိတ်နှင့် သံသယများ ပြည့်နှက်ကာမေးသည်။
"မဟုတ်ပါဘူး၊ ဆရာကတော် လျှောက်မပြောပါနဲ့၊ ယီယီက ဟန်ယီ့ကို ဘယ်တော့မှ ခိုးမနမ်းပါဘူး"
"သူ... သူက ကျွန်မကို လက်ထပ်ဖို့ သဘောတူလိုက်ပြီ" လီဟန်ယီသည် ရှက်ရွံ့စွာဖြင့် လော့ရွှေကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"သခင်လေးလီက... သမီးကို လက်ထပ်ဖို့ သဘောတူလိုက်တယ် ဟုတ်လား" လော့ရွှေမှာ ကြောင်အမ်းသွားသည်။ သူမသာမက ဝမ်ဟူကျူးနှင့် အခြားရှိနေသူများအားလုံးမှာလည်း ထိုနေရာမှာပင် ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားတော့သည်။
ဒါက ဘယ်လို ကိစ္စကြီးလဲ။ လီကျန့်ယီက လီဟန်ယီကို လက်ထပ်ဖို့ တကယ်ပဲ သဘောတူလိုက်တာလား။ ဒါက တစ်လောကလုံး ဟိုးဟိုးကျော်သွားမယ့် ကိစ္စကြီးပဲ။
"ဟန်ယီ... ဒါဆိုရင်တော့ သမီးရဲ့ဆရာကပဲ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာပေါ့၊ သတို့သမီး လီကျန့်ယီက သတို့သား လီဟန်ယီကို လက်ထပ်တာမျိုးလား" ဟု လော့ရွှေက ပြုံးလျက် လီဟန်ယီကို စနောက်လိုက်သည်။ဘယ်ယောင်္ကျားလေးက မိန်းကလေးတစ်ယောက်ဆီက လက်ထပ်ခွင့်တောင်းခံရသနည်း ။ လီကျန့်ယီသာရှိလိမ့်မည်။
"မဟုတ်... မဟုတ်ဘူး" လီဟန်ယီက မျက်နှာလွှဲလိုက်သည်။
"ဘာလို့ မရပြန်တာလဲ၊ ဟန်ယီ... သမီးပဲ လီကျန့်ယီကို အမြဲတမ်း လက်ထပ်ချင်နေတာ မဟုတ်ဘူးလား၊ အခု ဆရာကတော်က မင်္ဂလာပွဲ စီစဉ်ပေးမယ်ဆိုတာကို ဘာလို့ မပျော်ရတာလဲ" လော့ရွှေသည် လီဟန်ယီ၏ ရှက်နေသော မျက်နှာလေးကို ကြည့်ကာ ပို၍ စနောက်ချင်စိတ် ပေါက်လာသည်။
"ဒါကတော့... ယီယီက အမေနဲ့ အဖေကို လက်ထပ်ယူမှာကို သဘောတူရဲ့လားလို့ မမေးရသေးလို့လေ" တရားဝင် မင်္ဂလာပွဲအကြောင်း တွေးမိလိုက်သည့်အခါ လီဟန်ယီသည် ထပ်မံ၍ အနေရခက်သွားပြန်သည်။
"ဟန်ယီ... သမီးအဖေနဲ့ အမေ သဘောတူတာ မတူတာက အရေးမကြီးပါဘူး၊ အရေးကြီးတာက သမီးက သခင်လေးလီကို လက်ထပ်ချင်တာပဲ မဟုတ်လား"
"ဟိုးတုန်းကလည်း သမီးအဖေ လဲ့မုန့်ရှားက သမီးအမေကို ညာခေါ်သွားခဲ့တာပဲ မဟုတ်လား၊သမီးဘက်က အဖိုးဖြစ်သူကလည်း အဲဒီတုန်းက သဘောမတူခဲ့ပါဘူး၊ ဒါပေမဲ့လည်း သူက အရူးလုပ်ပြီး ခေါ်သွားခံလိုက်ရတာပဲလေ" ဟု ကျီရူဖန်သည်လည်း လဲ့မုန့်ရှား၏ သမီးကို စနောက်ရသည်မှာ ပျော်စရာကောင်းသည်ဟု ထင်သဖြင့် လီဟန်ယီကို ဝိုင်းဝန်းစနောက်လိုက်သည်။
"ဒါပေမဲ့... ဒါပေမဲ့ ဒါက တရားဝင် လက်ထပ်တာ ဖြစ်မှရမယ်" လီဟန်ယီက ဇွတ်အတင်း ပြောနေ၏။
"ဟဲဟဲ... တပည့်ကောင်းလေး၊ တပည့်က သခင်လေးလီကို လက်ထပ်ယူမှာလား ဒါမှမဟုတ် သခင်လေးလီ လက်ထပ်လိုက်မှာလား" ဟု လီချန်းရှန်က လက်ထပ်ယူခြင်းနှင့် လက်ထပ်လိုက်ခြင်းကြား ဝေခွဲမရ ဖြစ်နေသော လီဟန်ယီကို ပြုံးလျက် မေးလိုက်သည်။
"ဆရာ... လက်ထပ်ယူတာနဲ့ လက်ထပ်လိုက်တာက ဘာကွာလို့လဲ" လီဟန်ယီ၏ လှပသော မျက်လုံးလေးများသည် လီချန်းရှန်ကို ကြည့်ကာ မေးလိုက်သည်။
"ဒါပေါ့... ကွာခြားချက် ရှိတာပေါ့!"
"တပည့်သာ သခင်လေးလီဆီကို လက်ထပ်လိုက်တယ်ဆိုတာက ပုံမှန် မင်္ဂလာပွဲပဲ၊ ယောကျာ်းက သတို့သားဖြစ်ပြီး မိန်းမက သတို့သမီး ဖြစ်တာပေါ့၊ ဒါက ရိုးရာမင်္ဂလာပွဲလို့ ခေါ်နိုင်တယ်"
"အကယ်လို့ တပည့်က သခင်လေးလီကို လက်ထပ်ယူတယ်ဆိုရင်တော့ ဒါက အမျိုးသားတစ်ယောက်က အမျိုးသမီးရဲ့ အိမ်ကို လိုက်နေရတာမျိုးပဲ၊ ယောကျာ်းက သတို့သမီးဖြစ်ပြီး မိန်းမက သတို့သား ဖြစ်သွားတာပေါ့၊ ဒါကတော့ အမျိုးသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက် အနည်းငယ် မကောင်းဘူးလေ" ဟုလီချန်းရှန်က ရှင်းပြလိုက်သည်။
"ဒါဆိုရင်တော့... ကျွန်မ ယီယီကို လက်ထပ်မယူတော့ဘူး၊ ယီယီကပဲ ကျွန်မကို လက်ထပ်ပါစေတော့" လီကျန့်ယီ၏ ဂုဏ်သိက္ခာ ထိခိုက်မည်စိုးသဖြင့် လီဟန်ယီသည် သူမ၏ ဆုံးဖြတ်ချက်ကို အမြန်ပင် ပြောင်းလဲလိုက်တော့သည်။
"ဟုတ်လို့လား၊ ဒါဆို သခင်လေးလီကကော တပည့်ကို လက်ထပ်ဖို့ လိုလားပါ့မလား" လီချန်းရှန်သည် တပည့်ဖြစ်သူကို စနောက်ရသည်မှာ အလွန်ပင် အရသာရှိနေပုံရသည်။
"ဒါပေါ့၊ ယီယီက ကျွန်မကို လက်ထပ်ဖို့ သဘောတူပြီးပြီ..." လီဟန်ယီက ပြောလိုက်သော်လည်း သူမ၏ စကားထဲတွင် ဟာကွက်တစ်ခု ရှိနေသည်ကို သတိပြုမိသွားသည်။
"ဟုတ်တယ် ဟန်ယီ၊ သခင်လေးလီက တပည့်ကို လက်ထပ်ဖို့ သဘောတူတာတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ သူက တပည့်ဆီကို လိုက်မှာလား၊ ဒါမှမဟုတ် တပည့်ကို ခေါ်သွားမှာလားဆိုတာ မပြောရသေးဘူးလေ။ တပည့်က သခင်လေးလီရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပြီး တပည့်ဆီကို အတင်းလိုက်ခိုင်းမှာလား၊ ဒါမှမဟုတ်..." ဟု လီချန်းရှန်က ပြုံးလျက် မေးလိုက်ပြန်သည်။
"ကျွန်မ... ကျွန်မ မသိတော့ဘူး..." လီဟန်ယီသည် ဝေခွဲမရသော အခက်အခဲထဲသို့ ရောက်သွားပြီး ခေါင်းကိုက်သလို ဖြစ်ကာ သူမ၏ နဖူးကို လက်ဖြင့်အုပ်လိုက်၏။
ထိုအချိန်မှာပင် လီကျန့်ယီသည် မြို့စားအိမ်တော်သို့ တစ်ဦးတည်း ပြန်လည် ရောက်ရှိလာသည်။ လီဟန်ယီသည် တစ်ယောက်တည်း ရပ်ကာ စဉ်းစားခန်း ဝင်နေသည်ကို မြင်သောအခါ သူက "ဟန်ယီ... မင်း ဘာလို့ ငါ့ကို ထားခဲ့တာလဲ" ဟု မေးလိုက်သည်။
"မင်း ငါ့ကို မိုးဖွဲမျှော်စင်မှာ တစ်ယောက်တည်း ထားခဲ့တာ၊ ငါ ထွက်ပြေးသွားမှာကို မကြောက်ဘူးလား"
"ဟွန့်... နင် ပြေးရဲရင် ပြေးကြည့်လေ" လီဟန်ယီက မျက်မှောင်ကြုတ်ကာ 'မိုးစက်နာခံဓား' ကို ထုတ်လိုက်ပြန်သည်။
လီကျန့်ယီ "..."
ကောင်းပါပြီ...မင်း..ငါ့ကို မလက်ထပ်ရသေးဘူးနော်၊ လက်မထပ်ရသေးခင်ကတည်းက ငါ့ကို အော်ဟောက်နေတာလား။ရတယ်လေ ငါကပဲ အရှုံးပေးလိုက်ပါမယ်။