သူမက ငယ်သေးတယ်
Vol. 9 Ch. 86
"ငါ ...ငါ မပြေးရဲပါဘူး၊ အခုလည်း ပြန်ရောက်လာပြီပဲ မဟုတ်လား"
လီကျန့်ယီသည် စိတ်ထဲတွင်မူ လီဟန်ယီကို မကျေနပ်နေသော်လည်း လက်တွေ့တွင်မူ ပြုံးရယ်နေသော မျက်နှာထားကိုသာ လုပ်ပြနေရရှာသည်။
"ဟွန့်....အဲဒီလိုပဲဖြစ်ရမယ်လေ"
လီဟန်ယီသည် 'မိုးစက်နာခံဓား' ကို ပြန်သိမ်းလိုက်ပြီး လီကျန့်ယီ၏ ဘေးနားသို့ လျှောက်သွားကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် "ယီယီ... နင် ငါကို လက်ထပ်မှာ မဟုတ်လား၊ ဟုတ်တယ်မလား" ဟု မေးလိုက်သည်။
"ဟင်... ငါက ဘာလို့ ဟန်ယီကို လက်ထပ်ယူရမှာလဲ" လီကျန့်ယီက အူကြောင်ကြောင် ပုံစံဖမ်း၍ ပြန်မေးလိုက်၏။
"ယီယီ... လူကောင်းလား လူဆိုးလားဆိုတာ ငါ့အပေါ်မှာပဲ မူတည်တယ်လို့ နင် ပြောခဲ့တယ်လေ"
"ဟုတ်တယ်လေ၊ ငါက လူဆိုးမတွေကို သဘောကျမကျဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်လို့ ပြောတာ၊ ဒါပေမဲ့ မင်းကို လက်ထပ်မယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး"လီကျန့်ယီသည် လီဟန်ယီက သူအပေါ် အာဏာပြခဲ့သည်ကို တေးမှတ်ထားဆဲ ဖြစ်သည်။သူသည် လီဟန်ယီကို အလွယ်တကူ အနိုင်ပေးမည် မဟုတ်ပေ။
"မရဘူး၊ နင် ငါကို လက်ထပ်မယ်၊ လက်မထပ်ဘူးဆိုတာ ငါပဲ ဆုံးဖြတ်ရမယ်" လီဟန်ယီသည် လီကျန့်ယီ၏ ခါးကို သူမ၏ လက်မောင်းများဖြင့် ဖက်တွယ်လိုက်ရာ လီကျန့်ယီမှာ ကျောချမ်းသွားသည်။
လီဟန်ယီ ဘာလုပ်တော့မည်ကို သိရှိသွားသဖြင့် သူမ၏ လက်များကို အမြန်ဖမ်းဆွဲကာ သူမ၏ လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ထိုသို့ပြုလုပ်မှသာ လီဟန်ယီသည် သူ၏ခါးကို မဆွဲလိမ်နိုင်တော့ဘဲ သူက ပြန်လည် အသာစီးရနိုင်မည် ဖြစ်သည်။
"လက် ကို လွှတ်"
"ကောင်းကင်နဲ့ မြေကြီးကြားမှာ မွေးဖွားလာတဲ့ ယောင်္ကျား
တစ်ယောက်က မိန်းမတစ်ယောက်ရဲ့ စကားကို ဘယ်လိုလုပ် နားထောင်နိုင်မှာလဲ" လီကျန့်ယီသည် လီဟန်ယီ၏ လက်များကို ဖမ်းဆွဲထားကာ တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
လီဟန်ယီက ဒေါသထွက်စွာ ရုန်းလိုက်ပေမဲ့ သူမ၏ လက်များမှာ လီကျန့်ယီ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
"လွှတ်... လွှတ်စမ်း"
လီကျန့်ယီ၏ လက်မှ ထွက်ပေါ်လာသော နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် လီဟန်ယီမှာ မျက်နှာလေး နီမြန်းသွားပြီး မာနေသည့်အသံကတော့ မလျှော့ချသေးပေ။
"ဟန်ယီ... ဒီနေ့တော့ မင်း ငါ့ ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေရမယ်။ ဘာပဲဖြစ်ဖြစ် ငါ မင်းရဲ့စကားကို နားမထောင်ဘူး" လီကျန့်ယီသည် လီဟန်ယီ၏ လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ဂုဏ်ယူစွာ ပြောသည်။
"ဟွန့်..ဒါက နင် ငါ့ ကို အတင်းအကျပ် လုပ်ခိုင်းတာနော်"
လီကျန့်ယီက သူမ၏ လက်များကို ဆုပ်ကိုင်ထားသဖြင့် လီဟန်ယီသည် သူကို မနှိမ်နင်းနိုင်တော့ပေ။ ထိုသို့ဆိုလျှင်လည်း သူမက အလိုက်သင့်ပင် နေလိုက်တော့မည်။
လီဟန်ယီသည် ဆုပ်ကိုင်ခံထားရသော သူမ၏ လက်ကလေးများကို ကြည့်ကာ ရှက်သွေးဖြာလျက် ရှေ့သို့ အနည်းငယ် တိုးဝင်ကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လီကျန့်ယီနှင့် ကပ်ထားလိုက်သည်။ ထို့နောက် အတင်းတိုးဝှေ့ကာ လီကျန့်ယီကို မြေပြင်ပေါ်သို့ လဲကျသွားအောင် လုပ်လိုက်လေသည်။
သူမသည် လီကျန့်ယီ၏ အပေါ်မှ ဖိထားပြီး သူမ၏ လှပသော မျက်နှာလေး နီမြန်းလျက် "ယီယီ... နင်က ငါ့ လက်တွေကို ဒီလောက်တောင် သဘောကျနေမှတော့... ငါ နင့်ကို နမ်းတော့မယ်"ဟု ခြိမ်းခြောက်လိုက်၏။
ပြောပြောဆိုဆိုဖြင့် လီဟန်ယီသည် ရှက်သွေးဖြာလျက် လီကျန့်ယီ၏ နှုတ်ခမ်းများကို နမ်းရန် ပြင်လိုက်သည်။ လီကျန့်ယီသည် မိန်းကလေးတစ်ဦးကဲ့သို့ လှပပြီး ရှက်သွေးဖြာနေသော လီဟန်ယီကို မြင်လိုက်ရသည့်အခါ သူ၏ လည်ချောင်းများ ခြောက်ကပ်လာပြီး နှလုံးခုန်သံများ မြန်လာသည်။
ကံကောင်းထောက်မစွာဖြင့် လီကျန့်ယီသည် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိနေသေးသဖြင့် စတင်ဖွံ့ဖြိုးစ အမျိုးသမီးငယ်လေး ဖြစ်သော လီဟန်ယီ၏ ဖြားယောင်းမှုကို အလွယ်တကူ အရှုံးမပေးခဲ့ပေ။
ထို့ကြောင့် လီကျန့်ယီသည် ပျာပျာသလဲဖြင့် လီဟန်ယီကို တွန်းထုတ်လိုက်ပြီး သူမ၏ လက်ကို လွှတ်ကာ တည်ကြည်သော မျက်နှာထားဖြင့် "အမျိုးသားနဲ့ အမျိုးသမီးက ထိတွေ့မှု မရှိသင့်ဘူးလေ။ နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလိုမျိုး ရှက်စရာ ကောင်းတဲ့ အလုပ်ကို မင်းဘယ်လိုလုပ်နိုင်ရတာလဲ" ဟု အရမ်းရိုးသားသည့်မျက်နှာထားဖြင့်ပြောလိုက်၏။
လီဟန်ယီ"...."
တွန်းထုတ်ခြင်း ခံလိုက်ရသော လီဟန်ယီသည် လီကျန့်ယီကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်သည်။ သူမ ဘာမှ မပြောဘဲ လီကျန့်ယီကိုသာ စိုက်ကြည့်နေသည်။ ပုံမှန်အားဖြင့် လီကျန့်ယီသည် သူမ အတင်းအကျပ် လုပ်လျှင် ဘယ်တော့မှ ငြင်းဆန်လေ့မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ငြင်းပယ်ခံလိုက်ရသည်။၎င်းက သူမကို ဝမ်းနည်းစေကာ၊ မတရားသလို ခံစားရစေပြီး နှလုံးသားကို ကြေကွဲစေသည်။
"ယီယီ... နင် ဟိုလူဆိုးမကို မေ့လို့မရသေးဘူးဆိုတာ ငါ သိလိုက်ပြီ"
အမျိုးသားနဲ့ အမျိုးသမီး ထိတွေ့မှု မရှိသင့်ဘူးဆိုတာတွေက ဆင်ခြေတွေချည်းပဲ။
လီဟန်ယီ၏ လှပသော မျက်လုံးများတွင် မျက်ရည်များ ရုတ်တရက် ပြည့်လျှံလာပြီး သူမသည် မြို့စားအိမ်တော်အတွင်းရှိ သူမ၏ အခန်းဆီသို့ ငိုယိုကာ ပြေးထွက်သွားတော့သည်။ ၎င်းကို မြင်သည့်အခါ လီကျန့်ယီသည် ရှင်းပြချင်သော်လည်း အချိန်က မသင့်တော်သေးပေ။
နောက်ထပ် လေးနှစ်ကျော်လောက် လိုသေးတယ် ဟန်ယီ၊ အဲဒီအချိန်ကျရင်တော့ နင် ငါ့အပေါ် ဘာပဲလုပ်လုပ် ငါ အကုန်လက်ခံမှာပါ။
ထိုအချိန်တွင် လီကျန့်ယီသည် လီဟန်ယီကို ပြောချင်သော စကားများစွာ ရှိနေသော်လည်း မပြောရသေးမီမှာပင် လီဟန်ယီ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"တောက်... လှပတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စေတနာကို ငြင်းပယ်တယ်၊ သခင်လေးလီ... မင်းက ငါ့ ရဲ့ တပည့်ကို တကယ်ပဲ စိတ်ဆိုးအောင် လုပ်လိုက်ပြီပဲ" ထိုမြင်ကွင်းကို ကြည့်နေသော လီချန်းရှန်က မျက်မှောင်ကြုတ်ကာ ပြောသည်။
"သူမက ငယ်သေးတယ်လေ" လီကျန့်ယီက အေးအေးဆေးဆေးသာပြန်ဖြေလိုက်၏။
"ဒါဆို သခင်လေးလီ... မင်းက ဟန်ယီလေးကို ငြင်းပယ်ဖို့ ရည်ရွယ်ချက် မရှိဘူးပေါ့" လီကျန့်ယီ၏ စကားကို ကြားသောအခါ လီချန်းရှန်က မေးလိုက်သည်။
"ဟွန့်.. အလကားရတာကို ဘာလို့ ယူမထားရမှာလဲ" လီကျန့်ယီက မာနတကြီး ခေါင်းမော့ကာ ပြောသည်။
"ဟားဟား..ဒါဆို မင်းရဲ့ လူဆိုးမကော ဘာဖြစ်သွားမလဲ" လီချန်းရှန်က ရယ်မောကာ မေးပြန်သည်။
"နောင်အနာဂတ်မှာ သူမကိုလည်း ကျွန်တော် လက်ထပ်မှာပဲလေ"
လီကျန့်ယီ၏ အကြည့်မှာ ခိုင်မာနေသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် လူဆိုးမရော လူကောင်းမပါ ဖြစ်နေသည် မဟုတ်ပါလား။ ဇနီးနှစ်ယောက် လက်ထပ်တာ ဘာမှားလို့လဲ။
"သခင်လေးလီ.တကယ်လို့ မချစ်ဘူးဆိုရင် ကျေးဇူးပြုပြီး သူမကို မနာကျင်စေပါနဲ့ ၊ ယောကျာ်းတစ်ယောက်က မယားအများအပြား ယူနိုင်တယ်ဆိုပေမဲ့ ဟန်ယီက ငါ့ ရဲ့ တပည့်ပဲ၊ သူမကို မတရားတာမျိုး လုပ်တာကို ငါ ဘယ်တော့မှ ခွင့်မပြုဘူး၊ ဒါကြောင့် သခင်လေးလီ... မင်း ဟန်ယီ့ကို ငြင်းသင့်တယ်"
အမျိုးသမီးတစ်ဦးအနေဖြင့် လော့ရွှေသည် လီဟန်ယီဘက်မှ မတ်တပ်ရပ်ကာ ပြောပေးလိုက်သည်။ သူမသည် ခြေရှုပ်သော ယောကျာ်းများကို အမုန်းဆုံး ဖြစ်သည်။ လီချန်းရှန်လို လူမျိုးပေါ့၊ သူကတော့ အပိုင်းပိုင်း အဖြတ်ခံရဖို့ ထိုက်တန်သူပဲ။
"ကောင်းပါပြီ... ကျွန်တော် ငြင်းပြီးပါပြီ။ နောင်အနာဂတ်မှာ ပေါ်လာမယ့် လူဆိုးမကိုပဲ မျှော်လင့်နေလိုက်ပါ့မယ်" လော့ရွှေ၏ ခက်ထန်မှုကို ရင်ဆိုင်ရင်း လီကျန့်ယီသည် ဘာမှထပ်မပြောတော့ပဲ အပြုံးတစ်ချက်ဖြင့်သာ တုန့်ပြန်လိုက်သည်။
"ဒါဆို သခင်လေးလီက လက်ခံသလိုလိုနဲ့ ပြန်ငြင်းလိုက်တာပေါ့ ဟုတ်လား" လော့ရွှေသည် လီကျန့်ယီ၏ အပြုံးကို ကြည့်ကာ အံ့ဩသွားသည်။ သူမက အလေးအနက် ပြောနေပါလျက် လီကျန့်ယီက ဘာကြောင့် ဂရုမစိုက်ဘဲ ရှိနေရသနည်းဟု သူမ နားမလည်နိုင် ဖြစ်နေရသည်။
"သခင်မလော့... အနာဂတ်မှာ အရာအားလုံး ရှင်းလင်းသွားပါလိမ့်မယ်" လီကျန့်ယီက ပြုံးလျက်ထပ်ပြောလိုက်သည်။
ထို့နောက် သူသည် လူတိုင်းကို နှုတ်ဆက်ကာ "ကျွန်တော် ဟန်ယီကို လာတွေ့တာပါ၊ အခုတော့ ပြန်ပြီး ဓားကျင့်ရမယ့် အချိန်ရောက်ပြီ ခွင့်ပြုပါအုန်း"ဟု ဆိုကာ မြို့စားအိမ်တော်မှ ထွက်ခွာခဲ့သည်။
မြို့စားအိမ်တော်မှ မထွက်ခွာမီ လီကျန့်ယီသည် မြင့်မားသော ကြည့်မျှော်စင်သို့ ရောက်ရှိလာပြီး "မင်း တစ်လောကလုံးမှာ နာမည်ကြီးလာပြီး နတ်ဓားရှင် ဘွဲ့ကို ရတဲ့ အချိန်ကျရင် အရာအားလုံးကို ထုတ်ဖော်ပြောပြဖို့ အချိန်ပဲ"ဟု ရေရွတ်လိုက်သည်။သူသည်လည်း မပြောချင်လို့မပြောတာ မဟုတ်ဘဲ၊မပြောနိုင်လို့သာ စောင့်ဆိုင်းနေရခြင်းဖြစ်သည်။
ထို့နောက်တွင် လီကျန့်ယီသည် စိတ်ပေါ့ပါးစွာဖြင့် ဓားနှလုံးဂူဗိမာန်သို့ ပြန်သွားဖို့ ခရီးစတင်လေသည်။ လီဟန်ယီသည်လည်း မကြာခင်မှာ အရာအားလုံးကို နားလည်သွားလိမ့်မည် ဖြစ်သည်။မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးလျှင် သူမ အရွယ်ရောက်လာသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးသင့်သည် မဟုတ်ပါလား။
....
လီကျန့်ယီ ထွက်ခွာသွားပြီးနောက် လော့ရွှေသည် လီဟန်ယီ၏ အခန်းသို့ အပြေးအလွှား ရောက်ရှိလာသည်။ ကုတင်ထောင့်တွင် ထိုင်ကာ ငိုနေသော လီဟန်ယီကို မြင်လိုက်ရသည့်အခါ သူမ၏ နှလုံးသားမှာ နာကျင်သွားရ၏။
"ဟန်ယီ... ဝမ်းမနည်းပါနဲ့၊ ယောကျာ်းတွေက အကုန်အတူတူပါပဲ"
"ဆရာကတော်ကို ကြည့်စမ်း၊ သမီးဆရာလည်း အဲ့လိုပဲ ဒါပေမဲ့ ဆရာကတော်က ဝမ်းမနည်းဘူး၊ ဆရာကတော် လုပ်ချင်တာတစ်ခုထဲက အဲ့လူယုတ်မာကို ရိုက်ဖို့ပဲ" ဟု သူမက နှစ်သိမ့်လိုက်သည်။
"အင်း" လီဟန်ယီက ငိုင်တိငိုင်တိုင်ဖြင့် ခေါင်းညိတ်ပြသည်။
ထို့နောက် တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် "ဆရာကတော်... ယီယီ ဘယ်မှာလဲ" ဟု မေးလိုက်သည်။
"သူ... သူ ပြန်သွားပြီ" လော့ရွှေက သက်ပြင်းချကာ "ဟန်ယီ... လောကကြီးမှာ ယောကျာ်းကောင်းတွေ အများကြီး ရှိပါသေးတယ်။ ငါတို့တွေ သစ်ပင်တစ်ပင်တည်းမှာပဲ နားတဲ့ငှက်လုပ်လို့မရဘူးး" ဟု အကြံပေးသည်။
"မဟုတ်ဘူး... ဆရာကတော် မသိပါဘူး။ ယီယီက တခြားသူတွေနဲ့ မတူဘူး" လီဟန်ယီသည် မျက်ရည်များကြားမှ ခေါင်းခါကာ လော့ရွှေစကားကို ငြင်းလိုက်၏။