← Chapters

လီရှင်းယွဲ့မှာ ကိုယ်ဝန်ရှိနေပြီ

Vol. 9 Ch. 87

လီရှင်းယွဲ့မှာ ကိုယ်ဝန်ရှိနေပြီ

Vol. 9 Ch. 87

"မတူဘူး ဟုတ်လား၊ ဘယ်လို မတူတာလဲ၊ သူတို့အားလုံးက ယောကျာ်းတွေပဲ မဟုတ်လား"

လော့ရွှေက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

လီဟန်ယီသည် မျက်နှာလေးက နီမြန်းသွားပြီး သူမ၏ လှပသော မျက်လုံးလေးများကို အဝိုင်းသားဖြင့် "ဆရာကတော်... ဘယ်... ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းတဲ့ စကားမျိုးကို ပြောနိုင်ရတာလဲ" ဟု မေးမြန်းလိုက်သည်။

"ရိုင်းတယ် ဟုတ်လား၊ ဆရာကတော် ပြောတာ ဘာမှမမှားဘူးလေ" လော့ရွှေသည်လည်း သူမ မမှား‌ကြောင်း ခေါင်းမော့ပြီး‌ပြော၏။ လီဟန်ယီ၏ စိတ်အခြေအနေမှာ များစွာ တည်ငြိမ်သွားသည်ကို မြင်ရသဖြင့် သူမလည်း စိတ်သက်သာရာ ရသွားသည်။

"သမီးတို့က စကားကို ပိုပြီး ယဉ်ယဉ်ကျေးကျေး သုံးသင့်တယ်လို့ ထင်ပါတယ်" လီဟန်ယီက မျက်ရည်သုတ်ပြီးပြောသည်။

"ယောကျာ်းဆိုတာထက် ပိုယဉ်ကျေးတဲ့ စကားလုံး ရှိသေးလို့လား၊ ဟန်ယီ... ဆရာကတော်အတွက် ပိုပြီး ယဉ်ကျေးတဲ့ အသုံးအနှုန်းမျိုး ရှိရင် အကြံပေးပါဦး" ဟု လော့ရွှေက ပြုံးလျက်မေးလေ၏။သူမတို့ပြောသည့် စကားက ဘယ်မှာ ရိုင်းသနည်း။

"သမီး.. သမီးလည်း မသိဘူး." လီဟန်ယီ၏ ဦးနှောက်ထဲတွင် အပြင်းအထန် စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် 'ယောင်္ကျား'ဆိုသည်ထက် ပိုမိုယဉ်ကျေးသော ဖော်ပြချက်ကို မတွေ့ရှိခဲ့ပေ။

"ဟုတ်တယ်မလား၊ ဆရာ့ကတော်က တကယ်ကို ယဉ်ယဉ်ကျေးကျေး သုံးနှုန်းထားတာပါ" လော့ရွှေသည် ရှေ့သို့ တိုးသွားပြီး လီဟန်ယီကို ပွေ့ဖက်လိုက်သည်။ သူမသည် မိခင်တစ်ဦးကဲ့သို့ လီဟန်ယီကို ချော့မြူနေ၏။ သူမသည် လီကျန့်ယီအကြောင်းကို ထပ်မံ မပြောတော့ဘဲ လီဟန်ယီ စိတ်အေးလက်အေး ဖြစ်ကာ စိတ်ကြည်လင်လာစေရန်သာ မျှော်လင့်နေသည်။

သို့သော်လည်း လီဟန်ယီသည် ထိုလူဆိုးမအပေါ်တွင်မူ အညှိုးအတေး ထားရှိနေဆဲဖြစ်သည်။

"ဆရာကတော်... ရွှေလမြို့တော်မှာရှိတဲ့ ပင့်ကူအိမ် သတင်းကွန်ရက်ကို ကူညီခိုင်းလို့ ရမလားဟင်၊ ကျင့်ကြံသူ လောကမှာ ဘယ်လို အမျိုးသမီးတွေက လက်ဖွာပြီး ဆိုးသွမ်းသလဲဆိုတာ သိချင်လို့ပါ"

ငါ သူမကို မိန်းမကောင်း တစ်ယောက် ဖြစ်လာအောင် သင်ပြပေးချင်တယ်။ငါ သူမကို ဇနီးကောင်း တစ်ယောက် ဖြစ်လာအောင် လုပ်ပစ်မယ်။

"ယီယီက လူဆိုးမတွေကို သဘောကျတယ်ဆိုတော့ သူသဘောကျတဲ့ လူဆိုးမတွေကို မိန်းမကောင်းတွေ ဖြစ်လာအောင် ငါက သင်ပေးလိုက်မယ်၊ အဲဒီအခါကျရင် ယီယီက လူဆိုးမတွေကို သဘောကျမှာ မဟုတ်တော့ဘူး" လီဟန်ယီသည် လော့ရွှေ၏ ရင်ခွင်ထဲမှ ခေါင်းမော့ကာ ကြုံးဝါးလိုက်သည်။

"ဒါကတော့..." လော့ရွှေသည် သက်ပြင်းချလိုက်မိသည်။ လီကျန့်ယီက ဘယ်လိုများ ထူးခြားနေလို့ လီဟန်ယီက သူသဘောကျတဲ့ လူဆိုးမကိုတောင် အစားထိုး သင်ပြပေးဖို့အထိ ဆန္ဒရှိနေရသနည်းဟု သူမ မတွေးတတ်တော့ပေ။

"ဆရာကတော်... ကျေးဇူးပြုပြီး ကူညီပါနော်" လီဟန်ယီက ချွဲနွဲ့လိုက်ပြန်သည်။

"ကောင်းပါပြီ၊ ဒါပေမဲ့ ဓားတစ်ချက်တည်းနဲ့ ရွှေတုံး ထောင်သောင်းချီ အကုန်အကျများစေမယ့် လူဆိုးမမျိုး ရှာဖို့ကတော့ တော်တော် ခက်လိမ့်မယ် ထင်တယ်" လော့ရွှေသည် လီဟန်ယီ၏ ချွဲနွဲ့မှုကို မတွန်းလှန်နိုင်သဖြင့် သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်၏။

"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ဆရာကတော်" လီဟန်ယီသည် လော့ရွှေ၏ လှပသော ပါးပြင်လေးကို ပျော်ရွှင်စွာ အနမ်း‌ပေးလိုက်သည်။

"ကျေးဇူးတင်နေစရာ မလိုပါဘူး၊ ငါတို့က မိသားစုတွေပဲဟာ"

"လာပါ... သမီးရဲ့ စိတ်အလိုမကျမှုတွေကို ဖြေဖျောက်ဖို့ ဆရာကတော်က ဓားသိုင်းလေ့ကျင့်ဖို့ ခေါ်သွားပေးမယ်"

လော့ရွှေသည် လီဟန်ယီ၏ လက်ကလေးကို ဆွဲကာ ချန်းစန်းတောင်တန်းဆီသို့ ဦးတည်ထွက်ခွာသွားသည်။

......

လီကျန့်ယီ ဂူဗိမာန်ကို ပြန်ရောက်လာပြီးနောက် ရွှေလမြို့တော်ရှိ လီဟန်ယီ၏ နေထိုင်မှုအခြေအနေများကို လီဆူးဝမ်အား ပြောပြလိုက်ပြီးနောက် ဓားသိုင်းလေ့ကျင့်ရန် ဓားနှလုံး ကျောက်ဆောင်သို့ ထွက်လာခဲ့သည်။

ခုနစ်လကြာ ဓားသိုင်းလေ့ကျင့်ပြီးနောက် သူသည် ချုပ်နှောင်မဲ့အဆင့်၏ ၆၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ဖောက်ထွက်နိုင်ခဲ့ပြီဖြစ်ရာ မကြာခင်တွင် ဆန်းကြယ်နတ်ခရီး တစ်ဝက်အဆင့်သို့ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။

ထိုအချိန်တွင် သူသည် နတ်ဘုရားများကဲ့သို့ စိတ်ဝိညာဉ်ဖြင့် လှည့်လည်နိုင်သော ထိုထူးဆန်းသည့် နယ်ပယ်သို့ ဝင်ရောက်နိုင်ပြီဟု ဆိုနိုင်ပေသည်။

"ယီယီ... နွေဦးပွဲတော် ရောက်တော့မယ်၊ မင်းလည်း လူပျိုပေါက်အရွယ်ကို ရောက်လာပြီဆိုတော့ တစ်နှစ်တောင် ကြီးသွားပြန်ပြီပေါ့"

ဓားနှလုံးကျောက်ဆောင်ပေါ်တွင် လီဆူးဝမ်သည် ဓားလေ့ကျင့်ခန်း ပြီးဆုံးသွားသော လီကျန့်ယီကို ကြည့်ကာပြောလိုက်သည်။အချိန်ကုန်တာ များလွန်းသည့်အပေါ် သူ အခုထိမယုံနိုင်သေးပေ။

"ဆရာ"

လီဆူးဝမ် ရောက်လာသည်ကို မြင်သောအခါ လီကျန့်ယီသည် သူ၏ သစ်သားဓားကို သိမ်းလိုက်ပြီး လီဆူးဝမ်၏ အနားသို့ ဝမ်းမြောက်စွာ ရောက်ရှိလာသည်။

"နွေဦးပွဲတော် ရောက်တော့မှာဆိုတော့ ယီယီ...ဆရာနဲ့အတူ နှစ်သစ်ကူးအတွက် လိုအပ်တာတွေ သွားဝယ်ကြမလာ။ဒါ့အပြင် မင်းရဲ့ အန်တီလီနဲ့ ဟန်ယီတို့လည်း နွေဦးပွဲတော် ကျင်းပဖို့ မကြာခင် ပပြန်လာကြတော့မှာလေ"

"ဆရာတို့ ဓားနှလုံးဂူဗိမာန်ကို ပျော်ပွဲရွှင်ပွဲနဲ့ တူအောင် အလှဆင်သင့်တယ် မဟုတ်လား" လီဆူးဝမ်က ရယ်မောကာ ပြောလိုက်သည်။

"ဆရာ ပြောတာ မှန်ပါတယ်" လီကျန့်ယီက ခေါင်းညိတ် ထောက်ခံလိုက်၏။

ထို့နောက် သူသည် လီဆူးဝမ်နောက်သို့ လိုက်ပါကာ ဓားနှလုံးဂူဗိမာန်မှ ထွက်ခွာပြီး အနီးဆုံး မြို့ငယ်လေးသို့ သွားရောက်ကာ သကြားလုံး၊ အစေ့အဆန်၊ နှစ်သစ်ကူးစာတန်းများနှင့် ဗြောက်အိုးများကဲ့သို့သော နှစ်သစ်ကူးပစ္စည်းများကို ဝယ်ယူခဲ့ကြသည်။ မြင်းလှည်းတစ်စီးလုံး ပြည့်သွားပြီးနောက်တွင် လီကျန့်ယီနှင့် လီဆူးဝမ်တို့သည် ဓားနှလုံးဂူဗိမာန်သို့ ပြန်လာကြသည်။

ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်သည့်အခါ လီကျန့်ယီနှင့် လီဆူးဝမ်တို့သည် လီရှင်းယွဲ့ကို ဗိုက်ကြီးတစ်ကားကားဖြင့် တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြရသည်။

"ရှင်း... ရှင်းယွဲ့၊ မင်းမှာ ကိုယ်ဝန်ရှိနေတာလား"

မွေးဖွားရန် နီးကပ်နေပြီဖြစ်သော သမီးဖြစ်သူကို ကြည့်ကာ လီဆူးဝမ်သည် စိတ်လှုပ်ရှားမှု့များဖြင့် ပြည့်နှက်သွားသည်။

"ဟုတ်တယ် အဖေ၊ သမီး မွေးခါနီးနေပြီ" လီရှင်းယွဲ့က သူမ၏ ဗိုက်ကြီးကို ပွတ်သပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"ယောကျာ်းလေး ဖြစ်လိမ့်မယ်၊ ကျွန်တော် အဲ့ဒီလို ခံစားရတယ်"

ဗိုက်ကြီးဖြင့် ဖြစ်နေသော လီရှင်းယွဲ့ကို ကြည့်ကာ လီကျန့်ယီက အပိုင်တွက်၍ ပြောလိုက်သည်။

"ဟုတ်လို့လား၊ ယီယီ... မင်းက ယောကျာ်းလေးတွေကို သဘောကျလို့လား" လီရှင်းယွဲ့က ပြုံးလျက် မေးသည်။

"ချစ်ဖို့ကောင်းတဲ့ အရာမှန်သမျှကို ကျွန်တော် ချစ်ပါတယ်" လီကျန့်ယီသည် မကြာခင် မွေးဖွားတော့မည့် လီရှင်းယွဲ့ကို အမြန်ပင် သွားရောက်တွဲကူလိုက်သည်။

"ဟုတ်ပါပြီ... ကလေးတွေက မွေးစမှာ အရမ်းချစ်ဖို့ကောင်းကြတာ၊ ယီယီနဲ့ ဟန်ယီတို့ ငယ်ငယ်တုန်းကလိုပေါ့" လီရှင်းယွဲ့သည် လီကျန့်ယီ၏ တွဲကူမှုဖြင့် ဓားဗိမာန်အတွင်းသို့ လမ်းလျှောက်ဝင်လာသည်။

ခေတ္တမျှ ကြာပြီးနောက်. သူသည် လီရှင်းယွဲ့ကို ဓားဆောင်အတွင်းရှိ ထိုင်ခုံတစ်ခုတွင် ထိုင်ရန် ကူညီပေးပြီး ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

"ယီယီ... အချိန်တွေက ကုန်တာ အရမ်းမြန်တာပဲ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်းက အိမ်ထောင်ပြုမယ့် အရွယ်ကို ရောက်လာပြီ၊ ဟန်ယီကလည်း အိမ်ထောင်ဖက် ရှာရမယ့် အရွယ်ကို ရောက်လာပြီ..."

လက်ထဲရှိ ခွက်မှ နွေးထွေးမှုကို ခံစားရင်း လီရှင်းယွဲ့သည် အရပ် ၅ ပေ ၆ လက်မခန့် ရှိနေပြီဖြစ်သော လီကျန့်ယီကို ကြည့်ကာ အချိန်များ ကုန်လွန်သွားသည်ကို အရမ်းမြန်သည်ဟု ခံစားနေမိသည်။

"အိမ်ထောင်ပြုရမယ့် အရွယ်..."

လီကျန့်ယီ တိတ်ဆိတ်သွားသည်။ ရှေးခေတ်ကာလတွင် အသက် ၁၄ နှစ်သည် အိမ်ထောင်ပြုရမည့် အရွယ်ဖြစ်သည်မှာ မှန်သော်လည်း ခေတ်သစ်လူသားတစ်ဦး ဖြစ်ခဲ့ဖူးသော လီကျန့်ယီကမူ အသက် ၁၄ နှစ်သည် လက်ထပ်ရန် အဆင့်သင့်မဖြစ်သေးသည့်အပြင် အမျိုးသမီးတစ်ဦးအတွက် ကျန်းမာရေးအရလည်း မသင့်တော်သေးကြောင်း သိထားသည်။

အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးသည့်အတွက် အိမ်ထောင်ပြုခြင်းက ကျန်းမာရေးကို များစွာ ထိခိုက်စေနိုင်ပေသည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦးကို အမှန်တကယ် ချစ်မြတ်နိုးလျှင် အလွန်စောစီးစွာ လက်ထပ်ခြင်းကို မပြုသင့်ပေ။

"ဟုတ်တယ်လေ၊ ဟန်ယီက အိမ်ထောင်ပြုရမယ့် အရွယ်ကို ရောက်နေပြီဆိုတော့ သူမ သဘောကျတဲ့သူ ရှိနိုင်တာပေါ့" လီရှင်းယွဲ့က လီကျန့်ယီကို လှမ်းကြည့်လိုက်ပြီး "ယီယီ... အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုဖို့ အဆင်သင့် ဖြစ်နေပြီ။ မင်း သဘောကျတဲ့ အဖြုန်းအတီးကြမ်းတဲ့ လူဆိုးမက ဘယ်အိမ်တော်ကလဲဆိုတာ အခုထိ မပြောပြချင်သေးဘူးလား" ဟု မေးလိုက်သည်။

"သူမကို တခြားသူက ခိုးသွားမှာကို မကြောက်ဘူးလား"

"ကျွန်တော် မကြောက်ပါဘူး" လီကျန့်ယီက ခေါင်းခါပြလိုက်သည်။

"ယုံကြည်ချက်တွေ ဒီလောက်တောင် ရှိနေတာလား"

"ဒါလည်း ဟုတ်တာပဲလေ၊ အဲ့ဒီလောက် အသုံးအဖြုန်းကြီးတဲ့ မိန်းမမျိုးကို သာမန်လူတွေက ဘယ်သူမှ မလိုချင်ကြပါဘူး" လီရှင်းယွဲ့က ရယ်မောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... ကျွန်တော်ကတော့ သူမကို ယူရဲပါတယ်" လီကျန့်ယီ၏ အကြည့်မှာ ခိုင်မာနေလွန်းသည်။

"အေးပါ... မင်းက တကယ်ကို တော်တဲ့သူပဲ၊ အဲဒီလို ဖြုန်းတီးတတ်တဲ့ မိန်းမကိုတောင် ထောက်ပံ့နိုင်တယ်ပေါ့လေ" လီရှင်းယွဲ့က စနောက်လိုက်သည်။

"ဒါနဲ့... မင်း.. ဟန်ယီဆီ သွားလည်တုန်းက ဟန်ယီ ဘယ်လိုနေလဲ" လီရှင်းယွဲ့သည် မတွေ့ရသည်မှာ ကြာပြီဖြစ်သော သမီးဖြစ်သူကို သတိရကာ မေးလိုက်သည်။

"ဟန်ယီက အဆင်ပြေပါတယ်။ သူမက မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်ကို ရောက်နေပြီ၊ ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ကို ရောက်ဖို့လည်း သိပ်မလိုတော့ဘူး" ဟု လီကျန့်ယီက ပြန်ဖြေလိုက်၏။

"ဟုတ်လား၊ ဟန်ယီ့ရဲ့ ပါရမီက တကယ်ကို ထူးခြားတာပဲ၊ အန်တီလီနဲ့ ဦးလေးလဲ့တို့ထက်တောင် ပိုကောင်းသေးတယ်။ နောင်အနာဂတ်မှာ ဆရာလီ ပြောသလို ဟန်ယီက နတ်ဓားရှင်တစ်ဦး ဖြစ်လာနိုင်တာ အမှန်ပဲလား" လီရှင်းယွဲ့သည် သမီးဖြစ်သူ၏ ပါရမီကြောင့် အံ့ဩသွားရသလို တစ်ဖက်တွင်လည်း လီဟန်ယီအတွက် ဂုဏ်ယူနေမိသည်။

“သူမက နတ်ဓားရှင် တစ်ယောက် ဖြစ်လာမှာပါ၊ပြီး‌ တော့ ကျွန်တော်တို့ စောင့်ရမှာက သူမဆန်းကြယ်နတ်ခရီးအဆင့် ရောက်တဲ့အချိန်ပဲ" လီကျန့်ယီသည်လည်း လီဟန်ယီအတွက် ဂုဏ်ယူနေမိသည်။ အချိန်သာ လုံလောက်စွာ ရရှိပါက လီဟန်ယီသည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိနိုင်သည့် ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်မည်မှာ အသေအချာပင်။

"ယီယီ... မင်းက ဟန်ယီအပေါ်မှာ မျှော်လင့်ချက်တွေ အဲဒီလောက်တောင် ကြီးနေတာလား" လီရှင်းယွဲ့က လီကျန့်ယီကို အံ့ဩတကြီး ကြည့်လိုက်သည်။လီဟန်ယီသည် နတ်ဓားရှင်အဆင့်သို့ ရောက်ရှိနိုင်ခြင်းကပင် အလွန်ထူးခြားလှပြီဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

လီဟန်ယီက လီချန်းရှန်ကဲ့သို့ အဆင့်မျိုးကို ရောက်ရှိလိမ့်မည်ဟု သူမ တစ်ခါမျှ မမျှော်လင့်ဝံ့ခဲ့ပေ။ သို့သော် လီကျန့်ယီ၏ ဟန်ယီအပေါ် မျှော်လင့်ချက်မှာ နတ်ဓားရှင်အဆင့်တင်မကဘဲ ဒဏ္ဍာရီလာ ဆန်းကြယ်နတ်ခရီးအဆင့်အထိ ဖြစ်နေပေသည်။

"ဟုတ်ပါတယ်... သူမက အန်တီလီရဲ့ သမီးပဲဟာ၊ တခြားသူတွေထက် ဘယ်လိုလုပ် ညံ့ပါ့မလဲ" ဟု လီကျန့်ယီက မြှောက်ပင့်ပြောဆိုလိုက်သည်။

"ဟဲဟဲ... ငါ့ သမီးသာ ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်နိုင်မယ်ဆိုရင် အန်တီရဲ့ ဗိုက်ထဲက ကလေးကလည်း အနည်းဆုံးတော့ နတ်ဓားရှင်အဆင့်ကို ရောက်နိုင်မှာပေါ့ ဟုတ်လား" လီကျန့်ယီ၏ စကားကို ကြားရသည့်အခါ လီရှင်းယွဲ့က ပြုံးပျော်သွားတော့သည်။

"ဖြစ်နိုင်တာပေါ့"

လီရှင်းယွဲ့၏ ဗိုက်ကြီးကို ကြည့်ရင်း လီကျန့်ယီက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

All Chapters