လီကျန့်ယီ၏ သဝန်တိုမှု့
Vol. 9 Ch. 88
"အန်တီက စနောက်နေတာပါ၊ ယီယီ..ကတကယ်ကြီး အတည်ယူနေတာလား" လီရှင်းယွဲ့သည် လီကျန့်ယီ၏ ချစ်စဖွယ်ကောင်းသော အမူအရာကို ကြည့်ကာ သဘောကျလျက် ရယ်မောလိုက်သည်။
"အန်တီလီ... ကျွန်တော်က အတည်ပြောနေတာပါ" လီကျန့်ယီက လေးနက်စွာ ပြောလိုက်၏။
"ကောင်းပါပြီ... ကောင်းပါပြီ၊ အန်တီ မင်းကို ယုံပါတယ်" လီရှင်းယွဲ့က ပြုံးလျက် ခေါင်းညိတ်လိုက်တော့သည်။ တကယ်ဖြစ်လာစေ ၊မဖြစ်လာစေ ထိုစကားများက သူမကို ပျော်ရွှင်စေသည်။
ထိုအချိန်မှာပင် မြင်းလှည်းပေါ်၌ နှစ်သစ်ကူးပစ္စည်းများ နေရာချပြီးစီးသွားသော လီဆူးဝမ်သည် ရွှေလမြို့တော်မှ ပြန်ရောက်လာသည့် လီဟန်ယီနှင့်အတူ ဓား မျှော်စင်အတွင်းသို့ ဝင်ရောက်လာသည်။
"မေမေ... မေမေ၊ ကလေးမွေးတော့မှာလား"
ကျော့ရှင်းလှပသော အမျိုးသမီးငယ်လေးအဖြစ် ကြီးပြင်းလာသည့် လီဟန်ယီသည် ဗိုက်ကြီးတစ်ကားကား ဖြစ်နေသော လီရှင်းယွဲ့ကို မြင်သည့်အခါ သူမ၏ လှပသော မျက်လုံးလေးများကို ပုတ်ခတ်ကာ မေးလိုက်သည်။
"ဟန်... ဟန်ယီလား၊ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ" လီရှင်းယွဲ့သည် မတွေ့ရသည်မှာ ကြာပြီဖြစ်သော သမီးဖြစ်သူကို မြင်သောအခါ လွမ်းဆွတ်မှုကို ဖြေဖျောက်ရန် အမြန်ထ၍ ပွေ့ဖက်ချင်သော်လည်း ၊ ဗိုက်ထဲမှ ကလေးက အတော်လေး အနှောင့်အယှက် ဖြစ်နေသဖြင့် ထိုင်ရာမှ ထရန်ပင် ခက်ခဲနေသည်။ ထို့ကြောင့် သူမသည် တစ်ဝက်ခန့်သာ ထနိုင်ပြီး ပြန်ထိုင်ကျသွားရသည်။
"လဲ့မုန့်ရှားကတော့ သေသင့်တာပဲ" လီရှင်းယွဲ့သည် သူမ၏ ကိုယ်ဝန်ဆောင် ဗိုက်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ညည်းသွားလိုက်သည်။
"မေမေကလည်း၊ ဘာလို့ မေမေ ထလို့မရတာကို အဖေ့ကို အပြစ်တင်နေရတာလဲ" လီဟန်ယီသည် ပါးစပ်ကလေးကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်ကာ လီရှင်းယွဲ့၏ ဘေးတွင် ဝင်ထိုင်လိုက်သည် သူမ၏ ဖြူစင်ဝင်းပသော လက်ကလေးကို လီရှင်းယွဲ့၏ ဗိုက်ပေါ်သို့ ညင်သာစွာတင်ပြီး "မေမေ... သမီးက မောင်လေး ရမှာလား၊ ညီမလေး ရမှာလားဟင်" ဟု မျှော်လင့်တကြီး မေးလိုက်၏။
"မောင်လေးပါ၊ ယီယီကတော့ မေမေ့ဗိုက်ထဲမှာ ယောကျာ်းလေး ရှိနေတာလို့ ပြောတာပဲ" လီရှင်းယွဲ့က ဘေးနားရှိ လီကျန့်ယီကို လှမ်းကြည့်လိုက်သည်။
"ယောကျာ်းလေးလား၊ ဒါဆိုရင်တော့ သေချာပေါက် ယောကျာ်းလေး ဖြစ်မှာပဲ၊ နောင်ကျရင် သမီးမှာ မောင်လေးတစ်ယောက် ရှိလာတော့မှာပေါ့" လီဟန်ယီသည် လီရှင်းယွဲ့၏ ဗိုက်ကို အသာအယာ ပွတ်သပ်နေ၏။
"ဟုတ်တာပေါ့၊ ဟန်ယီလည်း မကြာခင်မှာ အစ်မကြီး ဖြစ်တော့မှာပဲ" လီရှင်းယွဲ့က လီဟန်ယီ၏ လှပသော မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးကာ အရွယ်ရောက်လာသည့် သမီးဖြစ်သူကို ကြည့်ကာ သူမမှာ ကြည်နူးမှု့များဖြင့် ပြည့်နှက်နေသည်။
"ဒါနဲ့ ဟန်ယီ...သမီး ဘာလို့ ရုတ်တရက်ကြီး ဒီကို ရောက်လာတာလဲဆိုတာ မပြောရသေးဘူးနော်။ မေမေ ပြန်လာတဲ့ နေ့နဲ့လည်း တိုက်နေတာပဲ" လီရှင်းယွဲ့က ပြုံးလျက် မေးလိုက်သည်။
"မေမေ ပြန်လာမယ့် ရက်ကို ဂိုဏ်းချုပ်ကျီဆီကနေ စုံစမ်းထားတာလေ။ အဲဒါကြောင့် သမီးက မေမေ့ကို လွမ်းလို့ မေမေနဲ့အတူတူ ပြန်လာဖို့ ဆုံးဖြတ်လိုက်တာ" လီဟန်ယီက လီရှင်းယွဲ့၏ နွေးထွေးသော အထိအတွေ့ကို ခံစားရင်း ဖြေလိုက်၏။ သူမသည် သူမအမေကို မတွေ့ရသည်မှာ ကြာလှပြီဖြစ်သည်။
"ဟုတ်လို့လား၊ ဒါဆိုရင် ဒီည ဟန်ယီ မေမေနဲ့အတူ အိပ်မလား၊ မေမေလည်း သမီးကို ဖက်မအိပ်ရတာ ကြာပြီ" လီရှင်းယွဲ့သည် လီဟန်ယီကို ပွေ့ဖက်အိပ်ခဲ့ရသော နေ့ရက်များကို လွမ်းဆွတ်နေမိသည်။
"ဟုတ်ကဲ့" လီဟန်ယီက လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။
"အင်း... ငါ့သမီးလေးက တကယ်ပဲ ကြီးပြင်းလာပြီ" လီရှင်းယွဲ့၏ မျက်လုံးထဲတွင် သူမရှေ့ရှိ အမျိုးသမီးငယ်လေးကိုသာ ချစ်မဝစွာကြည့်နေမိ၏။
လီဟန်ယီလေးသည်လည်း လီရှင်းယွဲ့ကို အလွန်လွမ်းနေသဖြင့် သူမ၏ ဘေးနားမှ မခွာဘဲ နေပေးသည်။ ထိုအရာက လီကျန့်ယီကို အနည်းငယ် မနာလို ဖြစ်သွားစေသည်။ ပုံမှန်ဆိုလျှင် လီဟန်ယီ ပြန်ရောက်လာသည့်အခါ ပထမဆုံး လုပ်ရမည့် အလုပ်မှာ သူကို လာရောက်နှောင့်ယှက်ပြီး အတူကစားရန် မဟုတ်ပါလား။ သို့သော် ယနေ့ အခြေအနေမှာ ထူးဆန်းနေသည်။
"ဟန်ယီ... သကြားလုံး စားဦးမလား၊ ငါ ဆရာနဲ့ အပြင်မှာ သွားဝယ်လာတာ၊ အရမ်းချိုတယ်နော်" လီဟန်ယီက သူကို စကားမပြောသည်မှာ ကြာပြီဖြစ်သဖြင့် လီကျန့်ယီက စတင်၍ စကားစလိုက်သည်။
"နောက်မှ စားမယ်၊ အခုတော့ မေမေနဲ့ပဲ အချိန်ပေးချင်သေးတယ်" လီဟန်ယီက လီကျန့်ယီကို တစ်ချက်ကြည့်လိုက်ပြီး လီရှင်းယွဲ့၏ ဂရုစိုက်မှုများကို ဆက်လက် ခံယူနေသည်။
အငြင်းခံလိုက်ရသောအခါ လီကျန့်ယီသည် သစ်သီးပန်းကန်ထဲမှ ခါးသီးသော သခွားခါးသကြားလုံးတစ်လုံးကို ခွါကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေသော ခံစားချက်ဖြင့် ဓားမျှော်စင်ထဲမှ ထွက်ခွာခဲ့တော့သည်။
သူသည် မြေပြင်မှနေ၍ တစ်ချက်တည်း ခုန်လိုက်ရာ ပေပေါင်း သုံးထောင်နီးပါး မြင့်မားသော ဓားနှလုံးကျောက်ဆောင်ပေါ်သို့ ရောက်ရှိသွားသည်။ ဤအရာမှာ နတ်ဓားရှင်တစ်ဦး၏ စွမ်းရည်ပင် ဖြစ်သည်။ သူတို့သည် ဆန်းကြယ်သော နယ်ပယ်သို့ တိုက်ရိုက် မရောက်ရှိနိုင်သေးသော်လည်း ဓားပျံသန်းခြင်း အတတ်ဖြင့် ဓားနှလုံးကျောက်ဆောင်ပေါ်သို့ လွယ်ကူစွာ တက်ရောက်နိုင်သည်။
ဓားနှလုံးကျောက်ဆောင်သို့ ရောက်သည့်အခါ လီကျန့်ယီသည် ဂူအတွင်းသို့ ဝင်ကာ သစ်သားဓားကို ထုတ်ယူလိုက်သည်။ သူ၏ နှလုံးသားထဲမှ မနာလိုဖြစ်နေသော ခံစားချက်ဖြင့် ဓားကို အရှိန်အဟုန်ပြင်းစွာ ခုတ်လွှဲလိုက်လေသည်။
....
လီကျန့်ယီ ထွက်ခွာသွားပြီးနောက် လီရှင်းယွဲ့သည် သမီးဖြစ်သူကို လှမ်းကြည့်ကာ "ဟန်ယီ... ယီယီ ခုနက ထွက်သွားတာ ကြည့်ရတာ စိတ်မကောင်းဖြစ်နေတဲ့ ပုံပဲနော်" ဟု ပြောလိုက်၏။
"စိတ်မကောင်းဖြစ်နေတာလား၊ ယီယီက ဘာဖြစ်လို့လဲ" လီဟန်ယီက နားမလည်စွာ မေးသည်။
"ဖြစ်နိုင်တာက... ဟန်ယီ သမီးက ပြောင်းလဲသွားလို့ ဖြစ်မှာပါ" လီရှင်းယွဲ့သည် လီဟန်ယီ ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်တိုင်း လီကျန့်ယီကို အမြဲရှာဖွေ ကစားတတ်သည်ကို သတိရကာ လီကျန့်ယီ စိတ်မကောင်းဖြစ်နေသည်ကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။ သိသာသည်မှာ လီကျန့်ယီသည် သူမထံတွင်သာ ကပ်နေသော လီဟန်ယီကို မနာလို ဖြစ်နေခြင်းပင်။
"မဖြစ်နိုင်တာ၊ မေမေ့သမီးက မပြောင်းလဲပါဘူး" လီဟန်ယီက ချွဲနွဲ့ကာ ငြင်းသည်။
"ဟုတ်ပါတယ်... ငါ့သမီးက ပြောင်းလဲနေပြီ" လီရှင်းယွဲ့က ပြုံးလျက် လီဟန်ယီ၏ ခေါင်းလေးကို အသာအယာ ပုတ်လိုက်၏။
"ဒါနဲ့ မေမေ... ယီယီ ဘာလို့ စိတ်မကောင်းဖြစ်နေလဲဆိုတာ မပြောရသေးဘူးနော်" လီဟန်ယီက ထိုအကြောင်းကို စိတ်ဝင်စားနေပုံရပေသည်။
"ဒါကတော့ ယီယီက သမီးနဲ့ ဒီလိုမျိုး နေရတာကို အသားမကျသေးလို့ ဖြစ်မှာပါ။ အရင်တုန်းကဆိုရင် သမီး ပြန်လာတာနဲ့ သူဆီကိုပဲ အပြေးသွားပြီး ကစားခဲ့တာလေ၊ မေမေ့ကိုတောင် ဒီလောက် အဖော်ပြာခဲ့တာ မဟုတ်ဘူး" လီရှင်းယွဲ့က လီဟန်ယီကို အကြောင်းရင်းအား ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသောအခါ လီဟန်ယီက နှာခေါင်းရှုံ့လိုက်ပြီး "သူကိုယ်တိုင်ပဲ အမျိုးသားနဲ့ အမျိုးသမီး ထိတွေ့မှု မရှိသင့်ဘူးလို့ ပြောခဲ့တာလေ၊ သူနဲ့ ခပ်ကွာကွာနေတာလည်း မဟုတ်ဘူး၊ နီးနီးကပ်ကပ်နေပြန်ရင်လည်း မဟုတ်သေးဘူးလား" ဟု မကျေနပ်စွာ ပြောလိုက်သည်။အခုတစ်မျိူး တော်ကြာတစ်မျိူး ဖြစ်နေသော လီကျန့်ယီကို သူမ နားမလည်နိုင်သကဲ့သို ဖြစ်နေမိ၏။
"ယီယီက ဟန်ယီနဲ့ ခပ်ခွာခွာနေချင်တယ်လို့ ပြောတာလား။ ဒါဆို ယီယီက တကယ့် လူဆိုးလေးပဲ" လီရှင်းယွဲ့က မျက်လုံးလေးများ မှေးလျက် ပြောလိုက်၏။
"ဟုတ်တယ်... သူက လူဆိုးကြီး" လီဟန်ယီက ခေါင်းညိတ် ထောက်ခံလိုက်ပြီး လီရှင်းယွဲ့၏ ဗိုက်ကို ပြုံးလျက် ပွတ်သပ်ကာ မောင်လေး မွေးလာမည့် အချိန်ကို မျှော်လင့်နေသည်။
အဲဒီကျရင် လီကျန့်ယီနဲ့ သွားကစားနေဖို့ မလိုတော့ဘူး။ မောင်လေး ရှိလာရင် ဓားနှလုံးဂူဗိမာန်က ဘဝက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းမှာ သေချာတယ်။
ထို့ကြောင့် လီဟန်ယီနှင့် လီရှင်းယွဲ့တို့သည် အချိန်အတော်ကြာ အတူရှိနေခဲ့ကြပြီး လီရှင်းယွဲ့ ပင်ပန်းလာသည့်အခါမှသာ လီဟန်ယီက သူမကို အခန်းသို့ ပို့ဆောင်ကာ အနားယူစေခဲ့သည်။
လီရှင်းယွဲ့ အိပ်ပျော်သွားပြီးနောက် လီဟန်ယီသည် ကုတင်ဘေးတွင် ထိုင်ကာ စဉ်းစားခန်း ဝင်နေမိသည်။
"ယီယီ... နင်လည်း မနာလို တတ်တာပဲလား၊ ငါ သူဆီကို သွားတွေ့သင့်လား"
"ဒါပေမဲ့ ဆရာကတော်က မိန်းကလေးဆိုတာ ပိုပြီး ဣန္ဒြေရှိရမယ်၊ အရမ်း တက်ကြွမနေရဘူးလို့ ပြောခဲ့တာပဲ..."
ထိုအချိန်တွင် လီဟန်ယီသည် ဓားနှလုံးကျောက်ဆောင်သို့ သွားရန် ဝေခွဲမရ ဖြစ်နေသည်။
"ငါ သွားကြည့်ရုံပဲ ကြည့်မယ်၊ တစ်ချက်လေးပဲ"
လီကျန့်ယီ မနာလိုဖြစ်နေသည်ကို သိသဖြင့် လီဟန်ယီသည် သူကို သွားကြည့်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ လီရှင်းယွဲ့ကို စောင်သေသေချာချာ ခြုံပေးပြီးနောက် သူမသည် ဓားနှလုံးကျောက်ဆောင်ဆီသို့ ထွက်လာခဲ့သည်။
သိပ်ပင်မကြာလိုက်ပေ လီဟန်ယီသည် ဓားနှလုံး ကျောက်ဆောင်သို့ ရောက်ရှိလာပြီး အရင်ကထက် ပိုမို ပြင်းထန်သော အရှိန်အဝါဖြင့် ဓားကို လွှဲနေသည့် လီကျန့်ယီကို တွေ့လိုက်ရသည်။ လီကျန့်ယီသည် ဓားကိုသာ အာရုံစိုက်နေသဖြင့် လီဟန်ယီ ရောက်လာသည်ကို သတိမပြုမိပုံရသည်။
"ဟန်ယီက... ငါ ပေးတဲ့ သကြားလုံးကို ဘာလို့ မယူတာလဲ"
"ဟန်ယီက.. ငါ စကားပြောနေတာကို ဘာလို့ ပြန်မပြောတာလဲ"
"ဟန်ယီက... ငါ ပြောတဲ့ လူဆိုးမက မင်းဆိုတာ မင်း သိရဲ့လား"
ထိုအချိန်တွင် လီကျန့်ယီသည် တွေးလေ စိတ်တိုလေ ဖြစ်နေသည်။ လီဟန်ယီက သူကို ဂရုမစိုက်ဘဲ ထားခဲ့ခြင်းအပေါ် သူက မနာလိုရော စိတ်ပါ ဆိုးနေမိသည်။ သူ၏ မကောင်းသော စိတ်ခံစားမှုအားလုံးကို ဓားခုတ်လွှဲခြင်းတွင် ပုံအောလိုက်သဖြင့် သူ၏ မကျေနပ်မှုနှင့် မနာလိုမှုများ ပြည့်နှက်နေသော အသံမှာ ဓားနှလုံးဂူဗိမာန်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
သူ၏ ဓားချက်များမှ ထွက်ပေါ်လာသော လေဟုန်သံများမှာလည်း လေထုထဲတွင် ပဲ့တင်ထပ်နေ၏။သေချာသည်မှာ လီကျန့်ယီ၏ မနာလိုမှုနှင့် မကျေနပ်သံများကြားတွင် လီဟန်ယီ၏ နှလုံးသားမှာမူ ယခုအချိန်တွင် အတော်လေး လှုပ်ခတ်နေပြီ ဖြစ်သည်။
လီကျန့်ယီ၏ မနာလိုမှုနှင့် မကျေနပ်သော စကားများကို ကြားလိုက်ရ သောအခါ သူမသည် ထိုနေရာမှာပင် ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားသည်။ သူမ၏ လှပသော မျက်နှာလေးမှာ နေဝင်ချိန် ဆည်းဆာကဲ့သို့ပင် အလွန်အမင်း နီမြန်းသွားကာ ရင်ခုန်သံများမှာလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရတော့သည်။