← Chapters

ယီယီကြိုက်တဲ့ မိန်းကလေးက လီဟန်ယီပဲ

Vol. 9 Ch. 89

ယီယီကြိုက်တဲ့ မိန်းကလေးက လီဟန်ယီပဲ

Vol. 9 Ch. 89

"ငါက... လူဆိုးမလေး ဟုတ်လား"

လီကျန့်ယီ၏ စကားကို ကြားလိုက်ရသည့်အခါ လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားရုံသာမက သူမ၏ ဦးနှောက်တစ်ခုလုံးပင် ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။

"ငါ... ငါက မဆိုးပါဘူး၊ ပြီးတော့ ငါက ဖြုန်းတီးတာမျိူး မရှိဘူးလေ၊ ငါက ဘယ်လိုလုပ် လူဆိုးမ ဖြစ်နိုင်မှာလဲ"

လီဟန်ယီသည် ထိုနေရာတွင်ပင် ကြောင်အမ်းကာ ရပ်နေမိပြီး အချိန်အတော်ကြာသည်အထိ နားမလည်နိုင် ဖြစ်နေရှာသည်။ လီကျန့်ယီက ဓားခုတ်လွှဲပြီး သူ၏ ဒေါသများကို ဖြေဖျောက်ပြီးသွားသည့် တိုင်အောင် သူမသည် ငိုင်တိုင်တိုင်ပင် ရပ်နေဆဲ ဖြစ်သည်။

"ဟန်... ဟန်ယီ၊ နင် ဘယ်တုန်းက ရောက်နေတာလဲ"

ဓားခုတ်လေ့ကျင့်ခန်း ပြီးဆုံးသွားသည့်အခါ လီကျန့်ယီသည် လီဟန်ယီကို တွေ့လိုက်ရသဖြင့် ရင်ခုန်သံများ မြန်လာသည်။ သူ ခုနက ပြောလိုက်သမျှကို လီဟန်ယီ ကြားသွားလေသလားဟု စိုးရိမ်မိခြင်းပင်။

"ငါ အခုလေးတင်... အခုလေးတင် ရောက်တာပါ..."

လီဟန်ယီသည် မသိစိတ်ဖြင့် လိမ်ညာလိုက်သော်လည်း သူမသည် နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေပြီး အတွေးထဲ နစ်ဝင်နေပုံရသည်။ သူမ၏ ဦးနှောက်ကို မည်မျှပင် အသုံးချ၍ စဉ်းစားစေကာမူ သူမနှင့် လူဆိုးမကြားတွင် မည်သည့် ဆက်စပ်မှု ရှိနေသလဲဆိုသည်ကို မတွေးတတ်တော့ပေ။

"အခုလေးတင် ရောက်တာလား၊ ဟန်ယီ... ငါ့ဆီ လာလည်တာလား" လီကျန့်ယီသည် လီဟန်ယီက ဓားနှလုံးကျောက်ဆောင်သို့ ကိုယ်တိုင်လာရောက်သည်ကို မြင်ရသဖြင့် အလွန်ဝမ်းသာသွားပြီး သူမ၏ လက်ကလေးကို ဆုပ်ကိုင်ရန် အနားသို့ တိုးသွားလိုက်သည်။

သို့သော်လည်း..သူ၏လက်က လီဟန်ယီ၏ နွေးထွေးသော လက်ကလေးကို ထိမိလိုက်သည့် ခဏမှာပင် လီဟန်ယီက သူမ၏ လက်ကို မသိစိတ်ဖြင့် ပြန်ရုတ်လိုက်သည်။ထို့နောက် သူမက "အမျိုးသားနဲ့ အမျိုးသမီး ထိတွေ့မှု မရှိသင့်ဘူးလေ" ဟု ဟန့်တားလိုက်၏။

လီကျန့်ယီ "..."

ရွှေလမြို့တော်မှာ မင်းကို နမ်းခွင့်မပေးခဲ့လို့ စိတ်ကောက်နေတာလား။ မင်းက အဲဒီလောက်တောင် မှတ်ထားဖို့ လိုလို့လား။

"ဟန်... ဟန်ယီ၊ ငါတို့က အတူတူ ကြီးပြင်းလာတာလေ၊ အဲဒါကြောင့် ပိုပြီး ရင်းနှီးတာပေါ့၊ အဲဒါကြောင့်... အဲဒါကြောင့်..."

လီကျန့်ယီ၏ အကြည့်မှာ လီဟန်ယီ ပြန်ရုတ်သွားသော လက်ကလေးအပေါ်တွင်သာ ဝဲလည်နေပြီး ထိုလက်ကလေးကို ဆုပ်ကိုင်ကာ ဘယ်တော့မှ မလွှတ်ချင်သလို ဖြစ်နေသည်။

သို့သော် လီဟန်ယီသည် သူ၏ အကြည့်ကို မြင်သောအခါ မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး သူမ၏ လက်ကလေးများကို အင်္ကျီလက်အိတ်ထဲသို့ ထည့်လိုက်ကာ လီကျန့်ယီ ဆုပ်ကိုင်ခွင့်မရအောင် လုပ်ပစ်လိုက်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် လီဟန်ယီသည် သူမ၏ လှပသော မျက်လုံးလေးများကို ပုတ်ခတ်ကာ " အတူတူ ကြီးပြင်းလာ တော့ဘာဖြစ်လဲ။ ယောကျာ်းလေးနဲ့ မိန်းကလေးဆိုတာ ခပ်ခွာခွာ နေရမယ် မဟုတ်လား၊ပြီတော့ နင် က ငါ့ကို မနမ်းရဲဘဲနဲ့" ဟု ပြောလိုက်၏။

"နမ်းမယ်..နမ်းမယ်" လီကျန့်ယီသည် လီဟန်ယီကို စကားများကို ပြန်လည် ရုပ်သိမ်းချင်စိတ်ဖြင့် အလျင်အမြန် ပြန်ပြောလိုက်သည်။သို့ပေမဲ့ သူ မထင်ထားတာက လီဟန်ယီက သူဆီပြေးဝင်လာသည်ကိုပင်။

"ဒါ နင်ကိုယ်တိုင် တောင်းဆိုတာနော်"

လီကျန့်ယီ၏ ပျာယာခတ်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ လီဟန်ယီသည် သူမ၏ နှုတ်ခမ်းနီနီလေးကို စူလိုက်ပြီးနောက် အခွင့်အရေးကို အသုံးချကာ လီကျန့်ယီပေါ်သို့ ခုန်အုပ်လိုက်သည်။

ထို့နောက် "ဖတ်" ဆိုသည့် အသံနှင့်အတူ လီကျန့်ယီ၏ ပါးပြင်ကို နမ်းလိုက်တော့သည်။

လီကျန့်ယီသည် သူ၏ ပါးပြင်ပေါ်မှ နွေးထွေးသော အနမ်းကို ခံစားလိုက်ရပြီး လီဟန်ယီကို မမျှော်လင့်ဘဲ ငေးကြည့်နေမိသည်။

"ငါ ဆိုလိုတာက အမျိုးသားနဲ့ အမျိုးသမီးကြားက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု မရှိရဘူးလို့ ပြောတာပါ၊ တကယ့် ရင်းနှီးမှုကို မဆိုလိုပါဘူး" လီကျန့်ယီက အူကြောင်ကြောင်ဖြင့် ပြောလိုက်သည်။

သို့သော် လီဟန်ယီကမူ ထိုစွပ်စွဲချက်ကို ဂရုမစိုက်ဘဲ "ယီယီ... နင်က ငါ့ ကို နမ်းဖို့ တောင်းဆိုနေလို့ ငါက နမ်းပေးလိုက်တာလေ၊ မဟုတ်ရင် ငါက နင် ကို နမ်းချင်နေတယ်လို့ ထင်နေတာလား" ဟု ဖင်ပိတ်ငြင်းလိုက်၏။

လီဟန်ယီသည် ရှက်ရွံ့စွာဖြင့် ဂုဏ်ယူဝင့်ကြွားလျက် နောက်သို့ ဆုတ်လိုက်ပြီး ဓားနှလုံးကျောက်ဆောင်ပေါ်မှ ဆင်းကာ ထွက်သွားရန် ပြင်လိုက်သည်။ လီကျန့်ယီက သူမကို အလွယ်တကူ လွှတ်ပေးပါ့မလား။

သူသည် လီဟန်ယီ၏ နွေးထွေးသော လက်ကလေးကို နောက်မှ လှမ်းဆွဲလိုက်ပြီး သူမ၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။ ထိုအချိန်တွင် နှင်းဆီပွင့်လေးကဲ့သို့ ရှက်သွေးဖြာနေသော အမျိုးသမီးငယ်လေးမှာ ရင်သပ်ရှုမောဖွယ် လှပနေသည်။

"နင်... နင် ဘာလုပ်တာလဲ"

လီဟန်ယီသည် သူမကို စိုက်ကြည့်နေသော လီကျန့်ယီကို ကြည့်ကာ စိုးရိမ်စိတ် အနည်းငယ် ရှိသော်လည်း အများစုမှာ ရှက်ရွံ့နေခြင်း ဖြစ်သည်။

"ဟန်ယီ... မင်း ငါ့ ကို နမ်းပြီးပြီဆိုတော့ တာဝန်ယူရမယ်" လီကျန့်ယီက လေးနက်စွာ ပြောလိုက်၏။

"မ... မဟုတ်တာ၊ နင်ကပဲ နမ်းပါလို့ တောင်းဆိုခဲ့တာလေ" လီဟန်ယီက မျက်နှာနီမြန်းလျက် ငြင်းဆန်လိုက်၏။

"ဟန်ယီ စားပြီး နားမလည်လုပ်လို့မရဘူးလေ၊ ဘာပဲဖြစ်ဖြစ် ဟန်ယီ... မင်း တာဝန်မယူမချင်း ငါ မင်းကို လွှတ်မပေးဘူး" လီကျန့်ယီသည် လီဟန်ယီ၏ နွေးထွေးသော လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ သူမ မည်မျှပင် ရုန်းကန်စေကာမူ အချည်းနှီးသာ ဖြစ်‌နေရသည်။

လီဟန်ယီသည် လီကျန့်ယီ၏ လက်မှ မရုန်းနိုင်တော့သည်ကို သိလိုက်ရသည့်အခါမှသာ ရုန်းကန်ခြင်းကို ရပ်လိုက်ပြီး လီကျန့်ယီကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေတော့သည်။

နှစ်သစ်ကူး၏ ပထမဆုံးနှင်းများ စတင်ကျဆင်းလာသည့် တိုင်အောင် သူတို့နှစ်ဦးမှာ ထိုသို့ပင် ရှိနေကြရာ လီဟန်ယီသည် ဆံပင်များ အားလုံး ဖြူဖွေးသွားသော လီကျန့်ယီကို ကြည့်ကာ "နှင်း... နှင်းတွေ ကျနေပြီ..." ဟု ပြောလိုက်၏။

လီကျန့်ယီသည် ဖြူလွလွ ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး "တကယ်ပဲ... နှင်းတွေက တော်တော်ထူတာပဲ၊ ခဏလေးအတွင်းမှာပဲ ငါ့ ဆံပင်တွေကို ဖြူသွားစေတယ်..." ဟု အံ့ဩစွာပြောက ထိုအခါမှ သူတို့ရပ်နေသည်မှာ ကြာသွားမှန်းသတိရသွားသည်။

လီကျန့်ယီသည် နှင်းမှုန်များ ဖုံးလွှမ်းနေသဖြင့် ဖြူဖွေးနေသော လီဟန်ယီ၏ ဆံပင်များကို ငေးကြည့်‌နေမိသည်။ ထိုအခွင့်အရေးကို အသုံးချကာ လီဟန်ယီသည် လီကျန့်ယီ၏ လက်မှ ရုတ်တရက် ရုန်းထွက်လိုက်ပြီး ဓားနှလုံး ကျောက်ဆောင်ပေါ်မှ နောက်လှည့်မကြည့်ဘဲ ပြေးဆင်းသွားတော့သည်။

"ဟွန့်....သူက တကယ် ဆိုးတာပဲ၊ သူကပဲ နမ်းပါလို့ တောင်းဆိုခဲ့ပြီးတော့ အခုကျတော့ ငါ့ ကို တာဝန်ယူခိုင်းနေတာလား"

"နေ့ခင်းကြောင်တောင်ကြီးမှာ အိပ်မက်ယောင်နေတာပဲ၊ ဘယ်လိုတောင် ရယ်စရာကောင်းတဲ့ အိပ်မက်လဲ"

ပြောပြောဆိုဆိုဖြင့် လီဟန်ယီလေး၏ ပုံရိပ်မှာ လီကျန့်ယီ၏ အမြင်အာရုံမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

လီဟန်ယီ ထွက်သွားသည်ကို မြင်သောအခါ လီကျန့်ယီသည် သူမ နမ်းသွားသော ပါးကို မသိစိတ်ဖြင့် ထိကြည့်လိုက်မိပြီး ထိုခံစားချက်ကို ပြန်လည် အောက်မေ့နေသည်။ ၎င်းသည် နွေးထွေးပြီး ဆွဲဆောင်မှု့ရှိကာ ရင်ခုန်သံများကို စည်းချက်မမှန်အောင် ပြုလုပ်နိုင်သော ခံစားချက်မျိုး ဖြစ်သည်။

.......

ဓားနှလုံးကျောက်ဆောင်ပေါ်မှ ဆင်းလာပြီးနောက် လီဟန်ယီသည် လီရှင်းယွဲ့၏ ဘေးနားသို့ ချက်ချင်း ပြန်လာသည်။ ထိုအချိန်တွင် လီရှင်းယွဲ့မှာ ခေတ္တမျှ အိပ်ပျော်သွားပြီးနောက် ပြန်နိုးလာခဲ့၏။

နီမြန်းနေသော မျက်နှာဖြင့် ပြန်ရောက်လာသည့် သမီးဖြစ်သူကို မြင်သောအခါ လီရှင်းယွဲ့က "ဟန်ယီ... သမီးမျက်နှာက ဘာလို့ ဒီလောက်တောင် နီနေရတာလဲ" ဟု နားမလည်စွာ မေးလိုက်သည်။

"အပြင်မှာ နှင်းတွေ ကျနေလို့လား"

"အင်း... အင်း၊ နှင်းတွေ ကျနေတယ်၊ အများကြီး ကျနေတာ"လီဟန်ယီသည် လီကျန့်ယီနှင့်အတူ ဆံပင်များ ဖြူသွားသည့် မြင်ကွင်းကို ပြန်လည် သတိရကာ ရှက်သွေးဖြာလျက် မျက်နှာလေး ပို၍ နီမြန်းလာသည်။

"ဟုတ်လား" လီရှင်းယွဲ့သည် သမီးဖြစ်သူ၏ ပိုပိုပြီး နီလာသော မျက်နှာကို ကြည့်ကာ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။ သူမသည် လီဟန်ယီ၏ အခုလက်ရှိ ပုံစံကို ကြည့်ကာ ဟိုးတုန်းက လူအ လဲ့မုန့်ရှား သူမကို နမ်းခဲ့စဉ်က ပုံစံနှင့် ဆင်တူနေသည်ဟု တွေးမိလိုက်သည်။

ဖြစ်နိုင်ပါ့မလား။

လီရှင်းယွဲ့၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာကာ သူမ မမေးရသေးမီမှာပင် လီဟန်ယီက ဦးအောင် "မေမေ... ဟန်ယီက တကယ်ပဲ ဆိုးသလားဟင်" ဟု မေးလိုက်သည်။

လီဟန်ယီသည် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း လီကျန့်ယီ ဓားနှလုံးကျောက်ဆောင်ပေါ်တွင် ပြောခဲ့သော စကားများအတွက် အဖြေရှာမရဘဲ ဇဝေဇဝါ ဖြစ်နေရခြင်းပင်။

"ဆိုးတယ် ဟုတ်လား၊ မေမေ့သမီးက အမြဲတမ်း လိမ္မာခဲ့တာပဲ၊ ဘယ်မှာ ဆိုးလို့လဲ၊ ဘယ်သူက သမီးကို ဆိုးတယ်လို့ ပြောရဲတာလဲ" လီရှင်းယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ်... ဟန်ယီလည်း အဲဒီလိုပဲ ထင်တယ်" လီဟန်ယီသည် အတွေးထဲ နစ်ဝင်သွားသည်။

သူမရော သူမ၏ မေမေပါ သူမကို လူဆိုးမဟု မထင်ကြပါလျှင် လီကျန့်ယီက ဘာကြောင့် သူအမြဲ သဘောကျခဲ့တဲ့ လူဆိုးမက သူမဖြစ်သည်ဟု ပြောရသနည်း။ဒီကမ္ဘာပေါ်မှာ လီဟန်ယီ နှစ်ယောက် ရှိနေလို့လား။ ဒါကြောင့် ယီယီ ပြောတဲ့သူက သူမ မဟုတ်ဘဲ တခြား မျိုးရိုး 'လီ' အမည် 'ဟန်ယီ' ဆိုတဲ့ အမျိုးသမီး ဖြစ်နေမှာလား။

ဒါကလည်း မဖြစ်နိုင်ပါဘူး။ သူ ဓားနှလုံးကျောက်ဆောင်ပေါ်မှာ ပြောခဲ့တဲ့ လေသံက သေချာပေါက် ငါ့ကို ရည်ညွှန်းနေတာပဲ။

ဒါပေမဲ့...ငါက ဆရာကတော်နဲ့ မေမေ့ဆီကနေ ကောင်းမွန်တဲ့ ပညာတွေ သင်ယူထားတဲ့ မိန်းမကောင်းတစ်ယောက်ပဲလေ၊ အဲ့ဒါတင်မကသေးဘူး၊ အခုတလော ရွှေလမြို့တော်မှာ အစ်မရွဲ့ယောင်ဆီကနေ ဂီတ၊စာရေးစာဖတ်နဲ့ ပန်းချီပညာတွေကိုလည်း သင်ယူနေတာ။ တချို့ပညာရပ်တွေမှာ ညံ့နေသေးပေမဲ့ သင်ယူနေတုန်းပဲလေ။

ဒါကြောင့် ငါက နောင်ကျရင် သေချာပေါက် အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်လာမှာပဲ၊ ဘယ်လိုလုပ်ပြီး လက်ဖွာပြီးမကောင်းတဲ့ မိန်းက‌လေးဖြစ်နိုင်မှာလဲ။

အင်း... ငါ တကယ် နားမလည်တော့ဘူး။

"ထားလိုက်ပါတော့၊ နောက်မှ ယီယီဆီကနေ အဖြေတောင်းရမယ်" လီဟန်ယီသည် စဉ်းစားမရတော့သဖြင့် ထိုကိစ္စကို လက်လျှော့လိုက်သည်။

ဘာပဲဖြစ်ဖြစ်... သူမအတွက် အရေးကြီးဆုံး အချက်ကိုတော့ သိလိုက်ရပြီ မဟုတ်ပါလား။

လီကျန့်ယီ သဘောကျတဲ့သူက လီဟန်ယီဆိုတဲ့ သူမပဲ။

All Chapters