အသံတိတ်တိုက်ပွဲ
Vol. 9 Ch. 90
ညတာ နက်ရှိုင်းလာသော်လည်း တစ်ချိူ့သောလူများမှာ အိပ်မပျော်နိုင်ကြသေးပေ။ လီကျန့်ယီသည် ဓားနှလုံးကျောက်ဆောင်မှ ဆင်းလာပြီးနောက် ဓားမျှော်စင်အတွင်းတွင် ထိုင်နေသည်။ သူ၏ အကြည့်တို့သည် တစ်ချက်တစ်ချက်တွင် လီဟန်ယီထံသို့ ဝေ့ဝဲသွားတတ် သော်လည်း လီဟန်ယီကမူ ခေါင်းလွှဲဖယ်ထားကာ လီကျန့်ယီ၏ အကြည့်ချင်း မဆုံမိစေရန် အစွမ်းကုန် ကြိုးစားနေသည်။
လီဆူးဝမ်သည် ညစာစားနေရင်း ထိုနှစ်ဦးမှာ ယခင်နှင့်မတူဘဲ ထူးဆန်းနေသည်ကို သတိပြုမိသွားကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။ "ယီယီ... ဟန်ယီ၊ မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား"
"မဟုတ်... မဟုတ်ပါဘူး" လီကျန့်ယီနှင့် လီဟန်ယီတို့က တပြိုင်နက်တည်း ဖြေကြသည်။
"မဟုတ်ဘူးဆိုရင် ဘာလို့ အရင်လို တစ်ယောက်ကိုတစ်ယောက် အစာမခွံ့ကြတော့တာလဲ၊ ဒါက ကြည့်ရတာ တစ်မျိုးကြီးပဲ..." လီဆူးဝမ်က ပိုကြည့်လေ ပို၍ ထူးဆန်းလေဟု ခံစားနေရ၏။
"ကျား၊ မ မခွဲခြားဘဲ ထိတွေ့ဆက်ဆံတာမျိုး မလုပ်သင့်ဘူးလေ" လီဟန်ယီက ဦးစွာဖြေကြားလိုက်ပြီး လီကျန့်ယီကလည်း လီဆူးဝမ်ကို တစ်ချက်ကြည့်ကာ ထောက်ခံပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လီဆူးဝမ်က ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် "ဟုတ်သားပဲ၊ အဖိုးရဲ့ ဟန်ယီလေး အရွယ်ရောက်လာပြီပဲ။ မြေးက အခုဆို ပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက် ဖြစ်နေပြီ။ အရင်လို ကလေးမလေး မဟုတ်တော့ဘူးပဲ" ဟု ခေါင်းတညိတ်ညိတ်ဖြင့်
ပြောသည်။
ယခုအခါ သူမသည် လူမှုရေးကိစ္စများတွင် ကျား၊ မ ခွဲခြားမှုကို နားလည်လာပြီး ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်တတ်လာပြီဟု အဖိုးဖြစ်သူက တွေးတောနေခြင်း ဖြစ်သည်။
"ဟုတ်ပါတယ်၊ နောင်ကျရင် ဟန်ယီက ပိုပြီးတော့ သတိထားသွားမှာပါ" ဟု လီဟန်ယီက တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြောဆိုနေသကဲ့သို့ လေးနက်သော လေသံဖြင့် ပြောလိုက်၏။
လီကျန့်ယီမှာမူ သဘာဝအတိုင်းပင် တိတ်ဆိတ်နေသည်။ သူမသည် သူ၏အပေါ်တွင် တာဝန်မယူသည့်အပြင် ကျား၊ မ မခွဲခြားဘဲ ထိတွေ့ခြင်းမပြုရဟူသော အကြောင်းပြချက်ကို သုံးကာ သူကို နှိပ်ကွပ်ရန် ကြိုးစားနေသည် မဟုတ်ပါလော။ သူတို့နှစ်ဦးမှာ ဓားနှလုံးကျောက်ဆောင်ပေါ်တွင်ပင် နမ်းပြီးသား ဖြစ်သည် မဟုတ်ပါလား။အဘယ်ကြောင့် ဟန်ယီသည် ရုတ်တရက် ဤမျှ ကပ်စေးနှဲသွားရသနည်း။
"ကျား၊ မ မထိတွေ့ရ" ဟူသော စကားတစ်ခွန်းက စည်းမျဉ်းအားလုံးကို ချိုးဖျက်ရန် လုံလောက်နေသလော။ စိတ်မကောင်းပါဘူး၊ မင်းမှာ ကျားမ မထိတွေ့ရဆိုတဲ့ မူဝါဒရှိရင် ငါ့ မှာလည်း ဧကရာဇ်ကို ထိန်းချုပ်ပြီး နယ်စားတွေကို အမိန့်ပေးနိုင်တဲ့ လှည့်ကွက်တွေ ရှိပါသေးတယ်ဟု လီကျန့်ယီက စိတ်ထဲမှ တွေးတောလိုက်သည်။
"ဟန်ယီပြောတာ မှန်ပါတယ်။ ကျွန်တော်တို့အားလုံး အရွယ်ရောက်နေကြပြီပဲ။ ဘယ်လိုလုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဒီတိုင်းကြီး အစာခွံ့နေလို့ ဖြစ်မှာလဲ" လီကျန့်ယီက လီဟန်ယီ၏ စကားကို ထောက်ခံရင်း ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။
ထို့နောက် သူက ဆက်လက်၍ "အဖိုးပြောတာလည်း မှန်ပါတယ်။ ဟန်ယီ အရွယ်ရောက်လာပြီဆိုတော့ ကျား၊ မ မထိတွေ့သင့်ဘူး၊ အစာမခွံ့သင့်ဘူးပေါ့။ ဒါပေမဲ့... တစ်ယောက်ယောက်က လုံးဝ အရှက်မရှိဘဲ တခြားသူကို ခိုးနမ်းခဲ့ရင်ကော ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်၏။
"မြေးလေး တစ်ယောက်ယောက်ကို ခိုးနမ်းခဲ့တာလား" လီဆူးဝမ်က ငြိမ်သက်စွာ ထမင်းစားနေသော လီဟန်ယီကို ဂရုတစိုက် ကြည့်ရှုစစ်ဆေးလိုက်သည်။ လီဟန်ယီမှာမူ လီကျန့်ယီပြောသော ထိုခိုးနမ်းသည့်သူမှာ သူမ မဟုတ်သည့်အလား ခေါင်းငုံ့ကာ ထမင်းကိုသာ အာရုံစိုက် စားနေလေသည်။
လီဆူးဝမ်က လီဟန်ယီ၏ အပြုအမူမှာ ထူးခြားမှုမရှိဟု ထင်မြင်မိသော်လည်း အမှန်စင်စစ်တွင်မူ ခေါင်းငုံ့ထားသော လီဟန်ယီ၏ နားရွက်များအထိ နီရဲနေခဲ့ပြီ ဖြစ်သည်။ သို့သော် လီဆူးဝမ်မှာ လီဟန်ယီ ထိုင်နေသည့်နေရာနှင့် အတော်လှမ်းသဖြင့် ဤသေးငယ်သော အသေးစိတ်အချက်ကို သတိမထားမိခဲ့ပေ။
ဆန့်ကျင်ဘက်အားဖြင့် လီဟန်ယီနှင့် ပိုမိုနီးကပ်စွာ ထိုင်နေသော လီရှင်းယွဲ့ကမူ တစ်ခုခုမှားနေသည်ကို သတိပြုမိသွားသည်။ "ဟန်ယီက ယီယီကို အရင် စပြီး ခိုးနမ်းလိုက်ပုံပဲ..." လီရှင်းယွဲ့က စိတ်ထဲမှ တွေးတောလိုက်သော်လည်း အပြင်သို့ ထုတ်မပြောခဲ့ပေ။ ထိုအစား ဤကလေးနှစ်ယောက် ဘာများ ဆက်လုပ်ကြဦးမလဲဆိုသည်ကို ကြည့်ချင်နေမိသည်။
"ယီယီ... ချင်းချန်တောင်က တာအိုဝတ်စုံဝတ် တာအိုဘုန်းကြီးတွေလို ဝေ့ဝိုက်ပြီး စကားမပြောစမ်းနဲ့။ ဘယ်သူက ဘယ်သူ့ကို ခိုးနမ်းတာလဲ" လီဆူးဝမ်က လီဟန်ယီထံမှ မသင်္ကာစရာ မတွေ့သဖြင့် လီကျန့်ယီကိုသာ သံသယဖြင့် ကြည့်လိုက်သည်။
လီကျန့်ယီကလည်း လွှတ်ခနဲ ပြောထွက်တော့မည့် အနေအထား ဖြစ်နေ၏။ သူက ထိုသူမှာ လီဟန်ယီ ဖြစ်ကြောင်း ပြောတော့မည့်ဆဲဆဲတွင် လီဟန်ယီမှာ နောက်ဆုံး၌ ငြိမ်မနေနိုင်တော့ပေ။
သူမသည် စားပွဲပေါ်မှ ကြက်ပေါင်အကြီးကြီးတစ်တုံးကို ကောက်ယူကာ သူ၏ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး အေးစက်သော မျက်နှာပေးဖြင့် "ထမင်းကိုပဲ စားစမ်းပါ၊ စနစ်တကျ မစားတတ်ဘူးလား" ဟု ဆိုလေသည်။
"ထမင်းစားနေတုန်း တခြားအကြောင်းတွေ မပြောနဲ့လေ ဟုတ်ပြီလား"
"အဲဒါက မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး..." လီကျန့်ယီက ကြက်ပေါင်ကိုကိုင်ကာ အားရပါးရ တစ်ကိုက် ကိုက်လိုက်ပြီးနောက် စားပွဲပေါ်ရှိ ဟင်းသီးဟင်းရွက်များကို လက်ညှိုးထိုးပြကာ "ဟန်ယီ... ငါက ဟင်းသီးဟင်းရွက်တွေ၊ ဝက်သားနှပ်နဲ့ အာလူးချောင်းကြော်လည်း စားချင်သေးတယ်" ဟု ပြောလိုက်သည်။
လီဟန်ယီမှာ ဆွံ့အသွားရ၏။ စားစမ်း၊ စားစမ်း..သေအောင်သာ စားလိုက်တော့၊ ကောင်းကင်က ကြယ်တွေကိုပါ ဘာလို့ တက်မစားတာလဲ။ ခိုးနမ်းမိတဲ့ အချက်ကိုသုံးပြီး ငါ့ ကို ခြိမ်းခြောက်နေတာလား။ အဲဒါက နင်ပဲ ငါ့ ကို နမ်းဖို့ တောင်းဆိုလွန်းလို့ သနားလို့ နမ်းပေးလိုက်တာလေ၊ သိရဲ့လား။
လီဟန်ယီသည် ရင်ထဲတွင် ဒေါသတဟုန်းဟုန်း ဖြစ်နေရကာ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သို့သော် သူမက လီကျန့်ယီကို ခိုးနမ်းခဲ့သူမှာ သူမဖြစ်ကြောင်း သိသွားပါက သူမ၏ အဖိုးနှင့် မိခင်ဖြစ်သူတို့၏ မျက်နှာထားကို တွေးမိသောအခါ လီကျန့်ယီ၏ မတရားသော တောင်းဆိုမှု့ကို အောင့်အည်းသည်းခံလိုက်ရသည်။
ချက်ချင်းပင် သူမသည် သူ၏ကလေးထိန်းအလား ဖြစ်သွားကာ သူစားချင်သမျှကို ခွံ့ကျွေးနေရတော့သည်။ ကျား၊ မ မထိတွေ့ရဟူသော တားမြစ်ချက်နှင့် အာဏာကို အသုံးပြု၍ ခြိမ်းခြောက်ခြင်းတို့ ယှဉ်ပြိုင်ရာတွင် နောက်ဆုံးတစ်ခုက သိသိသာသာ အောင်နိုင်သွားခဲ့ခြင်းပင် ဖြစ်သည်။
ဤလျှို့ဝှက်တိုက်ပွဲတွင် လီကျန့်ယီသည် လှည့်ကွက်တစ်ခုဖြင့် ကပ်သီးကပ်သတ် အနိုင်ရသွားခဲ့ပြီ ဖြစ်သည်။
"ဗိုက်ပြည့်ပြီလား၊ ငါရဲ့ လက်တောင် နည်းနည်း ညောင်းနေပြီ" လီကျန့်ယီအနားတွင် ရပ်၍ အစာခွံ့ပေးနေသော လီဟန်ယီက သူ၏ပုခုံးကို လက်ကလေးဖြင့် ပုတ်ကာ မေးလိုက်သည်။
"ဗိုက်ပြည့်ပါပြီ ဟန်ယီ၊ မင်း အခု နားလို့ရပါပြီ" လီကျန့်ယီက ဗိုက်ကိုပုတ်ရင်း ကျေနပ်အားရစွာ ပြောလိုက်သည်။
"ဟွန့်" လီဟန်ယီသည် သူမ၏ နေရာတွင် ပြန်ထိုင်ကာ စကားတစ်ခွန်းမှ မပြောဘဲ ထမင်းကိုသာ ငြိမ်၍ စားနေတော့သည်။
လီဆူးဝမ်မှာမူ ဆွံ့အလျက်သားဖြစ်နေသည်။ သူသည် စောစောက လီဟန်ယီ ရှက်သွေးဖြာနေသည့် အသေးစိတ်အချက်ကို သတိမထားမိခဲ့သော်လည်း ယခုမူ ခန့်မှန်းမိသွားပြီ ဖြစ်သည်။ ဤသည်မှာ သူ၏မြေးမလေးက သူ၏တပည့်ကို ခိုးနမ်းလိုက်ပြီးနောက် လီကျန့်ယီက ပြန်ပြောမည်ကို ကြောက်သဖြင့် လီကျန့်ယီ၏ ခိုင်းစေသမျှကို လုပ်နေရခြင်း မဟုတ်ပါလော။
"ရှင်းယွဲ့..." လီဆူးဝမ်က သူ၏ဘေးတွင် ထိုင်နေသော ကိုယ်ဝန်အရင့်အမာနှင့် လီရှင်းယွဲ့ကို လှမ်းကြည့်လိုက်သည်။
"အဖေ... ကျွန်မ သိပြီးသားပါ၊ ဘာမှ ပြောစရာမလိုတော့ဘူး" လီရှင်းယွဲ့က လီဆူးဝမ်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူတို့နှစ်ဦးသည် အကြောင်းပြချက်တစ်ခု ပေးကာ ဓားမျှော်စင်ထဲမှ ထွက်လာခဲ့ကြသည်။
ဓားမျှောင်စင်အပြင်ဘက်တွင် လီဆူးဝမ်က စိုးရိမ်တကြီးဖြင့် "ရှင်းယွဲ့... ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ယီယီမှာ သူနှစ်သက်တဲ့သူ ရှိနေတယ်၊ ဟန်ယီကလည်း ယီယီကို သဘောကျနေပြန်ပြီ။ ဒါက... ဒါက..."
"ဒါက တကယ်ပဲ နည်းနည်းတော့ ခက်ခဲလိမ့်မယ်..." လီရှင်းယွဲ့လည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ သူမသည် ယီယီ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူ ဖြစ်သော်လည်း သူမ၏ သမီးကိုလည်း မတရား အနစ်နာမခံစေလိုပေ။
ထို့ပြင် ထိုနှစ်ဦးမှာ တဖြည်းဖြည်း အရွယ်ရောက်လာကြပြီ ဖြစ်ရာ ဤအတိုင်းသာ ဆက်သွားပါက မကောင်းသည့် ကိစ္စများ ဖြစ်လာနိုင်သည် မဟုတ်ပါလော။ အခြေအနေများ ရှုပ်ထွေးသွားပါက မည်သို့လုပ်မည်နည်း။
"ငါ သွားပြီး ဟန်ယီကို သတိပေးလိုက်ရမလား" လီဆူးဝမ်က လီရှင်းယွဲ့ကို မေးမြန်းလိုက်သည်။
"မဖြစ်ဘူး၊ ပြဿနာက ဟန်ယီက ယီယီကို ခိုးနမ်းလိုက်တာလေ၊ သမီးကပဲ ဟန်ယီကို သေချာ သွန်သင်ပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်။ အဲဒါဆိုရင် ပြဿနာအားလုံး ပြေလည်သွားမှာပါ" လီရှင်းယွဲ့က လီဟန်ယီကိုသာ ကောင်းကောင်း ဆုံးမလိုက်ပါက အဆင်ပြေသွားမည်ဟု ယူဆသည်။
"အဲဒါလည်း မဖြစ်သေးဘူး၊ ယီယီက တခြားသူကို သဘောကျနေတာထက်စာရင် ယီယီနဲ့ ဟန်ယီကိုပဲ ပေါင်းဖက်ပေးဖို့ ကြိုးစားကြည့်ရင် မကောင်းဘူးလား" လီဆူးဝမ်က ဆက်ပြောသည်။ "ယီယီက ဟန်ယီကို စိတ်ကြိုက်ခိုင်းစေနေတာပဲ။ သူက ဟန်ယီကို ငြင်းဆန်နေတာလည်း မဟုတ်တော့ ဖြစ်နိုင်လောက်ပါတယ်"
"သူ့နှလုံးသားထဲမှာ ရှိနေတဲ့ အဲဒီမိန်းမဆိုးကို မေ့ပစ်အောင်လုပ်ပြီး သူနဲ့ ဟန်ယီကိုပဲ အတူ ပေါင်းဖက် စေရမယ်" လီဆူးဝမ်က စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့် ပြောလိုက်၏။
ဤသည်မှာ လီကျန့်ယီအတွက်သာမက ဓားနှလုံးဂူဗိမာန် အတွက်လည်း ဖြစ်သလို လီဟန်ယီအတွက်လည်း အကျိုးရှိပေသည်။ ထို့ကြောင့် လီကျန့်ယီအနေဖြင့် မကောင်းသော မိန်းမတစ်ဦးနှင့် မပတ်သက်မိသရွေ့ ဤသည်မှာ အကောင်းဆုံး ရလဒ်ပင် ဖြစ်သည်။ တစ်ချက်ခုတ် သုံးချက်ပြတ်နိုင်သည့် အနေအထားပင်။
"အဖေ... အဖေပြောတာကို ကျွန်မ သဘောတူပါတယ်၊ ဒါပေမဲ့ ယီယီရဲ့ စိတ်ထဲက အတွေးတွေကို မေ့သွားအောင် အဖေ တကယ် လုပ်နိုင်မှာလား" လီရှင်းယွဲ့ကလည်း လီကျန့်ယီနှင့် လီဟန်ယီတို့ ပေါင်းဖက်ရန်မှာ မဖြစ်နိုင်ဟု မထင်သော်လည်း လီကျန့်ယီဘက်ကို ကိုင်တွယ်ရန်မှာ ခက်ခဲလိမ့်မည်ဟု ယူဆထားသည်။
"ဟွန့်..သူက ငါ့ မြေးမလေးကို အခုလေးတင် ခိုင်းစားထားပြီးမှတော့ သူမှာ ငြင်းပယ်ပိုင်ခွင့် မရှိတော့ဘူး" လီဆူးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ အမှန်တွင် သူသည်လည်း လီကျန့်ယီက သူ၏မြေးမလေး ကျွေးသည်ကို မငြင်းဘဲ စားခဲ့သည်ကို သတိပြုမိထားသည်။
ထို့ကြောင့် "မင်းက ငါ့ မြေးမလေး ကျွေးတာကိုစားပြီး၊ အဲဒီ လက်ဖွာတတ်တဲ့ မိန်းမဆိုးတွေအကြောင်း စဉ်းစားနေတာ ကို ရပ်လိုက်တော့" ဟု စိတ်ထဲမှ ကြုံးဝါးလိုက်သည်။