နောက်သုံးနှစ်ပဲစောင့်လိုက်
Vol. 10 Ch. 91
ဓားနှလုံးဂူဗိမာန်၏ ဓားမျှော်စဉ်တွင် လီဆူးဝမ်နှင့် လီရှင်းယွဲ့တို့ ထွက်ခွာသွားပြီးနောက် လီဟန်ယီသည် သူမ၏ ထမင်းပန်းကန်ကို ချလိုက်ပြီး ဗိုက်ကိုပွတ်နေသော လီကျန့်ယီအား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်၏။
"ယီယီ...နင် တော်တော်လေး ဟုတ်နေတာပဲ၊ ငါ့ ကိုတောင် ခြိမ်းခြောက်ရဲတယ်ပေါ့လေ"
"အမျိုးသားနဲ့ အမျိုးသမီးကြား ထိတွေ့မှုမရှိသင့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငါ့ ကို အမြဲတမ်း ငြင်းပယ်နေတာ ဘယ်သူလဲ" လီကျန့်ယီက ကိုယ်ကျင့်တရားအရ အသာစီးရသူပမာ မကြောက်မရွံ့ ပြန်လည်ပြောလိုက်သည်။
"ဟွန်း... နင်က တကယ့်လူဆိုးလေးပဲ" လီဟန်ယီသည် ဒေါသကြောင့် သွားကြိတ်ကာ သူမ၏ နှုတ်ခမ်းနီနီလေးကို ကိုက်ထားသည်။
"လူဆိုး ဟုတ်လား။ ငါ က လူဆိုးဆိုရင် မင်းကရော ဘာလဲ ဟဲဟဲ..."
လီဟန်ယီ၏ ဒေါသထွက်နေသော ပုံစံသည် ချစ်စရာကောင်းနေသဖြင့် လီကျန့်ယီက သူမအား ပြောင်ပြလိုက်၏။
လီဟန်ယီသည် ဒေါသပေါက်ကွဲသွားကာ လီကျန့်ယီထံသို့ လျှောက်သွားပြီး သူကို ကုလားထိုင်နောက်ကျောတွင် ဖိကပ်ထားလိုက်သည်။ ထို့နောက် သူ၏ပေါင်ပေါ်သို့ ထိုင်ချလိုက်ကာ ခါးကို လက်နှစ်ဖက်ဖြင့် ဆိတ်လိုက်တော့သည်။
"အား..."
လီကျန့်ယီသည် နာကျင်လွန်းသဖြင့် အော်ဟစ်မိလုနီးပါး ဖြစ်သွားရ၏။
"ဟန်ယီ... ညင်ညင်သာသာလုပ်ပါဦး။ ဒီလိုမျိုး ဆက်လုပ်နေရင် မင်းအိမ်ထောင်ပြုနိုင်တော့မှာ မဟုတ်ဘူးနော်"
လီကျန့်ယီသည် လီဟန်ယီ၏ ခန္ဓာကိုယ်တစ်ခုလုံး သူနှင့် ထိကပ်နေသဖြင့် ခါးမှ နာကျင်မှု့ထက် သူ၏ စိတ်ထဲတွင် ပိုပျော်ရွှင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် လူပျိုဖော်ဝင်စ လီဟန်ယီသည် တစ်နေ့ထက်တစ်နေ့ ပို၍ ဆွဲဆောင်မှုရှိလာ သောကြောင့်ပင်။ နောက်ထပ် သုံးနှစ်ခန့်ဆိုလျှင် သူမသည် အရွယ်ရောက်လာတော့မည် မဟုတ်ပါလား။
အဲဒီကျရင် မင်း ငါ့ကို ထပ်ခါတလဲလဲ နမ်းဦးမှာလား။ ငါ ဘယ်လို ပြန်တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်းပါ ဟု လီကျန့်ယီက စိတ်ထဲမှ ကြုံးဝါးနေမိသည်။
"မှတ်ပြီလား"
လီဟန်ယီသည် လီကျန့်ယီ၏ ပေါင်ပေါ်တွင် ထိုင်နေရင်း သူ၏ နာကျင်နေသော မျက်နှာကိုကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်၏။ ထို့တင်မကသေးဘဲ သူမ၏ လက်ကလေးဖြင့် လီကျန့်ယီ၏ ပါးကို ပြင်းထန်စွာ ဆွဲညှစ်လိုက်ရင်း ပြောသည်။
"ယီယီ ... ငါ့ရဲ့ ရှေ့မှာ နင် ရဲ့ စွမ်းရည်တွေကို ထုတ်ပြရဲတယ်ပေါ့လေ။ ငါ့ လက်နဲ့ ဆိတ်လိုက်ရင် နင် ချက်ချင်း နာကျင်လို့ အော်သွားစေရမယ်"
"ဟူး... သုံးနှစ်ပဲ စောင့်လိုက်ပါ။ ဘယ်သူက ဘယ်သူ့ကို နာကျင်အောင် လုပ်မလဲဆိုတာ ကြည့်ကြတာပေါ့" လီကျန့်ယီသည် ပါးဆွဲညှစ်ခံထားရသဖြင့် စကားပြောရာတွင် အနည်းငယ် ခက်ခဲနေသည်။
"နောက်ထပ် သုံးနှစ် စောင့်ရဦးမယ် ဟုတ်လား။ အဲဒါဆိုရင်တော့ စိတ်မကောင်းပါဘူး။ နောက်လာမယ့် သုံးနှစ်အတွင်းမှာ နင် ငါ့ကို ပြန်မတိုက်ခိုက်ရဲအောင် ငါ ကောင်းကောင်း ထိန်းချုပ်ထားဦးမှာ" လီဟန်ယီက သူ၏ ပါးကို နှစ်ချက်ခန့် ထပ်မံ ဆွဲညှစ်လိုက်ပြန်သည်။
ထိုအချိန်မှာပင် လီရှင်းယွဲ့နှင့် လီဆူးဝမ်တို့သည် သူတို့၏ ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် ဓားမျှော်စင်သို့ ပြန်ရောက်လာကြ၏။ လီဟန်ယီသည် လီကျန့်ယီ၏ ပေါင်ပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသောအခါ လီဟန်ယီတစ်ယောက် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပြန်ပြီဟု သူတို့ ထင်မှတ်သွားကြသည်။
လီရှင်းယွဲ့သည် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ သူမ၏မျက်နှာကို အုပ်လိုက်ပြီး "အဖေ... ဟန်ယီက သမီးရဲ့ သမီး ဟုတ်ပါသေးရဲ့လား။ သမီးတုန်းက ဒီလောက်အထိ မရဲတင်းခဲ့ပါဘူးနော်" ဟု ပြောလိုက်၏။
လီဆူးဝမ်ကလည်း ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ကာ "ဟုတ်တယ်... ဟန်ယီက မင်းထက် အများကြီး ပိုပြီး ရဲတင်းတာပဲ" ဟု ပြန်ပြောလိုက်သည်။
"ကျွန်မတို့ ဘာလုပ်သင့်လဲ အဖေ။ ဟန်ယီနဲ့ ယီယီကိုပဲ နေရာဖယ်ပေးလိုက်ရမလား" လီရှင်းယွဲ့သည် သူမ၏ သမီးအတွက် အလွန်အမင်း ရှက်ရွံ့နေမိတော့သည်။
"မဖြစ်ဘူး... ဟန်ယီကို ဒီလိုမျိုး လွှတ်ထားလို့ မရဘူး။ ယီယီကို အဲ့ဒီမိန်းမဆိုးကို စွန့်လွှတ်ပြီး ငါတို့ ဟန်ယီကိုပဲ ရွေးချယ်လာအောင် လုပ်ရမယ်" လီဆူးဝမ်က မျက်မှောင်ကြုတ်ကာ ချောင်းဟန့်လိုက်၏။
"အဟမ်း...အဟမ်း... ယီယီ၊ ဟန်ယီ... မင်းတို့ ဘာလုပ်နေကြတာလဲ"
လီကျန့်ယီ၏ ပေါင်ပေါ်တွင် ထိုင်နေသော လီဟန်ယီသည် ချက်ချင်းပင် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ပျာပျာသလဲ ဖြစ်သွားသည်။ သူမသည် လီကျန့်ယီပေါ်မှ အမြန်ဆင်းလိုက်ပြီး သူ၏ ဘေးတွင် ရပ်ကာ လီဆူးဝမ်အား ကြည့်၍ "အဖိုး... ပြန်လာပြီလား။ ယီယီက သူမျက်လုံးထဲ ဖုန်ဝင်သွားလို့ ကျွန်မကို မှုတ်ပေးဖို့ တောင်းဆိုလို့ပါ" ဟု ကယောင်ကတမ်း ပြန်ဖြေလိုက်သည်။
"အမှန်လား" လီဆူးဝမ်က လီကျန့်ယီအား မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်၏။ လီဟန်ယီကလည်း လီကျန့်ယီအား သူမ၏ စကားကို ထောက်ခံပေးရန် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေလေသည်။
လီကျန့်ယီသည် လီဟန်ယီ၏ ရှက်သွေးဖြန်းနေသော မျက်နှာလေးကို ကြည့်ကာ ပြုံးလိုက်ပြီး "ဆရာ... တကယ်ပါပဲ။ ဟန်ယီ ကူညီပေးလို့ အခု ကျွန်တော့်မျက်လုံးတွေ အများကြီး သက်သာသွားပါပြီ" ဟု ပြောလိုက်သည်။
"ဒါဆိုရင် မင်းက ဟန်ယီကို ဘာလို့ ကျေးဇူးမတင်တာလဲ" လီဆူးဝမ်က လီကျန့်ယီအား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်၏။ သူ၏ စိတ်ထဲတွင်မူ ငါ့မြေးမလေးကို ခိုးယူတော့မယ့် ဆိုရင်၊ မင်းစိတ်ထဲက မိန်းမဆိုးကို မေ့ပစ်ဖို့တော့လိုတယ် ဟု တွေးနေမိသည်။
"ကျေးဇူးတင်ပါတယ် ဟန်ယီ" လီကျန့်ယီက ကျေးဇူးတင်စကား ပြောလိုက်ရသည်။
"အင်း... မလိုပါဘူး။ ငါတို့က မိသားစုဝင်တွေလိုပဲ အတူတူ ကြီးပြင်းလာတာလေ။ ဒီလောက် ကိစ္စလေးအတွက် ကျေးဇူးတင်စရာ မလိုပါဘူး" လီဟန်ယီက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်၏။
"ကဲ... ထမင်းစားပြီးပြီဆိုတော့ မိုးချုပ်နေပြီ။ ဟန်ယီနဲ့ ယီယီတို့ ကိုယ့်အခန်းကိုယ်ပြန်ပြီး နားကြတော့" လီဆူးဝမ်သည် သူတို့နှစ်ဦး၏ သရုပ်ဆောင်မှုကို ဆက်လက် မဖော်ထုတ်တော့ဘဲ နားခိုင်းလိုက်သည်။
"ဟုတ်ကဲ့... သမီး ဒီည မေမေနဲ့ အတူအိပ်မယ်" လီဟန်ယီသည် လီရှင်းယွဲ့၏ လက်ကိုတွဲကာ ခေါ်ဆောင်သွားတော့သည်။
လီကျန့်ယီသည်လည်း သူ၏ အခန်းသို့ ပြန်လာခဲ့၏။ မိုးချုပ်နေပြီ ဖြစ်သော်လည်း သူသည် အိပ်မပျော်နိုင်သေးပေ။ ယနေ့ လီဟန်ယီ၏ ရှက်ရွံ့နေသော ပုံစံမျိုးစုံကို တွေးမိတိုင်း သူ ကျေနပ်နေမိသည်။
"ဒီနေ့ စိတ်အခြေအနေ ကောင်းနေတာနဲ့ ဓားဝှေ့ယမ်းပြီး ဂုဏ်ပြုရမယ်" လီကျန့်ယီသည် သူ၏ သစ်သားဓားကို ထုတ်ယူကာ ခွန်အားများ တိုးပွားလာစေရန် ပျော်ရွှင်စွာ လေ့ကျင့်နေတော့သည်။
.....
ထိုအချိန်တွင် လီရှင်းယွဲ့၏ အခန်း၌ လီဟန်ယီသည် သူမ၏ မိခင်ကို နောက်ကျောမှ ဖက်ထားသည်။ လီရှင်းယွဲ့၏ ဗိုက်မှာ ကြီးထွားနေပြီ ဖြစ်သောကြောင့် လီဟန်ယီကသာ နောက်မှ ဖက်ထားရခြင်း ဖြစ်သည်။
"မေမေ... ဖေဖေက ဘာလို့ အခုထိ ပြန်မလာသေးတာလဲ၊ သမီးက ဖေဖေကို လွမ်းတယ်" လီဟန်ယီက သူမ၏ ဖခင် လဲ့မုန့်ရှားကို သတိရနေမိသည်။
"သူကတော့ တောင်ပိုင်းစစ်မြေပြင်မှာ ရှိနေဦးမှာပေါ့၊ သူကို ထားလိုက်စမ်းပါ။ တစ်နှစ်မှ တစ်ခါ နှစ်ခါလောက်ပဲ ပြန်လာတာပဲဥစ္စာ" လီရှင်းယွဲ့က စိတ်ပျက်လက်ပျက်ဖြင့် ပြော၏။
"ဖေဖေက တကယ့်ကိုပဲ၊ မေမေ ကိုယ်ဝန်ရှိနေတာတောင် အိမ်ပြန်လာပြီး မပြုစုပေးဘူး" လီဟန်ယီက သူမ၏ မိခင်ကိုယ်စား မကျေမနပ် ဖြစ်နေသည်။
"ဟွန်း...သမီး အဖေကတော့ ကိုယ်ဝန်ရအောင် လုပ်ပြီးရင် ဘာမှ တာဝန်မယူတတ်တဲ့ လူစားမျိုးပဲ" လီရှင်းယွဲ့က နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက် သူမက လီဟန်ယီအား ကြည့်ကာ "ဟန်ယီ... နောင်ကျရင် သမီး အဖေလို လူအမျိုးအစားနဲ့ မယူရဘူးနော်" ဟု သတိပေးလိုက်၏။
"ဟုတ်ကဲ့" လီဟန်ယီက မျက်နှာလေး နီမြန်းလျက် ခေါင်းညိတ်ပြလိုက်သည်။
"ဒါနဲ့ ဟန်ယီ...သမီးက ယီယီကို တကယ်ပဲ ကြိုက်နေတာလား၊တကယ်လို့ ကြိုက်တယ်ဆိုရင် အမေနဲ့ အဖိုးတို့ တိုင်ပင်ပြီး သမီးတို့နှစ်ယောက်အတွက် ဆုံးဖြတ်ပေးလို့ ရတယ်လေ" လီရှင်းယွဲ့က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"မေမေ... ဘာတွေ လျှောက်ပြောနေတာလဲ။ သမီးက တုံးအတဲ့ ယီယီကို လုံးဝ မကြိုက်ပါဘူး။ သူက ဓားပဲ ဝှေ့ယမ်းနေတတ်တာ။ ချစ်လည်း မချစ်တတ်ဘူး" လီဟန်ယီက နှုတ်ခမ်းစူကာ ငြင်းဆိုလိုက်၏။
"ဟုတ်လို့လား၊ဒါဆိုရင် အမေ ဒီနေ့မြင်တာတွေက ဘာတွေလဲ၊ တကယ်လို့ သမီး ယီယီကို မကြိုက်ဘူးဆိုရင် နောက်ဆို သူနဲ့ ခပ်ကွာကွာ နေရမယ်နော်။ အမေနဲ့ အဖိုးကလည်း ယီယီ ကြိုက်နေတဲ့ အမျိုးသမီးကို ရှာဖွေပြီး သူတို့နှစ်ယောက်ကို စေ့စပ်ပေးရတော့မယ်" လီရှင်းယွဲ့က လီဟန်ယီကို စိုက်ကြည့်ကာ "ဒါကြောင့် ဟန်ယီ... သမီးနောင်တမရမယ့် ဆုံးဖြတ်ချက်ကိုပဲ ရွေးချယ်ပါ" ဟု လေးနက်စွာ ပြောလိုက်သည်။