← Chapters

အဖေ

Vol. 10 Ch. 96

အဖေ

Vol. 10 Ch. 96

"ယီယီ... နင် ဟင်းရည်သောက်ချင်လား၊ ငါ ဟင်းရည် သွားခတ်ပေးမယ်လေ"

လီဟန်ယီက လီကျန့်ယီကို ကြည့်ကာ ကြင်နာစွာ မေးလိုက်၏။

"အင်း... သောက်ချင်တာပေါ့"

လီကျန့်ယီက မဆိုင်းမတွပင် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ"

လီဟန်ယီက ထိုင်ရာမှထကာ လီကျန့်ယီအတွက် ဟင်းရည်တစ်ခွက် သွားခတ်ပေးသည်။

ထိုအခြင်းအရာကို မြင်သောအခါ လဲ့မုန့်ရှားက လှမ်း၍ "သမီးရယ်... အဖေ့အတွက်လည်း ဟင်းရည်တစ်ခွက်လောက် ခတ်ပေးပါဦး" ဟု ပြောသည်။

"အဖေရယ်... သောက်ချင်ရင် ကိုယ့်ဘာသာကိုယ် ခတ်သောက်ပါလား၊ အသက်က ဘယ်လောက်ရှိနေပြီလဲ ကလေးလဲမဟုတ်ဘဲနဲ့ " လီဟန်ယီက လဲ့မုန့်ရှားကို တစ်ချက်ကြည့်ကာ လီကျန့်ယီအတွက်သာ ဟင်းရည်ခတ်ပေးနေသည်။

လဲ့မုန့်ရှားမှာ ဆွံ့အသွားရ၏။

ငါက မင်းရဲ့ အဖေလား၊ ဒါမှမဟုတ် ယီယီက မင်းရဲ့အဖေလား ဟု သူက စိတ်ထဲမှ မေးနေမိသည်။ ဆက်ဆံခံရပုံခြင်းမှာ အလွန်ပင် ကွာခြားလွန်းလှသည်။

"ဒီသမီးမိုက်လေး... အဖေကို ဒီလို ပြောရသလား" လဲ့မုန့်ရှားက ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဟွန့်... အဖေက ဆောင်ကြာမြိုင်ကို သွားခဲ့တဲ့အကြောင်း အမေ့ကို မပြောပြရသေးဘူးနော်" လီဟန်ယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်ရာ ရိုးအလှသော ဖခင်ဖြစ်သူမှာ ချက်ချင်းပင် ငြိမ်ကျသွားသည်။

"ဆောင်ကြာမြိုင်ဟုတ်လား... မဟုတ်တာတွေ၊ ငါလဲ့မုန့်ရှားက အဲ့ဒီလိုနေရာမျိုးကို ဘယ်တော့မှ မသွားဘူး" ဟု သူက အလေးအနက် ငြင်းဆိုလိုက်၏။ "ဟင်းရည်လား... အဖေ မသောက်တော့ပါဘူး။ ဒါနဲ့ ဟန်ယီ... အဲ့ဒီသတင်းကို ဘယ်သူ့ဆီက ကြားတာလဲ"

"ကျွန်မရဲ့ မောင်လေး စီကုန်းချန်ဖုန်း ပြောတာလေ" လီဟန်ယီက မျက်လုံးလေးမှေးကာ ပြောသည်။

"ဟန်ယီ... အဖေက အပြစ်မရှိဘူးဆိုတာ ယုံပါ၊ အဖေ အဲ့ဒီနေရာကို သွားရတာက သမီး မောင်လေးရဲ့ အနာဂတ်အတွက် သွားပေးတာပါ"

စီကုန်းချန်ဖုန်းသည် ပိုင်ဟွာလော့မှ အမျိုးသမီးတစ်ဦးကို သဘောကျနေသော်လည်း သွားတွေ့ရန် မရဲသဖြင့် သူက လိုက်ပါကူညီပေးခဲ့ခြင်းသာ ဖြစ်သည်။

"အဖေက သူကို ကူညီပေးရုံတင်ပါ၊ သမီးရဲ့ အမေကို သစ္စာဖောက်တဲ့အလုပ်မျိုး ဘာမှမလုပ်ခဲ့ဘူး" လဲ့မုန့်ရှားက တံခါးဝကို ကြောက်လန့်တကြား ကြည့်ကာ တိုးတိုးလေး ရှင်းပြသည်။

"ဟွန့်... အဖေသာ တကယ်လုပ်ခဲ့ရင် သမီးကတော့ အလွှတ်ပေးမှာ မဟုတ်ဘူး" လီဟန်ယီက အေးစက်စွာ ပြောလိုက်၏။ထို့နောက် သူမက ဟင်းရည်နှစ်ခွက် ယူလာပြီး တစ်ခွက်ကို လဲ့မုန့်ရှားအား ပေးကာ ကျန်တစ်ခွက်ကိုမူ လီကျန့်ယီထံ ယူဆောင်လာသည်။

"ကဲ... ယီယီ၊ ဟင်းရည် သောက်ရအောင်"

လီဟန်ယီက လီကျန့်ယီ၏ ဘေးတွင် ဝင်ထိုင်ကာ ဟင်းရည်ကို ဇွန်းဖြင့် ခပ်၍ တိုက်ကျွေးသည်။ သူမ၏ ထက်သန်လှသော အပြုအမူများကြောင့် လီကျန့်ယီမှာ အရင်က ခံစားချက်များကို ပြန်လည် ရရှိလာ၏။

လီကျန့်ယီသည်လည်း ပါးစပ်လေးဟကာ လီဟန်ယီ တိုက်ကျွေးသမျှကို အရသာခံ သောက်နေလိုက်သည်။ ဤသည်မှာ ဧကရာဇ်တစ်ပါးကဲ့သို့ ခံစားရသော ဆက်ဆံမှု့မျိုးပင် ဖြစ်တော့သည်။

ထိုအချိန်တွင် လီရှင်းယွဲ့နှင့် လီဆူးဝမ်တို့သည် လေးနက်သော မျက်နှာထားများဖြင့် မျှော်စင်ထဲသို့ ဝင်လာကြသည်။ လီဟန်ယီက လီကျန့်ယီ၏ ဘေးတွင် ကပ်ထိုင်ကာ အစေခံမလေးတစ်ဦးကဲ့သို့ ပြုစုနေသည်ကို မြင်သောအခါ သူတို့ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရ၏။

"ယီယီ... ဟန်ယီ၊ ငါ မင်းတို့ကို စည်းကမ်းလေး ဘာလေး ရှိကြဦးလို့ ပြောထားတယ် မဟုတ်လား။ အခုတော့ ပိုပြီး ဆိုးလာကြပြီပဲ" လီဆူးဝမ်က တင်းမာစွာ ကြိမ်းမောင်းလိုက်သည်။

" ဒါဆိုလည်း ကျွန်မ မတိုက်တော့ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ သောက်တော့မယ်" လီဟန်ယီက လီကျန့်ယီကို တိုက်လက်စ ဟင်းရည်ကို သူမဘာသာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ထိုအခြင်းအရာကို မြင်သောအခါ လီဆူးဝမ်နှင့် လီရှင်းယွဲ့တို့မှာ အလွန်ပင် စိုးရိမ်သွားကြ၏။

"ဟန်ယီရယ်... ဒါက ယီယီ သောက်လက်စကြီးလေ၊ မြေးက ဘယ်လိုဖြစ်လို့ တိုက်ရိုက် သောက်လိုက်ရတာလဲ" လီဆူးဝမ်က စိုးရိမ်တကြီး ဆိုသော်လည်း မြေးမဖြစ်သူကို တားဖို့ မတတ်နိုင်ပေ။

"အဖိုးကလည်း ဘာဖြစ်လို့လဲ၊ ယီယီနဲ့ သမီးက အရင်ကလည်း ဒီလိုပဲ လုပ်နေကျပဲကို" လီဟန်ယီက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသည်။

"အရင်က အရင်၊ အခုက အခုလေ" လီဆူးဝမ်က လေးနက်စွာ ပြောလိုက်၏။

"ဟန်ယီ... အမေနဲ့အတူ အခန်းထဲ ပြန်လိုက်ခဲ့" လီရှင်းယွဲ့က ဆက်၍ ကြည့်မနေနိုင်တော့သဖြင့် လီဟန်ယီ၏ လက်ကိုဆွဲကာ အပြင်သို့ ခေါ်ဆောင်သွားတော့သည်။လီဟန်ယီမှာ မလိုက်ချင်သော်လည်း လိုက်သွားရလေသည်။

သို့သော် သူမက နောက်ကိုလှည့်ကြည့်ကာ "ယီယီ... နေ့လယ်ကျရင် ဓားနှလုံးကျောက်ဆောင်မှာ ဓားသိုင်း အတူတူ ကျင့်ရအောင်နော်" ဟု မှာသွားခဲ့၏။

"ကောင်းပြီလေ" လီကျန့်ယီက ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။

လီဟန်ယီ ထွက်သွားပြီးနောက် လီဆူးဝမ်က လီကျန့်ယီကို အလေးအနက်ထား၍ မေးမြန်းတော့သည်။ "ယီယီ...မင်းကို ငါ နောက်ထပ် အခွင့်အရေး တစ်ခုပေးမယ်။ မင်း ဟန်ယီနဲ့ အတူရှိချင်တာလား၊ ဒါမှမဟုတ် မင်းပြောတဲ့ မိန်းမဆိုးနဲ့လား"

"ဟန်ယီနဲ့ပါ" လီကျန့်ယီက မဆိုင်းမတွပင် ဖြေလိုက်၏။

"ဟန်ယီ..ဘာလို့ ဟန်ယီ ဖြစ်သွားပြန်တာလဲ" လီဆူးဝမ်မှာ အံ့ဩသွားသည်။

"ဘာလို့လဲဆိုတော့ ဟန်ယီက အကောင်းဆုံးမို့လို့ပေါ့" လီကျန့်ယီက ပြုံးလျက် ပြန်ဖြေသည်။ လီဟန်ယီသည် သူမကိုယ်တိုင် မိန်းမဆိုးတစ်ဦး ဖြစ်လာမည့် အမှန်တရားကို သိသွားပြီဖြစ်ရာ ယခုကဲ့သို့ အခြေအနေမှာ ပို၍ပင် စိတ်လှုပ်ရှားစရာ ကောင်းနေတော့သည်။

"ယီယီ... မင်း တကယ်ပဲ ဟန်ယီကို ရွေးချယ်လိုက်ပြီလား၊ ဒီတစ်ခါတော့ စိတ်မပြောင်းနဲ့တော့နော်" လီဆူးဝမ်က တင်းမာစွာ ပြောလိုက်၏။

"သေချာပါတယ် ဆရာ... စိတ်မပူပါနဲ့၊ ကျွန်တော် ဟန်ယီကို အကောင်းဆုံး စောင့်ရှောက်သွားပါ့မယ်" လီကျန့်ယီက ကတိပေးလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင်တော့ ရှင်းယွဲ့ကို ငါ သွားပြောလိုက်မယ်" လီဆူးဝမ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

သို့သော် ဘေးမှ လဲ့ဝူကျဲကို ချီထားသော လဲ့မုန့်ရှားကမူ ကန့်ကွက်လေတော့သည်။ "ဘာတွေ ဖြစ်ကုန်တာလဲ၊ ငါ့ရဲ့ တူအရင်းခေါက်ခေါက်ကြီးက ချက်ချင်းဆိုသလို ငါ့သမက် ဖြစ်တော့မှာလား"

"အဖေ..." လီကျန့်ယီက မျက်တောင်ခတ်ကာ လှမ်းခေါ်လိုက်သည်။

လဲ့မုန့်ရှားမှာ ဆွံ့အသွားပြီးနောက် "မထူးဆန်းတော့ပါဘူး၊ နင်က ရှင်းယွဲ့ကို အစ်မလို့ မခေါ်တာက ငါ့ ရဲ့ ဟန်ယီကို ကြံစည်နေလို့ကိုး" ဟု ပြောလိုက်သည်။

"အဖေ ပြောတာ မှန်လိုက်လေခြင်း" လီကျန့်ယီက ခေါင်းညိတ် ထောက်ခံလိုက်၏။

"ဘယ်သူက မင်း အဖေလဲ၊ ငါက ဟန်ယီနဲ့ ပတ်သက်ဖို့ သဘောမတူသေးဘူးနော်" လဲ့မုန့်ရှားက ဒေါသတကြီး ပြောလိုက်သည်။ အထူးသဖြင့် သမီးဖြစ်သူက သူထက် လီကျန့်ယီကို ပို၍ ဂရုစိုက်သည်ကို တွေးမိကာ သူက မနာလို ဖြစ်နေရသည်။

"ဟုတ်ကဲ့ပါ အဖေ" လီကျန့်ယီက ပြုံးလျက် ခေါင်းညိတ်ပြပြန်သည်။

"အား..."

"ယီယီ... ငါ့ကို အဖေလို့ မခေါ်နဲ့လို့ ပြောနေတယ်လေ။ ဦးလေးလဲ့ လို့ပဲ ခေါ်စမ်း။ ငါ သဘောမတူသေးဘူး" လဲ့မုန့်ရှားက စားပွဲကို ဒေါသတကြီး ရိုက်လိုက်၏။

"ဟုတ်ကဲ့ပါ အဖေ" လီကျန့်ယီက ပြုံးစစဖြင့် ခေါ်ပြန်သည်။

လဲ့မုန့်ရှားမှာ ဒေါသထွက်လွန်းသဖြင့် ရူးချင်သလိုပင် ဖြစ်နေတော့သည်။ "ထွက်သွားစမ်း... ဒါကတော့ မတန်မရာတွေပဲ။ ငါလဲ့မုန့်ရှားမှာ မင်းလို သားမိုက် မရှိဘူး" ဟု ပြောကာ သူ၏ သားအရင်း လဲ့ဝူကျဲကို ချီ၍ အခန်းထဲမှ ထွက်သွားတော့သည်။

"ယီယီ... မင်းတော့ ဦးလေးလဲ့ကို တကယ်ပဲ ဒေါသထွက်အောင် လုပ်လိုက်ပြီ" လီဆူးဝမ်က ရယ်မောရင်း ပြော၏။ သူ၏ ဆက်ခံသူက လမ်းမှန်ပေါ် ပြန်ရောက်လာပြီး မိမိ၏ မြေးမလေးနှင့် နီးစပ်တော့မည်ဖြစ်ရာ သူက အလွန်ပင် ပျော်ရွှင်နေသည်။

"ဆရာ... ဦးလေးလဲ့က တကယ်တော့ ဟန်ယီနဲ့ ကျွန်တော့်ကို သဘောတူပါတယ်၊ မဟုတ်ရင် သူက အဖေလို့ ခေါ်တာကို ဒီလောက်အထိ အော်နေမှာ မဟုတ်ဘူး" လီကျန့်ယီက အတည်ပေါက်ဖြင့်ပြောလိုက်သေးသည်။

"ဟုတ်တာပေါ့... ဒါပေမဲ့ မင်း ငါ့ကို ခေါ်တဲ့ပုံစံကော မပြောင်းတော့ဘူးလား" လီဆူးဝမ်က မျှော်လင့်တကြီး မေးလိုက်သည်။

"အဖိုး..." လီကျန့်ယီက ချက်ချင်းပင် ပြောင်းလဲ ခေါ်လိုက်၏။

"အေး... ငါ့ မြေးသမက်လေး" လီဆူးဝမ်က ကျေနပ်စွာ ပြန်ထူးလိုက်ပါ၏။တစ်ချက်ခုတ် သုံးချက်ပျက် အကြံအစည်က အောင်မြင်သွားပြီဟု သူကြိတ်တွေးနေမိသည်။

All Chapters